အခန်း ၃၁၃
Vol. 32 Ch. 313
📗 Chapter 313
“အဲ့တာဆို မီးဖိုချောင်ထဲမှာ ဒီရေခဲသေတ္တာထည့်လို့ ဆံ့ပါ့မလား သမီးအရင် တိုင်းကြည့်ပါရစေဦး၊ တီဗွီလည်း အတူတူပဲ၊ ဧည့်ခန်းကို အဲ့လောက်အကျယ်ကြီး လုပ်မထားဘူးလေ”
သို့သော် ယဲ့ရှောင်ရှောင်၏ အိမ်ဝင်းတွင် လက်ဖက်ရည်သောက်၊ သတင်းစာဖတ်၊ တီဗွီကြည့်ရင်း အပန်းဖြေနိုင်သည့် ဘေးဘက်အရံ ဧည့်ကြိုခန်းတစ်ခန်း ဖွဲ့စည်းထားပါသေးသည်။
ဧည့်ခန်း၊ အိပ်ခန်းနှင့် စာကြည့်ခန်းများကိုမူ တစ်ဆက်တည်း ချိတ်ဆက်ထားပြီး ထိုနေရာများ၌ လူအများကြီး စုဝေးမည်ကို ယဲ့ရှောင်ရှောင် သဘောမကျပေ။
အိမ်၏ ဖွဲ့စည်းပုံကို ဒီဇိုင်းရေးဆွဲခဲ့စဉ်က ဆူညံနေမည့်နေရာနှင့် တိတ်ဆိတ်နေမည့် နောများအား သေသေချာချာ ခွဲခြားထားရန် ရည်ရွယ်ခဲ့ပါသည်။
ယွင်ချန်းရှို့ကလည်း သဘောတူသည်။
“အဲ့တာဆို ဧည်ကြိုခန်းထဲမှာပဲ ထည့်ကြတာပေါ့၊ တီဗွီကြည့်ချင်တဲ့သူရှိရင် အဲ့မှာ သွားကြည့်လို့ရတယ်”
ယွင်ချန်းရှို့သည် လျှပ်စစ်အသုံးအဆောင် ပစ္စည်းများအားလုံးအတွက် ငွေရှင်းပေးခဲ့ပြီး ဝယ်ယူပြီးသည်နှင့် ယာဉ်မောင်းရှောင်းလီအား ကူညီသယ်ဆောင်ခိုင်းခဲ့ပါသည်။
ရေခဲသေတ္တာနှင့် အဝတ်လျှော်စက်တို့ကဲ့သို့သော ဝန်ကြီးသည့် ပစ္စည်းများကိုမူ ကုန်တင်ကားငယ်တစ်စီးဖြင့် ပို့ဆောင်ပေးဖို့ စီစဉ်ပေးခဲ့သည်။
“ရှောင်ရှောင်၊ ဒီနေ့ည အမေတို့အိမ်မှာ ညစာလာစားနော်၊ သမီးရဲ့ အိမ်ဝင်းအသစ်ကိုလည်း လေကောင်းလေသန့်ဝင်အောင် ခဏလောက် ထားရဦးမယ်မလား”
ထို့အပြင် ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ လက်ထပ်စာချုပ် ချုပ်ပြီးကြပြီဖြစ်၍ သူမတို့အိမ်တွင် လာရောက် နေထိုင်ခြင်းက မည်သည့်ပြဿနာမှ မရှိနိုင်ပေ။
ယဲ့ရှောင်ရှောင်: “ဟုတ်ကဲ့ပါ၊ ပစ္စည်းတွေကို အိမ်ပြန်ပို့ပြီးရင် အမေနဲ့ လိုက်ခဲ့မယ်”
ယွင်ချန်းရှို့ အားရကျေနပ်စွာ ခေါင်းညိတ်လိုက်ပါသည်။
ယနေ့ သူမ၏ ခွင့်ရက်အား အသုံးပြုခဲ့ရသည်ဆိုသော်လည်း အလွန်ပျော်ရွှင်ခဲ့ရသည်။ ချွေးမလေးနှင့် အတူတူ ဈေးဝယ်ထွက်ရသည်ထက် ပီတိဖြစ်စရာကောင်းသည့်အရာ မရှိတော့ပေ။
