← Chapters

အခန်း ၄၄၆

Vol. 45 Ch. 446

အခန်း ၄၄၆

Vol. 45 Ch. 446

အခန်း ၄၄၆ ဖုန်းယွင်သိုင်းအဆင့်စာရင်းသို့ ဝင်ရောက်ခြင်း။ လောကတွင် ပြိုင်ဘက်ကင်း ပထမ

"ပုံရိပ်ယောင် နတ်မီးတောက်"

ဤပစ္စည်း၏ အသုံးဝင်ပုံကို ကျန်းချဲ့ မေးလိုက်သောအခါ ကျောက်ရှန်းကျီသာမက ချီရွှယ်မိစ္ဆာသခင်ပင် ခေတ္တမျှ ကြောင်အမ်းသွားသည်။ ကျန်းချဲ့က ဤပစ္စည်းအကြောင်း ရုတ်တရက်ကြီး မေးလာလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပုံရသည်။

ကျောက်ရှန်းကျီက ခေတ္တမျှ သေချာစဉ်းစားပြီးနောက် ခေါင်းခါယမ်းလိုက်သည်။

"ပုံရိပ်ယောင် နတ်မီးတောက်ဆိုတာကို ကျမ ကြားတော့ ကြားဖူးတယ်... ဒါပေမဲ့ ဒီအရာက ကောင်းကင်နဲ့မြေကြီးကြားက ထူးခြားတဲ့ မီးတောက်တစ်မျိုးပဲ ဖြစ်လိမ့်မယ်... ကိုယ်ပိုင်အဖြစ် သန့်စင်ပြီး ရန်သူတွေကို သတ်ဖြတ်ဖို့ သုံးလို့ရတယ်... ကျန်တာတွေကိုတော့ သိပ်မသေချာဘူး... ရှင်က ယင်ယန် မိစ္ဆာမီးတောက်ရဲ့ စွမ်းအားကို မြှင့်တင်ဖို့ သုံးမလို့လား" ဟု သူမက မေးလိုက်သည်။

ကျန်းချဲ့၏ ယင်ယန် မိစ္ဆာမီးတောက် ထူးခြားသောစွမ်းရည်က အလွန်တရာ အစွမ်းထက်ကြောင်း ထိုအမျိုးသမီး ကောင်းကောင်း သိထားသည်။ အထူးသဖြင့် အဆင့်နိမ့် သိုင်းပညာရှင်များကို ရင်ဆိုင်ရာတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ရေးလက်နက်ကြီး တစ်ခုပင် ဖြစ်သည်။

မူလဝိညာဉ်အဆင့်ရှိ စစ်မှန်သောသခင်များပင်လျှင် လျစ်လျူရှုထား၍ မရနိုင်ပေ။ တစ်ခါတစ်ရံတွင် လေဟာနယ်ကိုပင် ပိတ်ဆို့ထားနိုင်ပြီး မူလဝိညာဉ်သန္ဓေသားကို လှောင်ချိုင့်အတွင်း ပိတ်လှောင်ထားနိုင်စွမ်း ရှိသည်။

ကျန်းချဲ့က ပြုံးလိုက်ပြီး ထိုအဖြေကို လက်ခံလိုက်ပုံရသည်။ သို့သော် သူ၏ မျက်ဝန်းများက မျှော်လင့်ချက် တစ်စွန်းတစ်စဖြင့် ချီရွှယ်မိစ္ဆာသခင်ထံသို့ ကျရောက်သွားသည်။ ပုံရိပ်ယောင် နတ်မီးတောက်က ရန်သူကို သတ်ဖြတ်ရုံသက်သက် ရိုးရှင်းမည် မဟုတ်ကြောင်း သူ အမြဲတမ်း ခံစားနေရသည်။

"အရင်တုန်းက ရှေးဟောင်း မှတ်တမ်းတစ်ခုထဲမှာ ဒီအကြောင်း နည်းနည်း ရေးထားတာ ဖတ်ဖူးတယ်... ဒီပုံရိပ်ယောင် နတ်မီးတောက်က ပုံသဏ္ဌာန်မရှိဘူး... လေဟာနယ်ထဲကနေ မွေးဖွားလာတာ... မူလဝိညာဉ်သန္ဓေသားကို ထိခိုက်စေနိုင်တဲ့ နေရာမှာ အံ့မခန်း အစွမ်းသတ္တိရှိပြီး သတ်ဖြတ်နိုင်စွမ်း အရမ်းကြီးမားတယ်... သာမန်လူတွေ သန့်စင်ဖို့ အရမ်းခက်ခဲတယ်... ဒါကြောင့်လည်း ဒီပစ္စည်းကို မူလဝိညာဉ်ကို လေ့ကျင့်ပေးဖို့အတွက် သုံးလို့ရတာပေါ့... ဒါပေမဲ့ အတိုင်းအတာ တစ်ခုတော့ သေချာ ထိန်းချုပ်နိုင်ဖို့ လိုတယ်... နည်းနည်းလေး မှားသွားတာနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ထိခိုက်သွားနိုင်တယ်" ဟု ချီရွှယ်မိစ္ဆာသခင်က ရှင်းပြလိုက်သည်။

"မူလဝိညာဉ်ကို လေ့ကျင့်ပေးဖို့" ဟု ကျန်းချဲ့က ရေရွတ်လိုက်သည်။

ကျန်းချဲ့က ထိုစကားလုံးကို ကြားလိုက်ရသောအခါ ရင်ထဲတွင် ချက်ချင်း သဘောပေါက်သွားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

'ယဇ်ပူဇော်စရာ ပစ္စည်းတွေထဲမှာ ဒီအရာ လိုအပ်နေတာက မီးကပ်ဘေးကို ပိုမို အားကောင်းလာစေဖို့များလား' ဟု သူ တွေးလိုက်သည်။

ဤသည်မှာ အကြောင်းပြချက် မရှိဘဲ တွေးတောနေခြင်း မဟုတ်ပေ။ မီးကပ်ဘေးဆိုသည်မှာ ဘေးအန္တရာယ် တစ်ခု ဖြစ်သော်လည်း အခွင့်အရေး တစ်ခုလည်း ဖြစ်ပေသည်။ အကယ်၍ မီးကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါက မူလဝိညာဉ်သန္ဓေသားကို ယင်ဝိညာဉ် အဖြစ်သို့ ပြောင်းလဲနိုင်မည် ဖြစ်သည်။ လေ့ကျင့်ပေးသည့် အချိန် ပိုမို ကြာမြင့်လေ အခြေခံအုတ်မြစ်က ပိုမို ခိုင်မာလာလေ ဖြစ်သည်။

