အခန်း ၄၄၈
Vol. 45 Ch. 448
အခန်း ၄၄၈ ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့များ
ကျိုးရွှမ်မှာ ရုတ်တရက် နားမလည်နိုင်ဖြစ်သွားရသည်။ ကျန်းချဲ့က ဘာကြောင့် ရုတ်တရက် အကြံအစည် ပြောင်းလဲသွားရသည်ကို မတွေးတတ်အောင် ဖြစ်သွား၏။ လီခွမ့်က သေရင်သေပါစေ အညံ့မခံသဖြင့် သည်းခံစိတ် ကုန်ဆုံးသွားခြင်းများလား ဟု တွေးတောမိသည်။
ကျိုးရွှမ်၏ အမေးကို ရင်ဆိုင်ရာတွင် ကျန်းချဲ့က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်...
"လီခွမ့်ရဲ့ မိသားစုကို အမြစ်ပြတ်သုတ်သင်တာက တောင်ပိုင်းစစ်တပ်ပဲ... တော်ဝင်နန်းတော် မဟုတ်သလို ကျန်းချဲ့လည်း မဟုတ်ဘူး"
ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျိုးရွှမ်၏ ရင်ထဲတွင် ချက်ချင်း သဘောပေါက်သွားတော့သည်။ ကျန်းချဲ့က သူတစ်ပါးဓားငှားပြီး လူသတ်ချင်နေခြင်းပင်။
ကျိုးရွှမ် တွေးမိသည့်အတိုင်းပင် ကျန်းချဲ့က လီခွမ့်နှင့် လီချန်ကော လီယွမ်ရှိုးတို့ ကြားရှိ သံသယများကို အသုံးချကာ သွေးခွဲရန်နှင့် လီခွမ့်ကို လီချန်ကောအား မုန်းတီးသွားစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ မူလက ကျန်းချဲ့ အနေဖြင့် ဤသို့ ပြုလုပ်ရန် မရည်ရွယ်ထားခဲ့ပေ။ သို့သော် လီခွမ့်၏ စိတ်ဓာတ်က အလွန် ခိုင်မာလွန်းနေသည်။ ချီရွှယ်မိစ္ဆာသခင်၏ နည်းလမ်းပေါင်းစုံဖြင့် နှိပ်စက်မှုကို ခံရလျှင်တောင်မှ လီချန်ကောကို သစ္စာမဖောက်လိုချေ။
မတတ်သာသည့်အဆုံး ချီရွှယ်မိစ္ဆာသခင်က ဤအကြံအစည်ကို ထုတ်ပေးခဲ့ရခြင်း ဖြစ်၏။
ယခင် အခြေအနေများကို ကြည့်မည်ဆိုလျှင် နောက်ဆုံးတွင် လီခွမ့်က လီယွမ်ရှိုး၏ နောက်ကျောဓားထိုးမှုကို ခံခဲ့ရသဖြင့် ဤအခြေအနေသို့ ရောက်ရှိသွားရခြင်း ဖြစ်ရာ ရင်ထဲတွင် လီယွမ်ရှိုး အပေါ် သေချာပေါက် မုန်းတီးမှုများ ရှိနေမည် ဖြစ်သည်။ ဤအချက်ကို သေချာ အသုံးချနိုင်ပါက လီခွမ့်၏ သစ္စာရှိမှုကို ဖြိုခွဲနိုင်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ အနက်ရောင်ရုံးတော်မှ လှုပ်ရှားမည့်သူများ အားလုံးက အသေခံ တပ်သားများသာ ဖြစ်ကြရာ သူ လှုပ်ရှားသည်ကို မည်သူက သိနိုင်မည်နည်း။
ထို့အပြင် လီခွမ့် ဖမ်းဆီးခံရသည့် ကိစ္စကို ကျန်းချဲ့က နှုတ်ပိတ်အမိန့် ချမှတ်ထားပြီး ဖြစ်သည်။ ချီရွှယ်မိစ္ဆာသခင်ကိုပင် လျှို့ဝှက်ပညာရပ် အသုံးပြုစေကာ လီခွမ့်၏ အငွေ့အသက်များကို အတင်းအဓမ္မ ဖုံးကွယ်ထားစေပြီး ဝိညာဉ်မီးအိမ်နှင့် ဝိညာဉ်ကျောက်စိမ်းပြားများ ကွဲအက်သွားစေရန် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ထားခဲ့သည်။
ဤသို့ဆိုလျှင် လီချန်ကောတို့ ဘက်မှ လီခွမ့် သေဆုံးသွားပြီဟု အထင်လွဲသွားမည် ဖြစ်ပြီး မိသားစုဝင်များ သတ်ဖြတ်ခံရလျှင်တောင်မှ အများကြီး တွေးတောနေမည် မဟုတ်ပေ။
လီခွမ့်ကိုသာ အညံ့ခံခိုင်းနိုင်ပါက ကျန်းချဲ့ အနေဖြင့် တောင်ပိုင်းစစ်တပ် ပုန်းအောင်းနေသည့် နေရာနှင့် ၎င်းတို့၏ စစ်မှန်သော အင်အားကို မျက်တောင်တစ်ခတ်အတွင်း သိရှိနိုင်မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ လီခွမ့်က လီချန်ကော၏ ဘေးတွင် အလွန် အရေးပါသော ညာလက်ရုံး ဘယ်လက်ရုံး တစ်ယောက် ဖြစ်သည် မဟုတ်ပါလား။