“ရှောင်ရှောင်၊ ပစ္စည်းတွေ လာပို့တဲ့အခါကျရင် တစ်ခါတည်း နေရာချခိုင်းလိုက်မယ်နော်၊ အဲ့တာမှ သမီး ပြန်ရွှေ့စရာ မလိုမှာ၊ သမီးလို မိန်းကလေးတစ်ယောက်က အလေးအပင်တွေ အများကြီ မမသင့်ဘူး”
ယဲ့ရှောင်ရှောင် ပြုံးလိုက်သည်။
“ဟုတ်ကဲ့ပါ”
လျှပ်စစ်ပစ္စည်းများကို ရွှေ့ပြောင်းနေစဉ် ရမ်သဲ့ထန်သို့ ခဏပြန်သွားစရာရှိသေးသည်ကို ယဲ့ရှောင်ရှောင် သတိရသွားသည်။
“အမေ၊ ဒီမှာ ခဏလောက်စောင့်ဦးနော်၊ အဘိုးနဲ့ အဘွားတို့အတွက် ကျန်းမာရေးအားဖြည့်စာလေး စီစဉ်ထားတာ ရှိလို့၊ အဲ့တာလေး သွားယူလိုက်ဦးမယ်”
ယွင်ချန်းရှို့: “ဟုတ်ပြီ ဟုတ်ပြီ၊ ဖြည်းဖြည်းသွားနော်၊ မလောနဲ့၊ ရှောင်းလီကို လိုက်ပို့ခိုင်းလိုက်ရမလား”
ယဲ့ရှောင်ရှောင် အမြန်ငြင်းဆန်လိုက်သည်။
“ရပါတယ်၊ မိနစ်ပိုင်းလောက်ပဲ သွားရမှာ၊ သမီးစက်ဘီးနဲ့ပဲ သွားလိုက်မယ်”
ထို့ကြောင့် ယွင်ချန်းရှို့သည် အိမ်ဝင်းထဲတွင် နေရစ်ခဲ့ကာ ပစ္စည်းများ နေရာချထားရန် အလုပ်သမားများကို ကြီးကြပ်ပေးပြီးနောက် ဝင်းထဲတွင် အေးအေးလူလူ လမ်းလျှောက်နေခဲ့သည်။
“အသက်ကြီးလာရင် ဒီအိမ်ဝင်းလေးထဲမှာ အနားယူလို့ ကောင်းမှာပဲ”
လျှပ်စစ်အသုံးအဆောင်များ အားလုံးကို နေရာချပြီးသည်နှင့် သယ်ယူပို့ဆောင်ရေး အလုပ်သမားတစ်ဦးက ယွင်ချန်းရှို့အား လာအသိပေးလိုက်သည်။
“ဥက္ကဌယွင်၊ ကျွန်တော်တို့ နေရာချစရာရှိတာ ချပြီးပါပြီ၊ ပြန်လိုက်ပါဦးမယ်”
“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်”
အလုပ်သမားများအား နှုတ်ဆက်ပြီးနောက် ယွင်ချန်းရှို့ ခေတ္တ ထပ်စောင့်နေခဲ့သည်။ အတန်ကြာသည်အထိ ရှောင်ရှောင် ပြန်မလာသေးသည်ကို မြင်သောအခါ ရှောင်းလီအား သူမ ပြောလိုက်ပါသည်။
“ရှောင်းလီ၊ အိမ်တံခါးတွေ သော့လိုက်ခတ်လိုက်ဦး၊ ရမ်သဲ့ထန်မှာ ရှောင်ရှောင့်ကို သွားခေါ်ကြစို့”
ယာဉ်မောင်း ရှောင်းလီက ခေါင်းညိတ်သည်။
“ဟုတ်ကဲ့ပါ”
ရှောင်းလီသည် သော့များကို ယူဆောင်ကာ တံခါးများအား သေသေချာချာ သော့ခတ်လိုက်ပါသည်။
ယဲ့ရှောင်ရှောင်သည် အိမ်သော့များကို ပြူတင်းပေါက် ဘောင်ပေါ်တွင် တင်ထားခဲ့သဖြင့် ရှောင်းလီက ထိုသော့များကို ယူဆောင်ကာ ယွင်ချန်းရှို့လက်ထဲ အပ်နှံလိုက်သည်။
