အခန်း ၃၆၁
Vol. 37 Ch. 361
အခန်း (၃၆၁)
ကိုရီးယား တက္ကသိုလ် မှာ ချေဘောမိသားစုက ကလေးတွေ တော်တော်များများ တက်ကြတာမလို့ ကိုယ့်ဌာနထဲမှာ ချေဘောမိသားစုဝင် စီနီယာ ဒါမှမဟုတ် ဂျူနီယာတစ်ယောက်ယောက် ရှိနေတာက သိပ်ပြီးတော့ ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။
ကျွန်တော် ပထမနှစ်တုန်းက ဂိုဂျွန်ဟျွန်း က ကျောင်းခဏနားထားတဲ့ အချိန်ဖြစ်ပြီး၊ သူနဲ့ ပထမဆုံး ဆုံခဲ့တာက ကျောင်းပွဲတော်တုန်းက ထင်ပါတယ်။ အဲဒီတုန်းက ယွန်ဆွန်းအာ နဲ့အတူ သူ့ကို သိခဲ့ရတာကို ကျွန်တော် မှတ်မိနေပါသေးတယ်။
သူ က GH အုပ်စု ကလို့ ကြားတုန်းက စိတ်ဝင်စားဖို့ကောင်းတယ်လို့ ခံစားရပြီး အားကျခဲ့မိတာကိုလည်း သတိရမိတယ်။
ဒါတွေက ကြာပါပြီ။
ကျွန်တော့်မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အမျိုးသားကို ကျွန်တော် ကြည့်လိုက်တယ်။ အဲဒီတုန်းကကော၊ အခုကော သူ က GH ဆောက်လုပ်ရေး ဥက္ကဌရဲ့ သားဖြစ်တယ်ဆိုတဲ့ အချက်က ပြောင်းလဲမသွားပါဘူး။ ပြောင်းလဲသွားတာ ရှိရင်တော့ အဲဒါက ကျွန်တော်ကိုယ်တိုင်ပါပဲ။
သူပြောတာကို အဓိပ္ပာယ်မရှိဘူးလို့ ယူဆနေတဲ့ ကျွန်တော်နဲ့မတူဘဲ ဂိုဂျွန်ဟျွန်း ရဲ့ မျက်နှာထားကတော့ တကယ်ကို တည်တံ့လေးနက်နေပါတယ်။ ပြီးတော့ ကျွန်တော့်ဘေးက တက်ဂယူ ကတော့ ကျေနပ်အားရတဲ့ မျက်နှာထား ဖြစ်နေတာပါ။
သူ ကတော့ ဒီအစည်းအဝေးကို လိုက်လာခဲ့ရတာကို တကယ်ပဲ ဝမ်းသာနေတဲ့ ပုံစံမျိုးပါပဲ။
“...”
ဒီကောင်က ဘာဖြစ်လို့ ကျွန်တော့်ရဲ့ အတိတ်က အချစ်ရေးအကြောင်းကို ဒီလောက်အထိ စိတ်ဝင်စားနေရတာလဲ မသိဘူး။
ကျွန်တော် တည်တည်ငြိမ်ငြိမ်ပဲ စကားပြောလိုက်တယ်။
“စီနီယာ ဘာတွေတွေးနေလဲတော့ ကျွန်တော်မသိပေမယ့် ကျွန်တော့်မှာ ယွန်ဆွန်းအာ အပေါ် ဘာသံယောဇဉ်မှ ကျန်မနေတော့ပါဘူး။ တစ်ချိန်က ရင်းနှီးခဲ့ဖူးတဲ့သူမလို့ သူ ကောင်းကောင်းမွန်မွန် နေထိုင်ဖြတ်သန်းနိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်”
“ဒါ... ဒါဆိုရင် ဘာဖြစ်လို့ငြင်းရတာလဲ...”
“ကူညီပေးရမယ့် အကြောင်းပြချက် မရှိလို့လေ။ ကျွန်တော်က ပရဟိတလုပ်ငန်း လုပ်နေတာမှ မဟုတ်တာ”
ကျွန်တော်တို့က ဆိုဆောင်း တို့၊ အွန်ဆောင်း တို့၊ GM တို့၊ Ford တို့၊ CL တို့၊ SSK တို့လို ကုမ္ပဏီကြီးတွေနဲ့ လက်တွဲခဲ့တာက ကျွန်တော်တို့အတွက် အကျိုးအမြတ်ရှိလို့ပါ။ ဒါပေမဲ့ GH အုပ်စု ကို ကူညီပေးလိုက်လို့ ရရှိမယ့် အကျိုးအမြတ်က မရှိသလောက်ပါပဲ။
ဂိုဂျွန်ဟျွန်း က ကျွန်တော့်စကားကို မယုံကြည်သေးတဲ့ ပုံစံမျိုး ဖြစ်နေဆဲပါ။ ဒါကြောင့် သူ့ကို နားလည်သွားအောင် ကျွန်တော် ထပ်ပြောလိုက်တယ်။
“သေသေချာချာ စဉ်းစားကြည့်ပါ။ စီနီယာ။ တကယ်လို့ ကျွန်တော့်မှာ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေ ရှိနေသေးရင် GH အုပ်စု က ဒီနေ့အထိ ဒီအတိုင်း ကောင်းကောင်းမွန်မွန် ရှိနေမယ်လို့ ထင်လား”
ကျွန်တော့်စကားကြောင့် ဂိုဂျွန်ဟျွန်း ရဲ့ မျက်လုံးတွေက အကြီးအကျယ် ဝိုင်းစက်သွားတယ်။
သူ့ရဲ့ မျက်နှာအမူအရာကို ကြည့်ပြီး ကျွန်တော် ဆက်ပြောလိုက်တယ်။
