← Chapters

အခန်း ၄၃၄

Vol. 44 Ch. 434

အခန်း ၄၃၄

Vol. 44 Ch. 434

အခန်း ၄၃၄ ဗုဒ္ဓဘာသာဂိုဏ်းကို ဖျက်ဆီးမည် ဖျက်ဆီးမည်

ယွင်ပြည်နယ်၊ ကျူးချွဲဌာနခွဲ ရုံးတော်။

လေဟာနယ်ထက်တွင် လူရိပ်လေးခုက မတ်မတ်ရပ်နေကြသည်။ ကျန်းချဲ့က အလယ်ဗဟိုတွင် ရှိနေပြီး ဒုတိယသံတမန် သုံးဦးဖြစ်သော ကျိုးရွှမ်၊ ယွီဝေ့ရွှေနှင့် လျူဆန်းချိုးတို့က ကျန်းချဲ့၏ ဘေးတစ်ဖက်တစ်ချက်စီတွင် နေရာယူထားကြကာ သူတို့၏ ကိုယ်ခန္ဓာမှ ကြီးမားလှသော ဖိအားများ ထွက်ပေါ်နေ၏။

အနက်ရောင်ရုံးတော်၏ စွမ်းဆောင်ရည်အရဆိုလျှင် ထျန်းလုံဘုန်းကြီးကျောင်း၏ ပြစ်မှုအထောက်အထားများကို စုဆောင်းရန် တစ်ရက်ဆိုသော အချိန်က လုံလောက်လွန်းနေပေသည်။ စုစုပေါင်း ပြစ်မှုပေါင်း တစ်ရာ့ရှစ်ခုကို စာရင်းပြုစုထားနိုင်ခဲ့ရာ ထျန်းလုံဘုန်းကြီးကျောင်းကို အောက်ခြေအထိ စုံစမ်းစစ်ဆေးနိုင်ခဲ့သည်ဟု ဆိုရမည်သာ။

ထိုပြစ်မှု အထောက်အထားများထဲမှ တစ်ခုစီတိုင်းမှာ အမှန်တရားများချည်းသာ ဖြစ်ပြီး အပြစ်ပုံချစရာပင် မလိုခဲ့ပေ။ ထျန်းလုံဘုန်းကြီးကျောင်းက ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာဂိုဏ်းဟု ကြွေးကြော်နေသော်လည်း လက်တွေ့တွင်မူ မကောင်းမှု ဒုစရိုက်မျိုးစုံကို ကျူးလွန်ထားကြောင်း သိသာထင်ရှားလှသည်။

ထိုအထဲတွင် ထျန်းလုံဘုန်းကြီးကျောင်းက အခြားအင်အားစုများ၏ စီးပွားရေးလုပ်ငန်းများကို အတင်းအဓမ္မ လုယူထားခြင်းများ ပါဝင်ရုံသာမက လူဆိုးလူမိုက် အများအပြားကို အကာအကွယ်ပေးထားသည့် အချက်များလည်း ပါဝင်နေသည်။ ယခင်ကတော့ တော်ဝင်နန်းတော်က ဤကိစ္စများကို မျက်စိတစ်ဖက်မှိတ်၍ လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။ သို့သော် အသုံးချရမည့် အချိန်ရောက်လာသောအခါ ဤအချက်များက အကောင်းဆုံး အကြောင်းပြချက်များ ဖြစ်လာတော့သည်။

အနက်ရောင်ရုံးတော်သည် ဂိုဏ်းများကို ရှင်းလင်းသုတ်သင်ရာတွင် အကောင်းဆုံး လက်နက်တစ်ခု ဖြစ်ကြောင်း ကျန်းချဲ့ ပို၍ ခံစားလာရသည်။ လုံလောက်သော စွမ်းအားသာ ရှိနေမည်ဆိုပါက စုဆောင်းရရှိထားသော ပြစ်မှုအထောက်အထားများဖြင့် မည်သည့် အင်အားစုကိုမဆို တရားဝင် နှိမ်နင်းနိုင်ပေသည်။

ကျန်းချဲ့တို့၏ အောက်ဘက်တွင်မူ အနက်ရောင်ရုံးတော် တရားဝင်ဝတ်စုံကို ဝတ်ဆင်ထားသော လူရာချီတို့က သေသပ်ညီညာစွာ ရပ်နေကြသည်။ သူတို့ကတော့ ကျူးချွဲဌာနခွဲ တစ်ခုလုံး၏ လက်ရွေးစင် အင်အားစုပင် ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်စီတိုင်းမှာ အနည်းဆုံး ရှန်းထျန်းအဆင့် သိုင်းပညာရှင်များ ဖြစ်ကြ၏။

ဤတစ်ကြိမ်တွင် ကျန်းချဲ့က အနက်ရောင်ရုံးတော်ရှိ လူအားလုံးကို ခေါ်ဆောင်သွားရန် မရည်ရွယ်ထားပေ။ လူများလွန်းလျှင် အသုံးမဝင်သည့်အပြင် သတင်းပေါက်ကြားရန် ပို၍ လွယ်ကူသွားနိုင်သောကြောင့် ဖြစ်သည်။ သူ အလိုရှိသည်မှာ လျင်မြန်စွာ တိုက်ခိုက်ပြီး လျင်မြန်စွာ အဆုံးသတ်ရေးပင် ဖြစ်ရာ မည်သူ့ကိုမျှ တုံ့ပြန်ခွင့် ပေးမည်မဟုတ်ပေ။ အထူးသဖြင့် လီချန်ကော၏ ဘက်ကိုပင်။ ထိုသူ ဝင်ရောက် စွက်ဖက်နိုင်မည့် အကြောင်းပြချက်မျိုးကို ကျန်းချဲ့ လုံးဝ မပေးချင်ပေ။

