အခန်း ၂၀၅
Vol. 21 Ch. 205
အခန်း (၂၀၅) - လျှို့ဝှက်တံခါးဝ (၁)
လော့ချန်အိမ်တော်မှတပည့်များသည်လည်း ဤအချိန်တွင်မှ အိပ်မက်မှနိုးထလာသကဲ့သို့ ဖြစ်သွားကြပြီး ဦးနှောက်က မတုံ့ပြန်နိုင်သေးချေ။
ထိုသူစတင်ပေါ်လာစဉ်က ဤနေရာရှိလူအားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရ၏။
သူ၏ကိုယ်ဖော့သိုင်းပညာကို ကြည့်ရုံမျှဖြင့်ပင် အလွန်ခက်ခဲသော ပြိုင်ဘက်တစ်ဦးဖြစ်ပြီး ရင်ဆိုင်ရန် မလွယ်ကူကြောင်း သိသာလှပေသည်။
ထို့ပြင် သူ၏အပ်တစ်ချောင်း ပစ်လွှတ်လိုက်မှုကြောင့် ထွက်ပေါ်လာသော အသံလှိုင်းတိုက်ခိုက်မှုကပင် တပည့်အချို့အား မခံမရပ်နိုင်အောင် နာကျင်စေခဲ့လေသည်။
သူတို့ဘက်တွင် ခေါင်းဆောင်စီယဲ့ ရှိနေသည့်အပြင် နက်နဲဆန်းကြယ်လှသော သခင်လေးသုံးလည်းရှိနေသဖြင့် ဤတိုက်ပွဲက ခက်ခဲပင်ပန်းမည်ဖြစ်သော်လည်း ရှုံးနိမ့်သွားလိမ့်မည်မဟုတ်ဟု ထင်မှတ်ခဲ့ကြ၏။
သို့သော် ဤမျှအစွမ်းထက်လှသော ပညာရှင်ကြီးတစ်ဦးက မျက်စိတစ်မှိတ်အတွင်း အသုံးမဝင်သော မသန်မစွမ်းတစ်ဦး ဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါအံ့နည်း။
ဇဝေဇဝါဖြစ်နေကြသော တပည့်များသည် ချူချင်း၏စကားကို ကြားလိုက်ရမှသာ သတိပြန်ဝင်လာကြပြီး ချက်ချင်းပင် အင်္ကျီလက်များကို ပင့်တင်ကာ နှစ်သစ်ကူးပွဲတော် ကျင်းပနေသကဲ့သို့ ပျော်ရွှင်မြူးထူးစွာဖြင့် ထိုပညာရှင်အား ဝက်တစ်ကောင်ကဲ့သို့ ခြေလက်လေးဖက်ကိုစုစည်းကာ တုတ်ဖြင့်သီ၍ ချည်နှောင်လိုက်ကြလေသည်။
ဤသို့ချည်နှောင်ခြင်းမှာ နှစ်သစ်ကူးတွင် ဝက်သတ်ရန် ချည်နှောင်သကဲ့သို့ ခြေလက်လေးဖက်ကို စုစည်းချည်နှောင်ပြီး အလယ်တွင် သစ်သားတုတ်တစ်ချောင်း လျှိုသွင်းကာ လူနှစ်ယောက်ဖြင့်ထမ်းပိုးနိုင်ရန် ပြုလုပ်ခြင်း ဖြစ်ပေသည်။
ထိုသူ၏ကျောရိုးမှာ ချူချင်း၏လက်သီးချက်ကြောင့် ကြေမွသွားခဲ့သဖြင့် ဤသို့မချည်နှောင်ပါက သယ်ဆောင်ရန် အလွန်ခက်ခဲပေလိမ့်မည်။
သယ်ဆောင်သွားစဉ်အတွင်း သူမည်မျှနာကျင်ခံစားရမည်ကို မည်သူမျှ ဂရုစိုက်လိမ့်မည်မဟုတ်ပေ။
မိုက်မဲရိုင်းစိုင်းလှသော လူမျိုး၏အသက်ကို မည်သူက ဂရုစိုက်ပါအံ့နည်း။
လော့ချန်အိမ်တော်မှတပည့်နှစ်ဦးသည် ပျော်ရွှင်မြူးထူးစွာဖြင့် ထိုသူအား ထမ်းပိုးလိုက်ကြ၏။
ဤမျှမြင့်မားသော သိုင်းပညာကို ပိုင်ဆိုင်ထားသည့်အတွက် သာမန်လူတစ်ဦးမဟုတ်ဘဲ အရေးပါသော အဆင့်မြင့်ပညာရှင်တစ်ဦးဖြစ်ရမည်ကို သူတို့သိရှိထားကြပေသည်။
ဤကဲ့သို့ကြီးမားသော အကျိုးအမြတ်ကို ရရှိခဲ့သဖြင့် သဘာဝအတိုင်း ဝမ်းသာအားရ ဖြစ်နေကြချေသည်။
ချူချင်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။
"စီယဲ့... မင်း သူတို့ကိုခေါ်ပြီး အရင်ပြန်နှင့်တော့... လူကို သေသေချာချာ ဝှက်ထားပြီး ဘာခြေရာလက်ရာမှ မကျန်စေနဲ့..."
