အခန်း ၄၄၀
Vol. 44 Ch. 440
အခန်း ၄၄၀ အဆင့်တက်ခြင်း။ ဓမ္မရုပ်တုအဆင့် အထွတ်အထိပ်
"မိတ်ဆွေ အောက်ခွန်း အခု အညံ့မခံရင် ဘယ်အချိန်ကို စောင့်နေဦးမှာလဲ"
ကျန်းချဲ့က မျက်စိရှေ့ရှိ မိစ္ဆာနဂါးအိုကြီးကို ပြုံးရွှင်စွာဖြင့် အကဲခတ်လိုက်သည်။ ချီမိသားစု၏ အကြီးအကဲနှစ်ဦး ထွက်ပေါ်လာပြီးနောက်တွင်တော့ အောက်ခွန်းအတွက် လွတ်လမ်း လုံးဝ မရှိတော့ပေ။
အောက်ခွန်းကိုယ်တိုင်လည်း ထိုသို့ပင် တွေးတောမိသည်။ မူလက ဓမ္မရုပ်တုအဆင့် မဟာသိုင်းသခင်ကြီး ခြောက်ဦးကို ရင်ဆိုင်ရချိန်တွင် ထွက်ပြေးလွတ်မြောက်နိုင်ရန် မျှော်လင့်ချက်မှာ အလွန်နည်းပါးနေပြီ ဖြစ်သည်။ ယခု ထိတ်လန့်နေဆဲ အချိန်မှာပင် နောက်ထပ် နှစ်ဦး ထပ်တိုးလာပြန်သည်။
ဤအခြေအနေကို သူ မည်သို့ ခုခံနိုင်မည်နည်း။
စဉ်းစားကြည့်ပါက ဤမဟာသိုင်းသခင်ကြီးများ ပူးပေါင်းလိုက်သဖြင့် ထျန်းလုံ ဘုန်းကြီးကျောင်းပင် ပြာပုံဘဝသို့ ရောက်သွားခဲ့ရသည်။ သူဆိုလျှင် ယခင်က ရဟန္တာ အနည်းငယ်၏ ပိတ်လှောင်ခြင်းကိုပင် ခံခဲ့ရသူ မဟုတ်ပါလား။
"မိတ်ဆွေကျန်း ကျုပ် မှားသွားပါပြီ ကျေးဇူးကန်းတဲ့ အကြံအစည်တွေ တွေးမိတာကို နောင်တရမိပါတယ် ဒီနဂါးအိုကြီးကို တစ်ကြိမ်လောက် ခွင့်လွှတ်ပေးနိုင်မလား နောင်တစ်ချိန်ကျရင် မိတ်ဆွေကျန်းရဲ့ လက်အောက်မှာ ကျေကျေနပ်နပ် အမှုထမ်းပါ့မယ်"
ယခုအချိန်တွင် ထွက်ပြေးရန် အခွင့်အရေး မရှိတော့ကြောင်း အောက်ခွန်း ကောင်းကောင်း သိသွားသည်။ ထို့ကြောင့် အစောပိုင်းက ကတိကဝတ်များအတိုင်း ပြန်လည် ညှိနှိုင်းရန်သာ မျှော်လင့်ရတော့သည်။ သူက အချုပ်အနှောင်မှ ယခုလေးတင် လွတ်မြောက်လာခြင်း ဖြစ်ရာ အခြားသူတစ်ဦး၏ စီးတော်ယာဉ်အဖြစ် လုံးဝ မခံယူလိုပေ။
"နောက်ကျသွားပြီ မင်းမှာ အခု ရွေးချယ်စရာ လမ်းတစ်လမ်းပဲ ရှိတော့တယ် ကိုယ့်သဘောနဲ့ကိုယ် နတ်ဝိညာဉ်ကို ဖွင့်ပေးပြီး မင်းရဲ့ မိစ္ဆာဝိညာဉ်ထဲမှာ ငါ့ကို တားမြစ်အစီအရင် ချမှတ်ခွင့်ပေးမလား ဒါမှမဟုတ် သေလုမျောပါး အရိုက်ခံပြီးမှ တားမြစ်အစီအရင် ချမှတ်ခံမလားပဲ"
ကျန်းချဲ့က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
အစောပိုင်းက ထိုနဂါးအိုကြီးကို သူ အခွင့်အရေး ပေးခဲ့သော်လည်း ငြင်းဆန်ခဲ့သည်။ ဤသို့ဆိုမှတော့ ထပ်ပြောနေစရာ ဘာမှမရှိတော့ချေ။
"မင်း"
အောက်ခွန်း ဆွံ့အသွားသည်။ နဂါးမျက်လုံးများက ဟိုဟိုဒီဒီ လှုပ်ရှားသွားပြီး အတန်ကြာ စဉ်းစားလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူက ရုတ်တရက် အရှိန်ယူကာ နဂါးကိုယ်ထည်ကြီးကို လှုပ်ခါပြီး အသက်လု ထွက်ပြေးရန်အတွက် လမ်းတစ်ကြောင်းဆီသို့ တဟုန်ထိုး ပြေးထွက်သွားတော့သည်။
နောက်ဆုံးအချိန်အထိ ရောက်မလာသရွေ့ သူ လုံးဝ အညံ့မခံလိုပေ။ ကျန်းချဲ့ကတော့ အောက်ခွန်း၏ ခုခံမှုကို အေးအေးဆေးဆေးပင် ရပ်ကြည့်နေသည်။ ထို့နောက် စိတ်ဆန္ဒ တစ်ချက် လှုပ်ရှားလိုက်ပြီး တည်ငြိမ်သော အသံဖြင့် အမိန့်ပေးလိုက်သည်။
"လှုပ်ရှားကြ ဒီနဂါးအိုကြီးကို အရင်ဆုံး ဖိနှိပ်လိုက်"
"ကောင်းပြီ"
"ဟားဟားဟား အဘိုးကြီး လိမ္မာသရေရှိရှိနဲ့ စီးတော်ယာဉ် လုပ်လိုက်စမ်းပါ"
"တိရစ္ဆာန်ကောင် အခုချက်ချင်း အညံ့မခံသေးဘူးလား"
"ဝုန်း"
