အခန်း ၃၆၂
Vol. 37 Ch. 362
အခန်း (၃၆၂)
အမေရိကန် သမ္မတ ရိုနယ်စတန်ပါ က ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးပွဲအတွက် တောင်ကိုရီးယားနိုင်ငံဆီ နှစ်ရက်ကြာ လာရောက်လည်ပတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူ က သမ္မတ ဟိုချန်မင်း နဲ့ တွေ့ဆုံပြီး စီးပွားရေး၊ ကိုရီးယားအခြေစိုက် အမေရိကန်တပ်ဖွဲ့တွေကိစ္စနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ် စတဲ့ ဆွေးနွေးညှိနှိုင်းရမယ့် ကိစ္စရပ်တွေကို ဆွေးနွေးဖို့ စီစဉ်ထားတာပါ။ ထူးထူးခြားခြားပဲ သူ့ရဲ့ ခရီးစဉ်အချိန်ဇယားထဲမှာ ဂိမ်းကုမ္ပဏီတွေနဲ့ တွေ့ဆုံဖို့ပါ ပါဝင်နေခဲ့တယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တစ်ယောက်က မေးမြန်းတဲ့အခါ ရိုနယ် က အခုလို ပြန်ဖြေခဲ့တယ်။
"ကိုရီးယားမှာ ထူးချွန်တဲ့ ဂိမ်းကုမ္ပဏီတွေ အများကြီး ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီကုမ္ပဏီတွေအတွက် နည်းလမ်းမျိုးစုံနဲ့ ကူညီပံ့ပိုးပေးဖို့ ပြင်ဆင်ထားပါတယ်"
ကိုရီးယား ဂိမ်းကုမ္ပဏီတွေကို အမေရိကန်ဆီ ဆွဲဆောင်ဖို့ ရည်ရွယ်ချက်ရှိကြောင်း အမေရိကန်သမ္မတက ထုတ်ဖော်ပြောကြားလိုက်တာကြောင့် အစိုးရအပေါ် ဝေဖန်မှုတွေက တစ်ကျော့ပြန် ပြင်းထန်လာခဲ့တယ်။
-ဟားဟား၊ ဝန်ကြီး ရှင်ဂျွန်မီ ကတော့ ဂိမ်းလုပ်ငန်းတစ်ခုလုံးကို လုံးဝ ဖျက်ဆီးပစ်လိုက်ပြီပဲ။ တကယ်ကို အံ့ဩဖို့ကောင်းတယ်။ လုံးဝကို ချီးကျူးမိပါတယ်။
-အွတ်... (လေချဉ်တက်သံ) ကိုရီးယားဂိမ်းတွေကို ဖျက်ဆီးပစ်လိုက်တာ တော်လိုက်တာ။
-ရှင်ဂျွန်မီ ကို ရာထူးခန့်အပ်ခဲ့တဲ့ ဟိုချန်မင်း တစ်ယောက် ခေါင်းငုံ့ တောင်းပန်ပြီး နောင်တရသင့်တယ်။
-ဂိမ်းကန့်သတ်ချက်ဥပဒေကြမ်းကို လွတ်လပ်သောပြည်သူများပါတီ က လွှတ်တော်အမတ်တွေလည်း ပူးတွဲတင်ပြခဲ့ကြတာပဲ၊ မင်းတို့က ဘာတွေကို လာပြောနေတာလဲ။
-ကျွန်တော်က ဟိုချန်မင်း ကို ထောက်ခံပေမယ့် ဒီတစ်ကြိမ်မှာတော့ နိုင်ငံရေးသစ်ပါတီ ရဲ့ အမှားက ပိုများတာ အမှန်ပဲ။
-ငရဲပြည် ဂျိုဆွန်း (ငရဲကဲ့သိုကိုရီးယား) ထဲက အမျိုးသမီး၊မိသားစုနှင့် တန်းတူညီမျှရေးဝန်ကြီးဌာနနဲ့ ရန်ဖြစ်နေမယ့်အစား အမေရိကန်ကို သွားတာကမှ ပိုကောင်းဦးမယ်။
-ဒါနဲ့၊ ရိုနယ် က ရောက်ရောက်ချင်းမှာပဲ ကန်ဂျင်ဟူ နဲ့ အရင်ဆုံး တွေ့မယ်လို့ ကြားတယ်။
-ဟာ... ဒါဆိုရင် သမ္မတကိုကော ဘယ်တော့တွေ့မှာလဲ။
-ကန်ဂျင်ဟူ က သမ္မတထက် အရင်လာတာလေ။ သမ္မတတွေက ၅ နှစ်တစ်ကြိမ် ပြောင်းလဲနေမှာဖြစ်ပေမယ့် ကန်ဂျင်ဟူ ရဲ့ ပိုက်ဆံတွေကတော့ ဆက်ပြီး တိုးပွားနေဦးမှာပဲ။
-သူတို့က 'မဟာငလျင်ကြီး' (Big One) အပြီးမှာ တကယ့် ရဲဘော်ရဲဘက်တွေ ဖြစ်သွားကြတာ မဟုတ်ဘူးလား။ နိုဘယ်ငြိမ်းချမ်းရေးဆုကိုတောင် အတူတူ ရခဲ့ကြသေးတာပဲလေ။
သမ္မတ ရိုနယ် က ထိပ်သီးအစည်းအဝေးမတိုင်ခင် တစ်ရက်အလိုမှာ ကိုရီးယားကို ရောက်ရှိလာခဲ့တယ်။
ကျွန်တော် သူတည်းခိုနေတဲ့ ဟိုတယ်ဆီကို ကားမောင်းပြီး သွားခဲ့တယ်။ ပြီးခဲ့တဲ့တစ်ကြိမ်တုန်းကလိုပဲ သူ က နမ်ဆန်မှာရှိတဲ့ အမေရိကန်ဟိုတယ်လုပ်ငန်းစုတစ်ခုဖြစ်တဲ့ ဆီလွန်ဟိုတယ် မှာ တည်းခိုနေတာပါ။
ရိုနယ် က ကျွန်တော့်ကို မြင်မြင်ချင်းမှာပဲ ပြုံးရွှင်စွာနဲ့ ဖက်လဲတကင်း နှုတ်ဆက်လာခဲ့တယ်။
"မင်းကို ပြန်တွေ့ရတာ ဝမ်းသာပါတယ်"
"ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက နော်ဝေမှာ ဆုံခဲ့ပြီးနောက်ပိုင်း ဒါက ပထမဆုံးအကြိမ် ပြန်ဆုံတာပဲ။ နေကောင်းတယ်မလား"
ကျွန်တော်တို့ နောက်ဆုံးဆုံခဲ့တာ လအနည်းငယ်ပဲ ရှိပါသေးတယ်။ ပြန်စဉ်းစားကြည့်ရင် အမေရိကန်သမ္မတနဲ့ ဒီလောက်အထိ မကြာမကြာ တွေ့ဆုံခွင့်ရနေတာက တကယ်ကို ကြီးမားတဲ့ အခွင့်ထူးတစ်ခု ဖြစ်မှာပါ။
ရိုနယ် က ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံမျိုးနဲ့ ဆိုဖာပေါ်မှာ ထိုင်လိုက်ရင်း ပြောတယ်။
"ဒီရက်ပိုင်း ငါ့ခန္ဓာကိုယ်က အရင်လို မဟုတ်တော့ဘူး။ ငယ်ငယ်တုန်းကဆိုရင် ညလုံးပေါက် အလုပ်လုပ်လည်း ဘာမှမဖြစ်ဘူး"
"ကမ္ဘာ့ဩဇာအရှိဆုံး နိုင်ငံရဲ့ သမ္မတတောင်မှ အသက်ကြီးလာတာကိုတော့ တားဆီးနိုင်ပုံမရဘူး နော်"
ကျွန်တော့်စကားကြောင့် ရိုနယ် က သက်ပြင်းချသလိုမျိုး ပြုံးလိုက်ပြီး ပြောတယ်။
"မင်းက ငယ်သေးတော့ အခုအချိန်မှာ နားမလည်နိုင်သေးပေမယ့် နောက်ကျရင် သိလာလိမ့်မယ်။ ပိုက်ဆံတွေ ဘယ်လောက်ပဲ ရှိရှိ အသက်ကြီးလာတာကိုတော့ ရှောင်လွှဲလို့မရဘူး ဆိုတာကိုပေါ့"
တကယ်ပဲ ကျွန်တော် အခုအချိန်အထိတော့ ဒါကို သေသေချာချာ နားမလည်သေးပါဘူး။
ကျွန်တော်တို့ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြပြီး နောက်ဆုံးဆုံခဲ့ပြီးကတည်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို စကားစမြည် ပြောဖြစ်ခဲ့ကြတယ်။
"ကိုရီးယားအစိုးရနဲ့ အဆင်ပြေရဲ့လား။ သိပ်မကြာသေးခင်က မင်းတို့အကြား ကိစ္စတော်တော်များများမှာ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ ငါကြားတယ်"
"ကောင်းလည်းမကောင်းသလို ဆိုးလည်းမဆိုးပါဘူး"
"ကိုရီးယားသမ္မတက မင်းကို အဝေးကနေပဲ စောင့်ကြည့်နေတယ်လို့ ကြားမိတယ်"
"အာ... အဲဒါက အနီးကပ် ရှိနေတာထက်စာရင် အဆ ၁၀၀ မက ပိုကောင်းပါတယ်"
အာဏာနဲ့ ပိုက်ဆံဆိုတာ သင့်တော်တဲ့ အကွာအဝေးတစ်ခုမှာပဲ ရှိနေသင့်ပါတယ်။ သိပ်လည်း မနီးစပ်ရသလို၊ သိပ်လည်း မဝေးကွာရပါဘူး။ နှစ်ဖက်စလုံးက အကွာအဝေးတစ်ခုကို ထိန်းထားတာက ပိုပြီးတော့ အဆင်ပြေပါတယ်။
ကိုရီးယားက အစိုးရ ဦးဆောင်တဲ့ စီမံကိန်းစီးပွားရေး စနစ်ကနေတစ်ဆင့် ကြီးထွားလာခဲ့တာမလို့ နိုင်ငံရေးနဲ့ စီးပွားရေး ပူးပေါင်းပတ်သက်မှု ဆိုတဲ့ နာတာရှည် ပြဿနာကြီးက ကိုရီးယားမှာ ရှိနေခဲ့တာပါ။
ကုမ္ပဏီတွေက နိုင်ငံရေးသမားတွေကို ရိုးရာပွဲတော် လက်ဆောင်အဖြစ် ဟန်ဆောင်ပြီး ဝမ်တစ်သောင်းတန် အပြည့်ထည့်ထားတဲ့ ပန်းသီးသေတ္တာတွေ ပေးတာက သာမန်ကိစ္စတစ်ခုလို ဖြစ်နေတာလေ။ ငွေသားသေတ္တာတွေကို ကုန်တင်ကားပေါ် တင်ပေးပြီး သော့ကို ဒီအတိုင်း လွှဲပေးလိုက်တဲ့ "ကားအစီးလိုက်ပေးစနစ်" ဆိုတာမျိုးတွေတောင် ရှိခဲ့ဖူးပါတယ်။
ဒါတွေက အတိတ်က ဖြစ်ခဲ့တာဆိုရင်တော့ သိပ်ကိစ္စမရှိလှပေမယ့် ၂၁ ရာစုအထိ ဒီလိုမျိုး အလားတူကိစ္စတွေ ဖြစ်ပွားနေဆဲဆိုတာကတော့ ရှက်စရာကောင်းလှပါတယ်။ အရင်ကထက်စာရင် တော်တော်လေး တိုးတက်ပြောင်းလဲလာခဲ့ပြီ ဆိုပေမယ့်ပေါ့လေ။
"မင်း နိုင်ငံရေးထဲ ဝင်ဖို့ စဉ်းစားဖူးလား"
"မစဉ်းစားပါဘူး"
ရိုနယ် က တဟားဟား ရယ်မောလိုက်ပြီး ပြောတယ်။
"နိုင်ငံရေးထဲ မဝင်ဘူးလို့ ပြောတဲ့လူတွေကပဲ နောက်ပိုင်းကျရင် တစ်ခုခုအတွက် ဝင်ပြိုင်တတ်ကြတာပဲ လေ"
ကျွန်တော်လည်း လိုက်ပြီး ပြုံးလိုက်ရင်း ပြောလိုက်တယ်။
"အဲလိုမျိုးလည်း ဖြစ်သွားနိုင်တာပဲ"
