အခန်း ၂၀၈
Vol. 21 Ch. 208
အခန်း (၂၀၈) - အန္တရာယ်များသော အခြေအနေ (၂)
ကံကောင်းသည်မှာ ထိုမျိုးစေ့မှာ သေးငယ်နေသေးသဖြင့် ဆက်လက်ကြီးထွားခွင့်မပေးသရွေ့ ပြဿနာမရှိနိုင်ချေ။
သို့မဟုတ် ထိုမျိုးစေ့ကို မိမိ၏ဆန္ဒအတိုင်း ကြီးထွားစေရမည်။ ထိုသို့စဉ်းစားရင်း သူက ညင်သာစွာ ပြောလိုက်၏။
"မိန်းကလေးရှက အသက်ကယ်ကျေးဇူးကို ပြန်ဆပ်ချင်တယ်ဆိုရင် ကျုပ်မှာ ကူညီပေးဖို့ လိုအပ်တဲ့ကိစ္စနှစ်ခု ရှိတယ်..."
"မင်း ကြိုက်ရာတစ်ခုကို ရွေးချယ်နိုင်တယ်..."
"ကျေးဇူးပြုပြီး ပြောပြပေးပါ သခင်လေး..."
ရှဝမ်ရွှမ်းက လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ ပြောလိုက်၏။
"ပထမကိစ္စကတော့ မင်း နေ့ခင်းက မြင်ခဲ့တဲ့မိန်းကလေးနဲ့ သူမရဲ့အစ်ကိုပဲ..."
"သူတို့က ကျန်းဟူးလောကသားတွေ မဟုတ်ဘူး... လော့ချန်အိမ်တော်ကို ရောက်လာတာကလည်း တိုက်ဆိုင်မှုတစ်ခုပဲ..."
"မနက်ဖြန်အိမ်ပြန်ဖို့ သူတို့ကို ပြောထားတယ်... အိမ်ပြန်ခရီးက သိပ်မဝေးပေမဲ့ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ ရှိလာနိုင်တယ်..."
"မိန်းကလေးရှက သူတို့ကို ဘေးဘေးကင်းကင်းနဲ့ အိမ်ပြန်ရောက်အောင် ပို့ပေးနိုင်ရင် အရင်ကျေးဇူးတွေကို အကုန်လုံး အကြေသတ်မှတ်ပေးမယ်..."
ရှဝမ်ရွှမ်းက ထိုစကားကိုကြားသောအခါ ခေါင်းညိတ်လိုက်၏။
"ဒုတိယကိစ္စကရော..."
"ဒုတိယကိစ္စကတော့... နည်းနည်း ပိုပြီးရှုပ်ထွေးလိမ့်မယ်..."
ချူချင်းက ဆက်ပြောလိုက်၏။
"ရှင်တောက်ဂိုဏ်းက မကောင်းမှုတွေ အများကြီး ကျူးလွန်ခဲ့လို့ ရှင်တောက်မြို့ကို ဆုံးရှုံးခဲ့ရတယ်..."
"နဂါးလှံဖန်းထျန်းရွေ့က ရှင်တောက်မြို့မှာ တပ်စွဲထားတာကြောင့် အခုအချိန်မှာ အဲဒီနေရာက ခိုင်မာတဲ့ ကျောထောက်နောက်ခံတစ်ခု ပြန်ရနေပြီ..."
"လက်ရှိမှာ အဲဒီနေရာက ပြန်လည်ထူထောင်ဖို့ လိုအပ်နေသေးတယ်၊ ဒါက အခွင့်အရေးတစ်ခုပဲ..."
"မိန်းကလေးရှက ကုန်သည်မိသားစုက လာတာဆိုတော့ ငွေရှာတဲ့နည်းလမ်းတွေကို သိထားမှာပဲ..."
"ကျုပ် မင်းကို ရင်းနှီးငွေထုတ်ပေးမယ်... မင်း ရှင်တောက်မြို့မှာ ကျုပ်အတွက် စီးပွားရေးလုပ်ငန်းကို ဦးစီးပေးရင် ဘယ်လိုလဲ..."
"ရှင်..."
ရှဝမ်ရွှမ်း အံ့အားသင့်သွား၏။
"ဒါက... ဘယ်လိုစီးပွားရေးမျိုး လုပ်ရမှာလဲ..."
"ဘယ်လိုစီးပွားရေးမျိုး လုပ်မယ်ဆိုတာ မင်းကိုယ်တိုင်ဆုံးဖြတ်ပါ... ကျုပ်က အမြတ်ကိုပဲကြည့်မှာ..."
