← Chapters

အခန်း ၃၁၇

Vol. 32 Ch. 317

အခန်း ၃၁၇

Vol. 32 Ch. 317

📗 Chapter 317

“ဒါကျင့်ဟုံရဲ့ ပြဿနာလေ၊ ဘာလို့ ယန်ယန်ကိုပါ ဆွဲထည့်နေရတာလဲ၊ အစ်ကိုကြီးနဲ့ ယောင်းမတို့ အဲ့လိုစကားတွေ ဆက်ပြောနေဦးမယ်ဆိုရင် ကျွန်မ ဒီကိစ္စကို လုံးဝ လက်ရှောင်လိုက်မှာနော်”

ယောင်းမဖြစ်သူ၏ စကားကို နားထောင်လေလေ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ဟယ်ချောင်းရှန့် ခံစားရလေလေ ဖြစ်သည်။

ဤပြဿနာက ဟယ်ကျင်းဟုံနှင့် သက်ဆိုင်နေခြင်းသာဖြစ်သော်လည်း ယန်ယန့်ကိုပါ အတင်းဆွဲထည့်ဖို့ ကြိုးစားနေကြသည်။

ထို့အပြင် ထိခိုက်နစ်နာသူကလည်း ယဲ့ရှောင်ရှောင်ဖြစ်နေသဖြင့် ဤကိစ္စကို စဉ်းစားရသည်မှာ ရှုပ်ထွေးပွေလီနေသော ကြိုးထုံးတစ်ခုကို ဖြည်ရသည့်ပမာ စိတ်ရှုပ်ဖွယ်ကောင်းလှပါသည်။

ဟန်ကျစ်ယင်က သူမ၏ လေသံကို သဘောမကျပေ။

“အခုချိန်ထိ ယန်ယန် ဘာမှမဖြစ်သေးတာက ကျင်းဟုံ နှုတ်လုံပေးထားလို့နော်၊ မဟုတ်ရင် ယန်ယန်ပါ ပြည်သူ့လုံခြုံရေးဌာနကို ရောက်နေတာကြာပေါ့!”

ဟယ်ချောင်းရှန့်: “ယောင်းမဆိုလိုတာက ကျွန်မသာ ကူညီမပေးဘူးဆိုရင် ယန်ယန်ကိုပါ ထောင်ထဲ ထည့်မယ့်သဘောပေါ့ ဟုတ်လား”

ခိုင်လုံသော သက်သေအထောက်အထား ရှိသည်၊ မရှိသည်ကို အသာထားဦး၊ ဤခဏတာ စကားများငြင်းခုံမှုကပင် ဟယ်ချောင်းရှန့်အား ဆွေမျိုးများအပေါ် အကြီးအကျယ် စိတ်ပျက်သွားစေပြီး သွေးအေးသွားစေရန် လုံလောက်ခဲ့ပါသည်။

“ငါတို့က…”

ဟန်ကျစ်ယင် ဆက်ပြောဖို့ ကြံလိုက်သော်လည်း ဟယ်ဝမ်ချန့်က သူမကို ပြန်ဆွဲခေါ်လိုက်ပါသည်။

“ရှန့်ရှန့်ရယ်၊ အားလုံးက မိသားစုတွေပဲဥစ္စာ၊ အခုလောလောဆယ် အဲ့တာတွေ မပြောပါနဲ့ဦး၊ အခုချိန်မှာ အရေးကြီးဆုံးက ကျင်းဟုံကို ဘယ်လို လွတ်အောင် လုပ်ပေးရမလဲဆိုတာ စဉ်းစားဖို့လေ”

ထိုတာဝန်မှာ အလွန်ပင် ခက်ခဲလှသည်ဟု ဟယ်ချောင်းရှန့် ခံစားနေရသည်။ ယခင်က ပြဿနာဖြစ်လာတိုင်း သူမ အသုံးချလေ့ရှိ‌သော အဆက်အသွယ်များကလည်း ယခုအကြိမ်တွင်မူ ခေါင်းရှောင်နေကြပြီး ဝင်စွက်ဖက်ဖို့ ငြင်းဆန်နေကြပါသည်။