ကျွန်တော်က အခုမှ အသက် ၂၀ ကျော်ပဲ ရှိသေးတာပါ။ အခုအချိန်မှာ နိုင်ငံရေးထဲ ဝင်ဖို့ လုံးဝ ရည်ရွယ်ချက်မရှိဘူးဆိုရင်တောင် အသက်ကြီးလာတဲ့အခါ ကျွန်တော့်ရဲ့ အတွေးအမြင်တွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။
"မင်းလည်း သိပြီးသားဖြစ်မှာပေမယ့်၊ အမေရိကန်အတွင်းမှာ OTK Company ကို ထိန်းချုပ်ဖို့ တောင်းဆိုတဲ့ အသံတွေက တဖြည်းဖြည်း ကျယ်လောင်လာနေပြီ"
အကြောင်းပြချက်ကတော့ OTK Company က အလိုအလျောက်မောင်းနှင်မှုနဲ့ ဘတ္ထရီနည်းပညာကို လက်နက်အဖြစ်သုံးပြီး မော်တော်ကားဈေးကွက်ကို လွှမ်းမိုးထားလို့ပါ။
ကျွမ်းကျင်သူတွေအပြောက မိုက်ခရိုဆော့ဖ် က ကွန်ပျူတာ OS ကို ၊ ဂူဂဲလ် က အင်တာနက် ရှာဖွေမှုကို ၊ အမေဇုန် က အွန်လိုင်း ကူးသန်းရောင်းဝယ်ရေးကို၊ ဖေ့စ်ဘွတ်ခ် က လူမှုကွန်ရက်ကို လွှမ်းမိုးခဲ့သလိုမျိုးပဲ၊ OTK Company ကလည်း CarOS ကနေတစ်ဆင့် မော်တော်ကားစျေးကွက် တစ်ခုလုံးကို လွှမ်းမိုးသွားမှာကို စိုးရိမ်နေကြတာပါ။
အခုအချိန်အထိတော့ ဈေးကွက်တစ်ခုလုံးကို ထိခိုက်တဲ့အဆင့်အထိ မရောက်သေးပေမယ့် အလိုအလျောက်မောင်းနှင်တဲ့ လျှပ်စစ်ကားတွေ တိုးပွားလာတာနဲ့အမျှ စျေးကွက်လက်ဝါးကြီးအုပ်မှု အပေါ် အငြင်းပွားမှုတွေက ပိုပြီးတော့ ကြီးထွားလာမှာကတော့ မလွဲဧကန်ပါပဲ။
"နိုင်ငံရေးလောကမှာ OTK Companyကို ထိန်းချုပ်ဖို့ကိစ္စက အဓိက ပြဿနာတစ်ခု မဖြစ်သေးတာက မင်းက 'မဟာငလျင်ကြီး' (Big One) တုန်းက အမေရိကန်ကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်နေလို့ပဲ။ ပြီးတော့ CarOS က GM နဲ့ Ford တို့နဲ့လည်း ပူးပေါင်းလုပ်ဆောင်နေတာ ရှိတာလည်းပါတယ်။ ဒါပေမဲ့ မီဒီယာတွေကတော့ မင်းမှာ ပိုက်ဆံတွေ အလွန်အကျွံ ရှိနေတယ်ဆိုတာကိုပဲ ဆက်တိုက် ထောက်ပြနေကြတာကွ"
တိတိကျကျ ပြောရရင်တော့ ကျွန်တော့်မှာ အဲဒီပိုက်ဆံတွေ တိုက်ရိုက် ရှိနေတာ မဟုတ်ပါဘူး။ ဒါက လူတွေက ကျွန်တော် ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတန်ဖိုးတွေကို တွက်ချက်ထားကြတာ သက်သက်ပါ။
ဒါပေမဲ့လည်း အဲဒီတန်ဖိုး တွက်ချက်မှုက အလွန်အကျွံ မြင့်မားနေတာကတော့ အမှန်ပါပဲ။ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်တဲ့ အမေဇုန်ရဲ့ စီအီးအို ဂျိတ်ဘိုင်ရွန် နဲ့ နှိုင်းယှဉ်ရင်တောင် အဆ ၈ ဆမက ကွာဟနေတာပါ။
လူသားသမိုင်းမှာ တစ်ခါမှမရှိခဲ့ဖူးတဲ့ စည်းစိမ်ဥစ္စာတွေက ကျွန်တော့်လက်ထဲမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။
ရိုနယ် က ပေါ့ပေါ့ပါးပါးပဲ မေးလာခဲ့တယ်။
"မင်း အမေရိကန် နိုင်ငံသားဖြစ်ဖို့ စဉ်းစားဖူးလား"
တကယ်တော့ ဒါက ကျွန်တော် လုံးဝ မစဉ်းစားဖူးတဲ့ အရာတော့ မဟုတ်ပါဘူး။ အခုအချိန်မှာတောင် ကျွန်တော်က "ဆံပင်အမည်းရောင်နဲ့ အမေရိကန်လူမျိုး" လို့ ဝေဖန်ခံနေရတာပဲ လေ။
"ကျွန်တော် စဉ်းစားကြည့်ပါ့မယ်"
ကိုရီးယားမှာ နှစ်ရက်တာ ခရီးစဉ်ကို အဆုံးသတ်ပြီးနောက် သမ္မတ ရိုနယ် က ဂျပန်နိုင်ငံဆီ ထွက်ခွာသွားခဲ့တယ်။ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ လုံးဝ ရှုံးနိမ့်သွားခဲ့တဲ့ တရုတ်နိုင်ငံနဲ့မတူဘဲ ဂျပန်ရဲ့ အခြေအနေကတော့ အခုထက်ထိ အကြပ်အတည်း ဆက်ဖြစ်နေဆဲပါ။
