အခန်း ၃၆၄
Vol. 37 Ch. 364
အခန်း (၃၆၄)
ချင်မင်းဆက်က ဘိန်းစစ်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် နန်ကင်းစာချုပ်အရ ဟောင်ကောင်ကို ဗြိတိန်ဆီ လွှဲပြောင်းပေးခဲ့ရပြီး ၉၉ နှစ်အကြာမှာတော့ ဟောင်ကောင်က တရုတ်ရဲ့ ရင်ခွင်ထဲကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။
တရုတ်က ဟောင်ကောင်ကို ပြန်လည်လွှဲပြောင်းရယူတဲ့အခါ 'တစ်နိုင်ငံ၊ စနစ်နှစ်ခု' မူဝါဒကို သဘောတူညီခဲ့ပြီး ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံပေးခဲ့တယ်။
အဲဒီအတိုင်းပဲ ဟောင်ကောင်က သီးခြားရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီး ယွမ်ငွေအစား ဟောင်ကောင်ဒေါ်လာကို အသုံးပြုခဲ့တယ်။ ဒါ့အပြင် တရုတ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာဘဲ ကိုယ်ပိုင်တရားစီရင်ရေးအာဏာကို ကျင့်သုံးခဲ့တာပါ။
ဒါပေမဲ့ တရုတ်ရဲ့ အင်အားကြီးထွားလာတာနဲ့အမျှ ဟောင်ကောင်အပေါ် သြဇာသက်ရောက်မှုကလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့တယ်။ မကြာသေးခင်ကဆိုရင် တရုတ်ပြည်သူ့လုံခြုံရေးအရာရှိတွေက ဟောင်ကောင်အာဏာပိုင် တွေရဲ့ ခွင့်ပြုချက်မပါဘဲ လူတွေကို ဖမ်းဆီးပြီး ပြည်မကြီးဆီ ခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်တွေက နေ့တိုင်းလိုလို ဖြစ်ပျက်နေခဲ့တာပါ။
အယ်လီ က ဟောင်ကောင်လူမျိုး အဖေနဲ့ ဗြိတိန်လူမျိုး အမေတို့ကနေ မွေးဖွားလာခဲ့တာ ဖြစ်ပါတယ်။ အယ်လီ ရဲ့ အဖေက ဟောင်ကောင်နဲ့ ဥရောပအကြား ကူးသန်းသွားလာရင်း စီးပွားရေးလုပ်ကိုင်သူပါ။
ဗြိတိန်လူမျိုးဖြစ်တဲ့ အယ်လီ ရဲ့ အမေ ဒါမှမဟုတ် ကိုရီးယားမှာ နေထိုင်ပြီး ကမ္ဘာ့နိုင်ငံသားနှစ်ခု ခံယူထားတဲ့ အယ်လီ ကိုယ်တိုင်နဲ့ နှိုင်းယှဉ်ရင် ဟောင်ကောင်လူမျိုးဖြစ်တဲ့ အယ်လီ ရဲ့ အဖေကတော့ တရုတ်အစိုးရရဲ့ သြဇာအာဏာအောက်ကနေ ရုန်းထွက်ဖို့ ခက်ခဲမှာပဲလေ။
ဒီအကြောင်းကို သမ္မတ ဗိုင်ဆော့စကီး ဆီကနေ ကြားလိုက်ရတဲ့အချိန်မှာ ကျွန်တော့်ရဲ့ ပထမဆုံး အတွေးက ကျွန်တော်ကိုယ်တိုင် တရားလွန် ပေါ့ဆခဲ့မိတယ်ဆိုတာပါပဲ။
အခုအချိန်အထိ ကျွန်တော်က အရာရာကို ရိုးရှင်းလွန်းတယ်လို့ပဲ တွေးခဲ့မိတာပါ။ ကျွန်တော့်ကြောင့် ဘေးနားကလူတွေ အလွယ်တကူ အန္တရာယ်ကျရောက်သွားနိုင်ပါတယ်။
ကျွန်တော် အခု ဘယ်လို မျက်နှာအမူအရာမျိုး ဖြစ်နေမလဲ။ ထိတ်လန့်တုန်လှုပ်နေမလား၊ ဒါမှမဟုတ် ဒေါသတကြီးနဲ့ မျက်နှာပျက်နေမလား။
ခဏအကြာမှာတော့ သမ္မတ ကျန်းဖင်ဟွာ က စကားပြောလာခဲ့တယ်။
"တစ်ယောက်ယောက်က အဲလိုဖမ်းဖို့ အကြံပြုခဲ့တာတော့ ရှိပါတယ်"
"သူ့ကို ဖမ်းဆီးဖို့အထိ ပြောဆိုရအောင် ဘယ်လိုရာဇဝတ်မှုမျိုးနဲ့ စွပ်စွဲဖို့ လုပ်ခဲ့ကြတာလဲ"
"မူးယစ်ဆေးဝါး ရာဇဝတ်မှုပေါ့"
ကျွန်တော် လန့်သွားခဲ့ပေမယ့် အမူအရာမပျက်စေဘဲ တည်တည်ငြိမ်ငြိမ်ပဲ ပြန်မေးလိုက်ပါတယ်။
"အယ်လီ ရဲ့ အဖေက မူးယစ်ဆေးဝါး သုံးစွဲလို့လား"
"သူတို့ကတော့ အဲဒါက အဓိကမကျဘူးလို့ ပြောကြတာပဲ"
"......"