အလွန် စိတ်ဖိစီးနေသည့် အစ်ကိုဖြစ်သူနှင့် ယောင်းမဖြစ်သူတို့အား သူမ သေချာစိုက်ကြည့်လိုက်သည်။

ဟယ်ကျင်းဟုံ ဒုက္ခနှင့် ရင်ဆိုင်ရလျှင် ပြဿနာမရှိနိုင်သော်လည်း ယန်ယန်ကတော့ ထောင်ကျ၍ လုံးဝ မဖြစ်ပေ။ အကြောင်းမှာ သူမ၏ သမီးအရင်းဖြစ်နေခြင်းကြောင့်ပင်။

သမီးဖြစ်သူသာ ထောင်ကျသွားခဲ့ပါက ဟယ်ချောင်းရှန့်တစ်ယောက် ဤအသိုင်းအဝိုင်းတွင် မည်သို့ မျက်နှာပြဝံ့တော့မည်နည်း။

ထို့အပြင် ထိုအမည်းစက်ကြောင့် ဟောက်ချန်းပင်၏ အလုပ်အကိုင်နှင့် ရာထူးအခွင့်အလမ်းကိုပါ ထိခိုက်သွားနိုင်ပြီး ရှုမိသားစုနှင့် တည်ဆောက်ထားသည့် ဆက်ဆံရေးများလည်း ပျက်သုဉ်းသွားနိုင်ပေသည်။

ထိုအတွေးများဖြင့် ဟယ်ချောင်းရှန့် တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျင်းဟုံကို ကယ်ဖို့ ကျွန်မမှာ နည်းလမ်းရှိတယ်၊ အိမ်ပြန်ပြီး သတင်းထူးသာ စောင့်နေပါ”

ဟန်ကျစ်ယင်၏ လေသံ ချက်ချင်း ပျော့ပြောင်းသွားခဲ့သည်။

“တကယ်လားဟင်၊ သတင်းထူးကြားရဖို့ ဘယ်နှရက်လောက် စောင့်ရမလဲ”

ဟယ်ချောင်းရှန့်: “အဆက်အသွယ်တွေ အသုံးချရမှာဆိုတော့ အချိန်တော့ယူရမှာပေါ့၊ ၂ ရက် ၃ ရက်လောက် စောင့်ကြည့်လိုက်၊ ကျွန်မ အဆက်အသွယ်တွေ အလုပ်ဖြစ်တယ်ဆိုရင် ကျင်းဟုံ မကြာခင် လွတ်လာလိမ့်မယ်”

ဟယ်ဝမ်ချန့်: “ဒါဆို အားကိုးပါတယ် ရှန့်ရှန့်ရယ်”

ဟယ်ဝမ်ချန့်နှင့် ဟန်ကျစ်ယင်တို့ လင်မယားနှစ်ဦး ဟောက်အိမ်တော်မှ ထွက်ခွာသွားသည်နှင့် ဟယ်ချောင်းရှန့်သည် ဟောက်ယန်ယန်ထံသို့ ချက်ချင်းဖုန်းဆက်ကာ အိမ်လာဖို့ အမိန့်ပေးလိုက်ပါသည်။

ဟောက်ယန်ယန်လည်း ဤရက်ပိုင်းအတွင်း စိတ်အေးလက်အေး မနေနိုင်ခဲ့ပေ။

လီသဲ့ရှု ပျောက်ခြင်းမလှ ပျောက်သွားသည့်အပြင် ယဲ့ရှောင်ရှောင် သေဆုံးသွားပြီဟူသည့် သတင်းကိုလည်း မကြားရသေးသဖြင့် မထိုင်နိုင်မထနိုင် ဖြစ်နေခဲ့ရသည်။

