အခန်း ၂၀၂
Vol. 21 Ch. 202
အခန်း (၂၀၂) - ငါ ခဏလောက် တံခါးပိတ်ကျင့်ကြံဦးမယ် (၂)
သူသည် ချူချင်း၏လက်ကောက်ဝတ်ကို ညင်သာစွာဆုပ်ကိုင်လိုက်ပြီး အားယူကာ ပြောလိုက်၏။
"ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး မင်းကို ဒုက္ခပေးရဦးမယ် ကောင်လေး…”
“ငါသေပြီးရင်... ငါ့ခန္ဓာကိုယ်ကို မီးသင်္ဂြိုဟ်ပြီး ငါ့အရိုးပြာကို... ထိုက်ဟန်ဂိုဏ်းကိုပို့ပေးပါ... ငါ့မှာ သူတို့သားအမိကိုတွေ့ဖို့ အင်အားမရှိဘူး…”
“ငါက ရှန်းယင်နဲ့ မင်းကို ပြန်ဆပ်ပါရစေ..."
"ကျုပ် သဘောတူပါတယ်..."
ချူချင်းက ခေါင်းညိတ်ပြလိုက်၏။
"ကျေး... ကျေးဇူးတင်ပါတယ်..."
လျန့်ပေချန်းသည် နောက်ဆုံးစကားလုံးများကို ပြောပြီးသည်နှင့် သူ့မျက်လုံးများထဲမှ အလင်းရောင်သည် လုံးဝကွယ်ပျောက်သွားတော့သည်။
သို့သော် သူ့မျက်နှာတွင် ဝမ်းနည်းပူဆွေးမှုမရှိဘဲ လွတ်မြောက်သွားသည့် စိတ်သက်သာရာရမှု အရိပ်အယောင်များသာ ရှိနေပေသည်။
ချူချင်းသည် မိမိရင်ခွင်ထဲမှအလောင်းကို တိတ်ဆိတ်စွာကြည့်နေစဉ် စနစ်၏အကြောင်းကြားချက်သည် သူ့မျက်စိရှေ့တွင် ပေါ်လာ၏။
[တာဝန်ပြီးဆုံးပါပြီ]
[အရူးသူတောင်းစား လျန့်ပေချန်းကို အောင်မြင်စွာလုပ်ကြံသတ်ဖြတ်နိုင်ခဲ့ပြီး 'ကျပန်း သိုင်းပညာ ရတနာသေတ္တာ'တစ်ခုကို ရရှိခဲ့ပါသည်]
ချူချင်း၏စိတ်ခံစားချက်မှာ ယခုအချိန်တွင် ရှုပ်ထွေးနေသော်လည်း 'လုပ်ကြံသတ်ဖြတ်မှု'ဟူသော စကားလုံးကို မြင်လိုက်ရသောအခါ ဆွံ့အသွားရလေသည်။
သို့သော် ဤစနစ်သည် မူလကတည်းက ရိုးရှင်းလွန်းလှသဖြင့် ၎င်းနှင့်အငြင်းပွားနေရန် မလိုအပ်ပေ။
"ဘယ်သူရှိလဲ... ဒီကိုလာခဲ့..."
ချူချင်းက အလောင်းကိုချပေးလိုက်ပြီး ခပ်တိုးတိုးအော်ဟစ်လိုက်၏။
ချက်ချင်းပင် လော့ချန်အိမ်တော်မှ တပည့်တစ်ဦးက ရှေ့သို့ပြေးဝင်လာသည်။
"သခင်လေး..."