သူက ရှဝမ်ရွှမ်းကိုကြည့်ကာ မေးလိုက်၏။
"မိန်းကလေးရှ... မင်း ဘယ်တစ်ခုကို ရွေးချင်လဲ..."
"..."
ရှဝမ်ရွှမ်း တစ်ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်၏။
"ကျွန်မ ဒုတိယတစ်ခုကိုရွေးပါမယ်..."
ချူချင်းက ရှဝမ်ရွှမ်းကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်ပြီး အင်္ကျီလက်ထဲမှ ရွှေရွက်တစ်ထပ်ကို ထုတ်ယူကာ စားပွဲပေါ်သို့တင်လိုက်၏။
"ဒါက ရင်းနှီးငွေပဲ... နဂါးလှံဖန်းထျန်းရွေ့ဆီမှာ ကျုပ်ရဲ့ကျေးဇူးတစ်ခု ရှိတယ်... မနက်ဖြန် စာတစ်စောင် ရေးပေးလိုက်မယ်... မင်း ရှင်တောက်မြို့ကို ရောက်တဲ့အခါ အခက်အခဲရှိခဲ့ရင် ဒီစာနဲ့ ကျုပ်နာမည်ကို သုံးပြီး ဖန်းထျန်းရွေ့ကို သွားတွေ့နိုင်တယ်..."
"ကောင်းပါပြီ..."
ရှဝမ်ရွှမ်းက ရွှေသစ်ရွက်များကို သိမ်းဆည်းလိုက်၏။
"သခင်လေး... ကျွန်မက ဒီရွှေသစ်ရွက်တွေကိုယူပြီး ဒီညပဲ လော့ချန်အိမ်တော်ကနေ ထွက်ပြေးသွားမှာကို မကြောက်ဘူးလား..."
"သံသယရှိရင် မသုံးနဲ့... သုံးရင် သံသယမဝင်နဲ့..."
ချူချင်းက ပြုံးလိုက်၏။
"ဒါက အပျော်သဘောလုပ်လိုက်တဲ့ အစီအစဉ်တစ်ခုပဲ... မျှော်လင့်ချက် သိပ်မထားတဲ့အတွက် ဘာလို့စိတ်ပူနေရမှာလဲ..."
ရှဝမ်ရွှမ်းက အံကြိတ်လိုက်ပြီး ဤလူက မိမိကို တကယ်ပင် အလေးမထားကြောင်း ခံစားလိုက်ရ၏။
သူမသည် ချက်ချင်းပင် အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်၏။
"ကောင်းပါပြီ... မနက်ဖြန်မနက်မှ တွေ့ကြတာပေါ့..."
ထိုသို့ပြောပြီးနောက် သူမသည် လှည့်ထွက်သွားလေသည်။
ချူချင်းကလည်း တံခါးဝအထိ လိုက်ပါကြည့်ရှုပြီး သူမ အဝေးသို့ ရောက်သွားသည်ကိုမြင်မှ အကြည့်ကို ရုပ်သိမ်းလိုက်ကာ ဝမ်ရိုကိုပြောလိုက်၏။
"ညမှောင်နေပြီ... အရင်ပြန်ပြီး အနားယူထားလိုက်... နောက်ဖြစ်လာမဲ့ ကိစ္စတွေမှာ မင်း ဘေးဖယ်နေတာ အကောင်းဆုံးပဲ..."
ဝမ်ရိုက ချူချင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
"ကျွန်မ နားလည်ပါတယ်..."
ဝမ်ရိုထွက်သွားသည်ကို ကြည့်ပြီးနောက် ချူချင်းက စီယဲ့ကိုပြောလိုက်၏။
"ငါ့ကို အဲဒီလူဆီ ခေါ်သွားပေး..."