သိုင်းလောကတွင် မူလဝိညာဉ်ကို လေ့ကျင့်ပေးနိုင်သော ဝိညာဉ်ပစ္စည်းများ အများအပြား ရှိသည်။ သို့သော် ဤကဲ့သို့သော နည်းလမ်းကို အသုံးပြုခြင်းက အလွန် အန္တရာယ်များလွန်းလှပေသည်။

သို့သော် ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် က လိုအပ်နေခြင်း ဖြစ်ကြောင်း တွေးမိလိုက်သောအခါ သူ အတော်လေး စိတ်အေးသွားရသည်။ ယဇ်ပူဇော်မှု အကြိမ်ပေါင်း များစွာ ပြုလုပ်ခဲ့သော်လည်း ယခုအချိန်အထိ မည်သည့် အမှားအယွင်းမှ မဖြစ်ခဲ့ဖူးချေ။

"မှန်တယ်... ကိုယ့်ရဲ့ မူလဝိညာဉ်က အားကောင်းတယ်လို့ ယုံကြည်ရင် ပြင်ပစွမ်းအားကို အသုံးပြုပြီး မူလဝိညာဉ်ကို လေ့ကျင့်ပေးလို့ ရတယ်... ဒါက နောင်တစ်ချိန် ကောင်းကင် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်တဲ့ အခါမှာ အကျိုးကျေးဇူး ရှိတယ်... ဒါပေမဲ့ ဒီနည်းလမ်းကို သုံးဖို့တော့ ငါ သိပ်အားမပေးချင်ဘူး... မင်းက အခုချိန်ထိ မူလဝိညာဉ် အဆင့်ကို မရောက်သေးဘူးလေ... ပုံရိပ်ယောင် နတ်မီးတောက်က နည်းနည်းလေး လွဲသွားတာနဲ့ မူလဝိညာဉ်သန္ဓေသားကို လောင်ကျွမ်းသွားစေနိုင်တယ်"

"ဒီကိစ္စအတွက် စီနီယာ စိတ်ချပါ... ဒါပေမဲ့ စီနီယာက ဒီပစ္စည်း ဘယ်မှာရှိလဲဆိုတာ သိလား... ကျွန်တော် အခုလောလောဆယ် မလိုသေးပေမဲ့ နောင်တစ်ချိန်ကျရင်တော့ သေချာပေါက် သုံးရမှာပါ"

ကျန်းချဲ့က ကပ်ဘေး ဖြတ်ကျော်ရန် ပြင်ဆင်နေကြောင်း အကြောင်းပြချက် ပေးလိုက်သည်။ အနည်းငယ် လောကြီးနေသလို ဖြစ်နေသော်လည်း ချီရွှယ်မိစ္ဆာသခင်၏ အမြင်တွင်တော့ ၎င်းမှာ ရိုးအီနေပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့က အမြဲလိုလို မျှော်လင့်မထားသော အံ့အားသင့်စရာများကို ပေးစွမ်းတတ်သောကြောင့်ပင်။

"ဒီပစ္စည်းက တော်တော် ရှားပါးတယ်... အခုအချိန်အထိတော့ ဒီအရာ ဘယ်မှာရှိတယ် ဆိုတာကို ငါ သေချာ မသိသေးဘူး... ကောင်းကင်ပြင်ပ လေပြင်းတွေ ရှိတဲ့နေရာမှာတော့ ရှိနိုင်လောက်တယ်" ဟု ချီရွှယ်မိစ္ဆာသခင်က ရယ်မောကာ ပြောလိုက်သည်။

ကျန်းချဲ့ မျက်မှောင်ကြုတ်သွားသည်။

အကယ်၍ ထိုသို့ဆိုပါက တကယ်ကို ဖြေရှင်းရခက်သော ပြဿနာတစ်ခု ဖြစ်သွားပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှန်ရှန်းအဆင့် မဟာသိုင်းသခင်ကြီးများ လေကပ်ဘေးနှင့် မီးကပ်ဘေးတို့ကို ဖြတ်သန်းပြီးသော စစ်မှန်သောသခင်များပင်လျှင် ကောင်းကင်နှင့် မြေကြီး၏ အမြင့်ဆုံးနေရာဖြစ်သော ကောင်းကင်ပြင်ပ လေပြင်းများ တိုက်ခတ်ရာသို့ သွားရောက်၍ ဝိညာဉ်ပစ္စည်းများကို ရှာဖွေ စုဆောင်းရန် အလွန် ခက်ခဲသောကြောင့်ပင်။

ပို၍ တိတိကျကျ ပြောရလျှင် ထိုအဆင့်ရှိ သိုင်းပညာရှင်များက ထိုနေရာတွင် အချိန်ကြာကြာ တောင့်ခံနိုင်မည် မဟုတ်ချေ။ မိုးကြိုးကပ်ဘေးကို ဖြတ်သန်းပြီး ယင်ဝိညာဉ်မှ ယန်ဝိညာဉ် အဖြစ်သို့ ပြောင်းလဲသွားသူများသာ ကောင်းကင်ပြင်ပ လေပြင်းများ၏ အန္တရာယ်ကို လျစ်လျူရှုနိုင်မည် ဖြစ်သည်။ သို့သော် ယန်ဝိညာဉ် ဆိုသည်မှာ သိုင်းသူတော်စင် အဆင့် ဖြစ်သွားခဲ့ပြီ မဟုတ်ပါလားဟု တွေးတောမိသည်။

သိုင်းသူတော်စင် တစ်ပါးကို ကောင်းကင်ပြင်ပသို့ သွားရောက်၍ ကံစမ်းကာ ပုံရိပ်ယောင် နတ်မီးတောက်အား ရှာဖွေပေးရန် တောင်းဆိုဖို့ ကျန်းချဲ့တွင် အရည်အချင်း လုံးဝ မရှိပေ။

