← Chapters

အခန်း ၃၆၃

Vol. 37 Ch. 363

အခန်း ၃၆၃

Vol. 37 Ch. 363

အခန်း (၃၆၃)

ကျွန်တော်တို့တွေ Golden Gate ဌာနခွဲမန်နေဂျာရုံးခန်းထဲမှာ စုပြုံပြီး သမ္မတ ဗိုင်ဆော့စကီး ရဲ့ ကြေညာချက်ကို စောင့်ကြည့်နေခဲ့တယ်။

ကမ္ဘာတစ်ဝန်းက မီဒီယာတွေကလည်း သတင်းတွေကို အလုအယက် ဖော်ပြခဲ့ကြပါတယ်။

[သတင်းထူး - ပါမောက္ခ ပက်ထရော့ဗ် ရဲ့ အဖွဲ့ Travelling Wave Reactor စမ်းသပ်မှု အောင်မြင်]

[ဘေးကင်းတဲ့ နျူကလီးယားစွမ်းအင်ခေတ်ကြီး ဆိုက်ရောက်လာတော့မှာလား]

[OTK Company မျှော်မှန်းထားတဲ့ စွမ်းအင်လုပ်ငန်းရဲ့ အနာဂတ်က ဘာဖြစ်မလဲ]

[တောင်ကိုရီးယားရဲ့ နျူကလီးယားအဆင့်ဆင့်ပိတ်သိမ်းရေး စီမံကိန်းကကော ဘာဆက်ဖြစ်မလဲ]

[နည်းပညာပိုင်းမှာ နောက်ကျကျန်နေတဲ့ တောင်ကိုရီးယားရဲ့ နျူကလီးယား ပို့ကုန်ကဏ္ဍ အကြပ်ရိုက်မယ့်အရေး စိုးရိမ်မှုတွေ မြင့်တက်]

[ဆော်ဒီ နျူကလီးယား တာဝန်ရှိသူတွေ ဗော်လ်ကော့ဗ် နဲ့ ဆက်သွယ်၊ တောင်ကိုရီးယားရဲ့ နျူကလီးယားတင်ပို့မှု အခက်အခဲများနှင့် ရင်ဆိုင်နေရ]

[Greenpeace အဖွဲ့ရဲ့ အရေးပေါ် ထုတ်ပြန်ချက်။ ဘေးကင်းတဲ့ နျူကလီးယားစွမ်းအင်ဆိုတာမျိုး မရှိနိုင်...]

ကျွန်တော်တို့က ကြိုတင်အကြောင်းကြားခံထားရလို့ သိနေခဲ့တာဆိုပေမယ့် တက်ဂယူ ကတော့ တံတွေးမြိုချရင်းပြောတယ်။

"တကယ်ကို မြန်ဆန်လွန်းတယ်။ ဒါက ဘာလဲ။ ဘယ်သူပိုအရှေ့ရောက်လဲဆိုပြီး ပြိုင်နေတာလားတောင် မှတ်ရတယ်"

တကယ်လို့ ဒီစမ်းသပ်မှုကို ကိုရီးယားမှာသာ လုပ်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် စမ်းသပ်မယ့် ဓာတ်ပေါင်းဖိုအတွက် နေရာရွေးချယ်ဖို့နဲ့ ဒေသခံပြည်သူတွေရဲ့ သဘောထား မှတ်ချက်တွေကို ကောက်ခံဖို့တင် နှစ်နဲ့ချီပြီး ကြာမြင့်သွားမှာ သေချာပါတယ်။

အခြေခံအုတ်မြစ်တွေက အဆင်သင့်ဖြစ်နေခဲ့တာကို ထည့်တွက်ရင်တောင်မှ ဒါက စိတ်ကူးထားတာထက် ပိုပြီးတော့ မြန်ဆန်လွန်းနေခဲ့တာပါ။

အစ်မ ဟျွန်းဂျူး က ကော်ဖီကို တစ်ငုံသောက်ရင်း ပြောတယ်။

"ဒါက ရုရှားကိုယ်တိုင်လည်း ဘယ်လောက်တောင် အသည်းအသန် ဖြစ်နေလဲဆိုတာကို ပြသနေတာပဲ"

ဥရောပကလည်း နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေတာပါ။

ရုရှားရဲ့ ရှုထောင့်ကကြည့်ရင် သဘာဝဂတ်စ်ပိုက်လိုင်းတွေအပြင် TWR ဆိုတဲ့ သော့ချက်ကိုပါ ရရှိသွားတာဖြစ်လို့ ဒါကို စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပစ်ဖို့အတွက် အသုံးချလို့ ရနိုင်မှာပါ။

အယ်လီ က သက်ပြင်းချရင်း ပြောတယ်။

"ကန်ဂျင်ဟူ ကြောင့် ငါတို့တွေ တစ်ကျော့ပြန် အလုပ်ရှုပ်ကြရတော့မှာပဲ"

မျှော်လင့်ထားတဲ့အတိုင်းပဲ ငွေကြေးဈေးကွက်က ချက်ချင်း တုံ့ပြန်လာခဲ့တယ်။

ရေနံနဲ့ သဘာဝဂတ်စ် ဈေးနှုန်းတွေ ထိုးကျသွားခဲ့ပြီး နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မှုတွေ တိုးပွားလာမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ဆက်စပ်ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးနှုန်းတွေကတော့ အပြင်းအထန် မြင့်တက်သွားခဲ့တယ်။

စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့အတွက် အခက်အခဲတွေ ရှိနေသေးတယ်ဆိုပေမယ့် TWR က အနာဂတ် နျူကလီးယားစွမ်းအင်ဈေးကွက်ရဲ့ အဓိကရေစီးကြောင်း ဖြစ်လာလိမ့်မယ်ဆိုတဲ့ အလားအလာကတော့ ရှင်းလင်းသွားခဲ့ပါပြီ။

