အခန်း ၄၃၅
Vol. 44 Ch. 435
အခန်း ၄၃၅ တိုက်ခိုက်ခြင်း၊ တစ်ပွဲလုံးကို တုန်လှုပ်သွားစေမှု
တကယ်တော့ ကျန်းချဲ့ကို ဝူချန်က မကြောက်ရွံ့သော်လည်း အလွန်တော့ စိုးရိမ်နေမိသည်။ မည်သို့ပင်ဆိုစေ ကျန်းချဲ့မှာ တော်ဝင်နန်းတော်၏ တတိယအဆင့် အရာရှိကြီး ဖြစ်နေသည့်အပြင် အနက်ရောင်ရုံးတော် ကျူးချွဲဌာနခွဲကဲ့သို့သော အာဏာရှိသည့် ရုံးတော်တစ်ခုကိုပါ ကိုင်တွယ်ထားသူ ဖြစ်နေသည် မဟုတ်ပါလား။
အကယ်၍များ ရန်သူဖြစ်သွားပါက ထျန်းလုံဘုန်းကြီးကျောင်း အနေဖြင့်လည်း အနည်းနှင့်အများ ထိခိုက်နစ်နာရမည်သာ ဖြစ်သည်။ ထို့အပြင် ကျန်းချဲ့၏ နောက်ကျောတွင် ပေလင်ချီမိသားစုနှင့် ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက်တို့၏ ကျောထောက်နောက်ခံ ရှိနေသေးရာ မတတ်သာသည့် အခြေအနေမျိုး မရောက်မချင်း ကျန်းချဲ့နှင့် သေခန်းပြတ် တိုက်ခိုက်ရန် သူ လုံးဝ ဆုံးဖြတ်မည် မဟုတ်ပေ။
သို့သော် ၎င်းမှာ သူ၏ အမြင်သာ ဖြစ်ပြီး ကျန်းချဲ့၏ အမြင်တွင်မူ ဤတစ်ကြိမ် သူ လာရောက်ခြင်းက လက်စားချေရန် သက်သက်သာ ဖြစ်၏။ ကျာလော့ ဗောဓိသတ်ကို လက်စားချေရန် သူ၏ လက်ရှိ စွမ်းအားက မလုံလောက်သေးသော်လည်း ထျန်းလုံဘုန်းကြီးကျောင်းကိုတော့ ဖိနှိပ်နိုင်စွမ်း ရှိသည်။ သူ့ကို အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်သည်ဟု ဆိုချင်လည်း ဆိုနိုင်သည်။ အပြစ်ပုံချသည်ဟု ဆိုချင်လည်း ဆိုနိုင်သည်။ မည်သို့ပင်ဖြစ်စေ ထျန်းလုံဘုန်းကြီးကျောင်းကိုတော့ သူ သေချာပေါက် အမြစ်ပြတ် သုတ်သင်ပစ်မည်သာ ဖြစ်သည်။
ဝူချန်၏ ကောင်းမွန်စွာ ဖျောင်းဖျနေမှုများကို ရင်ဆိုင်ရာတွင် ကျန်းချဲ့က အေးစက်စက် ရယ်မောလိုက်သည်။
"ကျာလော့ ဗောဓိသတ်ကို သုံးပြီး ငါ့ကို ဖိနှိပ်နေတာလား"
"ဒီလို မဟုတ်ပါဘူး... လောကကြီးကို သွေးချောင်းမစီးစေချင်လို့ပါ" ဟု ဝူချန်က ခေါင်းခါရင်း ပြောလိုက်သည်။
"မင်းတို့ ဗုဒ္ဓဘာသာဂိုဏ်းကို ဖျက်ဆီးတာက သက်ရှိတွေကို သတ်ဖြတ်တယ်လို့ မခေါ်နိုင်သလို သွေးချောင်းစီးတယ်လို့လည်း မဆိုနိုင်ဘူး... ထျန်းလုံဘုန်းကြီးကျောင်းရဲ့ ပြစ်မှု အထောက်အထား တစ်ခုချင်းစီကို ငါ သေချာ စုံစမ်းစစ်ဆေးပြီးပြီမို့လို့ ဒီမှာ ဘာညှိနှိုင်းစရာမှ မရှိတော့ဘူး... ဝူချန်... မင်းက လက်မြှောက် အရှုံးပေးပြီး တော်ဝင်နန်းတော်ရဲ့ အပြစ်ပေးမှုကို ခံယူမလား... ဒါမှမဟုတ် တော်ဝင်နန်းတော်ကို ဆန့်ကျင်ပြီး အဆုံးထိ ခုခံသွားမလား" ဟု ကျန်းချဲ့က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"ဒီလိုဆိုတော့ နတ်သံတမန်ကျန်းက ဒီတစ်ကြိမ်မှာ သေခန်းပြတ် တိုက်ခိုက်တော့မယ့် သဘောပေါ့" ဟု ဝူချန်က ခေါင်းမော့ကာ ပြောလိုက်သည်။ မူလက ကြင်နာတတ်သော မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားပြီး ဒေါသထွက်နေသော ဗာဂျရာ တစ်ပါးအဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။
"မင်းသေမှပဲ ပြီးဆုံးမယ့် ပွဲပဲ" ဟု ကျန်းချဲ့က တုံ့ပြန်လိုက်သည်။
ဝူချန်က အသက်ရှူကြိမ် အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူ၏ အကြည့်များက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ကာ နောက်ဆုံးတွင် ကျန်းချဲ့၏ အပေါ်သို့ ကျရောက်သွားပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ဒီလိုဆိုမှတော့ ဒီဘုန်းကြီးက နတ်သံတမန်ကျန်းရဲ့ စွမ်းအားတွေကို မြည်းစမ်းကြည့်ရတော့မှာပေါ့"
