အခန်း ၃၆၅
Vol. 37 Ch. 365
အခန်း (၃၆၅)
ကျွန်တော် ကားမောင်းထွက်ဖို့ ပြင်နေတုန်းမှာပဲ တစ်ယောက်ယောက်က ကားဆီကို အပြေးအလွှား ရောက်လာခဲ့တယ်။ အယ်လီ က နောက်ဖုံးတံခါးကို ချက်ချင်းဖွင့်ပြီး အထဲဝင်ထိုင်လိုက်ရင်း မေးတယ်။
"နင့် အမေ အဆင်ပြေရဲ့လား"
"စီအီးအို လင်ဆိုမီ ရဲ့ အပြောအရဆိုရင်တော့ စိုးရိမ်စရာ မရှိပါဘူးတဲ့... ဒါနဲ့ နင်က ဘယ်လိုသိတာလဲ"
တက်ဂယူ က ဝင်ပြောတယ်။
"မင်း စိတ်ရှုပ်နေမှာ စိုးလို့ ငါပဲ သူ့ကို ဖုန်းဆက်ပြောလိုက်တာ"
အယ်လီ က ကျွန်တော့်ကို ကြည့်ပြီး ပြောတယ်။
"ကဲ… သွားကြရအောင်"
ကျွန်တော် ကားကို စတင်မောင်းနှင်လိုက်တယ်။
အလိုအလျောက်မောင်းနှင်စနစ်တွေကို ဂရုမစိုက်နိုင်တော့ဘဲ လီဗာကို အဆုံးထိနင်းပြီး ဆီလွန်ဟိုတယ် ဆီကို အပြင်းမောင်းနှင်ခဲ့မိတာပါ။
အမေ က ဟိုတယ်အခန်းထဲက ကုတင်ပေါ်မှာ ဆေးပိုက်တန်းလန်းနဲ့ လှဲနေခဲ့ပြီး စီအီးအို လင်ဆိုမီ ကတော့ အနားမှာ ရှိနေခဲ့တာပါ။
ကျွန်တော့်ကို မြင်တာနဲ့ သူ က ပြောလာခဲ့တယ်။
"ဆရာဝန်ပြောတာတော့ စိတ်လှုပ်ရှားပြီး ခဏပဲ သတိလစ်သွားတာပါတဲ့၊ ကြီးကြီးမားမား ပြဿနာမရှိနိုင်ဘူးဆိုတော့ သိပ်ပြီး စိတ်မပူပါနဲ့"
စီအီးအို လင်ဆိုမီ က အပြင်ကို ထွက်သွားပေးတာကြောင့် ကျွန်တော်လည်း ကုတင်ဘေးမှာ ဝင်ထိုင်လိုက်တယ်။
"အမေ အခု သက်သာသွားပြီလား"
အမေ က မျက်ရည်တွေကို လက်နဲ့ သုတ်လိုက်ရင်း ပြောလာတယ်။
"သားလည်း အလုပ်တွေ ရှုပ်နေမှာကို ဘာလို့ ဒီအထိ ရောက်လာတာလဲ"
"အမေပဲ ကျွန်တော့်ကို အလည်မလာဘူးဆိုပြီး အမြဲ ဆူနေတတ်တာ မဟုတ်ဘူးလား"
အမေ့ရဲ့ မျက်နှာက မျက်ရည်စီးကြောင်းတွေနဲ့ ပေပွနေခဲ့တာပါ။ အဲဒီလို ပုံစံမျိုးကို မြင်လိုက်ရတော့ ကျွန်တော့် ရင်ထဲမှာ တင်းကြပ်သွားခဲ့ရတယ်။
"သတင်းတွေကို တွေ့လိုက်လို့လား"
"ဟုတ်တယ်။ တွေ့ပြီးပြီ"
အမေ က ထထိုင်လိုက်ရင်း ခံပြင်းပြီးမကျေမနပ်ဖြစ်နေတဲ့ လေသံနဲ့ စကားတွေကို အဆက်မပြတ် ဖွင့်ဟလာခဲ့တယ်။
"အမေ ကျိန်ပြောရဲပါတယ်၊ အမေ တကယ်ပဲ အဲဒီဖြစ်ရပ်နဲ့ ဘာမှမပတ်သက်ပါဘူး။ အဲဒီလိုမျိုး ကိစ္စဖြစ်သွားခဲ့တာကိုတောင် နောက်မှ သတင်းတွေထွက်လာမှ သိရတာပါ"
"ကျွန်တော် သိပါတယ်"
"လက်ဆောင် ကိစ္စလည်း တူတူပဲ။ သူတို့က တန်ဖိုးမကြီးပါဘူးဆိုလို့ လက်ခံလိုက်မိတာ၊ နောက်မှ ဈေးနှုန်းကို ကြားပြီး အမေ လန့်သွားခဲ့တာလေ။ ဒါကြောင့်မလို့ သူ့ရဲ့ နောက်ထပ်မွေးနေ့တုန်းက အမေလည်း အဲဒီလိုမျိုး တန်ဖိုးတူတဲ့ လက်ဆောင်ကို ပြန်ပေးခဲ့တာပါ။ တကယ်ပါ"
အမေ က သူတစ်ပါးအပေါ် အကြွေးတင်ကျန်နေတာကို မုန်းတဲ့ လူစားမျိုးပါ။ ပြီးတော့ အမေ က Chanelအိတ်တွေ ဒါမှမဟုတ် ဂေါက်ရိုက်တံတွေ မရှိလို့ ငတ်သွားမယ့် လူမျိုးလည်း မဟုတ်ပါဘူး။
"လီဆီယွန် က တကယ်ပဲ အဲဒီလို လူစားမျိုးမှန်း အမေ မသိခဲ့ဘူး။ အမေနဲ့ အတူရှိနေတုန်းကတော့ သူ က သဘောကောင်းပြီး ရင်းရင်းနှီးနှီး ရှိခဲ့တာပါ။ တကယ်လို့ သူ အဲဒီလို လူစားမျိုးမှန်း သိခဲ့ရင် အစတည်းက ပေါင်းသင်းမိမှာ မဟုတ်ဘူး"