တကယ်လို့ မသုံးစွဲခဲ့ရင်တောင် မူးယစ်ဆေးဝါးတရားခံအဖြစ် အကွက်ဆင်ပစ်မယ်လို့ ပြောနေတာလား။
တရုတ်နိုင်ငံက ချင်မင်းဆက်နှောင်းပိုင်းမှာ ဘိန်းကြောင့်မလို့ အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရပြီး အဲဒီနောက်ပိုင်း ဘိန်းစစ်ပွဲတွေမှာ ရှုံးနိမ့်ခဲ့ရတဲ့ နာကျင်စရာ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ဒါကြောင့်မလို့ သူတို့က မူးယစ်ဆေးဝါးကို ကြီးလေးတဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာပါ။
သတ်မှတ်ပမာဏထက်ကျော်လွန်ပြီး မူးယစ်ဆေးဝါး လက်ဝယ် ထားရှိမှု ဒါမှမဟုတ် ဖြန့်ဖြူးမှုတွေက သေဒဏ်အထိတောင် ကျခံရနိုင်ပါတယ်။ နိုင်ငံခြားသားတွေလည်း ချွင်းချက်မရှိဘဲ တောင်ကိုရီးယားနိုင်ငံသား အနည်းငယ်လည်း ဒီကိစ္စကြောင့် သေဒဏ်ပေးခံခဲ့ရဖူးပါတယ်။
သက်ဆိုင်ရာ နိုင်ငံတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပေမယ့် တရုတ်ကတော့ မူးယစ်ဆေးဝါး ကိစ္စနဲ့ပတ်သက်လာရင် ဘယ်တော့မှ နောက်ဆုတ်လေ့မရှိပါဘူး။
တကယ်လို့သာ အယ်လီ ရဲ့ အဖေက မူးယစ်ဆေးဝါးတရားခံအဖြစ် ဖမ်းဆီးခံခဲ့ရမယ်ဆိုရင် ဘယ်လိုမှ လွယ်လွယ်ကူကူ ပြန်လည်လွတ်မြောက်လာနိုင်မှာ မဟုတ်ပါဘူး။
ကံကောင်းစွာနဲ့ပဲ ဒီအစီအစဉ်က တကယ်တမ်း အကောင်အထည်ပေါ်မလာခဲ့ပါဘူး။ အယ်လီ ရဲ့ မိဘတွေက ဟောင်ကောင်မှာ ကောင်းကောင်းမွန်မွန် နေထိုင်နေကြဆဲပါ။
သမ္မတ ကျန်းဖင်ဟွာ က ကျွန်တော့်ရဲ့ မျက်နှာအမူအရာကို ကြည့်ပြီး ပြောလာတယ်။
"ငါ့အမြင်အရတော့ အဲဒီနည်းလမ်းက တော်တော်လေး ထိရောက်လိမ့်မယ်လို့ ထင်တယ်။ ကမ္ဘာပေါ်က တချို့လူတွေက ကိုယ့်ရဲ့ ရည်မှန်းချက်အတွက် ဘေးနားကလူတွေကိုတောင် စွန့်ပစ်တတ်ကြပေမယ့်၊ ကိုယ်နဲ့ နီးစပ်သူတွေကို ကာကွယ်ဖို့အတွက် အရာအားလုံးကို စွန့်လွှတ်ဝံ့တဲ့ လူမျိုးတွေလည်း ရှိတာပဲ လေ"
တကယ်လို့ တရုတ်အစိုးရက အယ်လီ ရဲ့ အဖေကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ဈေးဆစ်ခဲ့မယ်ဆိုရင် ကျွန်တော် ဘယ်လို ရွေးချယ်မှုမျိုးကို ပြုလုပ်ခဲ့မိမလဲ။ ဖြစ်နိုင်တာကတော့ ကျွန်တော်က ကျိုးမော်တာ ကို အခြေအမြစ်မရှိ စွပ်စွဲခဲ့မိပါတယ်ဆိုပြီး တောင်းပန်ပြီး နောက်ဆုတ်ပေးခဲ့မိမှာပါ။
ဒါဆိုရင် ဒီနေရာမှာ မေးခွန်းတစ်ခု ထွက်ပေါ်လာပါတယ်။ ဒါက ထိရောက်တဲ့ နည်းလမ်းမှန်း သိနေပါလျက်နဲ့ ဘာဖြစ်လို့ သူတို့ မလုပ်ခဲ့ကြတာလဲ။
သမ္မတ ကျန်းဖင်ဟွာ က သူ့ရဲ့ လက်ဖက်ရည်ခွက်အလွတ်ကို ချလိုက်ရင်း ပြောတယ်။
"ရှေးလူကြီးတွေရဲ့ စကားအရဆိုရင် နဂါးကို လူတွေက ယဉ်ပါးအောင် လုပ်ပြီး စီးနင်းနိုင်ကြတယ်တဲ့။ ဒါပေမဲ့ နဂါးရဲ့ လည်ပင်းအောက်မှာတော့ ပြောင်းပြန်ပေါက်နေတဲ့ အကြေးခွံ (ယော့ရင်) တစ်ခု ရှိတယ်။ တကယ်လို့ အဲဒီအကြေးခွံကို သွားထိမိရင် နဂါးက အဲဒီလူကို မုချသတ်ပစ်လိမ့်မယ်"
"ပြောင်းပြန်ပေါက်နေတဲ့ အကြေးခွံဟုတ်လား"
ဒါက ဟန်ဖေးဇီ ပြောခဲ့ဖူးတဲ့ စကားတစ်ခုပါ။
"လူတွေမှာလည်း အဲဒီလိုမျိုး 'ပြောင်းပြန်ပေါက်နေတဲ့ အကြေးခွံ' ဆိုတာ ရှိတတ်ကြတယ်။ အဲဒါကို သွားထိမိရင်တော့ နှစ်ယောက်ထဲက တစ်ယောက် သေမှပဲ အဆုံးသတ်လိမ့်မယ်"
ကျွန်တော် ခေါင်းညိတ်လိုက်ပါတယ်။
