← Chapters

အခန်း ၄၃၃

Vol. 44 Ch. 433

အခန်း ၄၃၃

Vol. 44 Ch. 433

အခန်း ၄၃၃ အရာရှိဆိုသည်မှာ နှုတ်နှစ်ခွရှိသူများ၊ အမှားအမှန်ဆိုသည်က စိတ်ကူးတစ်ချက်တည်းပေါ်တွင်သာ မူတည်သည်

ကျာလော့ မာယာကွမ်ရင် ဗောဓိသတ် မြို့တော်အပြင်ဘက်တွင် ချုံခိုတိုက်ခိုက်ခဲ့ချိန်မှစ၍ ကျန်းချဲ့သည် ဗုဒ္ဓဘာသာဂိုဏ်းနှင့် သေခန်းပြတ် ရန်ငြိုး ဖွဲ့တည်ခဲ့ပြီး ဖြစ်သည်။ ဆယ်ဆ ဆယ့်ငါးဆ ပြန်လည်ပေးဆပ်ရမည့် ရန်ငြိုးမျိုးပင် ဖြစ်၏။

ထိုအကြိမ် ချုံခိုတိုက်ခိုက်ခံရမှုမှာ သိုင်းလောကထဲသို့ စတင်ဝင်ရောက်လာချိန်မှစ၍ သူ ကြုံတွေ့ခဲ့ရသော အန္တရာယ်အများဆုံး အခြေအနေပင် ဖြစ်သည်။ ယောင်ယွဲ့သာ ဝင်မပါခဲ့ပါက သူ၏ အဆုံးသတ်က အလွန် ဆိုးရွားသွားနိုင်ပေသည်။

ဗုဒ္ဓဘာသာဂိုဏ်းက စတင် လှုပ်ရှားလာခဲ့ပြီဖြစ်ရာ ကျန်းချဲ့ အနေဖြင့်လည်း ဆက်လက် သည်းခံနေမည် မဟုတ်တော့ပေ။

နတ်သံတမန် မဖြစ်လာခင်က သည်းခံခဲ့ခြင်းက ထားလိုက်တော့။ ယခု သူသည် တော်ဝင်နန်းတော်၏ တတိယအဆင့် အရာရှိကြီး ဖြစ်နေပြီ ဖြစ်သည်။ တောင်ပိုင်းဒေသ သုံးခုကို အုပ်ချုပ်ကာ ယွဲ့ပြည်နယ် မြို့တော်ဝန် နေရာကိုပါ ရယူထားနိုင်ပြီ ဖြစ်ရာ ထပ်မံ သည်းခံနေရဦးမည် ဆိုလျှင် သူ ကြိုးစားပမ်းစား ရယူခဲ့သော ရာထူးနေရာများက အလဟဿ ဖြစ်သွားမည်သာ ဖြစ်သည်။

ကျိုးရွှမ်နှင့် ယွီဝေ့ရွှေတို့က ထိုအချက်ကို မသိရှိကြပေ။ သူတို့ သိထားသည့် တစ်ခုတည်းသော အရာမှာ ကျန်းချဲ့၏ ပထမဆုံး မီးတောက်ကို သူတို့ ဝင်ရောက် တားဆီး၍ မရနိုင်ကြောင်းပင်။ ဘာပဲဖြစ်ဖြစ် ပြဿနာ တစ်ခုခု တက်ခဲ့လျှင်တောင်မှ ကျန်းချဲ့၏ ပြဿနာသာ ဖြစ်ပေမည်။

သူတို့က အမိန့်ကို နာခံရုံသာ ရှိ၏။

ထို့နောက် ယွီဝေ့ရွှေက ထျန်းလုံ ဘုန်းကြီးကျောင်းနှင့် ပတ်သက်၍ သူ သိထားသမျှ သတင်းအချက်အလက် အားလုံးကို အသေးစိတ် ပြန်လည် တင်ပြလာသည်။

"အနက်ရောင်ရုံးတော်က သိထားသလောက်ဆိုရင် ထျန်းလုံ ဘုန်းကြီးကျောင်းထဲမှာ ရွှမ်တန်အဆင့်နဲ့ ညီမျှတဲ့ ဗာဂျရာ တစ်ဆယ့်နှစ်ပါး ရှိတယ်... ဒါ့အပြင် ယွဲ့ပြည်နယ် တစ်ခွင်က လက်အောက်ခံ အဖွဲ့အစည်းတွေမှာလည်း ဗာဂျရာ ခုနစ်ပါး ရှိပြီး ခရိုင်အသီးသီးမှာ ဖြန့်ကြက်ထားတယ်... ရှန်ရှန်းအဆင့် မဟာသိုင်းသခင်ကြီးတွေနဲ့ ညီမျှတဲ့ ရဟန္တာအဆင့် ရှိသူကတော့ စုစုပေါင်း ငါးပါး ရှိတယ်... အဲဒီအထဲမှာ ရှန်ရှန်းအဆင့် အစပိုင်း ရဟန္တာ နှစ်ပါး... အလယ်ပိုင်း ရဟန္တာ နှစ်ပါးနဲ့ စစ်မှန်သောသခင်အဆင့်နဲ့ ညီမျှတဲ့ ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဝူချန် ပါဝင်တယ်... အဲဒီ ဝူချန်က စွမ်းအားအရမ်း ထက်မြက်ပြီး တော်ဝင်နန်းတော်ရဲ့ ဖုန်းယွင် အဆင့်သတ်မှတ်ချက်စာရင်းမှာ အဆင့်ဆယ့်ကိုး ချိတ်ထားသူ ဖြစ်တယ်"

