အခန်း ၃၁၆
Vol. 32 Ch. 316
📗 Chapter 316
ဟယ်ကျင်းဟုံ၏ မျက်နှာပေါ်မှအပြုံး အေးခဲသွားရသည်။
“အဖေ ဘာကို ဆိုလိုတာလဲ”
ဟယ်ဝမ်ချန့်က ထပ်မေးသည်။
“ဒီအမှုကို ပြင်းပြင်းထန်ထန် အရေးယူသွားမှာလို့ အထက်လူကြီးတွေက ကြေညာထားပြီးပြီ၊ တစ်ချက်မှားတာနဲ့ မင်း သေနတ်ပြောင်းရှေ့ကို ရောက်သွားနိုင်တယ်(သေဒဏ်) နားလည်လား! မင်းမှောင်ခိုတွေလုပ်နေတာလား၊ ဒါမှမဟုတ် တရားမဝင် မူးယစ်ဆေးဝါးတွေ ရောင်းနေတာလား၊ ဘာတွေသွားလုပ်လို့ အကောင်ကြီးတွေက မင်းကို ဝိုင်းပြီး ပစ်မှတ်ထားနေကြတာလဲ”
ဟယ်ကျင်းဟုံ စိတ်ချောက်ချားသွားခဲ့သည်။
“အဖေ ကျွန်တော့်ကို မခြောက်ပါနဲ့ဗျာ! အဲ့တာမျိုးတွေ ကျွန်တော်မလုပ်ရဲပါဘူး! ယန်ယန် အကူအညီတောင်းခဲ့တဲ့ ကိစ္စလေးတစ်ခုကို ကူညီပေးခဲ့ရုံပါ”
အရေးကြီးသည့် အချက်အား ဟယ်ဝမ်ချန့် ကြားလိုက်ရသည်။
“ဆိုလိုတာက ယန်ယန့်ကြောင့် မင်းဒီလိုတွေ လုပ်ခဲ့တာပေါ့ ဟုတ်လား”
ဟယ်ကျင်းဟုံ သေသေချာချာ စဉ်းစားကြည့်လိုက်သည်။ အမှန်တကယ်တော့ ဟောက်ယန်ယန်က သူ့အား ဤသို့ လုပ်ရမည်ဟု အတိအကျ ခိုင်းစေခဲ့ခြင်း မဟုတ်ပေ။
သူမ ခံစားခဲ့ရသည့် နာကျည်းချက်များကို သိရှိခဲ့ရပြီးနောက် ဟောက်ယန်ယန်အတွက် ကလဲ့စားချေပေးရန် ဟယ်ကျင်းဟုံ မိမိသဘောနှင့်သာမိမိ လှုပ်ရှားခဲ့ခြင်းဖြစ်ပါသည်။
သို့သော် ယခုအချိန်တွင်မူ ထိုသို့ထုတ်ပြော၍ မရတော့ချေ။
“ဟုတ်တယ် ဟုတ်တယ်! ကျွန်တော် ယန်ယန့်အတွက် လုပ်ပေးခဲ့တာ၊ အဲ့တာကြောင့် ဦးလေးနဲ့ ဒေါ်လေးတို့ ကျွန်တော့်ကို ပစ်ထားလို့မရဘူးနော်”
“အဲ့တာဆို မင်းဘာလုပ်ခဲ့တာလဲ ငါ့ကိုပြောစမ်း”
ဤသို့ဖြင့် ဟယ်ကျင်းဟုံတစ်ယောက် သူလုပ်ခဲ့သည့် အရာအားလုံးကို ဝန်ခံလိုက်ရတော့သည်။
“ကြေးစားငှားပြီး လူသတ်ခိုင်းတယ်ဟုတ်လား!”
သားဖြစ်သူ၏ စကားကိုကြားပြီး ဟယ်ဝမ်ချန့် ခေါင်းများ ထိုးကိုက်သွားခဲ့ရသည်။ ထို့အပြင် ပစ်မှတ်က ယဲ့ရှောင်ရှောင် ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ဒေါသထွက်လွန်းသဖြင့် အသက်ပင်ဝဝ မရှူနိုင်တော့ချေ။
“မင်းတော့… ရှောင်ရှောင်က လုမိသားစုရဲ့ ချွေးမဖြစ်နေပြီဆိုတာ မသိဘူးလားကွ! မင်းသူ့ကို တိုက်ခိုက်တာ လုမိသားစုကို တိုက်ခိုက်တာနဲ့ အတူတူပဲ!”
