အခန်း ၄၄၂
Vol. 45 Ch. 442
အခန်း ၄၄၂ မိစ္ဆာနဂါး ရထားလုံး။ တောင်ပိုင်းနယ်စားကြီးနှင့် ထိပ်တိုက်တွေ့ခြင်း
"နတ်သံတမန်ကြီးက စစ်မှန်သောသခင်အဆင့်ကိုများ ရောက်သွားပြီလား"
အောက်ဘက်တွင် လျူဆန်းချိုးက အလွန်တရာ အံ့အားသင့်နေသော မျက်ဝန်းများဖြင့် မေးလိုက်သည်။ ယွီဝေ့ရွှေမှာလည်း ထိုနည်းတူစွာပင် အံ့ဩနေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ခံစားမိသည့် ကျန်းချဲ့၏ ဖိအားက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းနေသောကြောင့်ပင်။ ယခင်က ချန်ချင်းဖန်နှင့်ပင် ယှဉ်နိုင်လောက်သည်အထိ ဖြစ်၏။
"အမြင်ကျဉ်းလိုက်တာ နတ်သံတမန်ကြီးက စစ်မှန်သောသခင်အဆင့် ရောက်သွားတာ မဟုတ်ဘူး အဲဒီ မူလဝိညာဉ်သန္ဓေသားကို ကြည့်လိုက်ရင် သိနိုင်ပါတယ် ခြောက်လက်မ အရွယ်ဆိုတော့ ဓမ္မရုပ်တုအဆင့် အထွတ်အထိပ်ကို ရောက်သွားတာပါ"
ကျိုးရွှမ်က လေးနက်သော အသံဖြင့် ရှင်းပြလိုက်သည်။
"ကျွန်တော်က အမြင်မှားသွားတာ မဟုတ်ပါဘူး ခြောက်လက်မအရွယ် မူလဝိညာဉ်သန္ဓေသား ဆိုတာကိုလည်း ကောင်းကောင်း သိပါတယ် ဒါပေမဲ့ ဒီဖိအားက အရမ်းကို ကြောက်စရာ ကောင်းလွန်းနေလို့ပါ"
လျူဆန်းချိုးက ပြန်လည် ရှင်းပြလိုက်သည်။
"နတ်သံတမန်ကြီးက ကျင့်စဉ်နဲ့ ခန္ဓာကိုယ် နှစ်မျိုးစလုံးကို ကျင့်ကြံထားတာ ဖြစ်မယ် ဒါကြောင့်လည်း ရဟန္တာ ဝူချန်ကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်ခဲ့တာပေါ့ ကျွန်တော် ကြည့်ရသလောက်တော့ နတ်သံတမန်ကြီးက စစ်မှန်သောသခင်အဆင့် မရောက်သေးပေမဲ့ စစ်မှန်သောသခင် တစ်ပါးနဲ့ ယှဉ်နိုင်လောက်တဲ့ စွမ်းအား ရှိနေပြီ လောကမှာ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင် ဆိုတဲ့ နာမည်နဲ့ တကယ် လိုက်ဖက်ပါတယ်"
ကျိုးရွှမ်က ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်သည်။
သူကိုယ်တိုင်လည်း ဓမ္မရုပ်တုအဆင့် အထွတ်အထိပ်တွင် ရှိပြီး မူလဝိညာဉ်သန္ဓေသားကလည်း ခြောက်လက်မ အရွယ်အစား ရှိသော်လည်း ကျန်းချဲ့နှင့် ယှဉ်ပြိုင်ပါက မျက်တောင်တစ်ခတ်အတွင်း ရှုံးနိမ့်သွားမည်မှာ သေချာကြောင်း ခံစားမိနေ၏။
အဆင့်တူများထဲတွင် ပြိုင်ဘက်ကင်း ဖြစ်သည်။
ဤသည်မှာ ယခုအချိန်တွင် သူ၏ ခေါင်းထဲ၌ ပေါ်လာသော တစ်ခုတည်းသော အတွေးပင် ဖြစ်သည်။
"နတ်သံတမန်ကြီး အဆင့်တက်တော့မှာဆိုတော့ ကျွန်တော်တို့ အတူတူ သွားပြီး ဂုဏ်ပြုလိုက်ကြရအောင်"
ယွီဝေ့ရွှေက ပြုံးရွှင်စွာဖြင့် အကြံပြုလိုက်သည်။ လျူဆန်းချိုးကလည်း ချက်ချင်း ခေါင်းညိတ် ထောက်ခံလိုက်သည်။
"မှန်ပါတယ် မှန်ပါတယ် နတ်သံတမန်ကြီးကို ဂုဏ်ပြုရမှာပေါ့"
အနက်ရောင်ရုံးတော်၏ ဒုတိယသံတမန်များ အနေဖြင့် သူတို့၏ အလားအလာက ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်ရာ အခြားသူများကို အားကိုးရန် သဘာဝကျစွာ လိုအပ်ပေသည်။ အကယ်၍ အထက်လူကြီးက အလွန် စွမ်းရည်ရှိသူ ဖြစ်ပါက သူတို့လည်း အကျိုးအမြတ်များ ရရှိမည်သာ ဖြစ်၏။
ယနေ့လိုမျိုး အကြိမ်အနည်းငယ်မျှသာ ထပ်ဖြစ်ပါက သူတို့လည်း ချမ်းသာကြွယ်ဝလာမည်မှာ သေချာလှသည်။ အန္တရာယ် ရှိသော်လည်း ကြီးမားသော အကျိုးအမြတ်များ ရှိနေသဖြင့် စမ်းသပ်ကြည့်ရန် ထိုက်တန်သည်ဟု သူတို့ ယူဆထားကြ၏။
ကျိုးရွှမ်ကလည်း ဝမ်းသာအားရဖြင့် ခေါင်းညိတ်လိုက်သည်။
