အခန်း ၂၀၉
Vol. 21 Ch. 209
အခန်း (၂၀၉) - တစ္ဆေဧကရာဇ်၏ တားမြစ်မိန့် (၁)
ဆန်းချင်းသည် အံကိုတင်းတင်းကြိတ်ထားပြီး ချူချင်းနှင့် မလိုအပ်သော စကားတစ်ခွန်းမျှ ထပ်မပြောရန် ဆုံးဖြတ်လိုက်လေသည်။
ချူချင်းကမူ ဂရုမစိုက်ဟန်ဖြင့် လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီးနောက် ဖန်ခွက်ကို ညင်သာစွာလှည့်ပတ်နေ၏။
နှစ်ဦးသား တိတ်ဆိတ်စွာ အကြည့်ချင်းဆုံနေကြစဉ် တံခါးဆီမှ တကျွီကျွီအသံနှင့်အတူ ပွင့်သွားချေသည်။
ဝမ်ဖူစန်းသည် အပြင်ဘက်မှ လျှောက်ဝင်လာ၏။ သူသည် အပြင်ဘက်တွင် တစ်ခဏမျှ နားထောင်နေခဲ့ပြီးဖြစ်သဖြင့် ယခုအခါ ချူချင်းကိုကြည့်သည့် အကြည့်များတွင် သတိထားမှုများ ပြည့်နှက်နေပေသည်။
ဤကလေးသည် တကယ်ပင် ဆိုးယုတ်လှသောမျိုးစေ့ ဖြစ်ပေသည်။
အလွန်ပင် လိမ္မာပါးနပ်ပြီး ကောက်ကျစ်သော အမျိုးအစားမျိုးဖြစ်၏။
ချူချင်းကမူ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်လေသည်။
"သူက ကျုပ်နဲ့ စကားမပြောတော့ဘူး... အခုတော့ အိမ်တော်သခင်ရဲ့အလှည့်ပဲ..."
"ဟိုလက်ညှိုးသိုင်းက ဘယ်လောက်အစွမ်းထက်လဲဆိုတာ ကျုပ်ကို ပြစမ်းပါ..."
"စောင့်ကြည့်လိုက်စမ်း..."
ဝမ်ဖူစန်းသည် ဆန်းချင်း၏ရှေ့သို့ ချဉ်းကပ်လာပြီး တိုးညင်းစွာပြောလိုက်၏။
"မခံနိုင်ဖြစ်လာရင် ပြောနော်... မင်းသာ ရိုးရိုးသားသား ဖွင့်ပြောမယ်ဆိုရင် ဒီလိုဝေဒနာမျိုးကို ထပ်ခံစားစရာမလိုတော့ဘူး..."
ဆန်းချင်းသည် မျက်လုံးများကိုဖွင့်ကာ ဝမ်ဖူစန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် အေးစက်စွာ ရယ်မောလိုက်လေသည်။
ဝမ်ဖူစန်းသည် သိုင်းလောကတွင် အတွေ့အကြုံရင့်ကျက်လှသူ ဖြစ်သဖြင့် ဤမျှကိစ္စက သူ့ကို စိုးစဉ်းမျှလှုပ်ခတ်နိုင်ပေ။
"တောက်..."
သူသည် ပြုံးလိုက်ပြီးနောက် လက်ညှိုးကိုကွေးကာ ဆန်းချင်း၏နဖူးအလယ်တည့်တည့်သို့ ထိုးစိုက်လိုက်လေသည်။
နောက်တစ်ခဏတွင် အေးစက်စက်ပြုံးနေသော ဆန်းချင်းသည် မျက်လုံးများ ပြူးကျယ်သွားပြီး သံမဏိအပ်များနှင့် သံဆူးပေါင်း ထောင်သောင်းချီ၍ သူ၏ဝိညာဉ်အနက်ရှိုင်းဆုံးဆီသို့ ထိုးစိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရချေသည်။
ပြင်းထန်လှပြီး ခုခံနိုင်စွမ်းမရှိသော ဝေဒနာဆိုးကြီးသည် ခန္ဓာကိုယ်အနှံ့ သွေးကြောများဆီသို့ တိုးဝင်လာ၏။
ဝမ်ဖူစန်း၏လက်ညှိုးချက် ကျရောက်သွားသည်နှင့် ဆန်းချင်း၏မျက်လုံးများ ပြူးကျယ်လာပြီးနောက် အပေါက်ခုနစ်ပေါက်မှ သွေးများစီးကျလာကာ တစ်ကိုယ်လုံးတုန်ယင်နေသည်ကို ချူချင်းက ကြည့်နေလေသည်။
သူသည် လေးစားစွာဖြင့် လျှာသပ်လိုက်မိ၏။
"အံ့မခန်း နည်းစနစ်ပဲ... ဒါပေမဲ့ သတိထားဦး... သူ့ကို သေအောင်မလုပ်နဲ့..."