"ငါ ပြန်ရောက်မှပဲ ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်မယ်..."
စီယဲ့က ခေါင်းညိတ်ကာ နာခံလိုက်၏။
"ဟုတ်ကဲ့ပါ သခင်လေး..."
ထို့နောက် သူက တွန့်ဆုတ်စွာဖြင့် မေးမြန်းလိုက်ပြန်သည်။
"သခင်လေးက အခု..."
"ငါ စမ်းသပ်ကြည့်ချင်တာလေးတစ်ခုရှိလို့... မင်း စိတ်ပူစရာမလိုဘူး..."
ချူချင်းက စီယဲ့၏ပခုံးကို ဖွဖွပုတ်ပေးလိုက်၏။
စီယဲ့က ခေါင်းညိတ်လိုက်၏။
"ဒါဆို သခင်လေး... အရာရာဂရုစိုက်ပါ..."
"စိတ်မပူပါနဲ့..."
စီယဲ့က လော့ချန်အိမ်တော်မှတပည့်များကို ခေါ်ဆောင်ကာ ထွက်ခွာသွားသည်ကိုကြည့်ရင်း ဤနေရာတွင် ချူချင်းနှင့်ဝမ်ရို နှစ်ဦးတည်းသာ ကျန်ရစ်တော့၏။
သူတို့နှစ်ဦး အကြည့်ချင်းဆုံမိသွားကြပြီး ချူချင်းက ပြုံးလိုက်၏။
"သူ့အနံ့ကို ခြေရာခံပြီး သူ ဘယ်နေရာကနေ လာခဲ့လဲဆိုတာ ကြည့်ပေးလို့ရမလား..."
"ရတာပေါ့..."
ဝမ်ရိုက တွန့်ဆုတ်ခြင်းမရှိဘဲ ပြတ်သားစွာ ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် သူမက ချူချင်းကိုဦးဆောင်ကာ အရပ်မျက်နှာတစ်ခုသို့ လျှောက်လှမ်းသွားလေသည်။
တစ်ခဏအတွင်းမှာပင် သူတို့နှစ်ဦးသည် မူလချုံခိုတိုက်ခိုက်သည့် နေရာပတ်ပတ်လည်ကို အတော်ကြာအောင် လှည့်ပတ်သွားမိကြ၏။
ထိုသူသည် နောက်ကျမှ ရောက်ရှိလာခြင်းမဟုတ်ဘဲ အခြေအနေကို အချိန်အတော်ကြာ ကြိုတင်စောင့်ကြည့်နေခဲ့ခြင်းဖြစ်ကြောင်း ချူချင်းနှင့်ဝမ်ရိုတို့ ဤအချိန်တွင်မှ သဘောပေါက်သွားကြတော့သည်။
အဆင့်မြင့်ပညာရှင်မျှမရှိကြောင်း အတည်ပြုပြီးမှသာ သူက ဝိုင်းရံထားသော နေရာအတွင်းသို့ ခြေချခဲ့ခြင်း ဖြစ်ပေသည်။
ရှုပ်ထွေးနေသော အနံ့အသက်များရှိသည့်နေရာကို ဖြတ်ကျော်ပြီးနောက် ပိုမိုနက်ရှိုင်းသောနေရာသို့ လျှောက်လှမ်းသွားရာ လမ်းကြောင်းက ပိုမိုဆိတ်ငြိမ်ပြီး ကြမ်းတမ်းလာခဲ့၏။
ဤနေရာမှာ လော့ချန်အိမ်တော်၏အပြင်ဘက်တွင် ရှိပြီး တောင်တက်လမ်းများက ရှုပ်ထွေးလှကာ ဆောင်းဦးနှောင်းပိုင်း ကြွေကျနေသော သစ်ရွက်ခြောက်များက တောအုပ်တစ်ခုလုံးတွင် ပြန့်ကျဲနေသဖြင့် ခြေလှမ်းတိုင်းမှာ ကြမ်းတမ်းခက်ခဲလှပေသည်။
