← Chapters

အခန်း ၄၄၁

Vol. 45 Ch. 441

အခန်း ၄၄၁

Vol. 45 Ch. 441

အခန်း ၄၄၁ ခြောက်လက်မအရွယ် မူလဝိညာဥ်

မျက်တောင်တစ်ခတ်အတွင်း ကျန်းချဲ့၏ အတွေး ရွေ့လျားသွားသည့် အခိုက်အတန့်မှာပင် ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်ထက်၌ ထူးခြားဆန်းကြယ်သော အလင်းတန်းများ လျင်မြန်စွာ တောက်ပလာပြီး အချိန်တိုလေးအတွင်း ကျောက်တိုင်တစ်ခုလုံး လင်းထိန်သွားတော့သည်။

ထို့နောက် အလင်းတန်းတစ်ခု ပစ်ထွက်လာပြီး ယဇ်ပူဇော်စရာ ပစ္စည်းများအားလုံးကို လွှမ်းခြုံသွား၏။ မျက်တောင်တစ်ခတ်မျှ အချိန်အတွင်းမှာပင် ယင်ယန် ရတနာပုတီးစေ့၊ ကျိုဟွာ နတ်ရေစင်၊ ကိုးကွေ့ ရွှမ်ဂျင်ဆင်းနှင့် ကောင်းကင်မိစ္ဆာ ကျောက်စိမ်းကြာပန်း စသည့် ယဇ်ပူဇော်စရာ ပစ္စည်းများ အားလုံးမှာ အလင်းတန်း၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် အတွင်းသို့ စုပ်ယူသွားခြင်း ခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ကျန်းချဲ့က မိမိ၏ သက်စောင့်စွမ်းအင် တစ်ခုကို အခြား အင်အားတစ်ခုက အတင်းအဓမ္မ စုပ်ယူသွားကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ သက်တမ်း အနှစ်သုံးဆယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းချဲ့က ဆယ်စုနှစ်ချီသော သက်တမ်းများကို ထပ်မံ ဆုံးရှုံးသွားရပြန်၏။

သို့သော် ဤကဲ့သို့ ပေးဆပ်လိုက်ရမှုများက တန်ကြေးရှိလှပေသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့က သူ၏ ကျင့်စဉ်စွမ်းအားများကို တစ်ဟုန်ထိုး တက်လာစေရုံသာမက အဆုံးစွန် မြင့်မြတ်သော စစ်မှန်သည့်နဂါး ကျင့်စဉ်ကိုလည်း အောင်မြင်သွားစေမည် ဖြစ်ရာ သူ၏ စွမ်းအားက အကြီးအကျယ် တိုးတက်လာတော့မည် ဖြစ်သည်။

ယခင်က သူ၏ စွမ်းအားကို သူ အကဲဖြတ်ထားဖူး၏။ ယခုလက်ရှိ အခြေအနေအရဆိုလျှင် ရှန်ရှန်းအဆင့် နောက်ပိုင်းရှိ စစ်မှန်သောသခင် တစ်ပါးကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ သူ၏ ကျင့်စဉ် စွမ်းအားများ အကြီးအကျယ် တိုးတက်လာပြီးပါက ထိပ်တန်း စစ်မှန်သောသခင် တစ်ပါး၏ စွမ်းအားကို သေချာပေါက် ပိုင်ဆိုင်လာနိုင်မည် ဖြစ်သည်။

၎င်းမှာ ကျင့်စဉ်နှင့် ခန္ဓာကိုယ် နှစ်မျိုးစလုံးကို ကျင့်ကြံထားသော ယုံကြည်မှုပင် ဖြစ်၏။ သူက မီးကပ်ဘေးကို မဖြတ်သန်းရသေးသော်လည်း မူလဝိညာဉ်သန္ဓေသား၏ ကြံ့ခိုင်မှုက သာမန် မူလဝိညာဉ်များနှင့် နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ပေ။ ထိုအချိန်ရောက်မှသာ ပြည်နယ်တစ်ခုလုံးကို အမှန်တကယ် စိုးမိုးနိုင်သူ ဖြစ်လာတော့မည်။

ကျောက်တိုင် နယ်မြေထဲရှိ ယဇ်ပူဇော်စရာ ပစ္စည်းများ အားလုံး ဝါးမျိုခံလိုက်ရပြီးနောက် နောက်ထပ် အလင်းတန်း တစ်ချက် တောက်ပသွားပြီး ကျန်းချဲ့၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာသည်။

မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လန်သွားသည့်အလား ဖြစ်သွားပြီး ရင်းနှီးကျွမ်းဝင်နေသော ခံစားချက်က ရင်ထဲသို့ စီးဝင်လာ၏။ မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ ကျန်းချဲ့က ပုံရိပ်ယောင်ကမ္ဘာ တစ်ခုထဲသို့ ထပ်မံ ရောက်ရှိသွားပြီ ဖြစ်သည်။

ယခုအချိန်တွင် ကျန်းချဲ့ တံခါးပိတ် ကျင့်ကြံနေသည်နှင့်အမျှ ကောင်းကင်နှင့် မြေကြီးကြားတွင်လည်း တိတ်ဆိတ်စွာဖြင့် အပြောင်းအလဲများ စတင် ဖြစ်ပေါ်လာနေသည်။ လေတိုက်ခတ်မှုများ၊ တိမ်တိုက်များ စုရုံးလာပြီး လေဟာနယ်က တုန်ခါနေ၏။ ခန်းမ အပြင်ဘက်တွင် ကျောက်ရှန်းကျီ၏ မျက်ဝန်းများထဲ၌ လေးနက်သော အမူအရာများ ပြည့်နှက်နေသည်။