လီခွမ့် သိထားသမျှ ပြောပြသမျှ အရာအားလုံးက သူ့အတွက် အလွန် ကြီးမားသော အကျိုးကျေးဇူးကို သေချာပေါက် ပေးစွမ်းနိုင်မည် ဖြစ်သည်။ အနာဂတ်တွင် တောင်ပိုင်းစစ်တပ်ကို သိမ်းပိုက်ရာ၌ လီခွမ့် ဆိုသော ဤတန်ဖိုးကြီးသည့် အရာက မပါလျှင် မဖြစ်ပေ။
"သခင်ကြီးရဲ့ အကြံအစည်က တကယ်ကို ကောင်းမွန်လှပါတယ်... လက်အောက်ငယ်သား အလွန် လေးစားမိပါတယ်"
ကျိုးရွှမ်က ချက်ချင်းပင် မြှောက်ပင့် ပြောဆိုလိုက်သည်။
ကျန်းချဲ့၏ ဤအကြံအစည်က အလွန်တရာ ထူးချွန်လှသည်ဟု မဆိုနိုင်သော်လည်း အလွန် ယုတ်မာ ကောက်ကျစ်လှပေသည်။ လီခွမ့်နှင့် သူ၏ မိသားစုဝင်များ အားလုံးကို စစ်တုရင် နယ်ရုပ်များ အဖြစ် သတ်မှတ်ထားပြီး တောင်ပိုင်းစစ်တပ် အတွင်းတွင် ပုန်းအောင်းနေသော လျှို့ဝှက် စုံထောက်များမှာလည်း အသေခံ တပ်သားများ ဖြစ်လာကြရမည် ဖြစ်၏။ သို့သော် ဤအကြံအစည်က အမှားအယွင်း မရှိသရွေ့ ရလဒ်ကလည်း အလွန်တရာ အံ့မခန်း ဖြစ်လာမည် ဖြစ်သည်။ ထိုအရာက သူ့ကို ကျန်းချဲ့၏ ဉာဏ်နီဉာဏ်နက်များကို ပိုမို နက်ရှိုင်းစွာ သိရှိသွားစေသည်။
"တာဝန်ပေးတဲ့ အခါကျရင် အဲဒီ လျှို့ဝှက် စုံထောက်တွေကို ပြောလိုက်ပါ... ဒီကိစ္စ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ကျူးချွဲဌာနခွဲက သူတို့ရဲ့ မိသားစုဝင်တွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးပါ့မယ်... သားသမီး ရှိတဲ့သူတွေ အတွက်လည်း ကျင့်ကြံခြင်း အရင်းအမြစ် အများအပြားကို ထောက်ပံ့ပေးမယ်လို့... သူတို့ကို နောက်ဆံတင်းစရာ လုံးဝ မရှိအောင် လုပ်ပေးလိုက်ပါ"
"သခင်ကြီးက တကယ်ကို သဘောထား ပြည့်ဝလှပါတယ်"
"ဒါ့အပြင် နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်... အနက်ရောင်ရုံးတော်ရဲ့ အင်အား အားလုံးကို သုံးပြီး သွေးပင်လယ်ဂိုဏ်းရဲ့ တည်နေရာကို အစွမ်းကုန် စုံစမ်းပါ"
သွေးပင်လယ်ဂိုဏ်းက ယွဲ့ပြည်နယ် အတွင်းတွင် လျှို့ဝှက်ဆန်းကြယ်လှသည်ဟု ဆိုနိုင်ပြီး ခြေရာလက်ရာမပြဘဲ လာချင်တိုင်းလာ သွားချင်တိုင်းသွားသည်ဟု ပြောလျှင်လည်း အလွန်အကျွံ မဖြစ်ပေ။ ဂိုဏ်း၏ တည်နေရာမှာ ပို၍ပင် အရေးကြီးလှရာ ကျန်းချဲ့ အနေဖြင့် မည်သည့် အမှားအယွင်းကိုမျှ မဖြစ်ပေါ်စေလိုချေ။
"ဟုတ်ကဲ့... လက်အောက်ငယ်သား နာခံပါ့မယ်"
နန်ယွဲ့ပြည် မြို့တော် ဘိုးဘေး ကျောင်းဆောင် အတွင်း၌။
အမွှေးတိုင်ငွေ့များ လွင့်ပျံနေပြီး မြင့်မားသော စင်မြင့်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည့် လူရိပ်တစ်ခု ရှိနေသည်။ အမွှေးတိုင်ငွေ့များ ကြားတွင် ထိုလူရိပ်က ဝေဝါးနေပြီး အကယ်၍ ကျန်းချဲ့သာ ဤနေရာတွင် ရှိနေမည် ဆိုပါက ထိုသူ မည်သူဖြစ်ကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း မှတ်မိနိုင်ပေသည်။ ၎င်းမှာ နန်ယွဲ့ပြည်၏ ဘိုးဘေးကြီး ချီဖျင်တောက် ပင် ဖြစ်၏။
စင်မြင့်၏ အောက်ဘက်တွင်တော့ နန်ယွဲ့ဘုရင်က ခါးညွှတ်ကာ ရပ်နေသည်။ ယခုအချိန်တွင် သူ၏ ဟန်အမူအရာက အလွန် ရိုသေလေးစားနေပြီး လက်ယှက်ဂါရဝပြုကာ နှုတ်ဆက်လိုက်သည်...
"ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်"
"ဘာကိစ္စ ရှိလို့လဲ"
"ဘိုးဘေးကြီးကို သတင်းပို့ပါတယ်... အလယ်ပိုင်းဒေသက ယွဲ့ပြည်နယ်မှာ ပြည်တွင်းရေး ဆူပူအုံကြွမှုတွေ ဖြစ်နေပါတယ်... ကျန်းချဲ့က လီချန်ကောကို အတင်းအကျပ် ဖိအားပေးလို့ နှစ်ဖက်စလုံး ရန်သူတွေ ဖြစ်သွားကြပါပြီ"
"ဘာ... လီချန်ကောကို ကျန်းချဲ့က ဖိအားပေးပြီး ဆုတ်ခွာခိုင်းလိုက်တယ် ဟုတ်လား"
ချီဖျင်တောက်၏ မျက်ဝန်းများထဲတွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး အနည်းငယ် မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။
လီချန်ကောက ဘယ်လို လူမျိုးနည်း။ သူက မူလဝိညာဉ်အဆင့် အထွတ်အထိပ်တွင် ရှိသော မဟာစစ်မှန်သောသခင် တစ်ပါး ဖြစ်ပြီး စွမ်းအားက သာမန် မဟုတ်ချေ။ သူ့ထက်ပင် အနည်းငယ် ပို၍ သာလွန်နိုင်သေးသည်။
လီချန်ကော ယွဲ့ပြည်နယ်တွင် တပ်စွဲထားခြင်းကြောင့်သာ နန်ယွဲ့ပြည် အနေဖြင့် အချိန်ကြာမြင့်စွာ စစ်မခင်းရဲခဲ့ခြင်း ဖြစ်သည်။ နန်ယွဲ့ပြည်နှင့် လီချန်ကော တို့ကြားတွင် လျှို့ဝှက် ဆက်သွယ်မှုများ နက်ရှိုင်းစွာ ရှိနေသော်လည်း သူက လီချန်ကောကို အလွန် ကြောက်ရွံ့နေဆဲ ဖြစ်၏။
ကျန်းချဲ့ ကရော။ ထိုသူ၏ ပါရမီက အလွန်တရာ ထူးချွန်ကြောင်း ချီဖျင်တောက် သိထားသော်လည်း ပြဿနာမှာ ကျန်းချဲ့က လူငယ်လေး တစ်ယောက်သာ ဖြစ်နေသေးခြင်းပင်။ လွန်ခဲ့သော နှစ်ဝက်ကျော်ခန့်ကပင် သူက ကျန်းချဲ့ကို အလောတကြီး ထွက်ပြေးသွားရအောင် ဖိအားပေးနိုင်ခဲ့သေးသည်။ အကယ်၍ နောက်ပိုင်းတွင် စုန်းနတ်ဘုရားကျောင်းတော် မှ သိုင်းသူတော်စင် ဝင်ရောက် မစွက်ဖက်ခဲ့ပါက ကျန်းချဲ့ကို သူ အစောကြီးကတည်းက သတ်ဖြတ်ပစ်ခဲ့ပြီး ဖြစ်လိမ့်မည်။
ထိုတိုက်ပွဲတွင် သူ အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီး နန်ယွဲ့ပြည်မှ စစ်တပ် စေလွှတ်မည့် ကိစ္စကို မှာကြားပြီးနောက် တံခါးပိတ် ကျင့်ကြံခြင်း အတွင်းသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူ့ကို အလွန်တရာ အံ့အားသင့် ထိတ်လန့်သွားစေသော သတင်းကို ကြားလိုက်ရခြင်းပင်။
ထိုကျန်းချဲ့ ဆိုသော ကောင်လေးက တကယ်ပဲ လူသား ဟုတ်သေးရဲ့လား။
ထိုအချိန်က ကျန်းချဲ့မှာ ရွှမ်တန်အဆင့် သိုင်းသခင်လေး တစ်ယောက်သာ ဖြစ်နေသေးကြောင်း သူ ကောင်းကောင်း မှတ်မိနေသေး၏။ ယခုတော့ လီချန်ကောကိုပင် ဤမျှလောက် အရှက်ကွဲသွားအောင် ဖိအားပေးနိုင်နေပြီ ဖြစ်သည်။
"မှန်ပါတယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျန်းချဲ့က မဟာသိုင်းသခင်ကြီး ဆယ်ယောက်နီးပါးကို ဦးဆောင်ပြီး ယွဲ့ပြည်နယ်ရဲ့ ထိပ်တန်း အင်အားစု ဖြစ်တဲ့ ထျန်းလုံဘုန်းကြီးကျောင်းကို ဝိုင်းရံ တိုက်ခိုက်ကာ အမြစ်ပြတ် သုတ်သင်ခဲ့ပါတယ်... လီချန်ကောက သွားရောက် တားဆီးခဲ့ပေမဲ့ မမျှော်လင့်ဘဲ နောက်ကျသွားခဲ့တယ်... နောက်ပိုင်းမှာ ဘာကြောင့်မှန်း မသိဘဲ လီချန်ကောနဲ့ ကျန်းချဲ့တို့ ကြားမှာ လုံးဝ မျက်နှာဖုံးခွာသွားကြပြီး လူအင်အား များပြားတာကို အားကိုးကာ လီချန်ကောကို သတ်ပစ်ဖို့ ကြိုးစားခဲ့ကြတယ်... ဒါပေမဲ့ နောက်ပိုင်းမှာ ချင်းထျန်းမိစ္ဆာဂိုဏ်းက ခရမ်းရောင်မြေခွေး ဓမ္မမင်းကြီး ဝင်ရောက် စွက်ဖက်ခဲ့လို့"
နန်ယွဲ့ဘုရင်က လုံးဝ မဖုံးကွယ်ရဲဘဲ သူ စုံစမ်းရရှိထားသော သတင်းများကို တစ်လုံးမကျန် ဘိုးဘေးကြီးအား အစီရင်ခံလိုက်သည်။
"ဒီလိုကိုး"
ဤသို့ကြားမှသာ ချီဖျင်တောက်က စိတ်ကို ပြန်လည် တည်ငြိမ်သွားစေနိုင်တော့သည်။ သို့မဟုတ်ပါက ကျန်းချဲ့ တစ်ယောက်တည်းက လီချန်ကောကို ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်ခဲ့သည် ဆိုပါက သူ့ကို အလွန်တရာ တုန်လှုပ်သွားစေမည် ဖြစ်၏။
သေချာသည်မှာ ထိုသို့ မဟုတ်လျှင်တောင်မှ ယခုအချိန်တွင် သူ၏ ရင်ထဲ၌ အတွေးများစွာ ဝင်ရောက်နေဆဲပင်။ မည်သူတွေ ဝင်ရောက် ကူညီခဲ့သည်ဖြစ်စေ ထိုတိုက်ပွဲတွင် ကျန်းချဲ့က အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ခဲ့ခြင်းကပင် ကျန်းချဲ့၏ သာမန်မဟုတ်မှုကို သက်သေပြနေပြီ ဖြစ်သည်။
"ကြည့်ရတာ ကျန်းချဲ့ ဆိုတဲ့ ကောင်လေးက ဒီနှစ်ဝက် အတွင်းမှာ အခွင့်အရေးကောင်းတွေ အများကြီး ရခဲ့ပုံပဲ"
"ဘိုးဘေးကြီး ပြောတာ မှန်ပါတယ်... ပြီးခဲ့တဲ့ ထျန်းနန် နယ်စပ်ဂိတ် တိုက်ပွဲ ပြီးကတည်းက ကျန်းချဲ့ ဆိုတဲ့ လူက..."