ကျန်းချဲ့၏ တိုးတက်မှုက မြန်ဆန်လေ ကျူးချွဲဌာနခွဲတွင် နေရမည့် အချိန်က တိုတောင်းလေ ဖြစ်ပေမည်။ ဤကဲ့သို့သော ကျင့်ကြံခြင်း အမြန်နှုန်းဖြင့်ဆိုလျှင် နောက်ထပ် ဆယ်စုနှစ် အနည်းငယ် အကြာတွင် သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းနိုင်မည်ဟု သူ ထင်မြင်ထားသည်။ ထိုအချိန်ရောက်ပါက သေးငယ်လှသော ကျူးချွဲဌာနခွဲ နတ်သံတမန် နေရာလေးက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လူတစ်ယောက်ကို ထိန်းချုပ်ထားနိုင်တော့မည် မဟုတ်ပေ။
အခြားတစ်ဖက်တွင် ကျန်းချဲ့၏ အဆင့်တက်မှုကို အမြဲတမ်း စောင့်ကြည့်နေခဲ့သော ကျောက်ရှန်းကျီမှာလည်း သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်မိသည်။ ကျန်းချဲ့၏ ကျင့်စဉ်စွမ်းအား မည်မျှ တိုးတက်လာသည်ကို ထိုအမျိုးသမီး ဂရုမစိုက်ပေ။ ကျန်းချဲ့ အဆင့်တက်ချိန်တွင် မည်သည့် အမှားအယွင်းမျှ မဖြစ်ရန်သာ မျှော်လင့်ထားခြင်း ဖြစ်၏။
မူလဝိညာဉ်သန္ဓေသား နှစ်လက်မ ဆက်တိုက် ကြီးထွားလာခြင်းမှာ သိုင်းလောကတွင် မရှိခဲ့ဖူးသည်တော့ မဟုတ်ပေ။ သို့သော် အကြိမ်တိုင်းတွင် ကြီးမားသော အန္တရာယ်များ ပါဝင်နေပြီး အနည်းငယ် မှားယွင်းသွားပါက တန်ပြန် သက်ရောက်မှုကို ခံရနိုင်ပေသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ကျန်းချဲ့က ထိုအမျိုးသမီးကို စိတ်ပျက်အောင် မလုပ်ခဲ့ပေ။
ကျန်းချဲ့၏ စွမ်းအားများနှင့် ပတ်သက်၍မူ ကျောက်ရှန်းကျီ ကိုယ်တိုင်လည်း နားလည်သဘောပေါက်ထားပြီ ဖြစ်သည်။ ယခင်က ကျန်းချဲ့က ထိုအမျိုးသမီးနှင့် များစွာ ကွာခြားမှု မရှိခဲ့သော်လည်း ယခု ကျင့်စဉ်စွမ်းအားများ ကြီးမားစွာ တိုးတက်လာပြီးနောက် အစစ်အမှန် စွမ်းအားက သေချာပေါက် သာလွန်သွားပြီ ဖြစ်၏။ ရင်ထဲတွင် ဝမ်းနည်းသလို ခံစားရသလို ကျန်းချဲ့အတွက် ဝမ်းသာနေမိသည်လည်း ပါဝင်၏။
"ဒီနဂါးရဲ့ ဖိအားက တကယ်ပဲ ကျန်းချဲ့ဆီကနေ လာတာလား"
နဂါးလှောင်တွင်း အနီးတွင် အောက်ခွန်းက အလွန်တရာ အံ့အားသင့်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။
စောစောက ကျန်းချဲ့ အဆင့်တက်ချိန်တွင် ထိုနဂါး၏ ဖိအားကို သူ အသေအချာ ခံစားလိုက်ရပြီး အလွန်တရာ အံ့အားသင့်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုနဂါး၏ ဖိအားက သူ့ကိုပင် ဖိနှိပ်နိုင်စွမ်း ရှိနေသောကြောင့် ဖြစ်၏။ ၎င်းက ကျန်းချဲ့ ကိုယ်တွင်းရှိ နဂါးသွေးက သူ့ထက် အများကြီး ပိုမို သန့်စင်ကြောင်း ဖော်ပြနေသည် မဟုတ်ပါလား။
သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။
ကျန်းချဲ့က လူသားစစ်စစ် ဖြစ်ပြီး သူကတော့ အစစ်အမှန် မိစ္ဆာနဂါး တစ်ကောင် ဖြစ်သည်။ ယခင်က သူ၏ မိစ္ဆာနဂါး သွေးကြောကိုပင် ကျန်းချဲ့က တောင်းဆိုခဲ့သေးသည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်း တစ်ဖက်လူက သူ့ထက်ပင် ပို၍ စစ်မှန်သော နဂါးတစ်ကောင်နှင့် တူနေ၏။
ဤအခိုက်အတန့်တွင် သူ၏ စိတ်ကူးများ ယိမ်းယိုင်သွားခဲ့ပြီ ဖြစ်သည်။ ယခင်က ကျန်းချဲ့အား အညံ့မခံလိုခြင်းမှာ သူက မိစ္ဆာနဂါး တစ်ကောင် ဖြစ်သောကြောင့်ပင်။ မိစ္ဆာမျိုးနွယ်များထဲတွင် အထက်တန်းစား သွေးကြောကို ပိုင်ဆိုင်ထားသူဖြစ်ရာ မည်သို့ လူသားတစ်ယောက်၏ စီးတော်ယာဉ် လုပ်နိုင်မည်နည်း။ သို့သော် ယခု ကျန်းချဲ့၏ သွေးကြောက သူ့ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်၏။