မျက်တောင်တစ်ခတ်အတွင်း ကျန်းချဲ့၏ အမိန့်သံ အဆုံးမှာပင် အသင့်ပြင်ထားပြီးဖြစ်သော မဟာသိုင်းသခင်ကြီး ခုနစ်ဦးက တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ ဓမ္မရုပ်တုများ၊ နတ်လက်နက်များနှင့် ထူးခြားသော စွမ်းရည်များက မိုးသီးမိုးပေါက်များအလား အောက်ခွန်းဆီသို့ တိုက်ရိုက် ကျဆင်းသွားတော့သည်။
"ဘုန်း"
ပေါက်ကွဲသံကြီးများ တပြိုင်နက်တည်း ထွက်ပေါ်လာပြီး လေဟာနယ် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
အောက်ခွန်းက အမှန်တကယ်ပင် သာမန်မဟုတ်ချေ။ သူ၏ မိစ္ဆာနဂါး ကိုယ်ထည်က နတ်လက်နက်တစ်ခုနီးပါး မာကျောခိုင်ခံ့လှသည်။ တစ်ဦးချင်းသာ ယှဉ်ပြိုင်ရမည်ဆိုပါက သာမန် စစ်မှန်သောသခင်များပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။ ထိပ်တန်း စစ်မှန်သောသခင် တစ်ပါးပင်လျှင် သူ့ကို ဖိနှိပ်နိုင်ရန် မသေချာလှချေ။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ သူက တစ်ကောင်တည်း အထီးကျန်လွန်းနေခြင်းပင်။ မဟာသိုင်းသခင်ကြီး ခုနစ်ဦး အစွမ်းကုန် ပူးပေါင်း တိုက်ခိုက်မှုကို ထိပ်တန်း အင်အားစု တစ်ခုပင် ခံနိုင်ရည်မရှိဘဲ ပျက်စီးသွားရသည် မဟုတ်ပါလား။ မိစ္ဆာနဂါး တစ်ကောင်တည်းက မည်သို့ တောင့်ခံနိုင်မည်နည်း။
အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် အောက်ခွန်းမှာ အပြင်းအထန် ဒဏ်ရာရသွားပြီး လေဟာနယ်ထက်မှနေ၍ မြေကြီးပေါ်သို့ ရိုက်ချခံလိုက်ရသည်။ ထို့နောက် ကျန်းချဲ့က တောက်ပသော အလင်းတန်းများ ဖြာထွက်နေသည့် သံကြိုးများကို လေထဲသို့ ပစ်လွှတ်လိုက်သည်။
၎င်းမှာ အနက်ရောင်ရုံးတော်၏ ဝိညာဉ်ချည်နှောင် သံကြိုးများပင် ဖြစ်သည်။ မဟာသိုင်းသခင်များကိုပင် တင်းကျပ်စွာ ချည်နှောင်ထားနိုင်ပြီး နတ်လက်နက်များကဲ့သို့ ထက်မြက်လှသည်။ ကျူးချွဲဌာနခွဲ၏ နတ်သံတမန် တစ်ဦးအနေဖြင့် ကျန်းချဲ့က ဤပစ္စည်းကို အသုံးပြုပိုင်ခွင့် အပြည့်အဝ ရှိသည်။
ဝိညာဉ်ချည်နှောင် သံကြိုးများက လေဟာနယ်ထက်တွင် တွဲလောင်းကျနေသည်။ မဟာသိုင်းသခင်ကြီး ခုနစ်ဦးက သံကြိုးတစ်စစီကို ဆွဲကိုင်လိုက်ပြီး မြေပြင်ပေါ်တွင် လူးလှိမ့်နေသော အောက်ခွန်းဆီသို့ တိုက်ရိုက် ပစ်ချလိုက်သည်။ အလင်းတန်းများ လည်ပတ်သွားပြီးနောက် အနက်ရောင် သံမဏိချိတ်များက အောက်ခွန်း၏ နဂါးကိုယ်ထည်ကို တင်းကျပ်စွာ ချိတ်ဆွဲသွားတော့သည်။
ယခင်က နဂါးလှောင်တွင်းထဲတွင် ရှိနေစဉ်ကကဲ့သို့ပင် ယခုတစ်ကြိမ်တွင်လည်း အောက်ခွန်းမှာ ထပ်မံ ချည်နှောင်ခံလိုက်ရပြန်သည်။ အကြေးခွံများ ကွဲကြေသွားပြီး သွေးသားများ လွင့်စင်သွား၏။
ဤအချိန်တွင် အောက်ခွန်းမှာ နာကျင်စွာ အော်ဟစ်နေပြီး အစွမ်းကုန် ရုန်းကန်နေသည်။ သို့သော် မဟာသိုင်းသခင်ကြီး ခုနစ်ဦး၏ ရှေ့တွင် သူ၏ ရုန်းကန်မှုများက အချည်းနှီးသာ ဖြစ်သည်။ သူကိုယ်တိုင် ဖိနှိပ်ခံရသည်ကို မျက်လုံးပြူးကာ ကြည့်နေရုံမှလွဲ၍ ဘာမျှ မတတ်နိုင်တော့ပေ။ သူ၏ ရင်ထဲတွင် အဆုံးအစမရှိသော နောင်တတရားများ ပြည့်နှက်လာသည်။
အကယ်၍သာ အစောပိုင်းက ကတိအတိုင်း ရိုးရိုးသားသား လိုက်နာခဲ့ပါက ကျန်းချဲ့၏ အစေခံ ဖြစ်ရလျှင်တောင်မှ ဤမျှလောက် အရှက်ကွဲရမည် မဟုတ်ချေ။ အကယ်၍ ကျန်းချဲ့နှင့် မပူးပေါင်းဘဲ နဂါးလှောင်တွင်းထဲတွင်သာ အေးအေးဆေးဆေး နေခဲ့မည်ဆိုလျှင်လည်း ဤကဲ့သို့သော ဆင်းရဲဒုက္ခများကို ခံစားရမည် မဟုတ်ပေ။ သို့သော် ဤလောကတွင် နောင်တရဆေး ဆိုသည်မှာ မရှိချေ။