“ဆိုဆောင်း အုပ်စု လောက်တော့ မဟုတ်ပေမယ့် GH လောက် အရွယ်အစားရှိတဲ့ အုပ်စုတစ်ခုကို ရှင်းထုတ်ဖို့က လွယ်လွယ်လေးပါ။ GHရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ GH Holdings ရဲ့ ရှယ်ယာတွေကို အများအပြား လိုက်ဝယ်ပြီး မဟာမိတ် ရှယ်ယာရှင်တွေကို စုစည်းမယ်၊ ပြီးရင်တော့ ရှယ်ယာရှင်များ အစည်းအဝေးမှာ ဥက္ကဌနဲ့ စီအီးအိုကို ရာထူးကနေ မောင်းထုတ်လိုက်ရုံပဲလေ။ တကယ်လို့ ကျွန်တော်က GH အုပ်စု ကို သိမ်းပိုက်ဖို့ ဆုံးဖြတ်လိုက်ရင် စီနီယာတို့က တားဆီးနိုင်မှာမလို့လား”
ဂိုဂျွန်ဟျွန်း က လန့်ဖြန့်သွားပြီး အော်သံနီးပါးနဲ့ ပြောလာတယ်။
“GH အုပ်စု က ငါတို့ မိသားစုတစ်ခုလုံး တစ်သက်စာ ပုံအောပြီး တည်ဆောက်ခဲ့ရတဲ့ ကုမ္ပဏီကွ”
“အဲဒီတော့ ဘာဖြစ်လဲ”
တက်ဂယူ က ဘေးကနေ စကားတစ်ခွန်း ဝင်ထောက်လိုက်တယ်။
“ခင်ဗျားတို့ မိသားစုက မျိုးဆက်အလိုက် အမွေဆက်ခံနိုင်ဖို့အတွက် တစ်နိုင်ငံလုံးနဲ့ ပြည်သူတွေက ဝိုင်းပြီး ကူညီပေးရမှာလား”
ကိုရီးယားမှာတော့ ကုမ္ပဏီကို ထိန်းချုပ်ထားတဲ့ ပိုင်ရှင်မိသားစုနဲ့ ကုမ္ပဏီကိုယ်တိုင်ကို တစ်ထပ်ထဲလို့ ယူဆတတ်ကြတဲ့ အလေ့အထက တော်တော်လေး ပြင်းထန်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတစ်ခုရဲ့ တကယ့်ပိုင်ရှင်ကတော့ ရှယ်ယာရှင်တွေပါပဲ။
စီမံခန့်ခွဲမှုအဖွဲ့က ရှယ်ယာရှင်တွေရဲ့ အကျိုးအမြတ်ကို အမြင့်မားဆုံးဖြစ်အောင် အစွမ်းကုန် ကြိုးစားပေးရမှာပါ။ တကယ်လို့ အဲဒါကို သေသေချာချာ မလုပ်ဆောင်နိုင်ရင်တော့ ရာထူးကနေ ဆင်းပေးကြရမှာပါပဲ။ တကယ်တော့ နိုင်ငံခြားမှာဆိုရင် ကုမ္ပဏီတည်ထောင်သူတွေ ကိုယ်တိုင်တောင် ကုမ္ပဏီကနေ မောင်းထုတ်ခံရတာက သာမန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲလေ။
ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာတော့ ရှယ် ၁၀% ကျော်ကျော်လောက်ပဲ ပိုင်ဆိုင်ထားတဲ့ ပိုင်ရှင်မိသားစုတွေက ကုမ္ပဏီတစ်ခုလုံးကို သူတို့ပိုင်သလိုမျိုး ပြုမူနေကြတာပါ။
ပြီးတော့ မီဒီယာတွေကလည်း ဒါကို ဝေဖန်ထောက်ပြရမယ့်အစား ဒါက သဘာဝကျတဲ့ အစဉ်အလာတစ်ခုလိုမျိုး ပုံဖော်ပေးတတ်ကြတယ်။ တကယ်လို့ မိသားစုအကြီးအကဲက ငွေအလွဲသုံးစားမှု ဒါမှမဟုတ် သစ္စာဖောက်မှုတွေနဲ့ ဖမ်းဆီးခံရရင် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတွေ ပြတ်တောက်သွားနိုင်တယ်။ ပြီးတော့ နိုင်ငံတော် စီးပွားရေး ပြိုလဲသွားနိုင်တယ်ဆိုပြီး မီဒီယာတွေက အော်ဟစ်ကာ ပြည်သူတွေကို ခြောက်လှန့်လေ့ ရှိကြပါတယ်။
ကိုရီးယားမှာ ချေဘောစနစ်ကို ဒီနေ့အထိ ထိန်းသိမ်းထားနိုင်ခဲ့တာက သူ့အကြောင်းပြချက်နဲ့သူ ရှိခဲ့လို့ပါ။
ကိုရီးယား ချေဘောတွေရဲ့ ပထမမျိုးဆက်က တကယ့် စီးပွားရေးလုပ်ငန်းရှင် စစ်စစ်တွေပါ။ အခုခေတ် Startup တွေလိုမျိုးပဲ သူတို့က ကုမ္ပဏီတွေကို အစကနေ စပြီး တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒုတိယမျိုးဆက်ကတော့ ကုမ္ပဏီတည်ထောင်သူ ပထမမျိုးဆက်ကို ကူညီပြီး ကုမ္ပဏီတွေကို အတူတူ ကြီးထွားအောင် လုပ်ဆောင်ခဲ့တာပါ။ ရေနံအကြပ်အတည်းတွေနဲ့ အာရှငွေကြေး အကြပ်အတည်းတွေ ကိုရီးယားကို ရိုက်ခတ်ခဲ့တုန်းက အုပ်စု တော်တော်များများ ပြိုလဲသွားခဲ့ပေမယ့် အသက်ရှင် ကျန်ရစ်ခဲ့တဲ့ ကုမ္ပဏီတွေကတော့ ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရေးရှင်းကြီးတွေအဖြစ် ကြီးထွားလာခဲ့ကြတာပါ။