ကျွန်တော့်အနေနဲ့ အစပိုင်းမှာတော့ အယ်လီ ရဲ့ အဖေကို ကယ်တင်ဖို့အတွက် ကျိုးမော်တာ ကိစ္စကို လျှော့ပေးခဲ့မိမှာ ဖြစ်ပေမယ့်၊ အဲဒီနောက်ပိုင်းမှာတော့ နည်းလမ်းမျိုးစုံသုံးပြီး တရုတ်ကို တိုက်ခိုက်ပြီး ဒီကိစ္စကို လူသိရှင်ကြား ချပြခဲ့မိမှာပါ။
ဒီလုပ်ငန်းစဉ်အတွင်းမှာ ကျွန်တော့်ဘက်က နစ်နာမှုတွေ ရှိခဲ့ရင်တောင်မှ ကျွန်တော် ရပ်တန့်ခဲ့မှာ မဟုတ်ပါဘူး၊ ရလဒ်အနေနဲ့ တရုတ်က အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲထက်စာရင် ပိုပြီးတော့ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
"ကျွန်တော့်မှာ နောက်ဆုံးမေးခွန်းတစ်ခု ရှိပါတယ်။ အမြဲတမ်းကော်မတီဝင် လီဟော့နင် ရာထူးက ဆင်းသွားတာက အဲဒီကိစ္စနဲ့ ပတ်သက်နေတာလား"
သမ္မတ ကျန်းဖင်ဟွာ က ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း ပြောတယ်။
"အင်း... ကိုယ့်ရဲ့ ပြိုင်ဘက်က ဘယ်လိုလူလဲဆိုတာကိုတောင် သေသေချာချာ နားမလည်ဘဲ အဲဒီလိုမျိုး မိုက်မဲတဲ့ စကားတွေကို ပြောတတ်တဲ့လူက အမြဲတမ်းကော်မတီမှာ ထိုင်ဖို့ အရည်အချင်း မရှိဘူးလေ။ ဟုတ်တယ်မလား"
ဒါက အမှန်တရားကို ဝန်ခံလိုက်တာနဲ့ အတူတူပါပဲ။
အမြဲတမ်းကော်မတီဝင် လီဟော့နင် ရာထူးက ဆင်းသွားရတဲ့ တရားဝင် အကြောင်းပြချက်က ကျန်းမာရေးမကောင်းလို့ဆိုပြီး ဖြစ်တဲ့အပြင် ကျွမ်းကျင်သူတွေကတော့ သူ က ရှန်ဟိုင်းဂိုဏ်းက ဖြစ်တာမလို့ အာဏာလုပွဲမှာ ရှုံးနိမ့်သွားတာ ဖြစ်တယ်လို့ ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။ ဒါပေမဲ့ အမှန်တရားကတော့ သူ အဲဒီစကားတွေကို ပြောခဲ့မိလို့လား။
"စကားတစ်ခွန်းရဲ့ အလေးချိန်က ရွှေစင်အပြားတစ်ထောင်ထက်မက ပိုပြီး လေးလံတယ်။ ဒီလိုမျိုး ကိစ္စက နောက်နောင် ဘယ်တော့မှ ထပ်ပြီး ဖြစ်လာမှာ မဟုတ်ပါဘူး"
ဒါက ကိုယ်ကျင့်တရားအရ မှားယွင်းနေလို့ ဒါမှမဟုတ် မတရားလို့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ 'ပြောင်းပြန်ပေါက်နေတဲ့ အကြေးခွံ' ကို သူတို့ လာပြီး ထိမှာမဟုတ်ဘူးလို့ပဲ ဆိုလိုတာ ဖြစ်ပါတယ်။
သမ္မတ ကျန်းဖင်ဟွာ က ကျွန်တော့်ကို တည့်တည့်စိုက်ကြည့်ရင်း ပြောလာတယ်။
"တစ်ချိန်တုန်းက တစ်ယောက်နဲ့တစ်ယောက် လည်ပင်းကို ဓားနဲ့ထောက်ခဲ့ကြတဲ့ သူတွေဖြစ်ရင်တောင်မှ အကျိုးစီးပွားချင်း တူညီရင် မိတ်ဆွေတွေ ဖြစ်လာနိုင်တယ်လို့ ငါယုံကြည်တယ်။ ကိုယ်စားလှယ် ကန်ဂျင်ဟူ လျှောက်လှမ်းချင်တဲ့ လမ်းကြောင်းက တရုတ်နိုင်ငံ လျှောက်လှမ်းရမယ့် လမ်းကြောင်းနဲ့ ကွဲပြားနေလိမ့်မယ်လို့ ငါမထင်ဘူး"
တရုတ်ကိုရောက်ရောက်ချင်း ကျွန်တော် က ဝန်ကြီး လီရွှဲ့ဝေ ရဲ့ စကားတွေနဲ့ ကျွန်တော့်အပေါ် ပြုမူခဲ့တဲ့ အမူအရာတွေကို ပြန်ပြီး သတိရမိသွားခဲ့တယ်။ ကျွန်တော် ခံစားမိခဲ့တဲ့အတိုင်းပဲ အဲဒါက ဟန်ဆောင်တာ မဟုတ်ဘဲ စစ်မှန်တဲ့ စိတ်ရင်းအမှန် ဖြစ်နေခဲ့တာပါ။
ကျွန်တော် ပိုင်ဆိုင်ထားတဲ့ နည်းပညာနဲ့ အရင်းအနှီးတွေက အထောက်အကူ ဖြစ်နေသရွေ့တော့ တရုတ်က ကျွန်တော့်အပေါ် မျက်နှာသာပေးနေဦးမှာ သေချာပါတယ်။ ကြွက်ဖမ်းပေးမယ့် ကြောင်က ကြောင်ကောင်းပဲ မဟုတ်ဘူးလား။
ဒါကို တရုတ်တို့ရဲ့ လက်တွေ့ဆန်တဲ့ ဝါဒလို့ ခေါ်ရမလား၊ ဒါမှမဟုတ် ပြည်မကြီးရဲ့ စိတ်ဓာတ်လို့ပဲ ဆိုရမလား။
"တရုတ်နိုင်ငံနဲ့ OTK Company တို့က တစ်ယောက်နဲ့တစ်ယောက် ကြီးမားတဲ့ အထောက်အကူ ဖြစ်စေမှာပါ။ ဒီနေ့ တွေ့ဆုံမှုက အချင်းချင်း အထောက်အကူဖြစ်စေမှုရဲ့ အစပြုခြင်း ဖြစ်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်"