ထျန်းလုံဘုန်းကြီးကျောင်း အတွင်း၌ တိုက်ပွဲကြီး ပြီးဆုံးသွားသည်နှင့် ကျန်းချဲ့၏ လက်အောက်ငယ်သားများက ထျန်းလုံဘုန်းကြီးကျောင်း အတွင်းရှိ ပစ္စည်းဥစ္စာများနှင့် ကျင့်စဉ် အရင်းအမြစ် အမျိုးမျိုးကို လျင်မြန်စွာ စတင် စာရင်းပြုစုနေကြသည်။ အပြင်လောကတွင် အလွန် ရှားပါးတန်ဖိုးကြီးသော ယွမ်ချီကျောက်တုံးများက ယခုအခါ ရတနာတိုက် အတွင်းမှ သေတ္တာလိုက် သေတ္တာလိုက် သယ်ထုတ်ခြင်း ခံနေရ၏။

ထို့အပြင် တန်ဖိုးကြီး ကျင့်စဉ် အရင်းအမြစ် အမျိုးမျိုးနှင့် ထျန်းလုံဘုန်းကြီးကျောင်း အတွင်းရှိ ဆေးပင် ဥယျာဉ်တို့လည်း ပါဝင်သေးသည်။ ဘုန်းကြီးကျောင်း တစ်ခုလုံးက လျင်မြန်စွာပင် တစ်စစီ ပြောင်သလင်းခါအောင် သယ်ထုတ်ခံနေရတော့သည်။

သို့သော် ဤမျှလောက်နှင့်ပင် လွယ်လွယ်ကူကူ မပြီးဆုံးနိုင်သေးချေ။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ထျန်းလုံဘုန်းကြီးကျောင်း၏ ချမ်းသာကြွယ်ဝမှုကို သိမြင်နိုင်ပေသည်။ ဗုဒ္ဓဘာသာဂိုဏ်း တစ်ခုအနေဖြင့် အခွန်အခများ မပေးဆောင်ရဘဲ တွင်းထွက်သယံဇာတ အမျိုးမျိုးကို သိမ်းပိုက်ထားခဲ့ရာ သာမန် ထိပ်တန်း အင်အားစုများထက် အများကြီး ပို၍ ချမ်းသာကြွယ်ဝနေခြင်းပင်။

နောက်ဘက်တောင်တော် နဂါးလှောင်တွင်း အနီးတစ်ဝိုက်တွင်တော့ နာကျင်စွာ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ အောက်ခွန်း၏ ဧရာမ မိစ္ဆာနဂါး ကိုယ်ထည်ကြီးက လေဟာနယ်ထဲတွင် ချီရွှယ်မိစ္ဆာသခင်၏ တင်းကျပ်စွာ ချည်နှောင်ထားခြင်းကို ခံထားရပြီး သွေးရောင် မိုးကြိုးများက သူ့ကိုယ်ပေါ်သို့ အဆက်မပြတ် ပစ်ချနေ၏။ မိုးကြိုး တစ်ချက် ပစ်ချလိုက်တိုင်း အသားများကွဲထွက်ကာ သွေးများ ယိုစီးလာစေသည်။

ချီရွှယ်မိစ္ဆာသခင်ကတော့ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေပြီး အောက်ခွန်း၏ ကိုယ်ပေါ်မှ ခြစ်ယူထားသော သွေးသားစွမ်းအင်များကို အရသာခံ သောက်သုံးနေကာ အခါအားလျော်စွာ ခေါင်းညိတ် ဝေဖန်နေ၏။

"ကောင်းတယ် ကောင်းတယ်... မိတ်ဆွေက ထိပ်တန်း မိစ္ဆာဘုရင် ဆိုတဲ့ နာမည်နဲ့ တကယ် လိုက်ဖက်တာပဲ... ဒီမိစ္ဆာနဂါး သွေးထဲမှာ ပါဝင်တဲ့ စွမ်းအားတွေက လူသား သိုင်းပညာရှင်တွေထက် အများကြီး ပိုပြီး အစွမ်းထက်တယ်... လောကရဲ့ အရသာရှိတဲ့ အစားအစာ တစ်ခုနဲ့ ဘာမှမကွာဘူး... ငါ့အမြင်တော့ မိတ်ဆွေ အောက်ခွန်းက အဆုံးထိ ခံတောင့်ခံထားပြီး အသေခံ အညံ့မခံတာ အကောင်းဆုံးပဲ... ဒါဆိုရင် ငါလည်း နဂါးအသည်း နဂါးအရွတ် ဆိုတာ ဘယ်လို အရသာမျိုးလဲ ဆိုတာ မြည်းစမ်းခွင့် ရသွားနိုင်တယ်..."

"မိတ်ဆွေ ချီရွှယ်... ငါက ဒီလို အခြေအနေ ရောက်နေတာတောင် မင်းက ငါ့ကို လှောင်ပြောင်ချင်နေသေးတာလား..."

အောက်ခွန်းက သွားကြိတ်ကာ အော်ဟစ်လိုက်သည်။

အရိုးထဲထိ စိမ့်ဝင်နေသော နာကျင်မှုကို ခံစားနေရပြီး ပတ်ဝန်းကျင်ရှိ သွေးရောင် နတ်မိုးကြိုးများက သူ့ကို အပြင်းအထန် ဒဏ်ရာရအောင် မလုပ်နိုင်သော်လည်း သားရေပြဲ အသားကွဲ နာကျင်မှုကိုတော့ သေချာပေါက် ခံစားရစေသည်။ မိစ္ဆာနဂါး တစ်ကောင် ဖြစ်သော်လည်း ဤသို့သော နှိပ်စက်မှုကို သူ လျစ်လျူမရှုနိုင်ပေ။

"ဒီလိုမှ မဟုတ်ရင်... ငါက မင်းကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေးရဦးမလို့လား..."