"စိတ်ချပါ... ဒါက လူကို မခံနိုင်လောက်အောင် နာကျင်စေပေမဲ့ သေအောင်လုပ်ဖို့တော့ မလွယ်ဘူး..."
ဝမ်ဖူစန်းက ပြောလိုက်၏။
"ဆယ်ခါမှာ ကိုးခါလောက်ကတော့ ရူးသွားတတ်ကြတာပဲ..."
"ဒါဆိုရင်တော့ သေသွားတာကမှ ပိုသက်သာဦးမယ်..."
ချူချင်းသည် လက်ဖက်ရည်ခွက်ကို မကာ တစ်ငုံသောက်လိုက်ပြီးနောက် ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။
သို့သော် စောင့်ဆိုင်းရသည့်အချိန်က မရှည်လျားလှချေ။ တစ်ခဏမျှကြာပြီးနောက် ဆန်းချင်း၏ တုန်ရီနေသောအသံ ထွက်ပေါ်လာလေသည်။
"ရပ်ပါတော့... ရပ်..."
ဝမ်ဖူစန်းသည် သူပြောသည်ကို ကြားသည်နှင့် လက်ချောင်းကို ချက်ချင်းပင် ဖယ်ရှားပေးလိုက်လေသည်။
ဤအခိုက်အတန့်တွင် ဆန်းချင်းသည် ရေထဲမှဆွဲတင်ခံလိုက်ရသည့်အလား တစ်ကိုယ်လုံးချွေးများဖြင့် ရွှဲနစ်နေချေပြီ။
သူသည် ဝမ်ဖူစန်းကို တုန်ရီသောမျက်လုံးများဖြင့် ကြည့်နေပြီး လူ့လောကရှိ ယမမင်းကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားနေရ၏။
နောက်ဆုံးတွင် သူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်လေသည်။
"မင်းတို့... ဘာကိုသိချင်တာလဲ..."
"ထျန်းကျီးတောင်ကြားထဲက အစီအမံတွေကို..."
ချူချင်းက ပြောလိုက်၏။
"အသေးစိတ်လေ ပိုကောင်းလေပဲ..."
"အပြင်ထောင်ချောက်တွေက လူကို မသတ်နိုင်ဘူး... ဒဏ်ရာပဲ ရစေနိုင်တာ..."
"ထျန်းကျီးတောင်ကြားအောက်မှာ သွေးတွေကို သွယ်တန်းထားတဲ့ မြောင်းတစ်ခုရှိပြီး ရေကန်တစ်ခုထဲကို စီးဝင်သွားတယ်... အဲဒီရေကန်ထဲမှာ ရှိနေတာကတော့ ကောင်းကင်မိစ္ဆာဝတ်ရုံပဲ..."
"ထျန်းကျီးမျှော်စင်ထဲမှာ ရတနာတွေထားထားပြီး တောင်ကြားထဲဝင်လာတဲ့သူတွေကို အချင်းချင်းသတ်ဖြတ်အောင် ဆွဲဆောင်ထားတာ..."