“အဖေ! အဲ့မိန်းမ အဲ့လိုသာယာပျော်ရွှင်နေလို့ ယန်ယန်က အရမ်းခံစားနေရတာလေ! မွေးလာတုန်းက ကလေးချင်းသာ မှားမသွားခဲ့ရင် အခုချိန်မှာ လုဟန်ချွမ်နဲ့ လက်ထပ်ရမယ့်လူက ယန်ယန်ပဲ ဖြစ်ရမှာ!”
ဟယ်ဝမ်ချန့် ဒေါသကို ထိန်းချုပ်မရတော့ပေ။
“သောက်ရူး! မင်းသောက်ရူးပဲ!”
အသုံးမကျသည့် သူ၏ သားမှာ လက်နက်တစ်ခုအဖြစ် အသုံးချခံလိုက်ရပါပြီ။
ရှောင်ရှောင်ဟူသည်မှာ သူ့မျက်စိရှေ့မှောက်တွင် ကြီးပြင်းလာသည့် ကောင်မလေးဖြစ်သည်။ အလိုလိုက်ခံထားရသဖြင့် မာနထောင်လွှားသော်လည်း သူမ၏ ရုပ်ရည်က ပြိုင်ဘက်ကင်းလှပါသည်။
လုမိသားစု၏ ချွေးမဖြစ်မလာခဲ့လျှင်ပင် ကျန်းမိသားစု သို့မဟုတ် ဝမ်မိသားစုတို့ကဲ့သို့သော ထိပ်တန်းမိသားစုများက သူမကို ချွေးမအဖြစ် ရွေးချယ်ကြမည်မှာ မလွဲဧကန်ပင်။
“မင်းကြေးစားငှားမယ်ဆိုရင်လည်း အားကိုးရတဲ့လူကို ငှားမှပေါ့ကွ! အခုတော့ ရှောင်ရှောင်က ဘာမှမဖြစ်ဘဲ ငါတို့မိသားစုက ဒုက္ခတွင်းထဲ ကျနေပြီ!”
ထို့နောက် ဟယ်ဝမ်ချန့် ခေတ္တရပ်တန့်သွားပြီး စိတ်အနည်းငယ် တည်ငြိမ်သွားသည်။
“ဒါပေမယ့် ရှောင်ရှောင်က ဘာမှမဖြစ်တဲ့အတွက် ဒီအမှုကို သက်ညှာပေးလို့ ရလောက်မှာပါ”
ဟယ်ကျင်းဟုံက ကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ် နောင်တရပုံပင် မပေါ်ဘဲ ပွစိပွစိ ပြောလိုက်သည်။
“အဲ့ဒီ ခွေးမသား အရူးက အဲ့လောက်အသုံးမကျမှန်း ကျွန်တော်မှ မသိခဲ့တာ၊ မျက်စိရှေ့ ရောက်နေတဲ့လူကိုတောင် ကားနဲ့ မတိုက်နိုင်ဘူး၊ တစ်ခုခုအမြန်ကြံစမ်းပါ အဖေရာ! ကျွန်တော်ဒီနေရာကြီးမှာ တကယ် တစ်ရက်တောင် ဆက်မနေနိုင်တော့ဘူး”
ဟယ်ဝမ်ချန့် တစ်ခုခုပြန်ပြောဖို့ ကြံလိုက်စဉ် တွေ့ဆုံခွင့်အချိန် ကုန်လွန်သွားခဲ့သည်။
သားဖြစ်သူနှင့် ယခုကဲ့သို့ တွေ့ဆုံနိုင်ခြင်းမှာ အဆက်အသွယ်ဖြင့် လျှို့ဝှက်ဝင်ရောက်လာခဲ့ခြင်းဖြစ်ရာ လူမိသွားလျှင် ပါဝင်ပတ်သက်သူအားလုံး ဘဝပျက်သွားနိုင်သည်။
လက်ရှိတွင် ဟယ်ကျင်းဟုံတစ်ဦးတည်းသာ အချုပ်ကျနေခြင်းဖြစ်သော်လည်း ဟယ်ဝမ်ချန့်ပါ ပြစ်ဒဏ်ခံရမည်ဆိုလျှင် ဟယ်မိသားစုတစ်စုလုံး ပျက်သုဉ်းရပါလိမ့်မည်။
“အဖေ! ကျွန်တော့်ကို ကယ်ဦးနော်အဖေ!”