ထိုနောက်တွင် နန်ယွဲ့ဘုရင်က ကျန်းချဲ့နှင့် ပတ်သက်သော အဖြစ်အပျက် အချို့ကို စတင် ပြောပြလိုက်သည်။ နန်ယွဲ့ပြည်က အလယ်ပိုင်းဒေသနှင့် အလွန် ကွာဝေးသော်လည်း နှစ်ဖက်စလုံး အဆက်အသွယ် လုံးဝ မရှိသည်တော့ မဟုတ်ပေ။ ထိုအချိန်က ကျန်းချဲ့ အလယ်ပိုင်းဒေသ တစ်ခုလုံးတွင် နာမည်ကျော်ကြားသွားခဲ့စဉ်က နန်ယွဲ့ပြည် သာမက ပိုင်ယွဲ့ ပြည်ထောင်များ အားလုံးတွင်လည်း ဂုဏ်သတင်း ကြီးမားခဲ့သည် မဟုတ်ပါလား။
"သိုင်းပညာနယ်မြေ တိုက်ပွဲ... သံတမန်တွေရဲ့ စိန်ခေါ်ပွဲ... ဓမ္မမင်းကြီးကို ဝိုင်းရံ သတ်ဖြတ်ခြင်း... ဓမ္မရုပ်တုအဆင့်ကို တက်လှမ်းခြင်း... အလယ်ပိုင်းဒေသရဲ့ နံပါတ်တစ် ပါရမီရှင် ဆိုတာ တကယ်ကို နာမည်နဲ့ လိုက်ဖက်တာပဲ"
ချီဖျင်တောက်က အတန်ကြာ စဉ်းစားပြီးနောက် မျက်ဝန်းများထဲတွင် မှောင်မိုက်သော အရိပ်အယောင်များ ပြည့်နှက်နေသော်လည်း ကျန်းချဲ့ကို အလွန် မြင့်မားသော အကဲဖြတ်မှု တစ်ခု ပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့၏ လုပ်ရပ်များက နန်ယွဲ့ပြည်တွင် သာမက ပိုင်ယွဲ့ ပြည်ထောင်များ တစ်ခုလုံးတွင်လည်း ဤကဲ့သို့သော သူမျိုး လုံးဝ ရှာမတွေ့နိုင်သောကြောင့်ပင်။ စုန်းနတ်ဘုရားကျောင်းတော် အတွင်းရှိ နတ်ဘုရားသားတော်များသာ သူ့ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိလိမ့်မည်ဟု သူ ထင်မြင်ထားသည်။ ထို့အပြင် ကျန်းချဲ့ကို မမီနိုင်ရန် ရာခိုင်နှုန်း ပိုများနေသေး၏။
"ကျွန်တော် စိုးရိမ်နေတာကလည်း အဲဒါပါပဲ... ကျန်းချဲ့ရဲ့ တိုးတက်မှုက အရမ်း မြန်လွန်းနေတယ်... သူနဲ့ ကျွန်တော်တို့ နန်ယွဲ့ပြည် ကြားမှာလည်း ကြီးမားတဲ့ သွေးကြွေး ရှိနေတယ်... အခု သူက လီချန်ကော ကိုယ်စား ယွဲ့ပြည်နယ်ကို အုပ်ချုပ်နေပြီ ဆိုတော့ နောင်တစ်ချိန်ကျရင် စစ်မခင်းဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ"
နန်ယွဲ့ဘုရင်၏ မျက်နှာပေါ်တွင် စိုးရိမ်သောကများ ပြည့်နှက်နေပြီး ကျန်းချဲ့ကဲ့သို့သော လူတစ်ယောက်ကို ရင်ဆိုင်ရာတွင် သူ အမှန်တကယ်ပင် စားမဝင် အိပ်မပျော် ဖြစ်နေရသည်။
"မင်း ဘိုးဘေး ကျောင်းဆောင်ကို လာတာ ဒါတွေအပြင် တခြား ကိစ္စ ရှိသေးလား"
"တကယ်တော့ ကျွန်တော် လာရတဲ့ အဓိက ရည်ရွယ်ချက်က အခွင့်ကောင်းယူပြီး မြောက်ပိုင်းကို စစ်ချီသင့် မချီသင့် ဆိုတာကို ဘိုးဘေးကြီးရဲ့ ဆုံးဖြတ်ချက်ကို တောင်းခံဖို့ပါပဲ"
"မြောက်ပိုင်းကို စစ်ချီမယ် ဟုတ်လား... ငါတို့ နန်ယွဲ့ပြည်မှာ အခုချိန် အသုံးပြုလို့ ရမယ့် စစ်တပ် ရှိသေးလို့လား"
ချီဖျင်တောက်က မျက်မှောင်ကြုတ်လိုက်သည်။ ပြီးခဲ့သည့် တိုက်ပွဲ၏ ရလဒ်ကို သူလည်း အနည်းအကျဉ်း သိထားသည်။ အပြင်းအထန် အထိနာသွားခဲ့ပြီး လက်ရွေးစင် စစ်သည် သောင်းနှင့်ချီနှင့် မဟာသိုင်းသခင်ကြီး အများအပြား ကျဆုံးသွားခဲ့ရာ နန်ယွဲ့ပြည် အနေဖြင့် အကြီးအကျယ် ထိခိုက်နစ်နာသွားခဲ့ရသည် မဟုတ်ပါလား။