ဝန်ကြီးချုပ် အိုကာဇာကီ က ရွေးကောက်ပွဲမှာ မနည်း ပြန်လည်အနိုင်ရရှိခဲ့ပေမယ့် သူ့ရဲ့ အာဏာအခြေခံကတော့ အရင်ကထက်စာရင် တော်တော်လေး အားနည်းသွားခဲ့ပါပြီ။ ရိုနယ် က ဂျပန်ဆီကနေ အကျိုးအမြတ်တွေ အများဆုံးရအောင် ဖိအားပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါက ကိုယ့်ရဲ့ပါတီ အတွင်းမှာတင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ် အိုကာဇာကီ အတွက်တော့ ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်လာမှာပါ။
ကျွန်တော် ရုံးမှာ ဘာမှလုပ်စရာမရှိဘဲ လျှောက်သွားနေတုန်း တက်ဂယူ က ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်ရင်း ပြောလာတယ်။
"ဒါက နည်းနည်း အလွန်အကျွံ ဖြစ်နေတယ်လို့မထင်ဘူးလား"
"နည်းနည်းတင်မကဘူး၊ တော်တော်လေးကို အလွန်အကျွံ ဖြစ်နေတာ"
ရာသီဥတု သာယာတဲ့ရက်တွေဆိုရင် ဂန်နမ် ဧရိယာရဲ့ မြင်ကွင်းကို သေသေချာချာ မြင်ရတတ်ပေမယ့် အခုတော့ ဝေဝါးနေတဲ့ ဖုန်မှုန့်တွေကြောင့် လမ်းတွေကိုတောင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ပါဘူး။
အဆောက်အဦးတစ်ခုလုံး မြူနှင်းတွေထဲ နစ်မြုပ်နေသလိုမျိုး ခံစားရပါတယ်။ နေ့ခင်းကြောင်တောင်ကြီး ဖြစ်နေတာတောင် ကားတွေက မီးဖွင့်ပြီး မောင်းနှင်နေကြရတယ်။ ဝန်ထမ်းတွေအကုန်လုံးက နှာခေါင်းစည်းတွေ တပ်ဆင်ပြီး ရုံးတက်လာကြပြီး၊ အဆောက်အဦးအတွင်းက လေထုသန့်စင်စက်တွေကလည်း အပြင်းအထန် လည်ပတ်နေကြတာပါ။
"တရုတ်နိုင်ငံလုပ် ဖုန်မှုန့်တွေက နေ့တိုင်းလိုလို ဝင်ရောက်နေတာပဲ။ ငါတို့ တရုတ်ကို တစ်ခုခု သွားပြောသင့်တာ မဟုတ်ဘူးလား"
"ပြောတော့ ပြောခဲ့တာပဲလေ။ ဒါပေမဲ့ သူတို့ကမှ နားမထောင်ပဲ"
တရုတ်က ဒီဖုန်မှုန့်တွေက သူတို့ကြောင့် မဟုတ်ပါဘူးဆိုပြီး လုံးဝ ငြင်းဆိုကာ အပြစ်မရှိသလိုမျိုး ပြုမူနေခဲ့ကြတာပါ။ ဒါပေမဲ့ ကိုရီးယားဘက်က ပူးတွဲစုံစမ်းစစ်ဆေးဖို့ ကမ်းလှမ်းတဲ့အခါကျတော့လည်း သူတို့က ပြတ်ပြတ်သားသားပဲ ငြင်းပယ်ခဲ့ကြတယ်။
ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုအရ တရုတ်ရဲ့ အမှားဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ရင်တောင် ဒီပြဿနာကို ဖြေရှင်းဖို့ သင့်တော်တဲ့ နည်းလမ်းကတော့ မရှိပါဘူး။ ပြီးတော့ အံ့ဩစရာကောင်းတာက တရုတ်ကလည်း သူတို့နည်းသူတို့ဟန်နဲ့တော့ ကြိုးစားနေတာ ရှိပါတယ်။
"ကိုရီးယားက တရုတ်ရဲ့ ဖုန်မှုန့်တွေကြောင့် ဒီလောက်အထိ ခံစားနေရရင် တရုတ်ပြည်တွင်းထဲမှာဆိုရင် အခြေအနေက ဘယ်လောက်တောင် ဆိုးရွားလိုက်မလဲ"
ရေ ဒါမှမဟုတ် အစားအသောက်တွေ ညစ်ညမ်းသွားရင်တော့ တခြားအစားထိုးပစ္စည်းတွေကို ဝယ်ယူလို့ ရနိုင်ပေမယ့် လေထုကိုတော့ အဲဒီလိုမျိုး လုပ်လို့မရပါဘူး။
အတိုချုပ်ပြောရရင်တော့ သူဌေးပဲဖြစ်ဖြစ်၊ ကွန်မြူနစ်ပါတီရဲ့ ရာထူးကြီးအရာရှိပဲဖြစ်ဖြစ်၊ သာမန်ပြည်သူပဲဖြစ်ဖြစ် အားလုံးက တူညီတဲ့ လေထုကိုပဲ ရှူရှိုက်ကြရတာပါ။ ဒါကြောင့်မလို့ ကွန်မြူနစ်ပါတီကိုယ်တိုင်ကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စရပ်တွေနဲ့ပတ်သက်ရင် သူတို့ရဲ့ အသက်ရှင်သန်ရေးအတွက် အစွမ်းကုန် ကြိုးစားနေကြတာ ဖြစ်ပါတယ်။
"တရုတ်တွေဘက်က သန့်ရှင်းတဲ့ စွမ်းအင်တွေသုံးစွဲတာကို ပိုပြီး တိုးမြှင့်လိုက်ရုံနဲ့ရတာပဲလေ"
"တရုတ်တွေက ဘာမှမလုပ်ဘဲ ထိုင်နေတာလို့ မင်းထင်နေတာလား"