ဟယ်ကျင်းဟုံက လေသံတိုးတိုးလေး အော်ပြောလိုက်သော်လည်း ဟယ်ဝမ်ချန့်မှာ မတုံ့ပြန်နိုင်တော့ဘဲ သုတ်သုတ်ပျာပျာ ပြန်ထွက်သွားခဲ့ရတော့သည်။
ဘာကြောင့်မှန်းမသိဘဲ ဟယ်ကျင်းဟုံ၏ရင်ထဲ စိတ်ချောက်ချားတုန်လှုပ်မှုများ ဒလဟော ဝင်ရောက်လာပြီး ရင်တုန်ပန်းတုန် ဖြစ်သွားခဲ့ရတော့သည်။
ဟယ်ဝမ်ချန့် ကားထဲပြန်ရောက်သည်နှင့် ဟန်ကျစ်ယင်က စိုးရိမ်တကြီး မေးမြန်းလေတော့သည်။
“ဘာတဲ့လဲ၊ ကျွန်မတို့သားလေး အဆင်ပြေရဲ့လား၊ အထဲမှာ ဒုက္ခတွေခံစားနေရမှာပဲ၊ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းလေးနည်းနည်း ယူလာခဲ့ပါလို့ ရှင့်ကို ကျွန်မပြောသားပဲ!”
“ငါတို့အခု ဘယ်လိုအခြေအနေနဲ့ ရင်ဆိုင်နေရလဲဆိုတာ မင်းနားမလည်သေးဘူးလား! ကျင့်ဟုံနဲ့ တွေ့နိုင်တာတောင် ကံကောင်းလှပြီမှတ်၊ ငါ့အတန်းဖော်ဟောင်းကိုပါ ဘဝပျက်အောင်လုပ်ချင်လို့လား”
ဟန်ကျစ်ယင် စိတ်ပျက်အားလျော့သွားရသည်။
“အဲ့တာဆို ဘာတွေဖြစ်နေတာလဲ”
ဟယ်ဝမ်ချန့်က သားဖြစ်သူ ပြောပြထားသည့်အရာအားလုံးကို ဇနီးဖြစ်သူအား ပြန်ပြောပြလိုက်သည်။
ဟန်ကျစ်ယင်၏ လေသံမှာ ချက်ချင်းဆိုသလိုပင် ပြန်လည်စူးရှသွားတော့သည်။
“မယုံနိုင်စရာပဲ! ကျင်းဟုံကို ရှင့်တူမက ဖျက်ဆီးခဲ့တာပေါ့!”