အကယ်၍ တစ်ကြိမ်တစ်ခါမျှ လှုပ်ရှားပေးရန် တောင်းဆိုမည်ဆိုပါက ချီမိသားစု ဘိုးဘေးကို သူ အကူအညီ တောင်းနိုင်ပေသည်။ သို့သော် သိုင်းသူတော်စင် တစ်ပါးကို ကံစမ်းပေးရန် အလုပ်ရှုပ်ခံခိုင်းခြင်းက လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။ တစ်စုံတစ်ယောက်က သူ့အတွက် ကျင့်ကြံမည့် အချိန်များကို ကျေကျေနပ်နပ် စွန့်လွှတ်ပေးမှသာ ဖြစ်နိုင်ပေမည်။

သို့သော် ပြဿနာမှာ သူ ကိုယ်တိုင်လည်း ထိုမျှ အချိန်အကြာကြီး မစောင့်နိုင်ခြင်းပင်။ ရှေ့နောက် သေချာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် မတတ်သာပါက အတင်းအကျပ် ယဇ်ပူဇော်ခြင်းကလည်း မဆိုးလှဟု ကျန်းချဲ့ တွေးလိုက်မိသည်။ သက်တမ်း အနှစ်တစ်ရာကျော် တိုးလာခဲ့သဖြင့် ကျန်းချဲ့တွင် ယုံကြည်မှု အချို့ ရှိနေပြီ ဖြစ်သည်။

"ဘယ်လိုလဲ... အောက်ခွန်းက သိလို့လား"

ကျန်းချဲ့ တွေးတောနေစဉ် ရုတ်တရက် ချီရွှယ်မိစ္ဆာသခင်၏ အကြည့်များက ဘေးနားတွင် တစ်ခုခု ပြောချင်နေသော်လည်း မပြောဘဲ မျိုသိပ်ထားသည့် မုတ်ဆိတ်မွေးများနှင့် အနက်ရောင် ဝတ်ရုံဝတ် လူကြီးဆီသို့ ရောက်သွားသည်။ ထိုသူမှာ အောက်ခွန်း ဖန်တီးထားသော လူပုံသဏ္ဌာန်ပင် ဖြစ်သည်။

"သခင်ကြီး ပြောတဲ့ ပုံရိပ်ယောင် နတ်မီးတောက်ဆိုတာ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ကျွန်တော် မျက်မြင်ကိုယ်တွေ့ တစ်ကြိမ် မြင်ဖူးတယ်... ဒါပေမဲ့ အဲဒီပစ္စည်းက အခုချိန်အထိ ရှိနေသေးလား ဆိုတာတော့ သေချာ မသိဘူး" ဟု အောက်ခွန်းက တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ ယုံကြည်မှု သိပ်မရှိလှပုံရသည်။

"ဘယ်နေရာမှာလဲ... ဖွင့်ပြောပြလို့ ရပါတယ်" ဟု ကျန်းချဲ့က ချက်ချင်း ပြောလိုက်သည်။ ဖြစ်နိုင်ခြေ အနည်းငယ်သာ ရှိသည် ဆိုလျှင်တောင်မှ လုံးဝ သဲလွန်စ မရှိသည်ထက်တော့ အများကြီး ပိုကောင်းပေသည်။

"လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ကျွန်တော် ပိုင်ယွဲ့ ဒေသမှာ ကျက်စားခဲ့တုန်းက တောင်တန်းကြီး တစ်သိန်းရဲ့ အနက်ရှိုင်းဆုံး နေရာမှာ လေဟာနယ် အက်ကွဲကြောင်း တစ်ခုကို တွေ့ခဲ့ဖူးတယ်... အဲဒီနေရာမှာ ကောင်းကင်နဲ့ မြေကြီးက မတည်ငြိမ်ဘူး... လေဟာနယ်ကလည်း ဖရိုဖရဲ ဖြစ်နေတယ်... အလွန်တရာ အန္တရာယ်ကြီးတဲ့ နေရာလို့ ခေါ်လို့ရတယ်... အဲဒီနေရာမှာ ပုံသဏ္ဌာန်မရှိတဲ့ မီးတောက် တစ်ခုကို ကျွန်တော် မတော်တဆ တွေ့ခဲ့တယ်... မတော်တဆ ထိမိသွားတော့ ကျွန်တော်သာ အချိန်မီ မထွက်ပြေးနိုင်ခဲ့ရင် မိစ္ဆာဝိညာဉ်ကိုတောင် လောင်ကျွမ်းသွားနိုင်တယ်... အဲဒီတုန်းက သိပ်ပြီး ဂရုမစိုက်ခဲ့ပေမဲ့ နောက်ပိုင်းမှ အဲဒီအရာက လေဟာနယ်ထဲကနေ မွေးဖွားလာတဲ့ ပုံရိပ်ယောင် နတ်မီးတောက် ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များတယ် ဆိုတာ သိလိုက်ရတယ်... အဲဒီတုန်းက အဲဒီပစ္စည်းကို သိမ်းပိုက်ဖို့ စဉ်းစားခဲ့သေးတယ်... ဝမ်းနည်းစရာက နောက်ပိုင်းမှာ ထျန်းလုံဘုန်းကြီးကျောင်းက ခေါင်းတုံးတွေရဲ့ ချုံခိုတိုက်ခိုက်တာကို ခံလိုက်ရလို့"

အောက်ခွန်းက အတိတ်က အဖြစ်အပျက် အချို့ကို အလေးအနက် ပြောပြနေသည်။ သူ၏ ပြောပြချက်များအရ ထိုပုံသဏ္ဌာန်မရှိသော မီးတောက်မှာ ပုံရိပ်ယောင် နတ်မီးတောက် ဖြစ်နိုင်ခြေ အလွန်များကြောင်း ကျန်းချဲ့လည်း ကောက်ချက်ချလိုက်သည်။

သို့သော် တောင်တန်းကြီး တစ်သိန်း၏ အနက်ရှိုင်းဆုံး နေရာ အန္တရာယ်ကြီးသော နေရာ ဟူသော စကားလုံးများက ကျန်းချဲ့ကို အောက်ခွန်း အနေဖြင့် အခွင့်ကောင်းယူ၍ သူ့ကို ထိုနေရာသို့ မျှားခေါ်ကာ သူ၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် ကြိုးစားနေသလားဟု အနည်းငယ် သံသယ ဝင်သွားစေသည်။