ဟယ်ချောင်းရှန့်၏ ဖုန်းခေါ်ဆိုမှုကြောင့် အန္တရာယ်များလှသော သူမ၏ လက်ရှိအခြေအနေကို ဟောက်ယန်ယန် ပို၍ပင် သဘောပေါက်သွားခဲ့ရပါသည်။

ဟောက်ယန်ယန် အိမ်ထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ဟယ်ချောင်းရှန့်၏ ပူလောင်လှသော ဒေါသမီးများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။

“နင်ဦးနှောက်မရှိဘူးလား! ပေကျင်းလိုနေရာမျိုးမှာ သူများကို သတ်ဖို့ ကြိုးစားရဲတယ်ပေါ့! အောင်မြင်သွားရင် ကိစ္စမရှိပေမယ့် အခုဆိုးဆိုးရွားရွား ကျရှုံးတဲ့အပြင် ပြဿနာပေါင်းစုံပါ တက်နေပြီ!”

ဟယ်ချောင်းရှန့်မှာ သမီးဖြစ်သူကို မညှာမတာ ဆုံးမလေတော့သည်။ ယဲ့ရှောင်ရှောင်ကို အန္တရာယ်ပြုဖို့ ကြိုးစားခဲ့ခြင်းကြောင့် မဟုတ်ဘဲ သေအောင် မသတ်နိုင်ခဲ့ခြင်းကြောင့်ပင်။

ဟယ်ချောင်းရှန့်၏ စကားကိုကြားပြီး ဟောက်ယန်ယန်လည်း ရင်ထဲအနည်းငယ် ပေါ့ပါးသွားရသည်။

“အမေ၊ သမီးလုပ်တာ မဟုတ်ဘူး၊ ဝမ်းကွဲအစ်ကို…”

“သူများတွေကို အရူးလုပ်ချင်လုပ်လို့ရမယ်၊ နင့်အမေအရင်း ငါ့ကို အရူးလုပ်လို့ရမယ်ထင်နေလား၊ ဟယ်ကျင်းဟုံ ငယ်ငယ်တုန်းက ရှောင်ရှောင်နဲ့ ရင်းနှီးလှတယ်မဟုတ်ပေမယ့် အနည်းဆုံးတော့ အဆင်ပြေပြေနေနိုင်ခဲ့ကြတာပဲ၊ သူက ဘာလို့ အလကားနေရင်း ရှောင်ရှောင်ကို သတ်ဖို့ ကြံစည်ရမှာလဲ!”

ဟောက်ယန်ယန် အသက်ဝဝ ရှူလိုက်သည်။

“အမေ၊ သမီးသူ့ရှေ့မှာ ရင်ဖွင့်စကားလေး နည်းနည်းပြောခဲ့မိတာပါ၊ အဲ့တာကြောင့် သမီးအတွက် သူမခံမရပ်နိုင်ဖြစ်ပြီး စိတ်လိုက်မာန်ပါ ကြံစည်ခဲ့တာနေမှာပေါ့၊ သမီးက သူ့ကို လူသတ်ပါလို့ လုံးဝ မပြောခဲ့ဘူး၊ ဒီကိစ္စက သမီးနဲ့ ဘာမှမဆိုင်ဘူး”

သူမ၏ လုပ်ရပ်က တစ်စုံတစ်ယောက်ကို ပြစ်မှုကျူးလွန်စေရန် ကြိုးကိုင်လှည့်စားခဲ့ခြင်းဖြစ်မှန်း ဟောက်ယန်ယန်နားလည်ပါသည်။

သို့သော် မည်သည့်သက်သေမှ မရှိသဖြင့် သူမကို အပြစ်ပုံချ၍ မရနိုင်ပေ။

သမီးဖြစ်သူကိုကြည့်ရင်း ဟယ်ချောင်းရှန့် ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်မိသည်။

