← Chapters

အခန်း ၃၁၉

Vol. 32 Ch. 319

အခန်း ၃၁၉

Vol. 32 Ch. 319

📗 Chapter 319

ဆိုင်ကယ်ဂိုဏ်းနှင့် ပတ်သက်သည့် ဖြစ်ရပ်မှာ လုဟန်ချွမ် ကြိုးကိုင်ထားခြင်း မဟုတ်သော်လည်း ရဲအရာရှိများက တရားခံကို မရှာဖွေနိုင်ခဲ့ပေ။

ဟောက်ယန်ယန်သည်လည်း ဆေးရုံကို အန္တရာယ်ခိုလှုံရာ နေရာတစ်ခုပမာ သဘောထားကာ အပြင်မထွက်ဘဲ ဆေးရုံမှာသာ ဆက်လက်ခိုအောင်းနေခဲ့တော့သည်။

ဟယ်ကျင်းဟုံ ထောင်ကျသွားသည့်အကြောင်းနှင့် ယဲ့ရှောင်ရှောင် ကားတိုက်ခံရလုနီးပါး ဖြစ်ခဲ့သည့်အကြောင်းတို့ကို စစ်တပ်ဝင်းထဲရှိ လူအတော်များများက မသိရှိကြသေးပေ။

ဟယ်ကျင်းဟုံနှင့် ပတ်သက်သည့် သတင်းများက အရေးမပါခြင်းကြောင့်ဖြစ်ပြီး ယဲ့ရှောင်ရှောင်နှင့် ပတ်သက်သည့် သတင်းများကမူ အရေးပါလွန်းသဖြင့် ဖိနှိပ်ခံထားရခြင်းသာ ဖြစ်ပါသည်။

သတင်းကို မည်မျှပင် လုံခြုံအောင် ထိန်းသိမ်းထားပါစေ၊ အချို့သောသူများကတော့ သိရှိသွားကြဆဲပင်။

စက်ရုံရှိ ထုတ်လုပ်မှုလိုင်းများအား ယဲ့ရှောင်ရှောင် သွားရောက်စစ်ဆေးသည့်အခါ စုန့်ရှောင်းကွမ်က ထိုအကြောင်းကို မေးမြန်းခဲ့ပါသည်။

“ဟိုရက်ပိုင်းက ဆေးခန်းအပြင်ဘက်မှာ ဖြစ်ခဲ့တဲ့ ပြဿနာ ပြေလည်သွားပြီလား”

ယဲ့ရှောင်ရှောင် အနည်းငယ် အံ့အားသင့်သွားပြီး မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ပြန်ဖြေလိုက်သည်။

“ဪ… အင်း ပြေလည်သွားပါပြီ”

စုန့်ရှောင်းကွမ်က ဆက်မေးသည်။

“တရားခံက နင့်ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့တာမလား၊ ဘယ်သူလုပ်တာလဲ၊ ငါတို့ စုန့်မိသားစုက တော်ဝင်မျိုးနွယ် မဟုတ်ပေမယ့် သင်ခန်းစာပေးရမယ့်လူတွေကိုတော့ ကောင်းကောင်းပညာပေးနိုင်စွမ်း ရှိပါသေးတယ်”

“အဲ့ပြဿနာကို ဖြေရှင်းပြီးပါပြီ အစ်ကိုရှောင်းကွမ်ရဲ့၊ ယာဉ်မောင်းကိုကော နောက်ကွယ်က ကြိုးကိုင်တဲ့လူကိုကော ထောင်ဒဏ် နှစ်တွေအများကြီး ချမှတ်လိုက်ပြီ”

ထို့အပြင် ပြည်သူ့လုံခြုံရေးဌာန၏ စုံစမ်းစစ်ဆေးချက်များအရ လီသဲ့ရှုသည် ဤမိုက်မဲလှသော လုပ်ရပ်ကို ငွေကြေးမက်မောမှုကြောင့်သာ ပြုလုပ်ခဲ့ခြင်းဖြစ်မှန်း အတည်ပြုနိုင်ခဲ့ပါသည်။