အစ်မဟျွန်းဂျူး က မျက်မှန်ပေါ်ကနေတစ်ဆင့် ကျွန်တော့်ကို လှမ်းကြည့်ရင်း ပြောတယ်။

"နင်က ဒါမျိုး ဖြစ်လာမယ်လို့ မျှော်လင့်ထားတာလား"

"အမှန်ပေါ့။ ကောင်းကောင်း ဖြစ်လာမယ်လို့ မျှော်လင့်ထားလို့ပဲ ကျွန်တော် ရင်းနှီးမြှုပ်နှံခဲ့တာလေ"

"ငါ စစချင်းကြားတုန်းကတော့ နင်က စိတ်ကူးပေါက်လို့ ရင်းနှီးမြှုပ်နှံတာလားဆိုပြီး စိုးရိမ်မိသေးတယ်... ဒါပေမဲ့ အဲဒါက တကယ်ကို အလကားသက်သက်စိုးရိမ်ခဲ့မိတာပဲ"

တက်ဂယူ က ခေါင်းညိတ်ထောက်ခံရင်း ပြောတယ်။

"မှန်တယ်။ ကန်ဂျင်ဟူ အတွက်တော့ စိုးရိမ်နေစရာကို မလိုတာ"

ရင်းနှီးမြှုပ်နှံသူ ၁၀၀ ရှိရင် ရင်းနှီးမြှုပ်နှံမှု နည်းလမ်း ၁၀၀ ရှိစမြဲပါ။

တချို့က ဘဏ္ဍာရေးရှင်းတမ်းတွေကို ယုံကြည်ကြပြီး၊ တချို့ကတော့ လူကို ယုံကြည်ကြပါတယ်။ တချို့က သေသေချာချာ ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ချက်ချကြသလို၊ တချို့ကတော့ ပင်ကိုသိစိတ်အပေါ် မူတည်ပြီး ဆုံးဖြတ်ကြတာပါ။

ဂျပန်နိုင်ငံရဲ့ အကျော်ကြားဆုံး ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်တဲ့ Softbox ရဲ့ ဥက္ကဌ မာဆာယိုရှီ က တိုတောင်းတဲ့ အချိန်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက် ချပစ်တတ်တာကြောင့် ကျော်ကြားပါတယ်။

သူ က အလီဘာဘာရဲ့ စီအီးအို မားယွမ် နဲ့ ထမင်းလက်ဆုံစားရင်းနဲ့တင် ဒေါ်လာသန်း ၂၀ ရင်းနှီးမြှုပ်နှံဖို့ ချက်ချင်း ဆုံးဖြတ်ခဲ့တာပါ။ နောက်ပိုင်းမှာ မာဆာယိုရှီ ပြန်ပြောပြချက်အရ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်ချဖို့အတွက် မိနစ် ၃၀ တောင် မကြာခဲ့ပါဘူးတဲ့လေ။ ထမင်းစားတဲ့ အချိန်တွေပါ ထည့်တွက်လို့သာ မိနစ်၃၀ကြာတယ်လို့ ဖြစ်သွားတာပါတဲ့။

ရလဒ်ကတော့ အားလုံးသိကြတဲ့အတိုင်းပဲ စိတ်ကူးထဲကထက် ပိုပြီးတော့ အကြီးအကျယ် အောင်မြင်သွားခဲ့တာပါပဲ။

ဘယ်လို ရင်းနှီးမြှုပ်နှံမှု နည်းလမ်းပဲဖြစ်ဖြစ် ရလဒ်ကောင်းဖို့က အဓိကပါပဲ။

ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့တဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကတော့ တရုတ်ရဲ့ လုံးဝ ရှုံးနိမ့်မှုနဲ့အတူ အဆုံးသတ်သွားခဲ့တယ်။

တရုတ်က အမေရိကန်ရဲ့ တောင်းဆိုချက်အများစုကို လက်ခံခဲ့ပြီး ကန့်သတ်ချက်တွေကို ရုပ်သိမ်းဖို့နဲ့ ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချဖို့ သဘောတူခဲ့တယ်။

တရုတ်က သူတို့ကို မကျေနပ်တဲ့ နိုင်ငံတွေကို ကုန်သွယ်ရေးအရ လက်တုံ့ပြန်ခဲ့တဲ့ သာဓကတွေ အများကြီး ရှိခဲ့ဖူးပေမယ့် အမေရိကန်က တရုတ်ကို အဲဒီလိုမျိုး ပြန်လုပ်တဲ့အခါကျတော့လည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။

အံ့ဩစရာကောင်းတာက ဒါတွေအားလုံးရဲ့ အစက ကန်ဂျင်ဟူ ဖြစ်နေတာပါ။

သူ က ကျိုးမော်တာ က CarOS ရဲ့ အလိုအလျောက်မောင်းနှင်မှု နည်းပညာကို ထောက်လှမ်းရေး ချစ်ပ်ပြားတွေသုံးပြီး ခိုးယူခဲ့တယ်ဆိုတဲ့ အချက်ကို ဖော်ထုတ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုတစ်ခုလုံးကို ရိုက်ခတ်စေခဲ့တာ ဖြစ်ပါတယ်။

အကြောင်းအရင်းကို လိုက်ရှာကြည့်တဲ့အခါ တရုတ်မှာ တာဝန်ရှိနေတာက ရှင်းလင်းနေခဲ့တာပါ။ အစပိုင်းမှာ ဘာမှမသိသလိုမျိုး ဟန်ဆောင်နေခဲ့ပေမယ့် အကြပ်ရိုက်သွားတဲ့ တရုတ်က နောက်ဆုံးမှာတော့ ကန်ဂျင်ဟူ ထောက်ပြခဲ့တဲ့ စွပ်စွဲချက်တွေက အမှန်ဖြစ်ကြောင်း ဝန်ခံခဲ့ရပြီး တောင်းပန်ကာ လျော်ကြေးပါ ပေးခဲ့ရပါတယ်။