ထျန်းလုံဘုန်းကြီးကျောင်းကို ဖျက်ဆီးပြီးနောက် ယဇ်ပူဇော်စရာ ပစ္စည်းများကို အပြည့်အစုံ စုဆောင်းကာ ဓမ္မရုပ်တုအဆင့် အထွတ်အထိပ်သို့ တက်လှမ်းနိုင်မှသာ ထိုသူနှင့် ရင်ပေါင်တန်းနိုင်မည့် အစွမ်းအစကို အမှန်တကယ် ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ ယခုလောလောဆယ်တွင်မူ သူ၏ စွမ်းအားက အတော်လေး ကွာဟနေဆဲပင် ဖြစ်၏။

"ယွဲ့ပြည်နယ်က ထျန်းလုံဘုန်းကြီးကျောင်းဟာ မကောင်းမှု ဒုစရိုက်တွေ ပြည့်နှက်နေတယ်... နာမည်ခံကသာ ဗုဒ္ဓဘာသာဂိုဏ်း ဖြစ်ပြီး လက်တွေ့မှာတော့ မိစ္ဆာဂိုဏ်းတစ်ခုပဲ... ငါက တော်ဝင်နန်းတော်ရဲ့ အမိန့်နဲ့ တောင်ပိုင်းဒေသ သုံးခုကို အုပ်ချုပ်ပြီး သိုင်းလောကရဲ့ မတရားမှုတွေကို နှိမ်နင်းဖို့ တာဝန်ယူထားသူ ဖြစ်တဲ့အတွက် ပြည်သူတွေ အနိုင်ကျင့်ခံနေရတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး... ဒါကြောင့် ဒီမတရားမှုတွေကို နှိမ်နင်းပြီး အဲဒီဗုဒ္ဓဘာသာဂိုဏ်းကို အမြစ်ပြတ် သုတ်သင်မယ်... ပြည်သူတွေအတွက် ငြိမ်းချမ်းတဲ့ ကောင်းကင်ကြီးကို ပြန်ပေးပြီး ငါတို့က တော်ဝင်နန်းတော်ရဲ့ လစာကို အလကား ထိုင်စားနေတာ မဟုတ်ဘူးဆိုတာကို သက်သေပြမယ်... မင်းတို့အားလုံး ငါနဲ့အတူ လိုက်ပါ တိုက်ပွဲဝင်ရဲလား"

ကျန်းချဲ့က အောက်ဘက်ရှိ လူများကို ကြည့်ကာ တိုက်ပွဲမဝင်မီ စိတ်ဓာတ်ခွန်အားပေး စကားများ ပြောကြားလိုက်သည်။ ဤကဲ့သို့သော ကိစ္စများအတွက် သူက ကျွမ်းကျင်ပြီးသား ဖြစ်နေပေပြီ။

အောက်ဘက်ရှိ ရာနှင့်ချီသော အနက်ရောင်ရုံးတော် သိုင်းအစောင့်အရှောက်များက တစ်ပြိုင်နက်တည်း ခါးညွှတ်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြသည်။

"သခင်ကြီးအတွက် အသက်ပေးပြီး တာဝန်ထမ်းဆောင်ပါ့မယ်"

လူတိုင်း၏ ရင်ထဲတွင် စိတ်လှုပ်ရှား တက်ကြွနေကြသည်။ သေချာသည်မှာ ဤသည်က ကျန်းချဲ့၏ စိတ်ဓာတ်ခွန်အားပေး စကားများကြောင့် မဟုတ်ဘဲ ကျန်းချဲ့၏ ရက်ရောမှုကြောင့်သာ ဖြစ်သည်။ ဤတစ်ကြိမ်တွင် အားလုံးက ခွန်အားစိုက်ထုတ်ပါက အကျိုးအမြတ် အားလုံး ခွဲဝေရရှိမည်ဟု သူက ရှင်းလင်းစွာ ပြောဆိုထားခဲ့သည် မဟုတ်ပါလား။

ထျန်းလုံဘုန်းကြီးကျောင်း ပျက်စီးသွားပါက ကျူးချွဲဌာနခွဲ ကြီးပွားတော့မည် ဖြစ်သည်။ ဤမျှ ရက်ရောသော အထက်လူကြီးအတွက် သူတို့က ဘာကြောင့် အစွမ်းကုန် မကြိုးစားဘဲ နေမည်နည်း။ သူတို့ထဲမှ အများစုမှာ နောက်ခံအင်အား မရှိကြရာ ကျင့်စဉ်အရင်းအမြစ်များ ရရှိရန်အတွက် အရာအားလုံးကို ရင်းနှီး၍ လုယူကြရမည်သာ ဖြစ်၏။

ကျန်းချဲ့က ခေါင်းညိတ်ပြလိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ လေဟာနယ်ထဲတွင် လင်းယုန်ငှက်၏ အော်သံတစ်ခု ဟိန်းထွက်လာပြီး ပေတစ်ရာခန့် ကြီးမားသော ဧရာမ လင်းယုန်ကြီး တစ်ကောင်က ကောင်းကင်ယံမှ ဆင်းသက်လာကာ ကြီးမားလှသော ဖိအားများကို ထုတ်လွှတ်နေ၏။

အရှိန်အမြင့်ဆုံးဖြစ်စေရန်အတွက် ဤတစ်ကြိမ်တွင် ကျန်းချဲ့က ကျူးချွဲဌာနခွဲမှ လက်ရွေးစင်များကိုသာ ခေါ်ဆောင်သွားမည် မဟုတ်ဘဲ ပေလင် ချီမိသားစုထံမှ ကောင်းကင်ဖုံး လင်းယုန်ကြီးကိုပါ အထူးတလည် ငှားရမ်းလာခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ အမြန်နှုန်းဖြင့်ဆိုလျှင် နှစ်ရက်ပင် မပြည့်ခင် အချိန်အတွင်း ထျန်းလုံဘုန်းကြီးကျောင်း၏ တံခါးဝသို့ ရောက်ရှိနိုင်ပေသည်။

အောက်ဘက်တွင် ကောင်းကင်ဖုံး လင်းယုန်ကြီး ဖြည်းညင်းစွာ ဆင်းသက်လာသည်နှင့်အမျှ လူရိပ်များက လေထဲသို့ လျင်မြန်စွာ ခုန်တက်သွားကြပြီး လင်းယုန်ကြီး၏ ကျောပေါ်သို့ ဆင်းသက်လိုက်ကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လူရာကျော်က အသီးသီး နေရာယူကာ အသင့်ပြင်ပြီးသား ဖြစ်သွား၏။