လေဟာနယ်ထက်တွင် လူရိပ် ခုနစ်ခု မတ်မတ်ရပ်နေကြသည်။ ထိုသူများမှာ ကျန်းချဲ့တို့ အဖွဲ့ပင် ဖြစ်သည်။ သူတို့၏ နောက်တွင်တော့ ပေဆယ်ဂဏန်းခန့် ကြီးမားသော အနက်ရောင် မိစ္ဆာနဂါးကြီး တစ်ကောင်ကို သံကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်ထား၏။ ခေါင်းကို ငုံ့ထားရပြီး ကြိုးဆွဲရာ ပါနေရသည့်အလား ဖြစ်နေသည်။
နဂါးဆိုသည်မှာ ကြီးနိုင် ငယ်နိုင်သော သတ္တဝါမျိုး ဖြစ်သည်။ အောက်ခွန်းက စစ်မှန်သော နတ်နဂါးမျိုး မဟုတ်သော်လည်း မိစ္ဆာနဂါး တစ်ကောင် ဖြစ်ရာ ပြောင်းလဲခြင်း အထူးစွမ်းရည်များကို ပိုင်ဆိုင်ထားသည်။ ပေရာနှင့်ချီသော အရွယ်အစားက သူ၏ အစစ်အမှန် ခန္ဓာကိုယ် ဖြစ်သကဲ့သို့ ယခု လက်ရှိ အရွယ်အစားကလည်း သူ၏ ခန္ဓာကိုယ်ပင် ဖြစ်သည်။ ထို့အပြင် ဤအရွယ်အစားက စွမ်းအင်ကုန်ခမ်းမှု ပိုနည်းပါးပေသည်။
ကျန်းချဲ့က ထိုနဂါးအိုကြီးကို ဖိနှိပ်ပြီးသည်နှင့် ချက်ချင်း စီးတော်ယာဉ်အဖြစ် အသုံးပြုမည် မဟုတ်ပေ။ သေချာစွာ ပုံသွင်းလေ့ကျင့်ရန် လိုအပ်သေးသည်။ သေချာသည်မှာ အဓိက အကြောင်းရင်းကတော့ အောက်ခွန်း လုံးဝ အညံ့မခံသေးခြင်းကြောင့်ပင်။ သူက ဆက်လက် ခုခံနေဆဲ ဖြစ်ပြီး နတ်ဝိညာဉ်နှင့် မိစ္ဆာအမြုတေကို ဖွင့်ပေးကာ ကျန်းချဲ့အား တားမြစ်အစီအရင် ချမှတ်ခွင့် မပေးသေးပေ။
အောက်ခွန်းကို ပုံသွင်းလေ့ကျင့်မည့် တာဝန်ကို ကျန်းချဲ့က ချီရွှယ်မိစ္ဆာသခင်ထံ လွှဲပြောင်းပေးလိုက်သည်။ တစ်ချိန်က ဂုဏ်သတင်း ကြီးမားခဲ့သော မိစ္ဆာသခင် တစ်ဦးအနေဖြင့် အောက်ခွန်းကို အညံ့ခံလာအောင် စွမ်းဆောင်နိုင်မည်ဟု ကျန်းချဲ့ ယုံကြည်ထားသည်။ ထို့အတူ ချီရွှယ်မိစ္ဆာသခင်ကလည်း သူတစ်ပါးကို နှိပ်စက်ရမည့် ကိစ္စမျိုးကို အလွန် သဘောကျသူ ဖြစ်သည်။ အောက်ခွန်း၏ ကိုယ်ပေါ်ရှိ မိစ္ဆာနဂါး သွေးကြောကို သေချာစွာ လေ့လာချင်နေခဲ့ရာ ဤတာဝန်အတွက် အလွန် ကျေနပ်ဝမ်းသာနေတော့သည်။
ကျန်းချဲ့တို့ ထျန်းလုံ ဘုန်းကြီးကျောင်းသို့ ပြန်ရောက်လာချိန်တွင် ဤနေရာရှိ တိုက်ပွဲကြီးကလည်း အဆုံးသတ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ကျန်းချဲ့ လက်အောက်ခံများ၏ ဝိုင်းရံ သတ်ဖြတ်မှုကြောင့် ကာကွယ်ရေး အစီအရင် ပျက်စီးသွားသော ထျန်းလုံ ဘုန်းကြီးကျောင်းမှ ဘုန်းကြီးများမှာ သတ်ကွင်းထဲ ရောက်နေသော သိုးငယ်များနှင့် ဘာမှ မကွာခြားတော့ပေ။
မြေပြင် တစ်ခုလုံးတွင် သွေးနီရဲရဲများက ဖုံးလွှမ်းနေပြီး နေရာအနှံ့ သွေးစွန်းနေသည်။ ယခင်က သန့်ရှင်းမြင့်မြတ်သော ဗုဒ္ဓဘာသာဂိုဏ်း၏ နယ်မြေက ယခုအခါ လုံးဝ ပျက်စီးယိုယွင်းသွားခဲ့ပြီ ဖြစ်သည်။ ဤအရာများ အားလုံးက ကျန်းချဲ့၏ လက်ချက်ပင်။ အောက်ဘက်ရှိ သူ၏ လက်ရာများကို ကြည့်ရင်း ကျန်းချဲ့က လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ ယခင်က ကျာလော့ ဗောဓိသတ်၏ ချုံခိုတိုက်ခိုက်ခံခဲ့ရမှုကြောင့် ဖြစ်ပေါ်လာသော ဒေါသများမှာ နောက်ဆုံးတွင် အနည်းငယ် ပြေပျောက်သွားခဲ့ပြီ ဖြစ်သည်။
"ကျိုးရွှမ် လျူဆန်းချိုး ယွီဝေ့ရွှေ"
ကျန်းချဲ့က နာမည်အချို့ကို လေးနက်သော အသံဖြင့် ခေါ်လိုက်သည်။
"လက်အောက်ငယ်သား ရှိပါတယ်"
"လက်အောက်ငယ်သား ရှိပါတယ်"
