← Chapters

အခန်း ၃၁၄

Vol. 32 Ch. 314

အခန်း ၃၁၄

Vol. 32 Ch. 314

📗 Chapter 314

လီသဲ့ရှု ရုတ်တရက်ပေါ်ပေါက်လာခြင်းမှာ တိုက်ဆိုင်မှုလုံးဝ မဖြစ်နိုင်မှန်း ယဲ့ရှောင်ရှောင် နားလည်ပါသည်။

ပေကျင်းမြို့ကြီးထဲတွင် သူမအပေါ် အငြှိုးအတေးထားပြီး ပိုင်ချွမ်ရွာဇာတိလည်း ဖြစ်ရမည့် လူတစ်ဦးကို စဉ်းစားရမည်ဆိုလျှင် ဟောက်ယန်ယန်တစ်ဦးတည်းသာ ထိုအချက်များနှင့် ကိုက်ညီမှုရှိသည်။

ထို့အပြင် ဟောက်ယန်ယန်နှင့် လီသဲ့ရှုတို့အကြားတွင် ရှုပ်ထွေးလှသော ပတ်သက်မှုများစွာ ရှိနေခဲ့သည် မဟုတ်ပါလား။

ယဲ့ရှောင်ရှောင်၏ စိတ်ထဲ သံသယများစွာ ဖြစ်ပေါ်လာခဲ့သည်။

ယွင်ချန်းရှို့၏ သတိပေးစကားများကို ကြားသောအခါ ယဲ့ရှောင်‌ရှောင် ခေါင်းသာညိတ်ပြလိုက်ပါသည်။ ထို့နောက် ကျန်းခိုင်နင်အား သူမ လှည့်မေးလိုက်သည်။

“နင်ငါ့ကို ခုနက ဘာလို့ခေါ်တာလဲ”

ကျန်းခိုင်နင်: “ဪ ဘာမှမဟုတ်ပါဘူး၊ ထုတ်ကုန်သစ်တွေအကြောင်း ပြောစရာရှိလို့ပါ”

ကျန်းခိုင်နင်လည်း သိသိသာသာ တုန်လှုပ်နေဆဲဖြစ်သည်။

ရှောင်ရှောင် ထိခိုက်ဒဏ်ရာ မရခဲ့သော်လည်း သခင်မယွင်၏ လျင်မြန်သွက်လက်လှသော လှုပ်ရှားမှုများကို ကြည့်ရင်း ကျန်းခိုင်နင် အလွန်လေးစားအားကျသွားခဲ့ရပါသည်။

ထိုအမူးသမားသာ တစ်စုံတစ်ယောက်၏ ခိုင်းစေမှုကြောင့် ဤသို့ ပြုလုပ်ခဲ့ရခြင်းဆိုလျှင် နောက်ကွယ်က ကြိုးကိုင်သူ ဒုက္ခအကြီးကြီး ရောက်တော့မှာ သေချာသည်။

ယာဉ်မောင်းရှောင်းလီ ပြန်ရောက်လာသည့်အခါ ယွင်ချန်းရှို့သည် ရှောင်ရှောင်ကို ခေါ်၍ အိမ်ပြန်သွားခဲ့ပါသည်။

ရမ်သဲ့ထန်၏ ဝင်ပေါက်ရှေ့တွင် စုံစမ်းစစ်ဆေးမှုများအတွက် အရာရှိများအား မန်နေဂျာမာက ကူညီပေးရင်း အလုပ်များနေသည်။

သို့သော် မန်နေဂျာမာသည် ထိုကုန်သယ်ကားကြီးက ယဲ့ရှောင်ရှောင်အား တမင်သက်သက် တိုက်ပစ်ရန် မောင်းနှင်လာခြင်းဖြစ်ကြောင်း လုံးဝ မသိရှိသဖြင့် မေးခွန်းများကို ပုံမှန်အတိုင်း‌‌ ဖြေကြားပေးရင်းနှင့်သာ ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။

ယဲ့ရှောင်ရှောင်သည် ရမ်သဲ့ထန်မှ မထွက်ခွာမီ ကျန်းမာရေးအားဖြည့်စွပ်ပြုတ်ကို အသစ်ပြန်ထုပ်လိုက်ပြီး ကျန်းခိုင်နင်အား သတိပေးလိုက်သည်။

“ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကို ဆရာကြီးလုံးဝ မသိစေနဲ့နော်၊ သိသွားရင် နင့်အပြစ်ဖြစ်မှာ”

ကျန်းခိုင်နင် တွန့်ဆုတ်သွားလေသည်။

“ဒါပေမယ့် ဒီလောက် အန္တရာယ်များတဲ့ကိစ္စကို… ဆရာကြီးစုန့်ကို တကယ်မပြောပြဘူးလား”

ယဲ့ရှောင်ရှောင်: “စုံစမ်းစစ်ဆေးတာတွေ အဖြေထွက်လာမှ ပြောလည်း နောက်မကျပါဘူး”

ကျန်းခိုင်နင် ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါပြီ၊ အဲ့တာဆို ငါလည်း လုံခြုံရေးဌာနက အခြေအနေတွေကို စောင့်ကြည့်ပေးထားမယ်၊ ငါဘာကူညီပေးရဦးမလဲ”

ယဲ့ရှောင်ရှောင် ခေါင်းခါလိုက်ပါသည်။ ကျန်းခိုင်နင်ကိုသာ ကိုင်တွယ်ခိုင်းလိုက်လျှင် ရန်သူများက သူမတို့၏ လှုပ်ရှားမှုကို ရိပ်မိသွားနိုင်သည်။

“အိမ်ပြန်ရင် ဂရုတစိုက်သာပြန်”

ထို့နောက် ယဲ့ရှောင်ရှောင်နှင့် ယွင်ချန်းရှို့တို့အား ဝင်ပေါက်အထိ ကျန်းခိုင်နင် လိုက်ပို့ပေးခဲ့သည်။

ကုန်သယ်ကားကြီး၏ ဦးတည်ရာလမ်းကြောင်းကို သေသေချာချာ ပြန်စဉ်းစားကြည့်သောအခါ လူသတ်ရန် ကြံစည်ခြင်းဖြစ်မှန်း သိသာပါသည်။ ထိုယာဉ်မောင်း အမှန်တကယ် မူးနေခြင်း ဟုတ်၊ မဟုတ်ကိုတော့ သေချာ စုံစမ်းရပေဦးမည်။

ယွင်ချန်းရှို့သည် ယဲ့ရှောင်ရှောင်အား လုအိမ်တော်သို့ ခေါ်ဆောင်လာခဲ့သည်။

ညစာစားပွဲဝိုင်းတွင် ပျော်ရွှင်စရာကောင်းသည့် အကြောင်းအရာများကိုသာ ပြောခဲ့ကြပြီး ကားအက်ဆီးဒင့်ကိစ္စနှင့် ပတ်သက်၍ အဘိုးအဘွားများအား တစ်ခွန်းမဟခဲ့ကြပေ။

ရှောင်ရှောင်လာလည်သဖြင့် အဘိုးအဘွားနှစ်ဦးစလုံးကလည်း ဝမ်းသာမဆုံး ဖြစ်နေကြသည်။

ယဲ့ရှောင်ရှောင်က အဘိုးအဘွားများအား သူမ၏ အိမ်ဝင်းအသစ်လေးအကြောင်းကို ပြောပြလိုက်ပြီး အချိန်မရွေး လာလည်နိုင်ကြောင်းကိုလည်း ပြောကြားလိုက်ပါသည်။

“ဒါဆို ရှောင်ရှောင့်အိမ်ကို သေချာပေါက် သွားလည်ရမှာပေါ့”

အဘွားလုက စိတ်အားထက်သန်စွာ သဘောတူလိုက်ပါသည်။

ညစာစားပြီးသွားသောအခါ ယွင်ချန်းရှို့က ယောက္ခမများကို ပြောလိုက်သည်။

“အဖေနဲ့ အမေ၊ ဒီနေ့ညတော့ ရှောင်ရှောင့်ကို အိပ်ရာစောစောဝင်ခိုင်းလိုက်နော်၊ မနက်ဖြန်ကျမှ စကားကြိုက်သလောက် ပြောလို့ရတယ်”