ချီရွှယ်မိစ္ဆာသခင်က အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ပြီး မျက်ဝန်းများထဲတွင် သရော်လှောင်ပြောင်လိုသည့် အဓိပ္ပာယ်များ ပြည့်နှက်နေသည်။

"မိတ်ဆွေ ချီရွှယ်... ငါ ကြည့်ရသလောက် မင်းလည်း အဲဒီ ကျန်းချဲ့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ခံနေရပုံပဲ... ငါတို့တွေက ဒီလောက် အဆင့်အထိ ရောက်အောင် ကျင့်ကြံလာခဲ့တာ သူတစ်ပါးရဲ့ လက်အောက်မှာ အကြာကြီး နေဖို့ ဖြစ်နိုင်ပါ့မလား... အခု ပေလင် ချီမိသားစုက မဟာသိုင်းသခင်ကြီး နှစ်ယောက်လည်း ထွက်သွားပြီ... ထျန်းလုံဘုန်းကြီးကျောင်း တစ်ခုလုံးမှာ အဲဒီ ဓားကိုင်ထားတဲ့ မိန်းမ တစ်ယောက်ပဲ စစ်မှန်သောသခင် အဆင့် ရှိတော့တာ... မင်းသာ ငါ့ကို လွှတ်ပေးမယ်ဆိုရင် ငါတို့ ပူးပေါင်းပြီး အဲဒီ ကျန်းချဲ့ ဆိုတဲ့ ကောင်ကို သေချာပေါက် နှိမ်နင်းနိုင်တယ်... ဒါ့အပြင် ငါက သွေးကျိန်စာ တိုက်ရဲပါတယ်... ထျန်းလုံဘုန်းကြီးကျောင်းက ပစ္စည်းတွေ အားလုံးကို ငါ တစ်ပြားမှ မယူဘဲ မိတ်ဆွေ ချီရွှယ် တစ်ယောက်တည်း ယူလို့ရတယ်... ဘယ်လိုလဲ..."

အောက်ခွန်းက ချီရွှယ်မိစ္ဆာသခင်၏ သရော်မှုကို လျစ်လျူရှုကာ တစ်ဖက်လူကို သွေးဆောင် စည်းရုံးရန် ကြိုးစားလိုက်သည်။ သူ၏ အမြင်တွင် ချီရွှယ်မိစ္ဆာသခင်က ကျန်းချဲ့၏ ခိုင်းစေမှုကို ခံနေရခြင်းမှာ မတတ်သာ၍သာ ဖြစ်ရမည်။ ယခင်က သူ စုံစမ်းထားခဲ့သော သတင်းများအရ ချီရွှယ်မိစ္ဆာသခင်မှာ အလွန် ရက်စက်ကြမ်းကြုတ်ပြီး ထိန်းကျောင်းရန် ခက်ခဲသူ ဖြစ်ရာ ကျန်းချဲ့ကို စိတ်ရင်းဖြင့် အညံ့ခံမည် မဟုတ်ကြောင်း ယုံကြည်ထား၏။ ထိုအရာက သူ၏ အခွင့်အရေးပင် ဖြစ်သည်။

အောက်ခွန်း၏ ဖျောင်းဖျစကားများကို ကြားပြီးနောက် ချီရွှယ်မိစ္ဆာသခင်က ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အတွေးနက်သွားသည်။ အောက်ခွန်း၏ စကားများကြောင့် အနည်းငယ် စိတ်လှုပ်ရှားသွားသည့်အလား မျက်ခုံးများကြားတွင် တွေဝေမှုများ ပြည့်နှက်နေ၏။

အောက်ခွန်းက ဝမ်းသာအားရ ဖြစ်သွားပြီး ဆက်လက် သွေးဆောင်လိုက်သည်။

"မိတ်ဆွေ ချီရွှယ်သာ ငါ့ကို ကူညီဖို့ ဆန္ဒရှိမယ်ဆိုရင် ငါ လွတ်မြောက်သွားတာနဲ့ မိတ်ဆွေအတွက် ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်မယ့် လျှို့ဝှက် ရတနာကို သေချာပေါက် ရှာဖွေပေးပါ့မယ်..."

"ဟေ... မင်းဆီမှာ အဲဒီလို လျှို့ဝှက် ရတနာမျိုး ရှိတယ်ပေါ့..."

ချီရွှယ်မိစ္ဆာသခင်က အနည်းငယ် စိတ်ဝင်စားသွားဟန်ဖြင့် မေးလိုက်သည်။

"ရှိတာပေါ့... ငါတို့ မိစ္ဆာမျိုးနွယ်တွေက ခန္ဓာကိုယ် ကျင့်ကြံတဲ့ နေရာမှာ အတော်ဆုံးပဲ... သွေးသား အခြေခံလမ်းစဉ်ကို အထူး ဂရုစိုက်ကြတယ်... ငါတို့ တောင်ပိုင်း မိစ္ဆာမျိုးနွယ်တွေဆီမှာ လျှို့ဝှက်နယ်မြေ တစ်ခု ရှိတယ်... အဲဒီ လျှို့ဝှက်နယ်မြေထဲမှာ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်မယ့် လျှို့ဝှက် ရတနာ ရှိတယ်... မိတ်ဆွေသာ သဘောတူမယ်ဆိုရင် ငါက အစွမ်းကုန် ကူညီပေးပါ့မယ်..."

"အဲဒီ လျှို့ဝှက်နယ်မြေက ဘယ်မှာလဲ..."

ချီရွှယ်မိစ္ဆာသခင်က ထပ်မံ မေးလိုက်သည်။

"ငါ လွတ်မြောက်သွားတဲ့ အချိန်ကျရင် အကုန်လုံး သေချာ ပြောပြပါ့မယ်..."