တရုတ်က ဒေါသတကြီးနဲ့ အံကြိတ်နေခဲ့ပေမယ့် အမေရိကန်နဲ့ ကုန်သွယ်ရေး အငြင်းပွားမှုကို အဆုံးသတ်ဖို့အတွက်ပဲ အလုပ်ရှုပ်နေခဲ့တာမလို့ တောင်ကိုရီးယားကို လက်တုံ့ပြန်ဖို့ အင်အား မရှိခဲ့ပါဘူး။

ဒါပေမဲ့လည်း တရားဝင် ကြေညာချက်တွေ ရှိနေလင့်ကစား တရုတ်မီဒီယာတွေကတော့ လုံးဝ ကွဲပြားတဲ့ ပုံစံမျိုးနဲ့ ရေးသားဖော်ပြခဲ့ကြတယ်။

သူတို့က ကျိုးမော်တာ က CarOS ရဲ့ နည်းပညာကို လုံးဝ မခိုးယူခဲ့ပါဘူးလို့ ဆိုကြပြီး အမေရိကန်ရဲ့ ဖိအားကြောင့်သာ ဝန်ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ တရုတ်ပြည်သူ တော်တော်များများကလည်း ဒါကိုပဲ ယုံကြည်နေခဲ့ကြတာပါ။

တရုတ် စားသုံးသူတွေက ကိုရီးယား ထုတ်ကုန်တွေကို သပိတ်မှောက်တာမျိုးတွေ ရံဖန်ရံခါ လုပ်ဆောင်ခဲ့ကြပြီး နိုင်ငံပိုင် မီဒီယာတွေကလည်း အခွင့်အရေးရတိုင်း ကန်ဂျင်ဟူ ကို ဝေဖန် ပြစ်တင်ခဲ့ကြတယ်။

[ငွေကြေးလောင်းကစားသမား ကန်ဂျင်ဟူ က ကမ္ဘာ့စီးပွားရေးအပေါ် ဘယ်လိုမျိုး ဆိုးကျိုးတွေ သက်ရောက်နေစေလဲ]

[OTK Company ဆိုတာ တရားမဝင်မှုတွေနဲ့ အခွန်ရှောင်မှုတွေရဲ့ အသိုက်အမြုံပဲ]

[အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ လောင်းကစားသမားတစ်ယောက်...]

[ကန်ဂျင်ဟူ ရဲ့ ရုပ်လက္ခဏာက ဝမ်မန်း၊ တုံးကျော်၊ ချောင်ချောင်၊ စီမာရီ တို့လိုပဲ...]

ဒီလိုမျိုး ဝေဖန်မှုတွေ ဆက်တိုက် ဖြစ်ပွားနေတုန်းမှာပဲ သမ္မတ ဗိုင်ဆော့စကီး ရဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ အခြေအနေက သိသိသာသာ ပြောင်းလဲသွားခဲ့တယ်။

တရုတ်ရဲ့ မကြာသေးခင်က စွမ်းအင်မူဝါဒရဲ့ အဓိက သော့ချက်က နျူကလီးယားဓာတ်အားပေးစက်ရုံတွေကို တိုးမြှင့်ဖို့ပါ။ လက်တွေ့မှာလည်း သူတို့က ဒီရည်ရွယ်ချက်အတွက် နျူကလီးယားနည်းပညာမှာ အများအပြား ရင်းနှီးမြှုပ်နှံနေခဲ့တာပါ။

မူလကတော့ တရုတ် နျူကလီးယားကုမ္ပဏီတွေက အမေရိကန်ရဲ့ Megapower ကုမ္ပဏီနဲ့ ပူးပေါင်းပြီး တရုတ်ပြည်တွင်းမှာ စမ်းသပ်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပေမယ့် ကုန်သွယ်ရေး အငြင်းပွားမှုကြောင့် ပျက်ပြယ်သွားခဲ့ရပါတယ်။ ဒါ့အပြင် အမေရိကန်က စမ်းသပ်ကိရိယာတွေ တင်ပို့မှု၊ နည်းပညာ လွှဲပြောင်းမှုနဲ့ အမေရိကန်ကုမ္ပဏီတွေကို ဝယ်ယူခွင့်တွေကိုပါ ပိတ်ပင်ပစ်လိုက်တာပါ။

လက်တွေခြေတွေ အချည်ခံလိုက်ရတဲ့ တရုတ်အနေနဲ့ ရုရှားနဲ့ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဖို့ လမ်းကြောင်းပြောင်းရုံကလွဲလို့ ရွေးချယ်စရာ မရှိတော့ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ OTK Company ရဲ့ ရန်ပုံငွေ ပံ့ပိုးပေးထားတဲ့ ပါမောက္ခ ပက်ထရော့ဗ် ရဲ့ သုတေသနအဖွဲ့က ကမ္ဘာ့ပထမဆုံး TWR စမ်းသပ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတင် ကန်ဂျင်ဟူ ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတဲ့ နိုင်ငံပိုင် မီဒီယာတွေက အခုတော့ လုံးဝ ဆန့်ကျင်ဘက် လေသံတွေနဲ့ သတင်းတွေကို ဖော်ပြလာခဲ့ကြတယ်။

[TWR ရင်းနှီးမြှုပ်နှံမှုမှာ အောင်မြင်ခဲ့တဲ့ ၂၁ ရာစုရဲ့ ကျူးကော့လျန်]

(သုံးပြည်ထောင်စစ်ပွဲဇာတ်လမ်းထဲက ပညာရှိနာမည်)

[ကျန်းလျန် ကဲ့သို့ ထိုးထွင်းသိမြင်မှုမျိုး ရှိတဲ့ အံ့ဩစရာကောင်းတဲ့ ရင်းနှီးမြှုပ်နှံသူ]

[ကန်ဂျင်ဟူ က ကျိုးမင်းဆက်ရဲ့ နာမည်ကျော် ဝန်ကြီးချုပ်နဲ့ ချီနိုင်ငံကို တည်ထောင်သူဖြစ်တဲ့ ကျန်းထိုက်ကုန်း ရဲ့ မျိုးဆက်ဖြစ်ကြောင်း ထွက်ပေါ်လာခဲ့]

[တရုတ်နိုင်ငံအနေနဲ့လည်း ကန်ဂျင်ဟူ လိုမျိုး ရင်းနှီးမြှုပ်နှံသူတွေ လိုအပ်နေပြီ...]

