← Chapters

အခန်း ၃၆၆

Vol. 37 Ch. 366

အခန်း ၃၆၆

Vol. 37 Ch. 366

အခန်း (၃၆၆)

ကိုရီးယားမှာ အကျော်ကြားဆုံးလူက ဘယ်သူလဲ။

လူတစ်ရာကို မေးရင် တစ်ရာလုံးက ကန်ဂျင်ဟူ ရဲ့ နာမည်ကိုပဲ ပြောကြမှာပါ။

အဲလိုကျော်ကြားတာကလည်း ကန်ဂျင်ဟူ က သူကိုယ်တိုင် သတင်းထူးတွေကို ဖန်တီးလေ့ရှိပြီး အမြဲတမ်း ကိစ္စကြီးတွေရဲ့ အလယ်ဗဟိုမှာ ရပ်တည်နေခဲ့လို့ ဖြစ်ပါတယ်။ တကယ်လို့ သူသာ A-Tube ချန်နယ်တစ်ခုသာ ထောင်လိုက်ရင် ချက်ချင်းဆိုသလို Follower ၁၀ သန်း ပြည့်သွားလိမ့်မယ်ဆိုပြီးတေ့်တောင် စကားတွေ ထွက်ပေါ်ခဲ့ဖူးတာပါ။

ကန်ဂျင်ဟူ ဘက်က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်မယ်လို့ ကြေညာလိုက်တဲ့အချိန်မှာတော့ တစ်နိုင်ငံလုံးက တီဗီတွေ၊ အင်တာနက်နဲ့ စမတ်ဖုန်းတွေမှာပါ အပြင်းအထန် အာရုံစိုက်သွားကြတယ်။ မိခင်ဖြစ်သူနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုအပေါ် သူ ဘယ်လို တုံ့ပြန်မလဲဆိုတာကို လူတိုင်းက စိတ်ဝင်စားနေခဲ့ကြတာပါ။

ဒါပေမဲ့ သတင်းစာရှင်းလင်းပွဲမှာ ကန်ဂျင်ဟူ ရဲ့ တုံ့ပြန်မှုကတော့ တကယ့်ကို ထိတ်လန့်စရာ အတိ ဖြစ်ခဲ့ရတာပါ။

လွှတ်တော်အမတ် မြောင်ဂျင်ဝု က နိုင်ငံရေးသစ်ပါတီ ရဲ့ ဝါရင့် လွှတ်တော်အမတ်တစ်ယောက်ဖြစ်ပြီး ဟိုချန်မင်း ရဲ့ လူယုံအဖွဲ့ကို ဦးဆောင်သူဖြစ်သလို နောက်ထပ် သမ္မတလောင်းအဖြစ်တောင် ဖော်ပြခံနေရသူပါ။ အဲဒီလိုမျိုး နိုင်ငံရေးသမားကို ကန်ဂျင်ဟူ က လူသိရှင်ကြား အမြစ်ဖြုတ်မယ့်အထိ ဖြိုလှဲပစ်မယ်လို့ စစ်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ ရာဇဝတ်ကောင်တစ်ယောက်ကို ဆုငွေထုတ်သလိုမျိုး သတင်းပေးမှုတွေအတွက် ဆုကြေးငွေတွေကိုပါ ပေးအပ်သွားမယ်လို့ ပြောဆိုခဲ့တာပါ။

ရန်သူရဲ့ အားနည်းချက်တွေကို တူးဆွဖို့အတွက် ငွေကို အသုံးချတာကတော့ အများအားဖြင့် ဖြစ်လေ့ရှိတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကန်ဂျင်ဟူ က အဲဒီလိုမျိုး နည်းလမ်းကို အသုံးပြုတာက ထူးဆန်းမနေခဲ့ပါဘူး။

ဒါပေမဲ့ အဲဒါကို တစ်နိုင်ငံလုံး သိအောင် လူသိရှင်ကြား ကြေညာလိုက်တာကတော့ မျှော်လင့်မထားတဲ့ အဆင့်ကို ကျော်လွန်နေခဲ့တာပါ။ ပြီးတော့ မြောင်ဂျင်ဝုရဲ့ မိသားစုဝင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှုတွေအထိ အကုန်လုံးကို တူးဆွပစ်မယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အင်တာနက်ပေါ်မှာလည်း တုံ့ပြန်မှုတွေက ချက်ချင်း ထွက်ပေါ်လာခဲ့တယ်။

-အား... ရင်ခုန်စရာပဲ။ အမြဲတမ်း ဆန်းသစ်နေတာပဲ။

-ပျော်စရာကြီး၊ ဒီနေ့လည်း ပွဲကြီးပွဲကောင်းပဲ။ ငါ ဒီ ကိုရီးယားကနေ ထွက်မသွားနိုင်တာ ဒီအချက်ကြောင့်လည်း ပါတယ် ^^