ယခုမူ တစ်ပြားတစ်ချပ်မှ မရနိုင်သည့်အပြင် ဘဝတစ်ခုလုံးကိုပါ ရင်းနှီးလိုက်ရတော့သည်။ သူသည် ပေကျင်းမြို့တွင် မည်သည့်ဆွေမျိုးသားချင်းမှ မရှိသူဖြစ်ရာ သူထောင်ကျသွားသည့်အကြောင်းကိုပင် မည်သူမှ မသိရှိကြပေ။

အာဏာပိုင်များက ပိုင်ချွမ်ရွာရှိ သူ့အိမ်သို့ အသိပေးစာ ပို့ဆောင်ပေးနိုင်ခြေ ရှိသော်လည်း ထိုစာကို သူ့မိသားစု အမှန်တကယ် ရရှိခြင်း၊ မရရှိခြင်းမှာမူ မည်သူမှ တပ်အပ်မပြောနိုင်ပေ။

သို့သော် တစ်ချိန်ချိန်တွင် ဤအကြောင်းကို လီသဲ့ရှု၏ အမေအား အသိပေးဖို့ ယဲ့ရှောင်ရှောင် ရည်ရွယ်ထားပါသည်။

ထို့အပြင် သူမ၏ သားဖြစ်သူ စိတ်ကျန်းမာရေးဆေးရုံတွင် ၃ နှစ်တိုင်အောင် ပိတ်လှောင်ခံခဲ့ရသည့် အကြောင်းလည်း အပါအဝင်ပင်။

ထိုအချိန်ကျလျှင် ဖြစ်ပေါ်လာမည့် ပွဲကြီးပွဲကောင်းများကို ကြည့်ရှုရမည်မှာ အလွန်စိတ်ဝင်စားစရာ ကောင်းပါလိမ့်မည်။

စုန့်ရှောင်းကွမ်ကမူ မကျေနပ်နိုင်သေးပေ။

“ဘာပဲဖြစ်ဖြစ် ဒီကောင်တွေကို သက်ညှာပေးရာကျလွန်းပါတယ်”

ထို့နောက် စပ်စုချင်စိတ်ဖြင့် ယဲ့ရှောင်ရှောင်အား သူထပ်မေးလိုက်သည်။

“နင့်လို စရိုက်မျိုးနဲ့ ဘယ်သူတွေကို ဘယ်လို စော်ကားမိလို့ သူတို့က နင့်ကို အသက်သေတဲ့အထိ ကြံစည်ချင်ရတာလဲ”

ယဲ့ရှောင်ရှောင်လည်း ပခုံးသာ တွန့်ပြနိုင်ပါသည်။

“တခြားသူတွေစိတ်ထဲ ဘာရှိလဲဆိုတာ ကျွန်မ ထိန်းချုပ်လို့ရတာမှ မဟုတ်တာ”

ဖြစ်ပျက်ပြီးသား အကြောင်းအရာများကို ပြန်ပြောပြီးနောက် ယဲ့ရှောင်ရှောင်သည် သူမတို့ ကုမ္ပဏီ၏ ထုတ်ကုန်အသစ်ဖြစ်သော အရွယ်တင်နုပျိုစေသည့် Serum အား လက်တွေ့စမ်းသပ်မှုအဆင့် စတင်ဖို့ တရားဝင် ရက်သတ်မှတ်လိုက်တော့သည်။

စုန့်ရှောင်းကွမ်ကမူ ထုတ်ကုန်များကို နိုင်ငံခြားသို့ တင်ပို့ဖို့ကိစ္စအတွက် ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူများနှင့် တိုင်ပင်ဆွေးနွေးရန် အစည်းအဝေးတစ်ခု တက်ရောက်ရန် ရှိနေသည်။

လက်ရှိတွင် သူတို့ကုမ္ပဏီသည် အသားအရေထိန်းသိမ်းရေး အလှကုန်ပစ္စည်း ၁၀ မျိုးကျော်ကို မိတ်ဆက်ပြီးခဲ့ပြီဖြစ်ကာ ပြည်တွင်း၌ ခိုင်မာသော ဂုဏ်သတင်းကို တည်ဆောက်နိုင်ခဲ့သည့်အပြင် အမာခံအားပေးသူများစွာကိုလည်း ပိုင်ဆိုင်ထားပြီးပါပြီ။