စကားသံ အဆုံးတွင် ဝူချန်က ဆက်လက် ဖုံးကွယ်မထားတော့ဘဲ သူ၏ ကိုယ်ပေါ်မှ ရှန်ရှန်းအဆင့် နောက်ပိုင်း စစ်မှန်သောသခင်အဆင့်၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ချက်ချင်း ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ရွှေရောင်အလင်းတန်းများက ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံး လင်းထိန်သွားပြီး လေဟာနယ်ထက်တွင် လက်ခြောက်ဖက်ပါသော ရဟန္တာ ဓမ္မရုပ်တု တစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။
ပေတစ်ရာခန့် မြင့်မားသော ကိုယ်ထည်ကြီးက နတ်ဘုရားတစ်ပါးအလား ခန့်ညားထည်ဝါနေသည်။ ယခုအချိန်အထိ ရောက်လာပြီဖြစ်ရာ ဝူချန် အနေဖြင့် ကျန်းချဲ့၏ ရည်ရွယ်ချက်ကို လုံးဝ နားလည်သွားပြီ ဖြစ်သည်။ တစ်ပွဲတစ်လမ်း မတိုက်ခိုက်ဘဲနှင့်တော့ လွယ်လွယ်ကူကူ ပြီးဆုံးမည် မဟုတ်ပေ။ သူ၏ ဆုတ်ခွာပေးမှုက ကျန်းချဲ့ကို ပို၍ အတင့်ရဲလာစေမည်သာ ဖြစ်၏။
ထျန်းလုံဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် တစ်ဦးအနေဖြင့် သူက သူ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြသရန် လိုအပ်ပေသည်။ ထို့ကြောင့် အစွမ်းပြ၍ ဖိနှိပ်ရန်သာ ရှိတော့သည်။
ချင်းထျန်းမိစ္ဆာဂိုဏ်းမှ ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး နန်ကုန်းကျိ တစ်ယောက် ကျန်းချဲ့၏ လက်ထဲတွင် သေဆုံးသွားခဲ့ကြောင်းကို သူ ကြားသိထားသော်လည်း ကျန်းချဲ့ ကိုယ်တိုင် လုပ်နိုင်ခဲ့သည်ဟု သူ ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေ။ လှည့်ကွက်တစ်ခုခု သုံးခဲ့ခြင်းသာ ဖြစ်ရမည်ဟု ယုံကြည်ထား၏။
သူ၏ ရည်ရွယ်ချက်မှာ ကျန်းချဲ့ကို အဆင့်မြင့် ရာထူးနေရာတွင် ရှိနေပြီး တော်ဝင်နန်းတော်၏ အာဏာကို ကိုင်တွယ်ထားနိုင်စေကာမူ ကိုယ်ပိုင် စွမ်းအားအရဆိုလျှင် များစွာ လိုအပ်နေသေးကြောင်းကို သိမြင်စေရန် ဖြစ်သည်။
စစ်မှန်သောသခင် တစ်ဦး၏ အငွေ့အသက်များက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေပြီး အထူးသဖြင့် လက်ခြောက်ဖက်ပါသော ရဟန္တာ ဓမ္မရုပ်တုကြီးက ပို၍ပင် ထူးကဲနေပေသည်။ လက်တစ်ဖက်စီတိုင်းတွင် နတ်လက်နက် တစ်ခုစီကို ကိုင်ဆောင်ထားရာ တောင်ဝှေး၊ ပုတီးစေ့၊ ဓားရှည်နှင့် ရွှေရောင် ခေါင်းလောင်းတို့ ပါဝင်နေ၏။
ကျန်းချဲ့က သူ၏ ဤခရီးစဉ် ပစ်မှတ်ဖြစ်သော ယင်ယန် ရတနာပုတီးစေ့ကိုပင် မြင်တွေ့လိုက်ရသည်။ ထိုပုတီးစေ့ကို ရွှေရောင် ရဟန္တာကြီးက လက်ဝါးပေါ်တွင် တင်ထားပြီး ယင်ယန်စွမ်းအင်များ လည်ပတ်နေကာ ၎င်း၏ အရှိန်အဝါက ယခင်တုန်းက ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး နန်ကုန်းကျိထက် တစ်စက်လေးမျှ အားနည်းမနေပေ။
"ဒါယကာကျန်း... ခွင့်လွှတ်ပါ" ဟု ခန့်ညားထည်ဝါသော အသံကြီး တစ်ခုက လေဟာနယ်ထဲတွင် ပဲ့တင်ထပ်သွားပြီးနောက် ဝူချန်က အရင်ဆုံး စတင် လှုပ်ရှားလိုက်သည်။ သူက ကျန်းချဲ့ဆီသို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်ရာ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး ပြိုကျလာသည့်အလား ကြီးမားလှသော စွမ်းအင်ကြီး ဖုံးလွှမ်းသွား၏။