အောက်ခွန်းက ဦးနှောက်မရှိသူ တစ်ယောက် မဟုတ်ပေ။ ချီရွှယ်မိစ္ဆာသခင် အလိုချင်ဆုံး အရာမှာ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်နိုင်မည့် ရတနာ ဖြစ်ကြောင်း သိထားသဖြင့် ထိုအရာကို အသုံးပြု၍ သွေးဆောင်ရန် ပြင်ဆင်ထားခြင်း ဖြစ်၏။

သို့သော် သူ၏ စကားသံ အဆုံးတွင် သူ့ကို ကြိုဆိုလိုက်သည်က အစီအရင်မှ ထွက်ပေါ်လာသော မြူခိုးများပင် ဖြစ်သည်။ ထိုမြူခိုးများက သူ၏ ခန္ဓာကိုယ်ပေါ်သို့ တွယ်ကပ်သွားသည်နှင့် ဆူပွက်နေသော ဆီအိုးထဲသို့ ကျသွားသည့်အလား တရှဲရှဲ အသံများ ချက်ချင်း ထွက်ပေါ်လာတော့သည်။

"အား... မိတ်ဆွေ ချီရွှယ်... မင်း ဒါ ဘာလုပ်တာလဲ..."

အောက်ခွန်းက အဆက်မပြတ် ရုန်းကန်ရင်း အော်ဟစ်လိုက်သည်။ တစ်ကိုယ်လုံး စူးရှစွာ နာကျင်နေပြီး မိစ္ဆာဝိညာဉ်ပင်လျှင် မီးဖုတ်ခံနေရသည့်အလား ပြင်းထန်သော နာကျင်မှုကို ခံစားနေရ၏။

ချီရွှယ်မိစ္ဆာသခင်၏ မျက်နှာပေါ်တွင် အေးစက်စက် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။

"ဒီအခြေအနေအထိ ရောက်နေတာတောင် မင်းလို နဂါးအိုကြီးက ငါ့ကို လှည့်စားဖို့ ကြိုးစားရဲသေးတယ်ပေါ့... မင်းလို တိရစ္ဆာန်ကောင်ကများ... ငါ လောကကြီးကို စိုးမိုးနေတဲ့ အချိန်တုန်းက မင်းက နဂါးလှောင်တွင်းထဲမှာ သွေးစုပ်ခံရတဲ့ ဒုက္ခကို ခံစားနေရတုန်းပဲ ရှိဦးမယ်..."

"အား... မိတ်ဆွေ ချီရွှယ်... ငါ ပြောတဲ့စကားတွေက အမှန်တရားတွေချည်းပါပဲ... လိမ်ညာတဲ့ စကား တစ်ခွန်းမှ မပါပါဘူး..."

အောက်ခွန်းက အလျင်အမြန် ရှင်းပြလိုက်သည်။

"မင်း ပြောတာ အမှန်ပဲဖြစ်ဖြစ် အလိမ်ပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... မင်းရဲ့ စကားနည်းနည်းလေးနဲ့ ငါ့ကို ဆွဲဆောင်နိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား..."

ချီရွှယ်မိစ္ဆာသခင်၏ အစောပိုင်းက ဟန်အမူအရာမှာ သဘာဝကျစွာပင် အောက်ခွန်းကို နောက်ပြောင် ကစားနေခြင်းသာ ဖြစ်သည်။ သူက တစ်ဖက်လူနှင့် မတူညီပေ။

အစပိုင်းတွင် သူနှင့် ကျန်းချဲ့တို့ အချင်းချင်း အပေးအယူ လုပ်ပြီး ကိုယ်ပိုင် အကြံအစည်များ ရှိခဲ့ကြသော်လည်း အခက်အခဲပေါင်းများစွာကို အတူတကွ ဖြတ်သန်းပြီးနောက် အချင်းချင်း အပြည့်အဝ ယုံကြည်မှု ရှိနေခဲ့ပြီ ဖြစ်သည်။ သူက အနာဂတ် အရေးကိစ္စ အားလုံးကို ကျန်းချဲ့အပေါ်တွင် ပုံအပ်ထားခဲ့ပြီ ဖြစ်၏။

ကျန်းချဲ့၏ ပါရမီက သူ တစ်သက်တာတွင် တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးသော ပါရမီမျိုး ဖြစ်သည်။ နောင်တစ်ချိန်တွင် သေချာပေါက် သိုင်းသူတော်စင် ဖြစ်လာမည် ဖြစ်ပြီး ထို့ထက်ပင် ပို၍ မြင့်မားနိုင်သေးသည်။ ဤမျှ ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ထားသည့် အားကိုးရာကို စွန့်လွှတ်ပြီး အောက်ခွန်းကို ဘယ်လိုလုပ် ယုံကြည်နိုင်မည်နည်း။

ထို့အပြင် သူက ကျန်းချဲ့၏ တားမြစ်အစီအရင် ချမှတ်ခံထားရခြင်း မရှိဘဲ လွတ်လပ်စွာ သွားလာခွင့် ရှိသည်။ ကျန်းချဲ့က တစ်ခါတစ်ရံ နှုတ်ဖြင့် နောက်ပြောင်တတ်သော်လည်း သာမန်အချိန်များတွင် သူ့ကို ဆရာသမားတစ်ဦးအဖြစ် ရိုသေလေးစားပေသည်။ အကျဉ်းသား ဘဝသို့ ရောက်နေသော အောက်ခွန်းနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။

"ချီရွှယ်... မင်း..."

အောက်ခွန်းက အဆက်မပြတ် ရုန်းကန်နေပြီး မျက်ဝန်းများထဲတွင် အမုန်းတရားများ ပြည့်နှက်နေသည်။

"ဘာ မင်း လဲ... မင်းလို နဂါးအိုကြီးကို အဲဒီ ကျန်းချဲ့ ဆိုတဲ့ ကောင်လေးက အခွင့်အရေး ပေးပြီးသားပဲ... သူ့အတွက် အလုပ်လုပ်ပေးဖို့ ခွင့်ပြုခဲ့တာပဲလေ... ဒါပေမဲ့ မင်းက အကြံအစည် များပြီး ထွက်ပြေးချင်ခဲ့တာကိုး... အခုလို အကျဉ်းသား ဘဝ ရောက်သွားတာ မင်း ကိုယ်တိုင် ရှာတဲ့ ပြဿနာပဲ..."

