အခန်း ၃၂၀
Vol. 32 Ch. 320
📗 Chapter 320
ဟောင်းနွမ်းနေသော တည်းခိုခန်းလေးတစ်ခုအတွင်း လီသဲ့ရှု၏ မိခင်သည် ကြက်ကင်တစ်ကောင်ကို အငမ်းမရ မြိန်ရေရှက်ရေ စားသောက်နေလေသည်။
ရှုကျမ့်ဝမ်က ဘေးနားတွင် ဝင်ထိုင်ရင်း မေးမြန်းလိုက်ပါသည်။
“ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ၊ ပိုင်ချွမ်ရွာက လာခဲ့တာလား”
လီသဲ့ရှု၏ အမေမှာ သူ့ကို လုံးဝ လျစ်လျူရှုထားသည်။ ကြက်ကင်တစ်ကောင်လုံးကို အရိုးသာကျန်သည်အထိ စားသောက်ပြီးခါမှ ရှုကျမ်ဝမ်အား ခပ်စောင်းစောင်း ကြည့်လိုက်ပါသည်။
ဤအခိုက်အတန့်တွင် သူမ၏ မျက်နှာပေါ်၌ ရူးသွပ်နေသည့် အရိပ်အယောင်မျိုး လုံးဝ မတွေ့ရတော့ချေ။
“ဟုတ်တယ် ပိုင်ချွမ်ရွာကလာခဲ့တာ၊ ငါက နင့်ထက် အသက်ပိုကြီးတော့ ယဉ်ယဉ်ကျေးကျေးနဲ့ အဒေါ်ကျင်းဟွာလို့ ခေါ်သင့်တယ်”
ရှုကျမ့်ဝမ်ကမူ သူမ၏ အပိုစကားများကို စိတ်မဝင်စားဘဲ ထပ်မေးလိုက်သည်။
“ခင်ဗျားက အရူးလည်း မဟုတ်ဘဲနဲ့ ဆေးရုံမှာ ဘာလို့ ပြဿနာ လာရှာရတာလဲ”
စုန့်ကျင်းဟွာက လှောင်ပြုံးပြုံးလိုက်သည်။
“ဟောက်ယန်ယန်ကိစ္စကို အဲ့လောက် စိတ်ဝင်စားနေပုံထောက်ရင်တော့ မင်းက သူ့ယောက်ျားပဲ ဖြစ်ရမယ်၊ အဲ့တာဆို ပြောစမ်းပါဦး၊ သူအရင်က ဘာတွေလုပ်ခဲ့လဲဆိုတာ မင်းသိလား၊ ပိုင်ချွမ်ရွာကနေ သူထွက်သွားတုန်းက ဘယ်သူကမှ အတင်း မောင်းထုတ်ခဲ့ကြတာ မဟုတ်ဘူး၊ တကယ်တော့ ပြောင်းပြန်ပဲ၊ သူကမှ ယဲ့မိသားစုဆီကနေ ပိုက်ဆံတွေ အကုန်ခိုးပြီး ထွက်ပြေးသွားခဲ့တာ”
“ပေကျင်းကိုရောက်ပြီး ချမ်းသာသွားတဲ့အခါကျမှ ငါတို့ရွာသူရွာသားတွေကို အထင်သေးသွားတာလေ၊ အဲ့တာကြောင့် ငါ့သားနဲ့ ပေကျင်းမှာ မတော်တဆဆုံမိတာနဲ့ ငါ့သားကို စိတ်ကျန်းမာရေးဆေးရုံရောက်အောင် လုပ်ခဲ့တာ၊ ဒီတစ်ခါလည်း ရှောင်ရှောင်ကို လုပ်ကြံချင်လို့ ငါ့သားကို အသုံးချပြီး ကားနဲ့ တိုက်သတ်ခိုင်းခဲ့တာ၊ သူ့လုပ်ရပ်တွေကြောင့် ငါ့သား ထောင်ကျသွားရတာလေ၊ အဲ့တာ ငါ့လုပ်ရပ်က မှားသလား ပြောစမ်းပါဦး”
စုန့်ကျင်းဟွာ ပြောခဲ့သည့် စကားများက ရာနှုန်းပြည့် အမှန်တရားတော့ မဟုတ်ချေ။