“လူသတ်ဖို့ ကြေးစားငှားတာက သူ့စိတ်ကူးနဲ့သူလုပ်တာလေ၊ ဘယ်သူ့ကို အပြစ်တင်လို့ရမှာလဲ! ဒါပေမယ့် ဒီကိစ္စက ဟောက်မိသားစုနဲ့ ပတ်သက်နေတာဆိုတော့ သူတို့ ဒီတိုင်းထိုင်ကြည့်နေလို့မရဘူး၊ ကျင်းဟုံကို အပြင်ထုတ်ဖို့ သူတို့ ပြန်ကူညီပေးရမယ်”
ဤသို့ဖြင့် လင်မယားနှစ်ဦး ဟောက်အိမ်တော်သို့ ပြန်လာခဲ့တော့သည်။
ဟယ်ဝမ်ချန့် မသိခဲ့သည်မှာ သူတို့ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် သူတို့နောက်တွင် ပါကင်ထိုးထားသည့် ကားထဲမှ ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့နှစ်ဦး ထွက်လာခဲ့သည်ကိုပင်။
ယဲ့ရှောင်ရှောင်: “သွားကြရအောင်၊ ကျွန်မရဲ့ ဝမ်းကွဲအစ်ကို ဘာတွေစဉ်းစားနေလဲ သွားမေးကြည့်ကြတာပေါ့”
ယဲ့ရှောင်ရှောင်သည် ဟယ်ကျင်းဟုံနှင့် လုံးဝ ရင်းနှီးကျွမ်းဝင်မှု မရှိပေ။ ဤကမ္ဘာပေါ်သို့ ကူးပြောင်းလာစဉ်ကတည်းက သူ့အား တစ်ကြိမ်တစ်ခါပင် မတွေ့ဖူးသေးပါ။
လုဟန်ချွမ်လည်း ယဲ့ရှောင်ရှောင်နှင့်အတူ လိုက်ပါလာခဲ့ပြီး ဟယ်ကျင်းဟုံ၏ စစ်ဆေးမေးမြန်းရေးအခန်းထဲသို့ နှစ်ယောက်အတူတူ ဝင်သွားခဲ့ကြသည်။
ယဲ့ရှောင်ရှောင်ကို မြင်လိုက်သည်နှင့် ဟယ်ကျင်းဟုံ ချက်ချင်း မတ်တပ်ထရပ်လိုက်ပါသည်။
“ယဲ့ရှောင်ရှောင်! ငါ့ကို မြန်မြန်ထုတ်ပေးဖို့ သူတို့ကို ပြောပေးစမ်းပါ!”
ယဲ့ရှောင်ရှောင်ကမူ သူ့ကို အရူးတစ်ယောက်ကို ကြည့်သည့် မျက်လုံးမျိုးဖြင့် ကြည့်ကာ ကဲ့ရဲ့လိုက်သည်။
“စိတ်ကူးလာယဉ်နေတာလား၊ နင်က လူငှားပြီး ငါ့ကို ကုန်သယ်ကားနဲ့ တိုက်သတ်ခိုင်းခဲ့တဲ့ကောင်လေ၊ အဲ့တာတောင် ငါက နင့်ကို ပြန်လွှတ်ပေးရဦးမယ်ပေါ့ ဟုတ်လား၊ ဒါလူသတ်ရန်ကြံစည်မှုမြောက်တယ်ဆိုတာ နင်နားမလည်ဘူးလား၊ သေဒဏ်အပေးခံရဖို့အထိ လုံလောက်တယ်နော်”
သူမ အသက်မသေခဲ့သော်လည်း သူ့အား ထောင်ထဲတွင် ဆယ်စုနှစ်တစ်စုစာလောက်အထိ ဖမ်းချုပ်ထားနိုင်ဖို့ လုံလောက်ပါသည်။
ဟယ်ကျင်းဟုံမှာ ယဲ့ရှောင်ရှောင်ကို ဤမျှလောက်အထိ ရက်စက်တတ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
“နင့်ကို ငါ့ဒေါ်လေးကိုယ်တိုင် ကျွေးမွေးပြုစုပေးခဲ့တာလေ! ငါ့ကို အဲ့လိုလေသံနဲ့ ပြောရဲတယ်ပေါ့ ဟုတ်လား!”