ချီရွှယ်မိစ္ဆာသခင်က ချက်ချင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါက မိစ္ဆာနဂါး တစ်ကောင်ပဲ... ဘယ်လိုလုပ် လူသား တစ်ယောက်ရဲ့ စီးတော်ယာဉ် လုပ်နိုင်မှာလဲ..."

"ဟားဟားဟား... မင်းလို နဂါးအိုကြီးက တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ... ကျန်းချဲ့သာ အကြံအစည် မထုတ်ခဲ့ရင် မင်း နဂါးလှောင်တွင်းကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရနိုင်ပါ့မလား... အရင်က မင်းကိုယ်တိုင် ကတိပေးခဲ့တာပဲလေ... အခု ဘယ်သူ့ကို သွားပြီး အပြစ်တင်နေတာလဲ..."

"အား..."

"ကောင်းကောင်းသာ ခံစားနေလိုက်စမ်းပါ... မင်း တစ်နေ့ အညံ့မခံရင် မင်းကို တစ်နေ့ ငါ နှိပ်စက်မယ်... ကွက်တိပဲ... မင်းရဲ့ ဒီမိစ္ဆာနဂါး ကိုယ်ထည်က နှိပ်စက်မှု ဘယ်နှစ်မျိုးလောက် ခံနိုင်ရည် ရှိလဲ ဆိုတာ ငါ တကယ် သိချင်နေတာ... မင်းကို နှိပ်စက်ဖို့ ငါ့ဆီမှာ နည်းလမ်းပေါင်း ရာနဲ့ချီ ရှိသေးတယ်... မင်း အကုန်လုံးကို ခံနိုင်ရည် ရှိမရှိ ငါ တကယ်ပဲ သိချင်နေပြီ..."

ချီရွှယ်မိစ္ဆာသခင်က မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်ပြီး မျက်ဝန်းများထဲတွင် အေးစက်စက် အငွေ့အသက်များ ပြည့်နှက်နေ၏။

သူ၏ စကားသံ အဆုံးတွင် တစ်ခုခုကို ခံစားလိုက်ရသည့်အလား ခေါင်းမော့ကြည့်လိုက်ရာ လေဟာနယ် အတွင်းရှိ မူလစွမ်းအင်များ ပြောင်းလဲသွားပြီး ထျန်းလုံဘုန်းကြီးကျောင်း အတွင်းရှိ တစ်နေရာဆီသို့ စုရုံးသွားနေကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။ အသက်ရှူကြိမ် အနည်းငယ်မျှ တွေးတောပြီးနောက် သူက တစ်ခုခုကို ကြိုတင် ခန့်မှန်းမိသွားသည့်အလား ဖြစ်သွား၏။ ရင်ထဲတွင် ချက်ချင်း လှုပ်ရှားသွားပြီး ၎င်းမှာ ကျန်းချဲ့ ဖန်တီးလိုက်သော လှုပ်ရှားမှု ဖြစ်ကြောင်း နားလည်လိုက်သည်။

သူက ကျန်းချဲ့၏ နောက်သို့ လိုက်ပါလာသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်ပြီး ဤကဲ့သို့ အခြေအနေမျိုး အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးရာ ဘာဖြစ်နေကြောင်းကို ကောင်းကောင်း သိရှိထား၏။ ကျန်းချဲ့၏ ကျင့်စဉ်စွမ်းအားက ထပ်မံ အဆင့်တက်တော့မည်ပင်။

ထိုအချက်ကို တွေးမိလိုက်သောအခါ သူက အံ့အားသင့်သွားသလို ဝမ်းလည်း ဝမ်းသာသွားသည်။ အံ့အားသင့်ရခြင်းမှာ ကျန်းချဲ့၏ ကျင့်ကြံခြင်းတွင် မည်သည့် အတားအဆီးမျှ မရှိဘဲ တိုးတက်မှု နှုန်းထားက အလွန်တရာ မြန်ဆန်လွန်းနေကာ သာမန်လူများနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်သောကြောင့်ပင်။ အကယ်၍ ကျင့်စဉ်စွမ်းအားသာ ထပ်မံ တိုးတက်သွားပါက သိုင်းသူတော်စင် အဆင့်နှင့် အများကြီး မကွာဝေးတော့ဘူး မဟုတ်ပါလား။

'ဒီကောင်က တကယ်ပဲ လူသား ဟုတ်သေးရဲ့လား' ဟု တွေးလိုက်မိသည်။

ဝမ်းသာရခြင်းမှာ ကျန်းချဲ့၏ စွမ်းအား မြင့်မားလာလေ ပိုကောင်းလေ ဖြစ်သောကြောင့်ပင်။ သူ၏ စိတ်နေသဘောထားကို စောစောကတည်းက ပြုပြင်ထားပြီး ဖြစ်ရာ ကျန်းချဲ့အတွက် မိမိ၏ အကူအညီက တဖြည်းဖြည်း သေးငယ်လာသည်ဟု မခံစားရတော့ဘဲ ကျန်းချဲ့၏ ကျင့်စဉ်စွမ်းအား တစ်ဆင့် တိုးတက်သွားတိုင်း မိမိ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်နိုင်မည့် နေ့ရက်ကလည်း တစ်ဆင့် နီးကပ်လာပြီဟု ခံစားနေရတော့သည်။

ခေါင်းပြန်လှည့်လိုက်ပြီးနောက် သူ၏ မျက်ဝန်းများထဲတွင် ပြင်းထန်သော သရော်လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။

"နဂါးအိုကြီး... အရင်က မင်းကို အခွင့်အရေး ပေးခဲ့ပေမဲ့ မင်းက ဆုပ်ကိုင်မထားနိုင်ခဲ့ဘူး... နောက်ပိုင်း မင်း နောင်တရရင်တောင်မှ နောက်ကျသွားပြီ... ဟားဟားဟား... ကျန်းချဲ့ရဲ့ စီးတော်ယာဉ် ဖြစ်ခွင့်ရတာက အခုအချိန်မှာ မင်းအတွက် တစ်ခုတည်းသော အခွင့်အရေးပဲ... အသက်ရှင်မလား သေမလား ဆိုတာကို မင်းဘာသာမင်း ချိန်ဆကြည့်တော့..."