လက်ရှိတွင် နိုင်ငံခြားရှိ ကုန်သည်များစွာက သူတို့ထံ စတင်ဆက်သွယ်လာကြပြီဖြစ်သည်။

ကုမ္ပဏီ၏ အစည်းအဝေးများသို့ မကြာခဏ တက်ရောက်သင့်ကြောင်း ယဲ့ရှောင်ရှောင်အား စုန့်ရှောင်းကွမ် အကြံပြုလိုက်သည်။

မဟုတ်လျှင် ကုမ္ပဏီသို့ အသစ်ဝင်ရောက်လာသော ဝန်ထမ်းများက ကုမ္ပဏီတွင် ဒုတိယမြောက် အကြီးအကဲ သူဌေးမလေးတစ်ဦး ရှိနေသည်ကိုပင် သိရှိကြလိမ့်မည်မဟုတ်ချေ။

ယဲ့ရှောင်ရှောင်ကမူ သူမသည် သုတေသနနှင့် တီထွင်ဆန်းသစ်မှုအပိုင်းကို တာဝန်ယူထားရသူဖြစ်သဖြင့် မိမိကျွမ်းကျင်ရာ နေရာတွင်သာ အာရုံစိုက်သင့်သည်ဟု ခံစားရပါသည်။

မည်သို့ပင်ဆိုစေကာမူ ဤတစ်ကြိမ်တွင် စုန့်ရှောင်းကွမ်သည် ယဲ့ရှောင်ရှောင်အား အစည်းအဝေးခန်းထဲသို့ မရမက ဆွဲခေါ်သွားခဲ့လေသည်။

အစည်းအဝေးခန်းထဲသို့ရောက်သောအခါ ဝန်ထမ်းများအကြား မရင်းနှီးသည့် မျက်နှာများကို ယဲ့ရှောင်ရှောင် မြင်လိုက်ရသည်။

ရမ်ကျားရှင်းအပြင် နောက်ထပ် အရောင်းမန်နေဂျာ ၂ ဦးကိုလည်း ထပ်မံ ခေါ်ယူထားသေးသည်။ ဤသည်မှာ မထူးဆန်းလှပေ။ ပြင်းထန်သော ပြိုင်ဆိုင်မှုများ ရှိနေမှသာ တိုးတက်မှုများဖြစ်ပေါ်လာတတ်သည် မဟုတ်ပါလား။

စုန့်ရှောင်းကွမ်သည် ယဲ့ရှောင်ရှောင်အား အစည်းအဝေးခန်းထဲရှိ လူတိုင်းနှင့် မိတ်ဆက်ပေးလိုက်ပါသည်။

ထိုအခါမှသာ ကုမ္ပဏီရှိ အထက်အရာရှိများက ဤမိန်းကလေးမှာ ကုမ္ပဏီအား တည်ထောင်ခဲ့သူတစ်ဦးဖြစ်နေကြောင်း သိလိုက်ရတော့သည်။

ဤအသက်အရွယ်နှင့် အောင်မြင်သော အသားအရေထိန်းသိမ်းရေး အလှကုန်မျိုးစုံကို တီထွင်ဖန်တီးနိုင်ခဲ့သည်မှာ အံ့အားသင့်စရာကောင်းလှပါသည်။

ယဲ့ရှောင်ရှောင်သည် ထိုင်ခုံတွင် နေရာယူပြီးနောက် စုန့်ရှောင်းကွမ်နှင့် အခြားသူများ၏ ဆွေးနွေးတိုင်ပင်မှုများကို တိတ်ဆိတ်စွာ နားထောင်နေလိုက်ပါသည်။

လက်ရှိတွင် ကုမ္ပဏီ၏ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းတိုးချဲ့မှု ဗျူဟာများက အဆင်ပြေချောမွေ့နေသဖြင့် သူမ ဝင်စွက်ဖက်ဖို့ မလိုအပ်ပေ။

တစ်ဖက်တွင်မူ ဟယ်ဝမ်ချန့်နှင့် ဟန်ကျစ်ယင်တို့ လင်မယားနှစ်ဦးလည်း ဟောက်ယန်ယန်၏ မတော်တဆမှုအကြောင်း ကြားသိသွားခဲ့ကြပါသည်။