စီစီတီဗီမှာ မိသွားခဲ့တဲ့ ကိုယ်ထိလက်ရောက် စော်ကားမှု မြင်ကွင်းကတော့ မီဒီယာတွေပေါ်မှာ အနှံ့အပြား ရောက်နေခဲ့ပြီ ဖြစ်ပါတယ်။ ဂေါက်အိတ်သယ်သူကို ဆဲဆိုကြိမ်းမောင်းပြီး ထိုးနှက်နေတဲ့ ပုံစံက ရူးသွပ်နေတဲ့ လူတစ်ယောက်လိုပါပဲ။
ဒါပေမဲ့ အဲဒီလို လူစားမျိုးကတောင်မှ ကျွန်တော့်အမေ ရှေ့မှာတော့ ဘယ်သူ့ထက်မဆို ပိုပြီး သဘောကောင်းပြကာ ဟန်ဆောင်နေခဲ့တာ ဖြစ်ပါလိမ့်မယ်။
အမေ က ကျွန်တော့်လက်ကို တင်းတင်းဆုပ်ကိုင်ရင်း မျက်ရည်တွေမကျအောင် ထိန်းပြီး ပြောလာခဲ့တယ်။
"အမေတစ်ယောက်အနေနဲ့ သားကို အလကားနေရင်း အပြောခံရအောင် လုပ်မိပြီ။ အမေ နောက်နောင် ဂေါက်ရိုက်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဘာမှမလုပ်တော့ဘူး"
"ဒီအတိုင်းပဲ ဆက်ကစားပါ။ အမေ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပျော်နေတယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား"
"အခုတော့ အားလုံးကို ရပ်လိုက်တော့မယ်။ ရခဲ့တဲ့ လက်ဆောင်တွေကိုလည်း အကုန်ပြန်ပေးလိုက်မယ်၊ ပြီးတော့ ဒီကနေလည်း ထွက်သွားရမယ်။ တောင်းပန်ပါတယ်။ ဂျင်ဟူ ရယ်။ အမေ တောင်းပန်ပါတယ်"
"အဲဒီလို မလုပ်ပါနဲ့။ အမေ ဘာမှ မှားတာမလုပ်ခဲ့တာကို ဘာအတွက် တောင်းပန်နေတာလဲ"
"မဟုတ်ဘူး။ ဒါတွေအကုန်လုံးက အမေ့အပြစ်တွေပါ"
စကားပြောရင်းနဲ့ အမေ က စိတ်ခံစားချက်တွေကို မထိန်းနိုင်တော့ဘဲ ကလေးတစ်ယောက်လိုမျိုး အော်ဟစ်ငိုယိုလာပါတယ်။
"ဟီး... ဟီး... အမေ တကယ်ပဲ တောင်းပန်ပါတယ်"
ကျွန်တော် စိတ်ရှုပ်သွားတာကြောင့် မလိုအပ်ဘဲ စကားနာထိုးမိလိုက်တယ်။
"အား... တကယ်ပဲ။ ဒီလိုမျိုး ကိစ္စလေးနဲ့ ဘာလို့ ငိုနေရတာလဲ"
အမေ က ငိုရင်းနဲ့ အိပ်ပျော်သွားခဲ့တာကြောင့် ကျွန်တော်လည်း အပြင်မှာ စီအီးအို လင်ဆိုမီ နဲ့ စကားပြောဖြစ်ခဲ့တယ်။
"သူ တော်တော်လေး ထိတ်လန့်သွားပုံရတယ်။ သူ့ကြောင့် သားဖြစ်သူက မလိုအပ်ဘဲ အပြောခံနေရတယ်ဆိုပြီးတော့လေ"
"ကျွန်တော် ကတော့ ဒီလိုမျိုး အပြောခံနေရတာ ဒီနေ့က ပထမဆုံးနေ့မှ မဟုတ်တာ"
စီအီးအို လင်ဆိုမီ က ခါးခါးသီးသီး ပြုံးလိုက်ရင်း ပြောတယ်။
"ဒါပေမဲ့လည်း မိဘတိုင်းရဲ့ စိတ်ကတော့ သားသမီးဖြစ်သူကို ဘယ်အပြောခံစေချင်မှာလဲ"
အမေ က ဆီလွန်ဟိုတယ် ဆီ ပြောင်းနေခဲ့ရတဲ့ အကြောင်းအရင်းက ဆွေမျိုးတွေနဲ့ သိကျွမ်းသူတွေက ဒုံတန် နေအိမ်ဆီ ခဏခဏ လာရောက်ပြီး သူ့ရဲ့ ဘဝကို အနှောင့်အယှက်ပေးနေကြလို့ပါ။
အစကတော့ အိမ်အသစ် ရှာမတွေ့ခင်အထိပဲ ယာယီနေထိုင်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပေမယ့် စီအီးအို လင်ဆိုမီ နဲ့ ဟိုတယ်ဝန်ထမ်းတွေနဲ့ ရင်းနှီးသွားခဲ့တာကြောင့် ဆီလွန်ဟိုတယ်မှာပဲ အမြဲတမ်း နေထိုင်ဖြစ်သွားခဲ့တာပါ။
"သူ က စီအီးအို ကန်ဂျင်ဟူ ရဲ့ အမေမှန်း လူသိရှင်ကြား ဖြစ်သွားကတည်းက သဘာဝကျစွာပဲ ချေဘော မိသားစုတွေရဲ့ ဇနီးသည်တွေက လာရောက်ပတ်သက်ကြတာလေ။ အဲဒါကြောင့်မလို့ အတူတူ ဂေါက်ရိုက်ဖြစ်သွားကြတာပါ။ လူတိုင်းက သူ့ကို ချဉ်းကပ်ဖို့ အပြင်းအထန် ကြိုးစားခဲ့ကြတာလေ။ နင်လည်း ဘာကြောင့်လဲဆိုတာကို သိတယ်မလား"
