အခန်း ၂၀၆
Vol. 21 Ch. 206
အခန်း (၂၀၆) - လျှို့ဝှက်တံခါးဝ (၂)
ဤသို့ဖြင့် လမ်းကြောင်းများတစ်လျှောက် ဖြတ်သန်းသွားရာ ချူချင်းသည် သူတို့ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကိုပင် မသိတော့ပေ။
ရုတ်တရက် သူက ဝမ်ရို၏လက်ကို ညင်သာစွာ ဆွဲလိုက်၏။
"လူရှိတယ်..."
ဝမ်ရိုက ခေါင်းညိတ်ပြလိုက်၏။
"ကျွန်မလည်း အနံ့ရတယ်... ကျွန်မအဖေပဲ..."
ချူချင်းအံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်လိုက်၏။
"ဒါဆိုရင်တော့ ကျိုးကြောင်းဆီလျော်သွားပြီ..."
ဤထျန်းကျီးဝင်္ကပါအင်းကွက်သို့ ရောက်ရှိလာပြီးနောက် ချူချင်းသည် သူတောင်းစားအိုကြီးပေးခဲ့သော မြေပုံကို သတိရမိသွား၏။
၎င်းပေါ်တွင် လမ်းကြောင်း၁၃ ခုကို အသေးစိတ်ရေးဆွဲထားခဲ့ပေသည်။
ယခုအချိန်အထိ ရှာဖွေတွေ့ရှိထားသော လမ်းကြောင်းနှစ်ခုအရ လမ်းကြောင်းတစ်ခုစီတွင် အင်းကွက်တစ်ခုစီ ရှိနေနိုင်ပေသည်။
၎င်းက လင်ဖေးနှင့်တွေ့ဆုံခဲ့သူသည် ထျန်းကျီးတောင်ကြားမှ လာခဲ့ခြင်းဖြစ်ကြောင်း သက်သေပြနေ၏။
ဝမ်ဖူစန်းနှင့် ဝမ်ဖျင်ချဲ့တို့သည် ယနေ့တစ်နေ့လုံး ထျန်းကျီးတောင်ကြား၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့ကြသဖြင့် တောင်ကြားအတွင်းရှိ ထူးခြားသော လှုပ်ရှားမှုများကို ဝမ်ဖူစန်းသတိမပြုမိဘဲ နေလိမ့်မည်မဟုတ်ပေ။
သူက နောက်ကနေ လိုက်လံခြေရာခံရင်း နောက်ဆုံးတွင် ဤအင်းကွက်အတွင်း ပိတ်မိသွားခြင်းက ကျိုးကြောင်းဆီလျော်လှပေသည်။
ဝမ်ဖူစန်း၏လှုပ်ရှားမှုအသံများကို နားထောင်ရသည်မှာ အင်းကွက်အတွင်း စမ်းတဝါးဝါး လျှောက်လှမ်းနေပုံရ၏။
ထို့အပြင် သူ၏မြင့်မားလှသော သိုင်းပညာဖြင့် ဤကဲ့သို့သော လှုပ်ရှားမှုအသံများကို ပြုလုပ်နေခြင်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်း ဖြစ်ပေလိမ့်မည်။
ဝမ်ရိုက ခြေလှမ်းများကိုမရပ်တန့်ဘဲ ဆက်လက်လျှောက်လှမ်းသွားရာ တစ်ခဏအတွင်းမှာပင် ရှေ့ရှိလမ်းကြောင်းက ပြောင်းလဲသွားပြီး ဝမ်ဖူစန်း၏ပုံရိပ်က ချူချင်းနှင့် ဝမ်ရိုတို့၏ရှေ့တွင် ပေါ်လာတော့၏။
သူတို့ဆုံတွေ့လိုက်ရသည့် တစ်ခဏတွင် ဝမ်ဖူစန်း၏နောက်ကွယ်မှ မရေမတွက်နိုင်သော ကြယ်တာရာများ ထွက်ပေါ်လာသကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းပင် လက်ညှိုးတစ်ချောင်းအဖြစ် စုစည်းသွားကာ လက်ညှိုးမှထွက်ပေါ်လာသော လေလှိုင်းက ပြင်းထန်လွန်းသဖြင့် အင်းကွက်တစ်ခုလုံး တုန်ခါသွားစေ၏။
သို့သော် သူ၏လက်ညှိုးကို မထုတ်ဖော်နိုင်မီမှာပင် သူ၏မျက်နှာမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားတော့၏။
"မင်းတို့လား..."