ယခုအချိန်တွင် ဘာမျှ ထပ်ပြောနေရန် မလိုအပ်တော့ပေ။ လင်းယုန်ငှက်၏ အော်သံ တစ်ချက်နှင့်အတူ ကောင်းကင်ဖုံး လင်းယုန်ကြီးက တောင်ပံများကို ဖြန့်ကြက်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

"သွားကြစို့... အချိန်တန်ပြီ"

ကျန်းချဲ့က ဘေးနားရှိ လူအချို့ကို တစ်ချက် ကြည့်လိုက်ပြီး ခြေတစ်လှမ်း လှမ်းလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း နေရာမှ ပျောက်ကွယ်သွား၏။ ကျိုးရွှမ်တို့ လူစုကလည်း လျင်မြန်စွာ နောက်မှ လိုက်ပါသွားကြပြီး ကျန်းချဲ့တို့၏ နောက်တွင် ခပ်လှမ်းလှမ်းမှ လိုက်ပါသွားကြသည်။

ယွင်ပြည်နယ်နှင့် ချင်းပြည်နယ် နယ်စပ်မှ ထွက်ခွာလာပြီးနောက် ကျန်းချဲ့တို့ အဖွဲ့က ဝိညာဉ်ဓားတောင်ကို ဖြတ်သန်းသွားရမည် ဖြစ်ရာ ကြိုတင် ပြင်ဆင်ထားသော ကျောက်ရှန်းကျီကလည်း မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ကျန်းချဲ့၏ အနီးသို့ ချက်ချင်း လိုက်ပါလာခဲ့သည်။ သူမက ဤခရီးစဉ်အတွက် ကျန်းချဲ့၏ အကြီးမားဆုံး အားကိုးရာပင် ဖြစ်သည်။

ပေလင် ချီမိသားစုနှင့် ပတ်သက်၍မူ ဤတစ်ကြိမ်တွင် ကျန်းချဲ့က ပထမအကြီးအကဲ ချီထျန်းကျုံနှင့် ဒုတိယအကြီးအကဲ ချီထျန်းဟယ်တို့ကို အကူအညီ တောင်းထားသော်လည်း အမှားအယွင်း မရှိပါက သူတို့ကို ဝင်ရောက် တိုက်ခိုက်ခိုင်းမည် မဟုတ်ပေ။ လီချန်ကော ရောက်လာနိုင်ခြေ ရှိခြင်းနှင့် ထျန်းလုံဘုန်းကြီးကျောင်း၏ လျှို့ဝှက် အင်အားစုများအတွက် ကြိုတင် ကာကွယ်ထားခြင်းသာ ဖြစ်၏။

ဘာပဲဖြစ်ဖြစ် ထျန်းလုံဘုန်းကြီးကျောင်းကို တိုက်ခိုက်ခြင်းက ဗုဒ္ဓဘာသာဂိုဏ်းကို စစ်ကြေညာခြင်းနှင့် အတူတူပင် ဖြစ်သည်။ ကျန်းချဲ့က တော်ဝင်နန်းတော်၏ အရာရှိ ဖြစ်သဖြင့် မည်သည့် ပြဿနာမျှ မရှိသော်လည်း ပေလင် ချီမိသားစုကတော့ အနည်းငယ် စိုးရိမ်ပူပန်မှုများ ရှိနေပေလိမ့်မည်။ ထိုအချက်ကို ကျန်းချဲ့က အပြည့်အဝ နားလည်ထားသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဂိုဏ်းနှင့် ပွင့်ပွင့်လင်းလင်း ရန်သူဖြစ်လာစေရန် ပေလင် ချီမိသားစုကို အတင်းအကျပ် တောင်းဆိုမည် မဟုတ်ပေ။ သို့သော် ကျောက်ရှန်းကျီကတော့ ထိုအရာများကို လုံးဝ ဂရုမစိုက်ပေ။

ကျန်းချဲ့ အစောပိုင်းက ပြောခဲ့သော အခြား စစ်မှန်သောသခင် တစ်ဦးဆိုသည်မှာ နဂါးအိုကြီး အောက်ခွန်းကို ဆိုလိုခြင်း ဖြစ်သည်။ ဤကဲ့သို့သော လက်မရွံ့လူမိုက် တစ်ယောက်ကို နောက်ဆုံးအချိန်အထိ အေးအေးဆေးဆေး စောင့်ဆိုင်းနေခွင့် ပေးမည်ဟု ကျန်းချဲ့က တကယ်တမ်း မရည်ရွယ်ထားပေ။ တိုက်ပွဲမစတင်မီ သူ့ကို ကယ်တင်ရန် နည်းလမ်းရှာပြီး တစ်ဖက်လူ၏ စွမ်းအားများကို အရင်ဆုံး ပွန်းပဲ့သွားအောင် လုပ်ဆောင်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ပိုင်းတွင် သူ့ကို ပြန်လည် ဖိနှိပ်နိုင်ရန် ကြိုတင် ပြင်ဆင်ထားခြင်းပင် ဖြစ်၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်ရက်ကြာသွားခဲ့ပြီ ဖြစ်သည်။

တောင်တန်းတစ်နေရာ အတွင်း၌။

ထောင်နှင့်ချီသော လက်ရွေးစင် စစ်သည်များက လက်နက်များကို ကိုင်ဆောင်ကာ အသင့်ပြင်ထားကြသည်။ ချီဟွမ်က ဦးဆောင်နေပြီး သူတို့အားလုံးမှာ ကျန်းချဲ့၏ ထျန်းနန်မြို့တော်မှ လက်အောက်ငယ်သားဟောင်းများ ဖြစ်ကြသည်။ ကျန်းချဲ့က အနက်ရောင်ရုံးတော်မှ လူအင်အား အများကြီးကို ခေါ်မလာခဲ့ပေ။