အကယ်၍ အညံ့ခံလိုက်မည် ဆိုပါက မျက်နှာပျက်စရာ ဖြစ်သော်လည်း လုံးဝ လက်ခံ၍ မရနိုင်လောက်အောင်တော့ မဟုတ်တော့ပေ။
"ကောင်းတယ် ကောင်းတယ် ကောင်းတယ်"
ချီရွှယ်မိစ္ဆာသခင်က ဝမ်းသာအားရ ရယ်မောလိုက်ပြီး ကျန်းချဲ့၏ အဆင့်တက်မှုအတွက် အလွန် ဝမ်းသာနေ၏။
ကျန်းချဲ့နှင့် အချိန်ကြာမြင့်စွာ အတူနေခဲ့ဖူးသူ တစ်ယောက်အနေဖြင့် သူက ကျန်းချဲ့ကို အကောင်းဆုံး နားလည်ထားသူ ဖြစ်သည်။ ယခုလက်ရှိ ကျန်းချဲ့၏ စွမ်းအားက တစ်ချိန်က သူ၏ အကောင်းဆုံး အခြေအနေနီးပါး ရောက်ရှိနေပြီဖြစ်ကြောင်း သူ နားလည်ထား၏။ ထိုသို့ဆိုလျှင် ထိပ်တန်း စစ်မှန်သောသခင် တစ်ပါး၏ စွမ်းအားနှင့် လုံးဝ ညီမျှပေလိမ့်မည်။
နောက်ပိုင်းတွင် သိုင်းသူတော်စင် ဖြစ်လာရန် အခွင့်အရေးများ ပိုမို များပြားလာပြီ ဖြစ်သည်။
အောက်ဘက်မှ လူအများအပြား အံ့အားသင့်နေချိန်တွင် ကျန်းချဲ့က လေပူတစ်ချက် မှုတ်ထုတ်လိုက်ရာ ပေဆယ်ဂဏန်းကျော်အထိ ရောက်ရှိသွားပြီး နတ်ဘုရားတစ်ပါး သက်ပြင်းချလိုက်သည့်အလား ဖြစ်နေ၏။ သူ၏ ကျင့်စဉ်စွမ်းအားများကလည်း ဓမ္မရုပ်တုအဆင့် အထွတ်အထိပ်တွင် အပြည့်အဝ တည်ငြိမ်သွားပြီ ဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်း အဆင့်တက်ခြင်းနှင့် ခြောက်လက်မအရွယ် မူလဝိညာဉ်သန္ဓေသား။
နတ်အလင်းတန်းများက အပြည့်အဝ တောက်ပနေပြီး ထပ်မံ တိုးတက်ရန် နေရာ မရှိတော့ပေ။
ခန္ဓာကိုယ်အတွင်းမှ လှိုင်းထနေသော သွေးသားစွမ်းအင်များကို ခံစားရင်း ဉာဏ်ရည်နယ်မြေအတွင်းရှိ အလွန် သိပ်သည်းကျစ်လစ်နေသော ခြောက်လက်မအရွယ် မူလဝိညာဉ်သန္ဓေသားကို ခံစားရင်း ကျန်းချဲ့က မိမိကိုယ်ကိုယ် အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပြည့်နှက်နေကြောင်း ခံစားလိုက်ရသည်။ ထိုစွမ်းအားများဖြင့်ဆိုလျှင် အကောင်းဆုံး အခြေအနေတွင် ရှိနေသော ဝူချန်ကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိမည်ဟု သူ ယုံကြည်ထား၏။
အကယ်၍ မူလဝိညာဉ် အဆင့်သို့ ထပ်မံ တက်လှမ်းနိုင်ပါက အခြေခံ သဘောတရားများပါ ပြောင်းလဲသွားမည် ဖြစ်သည်။
ယခုအချိန်တွင် စစ်မှန်သောသခင် အောက်တွင် သူက နံပါတ်တစ်ဟု ရဲဝံ့စွာ ပြောရဲပေသည်။ စစ်မှန်သောသခင် အဆင့်ဆိုလျှင်တောင်မှ သာမန် စစ်မှန်သောသခင်များက သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။
"နတ်သံတမန်ကြီး ကျင့်စဉ်စွမ်းအားများ တစ်ဟုန်ထိုး တက်လာတာ ဂုဏ်ပြုပါတယ် စစ်မှန်သောသခင်အဆင့်ကို တက်လှမ်းဖို့လည်း သိပ်မလိုတော့ပါဘူး"
"နတ်သံတမန်ကြီး ကျင့်စဉ်စွမ်းအားများ တစ်ဟုန်ထိုး တက်လာတာ ဂုဏ်ပြုပါတယ် ကျူးချွဲဌာနခွဲရဲ့ ကံကောင်းမှု တော်ဝင်နန်းတော်ရဲ့ ကံကောင်းမှုပါပဲ"
"နတ်သံတမန်ကြီးက တကယ်ကို လောကမှာ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင် တစ်ယောက်ပါပဲ လက်အောက်ငယ်သားတို့ အလွန် လေးစားမိပါတယ်"
အနက်ရောင်ရုံးတော်မှ ဒုတိယသံတမန် သုံးဦးက အသီးသီး လက်ယှက်ဂါရဝပြုကာ ဂုဏ်ပြုစကားများ ပြောကြားလိုက်ကြသည်။