ဧရာမ မိစ္ဆာနဂါး ကိုယ်ထည်ကြီးက လေဟာနယ်တွင် လူးလှိမ့်နေပြီး သံကြိုးများက သူ့ကို တင်းကျပ်စွာ ရစ်ပတ်ထားကာ ကြောက်မက်ဖွယ်ကောင်းသော သွေးရောင် မိုးကြိုးများက ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ပစ်ချနေသည်။ ထူးဆန်းသော သွေးရောင် မြူခိုးများကလည်း သူ၏ အကြေးခွံများကို ပွန်းပဲ့စေ၏။ ယခုအချိန်တွင် သူ့ကို အရွတ်ဆွဲ အရေခွံခွာ ခံနေရသည့်အလား ဖြစ်နေစေသည်။

ချီရွှယ်မိစ္ဆာသခင်၏ စကားကို ကြားပြီးနောက် သူက သွားကြိတ်ကာ မည်သည့် တုံ့ဆိုင်းမှုမျှ မလုပ်ဘဲ ပြန်လည် ချေပရန် ပြင်လိုက်စဉ် ရုတ်တရက် ပတ်ဝန်းကျင်တွင် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး မျက်မြင်မရသော နဂါး၏ ဖိအားကြီး တစ်ခု ပြန့်နှံ့လာနေ၏။

သူ ချက်ချင်း တုန်တက်သွားသည်။ မိစ္ဆာနဂါး တစ်ကောင်က ဤနေရာသို့ လာရောက်နေသည်ဟု ထင်မှတ်လိုက်ပြီး ထိုသို့ဆိုပါက သူ ထွက်ပြေး လွတ်မြောက်ရန် အခွင့်အရေး ရရှိမည် ဖြစ်သည်။ တွေးတောနေစဉ်မှာပင် သူ၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး ထိုနဂါး၏ ဖိအားက အပြင်ဘက်မှ လာနေခြင်း မဟုတ်ကြောင်း သတိပြုမိလိုက်သည်။ ထျန်းလုံဘုန်းကြီးကျောင်း အတွင်းမှ ထွက်ပေါ်လာခြင်းပင်။

ချီရွှယ်မိစ္ဆာသခင်ကမူ မည်သည့် တုံ့ဆိုင်းမှုမျှ မရှိချေ။ တစ်ဖက်လူက ကြိုတင် သိရှိထားကြောင်း အလွန် သိသာလွန်းလှပေသည်။ မျက်တောင်တစ်ခတ်အတွင်း သူ၏ ခေါင်းထဲတွင် ကျန်းချဲ့၏ ပုံရိပ် ပေါ်လာ၏။

'ဤမျှ ကြောက်မက်ဖွယ်ကောင်းသော နဂါး၏ ဖိအားက ကျန်းချဲ့ ထုတ်လွှတ်လိုက်တာများလား' ဟု သူ တွေးလိုက်မိသည်။

"ဝုန်း..."

ကွဲအက်သံ တစ်ခု ထွက်ပေါ်လာပြီးနောက် ကျန်းချဲ့က မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ အဆုံးစွန် မြင့်မြတ်သော စစ်မှန်သည့်နဂါး ကျင့်စဉ်၏ ကြီးမားလှသော နားလည်သဘောပေါက်မှုများက ခေါင်းထဲသို့ လျင်မြန်စွာ စီးဝင်လာသည်။ သူ ဖြတ်သန်းခဲ့ရသော ပုံရိပ်ယောင်ကမ္ဘာက ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ သူကတော့ အဆုံးစွန် မြင့်မြတ်သော စစ်မှန်သည့်နဂါး ကျင့်စဉ်အပေါ် နားလည်သဘောပေါက်မှု နောက်တစ်ဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။

"ဒီလိုကိုး..."

ကျန်းချဲ့၏ မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသော အရိပ်အယောင် အချို့ ဖြတ်ပြေးသွား၏။

ဤတစ်ကြိမ် သူ ဖြတ်သန်းခဲ့ရသော ပုံရိပ်ယောင်ကမ္ဘာတွင် ခန္ဓာကိုယ်က နဂါးအဖြစ် ပြောင်းလဲသွားခြင်း မဟုတ်ဘဲ လူ့ခန္ဓာကိုယ်ဖြင့် နဂါး၏ ပုံသဏ္ဌာန်ကို ထိန်းချုပ်ရခြင်း ဖြစ်သည်။ လူ့ခန္ဓာကိုယ်က အဓိက ဖြစ်ပြီး နဂါးပုံသဏ္ဌာန်က အထောက်အကူ ဖြစ်၏။ သူက စစ်မှန်သော နဂါး မဟုတ်ဘဲ လူသား ဖြစ်သည် မဟုတ်ပါလား။

ယခင်က ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် မှ သူ၏ အတွက် အထူးတလည် တွက်ချက်ပေးထားသော ကျင့်စဉ်ဖြစ်ကြောင်း အလွန် သိသာလွန်းလှပြီး သူ့အတွက် အသင့်တော်ဆုံး ဖြစ်ကာ လူ့ခန္ဓာကိုယ်ကို စွန့်ပစ်၍ နဂါးအဖြစ် တကယ် ပြောင်းလဲသွားခြင်း မဟုတ်ပေ။