သူတို့ရင်ထဲ အနည်းငယ် ကျေနပ်သွားကြသော်လည်း စိတ်သက်သာရာ ရမှုမျိုးတော့ မရှိကြပေ။

အဘယ့်ကြောင့်ဆိုသော် ဟယ်ဝမ်ချန့်၏ ကုမ္ပဏီနှင့် ကုန်ထုတ်လုပ်မှု စက်ရုံအများအပြားမှာ လက်ရှိတွင် ဒေဝါလီခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းကြောင့်ပင်။

ယခင်က အော်ဒါများအတွက် စာချုပ်ချုပ်ဆိုခဲ့ကြသည့် ဖောက်သည်များမှာလည်း ကုမ္ပဏီနှင့် ဆက်လက် ပူးပေါင်းမည့်အစား များပြားသည့် လျော်ကြေးငွေများကို ပေးလျော်ရန်သာ ရွေးချယ်ခဲ့ကြသည်။

ငွေးကြေးလည်ပတ်မှု လုံးဝပြတ်တောက်သွားခဲ့သဖြင့် ဟယ်ဝမ်ချန့်၏ ကုမ္ပဏီသည် ရက်ပိုင်းအတွင်းမှာပင် အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရပါသည်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားနေလျှင် ဝန်ထမ်းများကိုပင် လစာပေးနိုင်တော့မည် မဟုတ်ချေ။

ဟောက်ယန်ယန်ကမူ ဆရာဝန်များက ဆေးရုံဆင်းခွင့်ပေးခဲ့သည့်တိုင်အောင် စိတ်‌ချောက်ချားမှုကြောင့် ဆေးရုံတွင် နောက်ထပ် ၁ ပတ်ခန့် ဆက်နေခွင့်ပေးဖို့ တောင်းဆိုခဲ့ပါသည်။

ဟယ်ချောင်းရှန့်သည် သမီးဖြစ်သူအား သက်ညှာပေးဖို့ တောင်းဆိုရန်အတွက် အရှိန်အဝါကြီးသော ပုဂ္ဂိုလ်အချို့ကို ချဉ်းကပ်ခဲ့ရသည်။

နောက်ဆုံးတွင် ယွင်ချန်းရှို့ထံမှ ခိုင်မာပြတ်သားသော စကားတစ်ခွန်းကို သူမ ကြားခဲ့ရသည်။

ဟောက်ယန်ယန်သာ သူမတို့၏ မိသားစုဝင်များအား ပြဿနာ ထပ်မရှာလျှင် မည်သည့်လက်တုံ့ပြန်မှုမှ ထပ်ရှိလာမည်မဟုတ်ကြောင်း ယွင်ချန်းရှို့က ပြောကြားခဲ့သည်။

သို့သော် သူမသည် သူမတစ်ဦးတည်း၏ သဘောထားကိုသာ ကိုယ်စားပြုနိုင်ပြီး အခြားသူများ လုပ်ဆောင်မည့် အရာများကိုမူ မကိုင်တွယ်နိုင်ကြောင်း ပြတ်ပြတ်သားသား ပြောခဲ့ပါသည်။

စစ်တပ်ဝင်းတစ်ခုတည်းအတွင်း နှစ်ပေါင်းများစွာကြာအောင် အတူတူနေထိုင်ခဲ့ကြသည့် အိမ်နီးနားချင်းများ ဖြစ်ကြသဖြင့် ယွင်ချန်းရှို့ ဤသို့ အလျှော့ပေးလိုက်ရခြင်း ဖြစ်သည်။

သို့သော် သူမသည် သားဖြစ်သူ သို့မဟုတ် ချွေးမဖြစ်သူတို့၏ ဆုံးဖြတ်ချက်များကိုမူ ဝင်ရောက် စွက်ဖက်မည် မဟုတ်ချေ။

လွန်ခဲ့သော ရက်ပိုင်းများက ဟောက်မိသားစုနှင့် ဟယ်မိသားစုတို့ ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသဖြင့် သူတို့၏ အပြစ်ကို နားလည်သွားကြလောက်ပြီဟု ယွင်ချန်းရှို့ တွေးထင်မိပါသည်။

ယွင်ချန်းရှို့ထံမှ ကြေညာချက်ကို ကြားလိုက်ရပြီးနောက် ဟယ်ချောင်းရှန့်သည်လည်း အန္တရာယ်အားလုံး အဆုံးသတ်သွားခဲ့ပြီဟု ယူဆလိုက်ပါသည်။