ကျန်းချဲ့က သူတို့ သုံးဦးကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ အငွေ့အသက်များက ဖြည်းညင်းစွာ တည်ငြိမ်သွားသည်။
"ခင်ဗျားတို့ မြှောက်ထိုးပင့်ကော် ပြောလွန်းနေပါပြီ"
"နတ်သံတမန်ကြီးက တကယ်ကို ထိုက်တန်ပါတယ်"
"နတ်သံတမန်ကြီးက တကယ်ကို ထိုက်တန်ပါတယ်"
ကျိုးရွှမ်တို့ကို စကားအနည်းငယ် ပြန်ပြောပြီးနောက် ကျန်းချဲ့က လေဟာနယ်ကို ဖြတ်ကျော်ကာ ခြေတစ်လှမ်းတည်းဖြင့် ပေတစ်ထောင်ခန့် အကွာအဝေးကို ရွှေ့ပြောင်းသွားပြီး ထျန်းလုံဘုန်းကြီးကျောင်း အတွင်းရှိ နဂါးလှောင်တွင်း အနီးသို့ ရောက်ရှိသွားသည်။
အောက်ဘက်ရှိ သံကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်ခံထားရသော မိစ္ဆာနဂါးကို အပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။ အစီအရင်၏ အဆက်မပြတ် နှိပ်စက်မှုအောက်တွင် အကြေးခွံများ ကွဲကြေပြီး သွေးသားများ လွင့်စင်နေသည်ကို မြင်တွေ့ရသော်လည်း သူ၏ မျက်ဝန်းများထဲတွင် မည်သည့် ကရုဏာမျှ မရှိဘဲ ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
"ဒီကျန်းရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ် ရှိတယ် အောက်ခွန်း မင်း အခု အညံ့မခံရင် ဒီကျန်းက မင်းကို အတင်းအကျပ် မလုပ်တော့ဘူး"
"တကယ်လား"
အောက်ခွန်းက မူလက ကျန်းချဲ့အား အညံ့ခံရန် စိတ်ကူးရှိနေပြီ ဖြစ်သော်လည်း မျှော်လင့်မထားသော ဝမ်းသာစရာ သတင်းကို ကြားလိုက်ရသဖြင့် အလွန် လောလောဆယ် မေးလိုက်မိသည်။
ချီရွှယ်မိစ္ဆာသခင်က ကြောင်အမ်းသွားပြီး အလျင်အမြန် ဝင်ပြောလိုက်သည်။
"ငါ့ကို နောက်ထပ် နှစ်ရက်လောက် အချိန်ပေးပါ ဒီနဂါးအိုကြီး မင်းကို ကျေကျေနပ်နပ်ကြီး အညံ့ခံလာအောင် သေချာပေါက် လုပ်ပေးပါ့မယ်"
ကျန်းချဲ့က လက်ကာပြကာ ချီရွှယ်မိစ္ဆာသခင်ကို မပြောရန် အချက်ပြလိုက်ပြီးနောက် အောက်ခွန်းကို ကြည့်ကာ ဆက်ပြောလိုက်သည်။
"သေချာပေါက် တကယ်ပေါ့ ဒီကျန်း ပြောတဲ့စကားက အမြဲတမ်း တည်တယ် ဒါပေမဲ့ မင်းကို လွှတ်ပေးမယ်လို့တော့ ငါ မပြောဘူးနော် ငါ့ရဲ့ ကျင့်စဉ်က အခုအချိန်မှာ စစ်မှန်တဲ့ နဂါးသွေးကြောတွေကို သန့်စင်ဖို့ လိုအပ်နေတာ မင်းကို အစာအဖြစ် သတ်ပစ်ပြီး သွေးသားတွေကို သောက်သုံးလိုက်ရုံပဲ"
ထိုစကားကို ကြားလိုက်ရသောအခါ အောက်ခွန်း နေရာမှာပင် မှင်သက်သွားတော့သည်။ ကျန်းချဲ့က ဤမျှလောက်အထိ စိတ်မရှည်ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ယခုအချိန်တွင် သူ့ကို အစာအဖြစ် အသုံးပြုရန်ပင် စဉ်းစားနေပြီ ဖြစ်၏။
ထိုအရာကို မြင်လိုက်ရသောအခါ ချီရွှယ်မိစ္ဆာသခင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲသွားသည်။
"အဲဒီအချိန်ကျရင် ငါ့ကိုလည်း တစ်ခွက်လောက် တိုက်ဦးနော်"
"အောက်ခွန်း အညံ့ခံပါတယ် မိတ်ဆွေကျန်းရဲ့ စီးတော်ယာဉ် အဖြစ် အမှုထမ်းပါ့မယ်"
အချိန်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် အောက်ခွန်းက နောက်ဆုံးတွင် သူ၏ မာနကြီးသော ခေါင်းကို ငုံ့ချလိုက်ရတော့သည်။ လွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာကို ဆုံးရှုံးရခြင်းထက် အသေခံရမည်ကို သူ ပို၍ ကြောက်ရွံ့နေမိသည်။ သို့မဟုတ်ပါက သူ၏ နှစ်ရာပေါင်းများစွာသော ကျင့်ကြံခြင်းက အချည်းနှီး ဖြစ်သွားမည် မဟုတ်ပါလား။
"နတ်ဝိညာဉ်နဲ့ မိစ္ဆာအမြုတေကို ဖွင့်ပေးလိုက်"