ဤကဲ့သို့သော နားလည်သဘောပေါက်မှုက သူ့ကို အထူးစွမ်းရည် အနည်းငယ် ပိုမို ရရှိစေရုံသာမက ကောင်းကင်နှင့်မြေကြီး ဓမ္မရုပ်တု အပေါ် နားလည်မှုများလည်း ပိုမို နက်ရှိုင်းသွားစေပြီး ချက်ချင်း စမ်းသပ်ကြည့်ချင်စိတ်များ ဖြစ်ပေါ်လာသည်။ သူ အနည်းငယ် နားလည်သွား၏။ အကယ်၍ ကောင်းကင်နှင့်မြေကြီး ဓမ္မရုပ်တုကို ထပ်မံ ဖွင့်လှစ်မည် ဆိုပါက ယခင်ကလို အားနည်းနေတော့မည် မဟုတ်ဘဲ စွမ်းအားများလည်း ပိုမို တိုးတက်လာမည် ဖြစ်သည်။

သို့သော် ကျန်းချဲ့ စမ်းသပ်ရန် မပြင်ဆင်ရသေးခင်မှာပင် ပတ်ဝန်းကျင် လေဟာနယ်ထက်၌ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော မူလစွမ်းအင် လေပွေကြီး တစ်ခု ချက်ချင်း ဖြစ်ပေါ်လာပြီး အလယ်ဗဟိုမှာ သူ တံခါးပိတ် ကျင့်ကြံနေသော နေရာပင် ဖြစ်နေသည်။

စိတ်ဆန္ဒ ရွေ့လျားသွားသည်နှင့်အတူ ကျန်းချဲ့၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲသွား၏။ ကျင့်စဉ်စွမ်းအားများ စတင် တိုးတက်လာတော့မည်ကို သူ သိလိုက်သည်။ ချက်ချင်းပင် ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ၏ တစ်ကိုယ်လုံးက မူလစွမ်းအင် လေပွေကြီး၏ ကြားသို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။

ခန္ဓာကိုယ်ပေါ်တွင် သွေးသားစွမ်းအင်များ ဆူပွက်လာပြီး လေဟာနယ်ထဲတွင် သွေးသားစွမ်းအင် တစ်မျှင်ချင်းစီက အလွန် ထူးခြားဆန်းကြယ်သော မြင်ကွင်းတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားကာ မရေမတွက်နိုင်သော သွေးသားစွမ်းအင်များက စစ်မှန်သော နဂါးများအဖြစ် ပေါင်းစည်းသွားတော့သည်။ လေဟာနယ်ထဲတွင် အဆက်မပြတ် ဟိန်းဟောက်နေကြပြီး ကြီးမားလှသော နဂါး၏ ဖိအားက မျက်တောင်တစ်ခတ်အတွင်း ပြန့်နှံ့သွားကာ ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံးကို လွှမ်းခြုံသွားတော့၏။

မျက်တောင်တစ်ခတ်အတွင်း မရေမတွက်နိုင်သော အကြည့်များက ခေါင်းမော့လာကြပြီး လေဟာနယ်ထဲရှိ လူရိပ်ကို လှမ်းကြည့်လိုက်ကြရာ မျက်ဝန်းများထဲတွင် ထိတ်လန့်နေသော အရိပ်အယောင်များ အပြည့်အဝ ရှိနေကြသည်။ နဂါးဟိန်းသံများ ပဲ့တင်ထပ်နေပြီး စစ်မှန်သော နဂါးအဖြစ် ပြောင်းလဲသွား၏။ သွေးသားစွမ်းအင်များ တဟုန်းဟုန်း တောက်လောင်နေချိန်တွင် ကောင်းကင်ကို မီးရှို့ပြီး ပင်လယ်ကို ကျိုချက်တော့မည့်အလား ဖြစ်နေသည်။

ကျန်းချဲ့၏ စိတ်ဝိညာဥ် နယ်မြေ အတွင်း၌တော့ အလင်းတန်း တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ ၎င်းမှာ ကျန်းချဲ့၏ စိတ်ဝိညာဥ် နယ်မြေ အတွင်း၌ တည်ရှိနေသော မူလဝိညာဉ်သန္ဓေသားပင် ဖြစ်၏။

ယခုအချိန်တွင် ကျန်းချဲ့၏ လေးလက်မအရွယ် မူလဝိညာဉ်သန္ဓေသားက ခန္ဓာကိုယ်ထဲမှ ထွက်ခွာလာပြီး လေစီးကြောင်းပေါ် စီးနင်းလိုက်ပါလာသည့်အလား ကိုယ်ပတ်လည်တွင် အံ့မခန်း နတ်အလင်းတန်းများ ဝန်းရံနေသည်။ တစ်ချိန်တည်းမှာပင် သူ၏ မူလဝိညာဉ်သန္ဓေသား ပတ်လည်တွင် အလင်းတန်း နှစ်ခုက လှုပ်ရှားနေ၏။ တစ်ခုက စစ်မှန်သော ယင်စွမ်းအင် ဖြစ်ပြီး နောက်တစ်ခုက စစ်မှန်သော ယန်စွမ်းအင် ဖြစ်သည်။ ယင်ယန် ရတနာပုတီးစေ့ အတွင်းမှ မြစ်ဖျားခံလာသော ယင်ယန် စွမ်းအင်များပင် ဖြစ်တော့သည်။