သို့သော် ထိုအရာက ကျန်းချဲ့ အနေဖြင့် ထိုလူများကိုသာ အသုံးပြုမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ထျန်းလုံဘုန်းကြီးကျောင်းက ယွဲ့ပြည်နယ်၏ နံပါတ်တစ် ဗုဒ္ဓဘာသာဂိုဏ်း ဖြစ်ရာ လက်အောက်ခံ တပည့်ပေါင်း ထောင်နှင့်ချီ ရှိနေသည်။ ကျန်းချဲ့က သူ၏ လက်အောက်ငယ်သားများကို အသေအပျောက် များစေရန် အလိုမရှိသောကြောင့် အရာအားလုံးကို ပြီးပြည့်စုံအောင် ကြိုတင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ပေလင်ဒေသတွင် နေထိုင်စဉ်ကတည်းက ချီဟွမ်တို့ကို ကြိုတင် အကြောင်းကြားထားခဲ့ခြင်း ဖြစ်၏။

ဤလူများက စွမ်းအား မလုံလောက်သော်လည်း ကျန်းချဲ့ အမြဲတမ်း ပြုစုပျိုးထောင်ပေးခဲ့သော ယုံကြည်ရသည့် လူယုံများ ဖြစ်ကြသည်။ နောက်ပိုင်းတွင် ကျန်းချဲ့နှင့် လီချန်ကောတို့ စစ်ပွဲဖြစ်လာပါကလည်း လူအင်အား လိုအပ်ဦးမည် ဖြစ်ရာ သူတို့ကို စွန့်လွှတ်လိုက်ရန် မဖြစ်နိုင်ပေ။ လူတိုင်းက သူ၏ အတွက် အသက်ပေးပြီး တာဝန်ထမ်းဆောင်ရမည် ဖြစ်ကာ ယခုအချိန်တွင် သူတို့ကို အတွေ့အကြုံ ရင့်ကျက်လာစေရန် လေ့ကျင့်ပေးရန် လိုအပ်ပေသည်။

"သခင်ကြီး"

"စစ်သေနာပတိ"

"တပ်မှူး"

ကျန်းချဲ့ ပေါ်လာချိန်တွင် ထျန်းနန်မြို့တော်မှ ရောက်ရှိလာသော စစ်သည်များ အားလုံး စိတ်လှုပ်ရှားသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် အရိုအသေ ပေးလိုက်ကြသည်။ သူတို့၏ ခေါ်ဝေါ်ပုံများကလည်း တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။ ထိုအရာက သူတို့ ကျန်းချဲ့နောက်သို့ မည်သည့်အချိန်က စတင် လိုက်ပါခဲ့ကြောင်းကို ပြသနေခြင်း ဖြစ်၏။

"ဒီလပိုင်းတွေအတွင်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်"

ကျန်းချဲ့က ချီဟွမ်၏ ပခုံးကို ပုတ်ကာ အားပေးစကား ပြောလိုက်သည်။

"အကုန်လုံးက သခင်ကြီးအတွက် တာဝန်ထမ်းဆောင်နေတာပါ"

ချီဟွမ်က တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစား ထိန်းချုပ်ထားသော်လည်း အမှန်တကယ်တော့ သူ၏ ရင်ထဲတွင် အနည်းငယ် ဝမ်းသာနေမိသည်။ အရင်က ကျန်းချဲ့ မြို့တော်သို့ ပြောင်းရွှေ့သွားစဉ်က သူတို့အားလုံး အနည်းငယ် စိတ်ဓာတ်ကျခဲ့ကြပြီး နောင်တစ်ချိန်တွင် နောက်သို့ လိုက်ပါရန် အခွင့်အရေး ရနိုင်တော့မည် မဟုတ်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် ယခု ကျန်းချဲ့၏ အမိန့်တစ်ချက်က သူတို့ကို ကျန်းချဲ့၏ ရင်ထဲတွင် မှတ်မိနေသေးကြောင်း နားလည်သွားစေခဲ့၏။

"ဒါဆိုရင်လည်း ထျန်းလုံဘုန်းကြီးကျောင်းကို ဖျက်ဆီးပစ်တာက ငါ ယွဲ့ပြည်နယ်ကို ပြန်လည် စိုးမိုးမယ့် ပထမဆုံး တိုက်ပွဲ ဖြစ်ပါစေ... မင်းတို့ ငါ့ကို စိတ်ပျက်အောင် မလုပ်ကြနဲ့"

ကျန်းချဲ့က ခပ်ရေးရေး ပြုံးကာ ပြောလိုက်သည်။

"သခင်ကြီး စိတ်ချပါ... ကျွန်တော်တို့ သခင်ကြီးကို သေချာပေါက် စိတ်ပျက်အောင် မလုပ်ပါဘူး"

ချီဟွမ်က ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။ သူ၏ နောက်တွင်ရှိသော သိုင်းသခင် အချို့ကလည်း အသီးသီး ထောက်ခံပြောဆိုလိုက်ကြသည်။

သူတို့ထဲမှ အချို့မှာ တစ်ချိန်က ထျန်းနန်မြို့တော်၏ ဗိုလ်ချုပ်များ ဖြစ်ကြပြီး အချို့မှာ နောက်ပိုင်းမှ ခေါ်ယူထားသော သိုင်းလောကမှ သိုင်းသခင်များ ဖြစ်ကြသည်။ သို့သော် ယခုအချိန်တွင် သူတို့အားလုံး၏ ရင်ထဲ၌ စိတ်လှုပ်ရှား တက်ကြွနေကြ၏။ အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့က ယခုအခါ ယွဲ့ပြည်နယ် မြို့တော်ဝန် ဖြစ်နေပြီ ဖြစ်သောကြောင့်ပင်။ နယ်စားပယ်စား အရာရှိကြီး တစ်ဦး၏ ခမ်းနားထည်ဝါမှုက စတင် ပေါ်လွင်လာပြီ ဖြစ်သည်။ ယခုအချိန်က နောက်ဆုံး လိုက်ပါခွင့်ရမည့် အခွင့်အရေးပင် ဖြစ်၏။