"သိပါတယ်"
"ဒါပေမဲ့ ဘယ်သူပဲဖြစ်ဖြစ် စီးပွားရေး ကိစ္စတွေကို လာပြောတိုင်း သူက ပြတ်ပြတ်သားသားပဲ စကားကိုဖြတ်ချပစ်ခဲ့တာ။ သားရဲ့ အလုပ်တွေအကြောင်း ဘာမှမသိဘူးလို့ ပြောလေ့ရှိပြီး သားက ငယ်ငယ်ကတည်းက အမေ့စကားကို နားထောင်ခဲ့တဲ့ ကောင် မဟုတ်ဘူးလို့ပဲ ပြောတတ်တာလေ"
ကျွန်တော့်ဆီကနေ ရယ်သံတစ်ခု မလိုလားဘဲ ထွက်လာခဲ့တယ်။ အမေကတော့ အဲဒီလိုမျိုးပဲ ပြောမှာ အသေအချာပါပဲ။
စီအီးအို လင်ဆိုမီ က ခေါင်းငုံ့လိုက်ရင်း ပြောတယ်။
"ငါ တောင်းပန်ပါတယ်။ စီအီးအို ကန်။ ဒါက ငါ့ရဲ့ ပေါ့ဆမှုကြောင့်ပါ။ နင့်ရဲ့ အမေဘေးနားမှာ စုဝေးနေကြတဲ့ လူတွေကို ငါပိုပြီးတော့ သေသေချာချာ စောင့်ကြည့်ခဲ့သင့်တာ"
"မဟုတ်တာ၊ အဆင်ပြေပါတယ်"
ကျွန်တော်က OTK Company ရဲ့ စီအီးအို ဖြစ်နေသရွေ့တော့ လူတွေက အမေ့ဘေးနားမှာ ဝိုင်းဝိုင်းလည်နေကြမှာ အသေအချာပါပဲ။ အဲဒီထဲမှာတော့ လူမျိုးစုံ ပါဝင်နေမှာပါ။ ဒါပေမဲ့ အမေ က ဘယ်သူနဲ့မှ မတွေ့ဘဲနဲ့တော့ တစ်သက်လုံး နေသွားလို့ မရဘူးလေ။
"အမေ က ဟိုတယ်ကနေ ချက်ချင်း ထွက်သွားမယ်လို့ ပြောနေတယ်၊ လောလောဆယ်တော့ သူ့ကို တားပေးထားပါဦး"
စီအီးအို လင်ဆိုမီ က ခေါင်းညိတ်လိုက်ရင်း ပြောတယ်။
"အဲဒီကိစ္စအတွက်တော့ စိတ်မပူပါနဲ့။ သူ ထွက်သွားရင် ငါလည်း ပျင်းနေမှာလေ"
ကျွန်တော်တို့က အမေ ပြန်နိုးလာတဲ့အထိ တခြား ဧည့်ခန်းတစ်ခုမှာ စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။
တက်ဂယူ ကတော့ သူ့ဖုန်းထဲက သတင်းတွေကို ဆက်တိုက် ကြည့်နေခဲ့တာပါ။
"ဒီ လွှတ်တော်အမတ် မြောင်ဂျင်ဝု ဆိုတဲ့ကောင်က ဘာမလို့ ဒီလောက်အထိ အော်ဟစ်ဆူပူနေရတာလဲ။ ပြီးတော့ ဒီ အမှိုက် သတင်းထောက်တွေကလည်း တကယ့်ကို အကြိုက်တွေ့နေကြတာပဲ"
လွှတ်တော်အမတ် မြောင်ဂျင်ဝု က လွှတ်တော်အတွင်းမှာ ကျွန်တော့်အမေ့ကို မနားတမ်း တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။
ကြည့်နေတဲ့ ဘယ်သူမဆို ကျွန်တော့်အမေကပဲ ဂေါက်ကွင်းမှာ အာဏာအလွဲသုံးစားလုပ်ခဲ့သလိုမျိုး ထင်မှတ်ရလောက်ပါတယ်။
တရားဥပဒေအရဖြစ်စေ၊ ကိုယ်ကျင့်တရားအရဖြစ်စေ ဘာမှ မှားယွင်းတာ မရှိခဲ့တာတောင် မီဒီယာတွေကတော့ လွှတ်တော်အမတ် မြောင်ဂျင်ဝု ရဲ့ စကားတွေကို သေသေချာချာ ဖော်ပြခဲ့ကြပြီး ချေဘော ဆန့်ကျင်ရေး စိတ်ဓာတ်တွေကို ဆွပေးမယ့် သတင်းတွေကို ဆက်တိုက် ထုတ်လုပ်နေခဲ့ကြတာပါ။
[ကန်ဂျင်ဟူ ရဲ့ အမေ ဖြစ်သူ မစ္စစ်ချွိုင်း က ဂေါက်ကွင်း ကိုယ်ထိလက်ရောက် စော်ကားမှု ဖြစ်ရပ်ကို တကယ်ပဲ မသိခဲ့တာလား]
[ကျူးလွန်သူက ကန်ဂျင်ဟူ ရဲ့ အမေနဲ့ ပတ်သက်မှုကို အမြဲတမ်း ကြွားဝါလေ့ရှိခဲ့သည်]
[ချေဘော မိသားစုတွေရဲ့ သီးသန့်ဆန်တဲ့ ဆက်ဆံရေး]
[ကန်ဂျင်ဟူ ဘက်က တောင်းပန်ဖို့ လူထုရဲ့ တောင်းဆိုမှုတွေ မြင့်တက်လာနေသည်]
[လွှတ်တော်အမတ် မြောင်ဂျင်ဝု - လွှတ်တော်အနေနဲ့ ကြားနာပွဲ ကျင်းပရမည်...]