လော့ချန်အိမ်တော်မှတပည့်များသည် အစပိုင်းတွင် ဝမ်ဖူစန်း၏အမိန့်ကြောင့်သာ နာခံခဲ့ကြခြင်းဖြစ်၏။
ယနေ့သိုင်းပြိုင်ပွဲတွင် ချူချင်းက ပထမဆုံးအကြိမ် မိမိ၏အစွမ်းအစကို ပြသခဲ့ပြီးနောက်မှသာ အမြင်ပြောင်းသွားခြင်း ဖြစ်ပေသည်။
ယခုတိုက်ပွဲကမူ သူတို့ကို အမှန်တကယ်ပင် စိတ်ရင်းဖြင့်အနိုင်ယူနိုင်ခဲ့ချေပြီ။
သူတို့၏ ရိုသေလေးစားလှသော စကားများနှင့် အမူအရာများသည် ယခုအချိန်တွင် နှလုံးသားထဲမှ လုံးဝတွန့်ဆုတ်ခြင်းမရှိဘဲ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
"ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး... စီနီယာရဲ့အလောင်းကို မီးသင်္ဂြိုဟ်လိုက်ပါ…”
“ပြီးရင် အရိုးပြာတွေကို သေချာစုဆောင်းထားလိုက်..."
"ဟုတ်ကဲ့ပါ..."
တပည့်နှစ်ဦးက ချက်ချင်းခေါင်းညိတ်လိုက်ပြီး လူအချို့ကို အမိန့်ပေးကာ လျန့်ပေချန်း၏အလောင်းကို ဂရုတစိုက်သယ်ဆောင်သွားကြ၏။
ချူချင်း၏ဓားပညာမှာ အလွန်ပြင်းထန်လှသဖြင့် အပြင်ပန်းတွင် မပျက်စီးဘဲရှိနေသကဲ့သို့ ထင်ရသော်လည်း အနည်းငယ်မျှ မှားယွင်းကိုင်တွယ်မိပါက ခန္ဓာကိုယ်မှာ နှစ်ခြမ်းကွဲသွားနိုင်သဖြင့် သူတို့အနေဖြင့် အထူးဂရုစိုက်နေရခြင်း ဖြစ်ပေသည်။
လော့ချန်အိမ်တော်တံခါးရှေ့တွင် စုဝေးနေသော လူအုပ်ကြီးကိုမော့ကြည့်ပြီး ချူချင်းက မျက်မှောင်ကြုတ်လိုက်၏။
"အားလုံး လူစုခွဲလိုက်ကြ..."
ယခင်ကဆိုလျှင် ဤစကားကိုပြောလိုက်ပါက သူ့၏ပြင်းထန်လှသော လက်ဝါးသိုင်းပညာကို ကြောက်ရွံ့နေကြသော်လည်း ဒေါသထွက်ကြမည်မှာ သေချာလှပေသည်။
သို့သော် ယခုအခိုက်အတန့်တွင်မူ သူက လျန့်ပေချန်းကို သတ်ဖြတ်ခဲ့ပြီးဖြစ်သဖြင့် သူ၏ ကျန်ရှိနေသော အရှိန်အဝါမှာ လွှမ်းမိုးနေဆဲဖြစ်ကာ စုဝေးနေသော ပညာရှင်များ၏အရှိန်အဝါမှာပင် သူ့ထက်နိမ့်ကျနေပေသည်။ သူ၏စကားတစ်ခွန်းတည်းဖြင့် လူတိုင်းက လက်သီးဆုပ်ကာ ရိုသေစွာဖြင့် လူစုခွဲသွားကြတော့သည်။
ပျန်းချန်က အံ့သြတကြီးဖြင့် ကြည့်နေမိ၏။
"ဒီတိုက်ပွဲပြီးရင် ငါတို့သခင်လေးသုံးက သိုင်းလောကရဲ့ဒဏ္ဍာရီတစ်ခုဆီကို တန်းတန်းမတ်မတ် ဦးတည်သွားတော့မှာပဲ..."
"ငါ အခု သူ့ကိုဆရာတင်မယ်ဆိုရင် နောက်ကျသွားပြီလို့ မင်းထင်လား..."
ဟွာကျင်နျန်းက တိုးတိုးလေးမေးမြန်းလိုက်သည်။
"စမ်းကြည့်လို့ရတာပဲ... မအောင်မြင်ရင်တောင် သူက မင်းကို စားပစ်မှာမှမဟုတ်တာ... ဘာကိုကြောက်နေတာလဲ..."
ပျန်းချန်က ဘေးမှမြှောက်ပေးလိုက်၏။
မော့တူရှင်းက ဟွာကျင်နျန်းကို တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး အိမ်တော်ထဲသို့ လှည့်ဝင်သွားတော့သည်။
ချူချင်းသည် ယခုအချိန်တွင် သူတို့ဘေးသို့ ရောက်ရှိလာချေပြီ။
"ဘာတွေ ပြောနေကြတာလဲ..."