စီယဲ့က ချူချင်းကို ခြံဝင်းအပြင်သို့ ချက်ချင်းခေါ်ဆောင်သွား၏။ ထိုလူကို မဝေးလှသော နေရာတွင် ပိတ်လှောင်ထားပြီး ပတ်ဝန်းကျင်ကိုလည်း တင်းကြပ်စွာ စောင့်ကြပ်ထားပေသည်။
ခြံဝင်းထဲသို့ဝင်ရောက်ကာ အဆောင်တံခါးကို ဖွင့်လိုက်ကြ၏။
ထိုအခါ ကုတင်ပေါ်တွင် ရွှံ့ညွန်တစ်ပုံကဲ့သို့ လဲလျောင်းနေသူကို တွေ့လိုက်ရပေသည်။
သူသည် အိပ်ပျော်မနေချေ။ သူ၏သွေးကြောများမှာ ဓားဖြင့် အပိုင်းပိုင်းခုတ်ဖြတ်ခံနေရသကဲ့သို့ ခံစားနေရ၏။ ချူချင်းချန်ထားခဲ့သော အတွင်းအားနှင့် အေးစိမ့်သော အငွေ့အသက်များကြောင့် သူသည် အလွန်အမင်း နာကျင်နေရပေသည်။
သူ၏ကျောရိုးမှာ ကျိုးကြေနေသဖြင့် ဤကဲ့သို့ လဲလျောင်းနေရခြင်းမှာ ညှဉ်းပန်းနှိပ်စက်ခြင်း ခံနေရသကဲ့သို့ ဖြစ်ပြီး နာကျင်မှုကြောင့် အိပ်ပျော်ရန် မဖြစ်နိုင်ချေ။
ချူချင်းနှင့်စီယဲ့ ဝင်လာသည်ကို မြင်သောအခါ သူသည် အံကြိတ်ကာ အော်ဟစ်လိုက်၏။
"လူယုတ်မာတွေ... ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်..."
ချူချင်း၏အကြည့်မှာ သူ၏ကိုယ်ပေါ်မှတစ်ဆင့် စားပွဲပေါ်ရှိ ပြန့်ကျဲနေသော ပစ္စည်းများဆီသို့ ရောက်ရှိသွား၏။
"ဒါတွေက သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေပါ..."
စီယဲ့က ချူချင်းကို ရှင်းပြလိုက်၏။
ချူချင်းက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
"အိမ်တော်ထိန်းကြီးကို သတိထားပြီး ခေါ်လာခဲ့ပေး..."
"ဟုတ်ကဲ့..."
စီယဲ့က ပြန်လည်ဖြေကြားပြီးနောက် လှည့်ထွက်သွားလေသည်။
ချူချင်းက စားပွဲပေါ်ရှိပစ္စည်းများကို စစ်ဆေးလိုက်၏။ ပထမဆုံးအနေဖြင့် သံအပ်ဆယ့်သုံးချောင်း ရှိပေသည်။
ထို့နောက် အမျိုးမျိုးသော ဆေးလုံးများရှိပြီး ဆေးလုံးများ၏ဘေးတွင် မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်မသိရသော လက်အိတ်တစ်စုံ ရှိပေသည်။ ထိတွေ့ရသည်မှာ အလွန်နူးညံ့ပြီး ဝတ်ဆင်ထားပါက အလွန်သက်တောင့်သက်သာ ရှိမည့်ပုံပေါ်ပေသည်။
၎င်းတို့၏ဘေးတွင်မူ သော့တစ်ချောင်း ရှိနေ၏။
ထိုသော့မှာ အပိုင်းနှစ်ပိုင်းရှိပေသည်။ ၎င်းကိုဖြန့်လိုက်ပါက သတ္တုချောင်းတစ်ချောင်း ဖြစ်သွားပြီး လှည့်လိုက်ပါက အတွင်းမှ အကိုင်းအခက်များ ထွက်ပေါ်လာသဖြင့် အလွန်ဆန်းပြားလှပေသည်။
ချူချင်းက သော့ကိုစစ်ဆေးရင်း ကောက်ယူဆော့ကစားပြီးနောက် နောက်ဆုံးတွင် ရင်ဘတ်ထဲသို့ထည့်လိုက်၏။
ထို့နောက် သံအပ်ကိုယူကာ ပြုံးလိုက်၏။
"ဝိညာဉ်လိုက်ရှာသူဆန်းချင်း... မင်းရဲ့ကိုယ်ဖော့သိုင်းက တစ္ဆေတစ်ရာခြေလှမ်းပဲ... အရိပ်အယောင်မရှိ ပေါ်လာပြီး ပျောက်ကွယ်သွားတတ်သလို အသံမထွက်ဘဲ လှုပ်ရှားနိုင်တယ်..."
"မင်းရဲ့ အစွမ်းထက်ဆုံး သိုင်းကွက်က တစ္ဆေငိုနတ်ဘုရားဟစ်ကြွေးဆယ့်သုံးအပ်သိုင်းပဲ... ဒီနေ့ မင်းတိုက်ခိုက်တာကို မြင်ရတော့ ကျုပ်ကို အမြင်ကျယ်သွားစေတယ်..."
"မင်းနဲ့ တကယ်တမ်း လက်ရည်မယှဉ်လိုက်ရတာကတော့ နောင်တရစရာပဲ..."