ကျန်းချဲ့က ခေါင်းညိတ်ပြလိုက်သည်။ ဤသတင်းအချက်အလက်များကို သူ သိထားပြီး ဖြစ်သည်။ လှုပ်ရှားရန် ဆုံးဖြတ်ပြီးကတည်းက ကြိုတင် မပြင်ဆင်ဘဲ နေမည်မဟုတ်ပေ။

ယွီဝေ့ရွှေက စကားပြောပြီးနောက် စားပွဲခုံကို ခေါက်ကာ ဆက်ပြောသည်။

"ဒါက အပြင်ပန်း မြင်နေရတာတွေ သက်သက်ပါ... တကယ်တော့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျူးချွဲဌာနခွဲရဲ့ စုံစမ်းထောက်လှမ်းမှုတွေနဲ့ ခန့်မှန်းချက်တွေအရ ထျန်းလုံ ဘုန်းကြီးကျောင်းမှာ သက်တမ်းကုန်ခါနီးဖြစ်နေတဲ့ ရဟန္တာကြီး အချို့ ကျန်ရှိနေသေးတယ်... အဲဒါက ထျန်းလုံ ဘုန်းကြီးကျောင်းရဲ့ အခြေခံ အုတ်မြစ်တွေပဲ... ဒါပေမဲ့ အဲဒီ အဘိုးကြီးတွေ သေပြီလား ရှင်သန်နေသေးလား ဆိုတာကိုတော့ သေချာ မသိရသေးဘူး... တကယ်လို့ တိုက်ခိုက်မယ်ဆိုရင် ကျွန်တော်တို့ ကျူးချွဲဌာနခွဲလောက်နဲ့တင် လုံလောက်နိုင်ပါ့မလား"

လျူဆန်းချိုးကလည်း လေးနက်သော အကြည့်များဖြင့် ခေါင်းညိတ် ထောက်ခံလိုက်သည်။

ယခုလက်ရှိ ကျူးချွဲဌာနခွဲအတွင်း၌ ချန်ချင်းဖန် မြို့တော်သို့ ပြန်သွားပြီးနောက် သူတို့ မဟာသိုင်းသခင်ကြီး လေးဦးသာ ရှိတော့သည်။ အရေးအကြီးဆုံးမှာ သူတို့ လေးဦးထဲတွင် စစ်မှန်သောသခင်အဆင့် တစ်ဦးမျှ မပါဝင်ခြင်းပင်။

ထျန်းလုံ ဘုန်းကြီးကျောင်းကဲ့သို့ ထိပ်တန်း အင်အားစုတစ်ခုကို အမြစ်ပြတ် သုတ်သင်ရန် စစ်မှန်သောသခင်အဆင့် စွမ်းအားရှင် မပါဝင်ဘဲ လုံးဝ မဖြစ်နိုင်ပေ။

"ဒီကိစ္စအတွက် ခင်ဗျားတို့ စိုးရိမ်နေစရာ မလိုဘူး... ဒီတစ်ခေါက် ထျန်းလုံ ဘုန်းကြီးကျောင်းကို နှိမ်နင်းဖို့ စစ်မှန်သောသခင် နှစ်ဦး အကူအညီ ပါလိမ့်မယ်... ရုံးတော်အပြင်ဘက်ကနေ ကျွန်တော် သီးသန့် အကူအညီ တောင်းထားတဲ့သူတွေပါ"

ကျန်းချဲ့က လက်ကာပြကာ အားလုံးကို စိတ်အေးသွားစေရန် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရမှသာ ကျိုးရွှမ်တို့ လူစု လုံးဝ စိတ်ချသွားတော့သည်။

အမှန်တကယ်တော့ ထိုကိစ္စကို သူတို့ ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်။ ကျန်းချဲ့က ပေလင် ချီမိသားစုကို ကိုယ်စားပြုနေသူ ဖြစ်ရာ တိုက်ပွဲ ဖြစ်လာပါက ချီမိသားစုက လက်ပိုက် ကြည့်နေမည် မဟုတ်ပေ။ သို့သော် သူတို့က သေချာစေရန် အတည်ပြုချက် ယူလိုက်ခြင်းသာ ဖြစ်၏။

"ဒါဆိုရင်လည်း လက်အောက်ငယ်သားက ထျန်းလုံ ဘုန်းကြီးကျောင်းရဲ့ တရားမဝင် လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ သက်သေတွေကို အခုချက်ချင်း စုဆောင်းဖို့ လူလွှတ်လိုက်ပါ့မယ်... သခင်ကြီး ကျေနပ်စေရပါမယ်"

ကျိုးရွှမ်က ချက်ချင်း တာဝန်ယူလိုက်သည်။

ဤအချက်နှင့် ပတ်သက်၍ ကျန်းချဲ့က တစ်စက်လေးမျှ သံသယ မဝင်ပေ။

ပြည်နယ်နှင့် ခရိုင်အသီးသီးရှိ ထိပ်တန်း အင်အားစု တိုင်းက ကြီးထွားလာရန်နှင့် ဖွံ့ဖြိုးလာရန်အတွက် တော်ဝင်နန်းတော်၏ ဥပဒေများကို ချိုးဖောက်ရခြင်းမှာ မလွှဲမရှောင်သာ ဖြစ်သည်။ ကျပန်း ရှာဖွေလိုက်လျှင်ပင် သက်သေ တစ်ပုံတစ်ပင် ရနိုင်ပေသည်။ အဓိကမှာ တော်ဝင်နန်းတော်က အရေးယူချင် မယူချင်အပေါ်တွင်သာ မူတည်၏။