ဒီသတင်းတွေကို မြင်ရတဲ့ ကိုရီးယား အင်တာနက်အသုံးပြုသူတွေကတော့ မယုံနိုင်စရာ ဖြစ်နေခဲ့ကြတယ်။

-ဝိုး... ကန်ဂျင်ဟူ က ဝမ်မန်း၊ တုံးကျော်၊ ချောင်ချောင်၊ စီမာရီ အဆင့်ကနေ ကျူးကော့လျန် အဆင့်အထိ တိုးမြှင့်ခံလိုက်ရပြီပဲ။

-ကျန်းထိုက်ကုန်း ကို ဘာဖြစ်လို့ ဆွဲထည့်တာလဲ။ သူက ကန် မျိုးရိုးဖြစ်နေရုံနဲ့တင် လျှောက်ပြီး ပတ်သက်နေကြတာလား။

(တရုတ်ဘာသာအနေနဲ့ကျန်းပါ)

-အာ... အဲဒါက တကယ်တော့ အမှန်ပဲ။ ကန်ဂျင်ဟူ က ဂျင်ဂျူးကန်မျိုးနွယ်စုကနေ ဆင်းသက်လာတာဖြစ်ပြီး သူတို့က ကျန်းထိုက်ကုန်း ကို ဘိုးဘေးအဖြစ် ကိုးကွယ်ကြတာလေ။

-အကြပ်ရိုက်သွားတော့မှ ချက်ချင်းကြီး ဂငယ်ကွေ့ ကွေ့လိုက်ကြတာပဲ။

-ဟားဟားဟား။ ပြည်မကြီးရဲ့ မီဒီယာတွေကိုတော့ တကယ့်ကို ဆလံသပါတယ်။

-ဒါကို ကြည့်ခြင်းအားဖြင့် ကန်ဂျင်ဟူ က တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ TWR စမ်းသပ်မှုအတွက် ကုန်ကျစရိတ်တစ်ခုလုံးကို OTK Company က စိုက်ထုတ်ပေးခဲ့တာ မဟုတ်ဘူးလား။

-ပွင့်ပွင့်လင်းလင်း ပြောရရင် တရုတ်ရဲ့ နျူကလီးယားက ဈေးပေါတာကလွဲရင် ဘာအဓိပ္ပာယ်မှ ရှိတာမဟုတ်ဘူး။ စွမ်းဆောင်ရည်လည်း နိမ့်တယ်။ မပေါက်ကွဲရင်ပဲ ကံကောင်းလှပြီ။

-တရုတ်က TWR စီးပွားဖြစ် ထုတ်လုပ်ဖို့အတွက် ရုရှားနဲ့ ပူးပေါင်းလုပ်ဆောင်မှာလား။

-ကိုရီးယားကော ဘာတွေလုပ်နေလဲ။

-ကျွန်တော်တို့ကို လာမပြောနဲ့။ ကျွန်တော်တို့က နျူကလီးယားစက်ရုံတွေ ပိတ်ပစ်ဖို့အတွက် အလုပ်ရှုပ်နေတာပါဗျာ။

ကျွန်တော် အရင်ဆုံး ပါမောက္ခ ပက်ထရော့ဗ် ဆီကို ဖုန်းဆက်လိုက်တယ်။

"ဂုဏ်ယူပါတယ်ဗျာ"

ပါမောက္ခ ပက်ထရော့ဗ် က ရယ်မောရင်း ပြန်ပြောတယ်။

"ဒါက သီအိုရီကို သက်သေပြနိုင်ရုံပဲ ရှိသေးတာပါ။ တကယ့် အလုပ်က အခုမှ စမှာ။ Rosatom ရဲ့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး နောက်ထပ်အဆင့်ကို ချက်ချင်း ရှေ့ဆက်ဖို့ စီစဉ်ထားတယ်"

သူက အဲဒီလိုပြောပေမယ့် စမ်းသပ်မှုကို အောင်မြင်စွာ ပြီးဆုံးနိုင်ခဲ့ပြီဆိုကတည်းက အခက်အခဲရဲ့ တစ်ဝက်လောက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီလို့ ဆိုရမှာပါ။

အိပ်မက်ထဲက ဓာတ်ပေါင်းဖိုလို့ လူသိများတဲ့ Travelling Wave Reactor ကို စီးပွားဖြစ် ထုတ်လုပ်နိုင်ခဲ့ရင် ကမ္ဘာ့နျူကလီးယား ဈေးကွက်က ကြီးမားတဲ့ တိုးတက်မှုကြီးနဲ့ ရင်ဆိုင်ရမှာ သေချာပါတယ်။

သူနဲ့ဖုန်းပြောအပြီးမှာတော့ ကျွန်တော် သမ္မတ ဗိုင်ဆော့စကီး နဲ့ Video Call ပြောဖြစ်ခဲ့တယ်။

သူ့မျက်နှာပေါ်က ပြုံးရွှင်နေတဲ့ ပုံစံကို ကြည့်ခြင်းအားဖြင့် သူ့အတွက် အခြေအနေတွေက တော်တော်လေး ကောင်းမွန်နေပုံရပါတယ်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုအောက်မှာ ပင်ပန်းနေခဲ့ရပြီးတဲ့နောက် ဒါက လမ်းကြောင်းပြောင်းလဲဖို့အတွက် အခွင့်အရေးတစ်ခု ဖြစ်လာခဲ့တာလေ။