တကယ်လို့ လင်အီကွမ် သာ ဆိုဆောင်း အုပ်စု ကို အမွေမဆက်ခံခဲ့ရင် ဆိုဆောင်း အီလက်ထရောနစ် က ကမ္ဘာ့နံပါတ်တစ် Memory Semiconductor ကုမ္ပဏီ ဖြစ်လာနိုင်ပါ့မလား။ တကယ်လို့ ဟန်မင်းဂူ သာ အွန်ဆောင်း မော်တာ ကို လွှဲပြောင်းမယူခဲ့ရင် ကိုရီးယားက အခုလိုမျိုး မော်တော်ကား အင်အားကြီးနိုင်ငံ ဖြစ်လာနိုင်ပါ့မလား။
ပြဿနာက တတိယနဲ့ စတုတ္ထမျိုးဆက်တွေမှာ ရှိနေတာပါ။ သူတို့က မွေးကတည်းက အခွင့်ထူးခံ ပတ်ဝန်းကျင်တွေထဲမှာ ကြီးပြင်းလာခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ စီမံခန့်ခွဲမှု စွမ်းရည်တွေကိုလည်း လုံးဝ သက်သေမပြနိုင်သေးပါဘူး။ ဒါပေမဲ့ သူတို့က ကုမ္ပဏီတွေကို သဘာဝကျကျပဲ အမွေဆက်ခံကြပါတယ်။
နိုင်ငံခြား ကုမ္ပဏီတွေမှာလည်း မိသားစုအလိုက် အမွေဆက်ခံတာတွေ ရှိတတ်ပေမယ့် စီမံခန့်ခွဲမှု စွမ်းရည်ကို သက်သေမပြနိုင်သေးတဲ့ အမွေခံတွေဆီကို ဥပဒေကွင်းဆက်တွေနဲ့ မရိုးသားတဲ့ နည်းလမ်းမျိုးစုံ သုံးပြီး အာဏာလွှဲပြောင်းပေးတတ်တဲ့ ကိုရီးယားလိုမျိုးတော့ မဟုတ်ပါဘူး။
ချေဘောတွေရဲ့ အမွေဆက်ခံမှု ပြဿနာကို ထောက်ပြတဲ့ ပြက်လုံးတစ်ခုတောင် ရှိပါသေးတယ်။
လင်အီကွမ် ရဲ့ သားက လင်ဂျင်ယုံပါ။ ဒါဆိုရင် ဘီလ်ဂိတ် ရဲ့ သားနာမည်က ဘယ်သူလဲ။
အားလုံးသိကြတဲ့အတိုင်း ဘီလ်ဂိတ် က မိုက်ခရိုဆော့ဖ် ကို တည်ထောင်သူနဲ့ စီအီးအိုဟောင်း ဖြစ်ပါတယ်။ သူ က တစ်ချိန်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့ပြီး အခုထက်ထိ ပရဟိတလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်နေဆဲပါ။
ဒါပေမဲ့ အံ့ဩစရာကောင်းတာက ဘီလ်ဂိတ် ရဲ့ သားနာမည်ကို သိတဲ့လူကတော့ မရှိသလောက်ပါပဲ။
အကြောင်းပြချက်ကတော့ လင်ဂျင်ယုံ က သူ့အဖေ ကွယ်လွန်ပြီးတဲ့နောက် ဆိုဆောင်း အုပ်စု ရဲ့ ဥက္ကဌရာထူးကို တိုက်ရိုက် အမွေဆက်ခံခဲ့တာဖြစ်ပြီး၊ ဘီလ်ဂိတ် ကတော့ သင့်တော်တဲ့ အချိန်မှာ အနားယူပြီး စီအီးအို ရာထူးကို စတိဗ် ဘောလ်မာ ဆီ လွှဲပြောင်းပေးခဲ့လို့ပါပဲ။
တကယ်တော့ အမွေဆက်ခံတာပဲဖြစ်ဖြစ်၊ ကျွမ်းကျင်တဲ့ မန်နေဂျာတစ်ယောက်ကို ဆင်ခြင်တုံတရားရှိရှိ ရွေးချယ်တာပဲ ဖြစ်ဖြစ် ဒါက အရေးမကြီးပါဘူး။ တစ်ချိန်က ဂျပန်ရဲ့ လျှပ်စစ်ပစ္စည်း အင်ပါယာကြီးဖြစ်ခဲ့တဲ့ ဆိုနီ ဆိုရင်လည်း ကျွမ်းကျင်မန်နေဂျာတွေကြောင့်မလို့ ပျက်စီးသွားခဲ့ရတာပဲ လေ။
ကျွမ်းကျင်မန်နေဂျာတွေကြောင့် ပျက်စီးသွားခဲ့ရတဲ့ ကုမ္ပဏီတွေ အများကြီးရှိသလို၊ အမွေဆက်ခံသူတွေကြောင့် ပျက်စီးသွားခဲ့ရတာတွေလည်း ရှိပါတယ်။
“ကြောင်က အမည်းဖြစ်ဖြစ်၊ အဖြူဖြစ်ဖြစ် ကြွက်ဖမ်းဖို့ပဲ အရေးကြီးတယ်” ဆိုတဲ့ စကားလိုမျိုးပဲ၊ ဘယ်သူက ဘယ်လိုပဲ အုပ်ချုပ်ပါစေ ကုမ္ပဏီကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ရင် အသက်ရှင်ကျန်ရစ်မှာဖြစ်ပြီး၊ မဟုတ်ရင်တော့ ဈေးကွက်ကနေ ဖယ်ထုတ်ခံရမှာပါ။
ဂိုဂျွန်ဟျွန်း က ခေါင်းကို စားပွဲနဲ့ ထိလုနီးပါးအထိ နှိမ့်ချပြီး တောင်းပန်လာတယ်။
“တောင်းပန်ပါတယ်။ စီအီးအို ကန်ဂျင်ဟူ။ ဒီတစ်ကြိမ်သာ ကျွန်တော်တို့ကို ကူညီပေးမယ်ဆိုရင် ဒီကျေးဇူးကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး”
“...”