"ပထမထပ်ရဲ့မျက်နှာကြက်ကြားထဲမှာ ဟွမ်ချွမ်ဆေးမှုန့်တွေကို ဝှက်ထားတယ်... သူတို့နှစ်ဖက်လုံး အင်အားကုန်ခမ်းသွားတဲ့အခါ ဒုတိယထပ်က ယန္တရားကိုသုံးပြီး မျက်နှာကြက်က ဟွမ်ချွမ်ဆေးမှုန့်တွေကို ဖြန့်ကြဲပြီး အသက်ရှင်ကျန်ရစ်သူတွေကို အကုန်သတ်ပစ်ဖို့ပဲ..."
"တောင်ကြားထဲမှာ အခု သင်္ချိုင်းမင်းသားနဲ့ ရှီယဲအပြင် နောက်ထပ်ရုပ်သေးအလောင်းသုံးလောင်း ရှိသေးတယ်..."
"ပြီးတော့... ပြီးတော့ ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ တပည့်နှစ်ရာလည်း ရှိတယ်..."
ဆန်းချင်းသည် ယခုအခါ မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတော့ဘဲ သိသမျှ အချက်အလက်အားလုံးကို ရိုးသားစွာ ဖွင့်ဟပြောဆိုလိုက်ချေသည်။
"ဒါက အမှန်ပဲလား..."
ချူချင်းသည် သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေ၏။
ဆန်းချင်းသည် ဝမ်ဖူစန်းကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။
"ကျွန်တော်... ကျွန်တော် မြန်မြန်သေရဖို့ပဲ တောင်းပန်ပါတယ်..."
"ရုပ်သေးအလောင်းဆိုတာ ဘာလဲ..."
ဝမ်ဖူစန်းက ကြားဖြတ်မေးလိုက်၏။
"ဒါက... ဒါက ပြဇာတ်မင်းသားက ကျွန်တော့်သခင်ကို လက်ဆောင်ပေးထားတဲ့ ကစားစရာတွေပဲ..."
"သူတို့ကို သေသွားတဲ့အလောင်းတွေနဲ့ လုပ်ထားတာ..."
"တစ်ယောက်ချင်းစီက အရမ်းအစွမ်းထက်ပြီး သေမှာ၊ ဒဏ်ရာရမှာကို မကြောက်ကြဘူး..."
"သူတို့သာ အသက်နဲ့လဲပြီးတိုက်ခိုက်ဖို့ ဆုံးဖြတ်ထားရင် ကြီးမားတဲ့စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မယ်..."
ချူချင်းသည် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းလိုက်ပြီး ယခင်က တုန်ရှင်းကျီကို ပြန်လည်အမှတ်ရသွား၏။
ဤကျန်းမာသန်စွမ်းသော လူတစ်ယောက်သည် သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း ပြန်လည်ထမြောက်လာခဲ့ပေသည်။ သူ၏ခန္ဓာကိုယ်က ပျက်စီးနေသော်လည်း စွမ်းအားကမူ လျော့ပါးမသွားခဲ့ပေ။
ထိုစဉ်က ဖေးယွန်းတောင်ကြား၏ ပထမအကြီးအကဲ သံမဏိလက်မောင်းမျောက်ဝံ ဟော်ဝမ်ကျင့်သည် လမ်းလျှောက်နေသော အလောင်းဖြစ်သည့် တုန်ရှင်းကျီကို လျှော့တွက်ခဲ့ပြီး လက်သီးတစ်ချက်ဖြင့် ပြင်းထန်စွာဒဏ်ရာရစေနိုင်သည်ဟု ထင်မှတ်ခဲ့၏။
သို့သော် ထိုသူ၏ဒဏ်ရာများက စိုးစဉ်းမျှ မထိခိုက်စေရုံသာမက လက်နှစ်ဖက်ကိုဆန့်ထုတ်ကာ ဟော်ဝမ်ကျင့်၏လက်မောင်းနှစ်ဖက်လုံးကို တိုက်ရိုက်ဖြတ်တောက်ပစ်ခဲ့လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
ထို့ကြောင့် ထိန်းထောင်းဂေဟာမှ တပည့်ဖြစ်သူကို အခွင့်ကောင်း ရရှိသွားစေခဲ့ပေသည်။
သနားစရာကောင်းလှသော ဟော်ဝမ်ကျင့်သည် တစ်သက်လုံးကျော်ကြားခဲ့သော်လည်း နောက်ဆုံးတွင် မထင်မရှား လူငယ်လေးတစ်ဦး၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ရလေသည်။
သို့ဆိုလျှင် တုန်ရှင်းကျီသည် ရုပ်သေးအလောင်းတစ်ခု ဖြစ်နေပေသလော။
ဤအချက်ကိုစဉ်းစားမိပြီးနောက် ချူချင်းက မေးလိုက်၏။
"အဲဒီပြဇာတ်မင်းသားအကြောင်း မင်းဘယ်လောက်သိလဲ..."