ထို့အပြင် သက်သေ မရှာနိုင်ခဲ့လျှင်တောင်မှ အပြစ်ပုံချ၍ မရနိုင်ဘူးလားဟု ဆိုရမည်သာ။

သူတို့က မည်သူနည်း။

အရာရှိများပင် ဖြစ်သည်။

အရာရှိဆိုသည်မှာ နှုတ်နှစ်ခွရှိသူများ ဖြစ်သည်။ အမှားအမှန် အဖြူအမည်း ဆိုသည်မှာ သူတို့၏ သတ်မှတ်ချက်အပေါ်တွင်သာ မူတည်နေသည် မဟုတ်ပါလား။

ကျူးချွဲဌာနခွဲတွင် အရင်သတ်ပြီးမှ အစီရင်ခံခွင့် ရှိသော အထူး အခွင့်အာဏာ ရှိသည်။ ကိစ္စ ပြီးဆုံးသွားပြီးနောက် ထျန်းလုံ ဘုန်းကြီးကျောင်းအပေါ် စွပ်စွဲချက်များ လိုသလို လုပ်ယူနိုင်ပေသည်။

ထျန်းလုံ ဘုန်းကြီးကျောင်းနှင့် ရင်ဆိုင်ရာတွင် ကျန်းချဲ့က သက်သေများကို တစ်စစီ ရှာဖွေနေရန် အချိန်မဆွဲလိုပေ။ သူ လိုချင်သည်မှာ မြန်ဆန်မှုနှင့် လျင်မြန်စွာ တိုက်ခိုက်ပြီး လျင်မြန်စွာ အဆုံးသတ်ရေးပင် ဖြစ်သည်။

စစ်မှန်သောသခင်များကိုပင် သွယ်ဝိုက်သော နည်းလမ်းဖြင့် တစ်ဦးမက သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်ရာ ထျန်းလုံ ဘုန်းကြီးကျောင်းအပေါ် သူ၏ ရင်ထဲတွင် မည်သည့် ကြောက်ရွံ့မှုမျှ မရှိတော့ပေ။ ယခု လက်ရှိ သူသည် အတိတ်က အသတ်ခံရရန် စောင့်ဆိုင်းနေခဲ့ရသော ကျန်းချဲ့ မဟုတ်တော့ပေ။

ကျန်းချဲ့က ကျိုးရွှမ်တို့ကို အကဲခတ်ကြည့်လိုက်ပြီး ခပ်ရေးရေး ပြုံးကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ကျွန်တော်က ပါးစပ်ကနေ လျှောက်ပြောတတ်တဲ့သူ မဟုတ်ဘူး... ထျန်းလုံ ဘုန်းကြီးကျောင်းကို ဖျက်ဆီးပြီးတဲ့နောက် ရလာမယ့် ပစ္စည်းတွေနဲ့ ကျင့်စဉ် အရင်းအမြစ်တွေထဲက သုံးဆယ်ရာခိုင်နှုန်းကို တော်ဝင်နန်းတော်ဆီ ပို့ရမယ်... ကျန်တဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းမှာ လေးဆယ်ရာခိုင်နှုန်းကို ကျွန်တော် ယူမယ်... ကျန်တဲ့ သုံးဆယ်ရာခိုင်နှုန်းက ခင်ဗျားတို့ အားလုံးအတွက်ပဲ... ထျန်းလုံ ဘုန်းကြီးကျောင်းက နှစ်ပေါင်း ရာနဲ့ချီ သက်တမ်းရှိတဲ့အတွက် သူတို့ဆီမှာ အရင်းအမြစ်တွေ အများကြီး ရှိတယ်... အဲဒါတွေက ခင်ဗျားတို့ကို နောက်ထပ် အဆင့်တစ်ဆင့် တက်သွားအောင် ကူညီပေးနိုင်လိမ့်မယ်"

ကျန်းချဲ့၏ စကားအဆုံးတွင် ကျိုးရွှမ်တို့က ချက်ချင်း လက်ယှက်ဂါရဝပြုလိုက်ကြသည်။

"နတ်သံတမန်ကြီးကို ကျေးဇူးတင်ပါတယ်"

"နတ်သံတမန်ကြီးကို ကျေးဇူးတင်ပါတယ်"

လူတိုင်းက အလွန် ပျော်ရွှင်သွားကြသည်။ အထူးသဖြင့် ယွီဝေ့ရွှေနှင့် လျူဆန်းချိုးတို့ ပို၍ ပျော်ရွှင်သွားကြ၏။ သူတို့က ကျိုးရွှမ်ကဲ့သို့ ထိပ်တန်း မိသားစု နောက်ခံ မရှိသလို အခြေခံ အုတ်မြစ်ကလည်း အလွန် နည်းပါးလှသည်။ အနက်ရောင်ရုံးတော် ဒုတိယသံတမန် နေရာကို ရရှိထားသော်လည်း တစ်နှစ်ပတ်လုံး ရရှိသည့် အကျိုးအမြတ်က မများပြားလှပေ။

ယခု ထျန်းလုံ ဘုန်းကြီးကျောင်း၏ အရင်းအမြစ် တစ်စိတ်တစ်ပိုင်းကို ရရှိမည်ဖြစ်ရာ သူတို့ အနေဖြင့် အလွန် ကျေနပ်နေကြပြီ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူတို့က ခွန်အား အများကြီး ထုတ်သုံးစရာ မလိုပေ။ အထူးသဖြင့် ကျန်းချဲ့က စစ်မှန်သောသခင် နှစ်ဦးကို အကူအညီ တောင်းထားပြီ ဖြစ်ရာ သူတို့ကို နည်းနည်းလေး ခွဲပေးလျှင်ပင် ဝမ်းသာအားရ လက်ခံကြမည်သာ ဖြစ်၏။

"ထျန်းလုံ ဘုန်းကြီးကျောင်းကို ဖျက်ဆီးပြီးသွားရင် အားလုံးက မိသားစုဝင်တွေ ဖြစ်သွားပြီ... အခုပဲ ချက်ချင်း စတင် လှုပ်ရှားလိုက်ကြပါ"