သို့သော် ဝူချန်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ကျန်းချဲ့က မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ ရပ်နေသည်။ ကျန်းချဲ့က သူ၏ လက်ရှိ စွမ်းအားကို သူကိုယ်တိုင် အသိဆုံး ဖြစ်သည်။ စစ်မှန်သောသခင်ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိသော်လည်း အနိုင်ယူနိုင်စွမ်း မရှိသေးပေ။ သူ၏ နောက်ဆုံး ဖုံးကွယ်ထားသော လှည့်ကွက်မှာ ဓမ္မရုပ်တုသာ ဖြစ်ရာ ယခုအချိန်တွင် ထုတ်သုံးမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုအရာကို ရင်ဆိုင်ရန် အခြားသူ တစ်ယောက် ရှိနေသောကြောင့်ပင်။
"ချွင်"
မျက်တောင်တစ်ခတ်အတွင်း ဝူချန် စတင် တိုက်ခိုက်လိုက်ချိန်မှာပင် ကောင်းကင်နှင့် မြေကြီးကို တုန်ဟည်းသွားစေသော ဓားမြည်သံကြီးတစ်ခုက ကောင်းကင်ယံထက်မှ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်း တစ်ခုက သွေးပင်လယ်ကြီးကို ထက်ပိုင်း ပိုင်းဖြတ်လိုက်သည်။ ချင်းရှောင် ဓားသခင် ကျောက်ရှန်းကျီက ဓားစွမ်းအင် မြစ်ရေစီးကြောင်းကြီး တစ်ခုကို သယ်ဆောင်ကာ ဆင်းသက်လာပြီး ပုံရိပ်ယောင် ရွှေရောင် လက်ဝါးကြီးအပေါ်သို့ တိုက်ရိုက် ခုတ်ချလိုက်၏။
"ဘုန်း"
ကြီးမားလှသော ပေါက်ကွဲသံကြီးနှင့်အတူ ရွှေရောင် လက်ဝါးကြီးမှာ ချက်ချင်း ပြိုကွဲသွားသည်။ ကျောက်ရှန်းကျီ၏ ကိုယ်ပတ်လည်တွင် အဆုံးအစမရှိသော ဓားစွမ်းအင်များ ဝန်းရံနေပြီး ဝူချန်ကို မာနကြီးသော အကြည့်များဖြင့် စိုက်ကြည့်ကာ အော်ပြောလိုက်သည်။
"ခေါင်းတုံးကြီး... ရှင်ရဲ့ ပြိုင်ဘက်က ကျမပဲ"
"ဘာလဲ... လင်းကျန့်တောင်ကပါ ငါတို့ ဗုဒ္ဓဘာသာဂိုဏ်းနဲ့ ရန်သူ လုပ်ချင်နေတာလား" ဟု ဝူချန်၏ မျက်ဝန်းများ ချက်ချင်း စူးရှသွားပြီး ကျောက်ရှန်းကျီ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို မှတ်မိသွားကာ စကားလုံးများဖြင့် ခြိမ်းခြောက်လိုက်သည်။
"ရှင် ဘယ်လိုပဲ တွေးတွေး ဒီနေ့ ရှင်ရဲ့ ပြိုင်ဘက်က ကျမပဲ" ဟု ကျောက်ရှန်းကျီက တစ်ဖက်လူ၏ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်ဘဲ ပြန်ပြောလိုက်သည်။ သူမ၏ စိတ်ဆန္ဒ တစ်ချက် ရွေ့လျားလိုက်သည်နှင့် သောင်းနှင့်ချီသော ဓားစွမ်းအင်များက မိုးသက်မုန်တိုင်းတစ်ခုအလား တစ်ဖက်လူဆီသို့ ချက်ချင်း ဖုံးလွှမ်းသွား၏။ တစ်ချိန်တည်းမှာပင် ကောင်းကင်ကြီးကိုပင် ခုတ်ပိုင်းနိုင်စွမ်း ရှိသည့်အလား နတ်ဓား ဓမ္မရုပ်တု တစ်ခုက လေဟာနယ်ထက်တွင် ပေါ်ထွက်လာသည်။
"အမိတ္တာဘာ... ဒီလိုဆိုမှတော့ ဒီဘုန်းကြီးက ဒါယိကာမရဲ့ စွမ်းအားတွေကို မြည်းစမ်းကြည့်ရတာပေါ့" ဟု ဝူချန်က ဘုရားစာ တစ်ပုဒ်ကို ရွတ်ဆိုလိုက်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မည်သည့် အားနာမှုမျှ မရှိဘဲ တိုက်ခိုက်လိုက်သည်။ လက်ခြောက်ဖက်ပါသော ရဟန္တာ ဓမ္မရုပ်တုကြီးက နတ်အလင်းတန်းများ တောက်ပသွားပြီး နတ်လက်နက် ခြောက်ခုက အရပ်မျက်နှာ အသီးသီးကို ကာကွယ်ထားကာ အလင်းတန်းများ ဖြာထွက်နေ၏။
ကျောက်ရှန်းကျီ ဝင်ရောက် တိုက်ခိုက်လာမှုအပေါ် ဝူချန် အနေဖြင့် မထင်မှတ်ထားသလို ကြိုတင် တွေးထားပြီးသားလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့က ထျန်းလုံဘုန်းကြီးကျောင်းကို တိုက်ခိုက်မည် ဆိုပါက စစ်မှန်သောသခင် တစ်ဦးကို သေချာပေါက် အကူအညီ တောင်းလာမည်ကို သူ သိထားသောကြောင့်ပင်။ ၎င်းမှာ မလွှဲမရှောင်သာသော ကိစ္စဖြစ်သည်။ သို့သော် ပြဿနာမှာ မည်သည့် စစ်မှန်သောသခင်ကမဆို သူ့ကို ရင်ဆိုင်နိုင်မည်ဟု မဆိုလိုခြင်းပင်။
"မိစ္ဆာကောင်... ငါ့ရဲ့ တောင်ဝှေးကို ခံစမ်း"
