အခန်း ၂၀၇
Vol. 21 Ch. 207
အခန်း (၂၀၇) - အန္တရာယ်များသော အခြေအနေ (၁)
"ဝင်ဖို့ သော့တစ်ချောင်းလိုမယ် ထင်တယ်..."
ချူချင်းသည် ကျောက်နံရံအတွင်း မြှုပ်နှံထားသော သော့ပေါက်ကို စမ်းသပ်ကြည့်လိုက်၏။ ၎င်းကို သတ္တုဖြင့် သွန်းလုပ်ထားသော်လည်း မည်သည့်နည်းလမ်းကို အသုံးပြုထားသည်မသိဘဲ ကျောက်နံရံနှင့်သတ္တုမှာ တစ်သားတည်းဖြစ်နေပေသည်။
"ဒီလက်ရာက တကယ်ကို ထူးခြားဆန်းပြားလှပေတယ်..."
ဝမ်ဖူစန်းက ချူချင်းကို တစ်ချက်လှမ်းကြည့်လိုက်၏။
"အဲဒီလူရဲ့ကိုယ်ပေါ်မှာ သော့ရှိရမယ်... ဒါက ထျန်းကျီးတောင်ကြားရဲ့ အဓိကဝင်ပေါက်လည်းဖြစ်သလို တစ်ခုတည်းသော လမ်းကြောင်းလည်း ဖြစ်နိုင်တယ်..."
"ဒါပေမဲ့ သော့ရရင်တောင် ဒီအတိုင်းဝင်သွားရင် ရိပ်မိသွားနိုင်တယ်..."
"အဲဒီလိုဆိုရင် မြွေကို တုတ်နဲ့ရိုက်သလို ဖြစ်သွားလိမ့်မယ်..."
သူတောင်းစားအိုကြီးသည် တစ်ချိန်က ထျန်းကျီးတောင်ကြားအတွင်း၌ အလွန်ခိုင်ခံ့သော အစီအရင်များနှင့် သေစေနိုင်သော ထောင်ချောက်အမျိုးမျိုးကို ချထားသည်ဟု ပြောခဲ့ဖူးလေသည်။
ယခုအချိန်တွင် ထိုအစီအရင်များမှာ လူ၊ ယန္တရား၊ သို့မဟုတ် ရက်စက်ကြမ်းကြုတ်သော သားရဲ၊ အဆိပ်ရှိသော အင်းဆက်နှင့် အဆိပ်ဖြစ်နေမလားဆိုသည်ကို မသေချာသေးချေ။
လော့ချန်အိမ်တော်တစ်ခုလုံး၏ အနာဂတ်အတွက် ပြဿနာတစ်စုံတစ်ရာ မကျန်ရှိစေဘဲ ဖြေရှင်းနိုင်ရန် ဤအရာကို သေချာစွာစုံစမ်းစစ်ဆေးရန် လိုအပ်ပေသည်။
ဤဘေးအန္တရာယ်မှာ ကောင်းကင်မိစ္ဆာဂိုဏ်းတစ်ခုတည်းကြောင့် မဟုတ်ဘဲ လူတို့၏နှလုံးသားကြောင့်လည်း ဖြစ်၏။
အကယ်၍ ထိုလူများကို ထျန်းကျီးတောင်ကြားသို့ ရောက်ရှိစေပြီး ကောင်းကင်မိစ္ဆာဂိုဏ်း မရှိတော့လျှင်ပင် သူတို့သည် ထျန်းကျီးတောင်ကြား၏ ကိစ္စရပ်များမှာ လော့ချန်အိမ်တော်၏လက်ချက်ဟု သံသယဝင်နေကြဦးမည်သာ ဖြစ်သည်။
ထိုသို့ဆိုလျှင် လော့ချန်အိမ်တော်တစ်ခုလုံးသည် နောင်တွင် မည်သည့်အခါမျှ အေးချမ်းသာယာသော နေ့ရက်များကို ရရှိနိုင်တော့မည်မဟုတ်ပေ။
ချူချင်းက တစ်ခဏမျှစဉ်းစားပြီးနောက် ဝမ်ဖူစန်းကို မေးလိုက်၏။
"သခင်ဝမ်မှာ ဝန်ခံလာအောင် ညှဉ်းပန်းနှိပ်စက်တဲ့ နည်းလမ်းများ ရှိလား..."