တရုတ်က သန့်ရှင်းတဲ့ စွမ်းအင်အပေါ် စိတ်ဝင်စားမှု မရှိဘူးလို့ ထင်ရပေမယ့် အဲဒါက တကယ်ကို ကြီးမားတဲ့ အထင်လွဲမှုတစ်ခုပါ။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ တရုတ်အစိုးရက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍကို တိုးမြှင့်ဖို့အတွက် မြောက်မြားစွာသော ထောက်ပံ့ကြေးတွေကို ပုံအောပေးခဲ့တယ်။ ဆက်စပ်ကုမ္ပဏီတွေက မှိုလိုပေါက်အောင် ထွက်ပေါ်လာခဲ့ပြီး၊ ဆိုလာပြားတွေကို သဲကန္တာရထဲမှာ မြက်ခင်းပြင်ကြီးလိုမျိုး ဖြန့်ခင်းထားခဲ့ကြသလို၊ လေအားလျှပ်စစ် တာဘိုင်တွေကလည်း တောင်တန်းတွေပေါ်မှာ ပြည့်နှက်နေခဲ့တာပါ။
ဒါပေမဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို ဘယ်လောက်ပဲ တိုးမြှင့်ပါစေ တရုတ်နိုင်ငံ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား ပမာဏကိုတော့ လုံးဝ လုံလောက်အောင်မဖြည့်ဆည်းပေးနိုင်ပါဘူး။
"တရုတ်က သူ့ရဲ့ စွမ်းအင်ဖွဲ့စည်းပုံမှာကိုက အခြေခံကျတဲ့ ပြဿနာ ရှိနေတာ"
ခေတ်သစ်လူ့အဖွဲ့အစည်းမှာ စွမ်းအင်ဆိုတာ နိုင်ငံတစ်ခုရဲ့ အခြေခံအုတ်မြစ်ပါ။ ဒါကြောင့်မလို့ အင်အားကြီးနိုင်ငံတွေက စွမ်းအင်ရရှိဖို့အတွက် အကြီးအကျယ် ကြိုးပမ်းခဲ့ကြတာလေ။
ဆီနဲ့ သဘာဝဂတ်စ်တွေ ကြွယ်ဝတဲ့ ရုရှားကတော့ စွမ်းအင်အတွက် ဘယ်တော့မှ စိတ်ပူစရာမလိုခဲ့ပါဘူး။ အမေရိကန်ကတော့ ရှေးလ်တော်လှန်ရေး မတိုင်ခင်တုန်းက အရှေ့အလယ်ပိုင်းရဲ့ ရေနံကို တည်တည်ငြိမ်ငြိမ် ရရှိဖို့ ကြိုးစားခဲ့ရပေမယ့်၊ ရှေးလ်တော်လှန်ရေး ပြီးတဲ့နောက်မှာတော့ ကိုယ့်အတွက် စွမ်းအင်ဖူလုံသွားခဲ့ရုံတင်မကဘဲ ပြည်ပကိုပါ တင်ပို့နိုင်တဲ့ နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။
ဒါပေမဲ့ တရုတ်ကတော့ အခုအချိန်အထိ စွမ်းအင်အများစုကို ပြည်ပကနေ တင်သွင်းမှုအပေါ်မှာပဲ အမှီပြုနေရတုန်းပါ။ စွမ်းအင်ဖူလုံမှုကို တိုးမြှင့်ဖို့အတွက် သူတို့က အနီးအနားက ရေပြင်တွေမှာ ရှာဖွေတူးဖော်မှုတွေကို တိုးမြှင့်ခဲ့ပြီး ရေနံနဲ့ ဂတ်စ်ထုတ်လုပ်မှုမှာ အောင်မြင်မှုတချို့ ရရှိခဲ့ပေမယ့် စွမ်းအင်သုံးစွဲမှု တိုးတက်လာတာနဲ့ နှိုင်းယှဉ်ရင်တော့ လုံးဝကို မလုံလောက်ပါဘူး။
သူတို့မှာ အပေါများဆုံး စွမ်းအင်အရင်းအမြစ်က ကျောက်မီးသွေး ဖြစ်ပါတယ်။ ဒါကြောင့်မလို့ သူတို့က ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အများအပြား တည်ဆောက်ခဲ့ကြပြီး၊ စက်ရုံတွေကို ကျောက်မီးသွေးနဲ့ လည်ပတ်စေခဲ့သလို၊ လူနေအိမ်တွေရဲ့ အပူပေးစနစ်အတွက်ပါ ကျောက်မီးသွေးကို သုံးခဲ့ကြတယ်။ အဲလိုလုပ်ခဲ့တာရဲ့ ရလဒ်ကတော့ ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားတဲ့ ဖုန်မှုန့်တွေပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့အနေနဲ့ ဓာတ်အားပေးစက်ရုံတွေနဲ့ စက်ရုံတွေကို ဒီအတိုင်း ပိတ်ပစ်လိုက်လို့တော့ မရပါဘူး။
ဒါကြောင့်မလို့ သူတို့ နောက်ဆုံး ဦးတည်ဖြစ်တာကတော့ နျူကလီးယားစွမ်းအင်ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တရုတ်မှာ နျူကလီးယား ဓာတ်ပေါင်းဖို ၁၅ ခုကို တည်ဆောက်နေပြီး၊ နောက်ပိုင်းမှာ နောက်ထပ် အခု ၄၀ ကို ထပ်မံတည်ဆောက်ဖို့ စီစဉ်ထားပါတယ်။
ဒါပေမဲ့ အဲဒီနျူကလီးယားစက်ရုံ အများစုက အရှေ့ဘက်ကမ်းရိုးတန်းမှာပဲ စုပြုံနေခဲ့တာပါ။ တချို့ဓာတ်ပေါင်းဖိုတွေဆိုရင် ကိုရီးယားနဲ့ တကယ်ကို နီးကပ်လှတဲ့ ရှန်ဒေါင်း ကျွန်းဆွယ်ပေါ်မှာ တည်ဆောက်နေတာ ဖြစ်ပါတယ်။