ကျိုးရွှမ်တို့က ချက်ချင်း တုံ့ပြန်လိုက်ပြီး အလွန် ရိုသေလေးစားသော သဘောထားကို ပြသလိုက်ကြသည်။ ယခုအခါ မဟာသိုင်းသခင်ကြီးများ၏ ရောနှော တိုက်ပွဲကို ဖြတ်သန်းပြီးနောက် ကျန်းချဲ့၏ စစ်မှန်သော စွမ်းအားကို သူတို့ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။ ယခုအချိန်တွင် မည်သည့် ဆန့်ကျင်လိုစိတ်မျှ မရှိတော့ဘဲ ကျန်းချဲ့အား ရိုးသားစွာ အညံ့ခံရန် ဆုံးဖြတ်လိုက်ကြပြီ ဖြစ်၏။
"နောက်ဆက်တွဲ ကိစ္စတွေကို မင်းတို့ပဲ တာဝန်ယူလိုက်တော့ အဲဒီ ရဟန္တာတွေရဲ့ နတ်လက်နက်တွေ ရုပ်အလောင်းတွေကို သေချာ သိမ်းဆည်းထား အောက်ဘက်က ထျန်းလုံ ဘုန်းကြီးကျောင်းမှာ ရှိတဲ့ ဘုန်းကြီး အားလုံးကို တစ်ယောက်မကျန် ရှင်းလင်းပစ် ဗုဒ္ဓဘာသာဂိုဏ်းကို ဖျက်ဆီးမယ်လို့ ပြောပြီးမှတော့ ပြောတဲ့အတိုင်း လုပ်ရမယ် ဒါ့အပြင် အနက်ရောင်ရုံးတော် ဌာနချုပ်ကို ပို့ဖို့ စာချွန်တော် တစ်စောင် ပြင်ဆင်ထားပြီး ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို အစီရင်ခံလိုက် တိုက်ပွဲ အကျိုးအမြတ် ခွဲဝေမှု ကိစ္စကိုတော့ ထျန်းလုံ ဘုန်းကြီးကျောင်းရဲ့ ကျင့်စဉ် အရင်းအမြစ်တွေ အားလုံးကို စုဆောင်းပြီးမှ ပြန်ပြောကြတာပေါ့"
"နတ်သံတမန်ကြီးရဲ့ အမိန့်အတိုင်း နာခံပါ့မယ်"
"နတ်သံတမန်ကြီးရဲ့ အမိန့်အတိုင်း နာခံပါ့မယ်"
သုံးယောက်သား တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ ထို့နောက် သူတို့က လေဟာနယ်ထက်မှ အလင်းတန်း သုံးခုအဖြစ် တိုက်ရိုက် ဆင်းသက်သွားပြီး ကျန်းချဲ့၏ အမိန့်အတိုင်း စတင် လှုပ်ရှားကြတော့သည်။
"ဒီနဂါးအိုကြီးကိုတော့ စီနီယာ့ဆီပဲ အပ်လိုက်ပါပြီ"
ကျန်းချဲ့က ချီရွှယ်မိစ္ဆာသခင်ကို ကြည့်ကာ ပြောလိုက်သည်။
"ဟားဟားဟား စိတ်ချနေလိုက်ပါ သုံးရက်တောင် မကြာစေရဘူး ဒီနဂါးအိုကြီး မင်းကို အကြွင်းမဲ့ အညံ့ခံလာစေရမယ်"
ချီရွှယ်မိစ္ဆာသခင်က မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်သည်။
"ကျန်းချဲ့ ဒီနေ့ ကိစ္စတွေလည်း ပြီးသွားပြီဆိုတော့ ဒီအဘိုးကြီးလည်း ဆက်မနေတော့ဘူး"
ပထမအကြီးအကဲ ချီထျန်းကျုံ့က ကျန်းချဲ့ စီစဉ်သည်ကို မစောင့်တော့ဘဲ အရင်ဆုံး စကားစလိုက်သည်။ သူ့အမြင်တွင် ထျန်းလုံ ဘုန်းကြီးကျောင်း ပျက်စီးသွားပြီ ဖြစ်ရာ သူတို့၏ တာဝန်လည်း ပြီးဆုံးသွားပြီ ဖြစ်သည်။ ဤနေရာတွင် ဆက်နေလျှင်လည်း ဘာမှ အသုံးဝင်မည် မဟုတ်တော့ပေ။
"ဒီနေ့ ဝင်ကူညီပေးတဲ့ အကြီးအကဲ နှစ်ယောက်ကို ကျေးဇူးတင်ပါတယ် ထျန်းလုံ ဘုန်းကြီးကျောင်းရဲ့ ကျင့်စဉ် အရင်းအမြစ်တွေကို ရှင်းလင်းပြီးသွားရင် ချီမိသားစုဆီ ဝေစုတစ်စု သေချာပေါက် ပို့ပေးပါ့မယ်"
ကျန်းချဲ့က နှမြောတွန့်တိုသူ တစ်ယောက် မဟုတ်ပေ။ ကျိုးရွှမ်တို့ သုံးယောက်ကိုပင် ဝေစုခွဲပေးနိုင်သေးရာ ချီမိသားစုမှ အကြီးအကဲ နှစ်ယောက်ကို လက်ဗလာဖြင့် ပြန်လွှတ်ရန် မဖြစ်နိုင်ချေ။ ကျောက်ရှန်းကျီအတွက်ပင် ကျန်းချဲ့က ဝေစုတစ်စု ဖယ်ထားပေးပြီး ဖြစ်သည်။ အချုပ်အားဖြင့် သူက အသားစားရလျှင် သူ့ကို ကူညီပေးသူများက ဟင်းရည်လေးတော့ သောက်ရမည်သာ ဖြစ်၏။
ဤနေရာတွင် ချွင်းချက်အနေဖြင့် နှစ်ယောက်သာ ရှိသည်။ အောက်ခွန်းက စီးတော်ယာဉ် ဖြစ်ရာ သဘာဝကျစွာပင် ဘာဝေစုမှ ရမည်မဟုတ်ပေ။ ချီရွှယ်မိစ္ဆာသခင် အတွက်ကတော့ ဤနေရာရှိ သွေးသားစွမ်းအင်များကပင် သူ၏ တိုက်ပွဲ အကျိုးအမြတ် ဖြစ်နေပေပြီ။