ဝမ်ဖူစန်းက အနည်းငယ် တွေးတောလိုက်ပြီးနောက် ပြောလိုက်၏။
"ငါ့မှာ ဝိညာဉ်သတ်လက်ညှိုးလို့ခေါ်တဲ့ သိုင်းပညာတစ်ခုရှိတယ်... အဲဒီပညာနဲ့ အထိခံရတဲ့သူက သေတာထက်ဆိုးတဲ့ ဝေဒနာကို ခံစားရလိမ့်မယ်... စမ်းကြည့်ရင် ကောင်းမလား..."
"ဒါဆို စမ်းကြည့်ကြတာပေါ့..."
ချူချင်းက ဆက်ပြောလိုက်၏။
"ဒီနေ့ဖမ်းမိတဲ့လူက ပထမဆုံးသဲလွန်စပဲ... အခု ဒီနေရာကို ရှာတွေ့တာက ဒုတိယသဲလွန်စပေါ့..."
"အဲဒီလူရဲ့ပါးစပ်ကနေ တစ်ခုခုမေးထုတ်လို့ရမလားဆိုတာ အရင်ကြည့်ရအောင်..."
"ပြီးရင် ဒီနေရာကိုခိုးဝင်ဖို့ နည်းလမ်းရှာပြီး ငါတို့မြင်တွေ့ကြားသိရတာတွေက သူပြောတာနဲ့ ကိုက်ညီမှုရှိမရှိ တိုက်စစ်ရမယ်..."
"ကောင်းပြီ..."
ဝမ်ဖူစန်းက ခေါင်းညိတ်လိုက်၏။
"ဒါဆို ငါတို့မြန်မြန်လုပ်ရမယ်... အဲဒီလူက ဒီမှာ ပုန်းနေတာဆိုတော့ သူအဖမ်းခံရတာကို ထျန်းကျီးတောင်ကြားကလူတွေ ရိပ်မိသွားနိုင်တယ်..."
"အချိန်မဆွဲဘဲ သူတို့ နောက်ထပ်မလှုပ်ရှားခင် အားသာချက်ကို ငါတို့လက်ထဲ အပြည့်အဝ ဆုပ်ကိုင်ထားရမယ်..."
လူနှစ်ဦးသည် တစ်ခဏမျှတိုင်ပင်ပြီးနောက် ဝမ်ရိုကိုခေါ်ဆောင်ကာ ထွက်ခွာလာခဲ့ကြ၏။
အသွားအပြန်နှစ်ခေါက်အတွင်း သူတို့၏အဝတ်အစားများမှာ လုံးဝစိုရွှဲသွားခဲ့ချေပြီ။
သို့သော် ယခုအချိန်တွင် ထိုင်၍ အတွင်းအားကျင့်ကြံရန် အချိန်မရှိသသဖြင့် သုံးဦးသား ကိုယ်ဖော့သိုင်းကို အသုံးပြုကာ ကျောက်ဆောင်ကမ်းပါးဆီသို့ လျင်မြန်စွာ သွားကြလေသည်။
ဝမ်ရို၏ပခုံးနှစ်ဖက်ကို ဘယ်ညာဆွဲကိုင်ကာ လေပေါ်သို့ ခုန်တက်လိုက်ပြီး ကျောက်ဆောင်မျက်နှာပြင်တစ်လျှောက် ဆယ်ကျန်းကျော် ပျံသန်းသွားပြီးနောက် ကမ်းပါးထိပ်သို့ ရောက်ရှိသွားကြ၏။
ဝမ်ဖျင်ချဲ့က အမြန်ထရပ်လိုက်၏။
"အစ်ကိုကြီး... ညီလေး ၄..."