စကားပြောလို့ ပြီးခါနီးအချိန်မှာ သမ္မတ ဗိုင်ဆော့စကီး က တခြားအကြောင်းအရာတစ်ခုကို စကားစလာခဲ့တယ်။

"ပြီးခဲ့တဲ့နှစ်တုန်းက တရုတ်ရဲ့ ပေါလစ်ဗျူရို အမြဲတမ်းကော်မတီဝင် လီဟော့နင် ရာထူးကနေ ဆင်းသွားခဲ့တာကို မင်း သိလား"

"ကြားမိသလိုတော့ ရှိပါတယ်"

ကွန်မြူနစ်ပါတီရဲ့ ပေါလစ်ဗျူရို အမြဲတမ်းကော်မတီမှာ သမ္မတ ကျန်းဖင်ဟွာ အပါအဝင် အဖွဲ့ဝင် စုစုပေါင်း ၇ ယောက် ရှိပါတယ်။ သူတို့က တရုတ်ပြည်မကြီးတစ်ခုလုံးကို ဦးဆောင်နေတဲ့ ခေါင်းဆောင်ပိုင်းတွေပါ။

"အပေါ်ယံ အကြောင်းပြချက်ကတော့ ကျန်းမာရေး အခြေအနေ ဆိုးရွားလို့ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ မကြာသေးခင်ကမှ တခြားအကြောင်းပြချက် ရှိသေးတယ်လို့ ငါကြားခဲ့ရတယ်"

သူက ဒါကို သာမန်ကိစ္စတစ်ခုလိုမျိုး ပြောနေပေမယ့် တရုတ်ရဲ့ အဓိက နိုင်ငံရေးသမားတစ်ယောက်အကြောင်း ဖြစ်နေတော့ ဒါက သာမန်ကိစ္စတော့ မဟုတ်ပါဘူး။

သူ ဒါကို ဘယ်သူ့ဆီက ကြားခဲ့တာလဲ။ KGB (ရုရှားထောက်လှမ်းရေး) ဆီကလား။

နိုင်ငံတိုင်းက ကိုယ့်ရဲ့ ထောက်လှမ်းရေးအဖွဲ့တွေကနေတစ်ဆင့် သတင်းအချက်အလက်မျိုးစုံကို စုဆောင်းတတ်ကြတာပဲ လေ။ အားလုံးသိကြတဲ့အတိုင်းပဲ သူ က KGB အရာရှိဟောင်းတစ်ယောက်ပါ။ ဒါကြောင့်မလို့ အရေးကြီးတဲ့ ထောက်လှမ်းရေး သတင်းတွေကို KGB ညွှန်ကြားရေးမှူးဆီကနေ တိုက်ရိုက် အစီရင်ခံစာ လက်ခံရရှိလေ့ ရှိတယ်လို့ လူသိများတာပါ။

"အဲဒါက မင်းနဲ့လည်း လုံးဝ မပတ်သက်ဘူးလို့ ပြောလို့မရဘူး။ မင်း နားထောင်ချင်လား"

"ကျွန်တော်နဲ့ပတ်သတ်နေတာလား"

သမ္မတ ဗိုင်ဆော့စကီး က ဇာတ်လမ်းကို စတင်ပြောပြခဲ့ပြီး၊ မကြာခင်မှာပဲ ကျွန်တော့်ရဲ့ မျက်နှာအမူအရာက တဖြည်းဖြည်း တင်းမာသွားခဲ့ရပါတယ်။ သူ စကားပြောလို့ ပြီးသွားတဲ့အထိတောင် ကျွန်တော် ဘာစကားမှ ပြန်မပြောနိုင်ဘဲ အကြာကြီး ဖြစ်နေခဲ့ရတာပါ။

သမ္မတ ဗိုင်ဆော့စကီး က တဟားဟား ရယ်မောလိုက်ပြီး ပြောတယ်။

"ဟာဟား။ အဲဒီလိုမျိုး ကြောက်စရာကောင်းတဲ့ မျက်နှာကြီး မလုပ်ပါနဲ့"

"အာ..."

မျက်နှာအမူအရာကို ပြန်ပြီး ထိန်းညှိဖို့ ကြိုးစားခဲ့ပေမယ့် မလွယ်ကူခဲ့ပါဘူး။ ကျွန်တော့်ရဲ့ နှုတ်ခမ်းထောင့်က တွန့်ခနဲ ဖြစ်သွားခဲ့ရတယ်။ ကျွန်တော် အခုအချိန်မှာ ဘယ်လို မျက်နှာအမူအရာမျိုး ဖြစ်နေလဲဆိုတာကိုတောင် ကိုယ်တိုင် သေသေချာချာ မသိတော့ပါဘူး။

"မင်းကို ပြောပြသင့်တယ်လို့ ထင်လို့ ပြောပြတာပါ။ အကူအညီ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"ကျေးဇူးတင်ပါတယ်"

ဒါက ကျွန်တော့်အနေနဲ့ သူ့အပေါ် အကြွေးတင်သွားပြီဆိုတဲ့ အဓိပ္ပာယ်လား။

ဘေဂျင်းကနေ ဖိတ်ကြားစာတစ်စောင် ရောက်ရှိလာခဲ့တယ်။

တရုတ်အစိုးရက နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့အတွက် တောင်ကိုရီးယားရဲ့ စီးပွားရေးခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့တာပါ။ OTK Company တင်မကဘဲ ဆိုဆောင်း၊ အွန်ဆောင်း၊ CL နဲ့ တခြားကုမ္ပဏီတွေလည်း ဖိတ်ကြားစာ ရရှိခဲ့ကြတယ်။

တက်ဂယူ က မေးလာတယ်။

"မင်း သွားမလို့လား"