"မလိုပါဘူး ဒီတစ်ခေါက် ဒီအဘိုးကြီးလည်း အင်အား အများကြီး မထုတ်ခဲ့ရပါဘူး အလကား ယူရမှာ အားနာစရာကြီး"
ချီထျန်းကျုံ့က လက်ကာပြလိုက်သည်။ အကျိုးအမြတ် အနည်းငယ်ကို သူ သိပ်ဂရုမစိုက်ပေ။ သူ တကယ် ဂရုစိုက်သည်က ကျန်းချဲ့ ဆိုသည့် လူတစ်ယောက်ပင် ဖြစ်၏။
"ကိစ္စတစ်ခုကို တစ်ခုချင်းစီ ရှင်းရမှာပေါ့ အကြီးအကဲ စိတ်ချလက်ချသာ နေပါ"
ကျန်းချဲ့က ပြုံးကာ ပြောလိုက်သည်။
"ထားလိုက်ပါတော့ မင်း သင့်တော်သလိုသာ ခွဲပေးလိုက်ပါ ဒါဆို ဒီအဘိုးကြီး သွားလိုက်ဦးမယ်"
ကျန်းချဲ့ကို မလွန်ဆန်နိုင်မှန်း သိသွားသဖြင့် ချီထျန်းကျုံ့က ဘာမှ ထပ်မပြောတော့ဘဲ လက်ယှက်ဂါရဝပြုကာ ထိုနေရာမှ ထွက်ခွာသွားတော့သည်။ ချီထျန်းဟယ်ကလည်း ကျန်းချဲ့တို့ကို လက်ယှက်ဂါရဝပြု နှုတ်ဆက်ပြီးနောက် ချီထျန်းကျုံ့နှင့်အတူ အလင်းတန်းအဖြစ် ပြောင်းလဲကာ ထွက်ခွာသွား၏။
"ကျမ"
ကျောက်ရှန်းကျီက စကားပြောရန် ပြင်လိုက်သော်လည်း ကျန်းချဲ့က ရုတ်တရက် ဖြတ်ပြောလိုက်သည်။
"မင်းကပါ ပြန်တော့မလို့လား"
"ထျန်းလုံ ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားပြီဆိုတော့ ဘာကိစ္စမှ မရှိလောက်တော့ဘူး မဟုတ်လား"
ကျောက်ရှန်းကျီက အနည်းငယ် တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။
"ထျန်းလုံ ဘုန်းကြီးကျောင်း ပျက်စီးသွားပေမဲ့ လီချန်ကော ကျန်သေးတယ်လေ ဘာအမှားအယွင်းမှ မရှိရင် သူလည်း အခုလောက်ဆို သတင်းရလောက်ပြီ မင်းမရှိရင် ကိုယ့်မှာ ယုံကြည်မှု သိပ်မရှိဘူး နောက်ပြီး အစောပိုင်း တိုက်ပွဲကနေ ကိုယ် တစ်ခုခုကို သဘောပေါက်သွားလို့ နှစ်ရက်လောက် တံခါးပိတ် ကျင့်ကြံမလို့ စဉ်းစားထားတယ် နတ်မိမယ်လေး ကိုယ့်အတွက် အစောင့်အရှောက် လုပ်ပေးပါဦး"
ချီမိသားစု အကြီးအကဲ နှစ်ဦး ထွက်သွားပြီးနောက် ကျန်းချဲ့က ကျောက်ရှန်းကျီ၏ အနီးသို့ လျင်မြန်စွာ ရောက်ရှိလာပြီး သွယ်လျသော ခါးလေးကို ဆွဲဖက်လိုက်သည်။
"အစောင့်အရှောက် လုပ်ရုံ သက်သက်လား"
ကျောက်ရှန်းကျီက အောက်သို့ ငုံ့ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် ရှက်သွေးဖြာသွားသည်။ ထိုအရာက ကျန်းချဲ့ကို အတော်လေး အံ့အားသင့်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် အစပိုင်းက သူနှင့် ကျောက်ရှန်းကျီ အတူတကွ ကျင့်ကြံခဲ့စဉ်က ထိုအမျိုးသမီးက အတော်လေး အေးစက်စက် နေခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ယခုလို မိန်းမငယ်လေး တစ်ယောက်၏ အမူအရာများကို ပိုမို ပြသလာသောကြောင့်ပင်။
"သေချာပေါက် မဟုတ်ဘူးလေ အစောပိုင်း တိုက်ပွဲမှာ နတ်မိမယ်လေး အပြင်းအထန် ဒဏ်ရာရသွားတော့ ကိုယ့်ရင်ထဲမှာ တော်တော်လေး အားနာသွားတယ် ဒါကြောင့် ကိုယ့်ရဲ့ ခွန်အားတချို့ကို သုံးပြီး နတ်မိမယ်လေးရဲ့ ယုံချွမ် သွေးကြောပေါက်ထဲကို စွမ်းအင်တချို့ ထည့်ပေးမလို့ပါ"
ကျန်းချဲ့က တိုးညှင်းစွာ ရယ်မောရင်း ပြောလိုက်သည်။
"အဲဒါဆို အဲဒီလို မလုပ်ရဘူးနော်"
ကျောက်ရှန်းကျီက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အသံလှိုင်းဖြင့် ဆက်သွယ်ကာ ပြန်ပြောလိုက်သည်။
"နတ်မိမယ်လေး မစိုးရိမ်ပါနဲ့ ကိုယ်က အပေါ်ယံလေးပဲ သွားမှာပါ အတင်းအကျပ် မဝင်ပါဘူး"