"သခင်ဝမ်... လောကကြီးက တကယ်ကို ကျဉ်းလွန်းပါတယ်..."
ချူချင်းက ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ဒီနေရာမှာ ခင်များနဲ့ဆုံလိမ့်မယ်လို့ ကျုပ်မထင်ထားဘူး..."
'ဆုံရတယ်ပဲ ရှိသေး...'
ဝမ်ဖူစန်း၏မျက်နှာ မည်းမှောင်သွားသည်။ သို့သော် သူ၏အကြည့်က ချူချင်း ဝမ်ရို၏လက်ကို ကိုင်ထားသည်ကို မြင်သောအခါ သူ့မျက်နှာက ပို၍မှောင်မိုက်သွားတော့သည်။
"မင်းတို့ ဘာလို့ ဒီကိုရောက်လာကြတာလဲ..."
ချူချင်းက သူ၏စကားများထဲတွင် မကျေမနပ်ဖြစ်မှု အရိပ်အယောင်ကို ခံစားလိုက်ရသဖြင့် သူ၏အကြည့်ကို လိုက်ကြည့်ရင်း ချက်ချင်းနားလည်သွားကာ လက်ကိုအမြန်လွှတ်လိုက်၏။
"မနေ့ညက ကျုပ်တို့ချုံခိုတိုက်ခိုက်လိုက်တာ လူကိုဖမ်းမိခဲ့ပါတယ်... သူ့အနံ့ကို ခြေရာခံပြီး ရောက်လာခဲ့တာပါ..."
သူတို့နှစ်ဦး အနည်းငယ် စကားပြောဆိုပြီးနောက် ဖြစ်ပျက်ခဲ့သည်များကို နားလည်သွားကြ၏။
ဝမ်ဖူစန်းသည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ထိုသူ၏နောက်သို့ လိုက်လံခြေရာခံရင်း ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် သူကိုယ်တိုင်က အင်းကွက်များကို ကျွမ်းကျင်သဖြင့် ဤနေရာ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်လိုခဲ့သော်လည်း ဤအင်းကွက်က အင်းကွက်သက်သက်သာ မဟုတ်ဘဲ စက်ယန္တရားများနှင့် ပေါင်းစပ်ထားသဖြင့် သူက အထဲတွင်ပိတ်မိနေခဲ့ခြင်း ဖြစ်၏။
သူက အချိန်အတော်ကြာအောင် ရုန်းကန်ခဲ့သော်လည်း မလွတ်မြောက်နိုင်ခဲ့ပေ။
ထို့နောက် တစ်စုံတစ်ဦး ဝင်ရောက်လာသည်ကို သတိပြုမိသောအခါ အစောပိုင်းကလူ ပြန်လည်ရောက်ရှိလာခြင်းဖြစ်မည်ဟု ယူဆပြီး ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားမှုအသံများကို ပြုလုပ်ကာ သူ့ကို ဆွဲဆောင်ရန်ကြိုးစားခဲ့ခြင်း ဖြစ်၏။ ထိုသူကို အနိုင်ယူပြီးမှသာ သူလွတ်မြောက်နိုင်မည်ဟု ထင်မှတ်ခဲ့ပေသည်။
သို့သော် ရောက်ရှိလာသူမှာ ထိုသူမဟုတ်ဘဲ ချူချင်းနှင့်ဝမ်ရိုတို့ ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဝမ်ဖူစန်းက ဝမ်ရိုကို သူ့အနားသို့ ဆွဲခေါ်လိုက်၏။
"ထျန်းကျီးတောင်ကြားထဲမှာ လူတွေတကယ်ရှိနေတာပဲ... မင်းပြောပုံအရဆိုရင် နျဲ့ကျင့်ထိုင်နာမည်ကို သုံးပြီး လှုပ်ရှားနေတဲ့သူတွေကလည်း သူတို့... ကောင်းကင်မိစ္ဆာဂိုဏ်းသားတွေလား..."
"အင်းကွက်ထဲကနေ အရင်ထွက်ကြရအောင်..."
ချူချင်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
"အပြင်မှာတော့ ပြောစရာမရှိဘူး... ငါတို့ ရှေ့ကိုဆက်သွားရမယ်..."