"ရှင် ဒီလိုပြောမှ တကယ် ဖြစ်နိုင်တယ်... လင်းကျန့်တောင်ရဲ့ ရှေးဟောင်း မှတ်တမ်းတွေထဲမှာလည်း ရေးထားတာ ရှိတယ်... လေဟာနယ် ဖရိုဖရဲ ဖြစ်ပြီး နေရာလွတ် မတည်ငြိမ်တဲ့ နေရာတွေမှာ အချိန်ကြာလာတာနဲ့အမျှ ပုံရိပ်ယောင် နတ်မီးတောက်တွေ မွေးဖွားလာနိုင်တယ်တဲ့" ဟု ကျောက်ရှန်းကျီက တစ်ခုခုကို သတိရသွားသည့်အလား ဝင်ပြောလိုက်သည်။

"ဒီလိုကိုး" ဟု ကျန်းချဲ့က မျက်လုံးများကို မှေးကာ တွေးတောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် နှစ်ပေါင်း ရာနဲ့ချီ ကွာဝေးသွားပြီ ဆိုတော့ တကယ်တမ်းကျတော့ အဲဒီပစ္စည်း အခုချိန်အထိ ရှိမရှိ ကျွန်တော် သေချာ မသိဘူး... သခင်ကြီးလည်း အရမ်းကြီး မျှော်လင့်မထားပါနဲ့"

ကျန်းချဲ့က ထိုစကားကို ကြားပြီး ပြုံးလိုက်သည်။

"စိတ်ချပါ... အဲဒီနေရာမှာ မရှိရင်တောင်မှ ဒီကိစ္စအတွက် မင်းကို အပြစ်မတင်ပါဘူး"

ဆက်လက် ဆွေးနွေးကြရာတွင် ကျန်းချဲ့က ပုံရိပ်ယောင် နတ်မီးတောက် အကြောင်းကိုသာ မဟုတ်ဘဲ ကျောက်ရှန်းကျီနှင့် အခြားသူများကို ကျိုယိုး သွေးစစ်စစ် သစ်ပင်၊ မိစ္ဆာပယ်ဖျက် မိုးကြိုးနှလုံးသား ပုတီးစေ့နှင့် ကောင်းကင်ယန်စွမ်းအင် မြက်ပင် တို့နှင့် ပတ်သက်၍လည်း မေးမြန်းခဲ့သည်။

သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ကောင်းကင်ယန်စွမ်းအင် မြက်ပင် အတွက် သဲလွန်စ အနည်းငယ် ရှိသည်မှလွဲ၍ ကျန်ရှိသော ယဇ်ပူဇော်စရာ ပစ္စည်း နှစ်ခုအတွက်တော့ မည်သူ့ထံမှ အစအနမျှ မရရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤပစ္စည်း နှစ်မျိုးထဲမှ တစ်ခုက ထိပ်တန်း ကပ်ဘေးကျော်ဖြတ်ရေး ဝိညာဉ်ပစ္စည်း ဖြစ်ပြီး နောက်တစ်ခုက မိသားစု သို့မဟုတ် ဂိုဏ်းများ၏ အမွေအနှစ် ရတနာ ဖြစ်ရာ သတင်းများ အလွယ်တကူ ပျံ့နှံ့လေ့ မရှိသောကြောင့်ပင်။

သို့သော် ချီရွှယ်မိစ္ဆာသခင်ကတော့ အလွန် ဝမ်းသာနေသည်။ ကျန်းချဲ့က ကျိုယိုး သွေးစစ်စစ် သစ်ပင်ကို ရှာဖွေနေခြင်းမှာ သူ၏ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ပေးရန်အတွက်ဟု အထင်လွဲသွားပြီး ကျန်းချဲ့က ကတိတည်သူ ဖြစ်ကြောင်း အဆက်မပြတ် ချီးကျူးနေသဖြင့် ကျန်းချဲ့ အနေဖြင့် ငိုရခက် ရယ်ရခက် ဖြစ်သွားရသည်။

သေချာသည်မှာ သူက ချီရွှယ်မိစ္ဆာသခင်ကို မကူညီချင်၍ မဟုတ်ပေ။ အမှန်တကယ်တော့ အစောကြီးကတည်းက တစ်ဖက်လူအတွက် သူ အစီအစဉ်များ ဆွဲထားခဲ့ပြီး ဖြစ်သည်။ ဝမ်းနည်းစရာမှာ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ရေး ရတနာများ၏ ရှားပါးမှုက သူ၏ ယဇ်ပူဇော်စရာ ပစ္စည်းများထက် တစ်စက်လေးမျှ မလျော့နည်းခြင်းပင်။ ယခုအချိန်အထိ မည်သည့် သဲလွန်စမှ မရသေးချေ။

ထိုကိစ္စအတွက် ကျန်းချဲ့က လျူဆန်းချိုးကို အထူးတလည် ခေါ်ယူကာ အနက်ရောင်ရုံးတော်၏ သတင်းလမ်းကြောင်းများကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။ မည်သို့ပင်ဆိုစေ အနက်ရောင်ရုံးတော်၏ သတင်းအချက်အလက် စွမ်းရည်က သူ၏ တစ်သက်တာတွင် အကောင်းဆုံး ဖြစ်ပြီး ဤအင်အားစုကို အားကိုးခြင်းဖြင့် အကျိုးကျေးဇူး အချို့ ရရှိနိုင်မည်ဟု သူ ထင်မြင်ထားသည်။

လျူဆန်းချိုးကို ရွေးချယ်ရခြင်းမှာ ယခင်က သတင်းဖြန့်ရန်နှင့် လီချန်ကော၏ စစ်ရေးအာဏာကို သိမ်းယူရန် သူ အမိန့်ပေးခဲ့သော်လည်း လှုပ်ရှားသွားသူများမှာ ကျိုးရွှမ်နှင့် ယွီဝေ့ရွှေတို့ ဖြစ်နေသောကြောင့်ပင်။ လျူဆန်းချိုးကတော့ ထျန်းလုံဘုန်းကြီးကျောင်းတွင် ကျန်ရစ်ခဲ့ပြီး နောက်ဆက်တွဲ ကိစ္စရပ်များကို ရှင်းလင်းနေသည်။