[ဆီလွန်ဟိုတယ် မှာရှိတဲ့ ချေဘော ဇနီးသည်တွေရဲ့ လျှို့ဝှက်တွေ့ဆုံမှု။ တကယ်တမ်း ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ]
အမေ တုန်လှုပ်ခြောက်ခြားပြီး ငိုယိုနေခဲ့တဲ့ မြင်ကွင်းကို ပြန်တွေးမိလိုက်တော့ ဒေါသက ဦးခေါင်းထိပ်အထိ ဆူပွက်လာခဲ့တယ်။ အော်ဟစ်ပစ်လိုက်ချင်တဲ့ စိတ်တွေတောင် ပေါက်လာခဲ့တာပါ။
အယ်လီ က ကျွန်တော့်ကို ကြည့်ပြီး ပြောလာခဲ့တယ်။
"ဂျင်ဟူ... နင့်ရဲ့ အခု မျက်နှာအမူအရာက ဘယ်လိုဖြစ်နေလဲ သိလား"
"ဘယ်လို ဖြစ်နေလို့လဲ"
"ငါ နင့်ကို ဒီလောက်အထိ ဒေါသထွက်နေတာမျိုး တစ်ခါမှ မမြင်ဖူးဘူး"
"အာ..."
ကျွန်တော် က မျက်နှာအမူအရာကို အတင်းအကြပ် ပြောင်းလဲဖို့ ကြိုးစားလိုက်တဲ့အခါမှာတော့ အယ်လီ က ခေါင်းခါပြလိုက်ရင်း ပြောတယ်။
"အဆင်ပြေပါတယ်။ နင် ဒီထက်မက ပိုပြီး ဒေါသထွက်လို့ ရတာပဲ။ ဘာလို့ အောင့်အီးထားမှာလဲ"
တက်ဂယူ ကလည်း ဝင်ပြောလာခဲ့တယ်။
"မင်းက အခုအချိန်အထိ တရားလွန် ညှာတာပေးခဲ့တာကွ။ အဲဒါကြောင့်မလို့ ဒီကောင်တွေက ဒီလောက်အထိ သောင်းကျန်းနေကြတာပေါ့။ သူတို့ကို သေသေချာချာ သင်ခန်းစာပေးရမယ့် အချိန်ရောက်ပြီ မဟုတ်ဘူးလား"
"မင်းပြောတာ မှန်တယ်။ ဒါက ငါ့အပြစ်ပါ"
အခုအချိန်အထိ ကျွန်တော်က နိုင်ငံရေးနဲ့ မီဒီယာတွေဆီကနေ တမင်တကာ အလှမ်းဝေးရာမှာ နေခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ မီဒီယာတွေက စီးပွားရေးတွေကို ထိန်းကျောင်းပေးရတာက သဘာဝကျတယ်လို့ ယုံကြည်ခဲ့ဖူးပြီး အခုထိလည်း အဲဒီလိုပဲ ယုံကြည်နေဆဲပါ။
ဒါပေမဲ့ သူတို့က စည်းကျော်တာနဲ့ မကျော်တာကိုတောင် ခွဲခြားရမှန်း မသိကြတာကိုတော့ မမျှော်လင့်ထားခဲ့မိပါဘူး။
"အင်တာနက်ပေါ်က စကားများတဲ့ နေရာတွေမှာတောင်မှ မိဘကို လာပြီး မထိတာက အခြေခံ စည်းကမ်းပဲလေ။ အဲဒီလို လုပ်တယ်ဆိုတာကတော့ တကယ်ကို အသေသတ်ဖို့ စိန်ခေါ်နေတာနဲ့ အတူတူပဲ။ မင်း ဘာလုပ်မှာလဲ။ ဒီတစ်ကြိမ်လည်း ဒီအတိုင်းပဲ လွှတ်ထားပေးတော့မှာလား"
ကျွန်တော် သတင်းထဲမှာ ပါဝင်တဲ့ လွှတ်တော်အမတ် မြောင်ဂျင်ဝု ရဲ့ ဓာတ်ပုံကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။
"မလွှတ်ပေးဘူး။ တစ်ပါးသူရဲ့ မိသားစုကို လာပြီး ထိရင် ဘာဖြစ်တတ်လဲဆိုတာကို သူတို့ကို ပြတ်ပြတ်သားသား ပြပေးရမယ်"
ဟိုချန်မင်း အစိုးရအဖွဲ့ကတော့ သူတို့ရဲ့ သက်တမ်းဝက်ကာလကို ရောက်ရှိလာတာနဲ့အမျှ ဝန်ကြီးအဖွဲ့ကို အနည်းငယ် ပြင်ဆင်ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တယ်။
ရှင်ဂျွန်မီ ဝန်ကြီး ရာထူးကနေ ထုတ်ပယ်ခံရမှုကြောင့် လစ်လပ်နေခဲ့တဲ့ အမျိုးသမီးရေးရာနှင့် မိသားစုဝန်ကြီးဌာန အပါအဝင်၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဝန်ကြီးဌာနနဲ့ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာန ငါးခုအတွက် ဝန်ကြီးအသစ်တွေကို ခန့်အပ်ဖို့ ဖြစ်လာခဲ့တာပါ။ ပြည်သူ့ရေးရာရုံးကလည်း ကိုယ်စားလှယ်လောင်း တွေကို စတင် ရွေးချယ်ခဲ့တယ်။