ထျန်းလုံ ဘုန်းကြီးကျောင်း နောက်ဘက်တောင်တော်ရှိ အစီအရင်ပေါင်းများစွာဖြင့် ဖိနှိပ်ထားသော ဧရာမ ရေတွင်းပျက်ကြီး တစ်ခုအတွင်း၌ အလင်းရောင် မရှိဘဲ မှောင်မိုက်နေပြီး အက်ကွဲကြောင်းများမှ ဝင်ရောက်လာသော အလင်းတန်း အချို့သာ ရှိလေသည်။

ဧရာမ သတ္တဝါကြီး တစ်ကောင်က မရေမတွက်နိုင်သော သံမဏိ သံကြိုးမည်းကြီးများဖြင့် ချည်နှောင်ခံထားရပြီး အချို့နေရာများရှိ အကြေးခွံများပင် ကွာကျနေကာ သွေးသံရဲရဲ ဖြစ်နေသည်ကို မသဲမကွဲ မြင်တွေ့နိုင်ပေသည်။

ဧရာမ သတ္တဝါကြီး လှုပ်ရှားလိုက်သည်နှင့် သံကြိုးများက တချွင်ချွင် မြည်သံ ထွက်ပေါ်လာပြီး မီးပုံးတမျှ ကြီးမားလှသော အညိုရောင် မျက်လုံးကြီး နှစ်လုံးက ဖြည်းညင်းစွာ ပွင့်လာကာ မြေအောက် ရေတွင်းကြီး တစ်ခုလုံးကို လင်းထိန်သွားစေ၏။

သူ၏ အမည်မှာ မိစ္ဆာဘုရင် အောက်ခွန်း ပင် ဖြစ်သည်။

ယခုအချိန်၌ သူသာ လူအသွင် ပြောင်းလဲလိုက်မည် ဆိုပါက သူ၏ မျက်နှာပေါ်ရှိ အလွန်တရာ ဝမ်းသာပျော်ရွှင်နေသော အမူအရာကို မြင်တွေ့နိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော အချိန်လေးကတင် ကျန်းချဲ့သည် ထိုနဂါးအကြေးခွံကို အသုံးပြု၍ သူနှင့် ဆက်သွယ်လာခဲ့သောကြောင့်ပင်။ ခုနစ်ရက်အတွင်း ကျန်းချဲ့က သူ့ကို ကယ်တင်ရန် လှုပ်ရှားမည် ဖြစ်ကြောင်း အသင့်ပြင်ထားရန် ပြောလာခဲ့ခြင်း ဖြစ်၏။

ကျန်းချဲ့၏ ရှေ့တွင်တော့ သူက နာခံမည့်ဟန် ပြုထားပြီး သူ၏ သစ္စာရှိမှုကို နည်းလမ်းပေါင်းစုံဖြင့် သက်သေပြကာ ကျိန်ဆိုထားခဲ့သည်။ အားလုံး အဆင်ပြေချောမွေ့စေရန် ဖြစ်၏။

သို့သော် အမှန်တကယ်တော့ အောက်ခွန်းသည် ကျန်းချဲ့ကို အညံ့ခံရန် လုံးဝ အစီအစဉ် မရှိခဲ့ပေ။

ကျန်းချဲ့မှာ အလွန် ထူးချွန်ပြီး ငယ်ရွယ်စဉ်မှာပင် ကြီးမားသော နာမည်ကောင်းကို ရရှိထားကာ လောက လူသားများထဲတွင် ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်ပြီး ကတိတည်ကာ လက်ဖွာသူ ဖြစ်သော်လည်း ထိုအရာက ဘာအရေးပါမည်နည်း။

ကျန်းချဲ့က ဘယ်လိုပင် ဖြစ်နေပါစေ လူသား တစ်ဦးသာ ဖြစ်၏။

သူကတော့ နဂါးမျိုးနွယ်မှ ဆင်းသက်လာသော နဂါးတစ်ကောင် ဖြစ်သည်။

ခမ်းနားထည်ဝါသော နဂါးတစ်ကောင်က လူသားတစ်ဦးကို အညံ့ခံရမည်လားဟု တွေးလိုက်မိသည်။

ဤလောကတွင် သူ့ကို ရိုးသားစွာ အညံ့ခံစေနိုင်မည့်သူ မရှိသေးပေ။ ဤနဂါးလှောင်အိမ်ထဲမှ ထွက်လာနိုင်သည်နှင့် သူက လွတ်လပ်ခွင့်ကို အပြည့်အဝ ရရှိမည် ဖြစ်သည်။ ကျယ်ဝန်းလှသော လောကကြီးတွင် သူ မသွားနိုင်သော နေရာ ရှိတော့မည်မဟုတ်ပေ။

အဆိုးဆုံး အခြေအနေမှာ နောင်တစ်ချိန် ကျန်းချဲ့ကို ရှောင်ပုန်းနေရုံသာ ဖြစ်သည်။ သို့သော် သူ၏ သခင်ဖြစ်ရန်တော့ တစ်ဖက်လူတွင် အရည်အချင်း မရှိသေးပေ။

သို့သော် ယခုအချိန်တွင် သူက အပြင်သို့ မရောက်သေးရာ ဟန်ဆောင်ကောင်းရန်တော့ လိုအပ်ပေသေးသည်။

အောက်ခွန်းက အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေကာ တိုးညှင်းစွာ ရယ်မောလိုက်သည်။

"ဒီဘုရင်က နောက်ဆုံးတော့ နေရောင်ခြည်ကို ပြန်မြင်ရတော့မယ်"