ဝမ်ရိုက ခေါင်းညိတ်လိုက်ပြီး ချူချင်း၏လက်ကို ပြန်လည်ဆွဲကိုင်ရန် လှမ်းလိုက်၏။
သို့သော် ဝမ်ဖူစန်းက သူမ၏လက်မောင်းကို ချက်ချင်းဖမ်းဆွဲလိုက်၏။
"မိုက်မဲတဲ့ ကောင်မလေး... ဘာလို့ သူ့ကိုဆွဲနေတာလဲ... သူ့သိုင်းပညာနဲ့ ငါတို့နောက်ကို မလိုက်နိုင်စရာ အကြောင်းမရှိဘူး..."
ဝမ်ရိုက သူမ၏ဖခင်ကို အမူအရာမဲ့စွာ ကြည့်လိုက်ပြီးနောက် လှည့်ကာ ရှေ့သို့တည့်တည့် လျှောက်လှမ်းသွားလေသည်။
ဝမ်ဖူစန်းက ပြန်လှည့်ပြီး ချူချင်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။
'ဒီလူယုတ်မာလေး... ကောက်ကျစ်လိုက်တဲ့ ကောင်လေး...ငါ့သမီးနှင့် အပြစ်ကင်းစင်ပါတယ် ပြောပြီး အခုကျ လက်ဆွဲထားတာ ဘာသဘောလဲ...'
ဤနေရာရှိအင်းကွက်များက ထူးဆန်းလှပြီး ချူချင်းသည်လည်း ဘာမှနားမလည်သဖြင့် ဝမ်ရိုကိုသာ လုံးလုံးလျားလျား အားကိုးနေရခြင်း ဖြစ်ပေသည်။ သူမကို ဆွဲကိုင်ထားခြင်းက မှားသွားသည်လော။ ဤအဘိုးကြီး၏စိတ်ကသာ ညစ်ပတ်နေသဖြင့် အရာရာကို ညစ်ပတ်စွာမြင်နေခြင်းဖြစ်ပြီး ချူချင်းကို အပြစ်တင်နေခြင်း ဖြစ်ပေသည်။
သူတို့နှစ်ဦးသည် အကြည့်ချင်းဖလှယ်ကာ ရှင်းမပြနိုင်သော ဉာဏ်ပညာတိုက်ပွဲကို ဆင်နွှဲနေကြ၏။
ဝမ်ရိုကမူ လူအိုနှင့်လူငယ်နှစ်ဦးကို သွက်လက်သော ခြေလှမ်းများဖြင့် ဦးဆောင်ကာ ခဏမျှအတွင်းမှာပင် ထိုထျန်းကျီးဝင်္ကပါအင်းကွက်မှ ထွက်လာခဲ့ပြီး ကွေ့ကောက်နေသော တောင်ဂူတစ်ခုအတွင်းသို့ ရောက်ရှိသွားလေသည်။
သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ချူချင်းက အရင်ဆုံးစကားစလိုက်၏။
"သခင်ဝမ်က ကျုပ်တို့နဲ့အတူ လိုက်လာမှာလား... ဒါမှမဟုတ် အဲဒီဘက်ကနေ ဆက်ပြီးစောင့်ကြည့်နေမှာလား..."
"မင်းတို့နဲ့ လိုက်ခဲ့မယ်..."