အဘွားလု အံ့အားသင့်သွားသည်။

“ဟင်၊ ရှောင်ရှောင်က ဒီနေ့ည ငါတို့အိမ်မှာ အိပ်မှာလား၊ ကောင်းလိုက်တာ! သမီးကို အပေါ်ထပ် အိပ်ခန်းဆီ အဘွား ခေါ်သွားပေးမယ်”

ယဲ့ရှောင်ရှောင်သည် ယွင်ချန်းရှို့အား ခေါင်းညိတ်ပြလိုက်ပြီး အဘွားလုနှင့်အတူ အပေါ်ထပ်သို့ တက်သွားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်နှင့် အဘွားလုတို့ အပေါ်တက်သွားပြီး အဘိုးလုကလည်း တစ်ဖက်အခန်းတွင် လက်ဖက်ရည်သောက်ရင်း အေးအေးဆေးဆေး ထိုင်အနားယူနေသဖြင့် ယွင်ချန်းရှို့၏ မျက်နှာပေါ်မှ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားသည်။

ဧည့်ခန်းထဲရှိ ဖုန်းကိုကိုင်ကာ လူတစ်ဦးထံ စတင်ဖုန်းခေါ်ဆိုလေတော့သည်။

အဘွားလုကမူ ယဲ့ရှောင်ရှောင်ကို လုဟန်ချွမ်၏ အခန်းဆီ ခေါ်သွားပေးခဲ့ပါသည်။

“ဒါရှောင်းချွမ်ရဲ့ အခန်းလေ၊ ပုံမှန်ဆို သူက ဘယ်သူ့ကိုမှ အခန်းထဲဝင်ခွင့်ပေးတာမဟုတ်ဘူး၊ သန့်ရှင်းရေးလည်း သူ့ဖာသာသူပဲလုပ်တယ်၊ ဟိုရက်ပိုင်းတုန်းက သမီးတို့ လက်ထပ်စာချုပ်ချုပ်ပြီးကြပြီလို့ သူပြောတော့ ဒီနေရာကို သန့်ရှင်းရေးလုပ်ဖို့ ဝန်ထမ်းတွေကို တာဝန်ပေးခဲ့ရသေးတယ်၊ နောက်နောင် အဘွားတို့အိမ်ကို လာတဲ့အခါကျရင် သမီး ဒီမှာ အိပ်လို့ရတယ်နော်”

အဘွားလုသည် မြေးဖြစ်သူအကြောင်း ပြောရလျှင် အလွန်စိတ်ချမ်းသာလျက် ရှိပါသည်။

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်၏ စာရေးစားပွဲပေါ်တွင် တင်ထားသည့် အရုပ်ကလေးများစွာကို သတိပြုမိသွားသည်။ သူငယ်စဉ်က ဆော့ကစားခဲ့သည့် အရုပ်ကလေးများ ဖြစ်ပုံရပါသည်။

“ဟုတ်ကဲ့ပါအဘွား၊ သမီးနားလည်ပါပြီ၊ အဘွားလည်း စောစောနားပါနော်”

“ဒါဆို ကောင်းကောင်းအိပ်နော် ရှောင်ရှောင်၊ မနက်ဖြန် မနက်စာ ဘာစားမလဲ”

ယဲ့ရှောင်ရှောင်: “ဘာပဲဖြစ်ဖြစ် ရပါတယ်၊ သမီးက ချေးမများတတ်ဘူး”

“ဟုတ်ပြီ ဟုတ်ပြီ၊ အဲ့တာဆို အိမ်ကစားဖိုမှူးကို သမီးအတွက် အီကြာကွေးကြော်ခိုင်းလိုက်မယ်၊ သူ့လက်ရာက အရမ်းအရသာရှိတာ”

ယဲ့ရှောင်ရှောင်သည် အဘွားအိုအား နှုတ်ဆက်ပြီးနောက် လုဟန်ချွမ်၏ စာရေးစားပွဲပေါ်မှ စာအုပ်တစ်အုပ်ကို ယူဆောင်ကာ ခေတ္တဖတ်ရှုလိုက်ပြီး ပုံမှန်အိပ်ရာဝင်သည့်အချိန်မှာပင် အိပ်ပျော်သွားခဲ့တော့သည်။