ငယ်စဉ်ကဆိုလျှင် ယဲ့ရှောင်ရှောင်မှာ မာနထောင်လွှားသော်လည်း သူနှင့် ဟယ်ကျင်းရွှမ်တို့နှစ်ဦးကို အမြဲတမ်း မျက်နှာလိုမျက်နှာရ လုပ်တတ်ပါသည်။
ထို့ကြောင့် ယခုချိန်ထိ သူခိုင်းလျှင် ယဲ့ရှောင်ရှောင် ဘာမဆိုလုပ်ပေးလိမ့်မည်ဟု ဟယ်ကျင်းဟုံ ထင်မှတ်နေဆဲပင်။
“နင်အမှန်အတိုင်း ဝန်ခံလိုက်တာ အကောင်းဆုံးပဲနော်၊ နင့်သဘောနဲ့နင်လုပ်ခဲ့တာလား ဒါမှမဟုတ် တစ်ယောက်ယောက်က ခိုင်းစေခဲ့တာလား၊ နင်ငှားခဲ့တဲ့ အရူးက ပိုင်ချွမ်ရွာသားဆိုတာတောင် နင်သိရဲ့လား”
ဟယ်ကျင်းဟုံသည် သူလွတ်မြောက်နိုင်ရေးအတွက် ဒေါ်လေးနှင့် ဦးလေးဖြစ်သူတို့အပေါ်တွင် မျှော်လင့်ချက် ထားရှိနေဆဲပင်။
သူက ဦးနှောက်မဲ့သူမဟုတ်ပေ။ အဖေဖြစ်သူရှေ့တွင် အမှန်အတိုင်းပြောခဲ့ခြင်းက ပြဿနာမရှိသော်လည်း ယခုအချိန်တွင် ဟောက်ယန်ယန်၏ အမည်ကို ထုတ်ပြောလိုက်ပါက ယဲ့ရှောင်ရှောင်၏ ခွင့်လွှတ်မှုကို မရရှိမည့်အပြင် ဟောက်မိသားစုနှင့် ရန်သူတော်ဖြစ်သွားမည့် အခြေအနေသို့ပါ ရောက်ရှိသွားပါလိမ့်မည်။
ထို့ကြောင့် ဟယ်ကျင်းဟုံ ရူးချင်ယောင်ဆောင်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
“နင်ဘာတွေပြောနေတာလဲ ငါမသိဘူး၊ ဘယ်အရူးကိုမှ ငါမငှားထားဘူး”
လုဟန်ချွမ်က အေးစက်စွာ ဝင်ပြောသည်။
“မင်းငှားထားတဲ့ သက်တော်စောင့်နှစ်ယောက်ရဲ့ ထွက်ဆိုချက်နဲ့သာဆို မင်းဝန်ခံတာ ဝန်မခံတာ အရေးမကြီးဘူးနော်”
ဟယ်ကျင်းဟုံကမူ ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားပြီး မည်သည့်စကားမှ ထပ်မပြောတော့ပေ။
သူ့အတွေးကို ယဲ့ရှောင်ရှောင် ဖောက်ထွင်းမြင်နိုင်သည်။ ဟယ်ကျင်းဟုံသာ ဟောက်ယန်ယန်၏အမည်ကို ဆက်လက်ကာကွယ်ပေးနေမည်ဆိုပါက သူကိုယ်တိုင် ထောင်ထဲဝင်သွားရလျှင်ပင် ဟောက်ယန်ယန် အပြစ်မှ လွတ်မြောက်နိုင်ပါလိမ့်မည်။
သို့သော် ပြဿနာများက ဤအဆင့်ထိ ရောက်ရှိလာပြီဖြစ်၍ ယဲ့ရှောင်ရှောင်အနေဖြင့် ကလဲ့စားချေရန်အတွက် တရားဥပဒေနှင့် ကိုက်ညီသည့်နည်းလမ်းများကိုသာ အားကိုးနေစရာ မလိုတော့ချေ။
ဟောက်ယန်ယန်သည် လက်ရှိတွင် စက်ရုံတစ်ရုံတည်ထောင်ဖို့ ကြိုးစားနေပြီး အထက်မှ အတည်ပြုထောက်ခံချက်များ မရရှိသေးကြောင်းကို ယဲ့ရှောင်ရှောင် ကြားသိထားပါသည်။
ယခု သူမ၏ လုပ်ငန်းပါတနာ အချုပ်ကျနေပြီဖြစ်၍ ထိုစက်ရုံကို ဖွင့်လှစ်နိုင်မည် မထင်တော့ပေ။
ယဲ့ရှောင်ရှောင်က လုဟန်ချွမ်၏ လက်ကိုဆွဲကာ ပြောလိုက်သည်။
“သွားကြစို့”