ယွင်ချန်းရှို့က ယဲ့ရှောင်ရှောင်၏ ယောက္ခမဖြစ်နေသဖြင့် ချွေးမဖြစ်သူသည် ယောက္ခမဖြစ်သူ၏ အမိန့်ကို လွန်ဆန်ရဲမည် မဟုတ်ဟု ဟယ်ချောင်းရှန့် ယုံကြည်သည်။

ထို့ကြောင့် ဟောက်ယန်ယန်အား ဆေးရုံမှ ပြန်လည်ခေါ်ဆောင်ဖို့ ဟယ်ချောင်းရှန့် စီစဉ်လိုက်တော့သည်။

ဆေးရုံဆင်းသည့်နေ့တွင် ရှုကျမ့်ဝမ်နှင့် ဟယ်ချောင်းရှန့်တို့နှစ်ဦးစလုံး ဟောက်ယန်ယန်အား လာကြိုခဲ့ကြပါသည်။

သို့သော် ဆေးရုံ၏ မြေညီထပ်သို့ ရောက်ရှိသည်နှင့် ဆံပင်များ ဖရိုဖရဲဖြစ်နေသော အမျိုးသမီးတစ်ဦးက ဘေးမှ ရုတ်တရက်ပြေးဝင်လာသည်။

“ကောင်မ! ငါ့သားကို ပြန်ပေးစမ်း! အမျိုးယုတ်မ!”

အခြေအနေကို မျှော်လင့်မထားသည့် ဟောက်ယန်ယန်မှာ ထိုအမျိုးသမီး၏ တွန်းထုတ်မှုကြောင့် နောက်ပြန် လဲကျသွားခဲ့ရသည်။

ထို့အပြင် ထိုအမျိုးသမီးမှာ မည်သူမည်ဝါဖြစ်မှန်းကိုလည်း သူမ ချက်ချင်း မမှတ်မိချေ။

“ရှင်ဘယ်သူလဲ! ဒီအရူးမ ဘယ်ကရောက်လာတာလဲ!”

“ထွီး! ငါ့ကိုများ အရူးမတဲ့လား၊ နင်ကမှ စိတ္တဇမ! နင်က စိတ်မမှန်ရုံတင်မကဘူး တော်တော် အဆိပ်ပြင်းတဲ့ကောင်မပဲ ဟောက်ယန်ယန်! ငါ့သားကို ဘယ်မှာဖွက်ထားတာလဲ! ငါ့သားကို ချက်ချင်း ပြန်ထုတ်ပေးစမ်း!”

စိတ်ရူးပေါက်နေသည့် ထိုအမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ ပိုင်ချွမ်ရွာမှ ရောက်ရှိလာခဲ့သော လီသဲ့ရှု၏ မိခင်အရင်းခေါက်ခေါက်ပင်။

သူမသည် မြို့တော်သို့ ကိုယ်ပိုင်အစွမ်းအစဖြင့် ရောက်ရှိလာခဲ့ခြင်းမဟုတ်ဘဲ လီသဲ့ရှု၏ ‘မိတ်ဆွေ’တစ်ဦးက လာရောက်ခေါ်ဆောင်ပေးခဲ့ခြင်းကြောင့် ပေကျင်းမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။

လမ်းခရီးတစ်လျှောက်တွင်လည်း ထို ‘မိတ်ဆွေ’ဆိုသူမှာ လွန်ခဲ့သည့် နှစ်များအတွင်း လီသဲ့ရှု ခံစားခဲ့ရသော ဆိုးရွားလှသည့် အဖြစ်အပျက်များကို အသေးစိတ် ကွက်ကွက်ကွင်းကွင်း ပုံဖော်ပြောပြခဲ့ပါသေးသည်။

မူလက လီသဲ့ရှု၏ မိခင်ဖြစ်သူမှာ သူမ၏ သားတစ်နေရာရာတွင် သေဆုံးသွားခြင်း သို့မဟုတ် သူဌေးကြီးဖြစ်သွား၍ အိမ်ပြန်မလာခြင်းဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ယခုတော့ သားဖြစ်သူ၏ ဘဝကို တစ်စုံတစ်ယောက်က ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး စိတ်ကျန်းမာရေး ဆေးရုံတွင် ၃ နှစ်တိုင်အောင် ပိတ်လှောင်ခံထားခဲ့ရသည့်အပြင် ယခုထောင်ပါကျနေပြီဖြစ်မှန်း သိခဲ့ရလေပြီ။