ဝမ်ဖူစန်းက တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ဖြေလိုက်၏။
အစောပိုင်းက ချူချင်းနှင့်ဝမ်ရိုတို့ကို အောင်သွယ်ပေးလိုခဲ့သော်လည်း ချူချင်း၏ ပြတ်ပြတ်သားသားငြင်းဆိုမှုကြောင့် သူ၏အကြံကို စွန့်လွှတ်လိုက်ရခြင်း ဖြစ်ပေသည်။
သို့သော် ဤကောင်လေးသည် မျက်နှာနှစ်ဖက်ဖြစ်နေ၏။ သူ၏အမြင်တွင် ဤကောင်လေးက အခွင့်ကောင်းယူချင်ရုံသာဖြစ်ပြီး တာဝန်ယူလိုစိတ်မရှိသည်မှာ ထင်ရှားလှပေသည်။
သူ၏သမီးကို ဤမြေခွေးလေးနှင့် မည်ကဲ့သို့ လွှတ်ထားနိုင်ပါအံ့နည်း။ သူ၏သမီးက အပြစ်ကင်းစင်ပြီး ရိုးရှင်းလှကာ လောကီရေးရာများတွင် အတွေ့အကြုံမရှိပေ။ သူမက ဤမြေခွေးလေးကို မည်ကဲ့သို့ ယှဉ်နိုင်ပါအံ့နည်း။
နောက်ဆုံးတွင် အခွင့်ကောင်းယူခံရသည်ကိုပင် သူ့ဘက်ကနေ ကာကွယ်ပြောဆိုပေးနေလိမ့်မည်။
ဤအတွေးက ဝမ်ဖူစန်း၏ကျောရိုးကို ကျောချမ်းသွားစေပြီး ချူချင်းကို ဝံပုလွေတစ်ကောင်ကဲ့သို့ စိုးရိမ်တကြီး ကာကွယ်နေတော့၏။
ချူချင်းမှာ ဇဝေဇဝါဖြစ်နေသော်လည်း ဘာမှထပ်မပြောတော့ပေ။
ထိုသူ၏အနံ့က စွဲထင်နေဆဲဖြစ်သဖြင့် ဝမ်ရိုက ဆက်လက်ဦးဆောင်ခဲ့၏။
သို့သော် ချူချင်းနှင့်ဝမ်ဖူစန်းတို့က ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိနေသဖြင့် သူတို့သုံးဦးသည် ရဲရင့်စွာ လျှောက်လှမ်းသွားကြ၏။
ကွေ့ကောက်နေသောဂူထဲမှ ထွက်လာသည့်အခါ ရှေ့တွင် ကျယ်ပြန့်သောနေရာတစ်ခုကို တွေ့ရှိရပြီး အဝေးမှ ထျန်းကျီးတောင်ကြား၏တံခါးဝကို မြင်တွေ့နိုင်ပေသည်။
ချူချင်းက ထိုနေရာကိုစူးစမ်းကြည့်ရှုပြီး သူတောင်းစားအိုကြီးနှင့် စကားပြောခဲ့သော ကျောက်ဆောင်မျက်နှာစာကို လျင်မြန်စွာ သတိပြုမိလိုက်၏။
သို့သော် အောက်ခြေမှကြည့်မည်ဆိုပါက ထိုကျောက်ဆောင်က မထင်ရှားဘဲ ပတ်ဝန်းကျင်ရှုခင်းများနှင့် ချောမွေ့စွာ ရောနှောနေသဖြင့် ကြိုတင်မသိရှိထားပါက အလွယ်တကူ လျစ်လျူရှုမိသွားပေလိမ့်မည်။
"တံခါးအပြင်ဘက်မှာ ဘယ်သူမှမရှိဘူး... အဲဒီလူက အဲဒီဘက်ကနေလာတာ..."
ဝမ်ဖူစန်းက လက်ညှိုးထိုးပြလိုက်၏။
"ဒါပေမဲ့ ငါသွားရှာကြည့်တော့ ဘာမှမတွေ့ခဲ့ဘူး..."
ချူချင်းက ဝမ်ရိုကိုကြည့်လိုက်၏။
ဝမ်ရိုက ခေါင်းညိတ်ပြလိုက်၏။
"အနံ့က အဲဒီဘက်ကနေလာတာ သေချာတယ်... သွားကြည့်ရအောင်..."
သူတို့သုံးဦးသည် ကိုယ်ဖော့သိုင်းကို အသုံးပြုကာ ရှေ့ရှိကွင်းပြင်ကို ဖြတ်ကျော်သွားကြ၏။ အထက်တွင် ဝမ်ဖူစန်း၏အမိန့်ကို နာခံကာ စောင့်ကြည့်နေသော ဝမ်ဖျင်ချဲ့မှာမူ ဇဝေဇဝါဖြစ်နေတော့သည်။
အစ်ကိုကြီးက အဘယ်ကြောင့် တစ်ယောက်တည်းသွားပြီး သုံးယောက်ပြန်လာရသနည်း။
သို့သော် သူက အမိန့်ကို မစွန့်လွှတ်ခဲ့ပေ။ အစ်ကိုကြီးက စောင့်ကြည့်ရန်ပြောထားသဖြင့် အစ်ကိုကြီး၏အမိန့်မပါဘဲ ထွက်ခွာသွားလိမ့်မည်မဟုတ်ပေ။
ဝမ်ရိုဦးဆောင်သော ချူချင်းနှင့်ဝမ်ဖူစန်းတို့သည် တောင်နံရံတစ်ခု၏ရှေ့သို့ ရောက်ရှိလာကြ၏။
တောင်နံရံကို လျှောက်လှမ်းသွားရာ မကြာခင်မှာပင် ရေစီးသံကို ကြားလိုက်ရလေသည်။
တစ်ခဏအတွင်းမှာပင် သူတို့သုံးဦး၏ရှေ့တွင် ရေတံခွန်ငယ်လေးတစ်ခု ပေါ်လာတော့၏။
ထိုရေတံခွန်က သစ်ပင်များကြားတွင် ပုန်းကွယ်နေခြင်း ဖြစ်ပေသည်။
ဝမ်ရိုက ရေတံခွန်ကိုကြည့်ပြီး ပြောလိုက်၏။
"အနံ့က ရေတံခွန်ထဲမှာပဲ ရှိတယ်..."