ဝမ်ဖူစန်းက ခဏမျှစဉ်းစားလိုက်ပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်၏။
"ဘာတွေ လျှောက်အော်နေတာလဲ... ဘာလို့ အဓိပ္ပာယ်မရှိတာတွေ ခေါ်နေရတာလဲ..."
ချူချင်းက သူ့ကိုပြုံးတစ်ဝက်ဖြင့် ကြည့်လိုက်၏။
"တတိယသခင်ဝမ်က ကျုပ်နဲ့ ကျမ်းသစ္စာကျိန်ဆိုပြီး ညီအစ်ကိုတော်ချင်နေတာ... အစ်ကိုကြီးက သဘောမတူဘူးလား..."
ဝမ်ဖူစန်းက ဝမ်ဖျင်ချဲ့ကိုစိုက်ကြည့်လိုက်ရာ ဝမ်ဖျင်ချဲ့မှာ ခေါင်းကိုကုတ်လိုက်ပြီး အစ်ကိုကြီး အဘယ်ကြောင့် ဒေါသထွက်နေသည်ကို နားမလည်နိုင်ဖြစ်နေပေသည်။
"မင်းက ငါ့ကို အစ်ကိုကြီးလို့ခေါ်ရင် ရိုအာနဲ့ ဘယ်လိုဖြစ်သွားမှာလဲ..."
ဝမ်ဖူစန်းက ချူချင်းကို ထပ်မံစိုက်ကြည့်လိုက်၏။
ချူချင်းစကားမပြောနိုင်မီမှာပင် ဝမ်ရိုက ကျွမ်းကျင်စွာဖြင့် ဝင်ပြောလိုက်၏။
"တစ်ယောက်ချင်းစီပဲ ခေါ်ကြတာပေါ့..."
"..."
ဝမ်ဖူစန်းသည် သမီးဖြစ်သူကို နှစ်ပေါင်းများစွာ အဝေးပို့ထားမိသည့်အပေါ် အမှားကြီးမှားပြီဟု ခံစားလိုက်ရ၏။ ချွေ့ပုနူကဲ့သို့လူမျိုးက မည်သို့လျှင် ကလေးကို လိမ္မာအောင် သွန်သင်ပေးနိုင်ပါအံ့နည်း။
တစ်ချိန်က ချစ်စဖွယ်မင်းသမီးလေးမှာ ယခု မည်သို့ဖြစ်သွားရသနည်း။
သို့သော် ယခုအချိန်မှာ ကလေးကိုဆုံးမရမည့် အချိန်မဟုတ်သဖြင့် ဝမ်ဖျင်ချဲ့ကို ထိုနေရာတွင် ဆက်လက်စောင့်ကြည့်ရန်နှင့် တစ်ဖက်လူများနှင့် ထိပ်တိုက်မတွေ့ဘဲ ပုံမှန်မဟုတ်သော လုပ်ရှားမှုရှိပါက လော့ချန်အိမ်တော်သို့ ချက်ချင်းပြန်လာ၍ သတင်းပို့ရန် ညွှန်ကြားလိုက်၏။
ထို့နောက် သုံးဦးသားသည် တားမြစ်ထားသော ဂူလမ်းကြောင်းအတိုင်း လော့ချန်အိမ်တော်သို့ လျင်မြန်စွာ ပြန်လာခဲ့ကြလေသည်။
တားမြစ်နယ်မြေကို စောင့်ကြပ်နေသော လော့ချန်အိမ်တော်၏တပည့်များမှာမူ မှင်တက်စွာဖြင့် အချင်းချင်းကြည့်လိုက်ကြ၏။
အိမ်တော်သခင်သည် မနက်စောစောကတည်းက ရောက်လာခဲ့သည်မှာ အမှန်ပင်ဖြစ်၏။
သို့သော် သခင်လေးသုံးနှင့် သခင်မလေးတို့မှာမူ တားမြစ်နယ်မြေထဲသို့ မည်သည့်အချိန်က ရောက်ရှိသွားကြသနည်း။