"ကျိုးရွှမ်တို့ဘက်က သတင်း ဘယ်လိုနေလဲ"

ကျန်းချဲ့က တိုက်ရိုက် မမေးသေးဘဲ ကျိုးရွှမ်တို့၏ တာဝန်ကို အရင်ဆုံး မေးမြန်းလိုက်သည်။ သူ တံခါးပိတ် ကျင့်ကြံသည့် အချိန်မှစ၍ တွက်ကြည့်မည် ဆိုပါက နေ့တစ်ဝက်ကျော် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ မဟာသိုင်းသခင်ကြီးများ အတွက်တော့ ဤအချိန်က တိုတောင်းသည်ဟု မဆိုနိုင်ပေ။

"နတ်သံတမန်ကြီးကို သတင်းပို့ပါတယ်... အခုအချိန်အထိ ကျူးချွဲဌာနခွဲက ဒီကိစ္စကို အထူး သတင်းလမ်းကြောင်းကနေတစ်ဆင့် တော်ဝင်နန်းတော်ဆီ အစီရင်ခံထားပြီးပါပြီ... ဒါပေမဲ့ အကြောင်းပြန်စာတော့ မရသေးပါဘူး... သတင်း ပျံ့နှံ့မှုကလည်း အခုလောလောဆယ် ယွဲ့ပြည်နယ် အတွင်းမှာပဲ ရှိပါသေးတယ်... တောင်ပိုင်း သုံးပြည်နယ်လုံးကို ပျံ့နှံ့ဖို့ဆိုရင် အနက်ရောင်ရုံးတော် ဖြစ်နေရင်တောင် ရက်အနည်းငယ်တော့ အချိန်ယူရပါလိမ့်မယ်... ဒါပေမဲ့ ဒုတိယသံတမန် ကျိုးရွှမ်တို့ကတော့ နေရာအနှံ့က အာဏာအချို့ကို အဆက်မပြတ် သိမ်းယူနေပါပြီ... ပြီးတော့ လီချန်ကောကို သစ္စာခံတဲ့ ခရိုင်ဗိုလ်ချုပ် အချို့ကိုလည်း ဖမ်းဆီးထားပါတယ်... အခုလောလောဆယ် ယွဲ့ပြည်နယ် မြို့တော်ဆီကို ဦးတည် သွားနေကြပါပြီ" ဟု လျူဆန်းချိုးက အခြေအနေများကို အသေးစိတ် အစီရင်ခံလိုက်သည်။

ထျန်းလုံဘုန်းကြီးကျောင်း တိုက်ပွဲကို ဖြတ်သန်းပြီးနောက် သူက ကျန်းချဲ့ကို အခြေခံအားဖြင့် လုံးဝ အညံ့ခံသွားပြီ ဖြစ်ရာ တစ်စက်လေးမျှ မရိုမသေ မလုပ်ရဲတော့သလို အသက်ကြီးသည်ကို အားကိုး၍ ဆရာကြီး လုပ်လိုစိတ်လည်း မရှိတော့ပေ။ သေချာသည်မှာ အရင်ကတည်းကလည်း ထိုသို့ မရှိခဲ့ပါချေ။

ကျန်းချဲ့က လက်ချောင်းများဖြင့် စားပွဲကို ခေါက်နေရင်း တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

"ကျိုးရွှမ်တို့ကို ပြောလိုက်ပါ... လီချန်ကောတို့ အကျပ်ရိုက်ပြီး ရမ်းကားလာမှာကို သတိထားဖို့... ဒါပေမဲ့ လိုအပ်လာရင် အသက်အန္တရာယ်ကို ပထမ ဦးစားပေးရမယ်... အခြေအနေ မဟန်ဘူးဆိုရင် ချက်ချင်း ဆုတ်ခွာခဲ့ဖို့..."

"ဟုတ်ကဲ့... လက်အောက်ငယ်သား နားလည်ပါပြီ"

ဤစကားများကို ကျန်းချဲ့ ပြောစရာပင် မလိုဘဲ လျူဆန်းချိုးတို့လည်း ကောင်းကောင်း နားလည်ထားကြသည်။ အသက်ကို စတေး၍ အလုပ်လုပ်ပေးနိုင်သော်လည်း တကယ်ကြီး အသက်သေဆုံးသွားမည် ဆိုပါက လုံးဝ မဖြစ်နိုင်ပေ။ သူတို့က ဤကိစ္စအတွက် တကယ်ကြီး အသေခံကြမည် မဟုတ်ချေ။

"ဒါနဲ့... ဒုတိယသံတမန် လျူက အနက်ရောင်ရုံးတော်မှာ နှစ်ပေါင်းများစွာ နေခဲ့တော့ အတွေ့အကြုံ များမှာပဲ... ကျိုယိုး သွေးစစ်စစ် သစ်ပင်၊ မိစ္ဆာပယ်ဖျက် မိုးကြိုးနှလုံးသား ပုတီးစေ့နဲ့ ကောင်းကင်ယန်စွမ်းအင် မြက်ပင် ဆိုတာတွေကိုများ သိထားတာ ရှိလား"

အရေးကြီး ကိစ္စများ ပြောဆိုပြီးနောက် ကျန်းချဲ့က ယဇ်ပူဇော်စရာ ပစ္စည်းများနှင့် ပတ်သက်၍ ချက်ချင်း မေးမြန်းလိုက်သည်။

လျူဆန်းချိုးက မျက်မှောင်ကြုတ်ကာ ကျန်းချဲ့ မေးသော မေးခွန်းများကို စဉ်းစားလိုက်ပြီး အတန်ကြာပြီးနောက် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။