--- --- ---

ည ၁၀ နာရီ၊ မြို့တော် ပြည်သူ့လုံခြုံရေးဌာန၌…

လီသဲ့ရှုတစ်ယောက် အမူးပြေသွားပြီဖြစ်သော်လည်း စစ်ဆေးမေးမြန်းနေစဉ် အချိန်အတွင်း ကြောင်စီစီ၊ ရီဝေဝေ ဖြစ်နေဆဲ ဖြစ်ကာ မည်သည့်တုံ့ပြန်မှုမှလည်း မရှိပေ။

လုံခြုံရေးဌာနမှ သူ၏ ဆေးမှတ်တမ်းရာဇဝင်ကို စုံစမ်းစစ်ဆေးခဲ့ရာ သူသည် စိတ်ကျန်းမာရေးချို့တဲ့နေသူတစ်ဦးအဖြစ် မှတ်တမ်းရှိခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါသည်။

သူသည် ယွဲ့ယာရှန်းစိတ်ကျန်းမာရေးဆေးရုံတွင် ဆေးကုသမှု ခံယူနေခဲ့သူဖြစ်ပြီး လွန်ခဲ့သည့် ရက်ပိုင်းကမှ ထိုဆေးရုံမှ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ညွှန်ကြားရေးမှူးဝမ်ပြောချင်တာက စိတ်ကျန်းမာရေးဆေးရုံတစ်ခုကနေ လီသဲ့ရှု တစ်ယောက်တည်း ထွက်ပြေး လွတ်မြောက်လာခဲ့တာပေါ့ ဟုတ်လား”

လုဟန်ချွမ်သည် ညွှန်ကြားရေးမှူး၏ ရုံးခန်းထဲတွင် ထိုင်ကာ လီသဲ့ရှု၏ စစ်ဆေးမေးမြန်းချက် မှတ်တမ်းများကို အေးအေးလူလူ ဖတ်ရှုနေလေသည်။

သတင်းကြားသည်နှင့် အိမ်ပင် မပြန်ဘဲ ပြည်သူ့လုံခြုံရေးဌာနသို့ ချက်ချင်း ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

လုဟန်ချွမ်ကို အသိပေးခဲ့သူကလည်း အခြားသူမဟုတ်ဘဲ ယွင်ချန်းရှို့ပင်။ သားဖြစ်သူ၏ စိတ်ကို ကောင်းကောင်းနားလည်သဖြင့် ဤသို့ စောစော အသိပေးထားခြင်းက အန္တရာယ်ပိုကင်းနိုင်သည်ဟု သူမ ယူဆခဲ့ပါသည်။

အကယ်၍ သူ့ကို ထိန်ချန်ထားပြီး နောက်ကျမှ သိသွားခဲ့လျှင် အစွန်းရောက်သည့် လုပ်ရပ်များကိုပင် လုပ်မိနိုင်သည်။

ညွှန်ကြားရေးမှူးဝမ်မှာလည်း အလွန်ပင် စိတ်ဖိအားများနေရသည်။

လုဟန်ချွမ် ရောက်ရှိမလာခင်ကပင် ယွင်ချန်းရှို့၏ ဖိအားပေးမှုကြောင့် သူအလွန် ချွေးပြန်နေရပါပြီ။ လုဟန်ချွမ် ရောက်မလာခဲ့လျှင်ပင် ဤကိစ္စအား အမြင့်ဆုံး ဦးစားပေးအဆင့်ဖြင့် စုံစမ်းစစ်ဆေးဖို့ ရည်ရွယ်ထားသည်။

အကြောင်းမှာ ကားဖြင့်တိုက်သတ်ခံရလုနီးပါး ဖြစ်ခဲ့သူမှာ ဥက္ကဌယွင်နှင့် တပ်ချုပ်လုတို့၏ ချွေးမဖြစ်သလို သူ့ရှေ့တွင် ရောက်ရှိနေသည့် ဗိုလ်မှူးလု၏ ဇနီးအသစ်စက်စက်ကလေးလည်း ဖြစ်နေခြင်းကြောင့်ပင်။

ဤကိစ္စကို သေသေချာချာ မကိုင်တွယ်ပါက ညွှန်ကြားရေးမှူး ရာထူးအား မကြာခင် နှုတ်ဆက်ရနိုင်ပါသည်။