သူမသည် သားဖြစ်သူ၏ ‘မိတ်ဆွေ’ထံမှ ရရှိထားသော သတင်းအစအနများကို အခြေခံ၍ ဇာတ်ကြောင်းတစ်ခု မိမိဖာသာ လုပ်ကြံဖန်တီးလိုက်ခြင်း ဖြစ်ပါသည်။
ရှုကျမ့်ဝမ်ကလည်း ငတုံးမဟုတ်သဖြင့် စုန့်ကျင်းဟွာ၏ ရည်ရွယ်ချက်က ဤမျှ ရိုးရှင်းလိမ့်မည်မဟုတ်မှန်း ခန့်မှန်းနိုင်ပါသည်။
ပေကျင်းသို့ ယခုကဲ့သို့ ရောက်ရှိလာရခြင်းက သားဖြစ်သူအတွက် တရားမျှတမှုလိုချင်သည့်အပြင် လျော်ကြေးငွေ ရရှိလိုသည့်စိတ်လည်း ပြင်းပြနေခြင်းကြောင့် ဖြစ်ပါလိမ့်မည်။
သို့သော် လုပ်ကြံဖန်တီးထားသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေသည် ဆိုဦးတော့၊ အမှန်တရားအချို့ကတော့ အပိုင်းအစများအဖြစ် အမြဲတမ်း ရှိနေတတ်စမြဲပေ။
“တစ်ယောက်ယောက်ကို ကားနဲ့တိုက်သတ်ဖို့ ခင်ဗျားသားကို ဟောက်ယန်ယန်က ခိုင်းစေခဲ့တာပေါ့ ဟုတ်လား…”
စုန့်ကျင်းဟွာ: “အမှန်ပဲ၊ ငါ့သားက စိတ်ပျော့လို့ အဲ့လိုလုပ်ရပ်မျိုး မလုပ်နိုင်ခဲ့တာ ကံကောင်းသွားတယ်၊ မဟုတ်ရင် အဲ့ကောင်မလေး ကားတိုက်ခံရလို့ သေသွားလောက်ပြီ”
ထိုစကားကို ကြားသောအခါ ရှုကျမ့်ဝမ် လုံးဝ နှုတ်ဆိတ်သွားခဲ့ရသည်။
သူ့အမြင်တွင် ဟောက်ယန်ယန်သည် ပြစ်ချက်များစွာ ရှိသော်လည်း အနည်းဆုံးတော့ စိတ်သဘောထားနူးညံ့သိမ်မွေ့သည် မိန်းကလေးတစ်ဦး ဖြစ်ခဲ့ပါသည်။
ယခုကဲ့သို့ ကြေးစားငှားပြီး လူသတ်ခိုင်းရသည့် လုပ်ရပ်မျိုး လုပ်ခဲ့သည်ဟူသည်ကို သူလုံးဝ လက်မခံနိုင်ပေ။
ပြောစရာရှိသည်များကို ပြောပြီးနောက် စုန့်ကျင်းဟွာသည် တစ်ဖက်လူ၏ တုံ့ပြန်မှုကို မသိမသာ အကဲခတ်လိုက်ပါသည်။
မြို့သားများက အလွန်လူလည်ကျတတ်သူများဖြစ်သည်။ သူမက ရွာသူတစ်ဦးသာဖြစ်သော်လည်း လောကကြီးအကြောင်း တတ်သိနားလည်၍ အံတိုနေပါပြီ။
စောစောက ရူးချင်ယောင် ဆောင်ပြခဲ့ခြင်းမှာ တစ်ဖက်လူများ၏ အထင်သေးမှုကို ခံရစေရန် တမင်တကာ ကြံစည်ခဲ့ခြင်းသာဖြစ်သည်။
ထင်မှတ်ထားသည့်အတိုင်းပင် အချိန်အတော်ကြာအောင် နှုတ်ဆိတ်သွားပြီးနောက် ရှုကျမ့်ဝမ် စကားစလာခဲ့တော့သည်။
“ခင်ဗျား ဘာလိုချင်တာလဲ”
မိုင်ပေါင်းထောင်ချီဝေးသော ပေကျင်းမြို့သို့ သူမ ရောက်ရှိလာခြင်းမှာ အခြားမရိုးသားသည့် ရည်ရွယ်ချက်တစ်ခုခုလည်း သေချာပေါက် ရှိနေလိမ့်မည်ဟု ရှုကျမ့်ဝမ် ယုံကြည်နေသည်။