"ဒီအဘိုးကြီး ဉာဏ်နည်းတာကို ခွင့်လွှတ်ပေးပါ... မိစ္ဆာပယ်ဖျက် မိုးကြိုးနှလုံးသား ပုတီးစေ့နဲ့ ကျိုယိုး သွေးစစ်စစ် သစ်ပင် ဆိုတာကို ကြားတော့ ကြားဖူးပေမဲ့ ဒီပစ္စည်း နှစ်ခုက တကယ်တမ်း ဘယ်နေရာမှာ ရှိလဲ ဆိုတာကိုတော့ သေချာ မသိပါဘူး... သံတမန်ကြီး အရေးတကြီး လိုအပ်နေတယ် ဆိုရင် လက်အောက်ငယ်သား လူလွှတ်ပြီး ချက်ချင်း ရှာခိုင်းလိုက်ပါ့မယ်... ကောင်းကင်ယန်စွမ်းအင် မြက်ပင်နဲ့ ပတ်သက်ပြီး ပြောရရင်တော့ ထျန်းလုံဘုန်းကြီးကျောင်း ထဲမှာတင် သက်တမ်းရင့်နေတဲ့ မြက်ပင် အနည်းငယ် ရှိပါတယ်"

"ထျန်းလုံဘုန်းကြီးကျောင်း ထဲမှာတင် ကောင်းကင်ယန်စွမ်းအင် မြက်ပင် ရှိတယ် ဟုတ်လား"

ဤတစ်ကြိမ်တွင်တော့ ကျန်းချဲ့ တကယ်ကို မမျှော်လင့်ထားခဲ့ပေ။ ထျန်းလုံဘုန်းကြီးကျောင်း တစ်ခုတည်းကပင် သူ့အတွက် ယဇ်ပူဇော်စရာ ပစ္စည်း နှစ်မျိုး ယူဆောင်လာပေးခဲ့သည်။ တကယ်ကို အလကား လာခဲ့ရခြင်း မဟုတ်ပေ။

ကောင်းကင်ယန်စွမ်းအင် မြက်ပင်က အခြား ယဇ်ပူဇော်စရာ ပစ္စည်းများလောက် မတန်ဖိုးကြီးသော်လည်း သာမန် ပစ္စည်းတစ်ခုတော့ မဟုတ်ချေ။ အချိန်အနည်းငယ် ယူရဦးမည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ယခုလို အလွယ်တကူ ရရှိသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

"မှန်ပါတယ်... ထျန်းလုံဘုန်းကြီးကျောင်းက ကိုယ်ခံပညာရှင် ဘုန်းကြီး အများစုက ဗုဒ္ဓဘာသာ ကျင့်စဉ်တွေကို လေ့ကျင့်ကြပြီး ခန္ဓာကိုယ် ကျင့်ကြံရေးကို အဓိကထား လုပ်ဆောင်ကြပါတယ်... ကောင်းကင်ယန်စွမ်းအင် မြက်ပင်က ထျန်းလုံဘုန်းကြီးကျောင်းရဲ့ ကျင့်စဉ်တွေနဲ့ အတော်လေး ကိုက်ညီတဲ့ ဆေးပင်ပါ... ဆေးပင် ဥယျာဉ်ထဲကနေ စုစုပေါင်း သုံးပင် ခူးဆွတ်ခဲ့ပါတယ်... တစ်ပင်က သက်တမ်း နှစ်ထောင်နီးပါး ရှိပြီး ကျန်တဲ့ နှစ်ပင်ကတော့ အနှစ်တစ်ထောင် ဝန်းကျင်လောက် ရှိပါတယ်... ဒါ့အပြင် သက်တမ်း နှစ်ရာချီ ရှိတဲ့ ယန်စွမ်းအင် မြက်ပင်တွေလည်း ရှိပါသေးတယ်... ဒါပေမဲ့ ကျွန်တော်တို့ မခူးဆွတ်ခဲ့ပါဘူး... နတ်သံတမန်ကြီး လိုအပ်တယ် ဆိုရင် လက်အောက်ငယ်သား လူလွှတ်ပြီး ချက်ချင်း ခူးခိုင်းလိုက်ပါ့မယ်" ဟု လျူဆန်းချိုးက ရှင်းပြလိုက်သည်။

"မလိုတော့ပါဘူး... သက်တမ်း နှစ်ထောင်ရှိတဲ့ ကောင်းကင်ယန်စွမ်းအင် မြက်ပင် တစ်ပင်ကိုပဲ ယူလာခဲ့လိုက်... ကျန်တာတွေကိုတော့ ဒီတိုက်ပွဲရဲ့ အကျိုးအမြတ်ထဲကို တစ်ခါတည်း ထည့်ပေါင်းလိုက်ပါ"

"ဟုတ်ကဲ့ပါ"

"ကောင်းပြီ... ဒုတိယသံတမန် လျူ အရင် သွားလုပ်စရာ ရှိတာ သွားလုပ်လိုက်ပါ... ကျိုယိုး သွေးစစ်စစ် သစ်ပင်နဲ့ မိစ္ဆာပယ်ဖျက် မိုးကြိုးနှလုံးသား ပုတီးစေ့ရဲ့ သဲလွန်စတွေကို အဓိကထား စုံစမ်းဖို့ သတိရပါ... ဒီပစ္စည်းတွေက ဒီသံတမန်အတွက် တော်တော်လေး အရေးကြီးတယ်" ဟု ကျန်းချဲ့က သတိပေး ပြောကြားလိုက်သည်။

"ဟုတ်ကဲ့... လက်အောက်ငယ်သား နားလည်ပါပြီ"

အချိန်များက ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။ မျက်တောင်တစ်ခတ်အတွင်း ရက်အနည်းငယ် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ဤရက်အနည်းငယ် အတွင်းမှာပင် ယွဲ့ပြည်နယ်သာမက တောင်ပိုင်း သုံးပြည်နယ်လုံးကို တုန်လှုပ်သွားစေသော အဖြစ်အပျက်ကြီး အများအပြား ဆက်တိုက် ဖြစ်ပွားခဲ့သည်။

ပထမ ကိစ္စမှာ ကျန်းချဲ့ ကိုယ်တိုင် ဦးဆောင်၍ ထျန်းလုံဘုန်းကြီးကျောင်းကို အမြစ်ပြတ် သုတ်သင်လိုက်ခြင်းပင်။ မျက်တောင်တစ်ခတ်အတွင်း ယွဲ့ပြည်နယ် သိုင်းလောကတွင် ကြီးမားသော လှိုင်းလုံးကြီး တစ်ခု ရိုက်ခတ်သွားပြီး ယခင်က နဂါးကျား တာအိုဂိုဏ်း ဖျက်ဆီးခံရခြင်းထက်ပင် ပို၍ ထိတ်လန့်စရာ ကောင်းနေသည်။