အဲဒီအထဲမှာတော့ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက လူအများစုရဲ့ အာရုံစိုက်မှုကို အခံရဆုံး ဖြစ်ခဲ့ပါတယ်။
ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနကတော့ နိုင်ငံရဲ့ စွမ်းအင်မူဝါဒကို တာဝန်ယူရတဲ့ ဌာနဖြစ်ပြီး လက်ရှိ ဖြစ်ပွားနေတဲ့ နျူကလီးယားအဆင့်ဆင့်ပိတ်သိမ်းရေး အငြင်းပွားမှုနဲ့လည်း တိုက်ရိုက် သက်ဆိုင်နေလို့ပါ။
နောက်ထပ် ဘယ်သူက ဝန်ကြီး ဖြစ်လာမလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး အစိုးရရဲ့ စွမ်းအင်မူဝါဒ လမ်းကြောင်းက ဆုံးဖြတ်ခံရမှာ ဖြစ်ပါတယ်။
လူထုရဲ့ အာရုံစိုက်မှုတွေက မြင့်တက်နေစဉ်မှာပဲ အတိုက်အခံ ဖြစ်လာခဲ့တဲ့ လေဘာပါတီ (ယခင် အစိုးရလက်ထက်က အာဏာရပါတီကနေ ပြောင်းပြန်ဖြစ်သွားခဲ့တဲ့ ပါတီ) ကတော့ သေသေချာချာ စိစစ်မှုတွေ ပြုလုပ်သွားမယ်လို့ ကတိပြုခဲ့တယ်။
နိုင်ငံရေးလောကကတော့ အတည်ပြုချက် ကြားနာပွဲကို အဆင်ပြေပြေ ကျော်ဖြတ်နိုင်ဖို့နဲ့ နျူကလီးယား အဆင့်ဆင့်ပိတ်သိမ်းရေး မူဝါဒအပေါ် သမ္မတရဲ့ ကတိကဝတ်ကို ပြသနိုင်ဖို့အတွက် အာဏာရပါတီရဲ့ ဝါရင့် လွှတ်တော်အမတ်တစ်ယောက်ကို နောက်ထပ် ဝန်ကြီးအဖြစ် ခန့်အပ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ လွှတ်တော်အမတ် မြောင်ဂျင်ဝု က အဆိုပြုခံခဲ့ရတာပါ။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ဝင်မပြိုင်ခဲ့ဘဲ နောက်ပိုင်းမှ ပြန်လည်ရွေးကောက်ခံရမှုကနေတစ်ဆင့် နိုင်ငံရေးလောကဆီ ပြန်လည်ရောက်ရှိလာခဲ့တဲ့ သူ ကတော့ ဟိုချန်မင်း ရဲ့ လူယုံခေါင်းဆောင်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ သူ က ဟိုချန်မင်း ရဲ့ သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာလည်း ပါဝင်ခဲ့ဖူးပြီး နျူကလီးယား အဆင့်ဆင့်ပိတ်သိမ်းရေး မူဝါဒကိုလည်း ရှေ့တန်းကနေ ဦးဆောင်ခဲ့သူပါ။
သူ့ရဲ့ လူသိများမှုနှုန်းက မြင့်မားခဲ့ပြီး ဆိုးလ်မြို့တော်ဝန် ဝမ်ဆန်းဟွန်း နဲ့အတူတူ နိုင်ငံရေးသစ်ပါတီ ရဲ့ နောက်ထပ် သမ္မတလောင်းအဖြစ် အမြဲတမ်း ဖော်ပြခံရလေ့ရှိခဲ့တာပါ။
ဒါပေမဲ့လည်း TWR ထွက်ပေါ်လာပြီးတဲ့နောက် နျူကလီးယားအဆင့်ဆင့်ပိတ်သိမ်းရေး အငြင်းပွားမှုတွေ မြင့်တက်လာတာနဲ့အမျှ၊ နျူကလီးယား အဆင့်ဆင့်ပိတ်သိမ်းရေးနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တိုးချဲ့ရေးကို ကာလရှည်ကြာစွာ လိုက်လံအော်ဟစ်ခဲ့တဲ့ လွှတ်တော်အမတ် မြောင်ဂျင်ဝု အတွက်တော့ အကြပ်ရိုက်စရာ အနေအထား ဖြစ်လာခဲ့တယ်။
နိုင်ငံရေးသမား အများစုလိုပဲ သူ ကလည်း ကန်ဂျင်ဟူ အပေါ်မှာ သိပ်ပြီး သဘောကျတဲ့ အမြင်မရှိပါဘူး။
လက်ရှိ ကိုရီးယားရဲ့ စီးပွားရေးက ကန်ဂျင်ဟူ ရဲ့ လက်ခုပ်ထဲမှာ လည်ပတ်နေတယ်လို့ ပြောရင်တောင်မှ ပုံကြီးချဲ့တာ မဟုတ်ပါဘူး။ ကိုရီးယားရဲ့ အာဏာအရှိဆုံးလူက သမ္မတ မဟုတ်ဘဲ ကန်ဂျင်ဟူ ဖြစ်နေတယ်လို့အထိ လူတွေက ပြောဆိုနေကြတဲ့ အဆင့်ကို ရောက်ရှိနေတာပါ။