ရုတ်တရက် ဝူချန်နှင့် ကျောက်ရှန်းကျီတို့ စတင် တိုက်ခိုက်နေချိန်မှာပင် ထျန်းလုံဘုန်းကြီးကျောင်း၏ ရဟန္တာ လေးပါးကလည်း ဆက်လက် သည်းခံမနေတော့ဘဲ ကျန်းချဲ့ဆီသို့ အပြေးအလွှား တိုက်ခိုက်လာကြသည်။ သူတို့က ဝိုင်းရံပိတ်ဆို့ကာ ကျန်းချဲ့ကို အရင်ဆုံး သတ်ဖြတ်ရန် ရည်ရွယ်ထားပုံရ၏။
ထိုအထဲတွင် ရဟန္တာ ဝူမင်က အကြမ်းတမ်းဆုံး ဖြစ်သည်။ သူက နတ်ဆိုးနှိမ်နင်းရေး တောင်ဝှေးကို ကိုင်ဆောင်ကာ ရွှေရောင် ရဟန္တာကိုယ်ထည်ကို ဖွင့်လှစ်လိုက်ပြီး မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ကျန်းချဲ့ကို ပြိုင်ဘက်အဖြစ် သတ်မှတ်လိုက်သည်။ သူ၏ မုတ်ဆိတ်မွေးများက သံမဏိအပ်များအလား ထောင်မတ်နေပြီး ကျားရိုင်းတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းနေ၏။
ကျန်ရှိသော ရဟန္တာ သုံးပါးကလည်း ကိုယ်ပိုင် စွမ်းရည်များကို အသီးသီး ထုတ်ဖော်လိုက်ကြသည်။ အားလုံးက ရွှေရောင် ဓမ္မရုပ်တုများ ဖြစ်ကြသော်လည်း ပုံစံချင်း မတူညီကြပေ။ တစ်ပါးမှာ ကိုယ်ပတ်လည်တွင် မိုးကြိုးအလင်းတန်းများ ဝန်းရံနေပြီး နောက်တစ်ပါးမှာ ခေါင်းသုံးလုံး ထွက်ပေါ်နေကာ နောက်ဆုံးတစ်ပါးမှာ အနက်ရောင် အငွေ့အသက်များ ရစ်ပတ်နေ၏။ သူတို့ တစ်ပါးပြီးတစ်ပါး ကောင်းကင်ယံထက်တွင် မတ်မတ်ရပ်နေကြရာ အရှိန်အဝါက အလွန်တရာ ခန့်ညားထည်ဝါနေပေသည်။
သေချာသည်မှာ ထိုအထဲတွင် နှစ်ပါးက စစ်မှန်သော ဓမ္မရုပ်တုများ မဟုတ်ကြပေ။ သူတို့က ရှန်ရှန်းအဆင့် အစပိုင်းသာ ရှိကြသေးရာ သူတို့ ဖွင့်လှစ်ထားသည့် အရာများက ဓမ္မရုပ်တုနှင့် တူသော်လည်း သေချာစွာ အကဲခတ်ကြည့်ပါက ဓမ္မရုပ်တု ပုံရိပ်ယောင်များသာ ဖြစ်ကြောင်း သိနိုင်ပေသည်။
ထျန်းလုံဘုန်းကြီးကျောင်းဘက်တွင် လူအင်အား ရှိသကဲ့သို့ ကျန်းချဲ့ဘက်က လူများမှာလည်း အလကား နေမည့်သူများ မဟုတ်ကြပေ။ နောက်ကွယ်မှ အင်အားများအဖြစ် ရှိနေသော ချီမိသားစု၏ ပထမအကြီးအကဲ ချီထျန်းကျုံနှင့် ဒုတိယအကြီးအကဲ ချီထျန်းဟယ်တို့မှလွဲ၍ ကျန်းချဲ့၏ အနီးတွင် ကျိုးရွှမ်နှင့် ယွီဝေ့ရွှေ အစရှိသော အနက်ရောင်ရုံးတော်မှ ဒုတိယသံတမန်များ ရှိနေကြသေးရာ မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ချက်ချင်း ဝင်ရောက် တိုက်ခိုက်လိုက်ကြသည်။
အားလုံးက ဓမ္မရုပ်တုများကို ကိုယ်စီ ဖွင့်လှစ်လိုက်ကြပြီး လူတိုင်းက မိမိတို့၏ ပြိုင်ဘက်များကို အသီးသီး ရွေးချယ်လိုက်ကြသည်။ ထိုအထဲတွင် ကျိုးရွှမ်က အထင်ရှားဆုံး ဖြစ်၏။
ဓမ္မရုပ်တုအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော သူ၏ စွမ်းအားက အမှန်တကယ်ပင် သာမန်မဟုတ်ပေ။ မှန်ရတနာ ဓမ္မရုပ်တု တစ်ခုက အရာအားလုံးကို ထင်ဟပ်နိုင်စွမ်း ရှိသည့်အလား မှန်၏ အလင်းတန်း ကျရောက်ရာ နေရာတိုင်းရှိ အရာအားလုံးက ပြာအဖြစ်သို့ ပြောင်းလဲသွားကာ မှော်ရတနာ တစ်ခုအလားပင် ဖြစ်သည်။ ထိုစွမ်းအားဖြင့် တစ်ဖက်ရန်သူ၏ ဓမ္မရုပ်တု တစ်ခုကို အဆက်မပြတ် နောက်ဆုတ်သွားစေရန် ဖိနှိပ်နိုင်ခဲ့၏။
ကျိုးရွှမ်က ချန်ချင်းဖန်၏ လက်ရုံးတစ်ဆူ ဖြစ်ခဲ့သည်မှာ နာမည်နှင့် လိုက်ဖက်လွန်းလှပြီး အမှန်တကယ် စွမ်းရည်ရှိသူ ဖြစ်ကြောင်း ကျန်းချဲ့ကိုယ်တိုင်ပင် အသိအမှတ် ပြုမိသွားသည်။
ရဟန္တာ လေးပါးထဲမှ သုံးပါးမှာ တားဆီးခံလိုက်ရသော်လည်း ကျန်ရှိနေသော တစ်ပါးက ကျန်းချဲ့ဆီသို့ တိုက်ရိုက် ဦးတည်လာနေဆဲ ဖြစ်သည်။ သူကတော့ အကြမ်းတမ်းဆုံး ဖြစ်သော ရဟန္တာ ဝူမင်ပင်။ သူက ဒေါသကြီးသော်လည်း အမှန်တကယ် စွမ်းရည်ရှိသူ ဖြစ်သည်။ ဒေါသထွက်နေသော ရွှေရောင်ကိုယ်ထည်ကို ကျင့်ကြံထားပြီး တိုက်ခိုက်ရေး စွမ်းရည်များကလည်း ထူးကဲလှရာ အစောပိုင်းက သူတို့ အချင်းချင်း တိုင်ပင်ပြီးနောက် ဝူမင်က ကျန်းချဲ့ကို ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်၏။