ကျန်းချဲ့က ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့"
အောက်ခွန်းက ခေါင်းငုံ့ကာ ကိုယ်ပေါ်ရှိ အလင်းတန်းများ အနည်းငယ် တောက်ပလာသည်။ ထို့နောက် လူခေါင်းအရွယ်အစားခန့် ရှိသော ပုတီးစေ့ကြီး တစ်စေ့ကို ပါးစပ်ထဲမှ ထွေးထုတ်လိုက်သည်။ ၎င်းမှာ သူ၏ အဖိုးတန်ဆုံး အရာဖြစ်သော မိစ္ဆာနဂါး ပုတီးစေ့ပင် ဖြစ်၏။
ကျန်းချဲ့က ဘာမှ ထပ်မပြောတော့ဘဲ လက်သင်္ကေတများ ဖော်ထုတ်ကာ အောက်ခွန်း၏ မိစ္ဆာနဂါး ပုတီးစေ့နှင့် နတ်ဝိညာဉ်ပေါ်တွင် တားမြစ်အစီအရင်များကို စတင် ချမှတ်လိုက်တော့သည်။
အချိန်အနည်းငယ် ကြာပြီးနောက် အောက်ခွန်း ကိုယ်ပေါ်ရှိ သံမဏိချိတ်များ အားလုံးကို ဖယ်ရှားလိုက်ပြီ ဖြစ်သော်လည်း သူက ကျန်းချဲ့၏ ဘေးတွင်သာ ရိုးရိုးသားသား ငြိမ်သက်စွာ ဝပ်နေရတော့သည်။ ယခုအချိန်တွင် သူ၏ မိစ္ဆာနဂါး ပုတီးစေ့နှင့် နတ်ဝိညာဉ် အားလုံးက ကျန်းချဲ့၏ တားမြစ်အစီအရင် ချမှတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်ရာ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းက ကျန်းချဲ့၏ စိတ်ကူး တစ်ချက်ပေါ်တွင်သာ မူတည်နေတော့သည်။ လွတ်လပ်ခွင့် ဆိုသည်မှာ လုံးဝ မရှိတော့ချေ။
ကျန်းချဲ့၏ လူရိပ်ကို ကြည့်ရင်း သူ၏ ရင်ထဲတွင် အလွန် ဝမ်းနည်း နောင်တရနေမိသည်။ အကယ်၍ အစောပိုင်းက ထွက်မပြေးခဲ့လျှင် ဘယ်လောက်ကောင်းမလဲဟု တွေးမိသည်။ ကျန်းချဲ့၏ အစေခံ ဖြစ်ရလျှင်တောင်မှ စီးတော်ယာဉ် ဘဝအထိ ရောက်သွားလိမ့်မည် မဟုတ်ပေ။
"မင်းအတွက် ရထားလုံး တစ်စီးလောက် ဖန်တီးပေးရမလား ဟဲဟဲ မိစ္ဆာနဂါး ရထားလုံး ဆိုတဲ့ အရှိန်အဝါက ဧကရာဇ်မင်းတွေတောင် မရနိုင်တဲ့ အခွင့်အရေးမျိုးပဲ"
ချီရွှယ်မိစ္ဆာသခင်က ဟက်ဟက်ပက်ပက် ရယ်မောရင်း အကြံပြုလိုက်သည်။
"ဒီလိုဆိုမှတော့ စီနီယာ့ကိုပဲ ဒုက္ခပေးရတော့မှာပေါ့"
ကျန်းချဲ့က ခေါင်းညိတ် သဘောတူလိုက်သည်။
သူက အောက်ခွန်းကို အညံ့ခံခိုင်းခြင်းမှာ စစ်မှန်သောသခင် အဆင့်ရှိ လက်အောက်ငယ်သား တစ်ယောက် ရရှိရန်သာမက သင့်တော်သော စီးတော်ယာဉ် တစ်ကောင် ရရှိရန်အတွက်လည်း ဖြစ်သည်။ သို့မှသာ သူ၏ နယ်စားပယ်စား အရာရှိကြီး တစ်ဦး၏ ဂုဏ်သိက္ခာနှင့် လိုက်ဖက်မည် မဟုတ်ပါလား။
စည်းကမ်း ဖောက်ဖျက်မှု ဖြစ်မည်လား ဆိုသည်နှင့် ပတ်သက်၍မူ တော်ဝင်နန်းတော်တွင် ထိုကဲ့သို့သော ဥပဒေမျိုး လုံးဝ မရှိပေ။
"ဒီလို လုပ်တာ နည်းနည်း များလွန်းမနေဘူးလား"
ကျောက်ရှန်းကျီက ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် မသင့်တော်ဟု ထင်မြင်မိသည်။ မည်သို့ပင်ဆိုစေ မိစ္ဆာနဂါး ရထားလုံးကို အသုံးပြုသူဆိုသည်မှာ ထိုအမျိုးသမီး တစ်ခါမှ မကြားဖူးခဲ့သောကြောင့်ပင်။ အကယ်၍ ရှိခဲ့လျှင်တောင်မှ သိုင်းသူတော်စင် အဆင့်ရှိသူများသာ ထိုသို့ လုပ်ရဲကြမည် ဖြစ်၏။
"ယွဲ့ပြည်နယ် တစ်ခုလုံးကို လွှမ်းမိုးဖို့က ဒီလို လုပ်မှ ဖြစ်မှာပါ"
ကျန်းချဲ့၏ ပြတ်သားသော စကားကို ကြားပြီးနောက် ကျောက်ရှန်းကျီက ဘာမှ ထပ်မပြောတော့ဘဲ သူမ၏ ယခင် ကျင့်ကြံခြင်း အတွေ့အကြုံ အချို့ကို ကျန်းချဲ့အား စတင် ပြောပြလိုက်သည်။ ထိုအထဲတွင် မီးကပ်ဘေးကို ဖြတ်သန်းရမည့် အခြေအနေများလည်း အများအပြား ပါဝင်နေ၏။