တစ်ဖက်တွင် ယဲ့ရှောင်ရှောင်သည် ရမ်သဲ့ထန်သို့ ရောက်ရှိလာပြီး ဆေးညွှန်းများ ထုတ်ပေးနေစဉ် အလွန်ပြောရခက်သည့် လူနာတစ်ယောက်နှင့် ရင်ဆိုင်ခဲ့ရသည်။
ထိုပြဿနာအား ဖြေရှင်းပြီးချိန်တွင် မိနစ် ၂၀ ကျော်ပင် ကုန်လွန်သွားခဲ့ပါပြီ။ ကျန်တာဝန်များကို လုပ်ဖော်ကိုင်ဖက်များထံ လွှဲပြောင်းပေးပြီးနောက် သူမ၏ ပစ္စည်းများကိုယူဆောင်ကာ အောက်သို့ ပြန်ဆင်းလာခဲ့သည်။
ယဲ့ရှောင်ရှောင်သည် ဆေးထုပ်များထည့်ထားသည့် အိတ်ကို စက်ဘီးလက်ကိုင်တွင် ချိတ်ဆွဲလိုက်သည်။
သူမ ထွက်ခွာဖို့ ပြင်လိုက်စဉ် ဆေးခန်းအဝင်ဝရှိ ကျန်းခိုင်နင်က ရုတ်တရက် လှမ်းအော်ခေါ်လိုက်ပါသည်။
“ရှောင်ရှောင် မသွားနဲ့ဦး! ငါပြောစရာရှိလို့ ခဏလာဦး!”
ယဲ့ရှောင်ရှောင်လည်း စက်ဘီးကို ဒေါက်ပြန်ထောက်ကာ ကျန်းခိုင်နင်ထံသို့ ပြန်လျှောက်လာခဲ့ရသည်။
“ဘာဖြစ်လို့လဲ”
ကျန်းခိုင်နင်သည် မူလက ပြုံးရွှင်နေသော်လည်း ရုတ်တရက်ဆိုသလိုပင် မျက်နှာတစ်ခုလုံး ထိတ်လန့်ချောက်ချားမှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။
“ရှောင်ရှောင် သတိထား!”
ယဲ့ရှောင်ရှောင် ခြေလှမ်း ၂ လှမ်းသာ လှမ်းရသေးသည့်အချိန်တွင် ရမ်သဲ့ထန်၏ မျက်နှာချင်းဆိုင် လမ်းမထက်မှ အထိန်းအကွပ် ကင်းမဲ့နေသော ကုန်သယ်ကားတစ်စီး ရုတ်တရက် ပေါ်လာသည်။
ထိုကုန်သယ်ကားက ရှေ့သို့ တန်းတန်းမတ်မတ် ပြေးဝင်လာပြီး ယဲ့ရှောင်ရှောင်၏ စက်ဘီးကိုပါ နင်းကြိတ်သွားခဲ့သည်။ ယဲ့ရှောင်ရှောင်သာ ထိုခြေလှမ်း ၂ လှမ်းကို မလှမ်းခဲ့လျှင် စက်ဘီးနှင့်အတူ ကားအောက်ရောက်သွားနိုင်ပါသည်။
ကုန်သယ်ကား၏ အင်ဂျင်သံက အလွန်ကျယ်လောင်လွန်းသဖြင့် ကျန်းခိုင်နင်၏ အော်သံကို ယဲ့ရှောင်ရှောင် ရှင်းရှင်းလင်းလင်း မကြားရပေ။
သို့သော် သူမ နောက်လှည့်ကြည့်လိုက်သောအခါ ကုန်သယ်ကားတစ်စီးက သူမ၏ စက်ဘီးအား တက်ကြိတ်သွားသည်ကို မြင်လိုက်ရပါသည်။
ကျန်းခိုင်နင် အမြန်ပြေးလာပြီး ယဲ့ရှောင်ရှောင်ကို ဘေးနားသို့ အမြန်ဆွဲခေါ်လိုက်သည်။
“ဘယ်သူလဲကွ! လမ်းကို မကြည့်ဘဲ မောင်းနေတာလား၊ မူးရူးနေတာလား!”