ဘာပဲဖြစ်ဖြစ် လူ၏ ဂုဏ်သတင်းက သစ်ပင်၏ အရိပ်ကဲ့သို့ပင် ဖြစ်သည်။ ကျန်းချဲ့က ဤမျှ ကြီးမားသော နာမည်ကောင်းကို ရရှိထားရာ မည်သူမဆို သူက သာမန်မဟုတ်ကြောင်း သိထားကြသည်။ ထို့ကြောင့် ရဟန္တာ ဝူမင် အနေဖြင့် ကျန်းချဲ့ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။ ဝူမင်က ကျန်းချဲ့ကို ခဏတာမျှ ထိန်းထားနိုင်ရန်သာ ရည်ရွယ်ထားကြသည်။ ကျောင်းထိုင်ဆရာတော် ဝူချန်က ကျောက်ရှန်းကျီကို အနိုင်ယူပြီးသည်အထိ စောင့်ဆိုင်းနိုင်ပါက အရာအားလုံး ပြီးဆုံးသွားမည် ဖြစ်၏။ ၎င်းမှာ သူတို့၏ မူလ အစီအစဉ်ပင် ဖြစ်သည်။
သို့သော် ထိုအခြေအနေသို့ ရောက်ရှိရန်မှာ အလွန် ခက်ခဲလှပေသည်။ အဘယ်ကြောင့်ဆိုသော် ယခုလက်ရှိ ကျန်းချဲ့၏ စွမ်းအားအရဆိုလျှင် စစ်မှန်သောသခင်မှလွဲ၍ မည်သူမျှ သူ့ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသောကြောင့်ပင်။ ဤသည်မှာ သူ၏ ကျင့်စဉ်နှင့် ခန္ဓာကိုယ် နှစ်မျိုးစလုံးကို ကျင့်ကြံထားသော ယုံကြည်မှုပင် ဖြစ်၏။ ရုတ်တရက် ဆင်းသက်လာသော ရဟန္တာ တစ်ပါးကို ရင်ဆိုင်ရာတွင် ကျန်းချဲ့က အလွန် တည်ငြိမ်နေပြီး ဥယျာဉ်ထဲ လမ်းလျှောက်နေသည့်အလား အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ထို့နောက် ကိုယ်ပတ်လည်ရှိ ယင်ယန် မီးတောက် ပင်လယ်ကြီးက ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ တဟုန်းဟုန်း တောက်လောင်နေသော မိစ္ဆာမီးတောက်များက အရာအားလုံးကို ဝါးမျိုပစ်နိုင်သော တွင်းနက်ကြီးတစ်ခုအလား ရဟန္တာ ဝူမင်ကို တိုက်ရိုက် လွှမ်းခြုံသွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဒေါသကြီးသော ရဟန္တာ ဝူမင်က အလွန် ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ ယင်ယန် မိစ္ဆာမီးတောက်များက အရိုးထဲစွဲနေသော ပိုးကောင်များအလား တားဆီးရန် လုံးဝ မဖြစ်နိုင်ပေ။ အနည်းငယ် ထိမိသည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံးကို ချက်ချင်း လွှမ်းခြုံသွားနိုင်၏။
သူ ဖွင့်လှစ်ထားသော ရွှေရောင် ရဟန္တာကိုယ်ထည်ပင်လျှင် ယခုအချိန်တွင် ယင်ယန် မိစ္ဆာမီးတောက်များ၏ လောင်ကျွမ်းမှုအောက်၌ အငွေ့အသက်များ လျင်မြန်စွာ အားနည်းလာနေသည်။ ထိုမိစ္ဆာမီးတောက်များက မလောင်ကျွမ်းနိုင်သည့် အရာမရှိသည့်အလားပင်။
"အား... သေစမ်း"
"မိစ္ဆာကောင်... ဒီလို နည်းလမ်းမျိုး သုံးတာ ဘာသူရဲကောင်း ပီသလို့လဲ"
"မင်း သတ္တိရှိရင် ငါနဲ့ မျက်နှာချင်းဆိုင် လာတိုက်စမ်း" ဟု ရဟန္တာ ဝူမင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ အမှန်တကယ်တော့ မိစ္ဆာမီးတောက်များ၏ လောင်ကျွမ်းမှုကို ခံစားနေရသော်လည်း သူက ကျန်းချဲ့ဆီသို့ တိုက်ရိုက် ပြေးဝင်သွားချင်နေခဲ့သည်။ သို့သော် ပြဿနာမှာ ကျန်းချဲ့၏ အမြန်နှုန်းက အလွန်တရာ မြန်ဆန်လွန်းနေခြင်းပင်။
သူက မိစ္ဆာမီးတောက်များ၏ လောင်ကျွမ်းမှုကို ခံနေရသော်လည်း ကျန်းချဲ့ကတော့ ပင်လယ်ထဲ ကူးခတ်နေသော နဂါးတစ်ကောင်အလား မည်သည့် ထိခိုက်မှုမျှ မရှိဘဲ ပေါ့ပေါ့ပါးပါး နေရာရွှေ့ပြောင်းနိုင်နေပေသည်။