"ဘာမှမဟုတ်ပါဘူး..."
ပျန်းချန်က ချူချင်းကိုကြည့်ရန် ခေါင်းကိုစောင်းလိုက်၏။
"မင်း ဘာလို့ ဒီလောက်အထိ တော်နေရတာလဲဆိုတာကို ပြောနေကြတာ..."
"အင်း... ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ သိုင်းပညာကို ကောင်းကောင်းလေ့ကျင့်ပြီး တခြားဘာမှ လျှောက်မတွေးနဲ့..."
ချူချင်းက လိမ်ညာကာ ပြောလိုက်ပေသည်။
ဟွာကျင်နျန်းကမူ ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်၏။
"အော်... ဒါကြောင့်ကိုး..."
"မင်းက တကယ်ယုံတာလား..."
ပျန်းချန်က မျက်လုံးလှန်လိုက်သည်။
ထိုစဉ် ချူချင်းက ရုတ်တရက် မလှမ်းမကမ်းရှိရှဝမ်ရွှမ်းကို လှည့်ကြည့်လိုက်၏။
ထိုမိန်းကလေးက သူ့ကိုစိုက်ကြည့်နေဆဲပင်။
မျက်လုံးချင်းဆုံမိသွားသောအခါ ချူချင်းမှာ အနည်းငယ်စိတ်ရှုပ်သွားရသည်။
ရှဝမ်ရွှမ်းက သူ့ထံသို့လျှောက်လှမ်းလာပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။
"သခင်လေးသုံး... ရှင်ကူညီပေးလို့ ကျေးဇူးတင်ပါတယ်..."
ချူချင်းက သူမကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။
"အသေးအဖွဲလေးပါ... ကျေးဇူးတင်စရာမလိုပါဘူး... မိန်းကလေးအနေနဲ့ တခြားကိစ္စမရှိရင် လော့ချန်အိမ်တော်ကနေ အမြန်ဆုံး ထွက်ခွာသွားပါ…”
“ဒီသိုင်းပြိုင်ပွဲက မိန်းကလေးနဲ့ မသက်ဆိုင်ဘူး ထင်တယ်..."
"ဒီပြိုင်ပွဲက ကျွန်မနဲ့ရေစက်မပါဘူးဆိုပေမဲ့ ကျွန်မမှာ ကျေးဇူးဆပ်ဖို့ ရှိနေတယ်..."
ရှဝမ်ရွှမ်း၏စကားများထဲတွင် အဓိပ္ပာယ်များစွာ ကိန်းအောင်းနေပေသည်။
ချူချင်းက ပြုံးလိုက်၏။
"မိန်းကလေးက နောက်နေတာပဲ... ခုနက ကူညီလိုက်တာက စိတ်ရင်းကြောင့်ပဲ... ပြန်ဆပ်ဖို့ မလိုပါဘူး..."
ရှဝမ်ရွှမ်းက မျက်မှောင်ကြုတ်လိုက်ပြီး မိမိ၏ခန့်မှန်းချက်မှားသွားသလောဟု သံသယဝင်လာမိသည်။
"ဘာပဲဖြစ်ဖြစ်... ဒါက အသက်ကယ်ကျေးဇူးပဲ... မေ့ထားလို့ မရပါဘူး..."
ချူချင်းက ခေါင်းခါလိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ အားလုံးနှင့်အတူ လော့ချန်အိမ်တော်ထဲသို့ လျှောက်ဝင်သွားတော့သည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင်မူ သူတို့သည် ရှေ့မှလျှောက်လှမ်းလာသော ရှီမောက်၊ ရှီချောင်ဟွေ့နှင့် သူတို့နောက်မှလိုက်ပါလာသော ဇောင်ဝန်ချွမ်းတို့နှင့် ထိပ်တိုက်ဆုံတွေ့သွား၏။
ဇောင်ဝန်ချွမ်းက လက်နှစ်ဖက်ကိုယှက်ကာ ဦးညွှတ်လိုက်သည်။
"ကျွန်တော့်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်... အို... သခင်လေး..."