အနက်ရောင်ရုံးတော်အတွင်း အောက်ခွန်းနှင့် အဆက်အသွယ် ဖြတ်တောက်ပြီးနောက်။

"နေရောင်ခြည်ကို ပြန်မြင်ရမယ်... သူ့ကို လွတ်လပ်ခွင့် ပေးမယ်... ဟက်ဟက်... ဒီကျန်းက အဲဒီလောက်အထိ သဘောကောင်းတယ်လို့ စီနီယာက တကယ်ပဲ ထင်နေတာလား"

ချီရွှယ်မိစ္ဆာသခင်က အောက်ခွန်း လွတ်မြောက်ပြီးနောက် ဖြစ်လာမည့် အခြေအနေကို ပေါ့ပေါ့ပါးပါး ပြောလိုက်ချိန်တွင် ကျန်းချဲ့က အမှန်တရားကို ပြန်လည် ဖြေကြားလိုက်ခြင်း ဖြစ်သည်။

"မင်းက သူ့ကို သိမ်းသွင်းဖို့ ပြင်ဆင်ထားတာလား"

"ဒါက သူကိုယ်တိုင် ရွေးချယ်ခဲ့တာလေ... ကျွန်တော့်ကို အညံ့ခံပါ့မယ်လို့ ကိုယ်တိုင် ကတိပေးထားတာပဲ... သူသာ အသိတရား ရှိမယ်ဆိုရင် မျက်နှာသာ နည်းနည်းပေးဖို့ ကျွန်တော် ဝန်မလေးပါဘူး... ဒါပေမဲ့ အဲဒီနဂါးအိုကြီး အပြင်ကို ရောက်လာတဲ့အခါ ရိုးရိုးသားသား သွေးကျိန်စာ တိုက်ပါ့မယ်လို့ ထင်နေတာလား"

ကျန်းချဲ့က ခံစားချက် ကင်းမဲ့နေသော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

"သေချာပေါက် လုပ်မှာမဟုတ်ဘူး... အဲဒါကြောင့် ဒီနဂါးအိုကြီးကို သတိထားဖို့ ငါက မင်းကို သတိပေးနေတာ... မျိုးနွယ် မတူရင် စိတ်ထားလည်း မတူနိုင်ဘူး... အခု အဲဒီနဂါးအိုကြီးက မင်းကို အားကိုးနေရလို့ အရာအားလုံးကို ခေါင်းညိတ် လက်ခံနေတာ... ဒါပေမဲ့ နဂါးလှောင်တွင်းကနေ အပြင်ကို ရောက်သွားတာနဲ့ အဲဒီလောက် လိမ္မာနေတော့မှာ မဟုတ်ဘူး"

ရက်စက်ကြမ်းကြုတ်မှု၏ ပြယုတ်တစ်ခုဖြစ်သော ချီရွှယ်မိစ္ဆာသခင်မှာလည်း ထိုမျှလောက် ရိုးအသူ တစ်ယောက် မဟုတ်ပေ။

"အဲဒီနဂါးအိုကြီးရဲ့ အသက်ကို ဆုပ်ကိုင်ထားနိုင်တာနဲ့ သူ့သဘောအတိုင်း လုပ်ခွင့်ရတော့မှာ မဟုတ်ဘူး... သူက စကားနားထောင်ရင် ကျွန်တော့်ဘေးမှာ သူငယ်ချင်း တစ်ယောက် ပိုလာတာပေါ့... သူက စကားနားမထောင်ရင်လည်း တိုက်ဆိုင်စွာပဲ ကျွန်တော့်မှာ စီးတော်ယာဉ် တစ်ကောင် လိုနေတာ... နဂါးကိုယ်ထည်နဲ့ဆိုတော့ စီးတော်ယာဉ် လုပ်ဖို့ လုံလောက်ပါတယ်"

ကျန်းချဲ့က ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်သည်။

"အဲဒီအချိန်ကျရင် ငါ့ကိုလည်း စီးခွင့်ပေးဖို့ မမေ့နဲ့ဦးနော်... ငါ့ဘဝမှာ အရာအားလုံးကို စီးဖူးခဲ့ပေမဲ့ နဂါးတော့ မစီးဖူးသေးဘူး"

ချီရွှယ်မိစ္ဆာသခင်နှင့် ကျန်းချဲ့တို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြသည်။

ကျန်းချဲ့က ထျန်းလုံ ဘုန်းကြီးကျောင်းကို အမြစ်ပြတ် သုတ်သင်ရန် လျှို့ဝှက် စီစဉ်နေချိန်တွင် ထျန်းလုံ ဘုန်းကြီးကျောင်းအတွင်း၌လည်း ကျန်းချဲ့ကို မည်သို့ ရင်ဆိုင်ရမည်ဆိုသည့် ကိစ္စကို ဆွေးနွေးနေကြသည်။

သေချာသည်မှာ ထိုအရာက ကျန်းချဲ့ လှုပ်ရှားမည့် အစီအစဉ်ကို သူတို့ ကြိုတင် သိရှိထားခြင်းကြောင့် မဟုတ်ဘဲ မြို့တော်ရှိ ရှောင်လေ့ယင် ဘုန်းကြီးကျောင်းမှ သတင်းပို့လာကာ ကျန်းချဲ့၏ လက်စားချေမှုကို သတိထားရန် အသိပေးလာခြင်းကြောင့် ဖြစ်၏။

ကျန်းချဲ့၏ ဘဝတစ်လျှောက် လုပ်ရပ်များကို လေ့လာကြည့်လျှင် စကားလုံး နှစ်လုံးတည်းဖြင့် အကျဉ်းချုံး၍ ရနိုင်ပေသည်။