ထိုစကားကိုကြားသောအခါ စုန့်ကျင်းဟွာသည် တင်းကျပ်အောင် ဆုပ်ထားသည့် လက်သီးများကို ဖြေလျှော့ချလိုက်ရင်း ပြန်ဖြေလိုက်ပါသည်။
“ငါ့သားကို တွေ့ချင်တယ်၊ ပြီးရင် ငါအိုမင်းတဲ့အခါ အေးအေးဆေးဆေး နေနိုင်အောင် ငွေတွေလည်း အများကြီး လိုချင်တယ်၊ ရွာမှာ ငါ့ဖာသာငါ အဆင်ပြေပြေ နေနိုင်အောင် လုပ်ပေးမယ်ဆိုရင် နင်တို့ကို ဘယ်တော့မှ ပြဿနာလာမရှာတော့ဘူးလို့ ကတိပေးတယ်”
စုန့်ကျင်းဟွာ၏ တောင်းဆိုချက်များအား ရှုကျမ့်ဝမ် နှစ်ခါပင် ပြန်မစဉ်းစားဘဲ သဘောတူခဲ့ပါသည်။
“ကောင်းပြီလေ၊ ကျုပ်လည်း ခင်ဗျားသားနဲ့ တွေ့ချင်နေတာနဲ့ အတော်ပဲ”
--- --- ---
တစ်ဖက်တွင် ယဲ့မိသားစုဝင်များလည်း ပေကျင်းမြို့သို့ မြိုင်မြိုင်ဆိုင်ဆိုင် ရောက်ရှိလာခဲ့ကြပါပြီ။
ယဲ့ချန်းနင်က မိသားစုဝင်များအားလုံးကို သူ့ဗီလာအိမ်သို့ ခေါ်ဆောင်ဖို့ ဘတ်စ်ကားတစ်စီးကို စီစဉ်ပေးထားသည်။
ထိုအကြောင်းကို သိရှိသွားသောအခါ ယဲ့ရှောင်ရှောင်က ဖုန်းဆက်၍ ပြစ်တင်ပြောဆိုလေတော့သည်။
“တတိယအစ်ကို မတရားဘူးနော်၊ သူတို့ရောက်လာရင် သမီးအိမ်မှာ နေရမယ်လို့ သဘောတူထားတာ မဟုတ်ဘူးလား”
ယဲ့ချန်းနင်က ချေပသည်။
“နင့်အိမ်က နင်တို့လင်မယားနှစ်ယောက် လက်ထပ်ပြီးရင် နေရမယ့် မင်္ဂလာအိမ်လေ၊ သေချာစဉ်းစားကြည့်ပါဦး၊ အဲ့အိမ်မှာ အဖေနဲ့အမေတို့ ဘယ်နေတတ်ပါ့မလဲ၊ ငါ့ဗီလာမှာဆိုရင် အခန်းတွေလည်း အများကြီးရှိတယ်၊ သူတို့စားချင်တဲ့ ချက်ကျွေးမယ့် စားဖိုမှူးတောင် ရှိသေးတယ်၊ သူတို့ကို ရက်ပိုင်းလောက် ငါဧည့်ခံပါရစေ”
ယဲ့ရှောင်ရှောင်: “အဲ့တာဆိုလည်း ခဏနေ သမီးလာခဲ့မယ်”
“လာခဲ့လာခဲ့၊ နင့်မင်္ဂလာဆောင်ကိစ္စ တိုင်ပင်ကြတာပေါ့”
အမှန်တွင်မူ တိုင်ပင်စရာဟူ၍ များများစားစား မရှိလှပါ။ ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့နှစ်ဦး တရားဝင် လက်ထပ်ပြီးကြပြီဖြစ်ကာ မင်္ဂလာအိမ်ဝင်းကိုလည်း ရာနှုန်းပြည့် ပြုပြင်စီမံပြီးသွားပါပြီ။