ဒီလောက်အထိ ကြီးမားတဲ့ သြဇာအာဏာ ရှိနေခဲ့တာတောင် ကန်ဂျင်ဟူက အစိုးရနဲ့ တစ်ခွန်းမှ မတိုင်ပင်ဘဲ သူ့သဘောအတိုင်း ပြုမူလေ့ရှိပါတယ်။ သူ က တရုတ်မှာ ကျိုးမော်တာ ဖြစ်ရပ်ကို လှုံ့ဆော်ခဲ့ဖူးပြီး ဂျပန်မှာလည်း နီရှီဒါ စတော့ပွဲစားကုမ္ပဏီ ဖြစ်ရပ်နဲ့ ရန်စခဲ့ဖူးတာပါ။
ရလဒ်အနေနဲ့ တရုတ်၊ ဂျပန်တို့နဲ့ သံတမန်ရေးရာ ဆက်ဆံရေးတွေက အလွန်အမင်း တင်းမာသွားခဲ့ရပြီး အစိုးရကတော့ အဲဒါတွေကို လိုက်လံဖြေရှင်းဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။ OTK Company က အကျိုးအမြတ်တွေကို သိမ်းကျုံးယူသွားပြီး အစိုးရကတော့ ပြဿနာတွေကို လိုက်လံရှင်းလင်းပေးနေရတယ်ဆိုပြီး အာဏာရပါတီအတွင်းကနေ မကျေနပ်သံတွေ ထွက်ပေါ်လာခဲ့တာပါ။
ဒါတင်မကသေးဘဲ သူ က အလွန်အမင်း ထိလွယ်ရှလွယ်တဲ့ ကိစ္စဖြစ်တဲ့ ရုရှားရဲ့ နျူကလီးယားစွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကိစ္စကိုလည်း အစိုးရဆီ တစ်ခွန်းမှ အသိပေးခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ပါသေးတယ်။
ဒါတွေအပြင် ကန်ဂျင်ဟူ ရဲ့ ကျော်ကြားမှုကလည်း အစိုးရအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေခဲ့တာပါ။
သမ္မတ ရိုနယ် က ကိုရီးယားဆီ လာရောက်လည်ပတ်တာနဲ့ ချက်ချင်း ကန်ဂျင်ဟူ ဆီကို အရင်ဆုံး သွားရောက်တွေ့ဆုံခဲ့သလို၊ ကန်ဂျင်ဟူ က ကျန်းဖင်ဟွာ နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ ကိုရီးယား-တရုတ် ဆက်ဆံရေးက ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်လာခဲ့တာ ဖြစ်ပါတယ်။
အတိုက်အခံတွေ၊ မီဒီယာတွေနဲ့ ပြည်သူတွေအားလုံးက အစိုးရက တကယ်တမ်း ဘာတွေလုပ်နေလဲဆိုပြီး ပြစ်တင်ဝေဖန်မှုတွေ ပုံအောနေခဲ့ကြတာပါ။
ဒီလို အခြေအနေမျိုးမှာ ဂေါက်ကွင်း ကိုယ်ထိလက်ရောက် စော်ကားမှု ဖြစ်ရပ်က ကန်ဂျင်ဟူ ရဲ့ အရှိန်အဟုန်ကို ချိုးနှိမ်ပစ်ဖို့နဲ့ နျူကလီးယားအဆင့်ဆင့်ပိတ်သိမ်းရေး အငြင်းပွားမှုတွေကနေ အာရုံလွှဲပစ်ဖို့အတွက် အကောင်းဆုံး ခေါင်းစဉ်တစ်ခု ဖြစ်ခဲ့တယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ ပြည်သူတွေက ချေဘောတွေရဲ့ အာဏာအလွဲသုံးစားလုပ်မှု ကိစ္စအပေါ်မှာ အလွန်အမင်း ထိလွယ်ရှလွယ်စွာ တုံ့ပြန်ခဲ့ကြတာပါ။
လွှတ်တော်အတွင်းမှာ ဒီကိစ္စကို ပထမဆုံး စတင်ချပြခဲ့တဲ့ လွှတ်တော်အမတ် မြောင်ဂျင်ဝု ကတော့ အချက်အလက်တွေကို သက်သေပြရင်း ဆက်တိုက် အော်ဟစ်နေခဲ့ပါတယ်။