လက်စားချေတတ်ခြင်းပင်။

ကျာလော့ ဗောဓိသတ်က ကျန်းချဲ့ကို ဖိအားပေးခဲ့သော်လည်း နောက်ဆုံးတွင် ယောင်ယွဲ့ကြောင့် လက်မရွှေ့နိုင်ခဲ့ပေ။ သို့သော် ရန်ငြိုးကတော့ သေချာပေါက် ဖြစ်တည်သွားခဲ့ပြီ ဖြစ်သည်။ ဗုဒ္ဓဘာသာဂိုဏ်း၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခု အနေဖြင့် ကျန်းချဲ့က ဆက်လက် သည်းခံနေမည်လား ဆိုသည်မှာ ပြောရန် ခက်ခဲပေသည်။

ထို့ကြောင့် သူမက လက်အောက်ငယ်သားများကို စေလွှတ်ကာ ထျန်းလုံ ဘုန်းကြီးကျောင်းကို သတိပေးလိုက်ခြင်း ဖြစ်၏။

ထိုအချက်ကပင် ထျန်းလုံ ဘုန်းကြီးကျောင်းကို ကြီးမားသော ရန်သူတစ်ဦး ရောက်လာသကဲ့သို့ တပ်လှန့်ထားစေရန် လုံလောက်နေပေပြီ။ ဘာပဲဖြစ်ဖြစ် နဂါးကျား တာအိုဂိုဏ်း ဖျက်ဆီးခံခဲ့ရသည့် သာဓကက မျက်မြင်ကိုယ်တွေ့ ရှိနေသေးသည် မဟုတ်ပါလားဟု ဆိုရမည်သာ။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ညီတော်တို့ ဘယ်လို မြင်ကြလဲ"

ရွှေရောင် ခြည်မျှင်များဖြင့် ရက်လုပ်ထားသော သင်္ကန်းကို ဝတ်ဆင်ထားပြီး ကြင်နာတတ်သော မျက်နှာထားရှိသည့် ရဟန္တာ ဝူချန်က မျက်လုံးများကို အနည်းငယ် ဖွင့်ကာ ဘေးပတ်လည်တွင် တင်ပျဉ်ခွေ ထိုင်နေကြသော လူများကို အကဲခတ်ကြည့်ရင်း မေးလိုက်သည်။

"ကျုပ် အမြင်ကို ပြောရရင် ကျာလော့ ဗောဓိသတ်က အရမ်း တွေးပူနေတာ ဖြစ်နိုင်တယ်... ကျုပ်တို့ ထျန်းလုံ ဘုန်းကြီးကျောင်းနဲ့ ကျန်းချဲ့က အရင်ကတည်းက ဘာရန်ငြိုးမှ မရှိခဲ့သလို အခုလည်း ရန်စထားတာ မရှိဘူး... သူက ကျုပ်တို့အပေါ် ဒေါသပုံချနိုင်ခြေ သိပ်မရှိပါဘူး... ဘာပဲဖြစ်ဖြစ် ကျုပ်တို့ ထျန်းလုံ ဘုန်းကြီးကျောင်းက အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့ အဖွဲ့အစည်းငယ်လေး မဟုတ်ဘူးလေ... ဒါပေမဲ့ ရှိသင့်တဲ့ သတိထားမှုတော့ ရှိရမယ်... ကျုပ် အကြံပြုချင်တာက ယွဲ့ပြည်နယ် တစ်ခွင်က ဗုဒ္ဓဘာသာဂိုဏ်း အားလုံးကို ချက်ချင်း သတင်းပို့ပြီး တော်ဝင်နန်းတော်က လှုပ်ရှားလာနိုင်တာကို ကြိုတင် ကာကွယ်ထားသင့်တယ်"

ရဟန္တာ ဝူနျန်က အကြံပြုလိုက်သည်။

"ညီတော် ဝူနျန်ရဲ့ စကားက မမှန်ဘူး... ကျန်းချဲ့က လူငယ်တစ်ယောက် ဖြစ်ပေမဲ့ သူ့ရဲ့ နောက်ကျောမှာ ပေလင် ချီမိသားစုရဲ့ အားကိုးမှု ရှိနေတယ်... နဂါးကျား တာအိုဂိုဏ်း ဖျက်ဆီးခံခဲ့ရတဲ့ သာဓက ရှိနေတာမို့လို့ သတိမထားဘဲ နေလို့မရဘူး"

အခြား ရဟန္တာ တစ်ပါးက ကန့်ကွက်ပြောဆိုလိုက်သည်။

"ဟင်း... ဘာမှမဆိုင်တဲ့ ပြဿနာတွေ ရောက်လာတာပဲ"

"ဟွန့်... စီနီယာ ညီအစ်ကိုတွေ အရမ်း ကြောက်နေကြတယ်လို့ ကျုပ် ထင်တယ်... အဲဒီကျန်းချဲ့က တော်ဝင်နန်းတော်ရဲ့ အရာရှိ ဖြစ်နေတာတောင် ငါတို့ကို အဆင်အခြင်မဲ့ တိုက်ခိုက်ရဲမယ် ထင်နေတာလား... ဗောဓိသတ်ရဲ့ အမိန့်တော်က ဒီမှာ ရှိနေတယ်... ပြီးတော့ ကျုပ်တို့ ကိုယ်တိုင်လည်း ဂိုဏ်းမှာ ရှိနေတာပဲ... အဲဒီကျန်းချဲ့က ကျုပ်တို့ ဗုဒ္ဓဘာသာဂိုဏ်းနဲ့ သေခန်းပြတ် ရန်စရဲတယ်ဆိုတာ ကျုပ်တော့ လုံးဝ မယုံဘူး"