ထိုအချိန်မှာပင် ရမ်သဲ့ထန်၏ ဝင်ပေါက်ရှေ့သို့ ယွင်ချန်းရှို့တို့လည်း ရောက်ရှိလာပြီး ယဲ့ရှောင်ရှောင်ထံ တန်းတန်းမတ်မတ် ဦးတည်နေသည့် ကုန်သယ်ကားကြီးကို မြင်လိုက်ရလေသည်။
ယွင်ချန်းရှို့မှာ ကားတံခါးကို ချက်ချင်း တွန်းဖွင့်ပြီး အသည်းအသန် ပြေးထွက်သွားခဲ့ပါသည်။
“ရှောင်ရှောင်!”
အလွန်ထိတ်လန့်တကြားဖြစ်ကာ ပြေးထွက်လာသဖြင့် လမ်းတွင် ခလုတ်တိုက် လဲကျလုနီးပါးပင် ဖြစ်ခဲ့ရပါသည်။
“ရှောင်ရှောင်!”
မတော်တဆမှု ဖြစ်ပွားသည့်နေရာကို ကွေ့ပတ်ကာ လျှောက်လာပြီး အနောက်တွင် ယဲ့ရှောင်ရှောင်တစ်ယောက် ဘေးကင်းလုံခြုံစွာ ရှိနေသည်ကို မြင်ခါမှ ယွင်ချန်းရှို့ အသက်ဝဝ ရှူနိုင်တော့သည်။
ထို့နောက် ယဲ့ရှောင်ရှောင်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ကာ မေးမြန်းလိုက်သည်။
“သမီး ဘာဖြစ်သွားသေးလဲ၊ ဘယ်နေရာထိခိုက်သွားသေးလဲ”
ယဲ့ရှောင်ရှောင်က အလွန်တည်ငြိမ်နေလေသည်။
“ဘာမှမဖြစ်ပါဘူး အမေရဲ့၊ သမီးကို မတိုက်မိသွားဘူး”
ယွင်ချန်းရှို့ကမူ နှလုံးရပ်မတတ် ထိတ်လန့်ခဲ့ရသည်။ ယဲ့ရှောင်ရှောင်အား ပွေ့ဖက်ထားရင်း သူမ မျက်ရည်များပင် ဝဲလာခဲ့ပါသည်။
“တော်သေးတာပေါ့… ဘာမှမဖြစ်လို့ တော်သေးတာပေါ့ကွယ်၊ သမီးသာ တစ်ခုခုဖြစ်သွားရင် သမီးရဲ့ မိဘတွေနဲ့ ရှောင်းချွမ်ကို အမေ ဘယ်လို မျက်နှာပြရမလဲ”
ဘေးမှ ကျန်းခိုင်နင်က မဝံ့မရဲ မေးမြန်းလိုက်သည်။
“သူက ဘယ်သူလဲ”
ယွင်ချန်းရှို့၏ ရင်ခွင်ထဲမှ ပြန်ထွက်လာပြီး ယဲ့ရှောင်ရှောင် မိတ်ဆက်ပေးလိုက်ပါသည်။
“လုဟန်ချွမ်ရဲ့ အမေလေ”
“ဪ ဟုတ်လား!”
ကျန်းခိုင်နင် သဘောပေါက်နားလည်စွာ ခေါင်းညိတ်လိုက်ပါသည်။
‘ဒါဆို ရှောင်ရှောင်ရဲ့ ယောက္ခမလောင်းပေါ့’
အမေအရင်းမဟုတ်သော်လည်း ဤမျှ စိုးရိမ်ထိတ်လန့်နေရသည်ကို ကြည့်ခြင်းအားဖြင့် ရှောင်ရှောင့်အပေါ် အလွန်မေတ္တာရှိမှန်း သိသာပါသည်။
ယွင်ချန်းရှို့၏ လက်များ တုန်ယင်နေသေးသည်ကို ယဲ့ရှောင်ရှောင် ခံစားမိသည်။
“အမေ၊ စိတ်ငြိမ်သွားအောင် ရမ်သဲ့ထန်ထဲမှာ ခဏလောက် ဝင်နားရအောင်နော်”
သို့သော် ယွင်ချန်းရှို့က လက်မခံပေ။
“မနားဘူး! အဲ့ဒီကုန်သယ်ကား မောင်းတဲ့ကောင်ကို အရင်မြင်ချင်တယ်!”