"နည်းနည်းလောက် အတင်း ညှစ်ထုတ်လိုက်ရင် စစ်တပ် အင်အား သောင်းဂဏန်းလောက်တော့ ရနိုင်ပါသေးတယ်... ဒါ့အပြင် ပတ်ဝန်းကျင်မှာ ရှိတဲ့ မင်ယွဲ့ စတဲ့ နိုင်ငံတွေကိုပါ ဆက်သွယ်ပြီး ပိုင်ယွဲ့ မဟာမိတ်တပ် ဖွဲ့စည်းလို့ ရတယ်... ဒီအခွင့်အရေးကို အသုံးချပြီး ကျန်းချဲ့ကို အပြီးတိုင် ချေမှုန်းပစ်မယ်... ပြီးရင် မူလ နယ်မြေဟောင်းကိုပါ ပြန်လည် သိမ်းပိုက်မယ်... ဒီလို ကြီးမားတဲ့ အောင်မြင်မှုသာ ရခဲ့ရင် နတ်ဘုရားကျောင်းတော် ဘက်ကနေ ဘိုးဘေးကြီး အတွက် သိုင်းသူတော်စင် ဖြစ်လာမယ့် အခွင့်အရေး တစ်ခုကို သေချာပေါက် ဆုချီးမြှင့်လာမှာပါ"
နန်ယွဲ့ဘုရင်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ချီဖျင်တောက်က ထိုစကားကို ကြားသောအခါ မျက်ဝန်းများထဲတွင် အလင်းတန်း အချို့ တောက်ပသွားပြီး အနည်းငယ် စိတ်ဝင်စားသွားကြောင်း အလွန် သိသာလှသည်။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာက အလယ်ပိုင်းဒေသ တော်ဝင်နန်းတော်နှင့် ရှေးဟောင်းယွဲ့နိုင်ငံတို့ စစ်ခင်းခဲ့ပြီးနောက် တဖြည်းဖြည်းနှင့် ပိုင်ယွဲ့ဒေသ ဆိုပြီး ပေါ်ထွက်လာခဲ့သည်။ နှစ်ဖက်စလုံး ကြားတွင် တိုက်ပွဲငယ်များ အဆက်မပြတ် ဖြစ်ပွားနေသော်လည်း တိုက်ပွဲကြီးများ မဖြစ်ပွားရခြင်း၏ အရေးအကြီးဆုံး အကြောင်းရင်းမှာ အလယ်ပိုင်းဒေသ တော်ဝင်နန်းတော်က စုန်းနတ်ဘုရားကျောင်းတော်နှင့် မဟာမိတ် စာချုပ် ချုပ်ဆိုထားခဲ့သောကြောင့်ပင်။ နိုင်ငံနှစ်ခု ကြားရှိ စစ်ပွဲများတွင် သိုင်းသူတော်စင်နှင့် အထက် အဆင့်ရှိသူများ ဝင်ရောက် စွက်ဖက်ခွင့် မပြုဆိုသော စာချုပ်ပင်။
ထို့ကြောင့်လည်း အလယ်ပိုင်းဒေသ တော်ဝင်နန်းတော်က လီချန်ကောကို စေလွှတ်ခဲ့ပြီး စုန်းနတ်ဘုရားကျောင်းတော်ကလည်း နယ်စပ်တွင် တပ်စွဲရန် သိုင်းသူတော်စင်များကို မစေလွှတ်ခဲ့ခြင်း ဖြစ်၏။ ထို့အပြင် ပိုင်ယွဲ့ဒေသ အတွင်းတွင် ထိပ်တန်း စစ်မှန်သောသခင် တစ်ပါး အဆင့်တက်ရန် အလားအလာ ရှိလာသည်နှင့် တစ်ပြိုင်နက် စုန်းနတ်ဘုရားကျောင်းတော်က တောင်တန်းကြီး တစ်သိန်းထဲသို့ ဖိတ်ခေါ်ကာ တံခါးပိတ် ကျင့်ကြံခိုင်းလေ့ ရှိသည်။
သို့သော် ၎င်းက နိုင်ငံနှစ်ခု စစ်ပြေငြိမ်းသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အကန့်အသတ် တစ်ခု သတ်မှတ်ထားရုံသာ ဖြစ်ပြီး စစ်မှန်သော နိုင်ငံတော် အဆင့် စစ်ပွဲကြီးကို မစတင်လိုသောကြောင့်သာ ဖြစ်၏။
အကယ်၍ နန်ယွဲ့ပြည် အနေဖြင့် ယွဲ့ပြည်နယ်၏ မိုင်သောင်းချီ ကျယ်ဝန်းသော နယ်မြေများကို ပြန်လည် သိမ်းပိုက်နိုင်မည် ဆိုပါက တစ်ဝက်သာ ဆိုလျှင်တောင်မှ နှစ်ရာပေါင်းများစွာ အတွင်း အကြီးမားဆုံးသော အောင်မြင်မှုကြီး တစ်ခု အဖြစ် သတ်မှတ်နိုင်ပေသည်။ စုန်းနတ်ဘုရားကျောင်းတော် အနေဖြင့်လည်း သေချာပေါက် နှမြောတွန့်တိုနေမည် မဟုတ်ချေ။
သေချာသည်မှာ သိုင်းသူတော်စင် မဟာမိတ် စာချုပ် ကိစ္စကို သိရှိသူ အလွန် နည်းပါးလှပြီး ပိုင်ယွဲ့ ပြည်ထောင်များ အတွင်းတွင် လက်ချိုးရေတွက်၍ ရလောက်အောင်သာ ရှိသည်။ နန်ယွဲ့ဘုရင်က ပိုင်ယွဲ့ ပြည်ထောင်များ ထဲတွင် ထိပ်တန်း နိုင်ငံတစ်ခု ဖြစ်ရာ ဤကိစ္စကို သေချာပေါက် သိရှိထား၏။