ကျောက်ရှန်းကျီက ကျန်းချဲ့ကို မျက်စောင်းထိုး ကြည့်လိုက်ပြီး ထိုရှက်စရာကောင်းသော စကားများကို ပြန်ရုပ်သိမ်းရန် သတိပေးလိုက်သော်လည်း ကျန်းချဲ့ကို လုံးဝ မကြောက်လန့်စေခဲ့ပေ။ ထို့ကြောင့် သက်ပြင်းချကာ ပြောလိုက်သည်။
"ဒီလူယုတ်မာကြီး ရှင်က လူကို နှိပ်စက်ဖို့ပဲ သိတယ်"
"ဟားဟား နတ်မိမယ်လေး ကိုယ် ကျင့်ကြံရာမှာ ကူညီပေးပါဦး"
ကျန်းချဲ့က ကျောက်ရှန်းကျီကို ပွေ့ချီလိုက်ပြီး အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ထျန်းလုံ ဘုန်းကြီးကျောင်း အတွင်းရှိ တစ်နေရာသို့ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ကျောက်ရှန်းကျီနှင့် အတူတကွ ကျင့်ကြံခြင်းက သူ၏ အတွက် အလွန် အထောက်အကူ ဖြစ်စေသည်။ အစောပိုင်း တိုက်ပွဲကြီးတွင် သူ၏ စွမ်းအင်များ အများအပြား ကုန်ခမ်းသွားခဲ့ရာ ယခုအချိန်က ပြန်လည် ဖြည့်တင်းရန် အကောင်းဆုံး အချိန်ပင် ဖြစ်၏။
သူ၏ ခန္ဓာကိုယ် အခြေအနေ အပြည့်အဝ ပြန်လည် ကောင်းမွန်လာမည့် အချိန်ကို စောင့်ဆိုင်းပြီးနောက် ၎င်းမှာ ယဇ်ပူဇော်ပြီး အဆင့်တက်ရန် အချိန်ပင် ဖြစ်သည်။
ယွဲ့ပြည်နယ် မြို့တော်၊ တောင်ပိုင်းနယ်စားကြီး အိမ်တော်။
ကျန်းချဲ့ ခန့်မှန်းထားသည့်အတိုင်းပင် ထျန်းလုံ ဘုန်းကြီးကျောင်းကို သူ အမြစ်ပြတ် သုတ်သင်လိုက်သည့် အချိန်တွင် လီချန်ကော ဘက်ကလည်း နောက်ဆုံးတွင် သတင်းရရှိသွားခဲ့ပြီ ဖြစ်သည်။
"ဒီကောင်လေးက ဒီလောက်တောင် သတ္တိကောင်းလိမ့်မယ်လို့ မထင်ထားဘူး"
လီချန်ကောက လက်ထဲရှိ စာလွှာကို ဆုပ်နယ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မှောင်မိုက်သော အမူအရာများ ရှိနေသည်။ ကျန်းချဲ့ တောင်ပိုင်းသို့ ပြောင်းရွှေ့လာခြင်းက သူ့ကို ပစ်မှတ်ထားရန် ဖြစ်ကြောင်း သူ သိထားသော်လည်း ထိုမတိုင်မီတွင် ကျန်းချဲ့က ထျန်းလုံ ဘုန်းကြီးကျောင်းကို အရင်ဆုံး လှုပ်ရှားလိုက်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ၎င်းက သူ၏ မျှော်လင့်ချက်များကို အလွန် ကျော်လွန်သွားခဲ့၏။
"မွေးစားအဖေ ဒါက အခွင့်အရေးကောင်းပဲ ကျန်းချဲ့က ဒီလောက် မောက်မာပြီး ထျန်းလုံ ဘုန်းကြီးကျောင်းကို လူခေါ်ပြီး ချက်ချင်း သွားတိုက်တာ ဗုဒ္ဓဘာသာဂိုဏ်းကို စော်ကားလိုက်တာပဲ နောက်ပြီး မွေးစားအဖေ့ကိုလည်း အခွင့်အရေး ပေးလိုက်တာနဲ့ အတူတူပဲ ကြိုတင် အသိပေးတာမျိုး လုံးဝမရှိဘဲ ယွဲ့ပြည်နယ်ထဲကို ဝင်လာပြီး ဂိုဏ်းတစ်ခုကို အမြစ်ပြတ် ဖျက်ဆီးပစ်တာဆိုတော့ မွေးစားအဖေ အနေနဲ့ ဒီအချက်ကို အကြောင်းပြပြီး ကျန်းချဲ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးလို့ ရတာပေါ့"
ဘေးနားရှိ လီယွမ်ရှိုးက ချက်ချင်း အကြံပေးလိုက်သည်။
"မမေ့နဲ့ဦး ကျန်းချဲ့က ကျူးချွဲဌာနခွဲရဲ့ နတ်သံတမန် ဖြစ်တဲ့အပြင် ယွဲ့ပြည်နယ် မြို့တော်ဝန်လည်း ဖြစ်တယ် ထျန်းလုံ ဘုန်းကြီးကျောင်းကို တိုက်ခိုက်တာက သူ့သဘောနဲ့သူ ရမ်းကားတာ မဟုတ်ဘူး"
လီချန်ကောက မျက်လုံးများကို မှေးကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ဒါဆို ဒါဆို မွေးစားအဖေက ဘာမှ မဖြစ်ခဲ့သလို နေလိုက်တော့မလို့လား အဲဒီလိုဆိုရင် သတင်းတွေ ပျံ့သွားတဲ့အခါ ယွဲ့ပြည်နယ်က လူတွေရဲ့ အပြောအဆိုတွေက မွေးစားအဖေ့အတွက် မကောင်းဖြစ်လာနိုင်တယ်နော်"