"ဘာဖြစ်လို့ အဲဒီနေရာမှာ သွားတည်ဆောက်ကြတာလဲ"
"ဓာတ်ပေါင်းဖိုတွေကို အအေးခံဖို့အတွက် အအေးခံရေ အလွယ်တကူ ရနိုင်တဲ့ ကမ်းရိုးတန်းနားမှာ နျူကလီးယားစက်ရုံတွေကို တည်ဆောက်တာက သဘာဝကျတာပဲ လေ။ ပြီးတော့ တရုတ်ရဲ့ ကမ်းရိုးတန်းမြို့တွေက ဖွံ့ဖြိုးတိုးတက်တာမလို့ စက်မှုဇုန်တွေကလည်း အဲဒီနားမှာပဲ စုပြုံနေကြတာ"
နျူကလီးယားစက်ရုံတွေနဲ့ စက်မှုဇုန်တွေက နီးနီးကပ်ကပ် ရှိနေတာက ပိုပြီးတော့ အဆင်ပြေပါတယ်။ ကိုရီးယားမှာလည်း လျှပ်စစ်ဓာတ်အား အများကြီးလိုအပ်တဲ့ သံမဏိစက်ရုံတွေနဲ့ သင်္ဘောကျင်းတွေက နျူကလီးယားစက်ရုံတွေနဲ့ နီးကပ်တဲ့နေရာမှာ တည်ရှိနေကြတာပါ။
"တကယ်လို့ အဲဒီမှာ မတော်တဆမှုတစ်ခုခု ဖြစ်သွားရင် ငါတို့ပါ သေကုန်ကြမှာ မဟုတ်ဘူးလား"
"မတော်တဆမှုကတော့ ဖြစ်လာမှာ မဟုတ်ပါဘူး"
"ဒါပေမဲ့ အဲဒီဓာတ်ပေါင်းဖိုတွေက Made in Chinaတရုတ်လုပ် တွေလေ"
"ဒီခေတ်မှာ တရုတ်လုပ်တွေကလည်း တော်တော်လေး ကောင်းမွန်နေပါပြီ။ ပြီးတော့ သူတို့က အရူးတွေမှ မဟုတ်တာ၊ နျူကလီးယားစက်ရုံတွေကိုတော့ ပေါ့ပေါ့ဆဆ တည်ဆောက်ကြမှာ မဟုတ်ပါဘူး"
နျူကလီးယား မတော်တဆမှုတစ်ခုက အရမ်းကြီးမားတဲ့ အပျက်အစီးတွေကို ဖြစ်ပေါ်စေပါတယ်။ ဖူကူရှီးမား မတော်တဆမှုကိုပဲ ကြည့်ပါ။ ဂျပန်ဖြစ်လို့သာ ဒီလောက်အထိ တောင့်ခံနိုင်ခဲ့တာပါ၊ တခြားနိုင်ငံရဲ့ စီးပွားရေးသာဆိုရင်တော့ ပြိုလဲသွားခဲ့ပြီးသား ဖြစ်လောက်ပါပြီ။
တကယ်လို့ တရုတ်ရဲ့ နျူကလီးယားစက်ရုံတစ်ခု ပေါက်ကွဲပြီး ကိုရီးယားကို ထိခိုက်စေမယ်ဆိုရင် တရုတ်ပြည်မကြီး ကိုယ်တိုင်ကလည်း တကယ့် ရေဒီယိုသတ္တိကြွ ငရဲဘုံကြီး ဖြစ်သွားမှာ သေချာပါတယ်။
ဆယ်စုနှစ်တွေအတွင်းမှာ ကမ္ဘာတစ်ဝန်းလုံးမှာ ကြီးမားတဲ့ နျူကလီးယား မတော်တဆမှု ၃ ခုပဲ ဖြစ်ပွားခဲ့ဖူးပါတယ်။ ပြီးတော့ အဲဒီမတော်တဆမှုတွေဆီကနေ ရရှိခဲ့တဲ့ သင်ခန်းစာတွေကြောင့် ဘေးကင်းလုံခြုံရေး အစီအမံတွေကို ပိုပြီးတော့ တင်းကြပ်ထားခဲ့ကြတာပါ။
တက်ဂယူ က ခေါင်းကို စောင်းလိုက်ရင်း မေးတယ်။
"ဒါပေမဲ့ အဲလိုမျိုး ပြောတယ်ဆိုကတည်းက မတော်တဆမှုတွေက ဖြစ်ပွားနိုင်ခြေ ရှိနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ မလား"
"အင်း... ဟုတ်တာပေါ့"
တကယ်လို့ တစ်ခုခုကြောင့်မလို့ မတော်တဆမှုက တကယ်ပဲ ဖြစ်ပွားခဲ့မယ်ဆိုရင်ကော ဘာဖြစ်လောက်မလဲ။
တရုတ်ကတော့ ကိုယ့်အမှားနဲ့ကို ထိခိုက်နစ်နာမှုတွေကို ခံစားရမှာဖြစ်ပေမယ့် ကိုရီးယားကတော့ ဘာမှမလုပ်ခဲ့ဘဲနဲ့ သူတို့နဲ့အတူတူ လိုက်ပြီး ထိခိုက်နစ်နာရမှာပါ။
"ဒါပေမဲ့ တရုတ်တွေ နျူကလီးယားစက်ရုံ တည်ဆောက်တာကိုလည်း ငါတို့က သွားပြီး တားလို့မရဘူးလေ။ တကယ်လို့ တရုတ်က နျူကလီးယားစက်ရုံတွေအစား ကျောက်မီးသွေးသုံး စက်ရုံတွေကိုပဲ ဆက်ပြီး ဆောက်နေရင် ပိုပြီးတော့တောင် ပြဿနာကြီးသွားလိမ့်မယ်"
"ဟင်း... ဒါဆိုရင် တရုတ်က ကျောက်မီးသွေးစက်ရုံ လည်ပတ်ရင် ငါတို့က ဖုန်မှုန့်တွေရှူပြီး သေရမယ်၊ သူတို့က နျူကလီးယားစက်ရုံ လည်ပတ်ရင်တော့ မတော်တဆမှုဖြစ်ပြီး အတူတူ သေကြရမယ်ပေါ့ ဟုတ်လား"
"မှန်တယ်"
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ဘေးမှာ ဒုက္ခပေးတဲ့ အိမ်နီးနားချင်းတစ်ယောက် ရှိနေတာကတော့ အမှန်ပါပဲ။