-မျက်လုံးတစ်လုံးထိရင် မျက်လုံးတစ်လုံးကြေး၊ သွားတစ်ချောင်းကျိုးရင် သွားတစ်ချောင်းကြေး၊ မိသားစုထိရင် မိသားစုကြေးပေါ့လေ။

-နိုင်ငံခြားမှာလည်း ရူးသွပ်ကုန်ကြပြီ။ CNN၊ NHK၊ CCTV အကုန်လုံးက သတင်းထူးအဖြစ် ထုတ်လွှင့်နေကြပြီ။

-​ဝိုး... ကန်ဂျင်ဟူ ကတော့ တကယ် ရူးသွားပြီ။

-သူ လုံးဝကို စိတ်လွတ်သွားတဲ့ ပုံစံပဲ။ မျက်လုံးတွေကို ကြည့်ရသလောက်တော့ တကယ်ကို ဒေါသထွက်နေတာကွ။

-အခု ဘာဆက်ဖြစ်မှာလဲ။

-ဘာဖြစ်ရမှာလဲ။ ကန်ဂျင်ဟူ ဒါမှမဟုတ် လွှတ်တော်အမတ် မြောင်ဂျင်ဝု နှစ်ယောက်ထဲက တစ်ယောက်ကတော့ အပြတ်ရှင်းခံရတော့မှာပေါ့။

-လွှတ်တော်အမတ် မြောင်ဂျင်ဝု ကတော့ လုံးဝကိုစုတ်ပြတ်သတ်သွားမယ့် ပုံပဲနော်။

-လူကျင့်ဝတ်အရ မိဘကိုတော့ မထိသင့်ဘူးလေ။ ငါက ၁၀ နှစ်လုံးလုံး ကီးဘုတ်ဖိုက်တာလုပ်လာခဲ့တာ။ ဒါပေမဲ့ မိဘကိုတော့ ဘယ်တော့မှ ဆဲဆိုတာမျိုး မလုပ်ဘူး။

-ကန်ဂျင်ဟူ ရဲ့ အဖေ က ဆုံးသွားပြီ။ ဆွေမျိုးတွေနဲ့လည်း အဆက်အသွယ်မရှိဘူးဆိုတော့ အမေဖြစ်သူက သူ့ရဲ့ တစ်ဦးထဲသော မိသားစုလေ။ သူ အဲဒီလိုမျိုး ပေါက်ကွဲသွားတာက သဘာဝကျပါတယ်။

-ဖြောင့်မတ်တဲ့ ဒေါသအဖြစ် အသိအမှတ်ပြုလားဆိုရင်တော့ ဟုတ်ကဲ့၊ အသိအမှတ်ပြုပါတယ်လို့ ပြောရမယ်။ မင်းလည်း အသိအမှတ်ပြု၊ ငါလည်း အသိအမှတ်ပြု၊ လူတွေအားလုံး အသိအမှတ်ပြု၊ ယိုး…ယိုး~

-တကယ်လို့ လူချင်း တွေ့ပြီး ချကြရင်တောင်မှ ဘာမှ ပြောစရာမရှိဘူးလို့ ထင်တယ်^^

-ဟားဟား... ဇာတ်လိုက်မင်းသားက မိဘအပေါ် သိတတ်တာကို တမင် ချပြနေတာပဲ။

-ဒါပေမဲ့ မြောင်ဂျင်ဝု က ဘာလို့ အသိတရားမရှိခဲ့ရတာလဲ။

-သူ က ဇာတ်လိုက်မင်းသား မဟုတ်လို့မရှိတာပေါ့ကွ။

အဲလောက်လေးနဲ့ ရပ်တန့်မသွားခဲ့ပါဘူး။

ဒီတစ်ကြိမ်မှာတော့ ကန်ဂျင်ဟူ က ဓားဦးကို သတင်းထောက်တွေဘက်ဆီ လှည့်လိုက်တယ်။

"ခင်ဗျားတို့ ရေးထားတဲ့ အမှိုက် သတင်းတွေကို ကျွန်တော် တွေ့ပြီးပြီ။ ဆီယွန် ကျူးလွန်ခဲ့တဲ့ ဂေါက်ကွင်းက ကိုယ်ထိလက်ရောက် စော်ကားမှု ဖြစ်ရပ်နဲ့ ကျွန်တော့်အမေကို အတင်းအကြပ် ဆက်စပ်ပေးခဲ့တာ တကယ်ကို တော်ကြပါတယ်။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ကျွန်တော့်အမေ က ကိုယ်ထိလက်ရောက် စော်ကားမှုလည်း မလုပ်ခဲ့သလို အဲဒီနေရာမှာလည်း ရှိမနေခဲ့ဘူး"

သတင်းထောက်တစ်ယောက်က အော်ဟစ်မေးမြန်းခဲ့တယ်။

"သူတို့က ဂေါက်ရိုက်ဖော်တွေ မဟုတ်ဘူးလား။ အဲဒီအချက်ကိုတော့ မငြင်းဘူးမလား"

ကန်ဂျင်ဟူ က အဲဒီသတင်းထောက်ကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။