"ပြဇာတ်မင်းသားအကြောင်း... ကျွန်တော် အများကြီးမသိပါဘူး..."
ဆန်းချင်းသည် တစ်ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်၏။
"သန့်ရှင်းသောမင်းသား ဆယ့်နှစ်ပါးလုံးမှာ ကိုယ်ပိုင်အားသာချက်တွေ ရှိကြတယ်ဆိုတာပဲ ကျွန်တော်သိတယ်..."
"ပြဇာတ်မင်းသားက ပေါ့ပေါ့ပါးပါးနေတတ်ပြီး လူ့လောကကြီးကို ကစားစရာတစ်ခုလို သဘောထားတတ်တာ..."
"သူ့ရဲ့သိုင်းပညာကို ကြိုးဆွဲပြဇာတ်လို့ခေါ်ပေမဲ့ ဘယ်လိုအသုံးပြုရလဲဆိုတာတော့ မသိရပါဘူး..."
"ဒါ့အပြင်... သူ့ရဲ့စရိုက်က ကြင်နာတတ်ပြီး သန့်ရှင်းသောမင်းသား ဆယ့်နှစ်ပါးထဲက အတော်များများနဲ့ ရင်းနှီးတဲ့ပတ်သက်မှု ရှိတယ်လို့ ပြောကြတယ်..."
ချူချင်းသည် ထိုစကားကိုကြားသောအခါ ခေါင်းညိတ်လိုက်ပြီးနောက် ထပ်မံမေးမြန်းလိုက်၏။
"ဒါဆို မင်းတို့ရဲ့ သင်္ချိုင်းမင်းသားဇန့်ဟန်ရှင်းအကြောင်းကိုတော့ မင်း တော်တော်လေးသိထားသင့်တယ် မဟုတ်လား..."
ဆန်းချင်း၏မျက်လုံးများ အနည်းငယ်ကျုံ့သွားပြီး နဖူးပေါ်တွင် ချွေးစေးများ ထွက်ပေါ်လာချေသည်။
သို့သော် သူသည် တစ်ခုခုကိုသတိရသွားသကဲ့သို့ ရုတ်တရက် ပြုံးလိုက်ပြန်၏။
"သင်္ချိုင်းမင်းသားက... မင်းသားက နက်နဲလွန်းတယ်..."
"သူနဲ့အနီးကပ်ဆုံးရှိနေတဲ့ ကျွန်တော်တို့တောင် သူ ဘယ်လိုသိုင်းပညာကို ကျင့်ကြံနေလဲ၊ ဘယ်လိုစွမ်းအားတွေရှိလဲဆိုတာ မသိကြဘူး..."
"ပိုထူးဆန်းတာက ကျွန်တော်တို့... သူ့မျက်နှာကို တစ်ခါမှမမြင်ဖူးတာပဲ..."
"ငါသိသလောက်ဆိုရင် မင်းနဲ့ရှီယဲ နှစ်ယောက်လုံးက သူ့ရဲ့ကိုယ်ရံတော်တွေပဲ..."
"ကိုယ်ရံတော်တွေက သခင်ဖြစ်သူရဲ့မျက်နှာကို မသိဘူးဆိုတာ ငါယုံလိမ့်မယ်လို့ မင်းထင်နေတာလား..."
"မယုံရင်လည်း ကျွန်တော် ဘာမှမတတ်နိုင်ဘူး..."