ထိုအချိန်တွင် ယာဉ်မောင်းရှောင်းလီသည် ကုန်သယ်ကားပေါ်မှ လူကို အပြင်သို့ ဆွဲထုတ်လာခဲ့ပါပြီ။
“ဥက္ကဌ၊ သူ့ပုံစံက မူးရူးနေတဲ့ပုံပဲ၊ ရဲစခန်းကို တန်းပို့လိုက်ရမလား”
ဤကဲ့သို့ မူးယစ်နေပြီး လမ်းကိုမကြည့်ဘဲ ကားမောင်းတတ်သည့်လူမျိုးနှင့် တိုးမိခြင်းမှာ ကံဆိုးလှသည်ဟုသာ သတ်မှတ်နိုင်ပြီး အလွန်ဆုံး ထိုလူကို ထောင်ထဲသို့ ပို့ဆောင်နိုင်ရုံသာ ရှိသည်။
ယနေ့ ယဲ့ရှောင်ရှောင်သာ တစ်ခုခုဖြစ်သွားခဲ့လျှင် ဤယာဉ်မောင်း၏ အသက်တစ်ချောင်းနှင့် ပြန်လည် ပေးဆပ်မည် ဆိုလျှင်ပင် လုမိသားစုနှင့် ယဲ့မိသားစုတို့ ခံစားရမည့် နောက်ဆက်တွဲအကျိုးဆက်များကို လုံးဝ အစားထိုးပေးနိုင်မည် မဟုတ်ချေ။
ယဲ့ရှောင်ရှောင်လည်း ကုန်သယ်ကား ယာဉ်မောင်းအား လှမ်းကြည့်လိုက်ပါသည်။
ထိုလူမှာ အလွန်ရီဝေနေပြီး ရှည်လျားရှုပ်ထွေးနေသော ဆံပင်များ၊ မုတ်ဆိတ်ကြမ်းကြီးများဖြင့် စုတ်စုတ်ပြတ်ပြတ် ဖြစ်နေပါသည်။ သူ့ပုံစံမှာ အသိစိတ်လည်း ရှိပုံ မပေါ်ပေ။
“သူ့ကို မြင်ဖူးသလိုပဲ…”
ယဲ့ရှောင်ရှောင် အနားသို့ ကပ်လာသောအခါ ရှောင်းလီက အလိုက်တသိဖြင့် ကုန်သယ်ကားယာဉ်မောင်း၏ ခေါင်းကို ဆွဲမပေးလိုက်သည်။
“လီသဲ့ရှု!”
ယဲ့ရှောင်ရှောင် အံ့အားသင့် တုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။
ယွင်ချန်းရှို့လည်း အနားသို့ ရောက်လာလေသည်။
“သူ့ကို သိလို့လား ရှောင်ရှောင်”
“သမီးတို့ရွာက လူတစ်ယောက်ပါ၊ အရင်က မိသားစုတွေကြားထဲ ပြဿနာတချို့ ဖြစ်ဖူးပေမယ့် နှစ်တွေတောင်တော်တော်ကြာခဲ့ပြီ၊ လူတိုင်းကလည်း မေ့မေ့ပျောက်ပျောက်ဖြစ်နေကြပြီ၊ သူဘာလို့ ဒီနေရာမှာ ရုတ်တရက်ကြီး ပေါ်လာတာလဲ၊ သမီးကိုကော ဘယ်လို ရှာတွေ့သွားတာလဲမသိဘူး”
ယွင်ချန်းရှို့၏ မျက်နှာမှာ အလွန်ခက်ထန်သွားခဲ့သည်။
“ရှောင်ရှောင်၊ ဒီကောင့်ရဲ့ နောက်ကြောင်းရာဇဝင်ကို သေသေချာချာ စုံစမ်းရမယ်၊ သမီးနဲ့ သိနေတဲ့လူဆိုတော့ ခုနက သူ့လုပ်ရပ်က လုံးဝ မတော်တဆမဖြစ်နိုင်ဘူး၊ သမီးရှိနေတဲ့နေရာကိုတောင် တိတိကျကျ ရှာနိုင်တယ်ဆိုတော့ သမီးနောက်ကို ရက်တော်တော်ကြာအောင် နောက်ယောင်ခံလိုက်ခဲ့တဲ့ သဘောပဲ”
ယဲ့ရှောင်ရှောင်သည်လည်း ဤဖြစ်ရပ်တစ်ခုလုံးမှာ သံသယဖြစ်စရာကောင်းလှသည်ဟု ခံစားရပါသည်။ သူမကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်မှန်းလည်း သိသာသည်။