အလယ်ရှိ ကူရှင်ပေါ်တွင် ထိုင်နေသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် ကြွက်သားအပြည့်ဖြင့် ဘုန်းကြီးတစ်ပါးက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ သူ၏ စကားလုံးများက ကြမ်းတမ်းပြီး ကြီးမားသော ယုံကြည်မှုများ အပြည့်အဝ ရှိနေပုံရ၏။

"ညီတော် ဝူမင်... အဲဒီလို လျှောက်မပြောပါနဲ့"

"ကျောင်းထိုင်ဆရာတော်... ညီတော်တွေ ပြောတာက တစ်ယောက်တစ်မျိုးစီ ကွဲလွဲနေပေမဲ့ ကျုပ် အမြင်ကတော့ ကျန်းချဲ့ကို သတိထားဖို့ လိုအပ်တယ်လို့ ထင်တယ်... ကျုပ် အကြံပြုချင်တာက အရင်ဆုံး ကောင်းမွန်တဲ့ ဆက်ဆံရေး သွားပြလိုက်ပါ... ပေလင် ချီမိသားစုဆီ လူလွှတ်ပြီး အရင်က သူတို့နဲ့ အငြင်းပွားခဲ့တဲ့ ကိစ္စတချို့ကို ဆွေးနွေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သွားပြီး အကဲစမ်းကြည့်ရအောင်... တစ်ချိန်တည်းမှာပဲ တောင်ပိုင်းနယ်စားကြီး လီချန်ကောကိုလည်း ဆက်သွယ်ထားလိုက်ပါ... ကျန်းချဲ့က ယွဲ့ပြည်နယ် မြို့တော်ဝန် နေရာကို ရယူထားတယ်ဆိုတော့ တော်ဝင်နန်းတော်က လီချန်ကောကို ပစ်မှတ်ထားနေတာ သိသာတယ်... တကယ်လို့ ကျန်းချဲ့ကသာ ကျုပ်တို့ ထျန်းလုံ ဘုန်းကြီးကျောင်းကို ရန်စလာခဲ့ရင် ကျုပ်တို့က လီချန်ကောနဲ့ ပူးပေါင်းလိုက်ရုံပဲ... ဒါဆိုရင် လုံးဝ အမှားအယွင်း မရှိနိုင်တော့ဘူး"

အစောပိုင်းက စကားပြောခဲ့သော ဘုန်းကြီး ဝူနျန်က ထပ်မံ ပြောဆိုလိုက်သည်။

အခြား ညီတော်များကဲ့သို့ ယုံကြည်မှု လွန်ကဲမနေဘဲ သူက အနည်းငယ် စိုးရိမ်နေမိသည်။ ဘာပဲဖြစ်ဖြစ် ကျာလော့ ဗောဓိသတ်ကပင် ကျန်းချဲ့ကို သတိထားရန် အသိပေးလာမှတော့ ပေါ့ဆနေ၍ မဖြစ်နိုင်ပေ။

"စီနီယာ ဝူနျန် ပြောတာ မှန်တယ်... ကျုပ်တို့ ထျန်းလုံ ဘုန်းကြီးကျောင်းက ကျန်းချဲ့ကို မကြောက်ပေမဲ့ တခြားသူရဲ့ လက်ကို ငှားပြီး ဒီကောင်ကို နှိမ်နင်းနိုင်ရင်လည်း ကောင်းတဲ့ ကိစ္စတစ်ခုပဲ... တကယ်လို့ ကျန်းချဲ့ကို ဖိနှိပ်နိုင်ခဲ့ရင် ကျာလော့ ဗောဓိသတ်ကလည်း ဝမ်းသာမှာ သေချာတယ်"

ရဟန္တာ တစ်ပါးက ထောက်ခံပြောဆိုလိုက်သည်။

ထျန်းလုံ ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဝူချန်က အတွေးနက်သွားပြီး အတန်ကြာ စဉ်းစားပြီးနောက် စကားဆိုလာသည်။

"ဒါဆိုရင်လည်း ညီတော် ဝူနျန် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့... အရင်ဆုံး အကဲစမ်းကြည့်ပြီးမှ ဆက်ပြီး ပြင်ဆင်ကြမယ်... ဒါပေမဲ့ အခု ကျန်းချဲ့ရဲ့ ဂုဏ်သတင်းက အရမ်း ကြီးမားနေတဲ့အတွက် သူ့ကို ရန်သူ မဖြစ်အောင် ရှောင်နိုင်ရင် အကောင်းဆုံးပဲ... လိုအပ်လာရင် ထျန်းလုံ ဘုန်းကြီးကျောင်းဘက်က အရာတချို့ကို စွန့်လွှတ်လိုက်လို့ ရပါတယ်"

တစ်ချိန်က နဂါးကျား တာအိုဂိုဏ်း ဖျက်ဆီးခံခဲ့ရစဉ်က ပေလင် ချီမိသားစုက အကျိုးအမြတ် အများစုကို ရယူသွားခဲ့သော်လည်း ယွဲ့ပြည်နယ်ရှိ အခြားသော အင်အားစုများကလည်း လက်ပိုက် ကြည့်မနေခဲ့ကြပေ။

ဥပမာအားဖြင့် ထျန်းလုံ ဘုန်းကြီးကျောင်းသည် မူလက ပေလင် ချီမိသားစု ရရှိရမည့် အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို အတင်းအဓမ္မ လုယူခဲ့ဖူးသည်။ ယနေ့အချိန်အထိ နှစ်ဖက်စလုံး ရန်ငြိုးများ ရှိနေဆဲပင် ဖြစ်၏။