"ဂေါက်ကွင်းဆီကနေ ရရှိခဲ့တဲ့ အချက်အလက်တွေအရဆိုရင် ကန်ဂျင်ဟူ ရဲ့ အမေ ဖြစ်သူ မစ္စစ်ချွိုင်း က ဂေါက်အိတ်သယ်သူကို ကိုယ်ထိလက်ရောက် စော်ကားခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားပြီး နှစ်ရက်အကြာမှာတင် ကျူးလွန်သူနဲ့အတူတူ ဂေါက်ရိုက်ခဲ့တာကို အတည်ပြုနိုင်ခဲ့ပါတယ်။ နစ်နာသူက အလုပ်ပြုတ်ပြီး ဆေးရုံမှာ ဆင်းရဲဒုက္ခရောက်နေတဲ့ အချိန်မှာ သူတို့ကတော့ မျက်နှာပြောင်တိုက်ပြီး ဂေါက်ရိုက်နေခဲ့ကြတာပါ။ ဒါက အဓိပ္ပာယ် ရှိလို့လား။ သူ က ဆီလွန်ဟိုတယ် မှာ နေထိုင်တာနဲ့ စားသောက်စရိတ်တွေကို သေသေချာချာ ပေးချေခဲ့ခြင်း ရှိမရှိ၊ ဟိုတယ်ဝန်ထမ်းတွေအပေါ် တခြား အာဏာအလွဲသုံးစားလုပ်မှုတွေ ကျူးလွန်ခဲ့ခြင်း ရှိမရှိ၊ ပြီးတော့ သူ လက်ခံရရှိခဲ့တဲ့ Chanelအိတ် လက်ဆောင်ရဲ့ နောက်ကွယ်မှာ တခြား အကျိုးအမြတ် လဲလှယ်မှုတွေ ရှိမရှိဆိုတာကို သေသေချာချာ စုံစမ်းစစ်ဆေးပြီး ပြည်သူတွေကို ရှင်းလင်းစွာ ချပြရပါမယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး လွှတ်တော်ဘက်က ကြားနာပွဲ ကျင်းပရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အကြိမ်ကြိမ် ဖြစ်ပွားနေတဲ့ ချေဘောတွေရဲ့ အာဏာအလွဲသုံးစားလုပ်မှု ပြဿနာကို အခုအချိန်မှာ အဆုံးသတ်ရပါမယ်"
ကျွန်တော် က ရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့တယ်။
ပြည်တွင်းပြည်ပက သတင်းထောက်တွေက အလုအယက် ရောက်ရှိလာခဲ့ကြတာပါ။ ကျွန်တော် စင်မြင့်ပေါ်ကို တက်သွားတဲ့အချိန်မှာ ကင်မရာ ခလုတ်သံတွေက မနားတမ်း ထွက်ပေါ်လာခဲ့ပါတယ်။ တချို့ ရုပ်သံလိုင်းတွေဆိုရင် သတင်းစာရှင်းလင်းပွဲကို တိုက်ရိုက် ထုတ်လွှင့်ပြသနေခဲ့ကြတာပါ။
ကျွန်တော် က စင်မြင့်ထက်မှာ ရပ်လိုက်ပြီး စကားစပြောလိုက်တယ်။
"ကျွန်တော့်အမေ ဟိုတယ်မှာ နေထိုင်တာ ဒါမှမဟုတ် ဂေါက်ရိုက်သွားတာက ဂေါက်ကွင်း ကိုယ်ထိလက်ရောက် စော်ကားမှု ဖြစ်ရပ်နဲ့ ဘာများ သက်ဆိုင်နေလို့လဲ"
သတင်းထောက်တစ်ယောက်က မေးခွန်းမေးလာခဲ့တယ်။
"ခင်ဗျားရဲ့ အမေက မစ္စစ် လီဆီယွန် ဆီကနေ Chanelအိတ်ကို လက်ဆောင်အဖြစ် ရရှိခဲ့တာက အမှန်ပဲလား"
"အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော့်အမေက သတင်းထောက်လည်း မဟုတ်သလို နိုင်ငံရေးသမားလည်း မဟုတ်ဘူးလေ၊ လက်ဆောင်တစ်ခု လက်ခံရရှိတာက ဘာပြဿနာ ရှိလို့လဲ။ ပြီးတော့ အဲဒီနောက်လမှာတင် ဖြစ်ပွားခဲ့တဲ့ မစ္စစ် လီဆီယွန် ရဲ့ မွေးနေ့တုန်းက အမေ က အဲဒီအမှတ်တံဆိပ်ရဲ့ ဖိနပ်နဲ့ ပိုက်ဆံအိတ်ကို ပြန်ပြီး လက်ဆောင်ပေးခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်မှန်ကိုတော့ သတင်းတွေထဲမှာ တမင်တကာ ချန်လှပ်ထားခဲ့ကြတယ် မဟုတ်လား"
"သာမန်လူတွေအနေနဲ့ ဝယ်ယူဖို့ ခက်ခဲတဲ့ အဲဒီလိုမျိုး တန်ဖိုးကြီး လက်ဆောင်တွေကို အပြန်အလှန် ပေးအပ်တာက လူမှုပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီမှု ရှိတယ်လို့ ခင်ဗျား ထင်လို့လား"
ကျွန်တော် က အဲဒီသတင်းထောက်ကို စိုက်ကြည့်ရင်း ပြန်မေးလိုက်တယ်။
"ဒါဆိုရင် ကိုယ့်ရဲ့ ရည်းစား ဒါမှမဟုတ် ဇနီးသည်ကို Chanelအိတ် လက်ဆောင်ပေးတဲ့ ယောက်ျားတိုင်းက လူမှုပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေကို ချိုးဖောက်နေကြတာလား"
"အဲ... ဒါကတော့..."