ထို့ကြောင့် လီချန်ကောတို့ ဘက်မှ သတင်းကို ရရှိပြီးနောက် ၎င်းမှာ အလွန်ကောင်းမွန်သော အခွင့်အရေး တစ်ခု ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားကာ ဘိုးဘေး ကျောင်းဆောင်သို့ အမြန်လာရောက်ပြီး တံခါးပိတ် ကျင့်ကြံနေသော ချီဖျင်တောက်ကို နှိုးလိုက်ရခြင်း ဖြစ်သည်။
"စစ်ချီမယ့် ကိစ္စနဲ့ ပတ်သက်ပြီး မင်း ဘယ်လို စဉ်းစားထားလဲ"
"ဘိုးဘေးကြီး... တကယ်တော့ ကျွန်တော်တို့ ပိုင်ယွဲ့ ပြည်ထောင်တွေကို စစ်ချီဖို့ ဆက်သွယ်လာတာ တခြားသူ မဟုတ်ဘူး... လီချန်ကော ပဲ"
"လီချန်ကော ဟုတ်လား"
"အခုလက်ရှိ အလယ်ပိုင်းဒေသ တော်ဝင်နန်းတော်က လီချန်ကောကို နိုင်ငံတော် သစ္စာဖောက် အဖြစ် သတ်မှတ်လိုက်ပြီ... နှစ်ဖက်စလုံး လုံးဝ ပြတ်စဲသွားကြပြီ... လီချန်ကောကတော့ တောင်ပိုင်းစစ်တပ် အင်အား တစ်သိန်းကို နေရာ အနှံ့မှာ အသုတ်လိုက် ခွဲပြီး ပုန်းအောင်းခိုင်းထားတယ်... ပြီးတော့ ကျွန်တော်တို့ နန်ယွဲ့ ပြည်ထောင်တွေကို အတူတူ စစ်ချီပြီး အလယ်ပိုင်းဒေသ တော်ဝင်နန်းတော်ကို ဖိအားပေးဖို့ ဖိတ်ခေါ်ထားတယ်... ကျွန်တော်တို့ ပိုင်ယွဲ့ မဟာမိတ်တပ် နယ်စပ်ကို ဖြတ်ကျော်ပြီးတာနဲ့ လီချန်ကောက တောင်ပိုင်းစစ်တပ် အင်အား တစ်သိန်းကို ချက်ချင်း ခေါ်ယူပြီး ပုန်ကန်လိမ့်မယ်... ချင်းထျန်းမိစ္ဆာဂိုဏ်းရဲ့ ကူညီမှုလည်း ပါဝင်သေးတော့ နှစ်ဖက်စလုံးက ယွဲ့ပြည်နယ်ရဲ့ မြေပြင်ကို တစ်ဝက်စီ ခွဲယူကြမယ်တဲ့"
နန်ယွဲ့ဘုရင်၏ မျက်ဝန်းများထဲတွင် တောက်ပသော အလင်းတန်းများ လှုပ်ရှားသွားသည်။ ချီဖျင်တောက်က အကြောင်းရင်း အားလုံးကို နားထောင်ပြီးနောက် ရင်ထဲတွင် အနည်းငယ် စိတ်ဝင်စားသွား၏။
"ဒီကိစ္စသာ အောင်မြင်ခဲ့ရင် ငါတို့ နန်ယွဲ့ပြည်က အကြီးမားဆုံး အောင်မြင်မှုကို သေချာပေါက် ရယူနိုင်လိမ့်မယ်... ဒါပေမဲ့ စိုးရိမ်စရာ ရှိတာက... ဒါက အလယ်ပိုင်းဒေသ တော်ဝင်နန်းတော်ရဲ့ အကြံအစည်များ ဖြစ်နေမလားပဲ"
"ဘိုးဘေးကြီး အရမ်း တွေးပူနေပါပြီ... အဲဒီအချိန်ကျရင် လီချန်ကော စစ်မချီဘူး ဆိုရင်တောင်မှ ကျွန်တော်တို့ ပိုင်ယွဲ့ မဟာမိတ်တပ် နယ်စပ်ကို ဖြတ်ကျော်ပြီးတာနဲ့ သူ့သဘောအတိုင်း လုပ်လို့ မရတော့ဘူး... နောက်ပြီး လီချန်ကော ဖမ်းဝရမ်း ထုတ်ခံရတာက လူတိုင်း သိနေတဲ့ ကိစ္စပဲ... အကြံအစည် ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော် နည်းပါတယ်... ကျွန်တော်တို့ အနေနဲ့လည်း ဒီအခွင့်အရေးကို အသုံးချပြီး ကျန်းချဲ့ ဆိုတဲ့ အဓိက ရန်သူကြီးကို အပြီးတိုင် ရှင်းလင်းပစ်လို့ ရတယ်... ဘိုးဘေးကြီး သိုင်းသူတော်စင် ဖြစ်လာတဲ့ အချိန်ကျရင် ကျွန်တော်တို့ နန်ယွဲ့ပြည် အနေနဲ့ ပိုင်ယွဲ့ ပြည်ထောင်တွေ အားလုံးကို တစ်ပေါင်းတစ်စည်းတည်း ဖြစ်အောင် လုပ်နိုင်မယ့် နေ့ရက်မျိုး ရောက်လာနိုင်ပါတယ်"
နန်ယွဲ့ဘုရင်က ဘိုးဘေးကြီးကို မမောမပန်း ဖျောင်းဖျနေသည်။
ချီဖျင်တောက်က မိနစ်ဆယ့်ငါးမိနစ်ခန့် တိတ်ဆိတ်သွားပြီးနောက်မှ စကားစလိုက်သည်...