ယွင်ချန်းရှို့မှာ တုန်လှုပ်မှု မရှိတော့ဘဲ တရားခံကို မြို့တော်ပြည်သူ့လုံခြုံရေးဌာနသို့ တန်းပို့လိုက်ဖို့ ရှောင်းလီအား အမိန့်ပေးလိုက်သည်။
“ရှောင်းလီ၊ လုံခြုံရေးဌာနကို ရောက်ရင် အမှုဖွင့်ပြီး ချက်ချင်း စုံစမ်းစစ်ဆေးဖို့ ပြင်ခိုင်းလိုက်ပါ၊ ဒီကိစ္စက သူတစ်ယောက်တည်း လုပ်တာလား ဒါမှမဟုတ် နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့လူရှိလားဆိုတာ သေချာ ဖော်ထုတ်မှဖြစ်မယ်”
အစိုးရ၏ ယန္တရားအောက်တွင် နှစ်ပေါင်းများစွာ ကြာအောင် အလုပ်လုပ်ခဲ့ရသူဖြစ်သည့်အလျောက် ယွင်ချန်းရှို့၏ အကဲခတ်နိုင်စွမ်းက အလွန်ထက်မြက်လှပါသည်။
ဤအမူးသမားမှာ မျောက်တစ်ကောင်ပမာ ပိန်လှီခြောက်ကပ်နေပြီး ရှောင်ရှောင်ကိုယ်တိုင်ကလည်း သူ့ကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဟု ဆိုခဲ့သည်။
အကယ်၍ အတိတ်မှ ရန်ငြှိုးရန်စများကြောင့် ကလဲ့စားချေချင်စိတ် ပြင်းပြင်နေသည် ဆိုဦးတော့၊ ယခုကဲ့သို့ ယဲ့ရှောင်ရှောင် ရှိနေသည့်နေရာအား တိတိကျကျ ပစ်မှတ်ထားနိုင်စွမ်း မရှိသင့်ပေ။
ဥက္ကဌထံမှ အမိန့်များကို ရရှိပြီးနောက် ရှောင်းလီ ချက်ချင်း လှုပ်ရှားခဲ့ပါသည်။
ထို့နောက် ယွင်ချန်းရှို့သည် ရမ်သဲ့ထန်ရှိ ဖုန်းကို အသုံးပြုကာ လူပေါင်းများစွာထံသို့ မရပ်မနား ဖုန်းဆက်တော့သည်။
“အမေ၊ ဒေါသလျှော့ပြီး လက်ဖက်ရည်သောက်ပါဦး”
ယွင်ချန်းရှို့အတွက် ယဲ့ရှောင်ရှောင် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ပါသည်။
ယခုဆိုလျှင် ရမ်သဲ့ထန်၏ ဆေးခန်းအဝင်ဝကို ပိတ်ဆို့ထားလိုက်ပြီဖြစ်ပြီး လုံခြုံရေးဌာနမှ အရာရှိများကလည်း အခင်းဖြစ်ရာနေရာကို စတင်စစ်ဆေးနေကြပါပြီ။
ယွင်ချန်းရှို့၏ ပြင်းထန်လှသော ဖိအားပေးမှုအောက်တွင် လုံခြုံရေးရဲဌာနသည် ရေသာမခိုရဲဘဲ ဤအမှုကို ဘက်စုံ ထောင့်စုံမှနေ၍ အပြည့်အဝ စတင် စုံစမ်းတော့သည်။
ယွင်ချန်းရှို့က လက်ဖက်ရည်ခွက်ကို လှမ်းယူရင်း ပြန်ပြောလိုက်သည်။
“အမေ ဒေါသထွက်နေတာမဟုတ်ပါဘူး၊ သမီးအတွက် ကြောက်သွားတာ၊ ဒီရက်ပိုင်းထဲ အိမ်မှာပဲ နေနော် ရှောင်ရှောင်၊ အပြင်ထွက်ရမယ်ဆိုလည်း သက်တော်စောင့်တွေဘာတွေ ခေါ်သွား၊ တစ်ယောက်တည်း လျှောက်မသွားနဲ့၊ ဒီအမှုကို ရုပ်လုံးပေါ်လာတဲ့အထိ စုံစမ်းစစ်ဆေးလို့ မပြီးမချင်း တစ်ယောက်တည်း အပြင်ထွက်တာမျိုး မလုပ်ရဘူးနော်”