[သမ္မတ ကျန်းဖင်ဟွာ - တောင်ကိုရီးယားက တရုတ်အတွက် အရေးကြီးတဲ့ စီးပွားရေး မိတ်ဖက်နိုင်ငံ ဖြစ်သည်]
[တရုတ်-ကိုရီးယားတို့က ရေရှည်တည်တံ့တဲ့ ချစ်ကြည်ရေး သမိုင်းကြောင်း ရှိခဲ့ကြသည်]
[တောင်ကိုရီးယား ကုမ္ပဏီတွေရဲ့ တရုတ်မှာ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ပံ့ပိုးကူညီသွားမည်]
[အရှေ့မြောက်ပိုင်း သုံးပြည်နယ်ကို ပြန်လည်အသက်သွင်းဖို့အတွက် တရုတ်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေနေသည်]
တရုတ် မီဒီယာတွေက သမ္မတ ကျန်းဖင်ဟွာ နဲ့ ကျွန်တော် လက်ဆွဲနှုတ်ဆက်ပြီး စကားပြောနေကြတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ဆက်တိုက် ထုတ်လွှင့်ခဲ့ကြပြီး တောင်ကိုရီးယားနဲ့ တရုတ်အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါပုံကို အသားပေး ဖော်ပြခဲ့ကြတယ်။
သမ္မတ ကျန်းဖင်ဟွာ က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အခုလို ပြောကြားခဲ့တယ်။
"တရုတ်နိုင်ငံအနေနဲ့ ပြည်ပရင်းနှီးမြုတ်နှံမှုတွေရဲ့ ရှယ်ယာပိုင်ဆိုင်ခွင့်နဲ့ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်တွေကို ပိုပြီးတော့ ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ မူပိုင်ခွင့် အကာအကွယ်ပေးမှုတွေကို မြှင့်တင်သွားမှာဖြစ်ပြီး ချိုးဖောက်တဲ့ လုပ်ရပ်တွေကိုလည်း ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမှာပါ။ အခွန်နှုန်းထားတွေကို တဖြည်းဖြည်းချင်း ပယ်ဖျက်သွားမှာဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ မူဝါဒကို ထိန်းသိမ်းကာ တရုတ်ဈေးကွက်ရဲ့ တံခါးတွေကို ဆက်တိုက် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်"
နောက်တစ်နေ့မှာတော့ ဝန်ကြီးချုပ် ပိုရှောင်ယု ဦးဆောင်တဲ့ တောင်ကိုရီးယား စီးပွားရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲကို ကျင်းပခဲ့တယ်။
"ဒီတွေ့ဆုံပွဲက အားလုံးရဲ့ ရိုးသားတဲ့ ထင်မြင်ချက်တွေကို နားထောင်ဖို့အတွက် ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ တရုတ်မှာ စီးပွားရေးလုပ်ကိုင်ရတာနဲ့ ပတ်သက်ပြီး ဘယ်လို အခက်အခဲမျိုးပဲ ရှိရှိ ပွင့်ပွင့်လင်းလင်း ပြောပြပေးကြပါ"
အခြေအနေက တပ်မမှူးက တပ်သားသစ်တွေကို ခေါ်ပြီး စစ်တပ်အတွင်းက အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့ ခိုင်းနေသလိုမျိုး ဖြစ်နေတာကြောင့် ဘယ်သူမှ လွယ်လွယ်ကူကူ ပါးစပ်မဟရဲကြပါဘူး။
မတတ်နိုင်တဲ့အဆုံး ကျွန်တော်ပဲ အစပြုပြီး ပြောဖို့ ဆုံးဖြတ်လိုက်တယ်။
"ဒါက နားဝင်မချိုတာမျိုး ဒါမှမဟုတ် နားထောင်ရတာ အဆင်မပြေတာမျိုး ဖြစ်နိုင်ပေမယ့် ကျွန်တော် စကားတစ်ခွန်းလောက် ပြောပါရစေ"
ဝန်ကြီးချုပ် ပိုရှောင်ယု က ချက်ချင်းပဲ ပြန်ဖြေတယ်။
"ရတာပေါ့။ နားဝင်မချိုတာပဲဖြစ်ဖြစ်၊ ရင်ဘတ်ကို ဆောင့်ကန်တာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောပြပေးပါ"