သာမန်လူများ အတွက်တော့ မီးကပ်ဘေးကို ဖြတ်သန်းရန်မှာ ကောင်းကင်ဘုံသို့ တက်ရသကဲ့သို့ ခက်ခဲလှသော်လည်း ကျန်းချဲ့ အတွက်တော့ ကြီးမားသော ပြဿနာတစ်ခု ဖြစ်မည် မဟုတ်ဟု ထo်အမျိုးသမီး ထင်မြင်ထားသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့၏ ကျင့်စဉ်စွမ်းအားများ တိုးတက်လာမှုက အလွန်တရာ မြန်ဆန်လွန်းသောကြောင့်ပင်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အသုံးပြုရမည်သာ ဖြစ်၏။
"ဒီလိုဆိုမှတော့ နတ်မိမယ်လေးနဲ့ အတူတူ ဆွေးနွေးကြည့်ရအောင်"
ကျန်းချဲ့က ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်သည်။
"မွေးစားအဖေ အခုလေးတင် သတင်းရပါတယ် ထျန်းလုံဘုန်းကြီးကျောင်း ပျက်စီးသွားပါပြီ ကျန်းချဲ့က ဘုန်းကြီးကျောင်း တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်တာပါ ထျန်းလုံဘုန်းကြီးကျောင်းက ဘုန်းကြီးတွေ အားလုံး တစ်ယောက်မကျန် အသတ်ခံလိုက်ရပါတယ် အခုတော့ ထျန်းလုံဘုန်းကြီးကျောင်းက အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံ ဖမ်းဆီးနေပါပြီ"
ထျန်းလုံဘုန်းကြီးကျောင်းနှင့် အနီးဆုံးရှိ မြို့တော်တစ်ခု၏ လေဟာနယ်ထက်တွင် လီယွမ်ရှိုးက ယခုလေးတင် ရရှိထားသော သတင်းများကို အသေးစိတ် အစီရင်ခံလိုက်ပြီး ကျန်းချဲ့၏ ရဲတင်းလွန်းသော လုပ်ရပ်အတွက် အလွန် အံ့အားသင့်နေမိသည်။
ဗုဒ္ဓဘာသာဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ခြင်းမှာ ပြီးခဲ့သော ရာစုနှစ်အတွင်း သိုင်းလောကတွင် ဤသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်၏။
"အဲဒီ ကျန်းချဲ့က အခု ထျန်းလုံဘုန်းကြီးကျောင်းမှာ ရှိနေသေးလား"
လီချန်ကောက ကျားဖြူကြီး တစ်ကောင်ကို စီးနင်းထားပြီး သူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များက ဓမ္မရုပ်တုအဆင့် မဟာသိုင်းသခင် တစ်ပါးထက်ပင် မနည်းလှပေ။ ထိုအရာက ဘေးနားရှိ လီယွမ်ရှိုးကိုပင် အနည်းငယ် ရင်တုန်သွားစေ၏။
"ထျန်းလုံဘုန်းကြီးကျောင်း ပျက်စီးသွားတာ တစ်ရက်တောင် မပြည့်သေးပါဘူး သူတို့ အဲဒီမှာ ရှိနေလောက်ဦးမှာပါ ဘာပဲဖြစ်ဖြစ် ပစ္စည်းတွေကို စာရင်းပြုစုဖို့ဆိုတာ အချိန်တိုလေး အတွင်းတော့ မပြီးနိုင်ပါဘူး"
"စစ်သည်တွေရော ဘယ်မှာလဲ"
"စစ်သည်တွေက ဒီနေရာနဲ့ မိုင်တစ်ရာလောက်ပဲ ကွာတော့တယ် နာရီဝက် အတွင်း သေချာပေါက် ရောက်လာမှာပါ"
လီယွမ်ရှိုးက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် သူက အထက်တန်းစား စစ်သည်များကိုသာ ခေါ်ယူထားခြင်း မဟုတ်ဘဲ အနည်းဆုံး ရှန်းထျန်းအဆင့်ရှိ စစ်သည်များကိုပါ ခေါ်ယူထားခြင်း ဖြစ်ရာ အမြန်နှုန်းက အလွန်တရာ မြန်ဆန်လှသည်။ သူ၏ အမိန့်ကို ရရှိပြီးနောက် ဤနေရာသို့ အပြေးအလွှား ချီတက်လာနေကြပြီ ဖြစ်၏။
"ဒီလိုဆိုမှတော့ ဘာစောင့်နေဦးမှာလဲ သွားကြစို့"
လီချန်ကောက လီယွမ်ရှိုးကို တစ်ချက် ကြည့်လိုက်ပြီး သူ စီးနင်းထားသော ကျားဖြူကြီးက ဟိန်းဟောက်သံ တစ်ချက်နှင့်အတူ အဆုံးအစမရှိသော တိမ်မည်းများ စုရုံးလာကာ ထောင်နှင့်ချီသော မိစ္ဆာစစ်သည်များက အကာအကွယ် ပေးထားသည့်အလား လေထဲသို့ တစ်ဟုန်ထိုး တက်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ပေတစ်ထောင်ကျော် ခရီးကို ဖြတ်ကျော်သွားတော့သည်။ ထျန်းလုံဘုန်းကြီးကျောင်း ရှိရာ အရပ်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွား၏။