“နင်က ဘယ်ဆိုးလို့လဲ၊ ပြည်သူ့လုံခြုံရေးဌာနကို ရောက်သွားတဲ့အခါကျရင်လည်း အဲ့လိုဇာတ်လမ်းမျိုး ပြောနိုင်အောင် ကြိုးစားထားလိုက်၊ အခု တခြားနည်းလမ်းမရှိတော့ဘူး၊ နင့်ဝမ်းကွဲအစ်ကိုအပေါ် အပြစ်ပုံချလိုက်ဖို့ပဲ ရှိတယ်၊ သူ့ဖာသာသူ ဦးနှောက်မရှိတာ ငါတို့အပြစ်မဟုတ်ဘူး”

ဟောက်ယန်ယန် မည်သည့်စကားမှ ပြန်မပြောတော့ဘဲ နှုတ်ဆိတ်သွားခဲ့သည်။ သူမကို ကာကွယ်ဖို့အတွက် အမေဖြစ်သူက အရာရာ လုပ်ဆောင်ပေးလိမ့်မည်ဖြစ်ကြောင်း သူမ ယုံကြည်နေပါသည်။

ဟယ်ဝမ်ချန့်နှင့် ဟန်ကျစ်ယင်တို့နှစ်ဦး ရက်အနည်းငယ် စောင့်ဆိုင်းခဲ့ကြပြီးနောက် သားဖြစ်သူအား တရားရုံးမှ ပြစ်ဒဏ် ချမှတ်လိုက်တော့သည်။

ဟယ်ကျင်းဟုံအား လူသတ်ရန်ကြံစည်မှုဖြင့် ထောင်အနှစ် ၃၀ ချမှတ်ခဲ့ပါသည်။

ယဲ့ရှောင်ရှောင် အသက်မသေခဲ့သဖြင့် ၁၀ နှစ်အောက်သာ ကျသင့်သော်လည်း နစ်နာသူမှာ အရှိန်အဝါကြီးသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အပြင် တစ်ဖက်မိသားစုမှ အပြင်းအထန် ဖိအားပေးမှုတို့ကြောင့် ထောင်ဒဏ်အား အမြင့်ဆုံး ချမှတ်ခဲ့ရခြင်းဖြစ်သည်။

ထောင်ဒဏ် အနှစ် ၃၀ ကျခံရခြင်းမှာ သေဒဏ်ထက်ပင် ပိုမိုကြမ်းတမ်းပါသေးသည်။

ဟယ်ကျင်းဟုံကဲ့သို့ အလိုလိုက်ခံထားရသော သခင်လေးတစ်ဦးက သံတိုင်များနောက်မှ ဘဝနှင့် ဘယ်သောအခါမှ အသားကျနိုင်မည် မဟုတ်ပေ။ အနှစ် ၃၀ ပြည့်လျှင်ပင် အသက် ၆၀ နီးပါးရှိသည့် အဘိုးကြီးတစ်ဦးအဖြစ် ထောင်ထဲမှ ပြန်ထွက်လာရလိမ့်မည်။

ထိုသတင်းကို ကြားပြီးနောက် ဟယ်ဝမ်ချန့်နှင့် ဟန်ကျစ်ယင်တို့နှစ်ဦး မိုးပြိုသလို ခံစားလိုက်ရသည်။ သူတို့ ပထမဆုံး လုပ်သည့်အရာမှာ ဟယ်ချောင်းရှန့်အား သွားတွေ့ခဲ့ခြင်းပင်။

သို့သော် ဟယ်ချောင်းရှန့်၏ နှုတ်မှ ထွက်လာသော စကားလုံးများက အလွန်ပင် အေးစက်ခက်ထန်ကာ စိမ်းသက်လှပါသည်။