"တရုတ်အစိုးရက ပြည်ပကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးချဲ့ပေးမယ်လို့ ပြောနေပေမယ့် လက်တွေ့မှာတော့ ဒေသန္တရအစိုးရတွေက ခွင့်ပြုမိန့် ထုတ်ပေးဖို့ ငြင်းဆန်တာမျိုးတွေ၊ ဒါမှမဟုတ် တင်းကျပ်တဲ့ ဆင်ဆာဖြတ်တောက်မှုတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကနေတစ်ဆင့် အခက်အခဲမျိုးစုံ ဖြစ်အောင် လုပ်လေ့ရှိပါတယ်။ အာဏာပိုင်တွေအနေနဲ့ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပိုပြီးတော့ ပြတ်ပြတ်သားသား လုပ်ဆောင်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ဝန်ကြီးချုပ် ပိုရှောင်ယု က တည်ကြည်တဲ့ မျက်နှာအမူအရာနဲ့ ခေါင်းညိတ်လိုက်ရင်း ပြောတယ်။
"မင်းက နားဝင်မချိုတာမျိုး ဖြစ်နိုင်တယ်လို့ ပြောခဲ့ပေမယ့် အဲဒီစကားတွေက ရင်ဘတ်ကို တည့်တည့်မှန်သွားခဲ့တာပဲ။ မင်းရဲ့ေ စောနက စကားက ပြစ်တင်ဝေဖန်တာ မဟုတ်ဘဲ ပြဿနာရဲ့ ရိုးသားတဲ့ ဖြစ်ရပ်မှန်ကို ပြောပြတာလို့ ငါယုံကြည်ပါတယ်။ ငါတို့အတွက် အခုအချိန်မှာ ဒီလိုမျိုး စကားတွေ လိုအပ်နေတာဖြစ်ပြီး မင်းတို့အားလုံးဆီကနေ ထင်မြင်ချက်တွေကို ပိုပြီးတော့ နားထောင်ချင်ပါတယ်"
ဒီလိုနဲ့ ဥက္ကဌ လင်ဂျင်ယုံ၊ ဥက္ကဌ ဟန်ချန်ယောင်း တို့ကလည်း တစ်ယောက်ပြီးတစ်ယောက် စကားပြောလာခဲ့ကြပြီး အဲဒီနောက်မှာတော့ တခြား စီးပွားရေးခေါင်းဆောင်တွေကလည်း သူတို့ရဲ့ အခက်အခဲတွေကို အသီးသီး တင်ပြခဲ့ကြတယ်။
"တရုတ်အစိုးရအနေနဲ့ အားလုံးကို စကားပြောဆိုခွင့်တွေ ဆက်တိုက် ပေးသွားမှာဖြစ်ပြီး စိတ်ရင်းမှန်နဲ့ နားထောင်ပေးသွားမှာပါ။ ပြီးတော့ ဒီနေ့ တင်ပြခဲ့ကြတဲ့ အခက်အခဲတွေကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ဖို့အတွက် အကောင်းဆုံး ပူးပေါင်းဆောင်ရွက် ပေးသွားမှာပါ"
ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ ဥက္ကဌ လင်ဂျင်ယုံ က ကျွန်တော့်ဆီ တိုးတိုးလေး ကပ်ပြောလာခဲ့တယ်။
"တရုတ်ဘက်က စီးပွားရေးပိတ်ဆို့မှုတွေက သိသိသာသာ မဟုတ်ရင်တောင်မှ ဆက်တိုက် ရှိနေခဲ့တာ၊ အခုတော့ အခြေအနေတွေက နည်းနည်း လျော့ပါးသွားလောက်တော့မယ် ထင်တယ်။ တော်သေးတာပေါ့"
"ဘာပဲဖြစ်ဖြစ် ဆိုဆောင်း အီလက်ထရောနစ် ကတော့ ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ဘူး မဟုတ်လား"
"လုံးဝ မရှိခဲ့တာတော့ မဟုတ်ဘူး။ Semiconductor တွေနဲ့ ဘတ္ထရီတွေက အများအားဖြင့် B2B ဖြစ်တာမလို့ ကြီးကြီးမားမား ပြဿနာမရှိခဲ့ပေမယ့် စမတ်ဖုန်းတွေ၊ တီဗီတွေ၊ ရေခဲသေတ္တာတွေ စတာတွေကတော့ သိပ်မရောင်းရဘူးလေ။ အခုကစပြီးတော့ ပြန်ပြီး အပြင်းအထန် ရောင်းချရတော့မှာပေါ့"
တခြား စီးပွားရေးခေါင်းဆောင်တွေလည်း စိတ်သက်သာရာရသွားတဲ့ ပုံစံမျိုး ဖြစ်နေခဲ့ကြပါတယ်။
ရုရှားက သူတို့ရဲ့ TWR စမ်းသပ်မှု အောင်မြင်ခြင်းကို နေ့စဉ်ရက်ဆက် ကြော်ငြာခဲ့ပြီး သမ္မတ ဗိုင်ဆော့စကီး ကလည်း ဥရောပခရီးစဉ်ကို စတင်ခဲ့တယ်။ အများစုရဲ့ အမြင်ကတော့ နျူကလီးယား ဓာတ်အားပေးစက်ရုံ အရောင်းမြှင့်တင်ဖို့အတွက်လို့ ယူဆကြတာပါ။
တရုတ်ကလည်း TWR စီးပွားဖြစ် ထုတ်လုပ်ဖို့အတွက် ရုရှားနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့တယ်။
နျူကလီးယား ပို့ကုန်ကဏ္ဍကို အာရုံစိုက်နေခဲ့တဲ့ တောင်ကိုရီးယားအစိုးရကတော့ ပိုပြီးတော့ အကြပ်ရိုက်စရာ အခြေအနေနဲ့ ရင်ဆိုင်လိုက်ရတာပါ။ ချက်သမ္မတနိုင်ငံရဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံ တင်ဒါကတော့ ဆုံးရှုံးသွားခဲ့ပြီဖြစ်ပြီး ဆော်ဒီအာရေဗျ လိုမျိုး တခြားနိုင်ငံတွေဆီ တင်ပို့ဖို့အတွက်လည်း ခက်ခဲလိမ့်မယ်ဆိုတဲ့ စကားတွေ ထွက်ပေါ်လာခဲ့တယ်။