ပြီးတော့ တရုတ်က ကိုရီးယားရဲ့ အကြီးမားဆုံး ပို့ကုန်ဈေးကွက်ဖြစ်တာကြောင့်မလို့ သံတမန်ရေးအရ ပြင်းပြင်းထန်ထန် ပြောဆိုဖို့ကလည်း ခက်ခဲပါတယ်။ ဒီလိုမျိုး ကြီးမားတဲ့ စီးပွားရေးအရ မှီခိုနေရမှုကြောင့်မလို့ တစ်ဖက်က ကုန်သွယ်ရေးအရ လက်တုံ့ပြန်လာခဲ့ရင် ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေကို ခံရမှာပါ။
"အင်း...ပြီးတော့ အစိုးရက သံတမန်ရေးရာမှာ သေသေချာချာ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်နေတာလည်း မဟုတ်ပါဘူး"
သံတမန်ရေးရာ အာဏာဆိုတာ နိုင်ငံတော်ရဲ့ အင်အားနဲ့ တိုက်ရိုက် သက်ဆိုင်နေတာပါ။ ကျွန်တော်တို့ရဲ့ စီးပွားရေးနဲ့ စစ်ရေးအင်အားက တခြားနိုင်ငံတွေကို စိတ်ပူစရာမလိုတဲ့အထိ သန်မာနေရင်တော့ အကောင်းဆုံးဖြစ်မှာပေမယ့် လက်ရှိ လက်တွေ့ဘဝကတော့ အဲဒီလိုမျိုး မဟုတ်ပါဘူး။
ကိုရီးယားက အင်အားကြီးနိုင်ငံတွေနဲ့ သံတမန်ရေးရာမှာ အားနည်းတဲ့ အနေအထားမှာ ရှိနေပေမယ့် ပြန်ပြီး တွေးကြည့်ရင်တော့ ဂိုဂျိုဆွန်း ခေတ်ကတည်းက ကျွန်တော်တို့ ဘေးနားမှာ အင်အားကြီးနိုင်ငံတွေ မရှိခဲ့ဖူးတဲ့ အချိန်ဆိုတာ မရှိခဲ့ပါဘူး။
ဒါကြောင့်မလို့ ပေးထားတဲ့ ပတ်ဝန်းကျင်အတွင်းမှာ အကောင်းဆုံး ရလဒ်ကို ရရှိအောင်ပဲ အစွမ်းကုန် ကြိုးစားကြရမှာပါ။
တက်ဂယူ က ခေါင်းညိတ်လိုက်ရင်း ပြောလာတယ်။
"ဒါနဲ့ အခုအချိန်မှာ ကိုရီးယားက တရုတ်၊ ဂျပန်တို့နဲ့ ဆက်ဆံရေး ဆိုးရွားနေတာက မင်းရဲ့ အမှားလည်း နည်းနည်း ပါနေတာ မဟုတ်ဘူးလား"
"...အဲဒါကတော့ တကယ်ကို မှန်ကန်တဲ့ ထောက်ပြချက်ပဲ"
ကျိုးမော်တာ ကိစ္စပြီးတဲ့နောက် တရုတ်မှာကော၊ နီရှီဒါ စတော့ပွဲစားကုမ္ပဏီ ကိစ္စပြီးတဲ့နောက် ဂျပန်မှာကော ကိုရီးယားဆန့်ကျင်ရေး စိတ်ဓာတ်တွေက အကြီးအကျယ် မြင့်တက်သွားခဲ့တာပါ။
နိုင်ငံနှစ်ခုလုံးက လက်ယာစွန်း နိုင်ငံရေးသမားတွေဆိုရင် အခုအချိန်အထိ ကျွန်တော့်နာမည် ကြားရတိုင်း မျက်နှာကြီး နီမြန်းလာပြီး ဆဲဆို ကြိမ်းမောင်းလေ့ ရှိကြပါတယ်။
"Global Times မီဒီယာကဆိုရင် မင်းကို ရာဇဝင်လူဆိုးကြီးတွေဖြစ်တဲ့ ဝမ်မန်း၊ တုံးကျော်၊ ချောင်ချောင်၊ စီမာရီ တို့နဲ့တောင် နှိုင်းယှဉ်ထားသေးတယ်။ အဲဒီ ၄ ယောက်ထဲမှာ မင်း ဘယ်သူ့ကို အကြိုက်ဆုံးလဲ"
"...တစ်ယောက်မှမကြိုက်ဘူး"
ကျွန်တော့်ကို အဲဒီ ၄ ယောက်နဲ့ နှိုင်းယှဉ်တာကတော့ နည်းနည်း ရက်စက်လွန်းရာ မကျဘူးလား။
OTK Company က Rosatom မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပြီးတဲ့နောက် Travelling Wave Reactor (TWR) သုတေသန အစီအစဉ်က ချောချောမွေ့မွေ့ပဲ ရှေ့ဆက်နိုင်ခဲ့တယ်။
ရုရှားစီးပွားရေးက ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ သူတို့တွေ စိတ်ပိုင်းဖြတ်ထားရင်တော့ စမ်းသပ်မှုတွေအတွက် ရန်ပုံငွေကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ဟိုအရင်တုန်းက စမ်းသပ်မှုတွေ ရပ်တန့်သွားခဲ့ရတဲ့ အကြောင်းပြချက်ကတော့ အောင်မြင်နိုင်ခြေအပေါ် သံသယ ရှိခဲ့ကြလို့ပါ။
တကယ်တော့ ရုရှားရဲ့ နျူကလီးယားနည်းပညာက အမေရိကန်ထက် ၃ နှစ်လောက် နောက်ကျနေတယ်လို့ သတ်မှတ်ခံထားရတာပါ။
ဒါပေမဲ့ ကန်ဂျင်ဟူ ဝင်ရောက်လာပြီးတဲ့နောက်မှာတော့ အခြေအနေက ပြောင်းလဲသွားခဲ့တယ်။ ဒေါ်လာ သန်း ၁ထောင် ရင်းနှီးမြှုပ်နှံမှုအပြင်၊ သူ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အချက်ကိုယ်တိုင်က အောင်မြင်ဖို့ ရာခိုင်နှုန်း မြင့်မားနေတယ်ဆိုတာကို ဖော်ပြနေလို့ပါပဲ။