အခြားအကြောင်း မရှိပေ။ နဂါးကျား တာအိုဂိုဏ်းတွင် ယခင်က သိုင်းသူတော်စင် တစ်ပါး ရှိခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ကျဆင်းသွားခဲ့ပြီး ပေလင် ချီမိသားစု၏ ဖျက်ဆီးခြင်းကို ခံရသည်မှာ ယုတ္တိတန်သော ကိစ္စ တစ်ခု ဖြစ်သည်။ သို့သော် ထျန်းလုံဘုန်းကြီးကျောင်း ကတော့ မတူညီချေ။

၎င်းက သီးခြား ရပ်တည်နေသော ဂိုဏ်းတစ်ခု မဟုတ်ဘဲ ဗုဒ္ဓဘာသာဂိုဏ်း၏ အကိုင်းအခက် တစ်ခု... တာ့လေ့ယင် ဘုန်းကြီးကျောင်း၏ အဆက်အနွယ် ဖြစ်သည်။ ထျန်းလုံဘုန်းကြီးကျောင်းကို ဖျက်ဆီးခြင်းက ဗုဒ္ဓဘာသာဂိုဏ်း တစ်ခုလုံးကို ပစ်မှတ်ထားခြင်းနှင့် အတူတူပင် ဖြစ်သည်။

လွန်ခဲ့သော နှစ်တစ်ရာခန့်ကလည်း ဗုဒ္ဓဘာသာဂိုဏ်း၏ အကိုင်းအခက် တစ်ခုကို ရန်သူဖွဲ့ပြီး အမြစ်ပြတ် သုတ်သင်ခဲ့သော အင်အားစု တစ်ခု ရှိခဲ့ဖူးသည်။ သို့သော် ထိုနောက်တွင် ဗုဒ္ဓဘာသာဂိုဏ်းက ဒေါသတကြီး ဖြစ်သွားပြီး တာ့လေ့ယင် ဘုန်းကြီးကျောင်း မှ ဗောဓိသတ် တစ်ပါး ကိုယ်တိုင် ထွက်ပေါ်လာကာ လက်စားချေခဲ့သည်။ မိုးကြိုးပစ်ချသည့်အလား လျင်မြန်သော အရှိန်အဟုန်ဖြင့် ထိုအင်အားစုကို အမြစ်ပြတ် သုတ်သင်ပစ်ခဲ့သည်။

ဤမျှ ရက်စက်ကြမ်းကြုတ်သော လက်စားချေမှုကြောင့် သိုင်းလောကရှိ အင်အားစု အားလုံးက ဗုဒ္ဓဘာသာဂိုဏ်းများကို စတင် အလေးထားလာခဲ့ကြသည်။ အထူးသဖြင့် ပြည်နယ်တစ်ခု၏ ထိပ်တန်း ဗုဒ္ဓဘာသာ ဂိုဏ်းများကို သေခန်းပြတ် ရန်ငြိုး မရှိဘဲ လုံးဝ ရန်စမည် မဟုတ်တော့ချေ။

ထို့ကြောင့်လည်း ဗုဒ္ဓဘာသာဂိုဏ်းများက မျက်နှာကို မော့ကာ မကြာခဏ မိစ္ဆာနှိမ်နင်း မကောင်းဆိုးဝါး ပယ်ဖျက်မည်ဟု ကြွေးကြော်ရဲသော မောက်မာမှုများကို ဖြစ်ပေါ်လာစေခဲ့ခြင်း ဖြစ်သည်။

ယခုတော့ နှစ်တစ်ရာ အချိန် ကုန်လွန်သွားခဲ့ပြီ။ နောက်ထပ် ဗုဒ္ဓဘာသာဂိုဏ်း၏ အကိုင်းအခက် တစ်ခု ထပ်မံ ဖျက်ဆီးခံလိုက်ရပြန်သည်။ ထို့အပြင် တစ်ယောက်မကျန် သတ်ဖြတ်ခံရသော အဆုံးသတ်မျိုး ဖြစ်ရာ မရေမတွက်နိုင်သော သိုင်းပညာရှင်များကို စိတ်လှုပ်ရှားစေသလို ထိတ်လန့်သွားစေသည်။

နောက်ဆက်တွဲ အခြေအနေများကို စောင့်မျှော်နေကြပြီး လောကကို တုန်လှုပ်စေမည့် တိုက်ပွဲကြီး တစ်ခုကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ချင်နေကြသည်။

အကြောင်းရင်းမှာ ကျန်းချဲ့ ကိုယ်တိုင်ကလည်း နာမည်မသိသူ တစ်ယောက် မဟုတ်သောကြောင့်ပင်။ သူက တော်ဝင်နန်းတော်၏ အရာရှိကြီး တစ်ဦး... နယ်စားပယ်စား တစ်ဦး ဖြစ်ပြီး နောက်ကွယ်တွင် ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက် နှင့် ပေလင် ချီမိသားစု တို့၏ ကျောထောက်နောက်ခံ ရှိနေသည်။

ထိုအရာများက နှစ်ဖက်စလုံး အင်အား မျှတနေပြီး သာမန် မဟုတ်ကြောင်း လူတိုင်းကို ခံစားရစေသည်။ အချို့သော သူများကတော့ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေကြပြီး ဗုဒ္ဓဘာသာဂိုဏ်း အနေဖြင့် မိုးကြိုးပစ်ချသည့်အလား အရှိန်အဟုန်ဖြင့် ကျန်းချဲ့ကို ဖိနှိပ်ကာ ဗုဒ္ဓဘာသာဂိုဏ်း၏ ဂုဏ်သိက္ခာကို ကာကွယ်နိုင်ရန် မျှော်လင့်နေကြသည်။ အကောင်းဆုံးကတော့ နှစ်ဖက်စလုံး အထိနာသွားရန်ပင်။

သို့သော် ထိုသိုင်းပညာရှင်များ ဤကိစ္စ၏ တုန်လှုပ်မှုမှ မရုန်းထွက်နိုင်သေးခင်မှာပင် တော်ဝင်နန်းတော်က ဤကိစ္စကို တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်သည်။ ထျန်းလုံဘုန်းကြီးကျောင်းက မကောင်းမှု အများအပြား ပြုလုပ်ခဲ့သဖြင့် အမြစ်ပြတ် သုတ်သင်ခံရခြင်းမှာ ထိုက်တန်ကြောင်း ဖော်ပြထားသည်။