"ဒါပေမဲ့ သန့်ရှင်းသောမင်းသား ဆယ့်နှစ်ပါးလုံးက ထူးခြားကြတယ်... ကျွန်တော်တို့လို ကိုယ်ရံတော်တွေဆိုတာ သူတို့ရဲ့ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် အသုံးချခံသက်သက်ပဲ..."
"သူတို့က ကျွန်တော်တို့ကို အများကြီး သိခွင့်ပေးပါ့မလား..."
ဤစကားက မယုံကြည်စရာတော့ မဟုတ်ချေ။ သို့သော် ဤသို့ဆိုလျှင် ကိစ္စရပ်များက ပိုမိုရှုပ်ထွေးသွားပုံရပေသည်။
အကယ်၍ ဆန်းချင်းပင်လျှင် ဇန့်ဟန်ရှင်း၏သရုပ်မှန်ကိုမသိပါက ယခု ထျန်းကျီးတောင်ကြားထဲတွင်ရှိနေသူသည် တကယ်ပင် ထိုမင်းသားဖြစ်သည်ကို မည်သို့သိနိုင်ပါမည်နည်း။
အကယ်၍ ဤလူသည် အစားထိုးတစ်ဦးမျှသာ ဖြစ်နေပါက နောင်တွင် မိမိအနေဖြင့် သင်္ချိုင်းမင်းသားကိုသတ်ဖြတ်ရန် မည်သည့်နေရာ၌ သွားရောက်ရှာဖွေရမည်နည်း။
ချူချင်းသည် စနစ်၏တာဝန်ညွှန်ကြားချက်ကို ပြန်လည်သုံးသပ်လိုက်၏။
[တာဝန် - သတ်ဖြတ်ခြင်းအမိန့်တော်၊ အစောင့်နှစ်ဦးနှင့် မင်းသားတစ်ပါးကို သတ်ဖြတ်ရန်]
[လက်ခံပါမည်လော]
'ဇန့်ဟန်ရှင်းဆိုတဲ့ စာလုံးသုံးလုံးကို ရှင်းရှင်းလင်းလင်းရေးမထားဘူးပဲ...'
'သူတောင်းစားအိုကြီးရဲ့စကားတွေက မှန်တယ်ဆိုရင် သူပစ်မှတ်ထားနေတာက ထျန်းကျီးတောင်ကြားထဲက အစောင့်နှစ်ဦးနဲ့ မင်းသားတစ်ပါးဖြစ်ရမယ်...'
'သူသိထားတဲ့ အစောင့်နှစ်ဦးနဲ့ မင်းသားတစ်ပါးပေါ့...'
'တကယ့်ဇန့်ဟန်ရှင်း ဟုတ်မဟုတ်ဆိုတာကိုတော့ နည်းနည်းလောက် လျှော့တွက်လို့ ရနိုင်မလား...'
ချူချင်းသည် မိမိ၏မေးစေ့ကို ပွတ်သပ်ရင်း တစ်ခဏမျှတွေဝေနေမိ၏။
ဤစနစ်သည် ခန့်မှန်းရခက်လှပေသည်။
ယခင်က သူသည် စနစ်၏ပုံစံအချို့ကို နားလည်သွားပြီဟု ထင်မှတ်ခဲ့သော်လည်း နောက်ဆုံးတွင် အမှားကြီးမှားခဲ့ရပေသည်။
'ဒါပေမဲ့ လက်မခံရင်လည်း ကိစ္စမရှိပါဘူး... ကောင်းကင်မိစ္ဆာဂိုဏ်းက ရည်မှန်းချက်ကြီးမားလွန်းလို့ တစ်နေ့နေ့တော့ သူတို့နဲ့ထိပ်တိုက်တွေ့ကြရမှာပဲ...'
'ဒီနေ့ ဇန့်ဟန်ရှင်းကိုမသတ်နိုင်ရင်တောင် နောက်ပိုင်း ရန်သူတွေဖြစ်လာကြမှာပဲ...'
'အဲဒီအချိန်ကျမှ သတ်ရင်လည်း တာဝန်ပြီးမြောက်နိုင်တာပဲ... ဘာလို့လဲဆိုတော့ တာဝန်မှာ အချိန်ကန့်သတ်ချက်မရှိဘူးလေ...'