လီသဲ့ရှုကို ဒုက္ခပေးခဲ့သူမှာ အလွန်ချမ်းသာကြွယ်ဝပြီး သူတို့လက်ဖျားမှ ထွက်ကျလာသည့် ငွေပိုငွေလျှံလေးဖြင့်ပင် သူမတို့ သားအမိ တစ်သက်လုံး စားမကုန်နိုင်အောင် ပြည့်စုံသွားနိုင်ကြောင်းကိုလည်း သိရှိခဲ့ရသည်။

လီသဲ့ရှုတို့မိသားစု ချမ်းသာစဉ်က လီသဲ့ရှု၏ မိခင်ဖြစ်သူသည် အလွန် ခေတ်မီသော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပြီး ရွာသူအများစု၏ အားကျခြင်းကို ခံခဲ့ရသူလည်းဖြစ်သည်။

သို့သော် လွန်ခဲ့သည့် နှစ်အနည်းငယ်က စည်းစိမ်ဥစ္စာများ ကုန်ခမ်းသွားပြီးနောက် အလွန်အိုမင်းရင့်ရော်သွားခဲ့သည်။

သူမ၏ အသက်အရွယ်ဖြင့် နောက်အိမ်ထောင်ပြုနိုင်သေးသော်လည်း လီသဲ့ရှု၏ ဖခင်ဖြစ်သူ ပြန်လည်ရောက်ရှိလာပြီး လုံးဝ ကွာရှင်းမပေးဘဲ နေခဲ့သည်။

ငွေကြေးမရှိဘဲ မိသားစုဘဝကို ရှေ့မဆက်နိုင်တော့သည့်အခါတွင်မူ လူအများရှေ့တွင် ငိုယို လူးလှိမ့်ပြခြင်းက ငွေရှာဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု သိခဲ့ရသဖြင့် ဤသို့ လာရောက်သောင်းကျန်းနေရခြင်း ဖြစ်ပါသည်။

“အရင်က နင့်မျိုးရိုးနာမည် ‘ယဲ့’မလား၊ အခုတော့ ‘ဟောက်’ဖြစ်သွားပြီပေါ့၊ ပေကျင်းမှာ ကြီးပြင်းလာတဲ့ ကောင်မလေးကို နင်မနာလိုဖြစ်လို့ လူငှားပြီး သတ်ခိုင်းခဲ့တာမလား! ဒါပေမယ့် ငါသားနဲ့ ဘာဆိုင်လို့လဲ! ငါ့သားကိုပါ ဘာလို့ နင့်အရှုပ်ထဲ ဆွဲထည့်ခဲ့ရတာလဲ၊ ငါ့မှာ ဒီသားလေးတစ်ယောက်တည်း ရှိတာပါ!”

လီသဲ့ရှု၏ အမေမှာ ရင်ကိုထု၊ ခြေကိုဆောင့်လျက် သွေးမျက်ရည်ကျသည့်ပမာ အော်ဟစ်ငိုယိုလေတော့သည်။

ထိုအမျိုးသမီးကို အတင်းဆွဲခေါ်ဖို့ ပြင်နေသည့် ရှုကျမ့်ဝမ်လည်း ထိုစကားလုံးများကို ကြားပြီး ကြက်သေသေသွားကာ ဟောက်ယန်ယန်အား စူးစူးရှရှ လှည့်ကြည့်လိုက်လေသည်။

“ဒီအရူးမက မင်းကို ဘာလို့သိနေတာလဲ”

နောက်ဆုံးတော့ ထိုအမျိုးသမီး မည်သူမည်ဝါဖြစ်မှန်း ဟောက်ယန်ယန် မှတ်မိသွားခဲ့ပါပြီ။

ဟောက်ယန်ယန် စိတ်အလွန်ချောက်ချားကာ ဟယ်ချောင်းရှန့်၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လျက် အနောက်တွင် ဝင်ပုန်းနေလိုက်သည်။

“သူ… သူက ပိုင်ချွမ်ရွာကလေ! အရူးမကြီးတစ်ယောက်ပဲ၊ သူ့သားကလည်း အရူးပဲ! ယဲ့…ယဲ့သားစုက ကျွန်မကို သူ့သားနဲ့ အတင်းပေးစားဖို့ ကြိုးစားလို့ ကျွန်မ ပေကျင်းမြို့ဆီ ထွက်ပြေးလာခဲ့ရတာလေ!”