"စီနီယာ"

ကျန်းချဲ့က လူတိုင်း၏ မျက်နှာများကို တစ်ချက်စီ လိုက်ကြည့်ပြီးနောက် ရုတ်တရက် တိုးညှင်းစွာ ခေါ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ချီရွှယ်မိစ္ဆာသခင်က သွေးရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ အစစ်အမှန် ခန္ဓာကိုယ် ထွက်ပေါ်လာသည်။

"အချိန်တန်ပြီ"

"စောင့်ကြည့်နေလိုက်"

ချီရွှယ်မိစ္ဆာသခင်က မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်ပြီး သွေးရောင်အလင်းတန်း တစ်ခုအဖြစ် တိုက်ရိုက် ပြောင်းလဲကာ လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

ဤတစ်ကြိမ် အောက်ခွန်းကို ကယ်တင်မည့် အစီအစဉ်ကို ချီရွှယ်မိစ္ဆာသခင်က ဦးဆောင်မည် ဖြစ်ပြီး သူ၏ တာဝန်မှာ ထျန်းလုံဘုန်းကြီးကျောင်းမှ လူများအားလုံး၏ အာရုံစိုက်မှုကို အပြင်ဘက်သို့ ဆွဲဆောင်ကာ အချိန်ဆွဲပေးရန် ဖြစ်သည်။ ထျန်းလုံဘုန်းကြီးကျောင်းဘက်က အနည်းငယ် ပေါ့ဆသွားသည်နှင့် ကပ်ဆိုးတစ်သောင်း မိစ္ဆာဓားကို ကိုင်ဆောင်ထားသော ချီရွှယ်မိစ္ဆာသခင်က အောက်ခွန်း၏ ကိုယ်ပေါ်ရှိ သံကြိုးများကို ဖြတ်တောက်ကာ ထျန်းလုံဘုန်းကြီးကျောင်း၏ မြေကြောကို လှုပ်ခါပြီး အောက်ခွန်းကို အပြီးတိုင် လွတ်မြောက်စေမည် ဖြစ်၏။

ထိုအရာက အမှန်တကယ်တော့ အောက်ခွန်း ကိုယ်တိုင် တောင်းဆိုထားခြင်း ဖြစ်သည်။ ၎င်းမှာ သူ၏ ယခင် ရည်မှန်းချက်များထဲမှ တစ်ခုပင် ဖြစ်ခဲ့၏။ ဝမ်းနည်းစရာ ကောင်းသည်မှာ နောက်ပိုင်းတွင် သူ၏ ကိုယ်ပွားက လော့ဖုန်းတောင်ကြားတွင် ပျက်စီးသွားခဲ့သဖြင့် ကျန်းချဲ့၏ အင်အားကို မဖြစ်မနေ အားကိုးခဲ့ရခြင်း ဖြစ်သည်။

"ငါ့အမိန့်ကို နာခံ... လှုပ်ရှားကြ"

ကျန်းချဲ့က လက်ကြီးကို ဝှေ့ယမ်းလိုက်ရာ ထောင်နှင့်ချီသော လက်ရွေးစင် စစ်သည်များက တစ်ပြိုင်နက်တည်း မြင်းပေါ်တက်ကာ ကြီးမားသော ရေစီးကြောင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထျန်းလုံဘုန်းကြီးကျောင်းဆီသို့ ဦးတည်သွားကြသည်။ တစ်ချိန်တည်းမှာပင် လေဟာနယ် အထက်တွင် လေထဲပျံသန်းနေသော လူရိပ်မည်းများက တစ်ဆက်တည်း ဖြတ်ပြေးသွားကြ၏။ အရပ်လေးမျက်နှာ ရှစ်မျက်နှာမှ ထျန်းလုံဘုန်းကြီးကျောင်းကို စတင် ဝန်းရံလိုက်ကြသည်။

အချိန်အနည်းငယ် ကြာပြီးနောက် ကျန်းချဲ့က အနက်ရောင်ရုံးတော်မှ ဒုတိယသံတမန် အချို့ကို ဦးဆောင်ကာ ထျန်းလုံဘုန်းကြီးကျောင်းရှေ့သို့ ပထမဆုံး ရောက်ရှိလာပြီး သူ၏ ကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို မည်သည့် ဖုံးကွယ်မှုမျှ မရှိဘဲ အရပ်လေးမျက်နှာ ရှစ်မျက်နှာသို့ ထုတ်လွှတ်လိုက်သည်။ လေဟာနယ်ထက်တွင် သွေးပင်လယ်ကြီးက လှိုင်းလုံးများ ထနေ၏။ သွေးရောင် စစ်မှန်သော နဂါးများက ထျန်းလုံဘုန်းကြီးကျောင်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။

ကျန်းချဲ့၏ မျက်နှာက ခံစားချက် ကင်းမဲ့နေပြီး ရင်ထဲတွင် အလွန် ငြိမ်သက်နေပေသည်။ ယခင်က ပေလင် ချီမိသားစု၏ အကူအညီဖြင့် နဂါးကျား တာအိုဂိုဏ်းကို ဖျက်ဆီးခဲ့ချိန်နှင့် နှိုင်းယှဉ်လျှင် ယခု သူကိုယ်တိုင် ထျန်းလုံဘုန်းကြီးကျောင်းကို နှိမ်နင်းရာတွင် ယခင်ကကဲ့သို့ စိတ်လှုပ်ရှား တက်ကြွနေခြင်းမျိုး မရှိတော့ပေ။ ဖြစ်နိုင်သည်မှာ သူ၏ အမြင်က များစွာ ကျယ်ပြန့်လာသောကြောင့်လည်း ဖြစ်ပေလိမ့်မည်။