"သွားရမှာပေါ့။ ဥက္ကဌ လင်ဂျင်ယုံ တို့အကုန်လုံးလည်း သွားကြမှာပဲလေ"

တရုတ်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက ကျဆင်းသွားခဲ့တယ် ဆိုရင်တောင် တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ အပြတ်အသတ်ကို သာလွန်နေဆဲပါ။ အမေရိကန်-တရုတ် ကုန်သွယ်ရေး အငြင်းပွားမှုကြောင့် ကန့်သတ်ချက်တွေ လျော့နည်းသွားခဲ့ပြီး တရုတ်က ပြည်ပကုမ္ပဏီတွေကို တက်တက်ကြွကြွ ဆွဲဆောင်နေတာကြောင့် ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရေးရှင်းကြီးတွေက တရုတ်မှာ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်နေကြတာပါ။

ကျိုးမော်တာ ကိစ္စပြီးကတည်းက တရုတ်-ကိုရီးယား ဆက်ဆံရေးက အေးစက်သွားခဲ့ပြီး ကိုရီးယားကုမ္ပဏီတွေအတွက် နစ်နာမှုတွေ ရှိခဲ့ပါတယ်။ အစိုးရအနေနဲ့လည်း ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ခံစားနေရမှာ သေချာပါတယ်။

ဒါက ကျွန်တော့်အမှားကြောင့် မဟုတ်ပေမယ့် ကျွန်တော်နဲ့ မပတ်သက်ဘူးလို့တော့ ပြောလို့မရပါဘူး။ အခုတစ်ကြိမ်မှာ သွားရောက်ပြီး သမ္မတ ကျန်းဖင်ဟွာ နဲ့ အတူတူ ထမင်းစားကာ လက်ဆွဲနှုတ်ဆက်လိုက်ရင်တော့ အခြေအနေက ပိုပြီး ကောင်းမွန်လာနိုင်ပါတယ်။

"မင်း တရုတ်ကို သွားရင် ပြည်သူ့လုံခြုံရေးအဖွဲ့ ရဲ့ ဖမ်းဆီးခြင်းခံရပြီး အသတ်ခံရနိုင်ခြေ ရှိလောက်မယ်ထင်တယ်နော်"

"တရုတ်နိုင်ငံက ဘယ်လောက်ပဲ မဆင်မခြင်တတ်ဆိုဦးတော့ တကယ်ပဲ အဲလိုမျိုး လုပ်ပါ့မလားဟ"

"တရုတ်ဆိုတာ ဘာမဆို ဖြစ်နိုင်တဲ့ နိုင်ငံမဟုတ်ဘူးလား"

"ဒါပေမဲ့လည်း သံတမန်ကို မသတ်ရဘူးဆိုတဲ့ ရိုးရာဓလေ့တော့ ရှိတာပဲလေ"

အစိုးရဘက်က ဖိတ်ကြားတာဖြစ်လို့ လုံခြုံရေးနဲ့ ဘေးကင်းမှုအတွက် သူတို့က အပြည့်အဝ တာဝန်ယူထားတယ်ဆိုတဲ့ သဘောပါပဲ။ ပြီးတော့ ကျွန်တော့်ကို တစ်ခုခုလုပ်မယ်ဆိုရင်လည်း အမေရိကန်က ဒီအတိုင်း ငြိမ်ခံနေမှာ မဟုတ်ပါဘူး။

"အင်း... ငါက နိုင်ငံနဲ့ ပြည်သူအတွက်တင် သွားတာမျိုး မဟုတ်ဘူး၊ နောက်ဆုံးကျရင် ငါတို့လည်း တရုတ်ဈေးကွက်ထဲကို ဝင်ရောက်ဖို့ လိုအပ်လာမှာပဲလေ"

CarOS ပိုင်ဆိုင်ထားတဲ့ နည်းပညာက တစ်ရက်ထဲနဲ့ ကောင်းကင်ကနေ ပြုတ်ကျလာတာမျိုး မဟုတ်ပါဘူး။ ၂ နှစ်ကနေ ၃ နှစ်အတွင်းမှာ တရုတ်ကုမ္ပဏီတွေက ကျွန်တော်တို့ရဲ့ အနေအထားကို လိုက်မှီလာကြမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကြီးမားတဲ့ ပြည်တွင်းဈေးကွက်ကြောင့် ဒေတာတွေကို စုဆောင်းရတာကလည်း သူတို့အတွက် ပိုပြီးတော့ လွယ်ကူပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ အကြီးမားဆုံး စီးပွားရေးဇုန် ၃ ခုကတော့ အမေရိကန်၊ ဥရောပနဲ့ တရုတ်တို့ ဖြစ်ပါတယ်။

အမေရိကန်ဈေးကွက်ကို လွှမ်းမိုးပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့အနေနဲ့ ပြည်ပပို့ကုန်တွေကနေတစ်ဆင့် တိုးချဲ့ဖို့ လိုအပ်ပေမယ့် ဥရောပကတော့ လက်ရှိအချိန်မှာ စီးပွားရေးတိုးတက်မှု ၁ ရာခိုင်နှုန်း ရဖို့တောင် ရုန်းကန်နေရတာပါ။ တစ်ဖက်မှာတော့ တရုတ်က အခက်အခဲမျိုးစုံ ရှိနေတာတောင် ၆ ရာခိုင်နှုန်းကျော်အထိ ဆက်လက် တိုးတက်နေဆဲ ဖြစ်ပါတယ်။

ဒါကြောင့်မလို့ ဘယ်ကုမ္ပဏီမှ ကြီးမားတဲ့ တရုတ်ဈေးကွက်ကို လက်လွှတ်မခံနိုင်ကြတာပါ။

တရုတ်ရဲ့ ရှုထောင့်ကကြည့်ရင်လည်း သူတို့က TWR အပါအဝင် ကဏ္ဍမျိုးစုံမှာ OTK Company နဲ့ ပူးပေါင်းလုပ်ဆောင်ချင်နေမှာ သေချာပါတယ်။ ဒါကြောင့်မလို့ သူတို့က ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ကျွန်တော့်ကို ဖိတ်ကြားခဲ့တာ ဖြစ်မှာပါ။