တောင်ကိုရီးယားအနေနဲ့ ကမ္ဘာ့နျူကလီးယား ဈေးကွက်ကနေ လုံးဝ ဖယ်ထုတ်ခံလိုက်ရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေက မြင့်တက် လာခဲ့ပါတယ်။
နိုင်ငံအသီးသီးက Rosatom ဆီကို အလုအယက် ဆက်သွယ်ခဲ့ကြပေမယ့် ကိုရီးယား ဟိုက်ဒရိုနှင့် နျူကလီးယားစွမ်းအင် ကုမ္ပဏီ (KHNP) က တာဝန်ရှိသူတွေကတော့ အစိုးရရဲ့ ရပ်တည်ချက်ကို ထောက်ထားပြီး အလှမ်းဝေးရာမှာပဲ နေခဲ့တယ်။
အစိုးရအနေနဲ့လည်း အလေးအနက် စဉ်းစားနေခဲ့ရတာပါ။ နျူကလီးယားအဆင့်ဆင့်ပိတ်သိမ်းရေး လမ်းပြမြေပုံကို ပထမဆုံး ကြေညာခဲ့တုန်းကတော့ ပြင်းပြင်းထန်ထန် အားပေးထောက်ခံမှု ရရှိခဲ့တယ်။ အဲဒီအချိန်တုန်းက ဖူကူရှီးမား နျူကလီးယား မတော်တဆမှု ဖြစ်ပွားပြီး သိပ်မကြာသေးတဲ့ အချိန်ဖြစ်တာကြောင့် ကမ္ဘာကြီးတစ်ခုလုံးက နျူကလီးယား အဆင့်ဆင့်ပိတ်သိမ်းရေးဆီ ဦးတည်နေခဲ့ကြပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ခေတ်ကြီးက ချက်ချင်း ဆိုက်ရောက်လာတော့မလိုမျိုး ဖြစ်နေခဲ့တာပါ။
ပြဿနာကတော့ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား ပမာဏက စီမံကိန်းဆွဲခဲ့စဉ်ကထက်စာရင် သိသိသာသာ မြင့်တက်လာခဲ့ပေမယ့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဝေစုတိုးချဲ့မှုကတော့ နှေးကွေးစွာပဲ ရှေ့ဆက်နေခဲ့တာ ဖြစ်ပါတယ်။
အတိတ်က ကြိုးပမ်းမှုတွေ ရှိခဲ့တာတောင် တောင်ကိုရီးယားရဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဝေစုက ၁၀ ရာခိုင်နှုန်းအောက်ပဲ ရှိနေခဲ့တာပါ။ တစ်ဖက်မှာတော့ နျူကလီးယားဓာတ်အား ထုတ်လုပ်မှုအပေါ် မှီခိုနေရတာက လုံးဝကို အကြွင်းမဲ့ ဖြစ်နေခဲ့တာလေ။
အစိုးရဘက်က ပထမဆုံး ကြေညာခဲ့တဲ့ အခြေခံ စွမ်းအင်စီမံကိန်းအရဆိုရင် ဒါကို OECD ရဲ့ ပျမ်းမျှနှုန်းဖြစ်တဲ့ ၃၀ ရာခိုင်နှုန်းအထိ မြှင့်တင်ဖို့ ရည်မှန်းထားခဲ့တာ ဖြစ်ပေမယ့် ကျွမ်းကျင်သူ တော်တော်များများကတော့ ဒါက လက်တွေ့မှာ ဖြစ်နိုင်ပါ့မလားဆိုပြီး သံသယဝင်ခဲ့ကြတယ်။
ဒီလို အခြေအနေမျိုးမှာ TWR ထွက်ပေါ်လာတာက အစိုးရရဲ့ အခြေခံ စွမ်းအင်စီမံကိန်းကို အမြစ်ကနေ လှုပ်ခါပစ်လိုက်သလိုမျိုးပါပဲ။ နျူကလီးယားကို အဆင့်ဆင့်ပိတ်သိမ်းဖို့ လုပ်ဆောင်နေစဉ်မှာ အစိုးရက နျူကလီးယားစက်ရုံတွေရဲ့ ကြီးမားတဲ့ ပြင်ပကုန်ကျစရိတ်တွေကို ထောက်ပြခဲ့ဖူးတယ်။
ဒါပေမဲ့ TWR က ကုန်ဆုံးသွားတဲ့ ယူရေနီယံကို လောင်စာအဖြစ် အသုံးပြုတာဖြစ်ပြီး တစ်ကြိမ် စတင်လိုက်တာနဲ့ နှစ်ပေါင်း ၅၀ ကျော်အထိ လည်ပတ်နိုင်ကာ လောင်စာချောင်းတွေကို လုံးဝ ကုန်စင်အောင် လောင်ကျွမ်းစေတာမလို့ နျူကလီးယား စွန့်ပစ်ပစ္စည်းကလည်း လုံးဝနီးပါး မကျန်ရှိတော့ပါဘူး။
လောင်စာစရိတ်၊ လည်ပတ်စရိတ်၊ စက်ရုံပိတ်သိမ်းစရိတ်နဲ့ စွန့်ပစ်ပစ္စည်း ရှင်းလင်းစရိတ်တွေက သိသိသာသာ လျော့နည်းသွားခဲ့တာပါ။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရဆိုရင် TWR က Light-water reactor တွေထက်စာရင် အနည်းဆုံး အဆ ၅၀ မက ပိုပြီး စွမ်းဆောင်ရည် မြင့်မားတယ်လို့ ဆိုကြပါတယ်။