သူ က ဘာဖြစ်လို့ ကျွန်တော့်ဆီမှာ ဒီလောက်အထိ လာပြီး အောက်ကျို့နေရတာလဲ မသိဘူး။
ဟိုးအရင်တုန်းကသာဆိုရင် ဒီလို အခြေအနေမျိုးက ကျေနပ်စရာ ကောင်းနေလောက်မှာပါ... ဒါပေမဲ့ အခုတော့ ကျွန်တော့်မှာ ဘာခံစားချက်မှ မရှိတော့ပါဘူး။
ပြီးတော့ ဒီတစ်ကြိမ် ကူညီပေးလိုက်ရင်တောင် ပြဿနာက တကယ်ပဲ ပြေလည်သွားမှာမလို့လား။
ကျွန်တော် သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ်။
“အခု ထွက်ပေါ်လာပြီးသား ဆုံးရှုံးမှုတွေအပြင်၊ စီနီယာတို့ရဲ့ ပြည်ပလုပ်ငန်းတွေမှာ ဒေါ်လာ သန်း ၃၀၀ ဖိုးလောက်ရှိတဲ့ ကြွေးမြီဆိုး ပိုင်ဆိုင်မှုတွေ ထပ်ရှိနေသေးတယ်လို့ ကျွန်တော် ကြားထားတယ်”
“ဘာ... ဘာတွေကို ပြောတာလဲ”
သူ့ရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ သူကိုယ်တိုင်လည်း ဒါကို မသိသေးတဲ့ ပုံပါပဲ။
ကုမ္ပဏီတစ်ခုရဲ့ ဘဏ္ဍာရေးရှင်းတမ်းကို အသေးစိတ် သေသေချာချာ မစစ်ဆေးမချင်း တကယ့် အခြေအနေမှန်ကို ဘယ်တော့မှ မသိနိုင်ပါဘူး။ အထူးသဖြင့် ပြည်ပမှာ လည်ပတ်နေတဲ့ လုပ်ငန်းတွေဆိုရင် လက်ရှိ အခြေအနေကို အတိအကျ သိဖို့က ပိုပြီးတော့ ခက်ခဲပါတယ်။
ဥပမာအားဖြင့် စာရင်းထဲမှာ ဝမ် သန်းပေါင်း ၁သောင်းတန်ဖိုးရှိတဲ့ အိမ်ခြံမြေလို့ ရေးထားပေမယ့် တကယ်တမ်း ရောင်းချတဲ့အခါ ဝမ် သန်း ၃ ထောင်ပဲ ရတာမျိုး ရှိတတ်သလို၊ ရစရာရှိတဲ့ ငွေတိုက်စာချုပ်တွေလို့ သတ်မှတ်ထားပြီး ဆုံးရှုံးမှုစာရင်းထဲ မသွင်းရသေးတဲ့ အရာတွေက တကယ်တမ်းတော့ တန်ဖိုးမရှိတဲ့ စက္ကူစတွေ ဖြစ်နေတာမျိုးလည်း ရှိတတ်ပါတယ်။
ဘဏ္ဍာရေးလောကကတော့ အမြဲတမ်း သတင်းအချက်အလက် အမြန်ဆုံးပါပဲ။ Golden Gate လိုမျိုး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဘဏ်တွေက GH ဆောက်လုပ်ရေး ရဲ့ ဘဏ္ဍာရေး အခြေအနေကို စောစောစီးစီးကတည်းက အကဲဖြတ်မိသွားပြီး အဆက်အသွယ် ဖြတ်တောက်နေခဲ့ကြတာ ဖြစ်ပါ။
ကိုယ့်လက်ထဲမှာရှိတုန်းမှာတော့ ဖုံးကွယ်ထားလို့ ရနိုင်ပေမယ့် ဈေးကွက်ထဲ တင်ရောင်းဖို့ လုပ်လိုက်တာနဲ့ အမျိုးမျိုးသော စစ်ဆေးမှုတွေကို ခံယူရတော့မှာပါ။ အဲဒီအခါကျမှ ဖုံးကွယ်ထားတဲ့ အကြွေးတွေအကုန်လုံးက တစ်ပြိုင်ထဲ ထွက်ပေါ်လာမှာပါ။
ဒီကိစ္စအတွက် ဘယ်သူက တာဝန်ယူရမှာလဲ။
“မစွမ်းဆောင်နိုင်တာက အပြစ်တစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ မစွမ်းဆောင်နိုင်တဲ့လူက အဲဒီရာထူးကို ယူထားတာကတော့ အပြစ်ပဲ”
မစွမ်းဆောင်နိုင်တဲ့ စီအီးအို တစ်ယောက်က ဝန်ထမ်းတွေနဲ့ ရှယ်ယာရှင်တွေကိုတင်မကဘဲ နိုင်ငံတော် စီးပွားရေးကိုပါ ထိခိုက်စေပါတယ်။