လီယွမ်ရှိုးက မျက်မှောင်ကြုတ်လိုက်သည်။ ဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ် ဖျက်ဆီးလိုက်သည့် ကိစ္စကြီးတွင် တောင်ပိုင်း ဗိုလ်ချုပ်ကြီးဖြစ်သော လီချန်ကောက ဘာမှ မလုပ်ဘဲ ငြိမ်နေမည် ဆိုပါက ပြင်ပမှ လူများ၏ အမြင်တွင် ကျန်းချဲ့ကဲ့သို့သော ပြင်ပမှ ရောက်လာသည့် နဂါးက ဒေသခံ မြွေဟောက်ကြီး ဖြစ်သော လီချန်ကောကို အကြောက်တရားဖြင့် ဖိနှိပ်ထားနိုင်သည်ဟု ထင်မြင်သွားကြမည် ဖြစ်၏။
"ဘာမှမဖြစ်ခဲ့သလို နေရမယ် ဟုတ်လား ဟက်ဟက် မင်းက အဖေ့ကို အရမ်း အထင်သေးလွန်းနေပြီ တခြား အကြောင်းပြချက်တွေ သုံးလို့ မရရင်တောင်မှ ကျန်းချဲ့က ထျန်းနန်မြို့တော်ရဲ့ စစ်တပ်ကို သူ့သဘောနဲ့သူ ခေါ်သုံးခဲ့တာက အာဏာကျော်လွန် လုပ်ဆောင်တာပဲ ဒီနယ်စားက သူ့ကို အပြစ်ပေးမယ် ဆိုရင်တောင် အကြောင်းပြချက်က ခိုင်လုံနေပြီ ချက်ချင်း အမိန့်သွားပေးလိုက် တောင်ပိုင်းစစ်တပ်က စစ်သည် တစ်သောင်းကို ထျန်းလုံ ဘုန်းကြီးကျောင်းဆီ ချက်ချင်း ချီတက်ခိုင်းလိုက် ဒါ့အပြင် တောင်ပိုင်းစစ်တပ်က ရွှမ်တန်အဆင့်နဲ့အထက် သိုင်းသခင်တွေ အားလုံး ဒီနယ်စားနဲ့အတူ လိုက်ခဲ့ကြ ဒီကျန်းချဲ့က တကယ်ပဲ ကောင်းကင်ကို မှောက်လှန်နိုင်မလား ဆိုတာ ဒီနယ်စား ကိုယ်တိုင် သွားကြည့်ရသေးတာပေါ့"
လီချန်ကော၏ မျက်ဝန်းများ အရောင်လက်သွားပြီး အေးစက်စက် အငွေ့အသက်များ ထွက်ပေါ်လာသည်။
"ဟုတ်ကဲ့ သား အခုချက်ချင်း စီစဉ်လိုက်ပါ့မယ် ဟက်ဟက် အခုချိန်လောက်ဆို ကျန်းချဲ့က ထျန်းလုံ ဘုန်းကြီးကျောင်းကို အမြစ်ပြတ် မဖျက်ဆီးနိုင်လောက်သေးဘူး အဲဒီအချိန် မွေးစားအဖေ ရုတ်တရက် ရောက်သွားရင် ကျန်းချဲ့ မျက်နှာပျက်အောင် သေချာပေါက် လုပ်နိုင်မှာပဲ ပြီးတော့ ထျန်းလုံ ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေကိုပါ အစွမ်းကုန် တိုက်ခိုက်လာအောင် အတင်းအကျပ် ဖိအားပေးလို့ ရတာပေါ့"
လီယွမ်ရှိုးက အလျင်အမြန် ပြောလိုက်သည်။ သူ၏ အမြင်တွင် ထိပ်တန်း အင်အားစုတစ်ခုကို ဖျက်ဆီးရန်ဆိုသည်မှာ သေချာပေါက် လွယ်ကူသော ကိစ္စ မဟုတ်ပေ။ အထူးသဖြင့် ထျန်းလုံ ဘုန်းကြီးကျောင်းကဲ့သို့သော ဗုဒ္ဓဘာသာ ဂိုဏ်းကြီးတစ်ခု၏ အခြေခံအုတ်မြစ်က အလွန် နက်ရှိုင်းလှသည်။ ကျန်းချဲ့က ပေလင် ချီမိသားစု၏ သိုင်းသူတော်စင်ကိုသာ အကူအညီ မတောင်းခဲ့ပါက ထျန်းလုံ ဘုန်းကြီးကျောင်း၏ ကာကွယ်ရေး အစီအရင်ကို ဖျက်ဆီးနိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
သို့သော် ပြဿနာမှာ ပေလင် ချီမိသားစုက သိုင်းသူတော်စင် သို့မဟုတ် သိုင်းသူတော်စင် လက်နက်ကို အသုံးပြု၍ ထျန်းလုံ ဘုန်းကြီးကျောင်းကို ဖိနှိပ်ရန် တကယ်ပဲ ရဲဝံ့ပါ့မလား။ ၎င်းမှာ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်ခြင်းပင်။ ဗုဒ္ဓဘာသာဂိုဏ်းက လုံးဝ လက်ပိုက် ကြည့်နေမည် မဟုတ်ချေ။ အကယ်၍ ပေလင် ချီမိသားစု ဝင်မပါပါက ကျန်းချဲ့ အနေဖြင့် မဟာသိုင်းသခင်ကြီး ဘယ်နှစ်ဦးကိုများ အကူအညီ တောင်းနိုင်မည်နည်း။ ယခုအချိန်တွင် သူတို့ အကြိတ်အနယ် တိုက်ခိုက်နေကြလောက်ပြီ ဖြစ်၏။
"ဂိုဏ်းတစ်ခုကို ဖျက်ဆီးတဲ့ တိုက်ပွဲက ကလေးကစားစရာ မဟုတ်ဘူး ကျန်းချဲ့ လှုပ်ရှားပြီဆိုကတည်းက သေချာပေါက် အားကိုးရာ ရှိလို့ပဲ မင်း အခုချက်ချင်း သတင်းပို့လိုက် အချိန် အများကြီး မဆွဲနဲ့ ငါတို့ ရောက်သွားတဲ့အချိန် ထျန်းလုံ ဘုန်းကြီးကျောင်း ပျက်စီးသွားပြီဆိုရင် မကောင်းဘူး"