“အစ်ကိုကြီးနဲ့ ယောင်းမတို့၊ ရှင်တို့မိသားစုကို ဘယ်လိုဆက်ကာကွယ်ရမလဲဆိုတာ စဉ်းစားထားသင့်တယ်နော်၊ လုမိသားစုနဲ့ ယွင်မိသားစုတို့ကို တိုက်ခိုက်ထားပြီး ပေကျင်းမှာ ဒီတိုင်းအေးအေးချမ်းချမ်း နေလို့ရမယ် ထင်နေလား၊ ကျင်းဟုံရဲ့ အဖြစ်က စိတ်မကောင်းစရာဆိုပေမယ့် ကျန်တဲ့မိသားစုဝင်တွေက ဒီတိုင်းထိုင်ပြီး အငတ်ခံနေလို့မှ မရတာ၊ ကျွန်မလည်း ငွေနဲ့ အဆက်အသွယ်တွေ အများကြီးသုံးပြီး ကျင်းဟုံကို တတ်နိုင်သမျှ ကူညီပေးခဲ့တာပဲ”

ဟယ်ချောင်းရှန့်၏ နှုတ်ဖျားမှ ထွက်လာသော စကားလုံးတိုင်းကို ဟန်ကျစ်ယင် မယုံကြည်နိုင်တော့ပေ။

အရူးတစ်ယောက်ပမာ ရှေ့သို့ ပြေးထွက်သွားပြီး ဟယ်ချောင်းရှန့်၏ ဆံပင်များကို အသားကုန် ဆွဲဆောင့်လေတော့သည်။

“ကောင်မ! ဒါနင့်လက်ချက်မလား! နင်နဲ့ နင့်ရဲ့ဂြိုဟ်ဆိုးသမီးကြောင့် ဖြစ်ရတာ! နင်တို့မိသားစုထဲက တစ်ယောက်မှ လူကောင်းသူကောင်း မဟုတ်ကြဘူး”

ဟန်ကျစ်ယင်၏ မိသားစုသည် ဇာတိမြေတွင် အာဏာပါဝါအနည်းငယ် ရှိသော်လည်း ပေကျင်းကဲ့သို့ နေရာမျိုးတွင်မူ အသုံးမဝင်လှချေ။

ထို့ကြောင့်ပင် သူမ၏ မျှော်လင့်ချက်အားလုံးကို ဟယ်ချောင်းရှန့်အပေါ် စုပုံအားကိုးခဲ့ရခြင်း ဖြစ်ပါသည်။

ဟန်ကျစ်ယင်ကြောင့် ဟယ်ချောင်းရှန့် ကြမ်းပြင်ပေါ် လဲကျသွားခဲ့ပြီး သူတို့နှစ်ဦး လမ်းဘေးရောက်နေသလိုပင် တစ်ဦးကိုတစ်ဦး လုံးထွေးသတ်ပုတ် ကုတ်ဖဲ့ကြတော့သည်။

ဟယ်ချောင်းရှန့်သည် ယနေ့အရေးကြီးကိစ္စများ ဆွေးနွေးရန်ရှိသဖြင့် အိမ်အကူများကို အနားပေးထားခြင်းကြောင့် ရန်ပွဲတွင် အနည်းငယ် အရေးနိမ့်ခဲ့ပါသည်။

ကံကောင်းစွာဖြင့် သူမစကားကို နားထောင်သူတစ်ဦး ရှိနေသည်။

ဟယ်ဝမ်ချန့်က ဟန်ကျစ်ယင်ကို ပြန်ဆွဲခေါ်လိုက်ပြီး ဟယ်ချောင်းရှန့်အား စိတ်ပျက်မိသော မျက်လုံးများဖြင့် ငုံ့ကြည့်လိုက်သည်။

“ရှန့်ရှန့်၊ နင်ဒီတစ်ခါ အရမ်းလွန်သွားပြီ”

ဟယ်ချောင်းရှန့်သည် ဆံပင်များကို ပြန်ဖြီးသပ်ရင်း လှောင်ရယ် ရယ်မောလိုက်ပါသည်။

“အစ်ကိုကြီး၊ ရှင့်အကြောင်းရှင် မသိသေးဘူးလား၊ ဒါလုမိသားစုကို စော်ကားမိတဲ့အကျိုးဆက်ပဲလေ”