"မစွန့်စားရင် အောင်မြင်မှု မရနိုင်ဘူး... ဒီကျုပ်ရဲ့ သိုင်းသူတော်စင် ဖြစ်လာမယ့် အခွင့်အရေးက ဒီကိစ္စ အပေါ်မှာ မူတည်နေတာ ဖြစ်နိုင်တယ်... မြန်မြန်သွားပြီး မင်ယွဲ့ စတဲ့ နိုင်ငံတွေကို ဆက်သွယ်လိုက်... အမြန်ဆုံး နှုန်းထားနဲ့ ပိုင်ယွဲ့ မဟာမိတ်တပ် ကို ဖွဲ့စည်း... ပြီးတာနဲ့ မြောက်ပိုင်းကို စစ်ချီပြီး မူလ နယ်မြေဟောင်းကို ပြန်လည် သိမ်းပိုက်မယ်"
"ဘိုးဘေးကြီးရဲ့ အမိန့်အတိုင်း နာခံပါ့မယ်"
"ဝမ်ကျွင်း... မင်း ဘယ်လို လုပ်ပြီး ရောက်လာတာလဲ"
ယခင် တောင်ပိုင်းနယ်စားကြီး အိမ်တော် အတွင်း၌ လိုက်ပါလာသော ချီဝမ်ကျင်းကို ကြည့်ရင်း ကျန်းချဲ့ အနည်းငယ် အံ့အားသင့်သွားရသည်။ သူ ချီမိသားစုထံ အကူအညီ တောင်းခံရခြင်းမှာ တစ်ချက်က လီချန်ကောကို ကာကွယ်ရန်အတွက် ပိုမိုများပြားသော သိုင်းပညာရှင်များကို ခေါ်ယူရန် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ယခုအခါ ယွဲ့ပြည်နယ်တွင် အကြီးအကျယ် ဆူပူအုံကြွမှုများ ဖြစ်ပေါ်နေပြီး လီချန်ကောနှင့် ချင်းထျန်းမိစ္ဆာဂိုဏ်းတို့က အခွင့်အရေး စောင့်နေကြသည်။ ကျန်းချဲ့၏ ဘေးတွင် လူအင်အား မလုံလောက်သဖြင့် ပေလင် ချီမိသားစုကို သဘာဝကျစွာ သတိရသွားကာ ချီမိသားစု၏ သိုင်းသူတော်စင် လက်နက်ကို ငှားရမ်းရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်၏။
သို့သော် ချီမိသားစု၏ သိုင်းသူတော်စင် လက်နက်မှာ သွေးကြောဖြင့် အမွေဆက်ခံထားခြင်း ဖြစ်ပြီး ပေလင် ချီမိသားစု၏ သွေးကြော မရှိပါက သိုင်းသူတော်စင် လက်နက်၏ စွမ်းအားကို ထုတ်ဖော်၍ မရနိုင်ပေ။ ချီမိသားစုမှ မဟာသိုင်းသခင်ကြီး တစ်ဦး ကိုင်ဆောင်မှသာ အကြီးမားဆုံး အစွမ်းအာနိသင်ကို ထုတ်ဖော်နိုင်မည် ဖြစ်၏။
ဒုတိယ အချက်ကတော့ ကျန်းချဲ့ အနေဖြင့် ယခင်က ပေးထားခဲ့သော ကတိကို အကောင်အထည်ဖော်ရန်နှင့် ပေလင် ချီမိသားစုနှင့်အတူ ယွဲ့ပြည်နယ်ကို မျှဝေခံစားရန် ပြင်ဆင်နေခြင်းပင်။ ယခုလက်ရှိ အချိန်တွင် မတည်မငြိမ် ဖြစ်နေသော်လည်း ၎င်းမှာ ပေလင် ချီမိသားစု ဝင်ရောက် စွက်ဖက်ရန်အတွက် အလွန်ကောင်းမွန်သော အခွင့်အရေး တစ်ခု ဖြစ်၏။
မူလက သူက ထျန်းနန် ကောင်းမိသားစု နှင့် ယင်းချွမ်း ကွမ်မိသားစု တို့ကိုပါ စည်းရုံးရန် စဉ်းစားထားခဲ့သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုအင်အားစု နှစ်ခုစလုံးက မပြတ်မသား ဖြစ်နေကြပြီး ဝင်ရောက် မကူညီလိုကြခြင်းပင်။ တစ်ခုတည်းသော အားကိုးရာမှာ ပေလင် ချီမိသားစုသာ ဖြစ်တော့သည်။
သို့သော် ချီဝမ်ကျင်းပါ ယွဲ့ပြည်နယ်သို့ အတူတကွ ရောက်ရှိလာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
"ကိုယ့်ရဲ့ အန္တရာယ်ကို စိုးရိမ်လို့ပါ... အကယ်လို့ နင်ပင်းသာ အခု တံခါးပိတ် ကျင့်ကြံပြီး အဆင့်တက်ဖို့ ပြင်ဆင်နေတာ မဟုတ်ရင် သူလည်း လိုက်မယ်လို့ ပူဆာနေလောက်ပြီ"
ချီဝမ်ကျင်းက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
ကျန်းချဲ့၏ အကြိမ်ကြိမ် ယန်စွမ်းအင်ဖြင့် ယင်စွမ်းအင်ကို ဖြည့်တင်းပေးမှုနှင့် ပေလင် ချီမိသားစု၏ ကြီးမားလှသော ကျင့်ကြံခြင်း အရင်းအမြစ်များ ပေါင်းစပ်လိုက်သောအခါ သူမက ချီနင်ပင်းထက် ခြေတစ်လှမ်း စော၍ စစ်မှန်သော ရွှေတန်အဆင့် သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်၏။
"ကိုယ်က မင်းတို့ကို စိတ်ပူစေမိပြီပဲ"
ကျန်းချဲ့က နှစ်သိမ့်စကား တစ်ခွန်း ပြောလိုက်ပြီးနောက် ချီထျန်းကျုံ့တို့နှင့် စတင် စကားပြောဆိုလိုက်သည်။
ဤတစ်ကြိမ်တွင် ပေလင် ချီမိသားစုမှ မဟာသိုင်းသခင်ကြီး စုစုပေါင်း သုံးဦး ရောက်ရှိလာခဲ့သည်။ ချီထျန်းကျုံ့နှင့် ချီထျန်းဟယ်တို့ နှစ်ဦးစလုံး ပါဝင်ပြီး ၎င်းတို့အပြင် ပေလင် ချီမိသားစုမှ နောက်ထပ် ဓမ္မရုပ်တုအဆင့် မဟာသိုင်းသခင်ကြီး တစ်ဦးလည်း ပါဝင်သေး၏။ ထို့အပြင် ရွှမ်တန်အဆင့် သိုင်းသခင် ဆယ်ဦးကျော်နှင့် မွေးရာပါအဆင့် သိုင်းပညာရှင် ရာကျော်ခန့်လည်း ရောက်ရှိလာကြသည်။