မကြာသေးခင်က ကောက်ခံခဲ့တဲ့ လူထုသဘောထား စစ်တမ်းတစ်ခုအရဆိုရင် နျူကလီးယားအဆင့်ဆင့်ပိတ်သိမ်းရေး မူဝါဒအပေါ် အားပေးထောက်ခံမှုနှုန်းက အာဏာရပါတီရဲ့ ထောက်ခံမှုနှုန်းထက်တောင် ပိုပြီး နိမ့်ကျနေခဲ့တာပါ။ ဒါက အာဏာရပါတီကို ထောက်ခံသူတွေထဲမှာတောင်မှ အများအပြားက ဒါကို ဆန့်ကျင်နေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
အတိုက်အခံဖြစ်တဲ့ လွတ်လပ်သောပြည်သူများပါတီ ကလည်း နျူကလီးယားအဆင့်ဆင့်ပိတ်သိမ်းရေး အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဆက်တိုက် တိုက်စစ်ဆင်ခဲ့ကြပြီး အာဏာရ နိုင်ငံရေးသစ်ပါတီ အတွင်းမှာတောင်မှ သဘောထားတွေက ကွဲပြားနေခဲ့ပါတယ်။
တချို့က ဒါက သမ္မတရဲ့ အဓိက ကတိကဝတ်တစ်ခု ဖြစ်တာမလို့ အတင်းအကြပ် ရှေ့ဆက်တွန်းအားပေးဖို့ အငြင်းပွားနေကြပြီး တခြားလူတွေကတော့ မူဝါဒကို အစကနေ ပြန်ပြီး စဉ်းစားသုံးသပ်သင့်တယ်လို့ အကြံပြုခဲ့ကြတယ်။
ဒီလို နိုင်ငံရေး ရှုပ်ထွေးမှုတွေအကြားမှာ လူထုရဲ့ ဒေါသကို ပိုပြီး ဆွပေးလိုက်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်။
ချေဘော မိသားစုဝင်တစ်ယောက်က ဂေါက်ကွင်းတစ်ခုမှာ ဂေါက်အိတ်သယ်ပေးသူကို ကိုယ်ထိလက်ရောက် စော်ကားခဲ့တာပါ။ ကျူးလွန်သူလို့ စွပ်စွဲခံရသူကတော့ Yuan Logistics ရဲ့ ဥက္ကဌ ပတ်မင်ဝူး ရဲ့ ဇနီးဖြစ်သူ လင်ဆီယွန် ဖြစ်ပါတယ်။
ကိုယ်ထိလက်ရောက် စော်ကားရတဲ့ အကြောင်းအရင်းကတော့ ဂေါက်အိတ်သယ်ပေးသူက ဂေါက်အိတ်ကို ကားထဲကို ထည့်နေတဲ့အချိန်မှာ ကားမှာ အစင်းရာ ထင်သွားခဲ့လို့ပါတဲ့။ ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ ဆဲဆိုကြိမ်းမောင်းမှုတွေက မိနစ် ၂၀ နီးပါး ကြာမြင့်ခဲ့တာပါ။ တခြား ချေဘော ဇနီးသည် အနည်းငယ်လည်း ရှိနေခဲ့ကြပေမယ့် ဘယ်သူမှ ဝင်ရောက်မတားဆီးကြဘဲ ဒီအတိုင်း ကြည့်နေခဲ့ကြတယ်။
ဂေါက်အိတ်သယ်သူက ဒဏ်ရာတွေကြောင့် ၈ ပတ်ကြာ ကုသမှု ခံယူခဲ့ရပြီး စိတ်ဒဏ်ရာပါ ရရှိသွားခဲ့တာကြောင့် ဆေးရုံတက်ခဲ့ရပေမယ့် ဂေါက်ကွင်းဘက်ကတော့ ကျူးလွန်သူကို တိုင်ကြားတာမျိုး ဒါမှမဟုတ် ကန့်ကွက်တာမျိုး လုံးဝ မလုပ်ခဲ့တဲ့အပြင် နစ်နာသူ ဝန်ထမ်းကိုသာ ရာထူးကနေ ထုတ်ပယ်ပစ်ခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်က ဒီအတိုင်း ဖုံးကွယ်ပြီး ပြီးသွားနိုင်ခဲ့တာ ဖြစ်ပေမယ့် လုပ်ဖော်ကိုင်ဖက် ဂေါက်အိတ်သယ်သူတစ်ယောက်က အင်တာနက်နဲ့ မီဒီယာတွေဆီ တိုင်ကြားခဲ့တာကြောင့် လူသိရှင်ကြား ဖြစ်လာခဲ့တာပါ။ ရဲတပ်ဖွဲ့က ရရှိခဲ့တဲ့ ကားပါကင် စီစီတီဗီ မှတ်တမ်းထဲမှာလည်း ကိုယ်ထိလက်ရောက် စော်ကားမှုကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရတယ်။
ပြည်သူတွေက အချိန်မှန် ပေါက်ကွဲတတ်တဲ့ ချေဘောတွေရဲ့ 'အာဏာအလွဲသုံးစားလုပ်မှု' ဖြစ်ရပ်ကြောင့် ဒေါသထွက်နေခဲ့ကြတာပါ။
ဒါပေမဲ့လည်း ဒါနဲ့ပတ်သက်ပြီး တခြား ဇာတ်ကြောင်းတစ်ခု ထွက်ပေါ်လာခဲ့တယ်။ ကန်ဂျင်ဟူ ရဲ့ အမေကလည်း ဒီဂေါက်ရိုက်အဖွဲ့ထဲမှာ ပါဝင်နေခဲ့တယ်ဆိုပြီး စွပ်စွဲချက် ထွက်ပေါ်လာခဲ့တာပါ။
သူ က ဖြစ်ပွားခဲ့တဲ့ နေ့တုန်းက ရှိမနေခဲ့ပါဘူး၊ ဒါပေမဲ့ အဲဒါက အဓိက မဟုတ်ဘူးလေ။
လွှတ်တော်အမတ် မြောင်ဂျင်ဝု က လွှတ်တော်အတွင်းမှာ ထရပ်ပြီး စာရွက်စာတမ်းတွေကို ဝှေ့ယမ်းကာ အော်ဟစ်ခဲ့တယ်။