ယခုအခါ မင်္ဂလာဧည့်ခံပွဲကျင်းပဖို့နှင့် လက်ဖွဲ့များ စုဆောင်းဖို့သာ ကျန်ရှိတော့သည်။ အချို့သော မိသားစုများတွင် ကလေးများ ရရှိသည့် မင်္ဂလာလက်ဖွဲ့များကို လူကြီးများထံ အပ်နှံရသော်လည်း လုမိသားစုနှင့် ယဲ့မိသားစုတို့တွင်မူ ထိုကဲ့သို့သော ထုံးတမ်းအစဉ်အလာမျိုး မရှိကြပေ။
ပေကျင်းမြို့ ဂရန်းဟိုတယ်၌ ကျင်းပမည့် မင်္ဂလာဧည့်ခံပွဲကို ယွင်ချန်းရှို့က ဦးဆောင်ကာ စီစဉ်ပေးထားပြီး ယဲ့မိသားစုဘက်မှ တက်ရောက်မည့် ဧည့်သည်အရေအတွက်ကိုလည်း ကြိုတင် တွက်ချက်ထားပြီးပါပြီ။ လက်ဖွဲ့ငွေများကိုလည်း ကလေးများကိုသာ စီမံခန့်ခွဲခွင့် ပြုလိုက်ပါမည်။
မွန်းလွဲပိုင်းတွင် ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့နှစ်ဦး ယဲ့ချန်းနင်၏ ဗီလာထံသို့ အတူတူထွက်လာခဲ့ကြသည်။
“ကိုယ်တို့ လက်ဆောင်တွေ ဘာတွေ ဝယ်ဖို့ လိုသေးလား”
“မလိုပါဘူး၊ တတိယအစ်ကိုအိမ်မှာ အစုံရှိတယ်၊ ဒီတိုင်းသွားရုံပဲ”
မိဘများနှင့်မတွေ့ရသည်မှာ တစ်နှစ်နီးပါးပင် ရှိပြီဖြစ်ရာ ယဲ့ရှောင်ရှောင်သည် ယခုအချိန်တွင် မိဘများနှင့် အမြန်ဆုံး တွေ့ဆုံချင်စိတ်သာ ပြင်းပြနေပါသည်။
လုဟန်ချွမ်ကလည်း အချိန်မဆွဲဘဲ သူ၏ ကားဖြင့် ယဲ့ချန်းနင်၏ ဗီလာဆီသို့ တန်းတန်းမတ်မတ် မောင်းနှင်လာခဲ့သည်။
ဤအိမ်ရာအတွင်း နေထိုင်ကြသူများ အားလုံးက ထင်ရှားကျော်ကြားသော စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်ကြပြီး သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် အမြင့်ဆုံး၌ ရှိနေကြသော ပုဂ္ဂိုလ်ကြီးများလည်း ဖြစ်ကြသည်။
လုဟန်ချွမ်ကဆိုသည်။
“ဒီအိမ်ရာထဲမှာ ဟန်ရှင်းလည်း အိမ်တစ်လုံးဝယ်ထားသေးတယ်၊ ရှောင်ရှောင် သဘောကျရင် ကိုယ်တို့လည်း တစ်အိမ်လောက် ဝယ်လိုက်မယ်လေ”
အိမ်ခြံမြေများ ဝယ်ယူစုဆောင်းရသည်ကို ရှောင်ရှောင် ဝါသနာပါမှန်း လုဟန်ချွမ် မမေ့သေးပေ။
ယဲ့ရှောင်ရှောင်က ထိုအကြံပြုချက်ကို လေးလေးနက်နက် စဉ်းစားလိုက်ပါသည်။
နေထိုင်ဖို့အတွက် ဝယ်ယူခြင်း မဟုတ်ဘဲ နောင်တစ်ချိန် တန်ဖိုးတက်လာမည့် အမြတ်အစွန်းများအတွက်သာ ဖြစ်သည်။ နောက်ပိုင်း မြေအောက်ရထားလမ်းများ ဖောက်လုပ်ပြီးစီးကာ ကူးသန်းရောင်းဝယ်ရေးဇုန်များ တိုးချဲ့လာသည့်အခါတွင်မူ ဤနယ်မြေသည် သူဌေးကြီးများ စုဝေးရာ နေရာတစ်ခုဖြစ်လာပြီး အိမ်ခြံမြေတန်ဖိုးများသည်လည်း အဆမတန် မြင့်တက်သွားပါလိမ့်မည်။