ယခုအချိန်တွင် ထျန်းလုံဘုန်းကြီးကျောင်း အတွင်း၌။ လူတိုင်းက ဘာဖြစ်နေမှန်း မသိကြသေးပေ။ အချို့က သိုင်းပညာ ကျင့်ကြံကာ ခန္ဓာကိုယ်ကို လေ့ကျင့်နေကြပြီး အချို့က ဘုရားစာ ရွတ်ဖတ်နေကြကာ အချို့ကလည်း တင်ပျဉ်ခွေ ထိုင်၍ တရားမှတ်နေကြလျက် အသီးသီး ကျင့်ကြံခြင်းတွင် နစ်မြုပ်နေကြ၏။ သို့သော် ရုတ်တရက် ကောင်းကင်၏ အရောင် ပြောင်းလဲသွားမှုက လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။

လူအများက ခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင် တစ်ခွင်လုံးတွင် သွေးရောင်များ ဖုံးလွှမ်းနေပြီး နဂါးဟိန်းသံများ ပဲ့တင်ထပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ မရေမတွက်နိုင်သော သွေးရောင် စစ်မှန်သော နဂါးများက ဟိန်းဟောက်ကာ ဆင်းသက်လာကြရာ ဤအချိန်တွင် တစ်စုံတစ်ယောက်က ထျန်းလုံဘုန်းကြီးကျောင်းကို လာရောက် တိုက်ခိုက်နေပြီ ဖြစ်ကြောင်း မည်သူက မသိဘဲ နေမည်နည်း။ ချက်ချင်းပင် အသီးသီး တုံ့ပြန်ရန် အသင့်ပြင်လိုက်ကြသည်။ အကယ်၍ အထက်မှ အောက်သို့ ငုံ့ကြည့်မည်ဆိုပါက မရေမတွက်နိုင်သော ဘုန်းကြီးများက ဂိုဏ်းတံခါးဝသို့ စုရုံးလာနေကြသည်ကို မြင်တွေ့နိုင်ပေသည်။

"ဘုန်း"

"ဘုန်း"

သွေးရောင် စစ်မှန်သော နဂါးများက ထျန်းလုံဘုန်းကြီးကျောင်းအပေါ်သို့ ဆက်တိုက် ဝင်တိုက်လိုက်ရာ ရွှေရောင် ခေါင်းလောင်းကြီး တစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရပြီး အဆုံးအစမရှိသော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။ အနီးနားရှိ ဘုန်းကြီးအချို့မှာ ပေါက်ကွဲမှု အရှိန်ကြောင့် အပေါက်ခုနစ်ပေါက်မှ သွေးများပင် ယိုစီးကျလာကြ၏။

ထို့နောက် ထျန်းလုံဘုန်းကြီးကျောင်း၏ နေရာအနှံ့အပြားမှ ရွှေရောင်အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းနှင့်အတူ ဒေါသတကြီး အော်ဟစ်သံ အချို့လည်း ထွက်ပေါ်လာ၏။

"ရိုင်းစိုင်းလိုက်တာ... ဘယ်က မိစ္ဆာက ဒီနေရာမှာ လာပြီး ရမ်းကားရဲတာလဲ"

"သတ္တိကြောင်လိုက်တာ... ဗုဒ္ဓဘာသာဂိုဏ်းရဲ့ သန့်ရှင်းတဲ့ နေရာမှာ သာမန်လူယုတ်မာတွေကို သောင်းကျန်းခွင့် ပေးမယ်ထင်နေလား"

"မိစ္ဆာကောင်... သေလမ်းကို ကိုယ်တိုင် ရှာနေတာပဲ"

မျက်တောင်တစ်ခတ်အတွင်း ထျန်းလုံဘုန်းကြီးကျောင်း၏ ရဟန္တာငါးပါး အသီးသီး ထွက်ပေါ်လာကြသည်။ ဦးဆောင်လာသူမှာ ကျောင်းထိုင်ဆရာတော် ဝူချန်ပင် ဖြစ်၏။ ယခုအချိန်တွင် သူက လှပသော သင်္ကန်းကို ဝတ်ဆင်ထားပြီး လပြည့်ဝိညာဉ် တောင်ဝှေးကို ကိုင်ဆောင်ထားကာ သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် ရွှေရောင်အလင်းတန်းများ ဝန်းရံနေပေသည်။ အလွန် ကြင်နာတတ်သော မျက်နှာထားရှိသည့် ဗုဒ္ဓဘာသာဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်ကြီး တစ်ဦး၏ အသွင်အပြင်ပင်။

သူက ပတ်ဝန်းကျင်တွင် ပေါ်ထွက်နေသော သွေးရောင် ကောင်းကင်ကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး ရွှေရောင်အလင်းတန်းဖြင့် ပတ်ဝန်းကျင်ရှိ ထူးဆန်းသော မြင်ကွင်းများကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူ၏ အကြည့်များက အရှေ့ဘက်တွင် ဦးဆောင်နေသော လူရိပ်မည်း တစ်ခုအပေါ်သို့ ကျရောက်သွား၏။

တတိယအဆင့် တရားဝင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားကဲ့သို့ စူးရှသော မျက်ခုံးနှင့် ကြယ်ကဲ့သို့ တောက်ပသော မျက်လုံးများ ရှိကာ ခန္ဓာကိုယ်က သွယ်လျနေသည်။ မျက်ဝန်းတစ်စုံက မျက်မြင်မရသော အေးစက်စက် အလင်းတန်းများကို ထုတ်လွှတ်နေ၏။ အရေးအကြီးဆုံးမှာ ထိုသူ၏ အသွင်အပြင်က သူ့ကို ရင်းနှီးနေသလို ခံစားရစေခြင်းပင် ဖြစ်သည်။

သူ၏ ရင်ထဲတွင် ရုတ်တရက် တုန်လှုပ်သွားပြီး လေးနက်သော အသံဖြင့် မေးလိုက်သည်။

"ကွမ်ကျွင်းနယ်စား ကျန်းချဲ့လား"

"မှန်တယ်... ငါပဲ"