"ရိုးအလိုက်တာ" ဟု ကျန်းချဲ့က ခံစားချက် ကင်းမဲ့နေသော မျက်နှာထားဖြင့် စကားလုံး အနည်းငယ်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် စိတ်ဆန္ဒ တစ်ချက် ရွေ့လျားလိုက်သည်နှင့် အနက်ရောင် စစ်မှန်သော နဂါး ဓမ္မရုပ်တု တစ်ခုက ယင်ယန် မီးတောက် ပင်လယ်ထဲမှ ထွက်ပေါ်လာသည်။ နဂါးဟိန်းသံကြီးက ကောင်းကင်ယံကို တုန်လှုပ်သွားစေပြီး နဂါးအမြီး တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးက ရဟန္တာ ဝူမင်၏ ရွှေရောင် ဓမ္မရုပ်တုကို အရှင်လတ်လတ် ရိုက်ချိုးပစ်လိုက်တော့သည်။
"ဘုန်း"
ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လေဟာနယ်ထက်တွင် လှိုင်းလုံးများ ထသွား၏။
"ဖူး"
ပြန်လည် ရိုက်ခတ်မှုကြောင့် ရဟန္တာ ဝူမင်က သွေးတစ်ပွက် အန်ချလိုက်ရပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အဆုံးအစမရှိသော မီးတောက် ပင်လယ်ကြီးက သူ့ကို ချက်ချင်း ဝါးမျိုသွားတော့သည်။
သွေးပင်လယ် တိမ်တိုက်များ ကြားတွင် ချီထျန်းကျုံနှင့် ချီထျန်းဟယ်တို့က အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် မရေရာမှုများ ကိန်းအောင်းနေကြ၏။
"အစ်ကိုကြီး... ကျွန်တော်တို့ ဘယ်အချိန် လှုပ်ရှားရမလဲ" ဟု ချီထျန်းဟယ်က အနည်းငယ် သည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။
"ဘာလောနေတာလဲ... အရင်ကတည်းက ပြောထားပြီးသားပဲ... မတတ်သာတဲ့ အခြေအနေမျိုး မရောက်မချင်း ငါတို့ ဝင်မပါရဘူး... ထျန်းလုံဘုန်းကြီးကျောင်းထဲက သရဲအိုကြီးတွေနဲ့ ရောက်လာနိုင်ခြေရှိတဲ့ လီချန်ကောကို ကြိုတင် ကာကွယ်ထားရမယ်" ဟု ချီထျန်းကျုံက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ကျွန်တော် လောနေတာ မဟုတ်ပါဘူး... ဒါပေမဲ့ ကျွန်တော်တို့က ဗုဒ္ဓဘာသာဂိုဏ်းကို အရမ်း ကြောက်နေသလို ဖြစ်မနေဘူးလား... ချင်းရှောင် ဓားသခင်တောင် ဒါတွေကို ဂရုမစိုက်ဘဲ ဝင်တိုက်နေတာကို ကျွန်တော်တို့က ကြောက်ရွံ့နေမယ်ဆိုရင် ကျန်းချဲ့က ကျွန်တော်တို့ကို အထင်သေးသွားမှာ စိုးလို့ပါ"
မူလက ချီထျန်းဟယ် အနေဖြင့် ဘာမျှ မခံစားရသော်လည်း ကျောက်ရှန်းကျီက မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ဝင်ရောက် တိုက်ခိုက်လိုက်ချိန်တွင် သူက အနည်းငယ် အနေရခက်သွားပြီး သူကိုယ်တိုင်က မိန်းမတစ်ယောက်လောက်တောင် သတ္တိမရှိဘူးဟု ခံစားလာရသည်။ အမှန်တရားက ထိုသို့ ဖြစ်နေသော်လည်း သူကတော့ လုံးဝ ဝန်ခံမည် မဟုတ်ပေ။
"အသက်တွေလည်း ကြီးနေပြီကို စိတ်မရှည်နိုင်သေးဘူးလား... ငါတို့ ဝင်တိုက်တိုက် မတိုက်တိုက် ဗုဒ္ဓဘာသာဂိုဏ်း အမြင်မှာတော့ အတူတူပါပဲ... ဒါပေမဲ့ ကျန်းချဲ့ကိုလည်း အားကိုးစရာလေးတော့ ပေးထားရမှာပေါ့... သူတို့ တောင့်မခံနိုင်တော့တဲ့ အချိန်ကျမှ ဝင်ကူညီလည်း မနောက်ကျပါဘူး... နောက်ဆုံးကျမှ အမှားအယွင်း ဖြစ်မှာစိုးလို့ပါ"
"အစ်ကိုကြီး... ချင်းရှောင် ဓားသခင်က နည်းနည်း ထူးဆန်းမနေဘူးလား"
"ဘာအဓိပ္ပာယ်လဲ"
"ကျန်းချဲ့က သူမကို ဘယ်လိုများ သွေးဆောင်လိုက်တာလဲ... အခြေအနေကို ကြည့်ရတာ နှစ်ဖက်စလုံးက သာမန် ယုံကြည်မှုမျိုး မဟုတ်ဘူးနော်" ဟု ချီထျန်းဟယ်က စကားကို လမ်းကြောင်းလွှဲလိုက်ပြီး မျက်ဝန်းများထဲတွင် သံသယများ ရှိနေ၏။ ထိုသံသယများ၏ အရင်းအမြစ်မှာ ယခင်က ကျန်းချဲ့နှင့် အတူနေခဲ့ဖူးသော အတွေ့အကြုံများကြောင့်ပင်။ ကျန်းချဲ့က လူကောင်း တစ်ယောက် မဟုတ်ကြောင်း သူ စောစောစီးစီးကတည်းက သိထားပြီး ဖြစ်သည်။
"ဒီစကားတွေကို လျှောက်မပြောပါနဲ့... အရင်ဆုံး..."