လုဟန်ချွမ်၏ အရွဲ့တိုက်သော စကားများကို လျစ်လျူရှုကာ ညွှန်ကြားရေးမှူးက ဆက်ရှင်းပြသည်။

“လီသဲ့ရှုကို လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ယွဲ့ယာရှန်းစိတ်ကျန်းမာရေးဆေးရုံမှာ တင်ထားခဲ့တာ၊ ဆေးရုံတင်ထားတဲ့ ၃ နှစ်တာကာလပတ်လုံး သူ့ကို ဘယ်သူမှ လာမတွေ့ဘူး၊ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကတော့ လူတချို့ ရောက်လာပြီး သူ့ကို ခေါ်သွားတာပဲ”

လုဟန်ချွမ်က လိုရင်း တန်းမေးလိုက်သည်။

“ယောက်ျားလား မိန်းမလား”

“ယောက်ျားနှစ်ယောက်၊ ကားတစ်စီးနဲ့ ရောက်လာတာ”

ဤ‌ခေတ်အခါက လုံခြုံရေးကင်မရာများ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးသဖြင့် ဆေးရုံမှ သူနာပြုများ၏ ထွက်ဆိုချက်အပေါ် အခြေခံ၍ သံသယရှိသူများ၏ ပုံကြမ်းကို ရေးဆွဲကာ ဖမ်းဝရမ်းထုတ်နိုင်ရုံသာ ရှိပါသည်။

လုဟန်ချွမ်ကမူ ထိုအဖြေကို လုံးဝ စိတ်ကျေနပ်မှု မရှိချေ။

လီသဲ့ရှုဟူသည်မှာ ယခင်က ပိုင်ချွမ်ရွာတွင် ယဲ့ရှောင်ရှောင်အပေါ် မကောင်းကြံစည်ဖူးသလို ယဲ့ချန်းရှန့်ကိုပါ ဒုက္ခပေးခဲ့ဖူးသူဖြစ်မှန်း လုဟန်ချွမ် သိထားသည်။

သို့သော် ထိုအသေးအဖွဲ ရန်ငြှိုးရန်စများကြောင့် လူသတ်ဖို့ ကြံစည်ရလောက်သည့်အထိ မဖြစ်သင့်ပေ။

ထို့အပြင် လီသဲ့ရှု၏ လက်ရှိ စိတ်အခြေအနေမှာလည်း တည်ငြိမ်မှုမရှိသဖြင့် သူ့နှုတ်မှ အသုံးဝင်သော အချက်အလက်များကို နှိုက်ထုတ်ရန် မဖြစ်နိုင်သေးချေ။

လုဟန်ချွမ်က ညွှန်ကြားလိုက်သည်။

“ဒီလူ ပေကျင်းကို ဘယ်လိုရောက်လာတာလဲဆိုတာ စုံစမ်း၊ သူနဲ့ ပတ်သက်ခဲ့တဲ့လူတိုင်းကို သံသယရှိသူစာရင်းထဲ ထည့်ရမယ်၊ ပြီးတော့ အဲ့ဒီကုန်သယ်ကားက…”

လုံခြုံရေးဌာနသို့ လုဟန်ချွမ် ရောက်ရှိလာခြင်းမှာ သူ၏ ရပ်တည်ချက်ကို ပြသရန်အတွက်သာ ဖြစ်ပြီး လီသဲ့ရှု၏ နောက်ကြောင်းရာဇဝင်အား စုံစမ်းရန် မိမိ၏ ကိုယ်ပိုင်လက်အောက်ငယ်သားများကို စေလွှတ်ထားခဲ့ပြီးပါပြီ။

ဆေးရုံတက်နေစဉ် ကာလအတွင်း သူ့ဆေးကုသမှုစရိတ်များကို တာဝန်ယူပေးထားသည့်လူ ရှိနေခြင်းကပင် အံ့အားသင့်စရာ ကောင်းနေပါပြီ။

ဆေးရုံမှ ရုတ်တရက် လွတ်မြောက်လာမှုနှင့် ပိုင်ရှင်မဲ့ ကုန်သယ်ကားတစ်စီး ပေါ်ပေါက်လာမှုတို့ကြောင့် နောက်ကွယ်တွင် ကြိုးကိုင်သူရှိနေသည်မှာ သံသယဖြစ်စရာပင် မလိုတော့ချေ။