ကျန်းချဲ့က လက်နောက်ပစ်ကာ မတ်မတ်ရပ်နေသည်။ သူ၏ ဝတ်ရုံများက အေးစက်သော လေတိုက်ခတ်မှုအောက်တွင် တဖျပ်ဖျပ် မြည်နေပြီး မျက်ခုံးများကြားတွင် လူကို ရင်တုန်စေလောက်သည့် အေးစက်စက် အငွေ့အသက်များ ကိန်းအောင်းနေကာ မည်သည့် ဖုံးကွယ်မှုမျှ မရှိဘဲ သူ၏ နာမည်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။

ဝူချန်၏ ရင်ထဲတွင် ချက်ချင်း လေးလံသွားပြီး ကျန်းချဲ့၏ နောက်တွင်ရှိသော လူများကို တစ်ယောက်ပြီးတစ်ယောက် လိုက်ကြည့်လိုက်သည်။ သူက မျက်လုံးများကို မှေးကာ အခြေအနေ မဟန်တော့ကြောင်း သိရှိသွားပြီ ဖြစ်၏။ တစ်ဖက်လူက ဤတစ်ကြိမ်တွင် ရည်ရွယ်ချက် ကောင်းဖြင့် လာခြင်း မဟုတ်ပေ။

"ဒါယကာကျန်း... ဒီကို လာတာ ဘာကိစ္စများ ရှိလို့လဲ"

သူ၏ ရင်ထဲတွင် ကျန်းချဲ့၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိနေပြီ ဖြစ်သော်လည်း သူက အပြည့်အဝ အတည်မပြုရဲသေးပေ။ ဘာပဲဖြစ်ဖြစ် ထျန်းလုံဘုန်းကြီးကျောင်းက ယွဲ့ပြည်နယ်၏ နံပါတ်တစ် ဗုဒ္ဓဘာသာဂိုဏ်း ဖြစ်ပြီး ဂုဏ်သတင်း ကြီးမားလှသည်။ ကျန်းချဲ့က အရင်ကိစ္စများနှင့် ပတ်သက်၍ အနည်းငယ် မကျေမနပ် ဖြစ်နေလျှင်တောင်မှ ဤမျှလောက် အဆင်အခြင်မဲ့ မလုပ်သင့်ပေ။ သူ၏ ရင်ထဲတွင် ဗုဒ္ဓဘာသာဂိုဏ်းကို တစ်စက်လေးမျှ မကြောက်ရွံ့ဘဲ တကယ်ပဲ ဥပဒေမဲ့ လုပ်ရဲသည်လားဟု တွေးလိုက်မိ၏။

ကျန်းချဲ့က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အလင်းတန်းများ ဖြာထွက်နေသော စာချွန်တော်တစ်ခုက ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်ထွက်လာပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ကျင်းယွမ် ခုနစ်နှစ်... ထျန်းလုံဘုန်းကြီးကျောင်းက အနက်ရောင် ကျောက်စိမ်းတွင်း တစ်ခုကို အတင်းအဓမ္မ လုယူခဲ့ပြီး မိစ္ဆာဂိုဏ်းဝင်ဆိုတဲ့ အမည်ခံနဲ့ ဆန်းဟယ်ဂိုဏ်းကို ဖျက်ဆီးကာ ဆန်းဟယ်ဂိုဏ်း တပည့် တစ်ရာ့နှစ်ဆယ့်ခုနစ်ယောက်ကို ဖမ်းဆီးချုပ်နှောင်ခဲ့တယ်"

"ကျင်းယွမ် ကိုးနှစ်... တော်ဝင်နန်းတော်က သိုင်းလောကမှ ဓားပြကြီး မြောင်ရန်ဖုန်းကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမဲ့ ထျန်းလုံဘုန်းကြီးကျောင်းက အမှားကို ပြင်ဆင်ပြီး ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်လာပြီဆိုတဲ့ အကြောင်းပြချက်နဲ့ တော်ဝင်နန်းတော်ရဲ့ ဥပဒေကို လျစ်လျူရှုပြီး မြောင်ရန်ဖုန်းကို နှစ်ခြောက်ဆယ်ကြာ အကာအကွယ် ပေးထားခဲ့တယ်"

"ကျန်းဟယ် တစ်နှစ်..."

"ကျန်းဟယ် ဆယ့်ခြောက်နှစ်..."

"ခိုင်ယွမ် သုံးနှစ်..."

"ခိုင်ယွမ် ဆယ်နှစ်..."

"ယွမ်ခန် ဆယ့်နှစ်နှစ်... ထျန်းလုံဘုန်းကြီးကျောင်းက ပေလင် ချီမိသားစု ပိုင်ဆိုင်တဲ့ သတ္တုတွင်း သုံးခုကို ကျူးကျော် သိမ်းပိုက်ခဲ့ပြီး ဒီနေ့အထိ ပြန်မပေးသေးဘူး..."

"နှစ်ပေါင်း ရာနဲ့ချီတဲ့ ကာလအတွင်း ထျန်းလုံဘုန်းကြီးကျောင်းက မကောင်းမှု ဒုစရိုက်တွေကို ဆက်တိုက် ကျူးလွန်ခဲ့ပြီး တော်ဝင်နန်းတော်ရဲ့ ဥပဒေတွေကို လျစ်လျူရှုကာ တော်ဝင်နန်းတော်ရဲ့ အာဏာကို စော်ကားခဲ့တယ်... မင်းက ငါ ဒီကို ဘာလာလုပ်တာလဲလို့ မေးနေတယ်ပေါ့... ကောင်းပြီလေ... ဒီကျန်းက မင်းကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်မယ်... ငါ ဒီကို လာတာ ဗုဒ္ဓဘာသာဂိုဏ်းကို ဖျက်ဆီးပြီး မကောင်းမှုတွေကို ရှင်းလင်းဖို့ပဲ"

ကျန်းချဲ့၏ အသံက ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်သွားပြီး အရပ်လေးမျက်နှာ ရှစ်မျက်နှာသို့ ဆက်တိုက် ပျံ့နှံ့သွားသည်။ ပြစ်မှုအထောက်အထားများကို လက်တွင် ကိုင်ဆောင်ထားကာ သူ့ကိုယ်သူ ပြည်သူများအတွက် တရားမျှတမှုကို ရှာဖွေပေးသော အရာရှိကောင်း တစ်ဦးအဖြစ် ပုံဖော်လိုက်ပြီး ထျန်းလုံဘုန်းကြီးကျောင်းကိုမူ မကောင်းမှုများ ပြည့်နှက်နေသော မိစ္ဆာဂူတစ်ခုအဖြစ် သတ်မှတ်လိုက်၏။