သူ၏စကားကြောင့် ကုတင်ပေါ်တွင် လဲလျောင်းနေသော ဆန်းချင်း၏မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွား၏။
"မင်း... မင်း ငါ့နာမည်ကို ဘယ်လိုသိတာလဲ..."
"ငါ မင်းကို သိရုံတင်မကဘူး... အခု ထျန်းကျီးတောင်ကြားထဲမှာ ဝိညာဉ်ဖမ်းအစောင့်ရှီယဲ ရှိနေသေးတယ်ဆိုတာလည်း ငါသိတယ်..."
"ပြီးတော့... သင်္ချိုင်းမင်းသားဇန့်ဟန်ရှင်းလည်း ရှိသေးတယ်မလား..."
ချူချင်းက ပြုံးလိုက်၏။
"ရိုးရိုးသားသားပြောရရင် မင်းတို့ ထျန်းကျီးတောင်ကြားထဲမှာ ပြင်ထားတဲ့ အစီအစဉ်တွေကို ငါတို့ အကုန်လုံးသိပြီးသားပဲ..."
"မင်းတို့က ထျန်းကျီးအမိန့်တော်ပြားကိုသုံးပြီး သိုင်းလောကသားတွေကို လော့ချန်အိမ်တော်ဆီ ဆွဲဆောင်ချင်တာ... ပြီးမှ ထျန်းကျီးတောင်ကြားရဲ့ တည်နေရာကို ချပြပြီး..."
"မင်းတို့ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်တွေနဲ့ လူတွေကိုသတ်ဖြတ်ပြီး သွေးချောင်းစီးအောင် လုပ်မလို့မလား... သိုင်းပညာရှင်တွေရဲ့သွေးနဲ့ ကောင်းကင်မိစ္ဆာဝတ်စုံကို နိုးထစေဖို့ပေါ့..."
"ကောင်းကင်မိစ္ဆာဂိုဏ်းက တကယ်ကို ကြီးမားတဲ့အစီအစဉ်ကြီးပဲ... တကယ်ကို ယုတ်မာကောက်ကျစ်တဲ့နှလုံးသားပဲ..."
"ဒါပေမဲ့ ဒီလိုလှည့်ကွက်လေးတွေက ငါ့ရှေ့မှာတော့ အရမ်းကို ရိုးရှင်းလွန်းပါတယ်..."
"အမှန်အတိုင်းပြောရရင် မင်းတို့ ထျန်းကျီးတောင်ကြားရဲ့တည်နေရာကို ချပြပြီး သိုင်းလောကသားတွေ တောင်ကြားထဲကို ဝင်လာတဲ့နေ့က..."
"ဇန့်ဟန်ရှင်းနဲ့ ရှီယဲ သေမဲ့နေ့ပဲ..."
"မင်းတို့က သိုင်းလောကသားတွေရဲ့သွေးကို သုံးပြီး အကြံအောင်ချင်တယ်ဆိုရင် သူတို့ရဲ့လက်ထဲမှာ သေဆုံးဖို့လည်း ပြင်ဆင်ထားရမယ်..."
ချူချင်း၏စကားတစ်ခွန်းချင်းစီတိုင်းကြောင့် ဆန်းချင်း၏မျက်နှာမှာ ပိုမိုဖြူဖျော့သွားပြီး မယုံကြည်နိုင်ဖြစ်နေပေသည်။
ချူချင်းပြောပြီးသောအခါ သူသည် မသိစိတ်ဖြင့် ခေါင်းကိုခါယမ်းလိုက်၏။
"မဖြစ်နိုင်ဘူး... မင်းတို့ ကောင်းကင်မိစ္ဆာဂိုဏ်းထဲမှာ ဟွမ်ချွမ်ဆေးမှုန့်တွေ ချထားတာကို သိရင်တောင်မှ အဲဒီလောက်များတဲ့ ဖြေဆေးတွေကိုရဖို့က လုံးဝမဖြစ်နိုင်ဘူး..."
ဟွမ်ချွမ်ဆေးမှုန့်...