လီယွမ်ရှိုးနှင့် ဘေးနားရှိ လီခွမ့်တို့က အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီးနောက် ချက်ချင်း နောက်မှ လိုက်ပါသွားကြသည်။
နာရီဝက် အကြာတွင် ထျန်းလုံဘုန်းကြီးကျောင်း၏ အပေါ်ဘက် လေဟာနယ်တွင် အဆုံးအစမရှိသော တိမ်မည်းများက အရပ်လေးမျက်နှာ ရှစ်မျက်နှာမှ ထျန်းလုံဘုန်းကြီးကျောင်း အပေါ်သို့ ဖုံးလွှမ်းလာသည်။ လီချန်ကောက ရိုးရှင်းသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ပေရာနှင့်ချီ ကြီးမားသော ကျားဖြူကြီးကို စီးနင်းလျက် ကောင်းကင်နှင့် မြေကြီးကြားတွင် မတ်မတ်ရပ်နေ၏။
"ကျန်းချဲ့ ဘယ်မှာလဲ ငါ့ကို အခုချက်ချင်း လာတွေ့စမ်း"
သူ၏ အသံက အရပ်လေးမျက်နှာ ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားပြီး ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ကြီးမားလှသော ဖိအားကြီးက ထျန်းလုံဘုန်းကြီးကျောင်း အပေါ်သို့ ဖိနှိပ်လာတော့၏။
မျက်တောင်တစ်ခတ်အတွင်း ထျန်းလုံဘုန်းကြီးကျောင်း အတွင်းရှိ လူတိုင်းက ထိုကြောက်မက်ဖွယ်ကောင်းသော အသံကြီးကို ကြားလိုက်ရပြီး ခေါင်းမော့ကြည့်လိုက်ကြသည်။
နောက်တစ်စက္ကန့်တွင် ကောင်းကင်ယံကို တုန်လှုပ်သွားစေသော နဂါးဟိန်းသံကြီး တစ်ခု ထွက်ပေါ်လာသည်။ လေဟာနယ် တုန်ခါသွားပြီး အနက်ရောင် မိစ္ဆာနဂါးကြီး တစ်ကောင်က တိမ်တိုက် ပင်လယ်ကို ထိုးဖောက်ထွက်လာကာ ကြီးမားလှသော နဂါး၏ ဖိအားကို မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ လီချန်ကောဆီသို့ ဖိနှိပ်လိုက်တော့သည်။
မိစ္ဆာနဂါးကြီး၏ နောက်တွင်တော့ ရွှေရောင် ရထားလုံးကြီး တစ်စီးကို ဆွဲလာသည်။ ရထားလုံး အပေါ်တွင် ရောင်စုံ တိမ်တိုက်များက အမိုးအဖြစ် ဖုံးအုပ်ထားပြီး ရထားလုံး အတွင်း၌ လူရိပ် နှစ်ခု ထိုင်နေ၏။
အမျိုးသမီးက ကိုယ်လုံးကိုယ်ပေါက် လှပပြီး မျက်နှာသွင်ပြင်က ချောမောလှပကာ သူမ၏ ကိုယ်ပတ်လည်တွင် ထက်မြက်သော အငွေ့အသက်များ ဝန်းရံနေသည်။ အမျိုးသားကတော့ နယ်စားပယ်စား ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်းတွင် ကျောက်စိမ်း သရဖူကို ဆောင်းထားကာ မျက်နှာပေါ်တွင် ပျင်းရိနေသော အမူအရာ အချို့ ရှိနေသည်။ ၎င်းမှာ ကျန်းချဲ့ပင် ဖြစ်၏။
စောစောက သူက ထျန်းလုံဘုန်းကြီးကျောင်း အတွင်း၌ မရှိဘဲ ကျောက်ရှန်းကျီနှင့်အတူ မိစ္ဆာနဂါးကြီးကို စီးနင်း၍ လေဟာနယ်ထဲတွင် လှည့်လည်သွားလာနေခြင်း ဖြစ်သည်။ သို့သော် သူက အဝေးကြီးသို့ မသွားခဲ့ဘဲ ထျန်းလုံဘုန်းကြီးကျောင်းဆီသို့ တိမ်မည်းများ ဦးတည်လာနေကြောင်း ခံစားလိုက်ရသည်နှင့် ချက်ချင်း ပြန်လှည့်လာခဲ့ခြင်း ဖြစ်၏။
ရထားလုံးနှင့် ပတ်သက်၍မူ မဟာသိုင်းသခင်ကြီး တစ်ဦး အနေဖြင့် မျက်တောင်တစ်ခတ်အတွင်း ပစ္စည်းများကို အရည်ပျော်စေပြီး လွယ်လွယ်ကူကူ ဖန်တီးနိုင်ပေသည်။ သေချာသည်မှာ ထိုသို့ ပြုလုပ်ခြင်းကြောင့် ရထားလုံးက သာမန် ဝိညာဉ်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းသာ ဖြစ်ပြီး အခြား ထူးခြားသော အစွမ်းအစများ မရှိပေ။