ဝမ်ရိုသည် ခြေလှမ်းများ မညီမညာဖြစ်နေပြီး ပိုမိုနက်ရှိုင်းစွာသွားလေ ပိုမိုခက်ခဲလာလေ ဖြစ်၏။
အထူးသဖြင့် ယခုကဲ့သို့ ညဘက်တွင် သူမ၏ခြေလှမ်းများက သစ်ရွက်ခြောက်များပေါ်သို့ ကျရောက်သွားတိုင်း အောက်ခြေရှိ မညီမညာဖြစ်နေသော ကျောက်ဆောင်များကိုနင်းမိကာ ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားတတ်၏။
ကံကောင်းထောက်မစွာပင် သူမ၏ကိုယ်ဖော့သိုင်းပညာက မညံ့ဖျင်းသဖြင့် ခန္ဓာကိုယ်ဟန်ချက်ကို အချိန်မီထိန်းညှိနိုင်ခဲ့သည်။ မဟုတ်ပါက ခြေကျင်းဝတ်လိမ်သွားခြင်း သို့မဟုတ် လဲကျသွားခြင်းများ ဖြစ်ပေါ်နိုင်ပေသည်။
ချူချင်းက သူမ သွားလာရခက်ခဲနေသည်ကို မြင်သောအခါ သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။
"ငါ့ကို လမ်းညွှန်ပေးပါ..."
ဝမ်ရိုက ချူချင်းကိုတစ်ချက်ကြည့်လိုက်ရာ သူမ၏ ကြည်လင်သောမျက်ဝန်းတစ်စုံတွင် ချူချင်း၏ပုံရိပ်က ထင်ဟပ်နေ၏။ သူမက ရုတ်တရက် အသက်ပြင်းပြင်းရှူလိုက်ပြီး ခေါင်းလွှဲကာ အရပ်မျက်နှာတစ်ခုသို့ လက်ညှိုးထိုးပြလိုက်လေသည်။
ချူချင်းက ကိုယ်ဖော့သိုင်းကို အသက်သွင်းလိုက်ရာ ဝမ်ရိုသည် သူမ၏ခန္ဓာကိုယ် ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး ပုံရိပ်နှစ်ခုမှာ လျင်မြန်စွာ ပျံသန်းသွားသကဲ့သို့ ရွေ့လျားသွားတော့၏။
ဝမ်ရိုသတိပြန်ဝင်လာသောအခါ အခြားအရပ်မျက်နှာတစ်ခုသို့ လျင်မြန်စွာ ထပ်မံညွှန်ပြလိုက်ပြန်သည်။
ဤသို့ဖြင့် သူမကလမ်းပြပြီး ချူချင်းက သူမကိုခေါ်ဆောင်သွားသဖြင့် သူတို့၏အရှိန်နှင့် ထိရောက်မှုမှာ အဆမတန်တိုးတက်လာခဲ့၏။
သွားလာနေစဉ်အတွင်း ချူချင်းက ဝမ်ရိုအား ငယ်စဉ်က ဤနေရာများသို့ လာရောက်ဆော့ကစားဖူးလားဟု စပ်စုစွာ မေးမြန်းလိုက်၏။
ဝမ်ရိုက သူမ၏ နူးညံ့သိမ်မွေ့ခြင်းမရှိသော်လည်း အလွန်ကြည်လင်သော မျက်ဝန်းများဖြင့် ချူချင်းကို စိုက်ကြည့်လိုက်၏။
"ကျွန်မက ငယ်ငယ်ကတည်းက ထိုက်ရိဂိုဏ်းကို သွားခဲ့တာ... ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးတစ်ယောက်ကို အဖေက တောင်ပေါ်မှာ လျှောက်ပြေးခွင့်ပေးပါ့မလား..."