သူတို့ရောက်လာခဲ့သည်ကို မိမိတို့မေ့သွားခြင်းလော။
နောက်ဆုံးတွင် သူတို့သုံးဦးသည် လမ်းခွဲ၍ လော့ချန်အိမ်တော်သို့ ပြန်လာခဲ့ကြ၏။ မည်သို့ပင်ဆိုစေ ဝမ်ဖူစန်းမှာ လုပ်ကြံခံရသည်ဟု အပြင်လူများ ထင်မှတ်နေဆဲဖြစ်သဖြင့် လွတ်လွတ်ကင်းကင်းသွားလာ၍ မဖြစ်ချေ။
သူသည် ခြေရာကိုဖုံးကွယ်ကာ တိတ်တဆိတ် ပြန်လည်ဝင်ရောက်သွား၏။
ချူချင်းနှင့်ဝမ်ရိုတို့မှာမူ ခြံဝင်းထဲသို့ ထင်းထင်းရှင်းရှင်း ပြန်လာခဲ့ကြလေသည်။
သူတို့ဝင်လာသည်နှင့် စီယဲ့က တံခါးဝတွင် စောင့်ကြပ်နေသည်ကို တွေ့လိုက်ရ၏။ ချူချင်းနှင့်ဝမ်ရိုကို မြင်သောအခါ စီယဲ့က ရှေ့သို့တိုးလာပြီး ဦးညွှတ်နှုတ်ဆက်လိုက်၏။
"ဟိုလူက ဘယ်မှာလဲ..."
ချူချင်းက တိုက်ရိုက်မေးလိုက်၏။
ယခုအချိန်တွင် အချိန်မှာအလွန်တန်ဖိုးရှိသဖြင့် သူတို့ မြန်မြန်ဆောင်ရွက်ရမည် ဖြစ်ပေသည်။
စီယဲ့က ဝမ်ရိုကို မသိစိတ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် တံခါးကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
"အခန်းထဲမှာ..."
ချူချင်းအံ့အားသင့်သွား၏။ သူ၏ ထက်ရှသောအကြားအာရုံကြောင့် အခန်းထဲတွင် တစ်ယောက်ယောက်ရှိနေသည်ကို သိလိုက်ရသော်လည်း ထိုသူမှာ ယခင်လူမဟုတ်ချေ။
မိမိ၏လက်ချက်ဖြင့် ဒဏ်ရာရထားသောသူမှာ ဤမျှတည်ငြိမ်စွာ အသက်မရှူနိုင်ချေ။
"ငါ့အခန်းထဲမှာ ဘယ်သူရှိနေတာလဲ..."
“မိန်းကလေးတစ်ယောက်ပါ..."
ချူချင်း၏ ရိုးသားသော မေးခွန်းကို ကြားသောအခါ စီယဲ့က ဖုံးကွယ်ခြင်းမရှိဘဲ ပြန်ဖြေလိုက်၏။
ဝမ်ရိုက ချူချင်းကို ချက်ချင်းလှည့်ကြည့်လိုက်ရာ ကြည်လင်သော မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပေါ်လာ၏။
ချူချင်း တစ်ခဏမျှစဉ်းစားလိုက်၏။ ယခုအချိန်တွင် မိမိကိုလာရှာမည့် အမျိုးသမီးမှာ တစ်ယောက်တည်းသာ ရှိနိုင်ပေသည်။
သူက ဝမ်ရိုကို ပြောလိုက်၏။
"ငါ့ကို ခဏစောင့်... ငါချက်ချင်း ပြန်လာခဲ့မယ်..."