ယခုဆိုလျှင် ညွှန်ကြားရေးမှူးသည်လည်း ဤအမှုအား သာမန် အရက်မူး၍ ကားမောင်းခြင်းဟု ခေါင်းစဉ်တပ်၍ မရနိုင်တော့မှန်း နားလည်သွားခဲ့ရလေပြီ။

“အဲ့ဒီကုန်သယ်ကားကို ကျေးရွာတစ်ရွာက လယ်သမားအဘိုးကြီးတစ်ယောက်ပိုင်တာ၊ လယ်သမားကြီး မျိုးစေ့ဆိုင်မှာ မျိုးစေ့ဝင်ဝယ်နေတုန်း လီသဲ့ရှုက ကားကို ခိုးလာခဲ့တာတဲ့၊ စိတ်ချပါ ဗိုလ်မှူးလု၊ ဒီအမှုကို ကျုပ်တို့ ဆုံးခန်းတိုင်အောင် လိုက်မှာပါ”

နောက်ဆုံးတော့ ညွှန်ကြားရေးမှူးဝမ်အား လုဟန်ချွမ် ရှားရှားပါးပါး အသိအမှတ်ပြုကာ ခေါင်းညိတ်ပြလိုက်ပြီး အိမ်လှည့်ပြန်လာခဲ့တော့သည်။

လုဟန်ချွမ် ထွက်သွားသည့်အခါ ညွှန်ကြားရေးမှူးဝမ် အသက်ဝဝ ရှူနိုင်သွားသော်လည်း အမှုအား ချက်ချင်း ကိုင်တွယ်ဖို့ လိုအပ်နေပါသေးသည်။

“ဒီကိစ္စ ဘယ်ကောင့်လက်ချက်လဲဆိုတာ သိရလို့ကတော့ ဥပဒေအောက်က အဆိုးရွားဆုံး ပြစ်ဒဏ်တွေကိုပဲ ခံရအောင် လုပ်ပစ်မယ်!”

လုဟန်ချွမ် ကားထဲ ပြန်ဝင်လာသောအခါ ဒရိုင်ဘာခုံရှိ လူက ချက်ချင်း အစီရင်ခံလိုက်သည်။

“အစ်ကိုလု၊ လီသဲ့ရှုကို စိတ်ကျန်းမာရေးဆေးရုံကနေ ခေါ်ထုတ်လာတဲ့လူနှစ်ယောက်ကို ဖမ်းမိထားပါပြီ၊ သူတို့နှစ်ယောက်က သက်တော်စောင့်တွေပါ၊ တစ်ယောက်ယောက်ရဲ့ ခိုင်းစေမှုကြောင့် လုပ်ခဲ့ရတာလို့ ဝန်ခံပါတယ်”

လုဟန်ချွမ် အေးစက်စွာ အမိန့်ပေးလိုက်သည်။

“ခြေထောက်တွေ ရိုက်ချိုးပြီး ပြည်သူ့လုံခြုံရေးဌာနဆီ ပို့လိုက်”

“နားလည်ပါပြီ”

လုဟန်ချွမ် အိမ်ပြန်ရောက်လာချိန်တွင် ည ၁၁ နာရီပင် ကျော်နေပါပြီ။

အိမ်ထဲတွင် မီးများ အမှောင်ကျနေသဖြင့် လုဟန်ချွမ်သည် ကိုယ်ပိုင်သော့ဖြင့် အိမ်ရှေ့တံခါးကို ဖွင့်ကာ အပေါ်ထပ်သို့ ခြေသံဖွဖွ တက်လာခဲ့ပြီး အိပ်ခန်းတံခါးကို အလွန်ဂရုစိုက်ကာ အသာအယာ ဖွင့်လိုက်ပါသည်။

သို့သော် တံခါးပွင့်သွားသည်နှင့် ယဲ့ရှောင်ရှောင် ဆတ်ခနဲနိုးလာပြီး ညအိပ်မီးအိမ်ကို လှမ်းဖွင့်လိုက်သည်။

“ဘာလို့ပြန်လာတာလဲ”

All Chapters