မည်သို့ပင်ဆိုစေကာမူ သူမက လော့ချန်အိမ်တော်၏သမီးကြီးဖြစ်ပြီး တောင်ပေါ်မှ မုဆိုးသားသမီးမဟုတ်သဖြင့် တောင်တန်းများတစ်လျှောက် မည်ကဲ့သို့ ရည်ရွယ်ချက်မဲ့ လှည့်လည်သွားလာနိုင်ပါအံ့နည်း။
ချူချင်းက ပြုံးလိုက်ပြီး ထပ်မပြောတော့ပေ။
အမွှေးတိုင်တစ်တိုင်စာခန့် ကြာမြင့်ပြီးနောက် သူတို့နှစ်ဦးသည် ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့ကြ၏။
ဝမ်ရိုညွှန်ပြသော လမ်းကြောင်း၏အဆုံးတွင် သစ်ပင်ထူထပ်သော ချုံပုတ်တစ်ခု ရှိနေပေသည်။
ထိုချုံပုတ်များက တောင်ဂူတစ်ခုကို ဖုံးကွယ်ထားခြင်း ဖြစ်၏။
ချူချင်းက ဝမ်ရိုကို သူ့နောက်မှလိုက်စေပြီး ဂူအတွင်းသို့ ဦးစွာဝင်ရောက်သွားလေသည်။
သူက မင်ယွိကျမ်းစာကိုအသက်သွင်းကာ အာရုံခံစားမှုများကို မြှင့်တင်ပြီး ဂူလမ်းကြောင်းအတိုင်း ရှေ့သို့ဆက်လက်လျှောက်လှမ်းသွားရာ လမ်းကြောင်းက ရုတ်တရက် အောက်ဘက်သို့ဆင်းသွား၏။
သူတို့ ပိုမိုနက်ရှိုင်းစွာသွားလေ ချူချင်းနှင့်ဝမ်ရိုတို့သည် ဤလမ်းကြောင်းကို ရင်းနှီးနေသကဲ့သို့ခံစားရလေ ဖြစ်၏။
၎င်းမှာ ဝမ်မိသားစု၏ တားမြစ်နယ်မြေအတွင်းရှိ ဂူနှင့်ဆင်တူပြီး နှစ်ခုလုံးမှာ တောင်စောင်းတစ်ခုအတွင်းသို့ ဦးတည်နေခြင်းဖြစ်ပေသည်။
ထို့နောက် သူတို့သည် ရှုပ်ထွေးလှသော ဂူလမ်းကြောင်းများတစ်လျှောက် အောက်ဘက်သို့ ဆက်လက်ဆင်းသက်သွားကြ၏။
ကုန်းမြင့်တစ်ခုသို့ ရောက်ရှိသွားပြီးနောက် ရနံ့ကို ဆက်လက်ခြေရာခံကြည့်ရာ ကျောက်တောအုပ်ကို မတွေ့ရဘဲ လူလုပ်ထားသည်မှာ ထင်ရှားသော လျှို့ဝှက်တံခါးဝတစ်ခုကိုသာ တွေ့လိုက်ရ၏။
ထိုတံခါးဝရှေ့တွင် ကျောက်ပြားတစ်ချပ်ရှိနေပြီး ၎င်းပေါ်တွင် ထျန်းကျီးဝင်္ကပါအင်းကွက်ဟု ရေးထွင်းထားလေသည်။
ချူချင်းက ဝမ်ရိုကို တစ်ချက်ကြည့်လိုက်၏။
"အဆင်ပြေပါ့မလား..."
"ပြေတာပေါ့..."