ထို့ကြောင့် သူမ သဘောတူလိုက်သည်။
“အဲ့အကြံ မဆိုးဘူး”
လုဟန်ချွမ်က တိုးညှင်းစွာ ရယ်မောလိုက်ပါသည်။
“အမေနဲ့ အဘွားတို့ ပေးထားတဲ့ လက်ဆောင်တွေနဲ့တင် အိမ်ပေါင်းရာနဲ့ချီပြီး ဝယ်လို့ရနေပြီနော်”
ယဲ့ရှောင်ရှောင်က ချေပသည်။
“အဲ့လို နှိုင်းယှဉ်လို့ရမလား၊ အဲ့ဒီရတနာပစ္စည်းတွေ တန်ဖိုးကြီးတာက မူလတန်ဖိုးကိုက မြင့်မားပြီးသားမို့လို့လေ၊ အိမ်ခြံမြေကျတော့ ဈေးပေါတုန်းဝယ်ပြီး ဈေးတက်မှ ပြန်ရောင်းရတာမျိုး”
ထို့အပြင် ဤသည်မှာ ပေကျင်းမြို့၏ အိမ်ခြံမြေများဖြစ်ကြသည်။ ယခင်ဘဝကသာ ပေကျင်းမြို့၌ အိမ်ခြံမြေအနည်းငယ် ပိုင်ဆိုင်နိုင်ခဲ့လျှင် သူမ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ခဲ့ပါလိမ့်မည်။
လုဟန်ချွမ်သည် ဇနီးဖြစ်သူ၏ လိုအင်ဆန္ဒများကို အပြည့်အဝ လိုက်လျောပေးဖို့ ဆုံးဖြတ်ထားသည်။ သူမက အိမ်ဝယ်ချင်သည်ဆိုလျှင် အိမ်ဝယ်ပေးလိုက်မည်။
ဗီလာသို့ ရောက်ရှိသောအခါ ကားပါကင်ထိုးပြီးနောက် ခြံထဲသို့ ဝင်လာခဲ့ကြသည်။ ယဲ့ချန်းနင်၏ ဗီလာတွင် အလွန်ကျယ်ဝန်းသည့် အိမ်ရှေ့ခြံကြီးရှိပြီး ဥယျာဉ်လေးတစ်ခုပါ ပါရှိသည်။
အိမ်ရာအတွင်းရှိ စိမ်းလန်းစိုပြည်လှသော သစ်ပင်ပန်းမန်များကလည်း နွေရာသီ၏ အပူဒဏ်ကို တစ်ထောင့်တစ်နေရာမှ ကူညီကာကွယ်ပေးထားသည်။
ခြံထဲတွင် ကလေးအချို့ ပြေးလွှားဆော့ကစားနေကြပါသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ယဲ့ပေါင်ချန်းလေးနှင့် ယဲ့ပေါင်ယွမ်လေးတို့နှစ်ဦးကို ယဲ့ရှောင်ရှောင် မြင်သွားသည်။
အခြားကလေးများနှင့် သိပ်မရင်းနှီးသော်လည်း သူမ၏ ဝမ်းကွဲအစ်မအကြီးဆုံးနှင့် ဒုတိယဝမ်းကွဲအစ်မတို့၏ ကလေးများ ဖြစ်ကြမည်ဟု အလွယ်တကူ ခန့်မှန်းနိုင်သည်။
ကလေးမလေးနှစ်ဦးမှာ အတော်လေး ပြောင်းလဲသွားခဲ့ပြီး ယခင်ကကဲ့သို့ ပိန်လှီချို့တဲ့မနေတော့ဘဲ အရပ်ပိုရှည်လာကာ သိသိသာသာ ကျန်းမာသန်စွမ်းလာကြပါသည်။
ယဲ့မိန်၏ သားလေးကမူ အရှေ့မြောက်ပိုင်းဒေသတွင် ကြီးပြင်းလာရသူပီပီ ကျန်းမာကြံ့ခိုင်လှပေသည်။
“ဒေါ်လေး!”
“ဒေါ်လေး!”