ဥက္ကဌတွေက သူတို့ရဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်တွေနဲ့ ဘေဂျင်းဆီ ပျံသန်းခဲ့ကြသလို တချို့ကလည်း First-class ထိုင်ခုံတွေကို ကြိုတင်မှာယူပြီး လေယာဉ်စီးခဲ့ကြတယ်။

ကျွန်တော်က ကုမ္ပဏီကို တက်ဂယူ ရဲ့ လက်ထဲမှာပဲ အပ်နှံခဲ့ပြီး ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ ဘေဂျင်းဆီကို ထွက်ခွာခဲ့တယ်။ ဟိုတယ်မှာ အထုတ်အပိုးတွေ ဖြေရုံပဲ ရှိသေးတယ်၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး လီရွှဲ့ဝေ က စကားပြန်တစ်ယောက်နဲ့အတူ ရောက်ရှိလာပါတယ်။

သူ က ကျွန်တော့်လက်ကို သူ့ရဲ့ လက်နှစ်ဖက်လုံးနဲ့ အုပ်မိုးဆုပ်ကိုင်လိုက်ရင်း ပြောတယ်။

"ကြိုဆိုပါတယ်။ မစ္စတာကန်။ ငါတို့က မစ္စတာကန် ကို ဘေဂျင်းဆီ စောစောစီးစီး ဖိတ်ကြားခဲ့သင့်တာပါ။ အခုမှပဲ အခွင့်အရေး ရတော့တယ်။ ဒီနေရာမှာ မစ္စတာကန် နဲ့ ပြန်လည်ဆုံတွေ့ရတာ တကယ်ကို ဝမ်းသာမိပါတယ်"

သူ က အချိန်အကြာကြီး ကွဲကွာနေခဲ့တဲ့ သူငယ်ချင်းဟောင်း တစ်ယောက်ကို နှုတ်ဆက်သလိုမျိုး ပြုမူနေခဲ့တာပါ။ ပြီးခဲ့တဲ့ အချိန်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ ရှိနေတာတောင် သူ့ဆီမှာ အိုးတိုးအမ်းတမ်း ဖြစ်တဲ့ အရိပ်အယောင် ဘာမှ မရှိပါဘူး။

"ပြီးခဲ့တဲ့ ကိစ္စပြီးကတည်းက ဒါက ပထမဆုံးအကြိမ် ပြန်ဆုံတာပဲ နော်"

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး လီရွှဲ့ဝေ က တဟားဟား ရယ်မောလိုက်ပြီး ပြောတယ်။

"ဟားဟား။ ဒါပေမဲ့ အဲဒီကိစ္စကြောင့်ပဲ မစ္စတာကန် နဲ့ ငါဟာ ဒီလိုမျိုး ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့တာ မဟုတ်ဘူးလား။ ကျိုးမော်တာ ကလည်း တောင်းပန်ပြီး လျော်ကြေးပေးခဲ့ပြီးပြီပဲလေ။ မစ္စတာကန် ကလည်း အဲဒါကို လက်ခံခဲ့တာဆိုတော့ အတိတ်က ကိစ္စတွေကို မေ့ပစ်လိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

"......"

သူ့စကားကို နားထောင်ကြည့်ရင် တရုတ်အစိုးရက ဒီကိစ္စနဲ့ လုံးဝ မပတ်သက်ခဲ့သလိုမျိုးပါပဲ။

"တကယ်လို့ မစ္စတာကန် အချိန်ရမယ်ဆိုရင် ငါတို့ အတူတူ လက်ဖက်ရည် သောက်ကြမလား"

"အခုလား"

"ဟုတ်ပါတယ်။ အမှန်တော့ မစ္စတာကန် နဲ့ တွေ့ဆုံချင်နေတဲ့ လူတစ်ယောက် ရှိလို့ပါ။ ငါ့မျက်နှာကို ထောက်ထားပြီးတော့ ဒီတစ်ကြိမ်တော့ ကူညီပေးပါဦး။ အချိန်အရမ်း မကြာစေရပါဘူး"

သူ့ရဲ့ မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် ကျွန်တော့်အနေနဲ့ ငြင်းဖို့ မသင့်တော်ပုံရပါတယ်။

ကျွန်တော် ခေါင်းညိတ်လိုက်ရင်း ပြောလိုက်တယ်။

"ကောင်းပါပြီ"

ကျွန်တော်တို့တွေ ကြိုတင်ပြင်ဆင်ထားတဲ့ ကားကို စီးခဲ့ကြတယ်။

သေးငယ်တဲ့ လက်ဖက်ရည်ဆိုင်လေးတစ်ခုလုံးက လုံးဝ ဆိတ်ငြိမ်နေခဲ့ပြီး အထဲမှာ လူတစ်ယောက်က ထိုင်နေပါတယ်။

ရင်းနှီးနေတဲ့ မျက်နှာတစ်ခု။ ကျွန်တော်တင်မကဘဲ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းနီးပါး သူ့ရဲ့ မျက်နှာကို သိကြမှာပါ။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး လီရွှဲ့ဝေ ရဲ့ လေသံကို ကြားကတည်းက ကျွန်တော် သံသယဝင်ခဲ့မိတာဖြစ်ပြီး ကျွန်တော့်ရဲ့ ခန့်မှန်းချက်က ကွက်တိပါပဲ။

သူ က နေရာကနေ ထရပ်လိုက်ပြီး သူ့ရဲ့ လက်ကို ကမ်းပေးလာခဲ့တယ်။

"တွေ့ရတာ ဝမ်းသာပါတယ်။ ဒီနေရာမှာ ပြန်ဆုံကြတာပဲ"