နောက်ဆုံးတော့ ငိုယိုသောင်းကျန်းနေသည့် ဟန်ကျစ်ယင်ကို ခေါ်ဆောင်ရင်း ဟယ်ဝမ်ချန့် လှည့်ပြန်လာခဲ့ရတော့သည်။

ဟန်ကျစ်ယင်မှာ တစ်လမ်းလုံး ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့လေသည်။

“ကျွန်မတို့ ဘာလုပ်ကြမလဲ၊ အနှစ် ၃၀ တဲ့… ကျင်းဟုံလေးတော့ ဘဝပျက်ပါပြီ”

“ကျွန်မ… ကျွန်မတို့ ရှောင်ရှောင့်ကို သွားတောင်းပန်ကြမလား၊ သူ့ကို နည်းနည်းလောက် သက်ညှာပေးဖို့ သွားတောင်းပန်ကြမယ်လေ၊ ထောင်ကလွတ်အောင် လုပ်မပေးနိုင်ရင်တောင် ပြစ်ဒဏ်နည်းနည်းတော့ လျှော့ပေါ့ပေးနိုင်မှာပါ ဟုတ်တယ်မလား”

ဟန်ကျစ်ယင်မှာ အသိဉာဏ်ကင်းမဲ့သော ယင်ကောင်တစ်ကောင်ပမာ ပျာယာခတ်နေခဲ့သည်။

ဟယ်ဝမ်ချန့်ကမူ မျှော်လင့်ချက်နည်းပါးလွန်းသည်ဟု ခံစားရပါသည်။ နစ်နာသူက ယဲ့ရှောင်ရှောင် ကိုယ်တိုင် ဖြစ်နေသဖြင့် ကျင်းဟုံအား ခွင့်လွှတ်ပေးနိုင်မည် မထင်ပေ။

“ဒါမှမဟုတ် ကျွန်မတို့ သူ့ကို ပိုက်ဆံပေးလိုက်မယ်လေ၊ ပိုက်ဆံတွေ အများကြီးပေးလိုက်မယ်!”

ဟယ်ဝမ်ချန့်က တစ်ခွန်းမှ ပြန်မပြောသည်ကို မြင်ပြီး ဟန်ကျစ်ယင် စိတ်ရူးပေါက်သွားခဲ့သည်။

“ဟယ်ဝမ်ချန့်! ရှင့်သားကို မကယ်ချင်ဘူးလားလို့! ပြောလေ! ကျွန်မကို ပြောစမ်းပါ!”

ဟန်ကျစ်ယင် အသက်ရှူသံများ ပြင်းထန်လာပြီး နောက်ဆုံးတွင် သတိလစ်မေ့မျောကာ လဲကျသွားခဲ့တော့သည်။

ဟယ်ဝမ်ချန့်က ဇနီးဖြစ်သူကို အမြန်လှမ်းဆွဲလိုက်ရပါသည်။

“ကျစ်ယင်! ကျစ်ယင် ထပါဦး!”

ဟောက်ယန်ယန်တစ်ယောက် ပြစ်မှုမှ လွတ်ကင်းသွားသော်လည်း စက်ရုံတစ်ရုံတည်ထောင်မည့် သူမ၏ အစီအစဉ်မှာမူ လုံးဝ ပျက်ပြားသွားခဲ့ရတော့သည်။

သူမညှိနှိုင်းထားသည့် ဘဏ်ချေးငွေ အစီအစဉ်မှာလည်း နောက်ဆုံးအဆင့်ရောက်ခါမှ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ထို့အပြင် အစိုးရထံမှ တရားဝင်ခွင့်ပြုချက်များလည်း ယခုချိန်ထိ ကျမလာသေးသဖြင့် လတ်တလောတွင်တော့ ရှေ့ဆက်တိုးနိုင်တော့မည် မဟုတ်ချေ။