ရုရှားအစိုးရနဲ့ Rosatom တို့က စမ်းသပ်မှု အောင်မြင်ဖို့အတွက် အစွမ်းကုန် ကူညီပံ့ပိုးပြီး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတယ်။ အဓိက သုတေသနပညာရှင် ဖြစ်တဲ့ ပါမောက္ခ ပက်ထရော့ဗ် ကိုယ်တိုင်တောင်မှ သူတို့ရဲ့ ရုတ်တရက် ပြောင်းလဲသွားတဲ့ သဘောထားကြောင့် အံ့ဩသွားခဲ့ရသေးတယ်။
ကမ္ဘာတစ်ဝန်းလုံးရဲ့ အာရုံစိုက်မှုက ကာ့စ်ခ် မြို့နားမှာ တည်ဆောက်ထားတဲ့ 500 MWe ဓာတ်ပေါင်းဖိုမှာ ပြုလုပ်မယ့် စမ်းသပ်မှုဆီကို ရောက်ရှိနေခဲ့တာပါ။
မမျှော်လင့်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာရင် ဓာတ်ပေါင်းဖိုကို အအေးခံဖို့အတွက် သေသေချာချာ ပြင်ဆင်မှုတွေ ပြုလုပ်ပြီးတဲ့နောက် စမ်းသပ်မှုကို စတင်ခဲ့တယ်။
အားလုံးက အသက်အောင့်ပြီး စောင့်ကြည့်နေကြတုန်းမှာပဲ ပါမောက္ခ ပက်ထရော့ဗ် က ခလုတ်ကို နှိပ်လိုက်တယ်။
ပထမဆုံးအနေနဲ့ သန့်စင်ထားတဲ့ ယူရေနီယမ် အနည်းငယ်က နျူကလီးယား ဓာတ်ပြုမှုကို စတင်စေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကုန်ခမ်းသွားတဲ့ ယူရေနီယမ်တွေက စတင် လောင်ကျွမ်းလာခဲ့ပြီး၊ အရည်ပျော်နေတဲ့ သတ္တုဆိုဒီယမ်က အပူကို စုပ်ယူကာ လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးခဲ့တယ်။
"ဓာတ်ပြုမှုနှုန်း ပုံမှန်ပဲ”
"အအေးခံရည် အပူချိန် ပုံမှန်ပဲ”
"ဓာတ်ရောင်ခြည် ပမာဏ ပုံမှန်ပဲ”
လူတွေ စိုးရိမ်နေကြတဲ့ မတော်တဆမှုကတော့ ဖြစ်ပွားမလာခဲ့ပါဘူး။
လောင်စာတောင့်က မီးညှိထားတဲ့ ဆေးလိပ်လိုမျိုး ဖြည်းဖြည်းချင်း လောင်ကျွမ်းနေတာကို အတည်ပြုပြီးတဲ့နောက်မှာတော့ တာဝန်ရှိသူတွေအကုန်လုံးက ဝမ်းသာအားရနဲ့ လက်ခုပ်တီး အော်ဟစ်လိုက်ကြပါတယ်။
အဲဒီအခါကျမှ ပါမောက္ခ ပက်ထရော့ဗ် လည်း သက်ပြင်းချနိုင်ခဲ့ပြီး၊ အချိန်အကြာကြီး အတူတူ ပင်ပန်းခံခဲ့ကြတဲ့ သုတေသနပညာရှင်တွေလည်း ဝမ်းသာအားရနဲ့ တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး နှုတ်ဆက်ကြတယ်။
စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့အတွက် အခက်အခဲတွေ ကျန်ရှိနေသေးပေမယ့်၊ စာအုပ်ထဲမှာပဲ သီအိုရီအရ တည်ရှိခဲ့တဲ့ TWR ကို လက်တွေ့ဘဝမှာ အကောင်အထည်ဖော်နိုင်ပြီဆိုတာကို အတည်ပြုနိုင်ခဲ့ပါပြီ။
ဒီသတင်းက မော်စကိုမှာရှိတဲ့ ကရင်မလင်နန်းတော်ဆီကို ချက်ချင်း ရောက်ရှိသွားခဲ့တယ်။
သမ္မတ ဗိုင်ဆော့စကီး က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ဒီကိစ္စကို မီဒီယာတွေကို ကြေညာခဲ့တယ်။
"ပါမောက္ခ ပက်ထရော့ဗ် ရဲ့ အဖွဲ့က ပြုလုပ်တဲ့ Travelling Wave Reactor စမ်းသပ်မှုက အောင်မြင်သွားခဲ့ပါပြီ။ ရုရှားအစိုးရအနေနဲ့ ဒီနည်းပညာကို စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့အတွက် ဘယ်လို ကူညီပံ့ပိုးမှုမျိုးကိုမဆို နှမြောမှာ မဟုတ်ပါဘူး။ ဒါက ရုရှားနည်းပညာရဲ့ အောင်ပွဲဖြစ်သလို ရုရှားပြည်သူတွေရဲ့ အောင်ပွဲလည်း ဖြစ်ပါတယ်။ အခုအခါ ရုရှားက ကမ္ဘာ့ထိပ်တန်း နျူကလီးယား အင်အားကြီးနိုင်ငံ ဖြစ်လာခဲ့ပါပြီ။ တစ်ချိန်က လူသားတွေကို ခြိမ်းခြောက်ခဲ့တဲ့ နျူကလီးယား ပစ္စည်းတွေက အခုတော့ လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးပြုသွားတော့မှာပါ"