တရားခံမှာ သူမ၏ ဝမ်းကွဲအစ်ကိုဖြစ်နေသဖြင့် ယဲ့ရှောင်ရှောင် စိတ်မကောင်းဖြစ်သွားမည်ကို လုဟန်ချွမ် စိတ်ပူနေခဲ့ပါသည်။
သို့သော် လက်ရှိ ယဲ့ရှောင်ရှောင်၏ ပုံစံမှာ အလွန်တည်ငြိမ်နေပြီး အေးစက်လွန်းလှသည်။
“ရှောင်ရှောင် ဒေါသမထွက်ဘူးလား”
ယဲ့ရှောင်ရှောင်: “ထွက်တာပေါ့၊ ဒါပေမယ့် ကျွန်မကို တစ်ယောက်ယောက်က သတ်ဖို့ ကြိုးစားတာကိုပဲ ဒေါသထွက်တာ၊ တရားခံက ဝမ်းကွဲအစ်ကိုဖြစ်စေ၊ သူစိမ်းတစ်ယောက်ဖြစ်စေ ကျွန်မ ဂရုမစိုက်ဘူး”
လုဟန်ချွမ်၏ မျက်ဝန်းထဲ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ရိပ်ပြေးသွားခဲ့သည်။ ရှောင်ရှောင်ကိုယ်တိုင်က ထိုသံယောဇဉ်ကို ဂရုမစိုက်တော့သဖြင့် သူသည်လည်း ဟောက်မိသားစုအပေါ် သက်ညှာပေးနေစရာ မလိုအပ်တော့ချေ။
တစ်ချိန်တည်းမှာပင် ဟယ်ဝမ်ချန့်နှင့် ဟန်ကျစ်ယင်တို့ လင်မယားနှစ်ဦး ဟောက်အိမ်တော်သို့ ပြန်လည် ရောက်ရှိလာကြပြန်သည်။
သို့သော် ယခင်တစ်ခေါက်ကလို စိုးရိမ်ပူပန်နေသည့် ပုံစံမျိုး မဟုတ်တော့ဘဲ ဤတစ်ကြိမ်တွင်မူ နှစ်ယောက်စလုံး ခေါင်းမော့ ရင်ကော့လျက် ယုံကြည်မှုအပြည့်ဖြင့် အိမ်ထဲသို့ ဝင်လာခဲ့ကြပါသည်။
“ရှန့်ရှန့်! ကျင်းဟုံကို နင်ဒီတိုင်း ပစ်ထားလို့မရတော့ဘူးနော်! သူပြဿနာ အလကားရှာခဲ့တာမဟုတ်ဘူး၊ ယန်ယန့်ကို ကူညီပေးရင်း ဖြစ်ခဲ့ရတာ!”
ယောင်းမဖြစ်သူ၏ ရန်လိုနေသော အမူအရာကို ကြည့်ရင်း ဟယ်ချောင်းရှန့် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
“သူက ယန်ယန်ကို ဘာအကြောင်းကြောင့် ကူညီပေးရမှာလဲ၊ ဘာပြစ်မှုကျူးလွန်ထားတာလဲ အရင်ပြောပြပါဦး”
ဟယ်ဝမ်ချန့်က ရှင်းပြသည်။
“ဘာမှကြီးကြီးမားမား မဟုတ်ဘူး၊ လူတစ်ယောက်ကို ယာဉ်တိုက်မှုဖြစ်အောင် နည်းနည်း ကြံစည်လိုက်တာ၊ ပြီးတော့ နစ်နာသူက ဆံတစ်မျှင်တောင် ထိခိုက်သွားတာ မဟုတ်ဘူး”
ဟယ်ချောင်းရှန့် တစ်ခုခု မူမမှန်သလို ခံစားလိုက်ရသည်။
“နစ်နာသူက ဘယ်သူမို့လို့လဲ”
“အဲ…”
အမှန်အတိုင်းထုတ်ပြောဖို့ ဟယ်ဝမ်ချန့် တွန့်ဆုတ်သွားခဲ့သည်။
ဟန်ကျစ်ယင်က ခင်ပွန်းဖြစ်သူကို တွန်းထုတ်ကာ ပိုပိုကဲကဲ လေသံဖြင့် ဖြတ်ပြောလိုက်ပါသည်။
“ဘယ်သူဖြစ်ရမှာလဲ၊ ရှောင်ရှောင်ပေါ့! နင်ကိုယ်တိုင် ပျိုးထောင်ပေးခဲ့တဲ့ ကောင်မလေးလေ! ဒါပေမယ့် ယန်ယန်က လိမ္မာတဲ့ ကလေးတစ်ယောက်ဆိုတော့ ဒီလိုလုပ်ရပ်မျိုး လုပ်ရလောက်အောင် ရင်ထဲမှာ ဘယ်လောက် နာကျင်ခံစားနေရမလဲမှ မသိတာ”