မူလက မည်သည့် အကြောင်းပြချက်မျှ မရှိဘဲ ထျန်းလုံ ဘုန်းကြီးကျောင်း အနေဖြင့် ထိုအရာများကို စွန့်လွှတ်မည် မဟုတ်သော်လည်း ထိုအရာများကို အသုံးပြု၍ ကျန်းချဲ့ကို နောက်ဆုတ်သွားစေမည် ဆိုပါက တန်ကြေးရှိသည်ဟု သူ ထင်မြင်ထားသည်။

နားထောင်ကောင်းအောင် ပြောရလျှင် သူတစ်ပါးနှင့် ကောင်းမွန်စွာ ဆက်ဆံခြင်း ဖြစ်ပြီး အဆိုးဆုံး ပြောရလျှင်တော့ အားနည်းသူကို အနိုင်ကျင့်ကာ အားကြီးသူကို ကြောက်ရွံ့ခြင်းသာ ဖြစ်ပေသည်။

"ဟွန့်"

ရဟန္တာ ဝူမင်က မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

သူတို့ ထျန်းလုံ ဘုန်းကြီးကျောင်းက ယွဲ့ပြည်နယ်၏ နံပါတ်တစ် ဗုဒ္ဓဘာသာဂိုဏ်း ဖြစ်ပါလျက် ကျန်းချဲ့ တစ်ယောက်တည်းကို အလျှော့ပေးရမည်လောဟု တွေးလိုက်မိသည်။ သူ၏ အမြင်တွင် ဗုဒ္ဓဘာသာဂိုဏ်းသည် ဝိညာဉ်လောက၏ နံပါတ်တစ် အဖွဲ့အစည်း ဖြစ်ပြီး လောက လူသားများကို ကယ်တင်ပေးရမည် ဖြစ်သော်လည်း စီနီယာ အစ်ကိုတော်များကတော့ သတ္တိကြောင်သွားကြပြီး ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများ၏ သွေးများ စွန်းထင်းနေသော မိစ္ဆာတစ်ကောင်ကို အလျှော့ပေးနေကြခြင်း ဖြစ်သည်။

သူ ထိုသို့ တွေးတောရခြင်းမှာ တစ်ချိန်က ထိုက်အန်းခရိုင်ရှိ ကျင်းယွမ် ဘုန်းကြီးကျောင်းမှာ သူ၏ လက်အောက်ခံ ဖြစ်ခဲ့သောကြောင့်ပင်။ ထိုအချိန်က သူ တံခါးပိတ် ကျင့်ကြံနေခဲ့သဖြင့် ထိုကိစ္စကို မသိရှိခဲ့ရပေ။ သူ တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်လာချိန်တွင် ကျန်းချဲ့က ယွဲ့ပြည်နယ်မှ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ရာ သို့မဟုတ်ပါက သူက အစောကြီးကတည်းက တံခါးလာခေါက်ပြီး ပြဿနာ ရှာခဲ့ပြီး ဖြစ်လိမ့်မည်။

"ညီတော်တို့ အားလုံး ပြန်ရောက်တဲ့အခါ လက်အောက်ခံ တပည့်တွေကို အကြောင်းပြချက် မရှိဘဲ ပြဿနာ မရှာဖို့ သေချာ သတိပေးထားကြပါ... အခု ယွဲ့ပြည်နယ်ရဲ့ အခြေအနေက မတည်မငြိမ် ဖြစ်နေတယ်... အေးအေးချမ်းချမ်း နေချင်တယ်ဆိုရင် အရမ်းကြီး မထင်ပေါ်ပါစေနဲ့... နောက်တစ်လှမ်း ဆုတ်ပေးလိုက်တာက ကျယ်ပြောတဲ့ ကောင်းကင်ကြီးကို ရလိုက်တာပါပဲ... အဲဒီကျန်းချဲ့နဲ့ လီချန်ကောတို့ကို အချင်းချင်း တိုက်ခိုက်ခိုင်းတာကမှ ကျုပ်တို့ ဗုဒ္ဓဘာသာဂိုဏ်းအတွက် အကျိုးအများဆုံး ဖြစ်စေလိမ့်မယ်"

ရဟန္တာ ဝူချန်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

သို့သော် သူ၏ အကြည့်များက ရဟန္တာ ဝူမင်အပေါ်တွင်သာ အဓိက ကျရောက်နေ၏။ ထျန်းလုံ ဘုန်းကြီးကျောင်း တစ်ခုလုံးတွင် ဤသူက အကြမ်းတမ်းဆုံး ဖြစ်သောကြောင့်ပင်။

"ကျောင်းထိုင်ဆရာတော်ရဲ့ အမိန့်အတိုင်း နာခံပါ့မယ်"

ရဟန္တာ ဝူမင်က လေးနက်စွာ ပြောလိုက်သည်။ အခြားသော ရဟန္တာများကလည်း အသီးသီး ခေါင်းညိတ်လိုက်ကြသည်။

ဤမြင်ကွင်းကို ကြည့်ပြီးနောက်မှသာ ရဟန္တာ ဝူချန်က အနည်းငယ် စိတ်အေးသွားတော့သည်။ အရေးအကြီးဆုံးမှာ မည်သူကမျှ ကျန်းချဲ့ တိုက်ရိုက် လာရောက် တိုက်ခိုက်မည် ဆိုသည့်ဘက်သို့ မတွေးမိကြခြင်းပင်။ အတိတ်က အတွေ့အကြုံများအရ ကျန်းချဲ့က ဗုဒ္ဓဘာသာဂိုဏ်းအပေါ် မကျေနပ်လျှင်တောင်မှ အရင်ဆုံး အကဲစမ်းမည် ဖြစ်ပြီး အဆင်အခြင်မဲ့ တိုက်ခိုက်မည် မဟုတ်ဟု ထင်မှတ်နေကြခြင်း ဖြစ်၏။

All Chapters