ပေရာနှင့်ချီ ကြီးမားသော ကျားဖြူကြီးနှင့် တိမ်မည်းများ ဖုံးလွှမ်းနေသည်။ ပေသုံးရာကျော် ကြီးမားသော အနက်ရောင် မိစ္ဆာနဂါးကြီးဆီမှ မိုးကြိုးသံများ ပဲ့တင်ထပ်နေသည်။
အငွေ့အသက် နှစ်ခုက ချက်ချင်း ဝင်တိုက်မိသွားရာ လီချန်ကော စီးနင်းထားသော ကျားဖြူကြီးက ညည်းတွားသံ တစ်ချက် ထွက်ပေါ်လာပြီး အပြင်းအထန် တိုက်ခိုက်ခံလိုက်ရသည့်အလား ဖြစ်သွား၏။ လီချန်ကောက ထိုအရာကို မြင်လိုက်သောအခါ သူ၏ ကိုယ်ပိုင် ဖိအားများကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး ရှေ့ရှိ အနက်ရောင် မိစ္ဆာနဂါးကြီးနှင့် အနောက်ရှိ ရထားလုံးကို အေးစက်စက် အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
"လီဗိုလ်ချုပ်ကြီးက ဒီနယ်စားကို လာတွေ့တာ ဘာကိစ္စများ ရှိလို့လဲ"
ကျန်းချဲ့က ရှေ့ရှိ လူရိပ်ကို စိုက်ကြည့်ကာ ခံစားချက် ကင်းမဲ့စွာဖြင့် မေးလိုက်သည်။
ယခုအချိန်တွင် သူက ယခင်က လီချန်ကော၏ ရှေ့တွင် အောက်ကျို့ခံခဲ့ရသော အခြေအနေမျိုး မဟုတ်တော့ပေ။ ယခုလက်ရှိ သူ၏ အခြေအနေက ကျင့်စဉ်စွမ်းအားမှလွဲ၍ ကျန်ရှိသော အရာအားလုံးတွင် တစ်ဖက်လူနှင့် တစ်စက်လေးမျှ ကွာခြားမှု မရှိတော့ပေ။ ယခင်ကလို ရိုသေလေးစားသော ဟန်အမူအရာမျိုး ပြသရန် လုံးဝ မလိုအပ်တော့ချေ။
ယခင်က လီချန်ကောကို ပထမဆုံး စတင် တွေ့ဆုံခဲ့စဉ်က သူက ခါးညွှတ် အရိုအသေပေးကာ အောက်ကျို့ခဲ့ရသည်။ နောက်ပိုင်းတွင် လီချန်ကော၏ အကြံအစည်ကြောင့် ဒုက္ခရောက်ခဲ့ရသော်လည်း အံကြိတ်ကာ သည်းခံခဲ့ရသည်။ သို့သော် ယခုအချိန်တွင်မူ တစ်ဖက်လူက သူ့ကို အောက်ကျို့အောင် လုပ်နိုင်စွမ်း မရှိတော့ပေ။
အမည်နာမ ခေါ်ဝေါ်မှုနှင့် ပတ်သက်၍မူ လီချန်ကောတွင် တောင်ပိုင်းနယ်စားကြီး ဆိုသော ဘွဲ့အမည်မှလွဲ၍ တောင်ပိုင်း ဗိုလ်ချုပ်ကြီး ဆိုသော ရာထူးလည်း ရှိနေသေးသည်။ ၎င်းမှာ သူ၏ အဓိက ရာထူးဖြစ်ပြီး ဘွဲ့အမည်မှာ ဂုဏ်ထူးဆောင် သက်သက်သာ ဖြစ်၏။
ကျန်းချဲ့၏ မောက်မာလွန်းသော စကားများကြောင့် လီချန်ကော၏ မျက်နှာက မည်းမှောင်သွားပြီး မျက်ဝန်းများထဲတွင် အေးစက်စက် အလင်းတန်းများ ဖြတ်ပြေးသွားသည်။
"ငါ့ရှေ့မှာတောင် မင်းက ဒီနယ်စား လို့ သုံးနှုန်းရဲတယ်ပေါ့လေ"
"ဘာလို့လဲ လီဗိုလ်ချုပ်ကြီးရဲ့ စကားတစ်ခွန်းနဲ့ ဒီကျန်းရဲ့ ကွမ်ကျွင်းနယ်စား ဘွဲ့ကို ရုပ်သိမ်းနိုင်တယ်လို့များ ထင်နေတာလား အဲဒီလိုဆိုရင်တော့ ဒီကျန်းက တကယ် ကြောက်ဖို့ ကောင်းနေပြီပဲ"
ကျန်းချဲ့က ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်သည်။ စကားလုံးတိုင်းတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေ၏။
"လူယုတ်မာလေး မင်းက ဒီလောက်တောင် ရမ်းကားရဲတယ်ပေါ့လေ"
လီချန်ကော ချက်ချင်း ဒေါသပေါက်ကွဲသွားပြီး ကြီးမားလှသော ဖိအားကြီးက ကျန်းချဲ့တို့ဘက်ဆီသို့ ချက်ချင်း ဖိနှိပ်လာတော့သည်။
"ဝှစ်"
"ဝေါင်း"
မျက်တောင်တစ်ခတ်အတွင်း ဓားမြည်သံ တစ်ခုနှင့် နဂါးဟိန်းသံ တစ်ခု လေဟာနယ်ထဲတွင် ပဲ့တင်ထပ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော နဂါး၏ ဖိအားက လီချန်ကော၏ ဖိအားကို ချက်ချင်း ရိုက်ချိုးပစ်လိုက်သည်။
ကျန်းချဲ့က ရွှေရောင် ရထားလုံးပေါ်တွင် ဇိမ်ကျကျ ထိုင်နေရင်း လီချန်ကောကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းက သေလမ်းကို ကိုယ်တိုင် ရှာနေတာလား”