ဝမ်ရို၏အဖြေက အမြဲပြတ်သားပြီး တိုတောင်းလှပေသည်။
အင်းကွက်များနှင့်ပတ်သက်၍ သူတို့နှစ်ဦးလုံးမှာ မသိနားမလည်ကြသော်လည်း ထိုသူ၏ရနံ့ကို ခြေရာခံကာ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သဖြင့် အနံ့ကိုအသုံးပြု၍ အင်းကွက်ကိုဖြတ်ကျော်ရန် လမ်းပြနိုင်ပေသည်။
ချူချင်းမေးမြန်းခဲ့သည်မှာလည်း ဤအချက်ပင် ဖြစ်၏။
အင်းကွက်အတွင်း မမျှော်လင့်ထားသော အပြောင်းအလဲများကြောင့် သူတို့နှစ်ဦးကွဲကွာသွားခြင်းမှ ကာကွယ်ရန်အတွက် ဝမ်ရိုက ချူချင်းအား သူမ၏လက်ကောက်ဝတ်ကို ဆက်လက်ဆုပ်ကိုင်ထားရန် အကြံပြုလိုက်၏။
ချူချင်းခေါင်းညိတ်လိုက်ပြီးနောက် ဝမ်ရိုက ဆက်လက်လမ်းပြကာ ချူချင်းကိုခေါ်ဆောင်၍ အင်းကွက်အတွင်းသို့ ဝင်ရောက်သွားလေသည်။
တံခါးဝမှဝင်ပြီး ဘယ်ဘက်သို့လှည့်လိုက်ရာ လူနှစ်ယောက် မနည်းဖြတ်သန်းနိုင်သော ကျဉ်းမြောင်းသည့် လမ်းကြောင်းတစ်ခု ရှိနေ၏။
ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးနောက် နားထဲတွင် စက်ယန္တရားလည်ပတ်သံကို ရုတ်တရက်ကြားလိုက်ရချေသည်။
ချူချင်းမျက်မှောင်ကြုတ်လိုက်မိ၏။ သူ၏အာရုံခံစားမှုက အလွန်ထက်မြက်သဖြင့် ဤအင်းကွက်တွင် အပြောင်းအလဲအချို့ ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
"သတိထား... ငါတို့ ခုနကလျှောက်လာတဲ့ လမ်းကြောင်းက ပျောက်သွားပြီထင်တယ်... ဒီဝင်္ကပါက ထျန်းကျီးရသေ့ရဲ့လက်ရာပဲ... စက်ယန္တရားတွေနဲ့ အင်းကွက်ကို ပေါင်းစပ်ထားတာ... အထဲကိုခြေချလိုက်တာနဲ့ စက်ယန္တရားတွေကအလုပ်စလုပ်ပြီး ဝင်္ကပါရဲ့ မြေပြင်အနေအထားကို ပြောင်းလဲစေကာ လမ်းကြောင်းကို လွဲချော်သွားလိမ့်မယ်..."
"အနံ့ကလည်း ဒီအပြောင်းအလဲကြောင့် ပြောင်းသွားနိုင်တယ်..."
ချူချင်းက တိုးတိုးလေး သတိပေးလိုက်၏။
ဝမ်ရိုက သူ့ကို တစ်ချက်ကြည့်လိုက်၏။
"ကျွန်မအနောက်ကသာ လိုက်ခဲ့..."
ဤအပြောင်းအလဲများကိုဂရုမစိုက်ဘဲ ဝမ်ရိုက ချူချင်းကို တည့်တည့်ခေါ်ဆောင်သွားလေသည်။
သူတို့ လျှောက်လှမ်းသွားသည့်နေရာတိုင်းတွင် ခြေဖဝါးအောက်ရှိ မြေပြင်က ရွေ့လျားသွားသကဲ့သို့ ခံစားရ၏။
ဝင်္ကပါတစ်ခုလုံးမှာ လည်ပတ်နေသော ဧရာမစက်ဝိုင်းချပ်ကြီးတစ်ခုပေါ်တွင် တည်ရှိနေပြီး အရာအားလုံးကို စက်ယန္တရားများဖြင့် ထိန်းချုပ်ထားကာ အထဲသို့ဝင်ရောက်လာသူ၏ ခြေလှမ်းများနှင့်အညီ ချိန်ညှိပေးနေသကဲ့သို့ ဖြစ်ပေသည်။
သို့သော် ဝမ်ရိုက တွန့်ဆုတ်ခြင်းမရှိဘဲ ဆက်လက်လျှောက်လှမ်းနေ၏။ ရှေ့တွင် လမ်းမရှိတော့ဟု ထင်ရသော်လည်း သူတို့နှစ်ဦး လမ်းအဆုံးသို့ရောက်ရှိသွားသည့်အခါ နံရံများက အလိုအလျောက်ရွေ့လျားသွားပြီး လမ်းကြောင်းသစ်တစ်ခုကို ဖော်ထုတ်ပေးလေသည်။