ယဲ့ရှောင်ရှောင်ကို မြင်သည်နှင့် ကလေးများအားလုံး စုပြုံဝန်းရံလာခဲ့ကြသည်။
“လိမ္မာလိုက်ကြတာ”
ယဲ့ရှောင်ရှောင်က ကလေးများကို သိမ်သိမ်မွေ့မွေ့ ချီးကျူးလိုက်ပြီး လုဟန်ချွမ်နှင့် မိတ်ဆက်ပေးလိုက်ပါသည်။
“ဒါက ပေါင်ချန်းနဲ့ ပေါင်ယွမ်လေးတို့ရဲ့ ဦးလေးလေ၊ ယွင်သော်၊ ယွင်ရွှမ်းနဲ့ ရှောင်းဟူလေးတို့ရဲ့ ဦးလေးလည်း ဟုတ်တယ်”
ကလေးများက လုဟန်ချွမ်၏ ထွားကျိုင်းလှသော အရပ်အမောင်းနှင့် တည်ကြည်လွန်းသော မျက်နှာ အမူအရာများကြောင့် အနည်းငယ် ကြောက်ရွံ့မိသော်လည်း “ဦးလေး”ဟု တိုးတိုးလေး ခေါ်ဆိုခဲ့ကြပါသည်။
လုဟန်ချွမ်က ကလေးတစ်ယောက်ချင်းစီကို ၁၀ ယွမ်တန် တစ်ရွက်စီ မုန့်ဖိုးထုတ်ပေးလိုက်သည်။
ကလေးများအတွက် ၁၀ ယွမ်ဟူသည်မှာ သုံးမကုန်အောင် များပြားသော ပမာဏပင်ဖြစ်၍ ပထမတော့ ငွေကို လက်ခံရန် တွန့်ဆုတ်နေကြသော်လည်း ယဲ့ရှောင်ရှောင်က သေချာသိမ်းထားဖို့ ပြောခါမှ လက်ခံခဲ့ကြပါသည်။
ကလေးများထဲတွင် အကြီးဆုံးက အသက် ၁၅ နှစ်အရွယ် ကျန်းယွင်သော်ဖြစ်ပြီး ဒုတိယအကြီးဆုံးက အသက် ၁၄ နှစ်အရွယ် ဝမ်ရှောင်းဟူဖြစ်ပါသည်။
၁၀ ယွမ်ဟူသည်မှာ အလွန်များပြားသည့် ပမာဏဖြစ်မှန်း ကျန်းယွင်သော်နားလည်သဖြင့် သူမတို့၏ ဦးလေးအသစ်က ရက်ရောလွန်းလှသည်ဟု စိတ်ထဲမှ ချီးကျူးမိတော့သည်။
“နှစ်ယောက်သား ရောက်နေတာကို အိမ်ထဲမဝင်ဘဲ အပြင်မှာဘာလို့ စကားများနေတာလဲ”
ယဲ့ချန်းနင်က လှမ်းခေါ်လိုက်သည်။ ယဲ့ရှောင်ရှောင်တို့ ခြံထဲဝင်လာသည်ကို သူလှမ်းမြင်လိုက်သော်လည်း အိမ်ထဲဝင်မလာသေးသဖြင့် ထွက်ခေါ်ရခြင်းဖြစ်ပါသည်။
“ကလေးတွေနဲ့ စကားပြောနေလို့ပါ”
ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်၏ လက်ကိုတွဲလျက် ပြောလိုက်သည်။
“အိမ်ထဲဝင်ကြစို့၊ ကလေးတွေ သူတို့ဖာသာ ကစားပါစေ”
ဗီလာထဲတွင် ယဲ့မိသားစုတစ်စုလုံး သိုက်သိုက်မြိုက်မြိုက် ရောက်ရှိနေကြပါသည်။
ယဲ့ရှောင်ရှောင်၏ ခဲအိုအကြီးဆုံးနှင့် ဒုတိယခဲအိုတို့ပင် ရပ်ဝေးမှ အတူတူ လိုက်ပါလာခဲ့ကြသည်။
ရှောင်ရှောင်၏ မင်္ဂလာဧည့်ခံပွဲကို တက်ရောက်လိုသည်ကတစ်ကြောင်း၊ ပေကျင်းမြို့ကြီးကိုပါ ကြည့်ရှုလိုသည်ကတစ်ကြောင်းဖြင့် ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။
တစ်သက်လုံး တောင်ပေါ်ဒေသမှ မထွက်ခွာဖူးသည့် လူများအဖို့ အလွန်ရှားပါးပြီး အဖိုးတန်လှသည့် အခွင့်အရေးတစ်ခုပင်။
ယဲ့ရှောင်ရှောင်သည် မိသားစုဝင်တစ်ဦးချင်းစီကို လိုက်လံနှုတ်ဆက်ခဲ့သည်။
လုဟန်ချွမ်ကလည်း မိသားစုဝင်အတော်များများနှင့် သိကျွမ်းပြီးသားဖြစ်၍ အနေခက်ခြင်း၊ စိမ်းသက်ခြင်းတို့ လုံးဝ မရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် ယဲ့မိသားစုဝင်များကသာ လုဟန်ချွမ်ကို ကြည့်ရင်း အနည်းငယ် စိတ်လှုပ်ရှားနေကြရပါသည်။