ချူချင်းသည် သူ၏အမူအရာနှင့် စကားများကြောင့် အံ့အားသင့်သွားရ၏။
"ညီလေး... မင်းက ခေါင်းမရိတ်ရသေးတဲ့ တရားကျင့်ကြံသူလား..."
"ကျွန်တော်က ငယ်စဉ်ကတည်းက ဆရာ့နောက်လိုက်ပြီး တရားကျင့်ခဲ့တာပါ... ဒါပေမဲ့ ခေါင်းမရိတ်ဘဲ လူဝတ်နဲ့ပဲ ကျင့်ကြံနေတာပါ..."
ချူချင်းက နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်သည်။
ထိုစဉ် ရှဝမ်ရွှမ်းက ပြောလိုက်၏။
"ဒီသခင်လေးဇောင်က ချန်းယန်တောင် ဂွမ်ကျောက်ဘုရားကျောင်းက ဆရာကြီးထျန်းယူရဲ့ တပည့်တစ်ယောက်ပါ..."
ချူချင်း၏နှလုံးသားသည် ချက်ချင်းပင် လှုပ်ခတ်သွား၏။
ဆရာကြီးထျန်းယူ၏ တပည့်လော။
ထိုသူက ဝူချန်းဟွမ်၏ဂိုဏ်းတူအစ်ကို မဟုတ်ပါသလော။
ဆရာကြီးထျန်းယူနှင့် ဆရာမကြီးယဲ့ထန်။
သူတို့နှစ်ဦးသည် မူလက ဂိုဏ်းတူမောင်နှမများ ဖြစ်ကြပေသည်။
သိုင်းလောကထဲတွင် ထိုနှစ်ဦးနှင့်ပတ်သက်သည့် ဒဏ္ဍာရီများစွာပျံ့နှံ့နေပြီး အချို့မှာ အလွန်ပင် မရေမရာဖြစ်လှ၏။
သူတို့နှစ်ဦးသည် ငယ်စဉ်ကတည်းက ဂိုဏ်းတူမောင်နှမများအဖြစ် အတူတူကြီးပြင်းလာခဲ့ကြပြီး အပြန်အလှန် ချစ်ကြိုက်ခဲ့ကြသည်ဟု ဆိုကြသည်။
နောက်ပိုင်းတွင်မူ အချစ်ရေးကြောင့် စိတ်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးကဘုန်းကြီးဝတ်သွားပြီး အခြားတစ်ဦးက သီလရှင်ဝတ်သွားခဲ့ကြ၏။
ပို၍ထူးဆန်းသော ကောလာဟလတစ်ခုမှာမူ သူတို့သည် တစ်ချိန်က အလွန်ချစ်ကြသော လင်မယားများဖြစ်ခဲ့ကြပြီး ကလေးတစ်ယောက်ပင် ရရှိခဲ့ဖူးသည်ဟု ဆိုကြသည်။
ကံမကောင်းစွာဖြင့် ဆရာကြီးထျန်းယူသည် သွေးဆောင်မှုများကိုမတွန်းလှန်နိုင်ဘဲ ဆရာမကြီးယဲ့ထန်အပေါ်သစ္စာဖောက်ခဲ့သဖြင့် သူတို့၏ကလေးမှာလည်း ထိုကိစ္စကြောင့် သေဆုံးသွားခဲ့ရ၏။
စိတ်ပျက်အားငယ်မှုများကြားတွင် သူတို့နှစ်ဦးသည် လောကီဆက်ဆံရေးအားလုံးကို ဖြတ်တောက်လိုက်ပြီး နောက်တစ်ကြိမ် ပြန်မတွေ့တော့ရန် ကတိပြုခဲ့ကြပေသည်။
သို့သော်ငြား သူတို့သီတင်းသုံးရာ တောင်နှစ်တောင်မှာမူ ဘေးချင်းကပ်လျက် တည်ရှိနေပေသည်။
မည်သူက မှန်ပြီး မည်သူက မှားသည်ကိုမူ မည်သူမျှ မသိရှိကြပေ။