တက်ဂယူ ကလည်း သဘောတူတဲ့ ပုံစံမျိုးနဲ့ ခေါင်းညိတ်ပြလာတယ်။
“မှန်တယ်။ ဒါကြောင့်မလို့ ငါက အဲဒီအပြစ်ကို မကျူးလွန်မိအောင် စီအီးအို ရာထူးကို မယူဘဲ ရှောင်နေတာ”
တကယ်လို့ ဥက္ကဌ ဂိုဂျင်ကွမ် သာ ရာထူးက ဆင်းပေးလိုက်ရရင် ဂိုဂျွန်ဟျွန်း အတွက်လည်း သူ့ရဲ့ ရာထူးကို ဆက်ပြီး ထိန်းသိမ်းထားဖို့က မဖြစ်နိုင်တော့ပါဘူး။ သူ က သူ့ရဲ့ မာနတွေကို မြိုသိပ်ပြီး ကျွန်တော့်ဆီ လာရောက် ခေါင်းငုံ့ခံနေတာက ကုမ္ပဏီကို ကယ်တင်ဖို့လား၊ ဒါမှမဟုတ် သူ့ရဲ့ ကိုယ်ပိုင်ရာထူးကို ကာကွယ်ဖို့လား။
စီမံခန့်ခွဲမှု အာဏာ ပျောက်ဆုံးသွားတဲ့ ချေဘောအမွေခံတစ်ယောက်ကတော့ ကြိုးပြတ်သွားတဲ့ စွန်တစ်ခုလိုပါပဲ။
သူ့အနေနဲ့ အလုပ်ပြန်ရှာဖို့အတွက် စိတ်ပူစရာမလိုပေမယ့် အုပ်စုအတွင်းမှာ အရေးပါတဲ့ ရာထူးတစ်ခုကို ပြန်ရဖို့ကတော့ ခက်ခဲသွားမှာပါ။ တခြား လက်အောက်ခံ ကုမ္ပဏီတွေကို ထိန်းချုပ်ထားတဲ့ ဥက္ကဌ ဂိုဂျင်ကွမ် ရဲ့ မောင်နှမတွေကလည်း ဒီအတိုင်း ငြိမ်နေကြမှာ မဟုတ်ပါဘူး။
“ငါ... ငါက...”
“စကားတစ်ခွန်းလောက် ထပ်ပြောပါရစေ။ ဒီလိုမျိုး ရုတ်တရက် ရောက်လာပြီး ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို ထုတ်ပြောတာက တကယ်ကို မရိုးမသားဖြစ်ပြီး ရိုင်းပျတဲ့ လုပ်ရပ်တစ်ခုဆိုတာ စီနီယာ သိတယ်မလား”
ဂိုဂျွန်ဟျွန်း က စကားတစ်ခွန်း ပြန်ပြောဖို့ လုပ်ပြီးမှ ခေါင်းကို ထပ်ပြီး နိမ့်နိမ့်ငုံ့ချလိုက်တယ်။
တော်တော်လေး ကြာပြီးမှ သူ ပြန်ပြောလာခဲ့တယ်။
“တောင်းပန်ပါတယ်။ ဒီနေ့ ကျွန်တော် စကားတွေ အများကြီး မှားပြောမိသွားတယ်။ ကျေးဇူးပြုပြီး အဲဒါတွေကို မေ့လိုက်ပေးပါ”
ကျွန်တော် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်တယ်။
“ကျွန်တော့်ဘက်က အကူအညီ မပေးနိုင်ပေမယ့် စီနီယာတို့ရဲ့ ကိစ္စတွေ အဆင်ပြေသွားပါစေလို့ မျှော်လင့်ပါတယ်”
အဆင်ပြေမှာ မဟုတ်တာကတော့ ထင်ရှားနေပေမယ့်ပေါ့။
သူ က နေရာကနေ ထရပ်ပြီး လှည့်ထွက်သွားခဲ့တယ်။
လူတစ်ယောက်ရဲ့ အမြင်က သူ ရောက်နေတဲ့ ရာထူးနေရာပေါ်မူတည်ပြီး ပြောင်းလဲသွားတတ်ပါတယ်။ တက္ကသိုလ်တုန်းက ပထမဆုံး ဆုံခဲ့စဉ်က တကယ်ကို ကြီးကျယ်ခမ်းနားလှချည်ရဲ့လို့ ထင်ခဲ့ရတဲ့ လူတစ်ယောက်က အခုတော့ ဘာဖြစ်လို့လဲမသိဘူး တကယ်ကို သေးငယ်ပြီး သနားစရာကောင်းတဲ့ ပုံစံမျိုး ဖြစ်နေခဲ့ပါပြီ။
သူ ထွက်သွားပြီးတဲ့နောက် တက်ဂယူ က မေးလာတယ်။
“မင်းက သူ့ကို တကယ်ပဲ မကူညီတော့ဘူးလား”
“ငါ့မှာ ဘာကိုယ်ရေးကိုယ်တာ ခံစားချက်မှ ကျန်မနေတော့ဘူးလို့ ငါ ပြောခဲ့ပြီးပြီလေ”
“မင်းက စကားအဖြစ်ပဲ ပြောတာလို့ ငါ ထင်နေတာ”
“...”