ကျန်းချဲ့က ဤတိုက်ပွဲတွင် သူ၏ စစ်မှန်သော စွမ်းအားကို ထုတ်ဖော်ခဲ့ပြီး အရင်ဆုံး ဝူမင် ရဟန္တာကို သတ်ဖြတ်ကာ နောက်မှ ထျန်းလုံဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဝူချန်ကို ခုတ်ဖြတ်ခဲ့ခြင်းကြောင့် တော်ဝင်နန်းတော်၏ အနက်ရောင်ရုံးတော် က သူ့ကို ဖုန်းယွင် အဆင့်သတ်မှတ်ချက်စာရင်း ထဲသို့ တိုက်ရိုက် ထည့်သွင်းပေးလိုက်သည်။

ဖုန်းယွင် အဆင့်သတ်မှတ်ချက်စာရင်း၏ နံပါတ် ဆယ့်ကိုး နေရာ။

တစ်ချိန်တည်းမှာပင် သူက ဓမ္မရုပ်တုအဆင့် ကျင့်စဉ်ဖြင့် ဖုန်းယွင် အဆင့်သတ်မှတ်ချက်စာရင်းသို့ ဝင်ရောက်နိုင်ခဲ့သော ပထမဆုံး မဟာသိုင်းသခင်ကြီး လည်း ဖြစ်လာခဲ့သည်။

အချိန်တိုလေး အတွင်းမှာပင် မရေမတွက်နိုင်သော လူများကို အံ့အားသင့်သွားစေပြီး ယခင်က ကျန်းချဲ့ လျှို့ဝှက်နဂါး အဆင့်သတ်မှတ်ချက်စာရင်း ၏ ပထမနေရာတွင် ရှိခဲ့စဉ်က အချိန်ကို ပြန်လည် သတိရသွားစေသည်။

ထိုအဆင့် နှစ်ခုကြားတွင် အချိန်အားဖြင့် နှစ်ဝက်ပင် မကြာမြင့်ခဲ့ချေ။ မရေမတွက်နိုင်သော လူများက ကျန်းချဲ့၏ ပါရမီအတွက် အလွန်တရာ အံ့အားသင့်နေကြသည်။

အချို့သော စပ်စုတတ်သည့် သိုင်းပညာရှင်များက ကျန်းချဲ့တွင် ဂုဏ်ပုဒ် တစ်ခု ရှိသင့် မရှိသင့် ဆိုသည်ကိုပင် ဆွေးနွေးနေကြသည်။

အဘယ်ကြောင့်ဆိုသော် စစ်မှန်သောသခင် ဆိုသည်မှာ သိုင်းပညာ အဆင့်တစ်ခု မဟုတ်ဘဲ မူလဝိညာဉ်အဆင့် မဟာသိုင်းသခင်ကြီးများကို သိုင်းလောကသားများက လေးစားစွာ ခေါ်ဝေါ်သော အမည်နာမ တစ်ခုသာ ဖြစ်သောကြောင့်ပင်။

အခြားတစ်နည်းဖြင့် ပြောရလျှင် ကျန်းချဲ့က ယခုအခါ စစ်မှန်သောသခင် အဆင့်၏ စွမ်းအားကို ပိုင်ဆိုင်ထားရုံသာမက ဖုန်းယွင် အဆင့်သတ်မှတ်ချက်စာရင်း ၏ အလယ်အလတ် နေရာတွင်လည်း ရှိနေပြီ ဖြစ်ရာ ဂုဏ်ပုဒ် တစ်ခု ပိုင်ဆိုင်ရန် အရည်အချင်း အပြည့်အဝ ရှိနေပေသည်။

ယခင်က ကျန်းချဲ့နှင့် အတူတကွ သိုင်းပညာနယ်မြေ တိုက်ပွဲတွင် ပါဝင်ခဲ့ဖူးသော လူငယ် ပါရမီရှင် အများအပြားမှာ အနည်းငယ် ဝေခွဲမရ ဖြစ်နေပြီး စိမ်းသက်နေသလို ခံစားနေကြရသည်။ မကြာသေးမီကမှ သူတို့နှင့် အတူတကွ ယှဉ်ပြိုင်ခဲ့သူ တစ်ယောက်က ယခုအခါ ဖုန်းယွင် အဆင့်သတ်မှတ်ချက်စာရင်း ပေါ်သို့ တိုက်ရိုက် တက်လှမ်းသွားခဲ့ပြီ မဟုတ်ပါလားဟု တွေးတောမိကြသည်။

လောကကြီးတွင် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်မျိုး တကယ် ရှိနိုင်ပါ့မလားဟု တွေးတောနေမိကြသည်။

အခြားသူများက သတိမထားမိကြသော်လည်း ဝူကျိ နန်းတော်မှ သတင်းများ ထွက်ပေါ်လာသည်။ လီရွှမ်ကျိန်းက ဤသတင်းကို ကြားပြီးနောက် တံခါးပိတ် ကျင့်ကြံတော့မည်ဟု တိုက်ရိုက် ကြေညာလိုက်ပြီး ဓမ္မရုပ်တုအဆင့်သို့ မရောက်မချင်း တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်လာမည် မဟုတ်ကြောင်း ဆိုသည်။

လီရွှမ်ကျိန်း အပြင် ပိုင်လု စာသင်ကျောင်းမှ ကျန်းဖျင်မှာလည်း ထိုနည်းတူစွာပင်။ သို့သော် လုကျဲ့ယွင် ကတော့ ဤကိစ္စနှင့် ပတ်သက်၍ စကားတစ်ခွန်း ဆိုခဲ့သည်။

"ကျန်းချဲ့ရဲ့ ပါရမီက အနှစ်ငါးရာ အတွင်းမှာ တွေ့ရခဲတဲ့ ပါရမီမျိုးပဲ... လက်ရှိ ခေတ်မှာတော့ လောကရဲ့ ပြိုင်ဘက်ကင်း ပထမ လူသား တစ်ယောက်ပါပဲ…”

All Chapters