ကာယကံရှင်များကိုယ်တိုင်ကလည်း သိုင်းလောကထဲသို့ ခြေဆန့်လေ့မရှိသဖြင့် မည်သူမျှ အမှန်တရားကိုမသိရှိကြခြင်း ဖြစ်၏။
ယခု သူ့ရှေ့မှဇောင်ဝန်ချွမ်းသည် ဆရာကြီးထျန်းယူ၏တပည့်တစ်ဦးဖြစ်သဖြင့် ဝူချန်းဟွမ်၏အခြေအနေကို သိရှိနိုင်ပေလိမ့်မည်။
သူ့စိတ်ထဲတွင် အထီးကျန်လမင်းတောင်ပေါ်ရှိ ထိုမိန်းကလေး၏သိုင်းပညာတိုးတက်မှု အခြေအနေကို သိမ်မွေ့စွာ မေးမြန်းလိုစိတ်များ ပြင်းထန်လာ၏။
ဆယ်မိုင်အကွာ နေရပ်မျှော်မဏ္ဍပ်ထဲတွင် သူမသည် အလွန်တည်ကြည်လှသော ကတိတစ်ခုကို ပြုလုပ်ခဲ့ပေသည်။
သုံးနှစ်ဆိုသောအချိန်သည် လုံလောက်ပါ့မလားဟု သူတွေးတောနေမိ၏။
"ဒါဆို မင်းက ဆရာကြီးထျန်းယူရဲ့ လေးစားရတဲ့တပည့်ဖြစ်နေတာကိုး... တောင်းပန်ပါတယ်..."
ချူချင်း၏အတွေးများသည် တည်ငြိမ်နေပြီး မျက်နှာတွင်မူ ခံစားချက်များကို လုံးဝမပြသပေ။ သူသည် လက်သီးဆုပ်ကာ အနည်းငယ်နှုတ်ဆက်လိုက်ပြီး သူ၏သဘောထားမှာ သာမန်လူများထက် သိသိသာသာ ပိုမိုခင်မင်ရင်းနှီးလှပေသည်။
"မဝံ့ရဲပါဘူး... မဝံ့ရဲပါဘူး..."
ဇောင်ဝန်ချွမ်းက ရယ်မောကာ ပြောလိုက်၏။
"ခုနက တိုက်ပွဲက တကယ်ကိုတုန်လှုပ်စေတာပဲ... သခင်လေးသုံးရဲ့ဓားပညာက တကယ့်ကိုပြိုင်ဘက်ကင်းပြီး လေးစားစရာကောင်းလှပါတယ်..."
သူတို့စကားပြောနေစဉ်မှာပင် ရှီမောက်က ရှီချောင်ဟွေ့ကို ဆွဲခေါ်လာပြီး စကားပြောရန် တွန့်ဆုတ်နေပေသည်။
ချူချင်းက အခြေအနေကိုမေးမြန်းလိုစိတ်ကို ဖိနှိပ်လိုက်ပြီး ရှီမောက်ကိုပြောလိုက်၏။
"သခင်လေးရှီ... ငါ မင်းကို ကတိပေးထားတဲ့အတိုင်း ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပြီးပြီ…”
“မင်းရဲ့ညီမလေးကို ငါကိုယ်တိုင် မကယ်တင်နိုင်ခဲ့ပေမဲ့ ကံကောင်းထောက်မစွာနဲ့ ဘေးကင်းလုံခြုံနေတာပဲ…”
“လော့ချန်အိမ်တော်က ဒုက္ခတွေများပြားလှတဲ့နေရာမို့ မင်းတို့ အမြန်ဆုံးထွက်ခွာသွားသင့်တယ်..."
ရှီမောက်က သူ့အင်္ကျီလက်ထဲမှ ရွှေရွက်တစ်ထပ်ကို ထုတ်ယူပြီး ချူချင်းကိုကမ်းပေးလိုက်၏။
"ကျေးဇူးတင်ပါတယ် သခင်လေး... ဒါတွေက သခင်လေးအတွက်ပါ..."