သူမကို တစ်စုံတစ်ယောက်က ပစ်မှတ်ထားနေခြင်းဖြစ်မှန်း ဟောက်ယန်ယန် ရိပ်မိပါသည်။

သို့သော် ပေကျင်းကဲ့သို့ ကြီးမားကျယ်ပြန့်သည့် မြို့တော်ကြီးတစ်မြို့တွင် အခြားလုပ်ငန်းပါတနာတစ်ဦးကို ရှာဖွေဖို့ မခက်ခဲနိုင်ပေ။

ဟောက်ယန်ယန် ဘဏ်ထဲမှ ပြန်ထွက်လာပြီး စိတ်ဆိုးဒေါသထွက်စွာဖြင့် လမ်းဘေးပလက်ဖောင်းအတိုင်း လျှောက်လှမ်းလာခဲ့သည်။

ဒေါသထွက်လွန်းသဖြင့် ဒေါက်ဖိနပ်များကို မြေပေါ်တွင် ဆောင့်အောင့်၍ နင်းလာခဲ့ရာ ဖိနပ်ဒေါက်ပင် ကျိုးလုနီးပါး ဖြစ်ခဲ့ရသည်။

ဟောက်ယန်ယန်တစ်ယောက် ဒေါသထွက်နေစဉ်မှာပင် အနောက်ဘက်မှ မော်တော်ဆိုင်ကယ်တစ်စီးသည် အရှိန်အဟုန်ပြင်းစွာဖြင့် မောင်းနှင်လာခဲ့သည်။

ထိုဆိုင်ကယ်သည် အလွန်မြန်ဆန်သော အရှိန်ဖြင့် သူမရှိရာဘက်သို့ ရုတ်တရက် ချိုးကွေ့ပစ်လိုက်ပါသည်။

‘ဝုန်း’ဟူသော မြည်သံကျယ်ကြီးနှင့်အတူ ဟောက်ယန်ယန် လေထဲလွင့်စင်သွားသလို ခံစားလိုက်ရသည်။ နာကျင်မှုကို ချက်ချင်း မခံစားရသေးသော်လည်း အမြင်အာရုံများက အလျင်အမြန်ပင် ဝေဝါးသွားခဲ့ပါသည်။

သူမ၏ လည်ပင်းတွင် ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးကို တစ်စုံတစ်ယောက်က အားဖြင့်ဆွဲဖြုတ်သွားခဲ့သည်။ ထို့နောက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် မော်တော်ဆိုင်ကယ် အင်ဂျင်သံကြီးကို သူမ ကြားလိုက်ရပါသည်။

ပြင်းထန်လှသော ထိခိုက်မှုဒဏ်ကြောင့် နှာခေါင်းနှင့် ပါးစပ်များမှ သွေးများထွက်လာသည့်အပြင် ဆွဲကြိုး ဖြုတ်ယူခံလိုက်ရသည့် လည်ပင်းတစ်လျှောက်တွင်လည်း နီရဲပြီး သွေးစိမ့်နေသော ဒဏ်ရာကြောင်းကြီးတစ်ခု ကျန်ရစ်ခဲ့တော့သည်။

“ဘုရား! အဲ့တာ လုယက်တဲ့ ဆိုင်ကယ်ဂိုဏ်းပဲ!”

“လုပ်ကြပါဦး! လူတစ်ယောက် ဆိုင်ကယ်တိုက်ခံလိုက်ရပြီ!”

ထိုမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်လိုက်ရသည့် လမ်းသွားလမ်းလာများက ချက်ချင်း အော်ဟစ်အကူအညီတောင်းကြပြီး ဟောက်ယန်ယန်အား ကယ်ဆယ်ရန် အနားသို့ ဝိုင်းအုံလာကြတော့သည်။

All Chapters