မင်းက ငါ့စကားကို ဘယ်လိုမျိုး အဓိပ္ပာယ်ကောက်လိုက်တာလဲ။
တကယ်လို့ ကျွန်တော့်မှာ ယွန်ဆွန်းအာ အပေါ် ခံစားချက်တွေ ရှိနေသေးရင် GH ဆောက်လုပ်ရေး ကို ကူညီပေးခဲ့မိမှာပါ။ တစ်ဖက်မှာလည်း တကယ်လို့ သူ့အပေါ် နာကျည်းချက်တွေ ရှိနေသေးရင်လည်း ဟိုအရင်ကတည်းက တစ်ခုခု လုပ်ဆောင်ခဲ့ပြီးသား ဖြစ်မှာပေါ့။
ဒါပေမဲ့ ဘာခံစားချက်မှမရှိတော့တာမလို့ ကျွန်တော် ဘာမှ လုပ်ဆောင်ဖို့ ရည်ရွယ်ချက် မရှိတာ ဖြစ်ပါတယ်။
“ဒါဆိုရင် စောစောက မင်းပြောခဲ့သလိုမျိုး GH အုပ်စု ကို သိမ်းပိုက်လိုက်ရင်လည်းရတာပဲလေ။ မင်းက စီမံခန့်ခွဲမှု အာဏာကို ရယူဖို့ ကြေညာလိုက်ရင် ရှယ်ယာရှင်တွေက လက်နှစ်ဖက်ဆန့်ပြီး ကြိုဆိုကြမှာ သေချာတယ်”
“အင်း၊ ကြိုဆိုကြမှာပဲ”
ဒါက ကျွန်တော်က ပိုင်ရှင်မိသားစုထက် ပိုပြီး မျှတလို့ ဒါမှမဟုတ် ကိုယ်ကျင့်တရား ပိုကောင်းလို့ မဟုတ်ပါဘူး။ အဲဒီလို လုပ်တာက ရှယ်ယာဈေးနှုန်းကို တက်စေနိုင်လို့ပါ။ ပိုက်ဆံဆိုတာ ကောင်းခြင်း ဆိုးခြင်းကို မသိပါဘူး။
ကျွန်တော် ခေါင်းခါလိုက်ပြီး ပြောလိုက်တယ်။
“ထားလိုက်ပါတော့။ အဲဒါကို သိမ်းပိုက်လိုက်လို့ ဘာထူးခြားမလဲ”
GHဆောက်လုပ်ရေးကို လွှဲပြောင်းယူလို့ တကယ့် အကျိုးအမြတ်က မရှိသလောက်ပါပဲ။ ပိုက်ဆံအလဟဿ ဖြုန်းတီးလိုက်သလိုမျိုးပဲ ဖြစ်သွားမှာပါ။
ဆောက်လုပ်ရေး ကဏ္ဍကို ရောင်းချလိုက်ရင် အုပ်စုရဲ့ ဘဏ္ဍာရေး အခြေအနေက အနည်းငယ် ကောင်းမွန်လာနိုင်ပေမယ့် ဆုတ်ယုတ်နေတဲ့ အခြေအနေကို ပြန်ပြီး အဖတ်ဆယ်ဖို့တော့ မလုံလောက်ပါဘူး။
GH အုပ်စု ရဲ့ အဓိက မဏ္ဍိုင်ကြီး နှစ်ခုက ရေနံချက်လုပ်ရေးနဲ့ ဆောက်လုပ်ရေးပါ။
GH Oil ရှိနေသေးပေမယ့် စီးပွားရေး နှေးကွေးမှုနဲ့ လျှပ်စစ်ကားတွေ တိုးပွားလာမှုကြောင့် သူ့ရဲ့ အရောင်းပမာဏ ကျဆင်းလာမှာကတော့ ထင်ရှားနေတဲ့ အရာပါ။ ကျုံ့ဝင်နေတဲ့ ဈေးကွက်ကိုယ်တိုင်က ပြဿနာဖြစ်နေတဲ့အပြင်၊ ပြည်တွင်း ဈေးကွက်ဝေစုကလည်း SSK Innovation နဲ့ A-oil တို့ရဲ့ ဖိအားပေးမှုကြောင့် ကျဆင်းနေပါတယ်။
တကယ်လို့ ဘာမှ ပြောင်းလဲမသွားရင်တော့ ပြဿနာ ရှိမှာမဟုတ်ပါဘူး။ သူတို့တွေ လုပ်လက်စအလုပ်တွေကိုပဲ ဆက်လုပ်နေရင် လက်ရှိ အခြေအနေကို ထိန်းထားနိုင်ဦးမှာပါ။ ဒါပေမဲ့ လျင်လျင်မြန်မြန် ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်ထဲမှာ မန်နေဂျာတွေက ဆုံးဖြတ်ချက်အမှားတွေကို ချမှတ်ခဲ့ကြတာကြောင့် အခြေအနေက ဒီလောက်အထိ ဆိုးရွားသွားခဲ့ရတာ ဖြစ်ပါတယ်။
လုပ်ငန်းအခြေအနေတွေ မကောင်းရင်တောင် ရှာဖွေကြည့်ရင် အခွင့်အရေးတွေက အမြဲတမ်း ရှိနေတတ်တာပါ။ ဒါပေမဲ့ တစ်ချိန်က ကောင်းမွန်ခဲ့တဲ့ လုပ်ငန်းတစ်ခုကို အရင်းအနှီးတွေ ဆုံးရှုံးတဲ့အထိ ဖြစ်အောင် ဘယ်လောက်တောင် ဆိုးဆိုးရွားရွား စီမံခန့်ခွဲခဲ့ကြလဲ မသိဘူး။