ဇောင်ဝန်ချွမ်းက အံ့အားသင့်စွာဖြင့် ကြည့်နေပြီး တစ်ခဏမျှ ဇဝေဇဝါဖြစ်သွားရသည်။
ချူချင်းကလည်း အားနာမနေဘဲ ယူလိုက်သော်လည်း အားလုံးကိုမယူဘဲ ရှီမောက်အတွက် လမ်းစရိတ်အဖြစ် အချို့ကိုချန်ထားပေးခဲ့၏။
ရှဝမ်ရွှမ်းက ဘေးမှကြည့်နေရင်း နှလုံးခုန်သံများ မြန်ဆန်လာရသည်။
ချူချင်းက ကောင်းကင်ပြင်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်၏။
"မိုးချုပ်နေပြီမို့ မင်းတို့ ဒီမှာ နောက်ထပ်တစ်ညလောက် နားခိုပြီး မနက်ဖြန်မနက်စောစောမှ ထွက်ခွာကြတာပေါ့..."
"ဟုတ်ကဲ့ပါ..."
ရှီမောက်က လျင်မြန်စွာ သဘောတူလိုက်ပေသည်။
ဤသို့ဖြင့် စကားအနည်းငယ်ပြောဆိုပြီးနောက် အားလုံးသည် အိမ်တော်ထဲသို့ လျှောက်ဝင်သွားကြ၏။
ချူချင်းသည် ဇောင်ဝန်ချွမ်းနှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုခဲ့ပြီး စကားဝိုင်းသည် သူ၏ဂိုဏ်းအကြောင်းသို့ ရောက်ရှိသွားပေသည်။
စကားအနည်းငယ်ပြောဆိုရုံဖြင့် ဝူချန်းဟွမ်သည် လမျှော်မဏ္ဍပ်တွင် လညွှန်နတ်သိုင်းကို လေ့လာကျင့်ကြံနေကြောင်း သူသိရှိလိုက်ရသော်လည်း သူမ၏တိုးတက်မှုမှာ အလွန်နှေးကွေးနေဆဲ ဖြစ်၏။
သူ့ရင်ထဲတွင် ထူးဆန်းသော လှိုင်းလုံးကြီးတစ်ခု လှုပ်ရှားလာပြီး ညင်သာသော လှိုင်းငယ်လေးများကဲ့သို့ ပျံ့နှံ့သွားရသည်။
ဇောင်ဝန်ချွမ်းအတွက် တည်းခိုရန်နေရာစီစဉ်ပေးပြီးနောက် ချူချင်းသည် အခြားသူများကိုနှုတ်ဆက်ကာ မိမိနေထိုင်ရာခြံဝင်းငယ်သို့ ပြန်လာခဲ့၏။
ခြံထဲသို့ဝင်လိုက်သည်နှင့် စီယဲ့က တံခါးဝတွင် စောင့်ကြပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
“သခင်က မှာကြားထားပါတယ်... အခုကစပြီး ကျွန်တော်က သခင်လေးဘေးမှာ ကာကွယ်ပေးရပါမယ်..."
စီယဲ့က လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ ရိုသေစွာ ပြောလိုက်၏။
ချူချင်းက ခေါင်းညိတ်လိုက်သည်။
"ဒုက္ခပေးရပြီ... အဲဒီကိစ္စကိုရော စီစဉ်ပြီးပြီလား..."
"စီစဉ်ပြီးပါပြီ..."
ချူချင်းသည် နျဲ့ကျင့်ထိုင်နှင့် ချိန်းဆိုထားသော လျှို့ဝှက်ဆန်းကြယ်သူကို ချုံခိုတိုက်ခိုက်ရန် စီစဉ်ထားသည့်ကိစ္စကို မေးမြန်းနေခြင်းဖြစ်ကြောင်း စီယဲ့သိရှိထားပေသည်။
"ကောင်းပြီ..."
ချူချင်းက ပြောလိုက်၏။
"ညစာ ယူမလာနဲ့တော့... ငါ ခဏလောက် တံခါးပိတ်ကျင့်ကြံဦးမယ်..."
စီယဲ့မှာမူ ကြောင်အသွားရသည်။
'ဘယ်အချိန်မို့လို့ တံခါးပိတ်ကျင့်ကြံဦးမှာလဲ…’