ချီထျန်းကျုံက စကားဆက်ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ၏ စကားလုံးများက လည်ချောင်းဝတွင် တစ်ဆို့သွားပြီး မျက်ဝန်းများထဲ၌ အံ့အားသင့်မှုများ ဖြတ်ပြေးသွား၏။ ဘေးနားရှိ ချီထျန်းဟယ်ကလည်း မျက်လုံးများ ပြူးကျယ်သွားကာ မယုံနိုင်အောင် ဖြစ်သွားသည်။ သူတို့ အံ့အားသင့်ရခြင်း၏ အကြောင်းရင်းမှာ ယခုအချိန်၌ ကျန်းချဲ့ဘက်မှ ပြိုင်ဘက်ကြောင့်ပင် ဖြစ်၏။
ယင်ယန် မိစ္ဆာမီးတောက်များ လွင့်စင်သွားပြီးနောက် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားသည်။ ကျန်းချဲ့က အနက်ရောင် ဝတ်ရုံ တဖျပ်ဖျပ် လွင့်ခတ်နေလျက် မီးတောက် ပင်လယ်ထဲမှ ထွက်လာပြီး လက်ထဲတွင် အသက်ဝင်နေဆဲဖြစ်သော လူခေါင်းတစ်ခုကို ဆွဲကိုင်ထားကာ မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။ ထိုခေါင်း၏ ပိုင်ရှင်မှာ တခြားသူ မဟုတ်ဘဲ ရဟန္တာ ဝူမင်ပင် ဖြစ်နေတော့သည်။
ချီထျန်းဟယ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ရင်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွား၏။ ချီထျန်းကျုံမှာလည်း သူ့ထက် သာလွန်မနေပေ။ ကျန်းချဲ့၏ ယခုလက်ရှိ စွမ်းအားအပေါ် သူတို့၏ အမြင်များက အသစ်တစ်ဖန် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ပြီးခဲ့သော လအနည်းငယ်အတွင်း ကျန်းချဲ့၏ စွမ်းအားများက အဆမတန် တိုးတက်လာပြီး သာမန်မဟုတ်ကြောင်း၊ ပါရမီကလည်း အလွန် ထူးချွန်ကြောင်း သူတို့ သိထားကြသော်လည်း မသိစိတ်ထဲတွင်မူ ကျန်းချဲ့ကို လူငယ်တစ်ယောက်အဖြစ်သာ သတ်မှတ်ထားကြဆဲ ဖြစ်သည်။ သူ၏ အပေါ် အထင်ကြီးမှုများကို မြှင့်တင်ထားသော်လည်း အနည်းနှင့်အများတော့ ပုံသေကားကျ တွေးနေမိဆဲပင်။ ကျန်းချဲ့က အလွန် သန်မာကောင်း သန်မာနိုင်သော်လည်း စစ်မှန်သောသခင် အဆင့်အထိတော့ လုံးဝ ရောက်နိုင်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့ကြ၏။
ဘာပဲဖြစ်ဖြစ် ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး နန်ကုန်းကျိ သေဆုံးရခြင်း၏ အမှန်တရားကို သူတို့ ကြိုတင် သိရှိထားပြီး ဖြစ်သည်။ ၎င်းမှာ ကျန်းချဲ့ ကိုယ်တိုင် သတ်ဖြတ်ခဲ့ခြင်း မဟုတ်ဘဲ စစ်မှန်သောသခင် အချို့၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် တစ်ဖက်လူက မတတ်သာဘဲ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ခဲ့ခြင်းသာ ဖြစ်သည် မဟုတ်ပါလား။
သို့သော် ယခုအချိန်တွင် ကျန်းချဲ့ စတင် တိုက်ခိုက်ချိန်မှ ယခု ပြီးဆုံးသွားသည့် အချိန်အထိ စုစုပေါင်း အသက်ရှူကြိမ် ဆယ်ကြိမ်ခန့်သာ ကြာမြင့်ခဲ့ပုံရသည်။
သို့သော် ထိုမျှ တိုတောင်းလှသော အချိန်လေးအတွင်းမှာပင် ထိပ်တန်း ဓမ္မရုပ်တုအဆင့် မဟာသိုင်းသခင်ကြီး တစ်ဦးမှာ ခေါင်းနှင့် ကိုယ် အိုးစားကွဲသွားခဲ့ပြီ ဖြစ်ပြီး ကျန်းချဲ့က အလွယ်တကူ အသက်နုတ်ယူသွားခဲ့ပြီ ဖြစ်သည်။ ဤကဲ့သို့သော တိုက်ပွဲဝင် မှတ်တမ်းမျိုးက သူတို့ကို ဘယ်လိုလုပ် မအံ့အားသင့်စေဘဲ နေမည်နည်း။