ဟောက်ယန်ယန်၏ ဖြေရှင်းချက်မှာ အမှန်တစ်ဝက်၊ အမှားတစ်ဝက် ဖြစ်နေသော်လည်း လက်ရှိအချိန်မှာ အကြွင်းမဲ့ အမှန်တရားကို စုံစမ်းဖို့သင့်တော်သည့် အချိန်မဟုတ်ပေ။

ထိုစဉ် ဆေးရုံရှိ လုံခြုံရေးဝန်ထမ်းများ သုတ်သုတ်ပျာပျာ ရောက်ရှိလာကြပြီး သောင်းကျန်းနေသည့် အမျိုးသမီးကို ထိန်းချုပ်ကာ ဖမ်းခေါ်သွားခဲ့ကြသည်။

သို့သော် ပြဿနာများက အစပထမသာ ရှိသေးမှန်း ဟောက်ယန်ယန်၏ ရင်ထဲ နားလည်နေပါသည်။

လီသဲ့ရှု၏ အမေကဲ့သို့ လူမျိုးကပင် သူမထံ ရောက်ရှိလာနိုင်လျှင် အခြားသူများလည်း ရောက်ရှိမလာနိုင်ဟု အာမ မခံနိုင်တော့ပေ။

ဤတစ်ယောက်ကို ရှင်းထုတ်နိုင်ခဲ့လျှင်ပင် နောက်ထပ် ‘ဧည့်သည်’ပေါင်းများစွာ အဆက်မပြတ် ရောက်ရှိလာနိုင်သည်။

ဟောက်ယန်ယန် ဆေးရုံမှ ထွက်ခွာသွားသောအခါ လီသဲ့ရှု၏ အမေမှာ ဆေးရုံဝင်ပေါက်တွင် ရှိနေဆဲဖြစ်ပြီး သားရဲတစ်ကောင်ကဲ့သို့ မျက်လုံးများဖြင့် စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့သည်။

သို့သော် အနီးနားတွင် လုံခြုံရေးဝန်ထမ်းများ ရှိနေသဖြင့် ဤတစ်ခါတော့ ထပ်ပြီးမသောင်းကျန်းဝံ့တော့ပေ။

ဟောက်ယန်ယန် ကားပေါ်တက်သွားသည့်တိုင်အောင် အမုန်းတရားများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် တကောက်ကောက် လိုက်လံကြည့်ရှုနေတော့သည်။

အပြန်လမ်းတစ်လျှောက်တွင် ရှုကျမ့်ဝမ်သည် ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်မေးခွန်းမှ မမေးမြန်းခဲ့သော်လည်း ဟယ်ချောင်းရှန့်နှင့် ဝေးရာကို ရောက်သည်နှင့် လက်ထောက်ဖြစ်သူအား ဖုန်းဆက်လိုက်ပါသည်။

ထို့နောက် ဆေးရုံသို့ ပြန်သွားပြီး ထိုအမျိုးသမီးကို ရှာဖွေရန် လက်ထောက်ဖြစ်သူအား ညွှန်ကြားလိုက်သည်။

ထိုအမျိုးသမီးကို ရှာတွေ့ခဲ့ပါက အနီးနားရှိ တည်းခိုရာနေရာတစ်ခုသို့ အရင်ဆုံး ပို့ဆောင်ထားဖို့လည်း ပြောကြားလိုက်ပါသည်။ ထိုအမျိုးသမီးအား ရှုကျမ့်ဝမ် မေးမြန်းစရာ မေးခွန်းပေါင်းများစွာ ရှိနေသည်။

ရှုကျမ့်ဝမ်၏ အကွက်ရွှေ့ လှုပ်ရှားမှုများက မြန်ဆန်လွန်းသဖြင့် ဟယ်ချောင်းရှန့် သွားရောက်ရှာဖွေချိန်တွင် ထိုရွာသူ အမျိုးသမီးမှာ ပျောက်ခြင်းမလှ ပျောက်သွားခဲ့လေပြီ။

All Chapters