ကျန်းချဲ့၏ မူလဝိညာဉ်သန္ဓေသားက ပါးစပ်ကိုဟကာ တစ်ချက် စုပ်ယူလိုက်ရာ ယင်ယန်စွမ်းအင် နှစ်ခုက နှာခေါင်းနှင့် ပါးစပ်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များ အလွန်အမင်း ဆူပွက်လာပြီး မူလဝိညာဉ်သန္ဓေသားဆီသို့ အပြေးအလွှား စီးဝင်လာရန် မစောင့်နိုင်တော့သည့်အလား ဖြစ်နေ၏။ ကောင်းကင်နှင့် မြေကြီးကို ဝါးမျိုနေသည့် ဝေလငါးကြီး တစ်ကောင်အလား ကျန်းချဲ့၏ မူလဝိညာဉ်သန္ဓေသားက ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များကို စုပ်ယူနေပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်စွမ်းအင် အမျိုးမျိုး အဆက်မပြတ် ထွက်ပေါ်လာကာ အချိန်တိုလေး အတွင်းမှာပင် သူ၏ မူလဝိညာဉ်သန္ဓေသားက သာမန်မျက်စိဖြင့် မြင်နိုင်လောက်အောင် စတင် ကြီးထွားလာတော့သည်။

လေးလက်မအရွယ်…. ငါးလက်မအရွယ်…ခြောက်လက်မအရွယ်….

အသက်ရှူကြိမ် အနည်းငယ်မျှ အတွင်းမှာပင် ကျန်းချဲ့၏ မူလဝိညာဉ်က လူအများရှေ့တွင် တစ်ဟုန်ထိုး တက်လာပြီး ကြီးမားသော အစိတ်အပိုင်း တစ်ခုအထိ ချက်ချင်း ကြီးထွားသွားကာ ဓမ္မရုပ်တုအဆင့် အထွတ်အထိပ် ခြောက်လက်မအရွယ် မူလဝိညာဉ်သန္ဓေသား အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။

ထိုစွမ်းအားများက ရပ်တန့်မသွားသေးသည့်အလား ဆက်တိုက် ကြီးထွားနေဆဲ ဖြစ်သည်။ သို့သော် အတားအဆီး တစ်ခုနှင့် ရင်ဆိုင်လိုက်ရသည့်အလား စွမ်းအားများ မည်မျှပင် များပြားနေစေကာမူ မူလဝိညာဉ်သန္ဓေသားကို တစ်လက်မလေးမျှ ထပ်မံ ကြီးထွားလာအောင် မစွမ်းဆောင်နိုင်တော့ဘဲ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ မူလဝိညာဉ်သန္ဓေသား၏ နတ်အလင်းတန်းများက အလွန် သိပ်သည်းကျစ်လစ်နေပြီး မည်သည့် အားနည်းယိုယွင်းနေသည့် လက္ခဏာမျှ မရှိပေ။

မည်သည့်အတွက်ကြောင့် ဆက်လက် မကြီးထွားနိုင်တော့သနည်း ဆိုသည်ကို ကျန်းချဲ့၏ ရင်ထဲတွင် အလွန် ရှင်းလင်းစွာ သိထားသည်။ အဘယ်ကြောင့်ဆိုသော် ခြောက်လက်မအရွယ် မူလဝိညာဉ်သန္ဓေသားက ဓမ္မရုပ်တုအဆင့်၏ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး နောက်ထပ် တစ်လက်မ ထပ်မံ ကြီးထွားပါက ရှန်ရှန်းအဆင့် နောက်ပိုင်း မူလဝိညာဉ် အဆင့်သို့ ဝင်ရောက်သွားပြီ ဖြစ်ကာ မီးကပ်ဘေး၏ လောင်ကျွမ်းမှုနှင့် လေ့ကျင့်မှုများကို ဖြတ်သန်းရန် လိုအပ်သောကြောင့်ပင်။ သို့မဟုတ်ပါက မီးကပ်ဘေး၏ လေ့ကျင့်မှုကို မဖြတ်သန်းရသေးသရွေ့ မူလဝိညာဉ်သန္ဓေသား အနေဖြင့် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

အချိန်အနည်းငယ် ကြာပြီးနောက် ခြောက်လက်မအရွယ် မူလဝိညာဉ်သန္ဓေသားက အကန့်အသတ်သို့ ရောက်ရှိသွားပြီးနောက် လေဟာနယ်ထဲတွင် တစ်ပတ် လှည့်လည်သွားသည်။ ပင်လယ်ထဲ ရောက်သွားသော ငါးတစ်ကောင်အလား အမြန်နှုန်းက အလွန်တရာ မြန်ဆန်လှပြီး မျက်တောင်အနည်းငယ် ခတ်သည့် အတွင်းမှာပင် နေရာများစွာကို ရွှေ့ပြောင်းသွားနိုင်၏။

နောက်ဆုံးတွင် မူလဝိညာဉ်သန္ဓေသား၏ လှည့်လည်သွားလာမှု ပြီးဆုံးသွားပြီး ဝိညာဉ်အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ စိတ်ဝိညာဥ် နယ်မြေ အတွင်းသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။ ပတ်ဝန်းကျင်ရှိ သွေးသားစွမ်းအင်များဖြင့် ဖန်တီးထားသော စစ်မှန်သည့် နဂါးများကလည်း ကျန်းချဲ့၏ ခန္ဓာကိုယ်ဆီသို့ အဆက်မပြတ် စီးဝင်သွားကြသည်။

သွေးသားစွမ်းအင် တစ်ခု ပေါင်းစပ်သွားတိုင်း ကျန်းချဲ့၏ အရှိန်အဝါက တစ်ဆင့် ပိုမို အားကောင်းလာ၏။ မူလဝိညာဉ်သန္ဓေသား၏ ကျင့်စဉ်စွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ နန်းတော်အတွင်းသို့ တစ်ဆင့်ချင်း တက်လှမ်းနေသည့်အလား လူ့ခန္ဓာကိုယ် လူ့ပုံသဏ္ဌာန်ဖြင့် စစ်မှန်သော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။

All Chapters