ဝမ်ရိုက မကျေနပ်မှုမရှိဘဲ ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
ချူချင်းက ခြေလှမ်းများကို အရှိန်မြှင့်တင်ကာ တံခါးကိုတွန်းဖွင့်လိုက်ရာ စားပွဲတွင် ထိုင်နေသော ရှဝမ်ရွှမ်းကို တွေ့လိုက်ရပြီး သူမသည် တံခါးဘက်သို့ အားကိုးရာမဲ့စွာ ကြည့်နေပေသည်။
သူမ၏စိတ်ထဲတွင် အားကိုးရာမဲ့နေရပြီး သံသယများလည်း ဝင်နေပေသည်။ ယနေ့ည သူမ လာရောက်ခြင်းမှာ ချူချင်းကိုစမ်းသပ်ရန်နှင့် အဖြေတစ်ခုရရှိရန်အတွက် ဖြစ်ရမည်။
မျက်လုံးချင်းဆုံမိသောအခါ ရှဝမ်ရွှမ်းသည် ပါးစပ်ကို အကြိမ်ပေါင်းများစွာ ဟလိုက်သော်လည်း ဘာပြောရမည်ကို မသိဖြစ်နေပေသည်။
ချူချင်းကပင် အရင်စကားစလိုက်၏။
"မိန်းကလေးရှက ကျေးဇူးဆပ်ဖို့ တကယ်ကို ဇွဲကောင်းတာပဲ..."
"ဒါပေမဲ့ ဒီလိုအချိန်မှာ ယောင်္ကျားသားတစ်ယောက်ရဲ့ အခန်းထဲကို လာတာက မသင့်တော်ဘူး ထင်တယ်နော်..."
ရှဝမ်ရွှမ်းက ချူချင်းကိုကြည့်လိုက်၏။
"သခင်လေး... ရှင် အထင်လွဲနေပါပြီ... ကျွန်မရောက်တာ နည်းနည်းစောသွားတာပါ... ရှင် မရှိဘူးလို့ မထင်ထားမိဘူး..."
"လုပ်စရာမရှိတာနဲ့ပဲ ဒီမှာ ထိုင်စောင့်နေမိတာပါ..."
သူမက စကားပြောနေသည်ကို တစ်ခဏမျှရပ်လိုက်ပြီးနောက် ချူချင်း၏မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်၏။
"သခင်လေး... ရှင့်အပေါ်မှာ ကျွန်မ တကယ်ပဲ အသက်ကယ်ကျေးဇူးတစ်ခုပဲ ရှိတာလား..."
"အင်း..."
ချူချင်းက သူမ၏အကြည့်ကို ရှောင်ဖယ်ခြင်းမရှိဘဲ ပြန်ပြောလိုက်၏။
"မနေ့က အဲဒီကိစ္စသေးသေးလေးက ကျေးဇူးလို့ သတ်မှတ်လို့မရပါဘူး..."
ချူချင်း၏အကြည့်မှာ လုံးဝယိမ်းယိုင်ခြင်းမရှိသဖြင့် ရှဝမ်ရွှမ်းက ခေါင်းကိုလှည့်လိုက်၏။
"ကျွန်မက ကုန်သည်မိသားစုကလာတာမလို့ ကတိသစ္စာကို အလေးထားပြီး ဘယ်သူ့ကျေးဇူးကိုမှ မတင်ကျန်ချင်ဘူး..."
"ကျွန်မရဲ့သိုင်းပညာက အားနည်းပေမဲ့ သခင်လေးပြောပါ၊ ကျွန်မ လုပ်ပေးနိုင်တဲ့အရာဆိုရင် မလုပ်ပေးစရာ အကြောင်းမရှိပါဘူး..."
ချူချင်း၏မျက်နှာအမူအရာမှာ မပြောင်းမလဲရှိနေသော်လည်း ဤပြဿနာကို ဖြေရှင်းပြီးသွားပြီဖြစ်ကြောင်း ရင်ထဲ၌ သိလိုက်၏။ သို့သော် ဤမိန်းကလေးမှာ အမှန်တကယ်ပင် ပြဿနာတစ်ခုဖြစ်ပေသည်။
သံသယမျိုးစေ့ကို တစ်ကြိမ်စိုက်ပျိုးမိပါက ကြီးမားသော သစ်ပင်ကြီးတစ်ပင်အဖြစ် မလွဲမသွေကြီးထွားလာမည်ဖြစ်ပြီး ထိုသစ်ပင်ကြီးကို ကောင်းကောင်းမထိန်းချုပ်နိုင်လျှင် အကိုင်းအခက်များ ပေါက်လာနိုင်ပေသည်။