လီချန်ကောက ခံစားချက် ကင်းမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့ သား အခုချက်ချင်း သတင်းပို့လိုက်ပါ့မယ်"
ထျန်းလုံ ဘုန်းကြီးကျောင်း၊ ခန်းမကြီး တစ်ခုအတွင်း။
ကျန်းချဲ့က အဝတ်အစားများ ဖရိုဖရဲဖြင့် ကူရှင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။ သူ၏ ကိုယ်ပတ်လည်ရှိ အငွေ့အသက်များက ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။ အတန်ကြာ လေ့ကျင့်ပြီးနောက် ကျောက်ရှန်းကျီ၏ အကူအညီဖြင့် သူ လုံးဝ ပြန်လည် ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။ အဆင့်တက်ရန် စတင် ပြင်ဆင်ရမည့် အချိန်ပင် ဖြစ်၏။
ယခုအချိန်တွင် ယဇ်ပူဇော်စရာ ပစ္စည်းများ အားလုံး စုံလင်သွားပြီ ဖြစ်ရာ အချိန်ဆွဲနေရန် လုံးဝ မလိုအပ်တော့ပေ။ မည်သို့ပင်ဆိုစေ ဓမ္မရုပ်တုအဆင့်၏ စွမ်းအားက အနည်းငယ်တော့ အားနည်းနေသေးသည် မဟုတ်ပါလား။
သို့သော် ၎င်းမှာ ယခု လတ်တလော အခြေအနေသာ ဖြစ်သည်။ သူ ဓမ္မရုပ်တုအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ကျင့်စဉ်စွမ်းအားများ ကြီးမားစွာ တိုးတက်လာချိန်တွင် သူ၏ ထူးခြားသော စွမ်းရည်များကို အားကိုး၍ စစ်မှန်သောသခင် တစ်ပါးကို ယှဉ်နိုင်ရုံသာမက သတ်ဖြတ်ရန်ပင် မဖြစ်နိုင်စရာ အကြောင်း မရှိတော့ပေ။ ယခင်က ကျောက်ရှန်းကျီပင် စစ်မှန်သောသခင် တစ်ပါးကို အနိုင်ယူနိုင်ခဲ့သေးရာ ယခုအခါ သူ့အနေဖြင့် ပို၍ပင် စွမ်းအား ကြီးမားလာမည်မှာ သေချာလှပေသည်။
ခန်းမ အပြင်ဘက်တွင် ကျောက်ရှန်းကျီ၏ မျက်နှာပေါ်၌ လေးနက်သော အမူအရာများ ရှိနေပြီး မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုများ အပြည့်အဝ ရှိနေ၏။ မည်သို့ပင်ဆိုစေ ကျန်းချဲ့ ယခု အဆင့်တက်ခြင်းက အလွန်တရာ စွန့်စားရလွန်းလှပေသည်။ ပြီးခဲ့သည့် အဆင့်တက်ချိန်မှစ၍ လအနည်းငယ်သာ ကြာမြင့်သေးရာ ကျင့်ကြံခြင်းအတွက် အလွန် ဆိုးရွားသော အခြေအနေပင် ဖြစ်သည်။ ထိုမိန်းကလေးက ကျန်းချဲ့ကို ဖျောင်းဖျခဲ့သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ လုံးဝ မအောင်မြင်ခဲ့ခြင်းပင်။
ခန်းမအတွင်း၌ ကျန်းချဲ့က လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး စိတ်ကို ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် နယ်မြေထဲသို့ နစ်မြုပ်လိုက်သည်။ ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် ပေါ်ရှိ စာကြောင်းများနှင့် အနီးနားရှိ ယဇ်ပူဇော်စရာ ပစ္စည်းများကို ကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေ၏။
[ယဇ်ပူဇော်မည့် ရည်မှန်းချက် - အဆုံးစွန် မြင့်မြတ်သော စစ်မှန်သည့်နဂါး ကျင့်စဉ် အောင်မြင်ခြင်း]
[ယဇ်ပူဇော်ရန် ပေးဆပ်ရမည့် တန်ကြေး - ကျိုဟွာ နတ်ရေစင် တစ်စက်၊ ကိုးကွေ့ ရွှမ်ဂျင်ဆင်း တစ်ပင်၊ ကောင်းကင်မိစ္ဆာ ကျောက်စိမ်းကြာပန်း တစ်ပွင့်၊ ယင်ယန် ရတနာပုတီးစေ့ တစ်စေ့၊ ဟွမ်ယင်း ဝိညာဉ်သစ်သီး တစ်လုံး၊ သက်တမ်း နှစ်သုံးဆယ် ဖြတ်တောက်မည်။ ကျန်ရှိသော သက်တမ်း - နှစ်နှစ်ရာ့လေးဆယ်။ ယဇ်ပူဇော်မည်လား]
စိတ်ဆန္ဒ တစ်ချက် ရွေ့လျားသွားသည်။
[ယဇ်ပူဇော်မည်]