ဒါတောင်မှ သူတို့က အခုအချိန်အထိ သူတို့ရဲ့ ရာထူးတွေကို ဆုပ်ကိုင်ထားနိုင်ခဲ့တဲ့ တစ်ခုထဲသော အကြောင်းပြချက်ကတော့ သူတို့က ချေဘောတွေ ဖြစ်နေလို့ပါပဲ။
သာမန် ကျွမ်းကျင်မန်နေဂျာတစ်ယောက်သာဆိုရင် အလုပ်ထုတ်ခံရတာ ကြာလောက်ပါပြီ။
CarOS က ထုတ်လုပ်တဲ့ အလိုအလျောက်မောင်းနှင်တဲ့ လျှပ်စစ်ကားတွေက ကမ္ဘာကြီးကို ပြောင်းလဲနှင့်နေပါပြီ။ FaceIt က ထုတ်လုပ်တဲ့ VR လိင်ပိုင်းဆိုင်ရာ ပစ္စည်းတွေက လူကြီးပိုင်း လုပ်ငန်းကဏ္ဍတင်မကဘဲ ချိန်းတွေ့ခြင်းနဲ့ အိမ်ထောင်ရေး ဈေးကွက်ကိုပါ လှုပ်ခါစေခဲ့ပါတယ်။
VRMMORPG တွေက ဂိမ်းလောကတင်မကဘဲ လူတွေရဲ့ လူနေမှုဘဝကိုပါ သက်ရောက်မှု ရှိလာတော့မှာဖြစ်ပြီး၊ Travelling Wave ရေဒီယိုသတ္တိကြွ ဓာတ်ပေါင်းဖိုတွေကလည်း စွမ်းအင်လုပ်ငန်းရဲ့ လမ်းကြောင်းကို ပြောင်းလဲပစ်တော့မှာပါ။
ကျွန်တော် တစ်ယောက်ထဲ ရေရွတ်သလိုမျိုး ပြောလိုက်မိတယ်။
“လူတွေကော၊ ကုမ္ပဏီတွေကော ထာဝရ အသက်ရှင်နိုင်တာ မဟုတ်ဘူး။ ပြောင်းလဲမှုတွေကို ဖတ်ရမယ်၊ ပြီးတော့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်မှ အသက်ရှင်ကျန်ရစ်မှာ။ အဲဒီလို မလုပ်နိုင်ရင်တော့ ပျက်စီးရမှာပဲ။ ဒါက သဘာဝတရားရဲ့ နိယာမပဲ လေ”
ဈေးကွက်ကတော့ GH ဆောက်လုပ်ရေး ကို ရောင်းချမှာကို အပြီးသတ် အတည်ပြုချက်တစ်ခုအနေနဲ့ လက်ခံလိုက်ကြပါပြီ။
ဥက္ကဌ ဂိုဂျင်ကွမ် က ညှိနှိုင်းမှုတွေအတွက် ဖိလစ်ပိုင်ကို လေယာဉ်စီးသွားခဲ့ပေမယ့် ဒေသတွင်း SPC (ကိုယ်စားကုမ္ပဏီ) က ဒေဝါလီခံသွားတာကြောင့် ပိုက်ဆံပြန်ရဖို့က မလွယ်ကူခဲ့ပါဘူး။ စာချုပ်က အစကတည်းက ချို့ယွင်းချက်တွေ ရှိနေခဲ့တာကြောင့် အခြေအနေက ပိုပြီး ရှုပ်ထွေးသွားခဲ့ရတာပါ။
ရင်းနှီးငွေ ဆုံးရှုံးမှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေ တိုးပွားလာတာနဲ့အမျှ ရှယ်ယာဈေးနှုန်းကလည်း နေ့စဉ် သတ်မှတ်ချက်အောက်ဆုံးအထိ ထိုးကျသွားခဲ့တယ်။ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကလည်း သိမ်းပိုက်ဖို့အတွက် အခြေအနေကို အကဲခတ်နေကြပါတယ်။
ကျွန်တော် နေ့လယ်စာစားချိန်မှာ အယ်လီ နဲ့ တွေ့ဆုံခဲ့တယ်။
“'ကြီးလွန်းလို့ မပြိုလဲနိုင်ဘူး' လို့ လူတွေက ပြောကြပေမယ့် အဲဒီလောက်အထိ ကြီးမားတဲ့ ကုမ္ပဏီတစ်ခုတောင် ပျက်စီးသွားနိုင်တာပဲ နော်။ ဒါကို ကြည့်ရင် 'သန်မာတဲ့သူက အသက်ရှင်ကျန်ရစ်တာမဟုတ်ဘဲ အသက်ရှင်ကျန်ရစ်တဲ့သူကမှ သန်မာတာ' ဆိုတဲ့ စကားက မှန်တယ်လို့ ထင်ရတယ်”
“သင့်တော်သူသာ အသက်ရှင်ကျန်ရစ်ခြင်း နိယာမသဘောတရားပါပဲ”
“အဲဒီနိယာမကို ဆင့်ကဲပြောင်းလဲမှုအကြောင်း ရှင်းပြတဲ့အခါ အသုံးများကြပေမယ့် ချားလ်စ် ဒါဝင် ကိုယ်တိုင်က အဲဒီစကားကို ဘယ်တုန်းကမှ မပြောခဲ့ဘူးဆိုတာ နင် သိလား”
“တကယ်လား”
ဒါက ဒါဝင် ပြောခဲ့တဲ့ စကား မဟုတ်ဘူးလား။