အံ့အားသင့်သွားသူများမှာ ချီမိသားစုမှ အကြီးအကဲ နှစ်ဦးတည်းသာ မဟုတ်ပေ။ ကျန်းချဲ့က ရဟန္တာ ဝူမင်၏ ခေါင်းကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ချိန်တွင် ကောင်းကင်နှင့် မြေကြီးကြားရှိ မရေမတွက်နိုင်သော အကြည့်များ အားလုံးက ကျန်းချဲ့၏ အပေါ်သို့ တစ်ပြိုင်နက်တည်း ကျရောက်လာကြသည်။ ကျန်းချဲ့ဘက်မှ လူများက အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားကြပြီး ထျန်းလုံဘုန်းကြီးကျောင်းဘက်မှ လူများကတော့ ဒေါသနှင့် ကြောက်ရွံ့မှုများ ရောယှက်သွားကြ၏။
အထူးသဖြင့် ရဟန္တာ အချို့မှာ သူတို့ကိုယ်သူတို့ပင် သတိမဝင်နိုင်သေးပေ။ တိုက်ပွဲ စတင်ရုံသာ ရှိသေးသော်လည်း ရလဒ်အနေဖြင့် တိုက်ခိုက်ရေး စွမ်းရည် အထူးချွန်ဆုံးဖြစ်သော ရဟန္တာ ဝူမင်က ယခုအချိန်တွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုအရာကို သူတို့ ဘယ်လိုလုပ် လက်ခံနိုင်မည်နည်း။
"ကောင်းတယ်... နတ်သံတမန်ကြီးက တကယ် တန်ခိုးကြီးတာပဲ"
"ဟားဟားဟား... နတ်သံတမန်ကြီးလို့ ခေါ်ရတာ တန်ပါတယ်" လျူဆန်းချိုးနှင့် ယွီဝေ့ရွှေတို့က တစ်ပြိုင်နက်တည်း အော်ဟစ် အားပေးလိုက်ကြသည်။
ကျိုးရွှမ်ကတော့ မျက်နှာထက်တွင် အံ့သြ ထိတ်လန့်နေသော အမူအရာများ ပေါ်လာပြီး မျက်ဝန်းများထဲ၌ တုန်လှုပ်မှု အချို့ ရှိနေသည်။ ကျန်းချဲ့ အလွန် စွမ်းရည်ရှိကြောင်း သူ သိထားသော်လည်း ဤမျှလောက်အထိ အတိုင်းအတာမဲ့ လွန်ကဲနေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။
ယခင်က သူ ကျန်းချဲ့ကို ထိုမျှ ရိုးသားစွာ အညံ့ခံခဲ့ရခြင်း၏ အဓိက အကြောင်းရင်းမှာ ကျန်းချဲ့၏ နောက်ခံနှင့် ပါရမီကို စိုးရိမ်သောကြောင့်သာ ဖြစ်ပြီး စွမ်းအားကို ကြောက်ရွံ့၍ မဟုတ်ပေ။ သို့သော် ယခု အမှန်တရားကတော့ သူ ထိုသို့ မလုပ်ခဲ့သည်မှာ ကံကောင်းသွားခြင်းပင် ဖြစ်သည်။ သို့မဟုတ်ပါက သူက ကျန်းချဲ့ ကျူးချွဲဌာနခွဲကို စတင် အုပ်ချုပ်ချိန်တွင် ပထမဆုံး စံပြအဖြစ် အသတ်ခံရသူ ဖြစ်သွားပေလိမ့်မည်။
ယခုအချိန်တွင် သူ အလွန်အမင်း ကံကောင်းသည်ဟု ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့ ယခု ထုတ်ဖော်ပြသလိုက်သော စွမ်းအားများအရဆိုလျှင် စစ်မှန်သောသခင် တစ်ပါးနီးပါး ရှိနေပြီ ဖြစ်သောကြောင့်ပင်။ အသက်ရှူကြိမ် ဆယ်ကြိမ်အတွင်း ထိပ်တန်း ဓမ္မရုပ်တုအဆင့် မဟာသိုင်းသခင်ကြီး တစ်ဦးကို သတ်ဖြတ်နိုင်ခြင်းက သူသာ ကျန်းချဲ့ကို မကျေနပ်ခဲ့ပါက ကျန်းချဲ့၏ လက်ထဲတွင် အချိန်ကြာကြာ တောင့်ခံနိုင်မည် မဟုတ်ကြောင်း ဖော်ပြနေခြင်း ဖြစ်၏။
စိတ်ကို ပြန်လည် စုစည်းလိုက်ပြီးနောက် ကျိုးရွှမ်က ပို၍ ပြတ်သားလာကာ ဤတိုက်ပွဲက အကျိုးအမြတ် အလွန် များပြားနိုင်ကြောင်း နားလည်သွားပြီး ဖုံးကွယ်ထားသော လှည့်ကွက် အချို့ကို မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ထုတ်သုံးလိုက်တော့သည်။
ထျန်းလုံဘုန်းကြီးကျောင်းဘက်မှ ရဟန္တာ အချို့ကမူ သူတို့ မျက်စိရှေ့တွင် ဖြစ်ပျက်နေသမျှကို လက်ခံနိုင်ရန် ခက်ခဲနေကြသည်။
"ညီတော် ဝူမင်"
"အစ်ကို ဝူမင်"
"မိစ္ဆာကောင်... ဘယ်လို လုပ်ရဲတာလဲ"
ဒေါသတကြီး အော်ဟစ်သံများက လေဟာနယ်ထဲတွင် ပဲ့တင်ထပ်သွားပြီး ရဟန္တာ အချို့မှာ အလွန်အမင်း ဒေါသထွက်သွားကာ ကျန်းချဲ့ကို ဝင်ရောက် တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။ သို့သော် သူတို့၏ တိုက်ခိုက်မှုများ မကျရောက်လာခင်မှာပင် မိမိတို့၏ ပြိုင်ဘက်များက အသီးသီး ဝင်ရောက် တားဆီးလိုက်ကြရာ အစွမ်းအစမရှိဘဲ ဒေါသထွက်နေကြသည့်ပုံသာ ပေါက်နေတော့သည်။