"အဲဒီလိုမျိုး သတင်းတွေကိုပဲ ဆက်ပြီး ရေးနေလိုက်ကြပါ"
တခြား သတင်းထောက်တွေဆီကနေလည်း မေးခွန်းတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့တယ်။
"ခင်ဗျားရဲ့ အမေက ဂေါက်ကွင်း ကိုယ်ထိလက်ရောက် စော်ကားမှု ဖြစ်ရပ်ကိုသိထားခဲ့တယ်မလား"
"သူ က မစ္စစ် လီဆီယွန် နဲ့ တကယ်ပဲ လူကိုယ်တိုင် ရင်းနှီးခဲ့တာလား"
"အပြန်အလှန်အနေနဲ့ တခြား သီးသန့် တောင်းဆိုမှုတွေ ဒါမှမဟုတ် အကူအညီ တောင်းတာမျိုးတွေ ရှိခဲ့လား"
ကျွန်တော် က မေးခွန်းတွေကို တစ်ခုချင်းစီ လိုက်မဖြေခဲ့ပါဘူး။
"ဒီသတင်းစာရှင်းလင်းပွဲက ဆင်ခြေပေးဖို့အတွက် ပြုလုပ်တာ မဟုတ်ဘူး။ ကိုယ့်ဘက်က မှားတာလုပ်ခဲ့မှပဲ ဆင်ခြေပေးရတာပါ။ ဘာမှ မှားတာမလုပ်ခဲ့တဲ့အတွက် ဘာကို ဆင်ခြေပေးနေရမှာလဲ။ ကျွန်တော် ဒီသတင်းစာရှင်းလင်းပွဲကို ခေါ်ယူရတဲ့ အကြောင်းအရင်းက ကြေညာချက်တစ်ခု ထုတ်ပြန်ဖို့အတွက် ဖြစ်ပါတယ်"
'ကြေညာချက်' ဆိုတဲ့ စကားလုံးကြောင့် သတင်းထောက်တွေအားလုံးက ကျွန်တော့်ရဲ့ စကားတွေအပေါ်မှာ အပြင်းအထန် အာရုံစိုက်သွားခဲ့ကြတယ်။
သတင်းစာရှင်းလင်းပွဲကို တိုက်ရိုက် ထုတ်လွှင့်နေတာ ဖြစ်တာကြောင့် တစ်နိုင်ငံလုံးကလည်း စောင့်ကြည့်နေကြမှာ အသေအချာပါပဲ။
"ကျွန်တော့်ကို တစ်ယောက်ယောက်က ပြောခဲ့ဖူးပါတယ် - အင်တာနက်ပေါ်က စကားများတဲ့ နေရာတွေမှာတောင်မှ မိဘကို လာပြီး ထိရင် အသေသတ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ အဓိပ္ပာယ်ပဲတဲ့။ လွှတ်တော်အမတ် မြောင်ဂျင်ဝု က ဒီကိစ္စကို အရင်ဆုံး စတင်ခဲ့တာ ဖြစ်တာကြောင့် ကျွန်တော်လည်း အဆုံးထိ ရင်ဆိုင်ပေးဖို့ အဆင်သင့်ပါပဲ။ အခုအချိန်ကစပြီး လွှတ်တော်အမတ် မြောင်ဂျင်ဝု နဲ့ ပတ်သက်တဲ့ ဘယ်လို လာဘ်ပေးလာဘ်ယူမှုမျိုးကိုမဆို သတင်းပေးမှုတွေကို လက်ခံသွားမှာ ဖြစ်ပါတယ်။ ဒါက သူ့ရဲ့ ဇနီး၊ သားသမီး၊ မိဘတွေနဲ့ တခြား မိသားစုဝင်တွေနဲ့ ပတ်သက်တဲ့ သတင်းပေးမှုတွေလည်း အကျုံးဝင်ပါတယ်"
သတင်းထောက်တွေအားလုံး ဆွံ့အသွားခဲ့ကြရတယ်။
လွှတ်တော်အမတ် မြောင်ဂျင်ဝု က နိုင်ငံရေးသစ်ပါတီ ရဲ့ ဝါရင့် လွှတ်တော်အမတ်တစ်ယောက်ဖြစ်ပြီး နောက်ထပ် သမ္မတလောင်း အဖြစ်တောင် ဖော်ပြခံနေရသူပါ။ ဒါကတော့ လုံးဝကို စစ်ကြေညာလိုက်တာနဲ့ အတူတူပါပဲ။
ကျွန်တော် ဆက်ပြောလိုက်တယ်။
"ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပြဿနာရှိတဲ့ သတင်းပေးမှုတွေအတွက် ဝမ် ၁၀ သန်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။ တရားဥပဒေပိုင်းဆိုင်ရာ ပြဿနာရှိတဲ့ သတင်းပေးမှုတွေအတွက် ဝမ် သန်း ၅၀၊ ရာထူးကနေ ဖယ်ရှားခံရလောက်တဲ့အထိ ကြီးလေးတဲ့ ရာဇဝတ်မှုမျိုးတွေအတွက် ဝမ် သန်း ၁၀၀ ပေးအပ်သွားမှာပါ။ ပြီးတော့ ဖမ်းဆီးအရေးယူနိုင်လောက်တဲ့အထိ ပြတ်သားတဲ့ သက်သေအထောက်အထားတွေအတွက်ဆိုရင်တော့ ဆုကြေးငွေ အဖြစ် ဝမ် သန်း ၁ ထောင် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း အချက်အလက်တွေကို တက်တက်ကြွကြွ သတင်းပေးကြဖို့ တောင်းဆိုချင်ပါတယ်"