ကျွန်တော်တို့ စကားပြောနေတုန်းမှာပဲ မသိတဲ့ ဖုန်းနံပါတ်တစ်ခုဆီကနေ ဖုန်းဝင်လာခဲ့တယ်။ ဘယ်သူလဲဆိုတာကို ကျွန်တော် ပင်ကိုသိစိတ်အရ သိလိုက်ပါတယ်။
ကျွန်တော် ဖုန်းဖြေရမလားလို့ တွန့်ဆုတ်နေတုန်းမှာပဲ အယ်လီ က ပြောလာတယ်။
“ရပါတယ်၊ ဖုန်းကို ကိုင်လိုက်ပါ”
“အိုကေ”
ကျွန်တော် ဖုန်းလက်ခံတဲ့ ခလုတ်ကို နှိပ်လိုက်တယ်။
“ဟယ်လို”
ခဏလောက် ငြိမ်သွားပြီးမှ အသံတစ်ခု ထွက်ပေါ်လာတယ်။
[နေကောင်းလား... ငါပါ]
ကျွန်တော် မျှော်လင့်ထားတဲ့အတိုင်းပါပဲ။
သူ့ရဲ့ အသံကို ကြားလိုက်ရတဲ့ ခဏမှာပဲ အတိတ်က အမှတ်တရတွေက ပြန်လည် ထွက်ပေါ်လာခဲ့တယ်။ ကျွန်တော်တို့ အချိန်အကြာကြီး တွဲခဲ့ကြတာ မဟုတ်ပေမယ့် အခု ပြန်တွေးကြည့်ရင်တော့ အဲဒီအမှတ်တရတွေက ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာ အချိန်တွေ ဖြစ်ခဲ့တာပါ။
“ဘာကိစ္စရှိလို့လဲ”
[အချိန်ရရင်... ငါတို့ ခဏလောက် တွေ့လို့ရမလား]
ကျွန်တော်တို့ နောက်ဆုံး ဆုံခဲ့ကြတာက သူ အိမ်ထောင်မပြုခင်တုန်းက ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး အချစ်က အခုတော့ တခြားအမျိုးသားတစ်ယောက်ရဲ့ ဇနီးဖြစ်နေခဲ့ပြီး မိခင်တစ်ယောက်လည်း ဖြစ်နေခဲ့ပါပြီ။
ဒါက လူတိုင်းမှာ ကြုံတွေ့ရလေ့ရှိတဲ့ သာမန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။
သူ ဘာအကြောင်းအရာတွေကို ပြောချင်နေလဲဆိုတာ ကျွန်တော် သိပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ အဖြေက ဘာဖြစ်မလဲဆိုတာကိုလည်း သူ သိနေလောက်မှာပါ။
ဒါတောင်မှ သူက ဒီလိုမျိုး ဆက်သွယ်လာခဲ့တာက မျှော်လင့်ချက် အလင်းတန်းလေး တစ်ခုခုကို ဆုပ်ကိုင်ချင်နေသေးလို့ ဖြစ်မှာပါ။
ကျွန်တော် ပြတ်ပြတ်သားသားပဲ ငြင်းလိုက်တယ်။
“တွေ့ဖို့ မဖြစ်နိုင်ပါဘူး။ ဒီရက်ပိုင်း ငါ တော်တော်လေး အလုပ်ရှုပ်နေလို့ တွေ့နိုင်မယ် မထင်ဘူး”
တအောင့်လောက်နေမှ ပြန်ဖြေသံ ထွက်ပေါ်လာခဲ့တယ်။
[...အင်း၊ ဟုတ်ကဲ့ပါ]
ကျွန်တော် ရိုးရိုးသားသားပဲ ပြောလိုက်မိတယ်။
“ဂရုစိုက်ပါ”
[နင်လည်း ဂရုစိုက်ပါ]
ဖုန်းချပြီးတဲ့နောက် အယ်လီ က မေးလာတယ်။
“သူနဲ့ မတွေ့လို့ တကယ်ပဲ အဆင်ပြေရဲ့လား”
“ယွန်ဆွန်းအာ အတွက်လည်း ဒီလိုမျိုး မတွေ့ဖြစ်တာက ပိုပြီးတော့ ကောင်းပါတယ်”
အယ်လီ က ကျွန်တော့်ကို ကြည့်ပြီး ပြုံးလိုက်တယ်။
“နင် သိလား”
“ဘာကိုလဲ”
“ဂျင်ဟူ က တကယ်ကို ကြင်နာတတ်တဲ့သူပဲ၊ ပြီးတော့ ငါက ဂျင်ဟူ ရဲ့ အဲဒီလို ပုံစံမျိုးကို သဘောကျတာ”
“အာ... ကျေးဇူးတင်ပါတယ်”
ကျွန်တော် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားမိတာကြောင့် မလိုအပ်ဘဲ ပါးကို ကုတ်လိုက်မိတယ်။
အယ်လီ က လက်ခုပ်တီးလိုက်ရင်း ပြောလာတယ်။
“ကဲ... ဒါဆိုရင် ငါတို့ နေ့လယ်စာစားဖို့ ဘယ်နေရာကို သွားကြမလဲ”