မျက်တောင်တစ်ခတ်အတွင်း ထျန်းလုံဘုန်းကြီးကျောင်း၏ ရဟန္တာငါးပါးစလုံး၏ မျက်နှာများက ပုံမှန်မဟုတ်ဘဲ အလွန် ဆိုးရွားသွားကြသည်။ သူတို့က ကျန်းချဲ့ ဤတစ်ကြိမ် ရောက်လာခြင်းက အလွယ်တကူ လက်လျှော့မည် မဟုတ်ကြောင်း ခန့်မှန်းမိသော်လည်း ကျန်းချဲ့က ထျန်းလုံဘုန်းကြီးကျောင်း၏ ပြီးခဲ့သော နှစ်များအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများကို စာလုံးတစ်လုံးချင်းစီ အတိအကျ ရွတ်ဖတ်ပြလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။ ဤသည်မှာ သေခန်းပြတ် တိုက်ခိုက်တော့မည့် အဓိပ္ပာယ်ပင်။

"စွပ်စွဲတာပဲ... ဒါတွေ အားလုံးက စွပ်စွဲချက်တွေချည်းပဲ... ငါတို့ ထျန်းလုံဘုန်းကြီးကျောင်းက ဗုဒ္ဓဘာသာဂိုဏ်းရဲ့ သန့်ရှင်းတဲ့ နယ်မြေ ဖြစ်တယ်... လုပ်ရပ်တိုင်းက လောက လူသားတွေကို ကယ်တင်ဖို့နဲ့ ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် တိုက်တွန်းဖို့ချည်းပဲ... မင်းက ဒီမှာ လာပြီး အဖြူအမည်းကို ပြောင်းပြန် လှန်ရဲတယ်ပေါ့လေ"

"သတ္တိကြောင်လိုက်တာ... ကျန်းချဲ့ မင်းက ငါတို့ ဗုဒ္ဓဘာသာဂိုဏ်းရဲ့ သန့်ရှင်းတဲ့ နေရာကို ဒီလို စော်ကားရဲတယ်ပေါ့လေ"

"မိစ္ဆာကောင်... ဒီမှာ လာပြီး ခွေးလို အူမနေနဲ့"

ရဟန္တာ အချို့က သတိပြန်ဝင်လာပြီးနောက် ချက်ချင်းပင် ကျန်းချဲ့ကို ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ ကျန်းချဲ့ ပြောသမျှ အရာအားလုံးက အဓိပ္ပာယ်မရှိသော စကားများ ဖြစ်နေသည့်အလားပင်။

"ဒါက စွပ်စွဲတာ ဟုတ်မဟုတ် အဖြူအမည်းကို ပြောင်းပြန် လှန်တာ ဟုတ်မဟုတ် မင်းတို့ ရင်ထဲမှာ အရှင်းကြီး သိနေတာပဲ... ငါက ဘာမှ ထပ်ရှင်းပြမနေတော့ဘူး... မင်းတို့ သိထားရမှာ တစ်ခုတည်းက ဒီတစ်ခေါက် လာတာ ဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ဖို့ပဲ... ကျန်တာတွေက အရေးမကြီးဘူး"

ရဟန္တာ အချို့၏ ဒေါသတကြီး ဖြစ်နေမှုနှင့် နှိုင်းယှဉ်ပါက ကျန်းချဲ့၏ မျက်နှာထားက ပုံမှန်မဟုတ်ဘဲ တည်ငြိမ်နေသည်။ မဟုတ်ပေ တိတိကျကျ ပြောရလျှင် ခံစားချက် ကင်းမဲ့နေခြင်းပင်။

ဝူချန်က လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး လက်ကာပြကာ သူ၏ ညီတော်များ၏ အော်ဟစ်ဆဲဆိုမှုများကို တားဆီးလိုက်ပြီး လေးနက်သော အသံဖြင့် မေးလိုက်သည်။

"ဒါယကာကျန်း... ဒီကြားထဲမှာ နားလည်မှုလွဲတာ တစ်ခုခုများ ရှိနေသလား"

ကျန်းချဲ့က ဝူချန်ကို တည်ငြိမ်သော အကြည့်များဖြင့် ကြည့်လိုက်သည်။

"ပထမအချက်... ဒီပြစ်မှု အထောက်အထားတွေက စာကြောင်းတိုင်း အမှန်တရားတွေချည်းပဲ... ဘာနားလည်မှုလွဲတာမှ မရှိဘူး"

"ဒုတိယအချက်... ငါက တော်ဝင်နန်းတော်က ကိုယ်တိုင် ခန့်အပ်ထားတဲ့ ကွမ်ကျွင်းနယ်စား၊ ကျူးချွဲဌာနခွဲရဲ့ တတိယအဆင့် နတ်သံတမန် ဖြစ်တယ်... ဘာဒါယကာမှ မဟုတ်ဘူး... မင်းက ရာထူးနဲ့ ခေါ်ရမယ်"

"အ... အမတ်မင်းကျန်း... ထျန်းလုံဘုန်းကြီးကျောင်းက တာ့လေ့ယင် ဘုန်းကြီးကျောင်းရဲ့ အဆက်အနွယ်၊ ဗုဒ္ဓဘာသာဂိုဏ်းရဲ့ အကိုင်းအခက် ဖြစ်တယ်... မင်း ဒီလိုလုပ်ရင် ကျာလော့ ဗောဓိသတ် ဒေါသထွက်မှာကို မကြောက်ဘူးလား... အခု ပြန်ဆုတ်သွားမယ် ဆိုရင် ဘာမှ မဖြစ်ခဲ့သလို သဘောထားပေးမယ်... ဘယ်လိုလဲ”

All Chapters