ချူချင်း၏မျက်နှာအမူအရာမှာ မပြောင်းလဲသော်လည်း ရင်ထဲ၌ ထိတ်ခနဲဖြစ်သွား၏။
ဤအရာကို ရှင်တောက်ဂိုဏ်းသားများ ယခင်က အသုံးပြုခဲ့ဖူးပြီး ယင်ဖုန်းစခန်းကိုပင် ပေးအပ်ခဲ့ဖူးပေသည်။
ယင်ဖုန်းစခန်းက မြို့နယ်အတွင်းရှိ ခရီးသွားများကို အဆိပ်ခတ်ကာ သူတို့၏စည်းစိမ်ဥစ္စာများနှင့် အသက်များကို လုယူရန် ဤအရာကိုအသုံးပြုခဲ့ခြင်း ဖြစ်၏။
ဤအဆိပ်မှာ အလွန်ပြင်းထန်ပြီး သီးသန့်ဖြေဆေးရှိမှသာ အဆိပ်ပြေနိုင်ပေသည်။
သို့သော် ချူချင်း၏ကိုယ်ပေါ်တွင် ရှိသောဖြေဆေးမှာ အလွန်နည်းပါးလှပေသည်။
တစ်ရက်၊ နှစ်ရက်အတွင်း ဤဖြေဆေးကို မည်သည့်ဆေးဖက်ဝင်အပင်များဖြင့် ဖော်စပ်ထားသည်ကိုသိရှိရန် သို့မဟုတ် ပြန်လည်ဖော်စပ်ရန်မှာ လုံးဝမဖြစ်နိုင်ချေ။
ဤကိစ္စမှာ အမှန်တကယ်ပင် ပြဿနာကြီးဖြစ်ပေသည်။
သို့သော် သူသည် တစ်ဖက်လူ၏စကားကို အလွယ်မယုံကြည်ဘဲ ချက်ချင်းပင် လှောင်ပြောင်လိုက်၏။
"သေခါနီးအထိ အမှန်အတိုင်း မပြောသေးဘူးလား..."
"မင်းတို့ ကောင်းကင်မိစ္ဆာဂိုဏ်းထဲမှာ တကယ်ပဲ ဟွမ်ချွမ်ဆေးမှုန့်တွေ ချထားတာလား..."
ဆန်းချင်းသည် ထိုစကားကိုကြားသောအခါ တစ်ခဏမျှမှင်တက်သွား၏။
အချိန်အတော်ကြာမှ သူသည် သဘောပေါက်သွားပုံရပြီး ချက်ချင်းပင် ဒေါသတကြီးအော်ဟစ်လိုက်၏။
"မင်း ငါ့ကို ထပ်လှည့်စားလိုက်ပြန်ပြီ..."
"မင်း... မင်း ထျန်းကျီးတောင်ကြားထဲက အစီအစဉ်တွေကို လုံးဝမသိဘဲ ငါ့ကို လိမ်မေးတာပဲ..."
ချူချင်းက ခေါင်းညိတ်လိုက်၏။
"အခုတော့ သေချာသွားပြီ... အဲဒါဟွမ်ချွမ်ဆေးမှုန့်ပဲ..."
ဆန်းချင်းမှာ ဒေါသကြောင့် အံကြိတ်လိုက်ပြီး မျက်လုံးများကိုပိတ်ကာ ချူချင်းနှင့် စကားမပြောတော့ချေ။
ဤလူယုတ်မာမှာ အလွန်ပင် ကောက်ကျစ်စဉ်းလဲလှပေသည်။
ယခင်က ပြောခဲ့သောစကားများကို သူ မည်သို့လျှင် ဤမျှလုပ်ကြံဖန်တီးနိုင်ပါသနည်း။
မိမိအနေဖြင့် မည်သည့်သံသယမျှမရှိဘဲ သူ့ကို ယုံကြည်မိသွားရသည်အထိ ဖြစ်၏။
အဓိကအချက်မှာ သူပြောသမျှ အားလုံးမှန်ကန်နေခြင်း ဖြစ်ပေသည်။
ထျန်းကျီးတောင်ကြားအတွင်းရှိ အစီအစဉ်များကိုသာ သူ ဝေဝါးစွာပြောဆိုခဲ့သဖြင့် မိမိကိုယ်တိုင် မသိစိတ်ဖြင့် ဤကိစ္စကိုပြောပြမိသွားခြင်း ဖြစ်၏။
ဤလူ၏လက်ထဲသို့ မိမိ မည်သို့ကျရောက်ခဲ့ရသည်ကို ပြန်လည်စဉ်းစားမိသောအခါ ဆန်းချင်း၏ကျောပြင်တွင် ချွေးအေးများ စီးကျလာခဲ့ချေပြီ။
တကယ်ကို အန္တရာယ်များလှပေသည်။
ချူချင်းက ထိုအခြေအနေကိုကြည့်ကာ ရယ်မောလိုက်၏။
"မင်းက ကလေးတစ်ယောက်လိုပဲ တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ... စိတ်ဆိုးသွားရင် လူတွေကို လျစ်လျူရှုထားတတ်တာလား…”