"ကမ္ဘာ့အချမ်းသာဆုံး လူသားရဲ့ အမေက သားဖြစ်သူရဲ့ ပိုက်ဆံနဲ့ ဝယ်ထားတဲ့ တန်ဖိုးကြီး အိတ်တွေကို ကိုင်ဆောင်ပြီး၊ ကြယ်ငါးပွင့်ဟိုတယ်တွေကို ကိုယ့်အိမ်လိုမျိုး အသုံးပြုကာ ချေဘော ဇနီးသည်တွေနဲ့အတူ ဂေါက်ရိုက်ပြီး အာဏာအလွဲသုံးစား လုပ်မှုတွေမှာ ပါဝင်ပတ်သက်နေတာက အဓိပ္ပာယ် ရှိလို့လား။ ဒါတင်မကသေးဘူး၊ သူ က ပြီးခဲ့တဲ့ မွေးနေ့တုန်းက ချေဘော ကတော်မျိုးစုံဆီကနေ Chanel အိတ်တွေ၊ ဖိနပ်တွေ၊ ဂျာကင်တွေ စတာတွေကို လက်ဆောင်အဖြစ် လက်ခံရရှိခဲ့တယ်လို့လည်း ပြောကြတယ်။ လက်ဆောင်တွေရဲ့ စုစုပေါင်း တန်ဖိုးတင် ဒေါ်လာ ၅၀၀၀၀ ကျော် ရှိတယ်။ ဒီလောက်အဆင့်ဆိုရင် ဒါက လက်ဆောင်မဟုတ်ဘဲ လာဘ်ပေးလာဘ်ယူမှုလို့ ယူဆလို့ရနေပြီလေ။ ကျွန်တော်တို့အနေနဲ့ အမှန်တရားကို ဖော်ထုတ်ဖို့အတွက် ချက်ချင်း သေသေချာချာ စုံစမ်းစစ်ဆေးရမှာဖြစ်ပြီး ကျူးလွန်သူက ပြည်သူတွေကိုလည်း တောင်းပန်ရပါလိမ့်မယ်"
ကျွန်တော်တို့ အစည်းအဝေး လုပ်နေတုန်းမှာပဲ တက်ဂယူ က ရုတ်တရက် ဝုန်းခနဲ ထရပ်ပြီး အော်ဟစ်လိုက်တယ်။
"ဟေ့။ ငါတို့တော့ ပြဿနာအကြီးကြီး တက်ပြီ"
ကျွန်တော်က စိတ်ပျက်လက်ပျက်နဲ့ လက်ကာပြလိုက်ရင်း ပြောတယ်။
"တိုးတိုးလုပ်စမ်းပါ။ အစည်းအဝေးလုပ်နေတုန်း ဖုန်းသုံးချင်ရင် အပြင်ထွက်သုံး"
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ တကယ်ကို အရေးကြီးနေတာ။ သတင်းကို ကြည့်လိုက်ဦး"
"ဟမ်"
သူ့ရဲ့ မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် တကယ်ပဲ ပြဿနာအကြီးကြီး ဖြစ်နေပုံရပါတယ်။ Lost Fantasy Online က ရုတ်တရက် အရေးပေါ် Update တွေ ဘာတွေ လုပ်လိုက်လို့လား။
ကျွန်တော် က တက်ဂယူ ကမ်းပေးလာတဲ့ ဖုန်းကို လှမ်းယူလိုက်ပြီး တခြားလူတွေကလည်း သူတို့ရဲ့ အိတ်ကပ်ထဲကနေ ဖုန်းတွေကို အလုအယက် ထုတ်ယူလိုက်ကြတယ်။
ဝဘ်ဆိုက်စာမျက်နှာရဲ့ ပင်မစာမျက်နှာမှာရှိတဲ့ သတင်းခေါင်းစီးကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော် ဆွံ့အသွားခဲ့ရတယ်။
"ဒါက ဘာလဲ"
[(သတင်းထူး) မစ္စစ်ချွိုင်း က ဂေါက်ကွင်း ကိုယ်ထိလက်ရောက် စော်ကားမှု ဖြစ်ရပ်က လီဆီယွန် ဆီကနေ Chanelအိတ် လက်ဆောင် ရရှိခဲ့ကြောင်း အတည်ပြု]
[မစ္စစ်ချွိုင်း က ဂေါက်ကွင်း အာဏာအလွဲသုံးစားလုပ်မှုနဲ့ ပတ်သက်နေတာလား]
[တုန်လှုပ်စရာ ဖွင့်ဟချက် - သားဖြစ်သူရဲ့ ပိုက်ဆံကို သုံးပြီး ကြယ်ငါးပွင့်ဟိုတယ်တွေမှာ စည်းစိမ်ယစ်နေ]
[ချေဘော ကတော်များနှင့်အတူ ပုံမှန် ဂေါက်သီးရိုက်ပွဲများ ကျင်းပခဲ့]
[ဖုံးကွယ်ထားတဲ့ အာဏာအလွဲသုံးစားလုပ်မှု ဖြစ်ရပ်တွေအတွက် စုံစမ်းစစ်ဆေးရန် လိုအပ်နေ...]
ကျွန်တော် က အစည်းအဝေးကို ရပ်တန့်လိုက်ပြီး အမေ့ဆီကို ဖုန်းဆက်လိုက်တယ်။ ဒါပေမဲ့ အကြိမ်ကြိမ် ခေါ်ဆိုခဲ့ပေမယ့် အမေ ဖုန်းမဖြေခဲ့ပါဘူး။
စိတ်ပူသွားတာကြောင့် ဖုန်းချပြီး ဟိုတယ်ဆီကို ဖုန်းဆက်ဖို့ လုပ်နေတုန်းမှာပဲ ဖုန်းက ဝင်သွားခဲ့ပါတယ်။
"ကျွန်တော်ပါ။ အမေ"
[အာ... ကိုယ်စားလှယ် ကန်ဂျင်ဟူ]
"ဥက္ကဌ လင်ဆိုမီ လား"
ဖုန်းဖြေတဲ့လူက အမေမဟုတ်ဘဲ ဥက္ကဌ လင်ဆိုမီ ဖြစ်နေခဲ့တာပါ။
[ဒီကို ချက်ချင်း လာပေးလို့ ရမလား]
"ဗျာ... ဘာဖြစ်လို့လဲ"
ဥက္ကဌ လင်ဆိုမီ က ပျာပျာသလဲနဲ့ အော်ဟစ်လိုက်တယ်။
[အစ်မကြီး သတိလစ်လဲကျသွားလို့ပါ]