"မတွေ့ရတာ ကြာပြီနော်"

သူ့ဆီကနေ အိမ်နီးနားချင်း ဦးလေးကြီးတစ်ယောက်လိုမျိုး နွေးထွေးတဲ့ အငွေ့အသက်နဲ့ သက်တောင့်သက်သာရှိတဲ့ မျက်ဝန်းတွေကို ခံစားရပေမယ့် တစ်ဖက်မှာလည်း သဘာဝကျတဲ့ ဖိအားတစ်ခုက ထွက်ပေါ်နေခဲ့ပါတယ်။ အင်း... လူဦးရေ သန်း ၁၄၀၀ ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်နေတာကြောင့် ဒီလိုဖြစ်တာက သဘာဝကျတာပဲ လေ။

ဝန်ကြီး လီ က ခွင့်တောင်းပြီး အပြင်ထွက်သွားခဲ့ပေမဲ့ သူနဲ့အတူပါလာတဲ့ စကားပြန်ကတော့ ကျန်ရစ်ခဲ့တယ်။ ကျွန်တော်တို့ အပြန်အလှန် နှုတ်ဆက်လို့ ပြီးပြီး ထိုင်လိုက်ကြတဲ့အခါ ဝန်ထမ်းတစ်ယောက် ရောက်လာပြီး လက်ဖက်ရည် ငှဲ့ပေးပါတယ်။

သမ္မတ ကျန်းဖင်ဟွာ က လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ရင်း ပြောတယ်။

"ဒါက ထိုက်ပင် ခရိုင်မှာ ထုတ်လုပ်တဲ့ ဟောက်ခွေ လက်ဖက်ရည်ပါ။ မင်း သဘောကျမယ်လို့ မျှော်လင့်ပါတယ်"

"ကျေးဇူးတင်စွာနဲ့ သောက်ပါ့မယ်"

ကျွန်တော် ဖြည်းဖြည်းချင်း တစ်ငုံချင်းသောက်ပြီး အရသာခံကြည့်ခဲ့တယ်။ ဒါက တန်ဖိုးကြီး လက်ဖက်ရည် ဖြစ်မှာ သေချာပေမယ့် သောက်ကြည့်ရုံနဲ့တော့ အရသာကို သေသေချာချာ ကျွန်တော် သိပ်မခွဲခြားတတ်ပါဘူး။

"မင်း ဘေဂျင်းကို အရင်က ရောက်ဖူးလား"

"အရင်တုန်းက သူငယ်ချင်းတစ်ယောက်နဲ့ ခရီးထွက်ရင်း လာခဲ့ဖူးပါတယ်။ အဲဒီတုန်းကထက်စာရင် လေထုက တော်တော်လေး ကောင်းမွန်လာခဲ့တာတော့အမှန်ပဲ"

အကြောင်းပြချက်ကတော့ ဘေဂျင်းအတွင်းမှာရှိတဲ့ စက်ရုံတွေကို ဆင်ခြေဖုံးဒေသတွေဆီ ရွှေ့ပြောင်းပစ်ခဲ့လို့ပါ။ အဲဒါကြောင့်မလို့ ဘေဂျင်းအတွင်းက လေထုက ကောင်းမွန်လာခဲ့ပေမယ့် ပတ်ဝန်းကျင် ဧရိယာတွေကတော့ ဖုန်မှုန့်တွေနဲ့ ဖုံးလွှမ်းသွားခဲ့ရတယ်။

ပြဿနာကတော့ လေတိုက်တဲ့အခါတိုင်း ဒီဖုန်မှုန့်တွေက ကိုရီးယား ကျွန်းဆွယ်ဆီကို လွင့်ပါးလာတတ်တာပါ။

ကျွန်တော် ခဏလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ ပါးစပ်ကို ဖွင့်ပြီး ပြောလိုက်တယ်။

"ကျွန်တော် ရိုင်းပျရာကျမယ့် မေးခွန်းတစ်ခုလောက် မေးလို့ရမလား"

"ရိုင်းပျရာကျမယ့် မေးခွန်းလို့ အရင်ပြောတော့ ဘာဖြစ်မလဲဆိုတာကို ငါ ပိုပြီး စိတ်ဝင်စားသွားပြီ"

သမ္မတ ကျန်းဖင်ဟွာ က ခေါင်းညိတ်ပြတာကြောင့် ကျွန်တော် စကားကို ဆက်လိုက်ပါတယ်။

"CarOS နဲ့ ကျိုးမော်တာ အကြား အငြင်းပွားမှုတွေ ပြင်းထန်နေတဲ့ အချိန်တုန်းက ဟောင်ကောင်လူမျိုးတစ်ယောက်ကို ဖမ်းဆီးဖို့ ပြောဆိုသံတွေ ရှိခဲ့တယ်လို့ ကြားရပါတယ်။ အဲဒါက အမှန်ပဲလား"

ခဏလောက်တော့ သူ့ရဲ့ မျက်ဝန်းထဲမှာ အံ့ဩသွားတဲ့ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့တယ်။

ဒါပေမဲ့ သူ က ချက်ချင်းပဲ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားခဲ့ပြီး အခုလို ပြောလာခဲ့တယ်။

"ဟောင်ကောင်လူမျိုးဆိုတာ မရှိပါဘူး။ တူညီတဲ့ တရုတ်လူမျိုးတွေပဲ ရှိတာပါ"

"ဒါဆိုရင် ဟောင်ကောင်သားတစ်ယောက်လို့ပဲ ဆိုကြပါစို့"

"မင်းက ဘယ်ဟောင်ကောင်သားကို ပြောနေတာလဲ"

ကျွန်တော် လက်ဖက်ရည်ခွက်ကို ချလိုက်ရင်း ပြောလိုက်တယ်။

"အယ်လီကင် ရဲ့ အဖေပါ"

All Chapters