၎င်းမှာ ကျန်းချဲ့၏ အင်အားကို ဖြည့်တင်းပေးရန်အတွက်ပင် ဖြစ်၏။ ပေလင် ချီမိသားစု အနေဖြင့် မိသားစု အတွင်းရှိ အင်အား တစ်ဝက်ကျော်ကို ထုတ်နုတ် အသုံးပြုလိုက်ပြီဟု ဆိုနိုင်ပေသည်။
ကျန်းချဲ့ အပေါ် အလွန်တရာ အလေးထားကြောင်း အလွန် သိသာလွန်းလှသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ကျန်းချဲ့က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။ ထို့နောက် ချီထျန်းကျုံ့အား ထပ်မံ၍ ကတိပေးလိုက်သည်... လီချန်ကောကို အမြစ်ပြတ် သုတ်သင်ပြီးသည်နှင့် ချီမိသားစု တိုးတက်လာရေးကို အစွမ်းကုန် ထောက်ပံ့ပေးမည်ဟုပင်။
မည်သို့ပင်ဆိုစေ ပေလင် ချီမိသားစု၏ ကြီးမားလှသော အကူအညီများ ရရှိလာပြီ ဖြစ်ရာ ကျန်းချဲ့ လက်အောက်ရှိ အင်အားစုများက လျင်မြန်စွာ ကျယ်ပြန့်လာမည် ဖြစ်သည်။ အောက်ခြေစစ်သည်များမှအစ ထိပ်တန်းအဆင့်အထိ ကျန်းချဲ့၏ အင်အားကို ဘက်စုံ မြှင့်တင်ပေးလိုက်ခြင်းပင် ဖြစ်၏။
ပထမအကြီးအကဲတို့ကို ဧည့်ခံကျွေးမွေးပြီးနောက် ကျန်းချဲ့က သူတို့ကို တာဝန်များ ခွဲဝေပေးလိုက်ပြီး ပြည်နယ် မြို့ရွာ အသီးသီးသို့ ချက်ချင်း ခွဲဝေ စေလွှတ်ကာ ပုန်ကန်မှုများကို စတင် နှိမ်နင်းစေလိုက်သည်။ သူကိုယ်တိုင်ကတော့ ညစာစားပွဲ ပြီးနောက် ချီဝမ်ကျင်းကို ခေါ်ဆောင်ကာ နယ်စားကြီး အိမ်တော်၏ ပန်းခြံ အတွင်းသို့ လာခဲ့သည်။
"ဝမ်ကျွင်း... မင်း တစ်ခုခု ပြောချင်နေတာ ရှိလား"
တွေ့ဆုံကတည်းက ချီဝမ်ကျင်း တစ်ခုခု ပြောချင်နေသော်လည်း မျိုသိပ်ထားသည်ကို ကျန်းချဲ့ သတိပြုမိခဲ့သည်။ သို့သော် ထိုအချိန်က အရေးကြီး ကိစ္စများ ရှိနေသဖြင့် သူ မမေးခဲ့ပေ။ ယခုတော့ လျှို့ဝှက်စွာဖြင့် သူတို့ နှစ်ယောက်တည်းသာ ရှိတော့သည်။ လင်မယား နှစ်ယောက် ကြားတွင် မပြောနိုင်စရာ စကားဟူ၍ မရှိချေ။
ချီဝမ်ကျင်းက ကျန်းချဲ့ကို ကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီးနောက် အကြည့်များကို တစ်ဖက်သို့ လွှဲသွားသည်။
"မင်း တိုက်ရိုက် ပြောလိုက်လို့ ရပါတယ်... ကိုယ်တို့က လင်မယားတွေပဲ မပြောနိုင်စရာ ဘာမှမရှိပါဘူး... ဒါမှမဟုတ် မင်းက ကိုယ့်ကို မယုံကြည်လို့လား"
ကျန်းချဲ့က ချီဝမ်ကျင်း၏ နူးညံ့ချောမွေ့သော လက်လေးကို ဆုပ်ကိုင်ကာ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
ချီဝမ်ကျင်းက ထိုစကားကို ကြားသောအခါ အချိန်အကြာကြီး ပျောက်ကွယ်နေခဲ့သော မိန်းမငယ်လေး တစ်ယောက်၏ ဟန်အမူအရာမျိုး ပြသလာပြီး အနည်းငယ် တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်...
"တချို့ စကားတွေက တကယ်တော့ ကျမ မမေးသင့်ပါဘူး... ရှင်က အခု အလုပ်တွေ အရမ်း ရှုပ်နေတာဆိုတော့ ကိစ္စသေးသေးလေးတွေ အတွက် ခေါင်းရှုပ်ခံလို့ မဖြစ်ဘူးလေ... ဒါပေမဲ့ ကျမက ရှင့်ကို အရမ်း မေးကြည့်ချင်နေလို့ပါ"
"မေးပါ"
"ရှင်နဲ့ အဒေါ်ကျောက် ကြားမှာ တစ်ခုခု... တစ်ခုခု ပတ်သက်မှု ရှိနေတာလား"
ချီဝမ်ကျင်းက အသံကို နှိမ့်ကာ တတွတ်တွတ် ပြောလိုက်သည်။
ကျန်းချဲ့ ကြောင်အမ်းသွားပြီး ချီဝမ်ကျင်းကို ကြည့်ကာ ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားသည်။
"ကျမက ဒီလိုပဲ မေးကြည့်တာပါ... ဒါပေမဲ့ ရှင် အမှန်အတိုင်း ပြောပြဖို့ မျှော်လင့်ပါတယ်"
ချီဝမ်ကျင်းက သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်သည်။ ကျန်းချဲ့၏ ဟန်အမူအရာမှ တစ်ဆင့် ထိုအမျိုးသမီးက အရာအချို့ကို သတိပြုမိသွားခဲ့ပြီ ဖြစ်၏။
ကျန်းချဲ့က မျက်မှောင်ကြုတ်သွားပြီး မျက်ဝန်းများထဲတွင် ထူးခြားသော အရိပ်အယောင် အချို့ ဖြတ်ပြေးသွားကာ သက်ပြင်းချရင်း ပြောလိုက်သည်။
"ဒီကိစ္စက တကယ်တော့ မတော်တဆ ဖြစ်သွားတာပါ”