ဝမ်ဖူစန်းက ခေါင်းညိတ်လိုက်၏။
"ဒါဆိုရင်တော့ တခြားကမ္ဘာတစ်ခု ရှိနေတာပဲ..."
ထိုသူသည် ဤရေတံခွန်ကို ဖြတ်သန်းသွားလာစဉ် အဝတ်အစားများ စိုစွတ်သွားသည်လော၊ သို့မဟုတ် ဖြတ်သန်းသွားတိုင်း သူ၏အတွင်းအားကို အသုံးပြု၍ အဝတ်အစားများကို ခြောက်သွေ့အောင် ပြုလုပ်ရသလော။ အလွန်ပင် အလုပ်ရှုပ်လှပေသည်။
သူတို့သုံးဦးသည် ဆက်မဆွေးနွေးတော့ဘဲ ရေတံခွန်အတွင်းသို့ ဂရုတစိုက် ဝင်ရောက်သွားကြ၏။
ရေတံခွန်အတွင်း၌ လူတစ်ဦးတည်းသာ ဖြတ်သန်းနိုင်သော ကျဉ်းမြောင်းသည့် အက်ကွဲကြောင်းတစ်ခု ရှိနေပြီး နီးကပ်စွာ သေချာကြည့်မှသာ မြင်တွေ့နိုင်ပေသည်။ ထောင့်အနည်းငယ် လွဲချော်သွားပါက သတိပြုမိရန် ခက်ခဲလှ၏။
ဝမ်ဖူစန်းက ဦးဆုံးဝင်ရောက်သွားလေသည်။
ဒုတိယအဖြစ် ဝမ်ရိုဝင်သွားပြီး ချူချင်းက နောက်ဆုံးမှလိုက်ပါလာ၏။
ထိုကျဉ်းမြောင်းသော အက်ကွဲကြောင်းကို ဖြတ်ကျော်ပြီးနောက် မြင်ကွင်းက ရုတ်တရက် ပွင့်လင်းသွားပြီး ဂူတစ်ခုအတွင်းသို့ ထပ်မံဝင်ရောက်သွားကြ၏။
ထိုဂူက သိပ်မကျယ်ဘဲ ရှေ့သို့သွားစရာလမ်း မရှိတော့ပေ။ ပတ်ပတ်လည်ကို ကျောက်နံရံများဖြင့် လုံးဝပိတ်ဆို့ထားလေသည်။
ဝမ်ရိုက အနံ့ခံကြည့်ပြီး မည်သည့်ခြေရာလက်ရာမျှ မရှိသော ကျောက်နံရံကို လက်ညှိုးထိုးပြလိုက်၏။
"အနံ့က ဒီနေရာမှာ ပျောက်သွားပြီ... စက်ယန္တရားတစ်ခုခု ရှိနေနိုင်တယ်..."
သုံးဦးသား ချက်ချင်းပင် နံရံတစ်ဝိုက်တွင် ရှာဖွေကြရာ မကြာခင်မှာပင် ချူချင်း၏လက်က ထွက်နေသော ကျောက်တုံးတစ်တုံးကို ထိမိသွား၏။ သူက ညင်သာစွာလှုပ်ခါလိုက်ရာ ကျောက်တုံးက ရွေ့လျားသွားလေသည်။
၎င်းကိုလှည့်လိုက်သည်နှင့် ဂျောက်ခနဲအသံတစ်ခုကြားလိုက်ရပြီး ကျောက်နံရံ၏အစိတ်အပိုင်းတစ်ခု ရုတ်တရက် ပြိုကျသွားကာ ပေါ်လာသည်မှာ သော့ပေါက်တစ်ခု ဖြစ်နေချေသည်။