"ကင်ဆီယွန် နဲ့ အတူတူ ဂေါက်ရိုက်ခဲ့တဲ့လူက အနည်းဆုံး ၁၀ ယောက်လောက် ရှိတာပဲ၊ ဘာလို့ ခင်ဗျားတို့က ကျွန်တော့်အမေ တစ်ယောက်ထဲကိုပဲ သတင်းတွေထဲမှာ ထည့်ရေးနေရတာလဲ"

"စီအီးအို ကန်ဂျင်ဟူ က လူသိများတဲ့ အများပြည်သူဆိုင်ရာ ပုဂ္ဂိုလ် ဖြစ်လို့ပါ"

"ကျွန်တော့်အမေ က အများပြည်သူဆိုင်ရာ ပုဂ္ဂိုလ် မဟုတ်ဘူးလေ။ မဟုတ်ဘူးလား"

သတင်းထောက် က သူ့ရဲ့ အယူအဆကို ဇွတ်အတင်း ဆက်ပြောတယ်။

"ပြည်သူတွေမှာ သိပိုင်ခွင့် ရှိပါတယ်။ သတင်းထောက်တွေအနေနဲ့ အဲဒီရည်ရွယ်ချက်အတွက် သတင်းရေးတာက သဘာဝကျပါတယ်၊ ဘယ်သူ့ကိုမှ ချန်လှပ်ထားလို့ မရပါဘူး"

"အဲဒီလိုလား။ ဒါဆိုရင် ကျွန်တော်လည်း ဆုကြေးငွေထုတ်ပြီး ခင်ဗျားရဲ့ မိဘတွေကို တူးဆွပေးရမလား။ ခင်ဗျားရဲ့ မိသားစု ဒါမှမဟုတ် ပတ်ဝန်းကျင်ထဲက လူတစ်ယောက်ယောက်က ပြဿနာရှာခဲ့ရင် ပြည်သူတွေက သိသင့်တယ် မဟုတ်ဘူးလား"

သတင်းထောက် က အဲဒီစကားကြောင့် ဆွံ့အသွားခဲ့ရတယ်။

"သတင်းထောက်တွေက အများပြည်သူဆိုင်ရာ ပုဂ္ဂိုလ် မဟုတ်ပါဘူး"

"အများပြည်သူဆိုင်ရာ ပုဂ္ဂိုလ်ရဲ့ စံနှုန်းက အတိအကျ ဘာလဲ။ သတင်းထောက်တွေကတော့ နာမည်ကြီးရင်ပဲ အများပြည်သူဆိုင်ရာ ပုဂ္ဂိုလ်လို့ သတ်မှတ်နေကြတာလား။ ဒါဆိုရင် ကျွန်တော်က ခင်ဗျားကို အများပြည်သူဆိုင်ရာ ပုဂ္ဂိုလ် ဖြစ်အောင် လုပ်ပေးမယ်။ တကယ်လို့ ယုံကြည်ချက်ရှိရင် ခင်ဗျားရဲ့ နာမည်ကို ဒီနေရာမှာ အခုချက်ချင်း ပြောလိုက်ပါ"

"……"

စကားမပြောနိုင်တော့တဲ့ သတင်းထောက်ကို ထားရစ်ခဲ့ပြီး ကန်ဂျင်ဟူ က တခြား သတင်းထောက်တွေကို အေးစက်တဲ့ လေသံနဲ့ ကြည့်ပြီး ပြောလိုက်တယ်။

"ကျွန်တော် အချိန် အတိအကျ သုံးရက် ပေးမယ်။ အဲဒီအချိန်အတွင်းမှာ မသက်ဆိုင်တဲ့ သတင်းတွေကို ဖြုတ်ချပြီး မမှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ပြန်လည်ပြင်ဆင်ပေးပါ"

အဲဒီစကားကြောင့် သတင်းထောက်တွေအားလုံး ထိတ်လန့်သွား ခဲ့ကြပြီး တပြိုင်ထဲ အော်ဟစ်ခဲ့ကြတယ်။

"ဒါက သတင်းထောက်တွေကို သတင်းမရေးရအောင် တားဆီးနေတာလား"

"ချေဘော တစ်ယောက်အနေနဲ့ ဒီလိုမျိုး စာနယ်ဇင်း လွတ်လပ်ခွင့်ကို နင်းချေတာက လက်ခံနိုင်စရာ ရှိလို့လား"

"ဒါက မီဒီယာတွေကို ဖိနှိပ်တာပဲ"

"အာဏာရှင် လက်ထက်မှာတောင်မှ ဒီလိုမျိုး ကိစ္စတွေ မရှိခဲ့ဘူး"

ကန်ဂျင်ဟူ က သတင်းထောက်တွေရဲ့ ကန့်ကွက်မှုကို လှောင်ပြုံးပြုံးလိုက်ရင်း ပြောလိုက်တယ်။

"သတင်းထောက်ဆိုတာ ပြည်သူတွေဆီ ဖြစ်ရပ်မှန် အချက်အလက်တွေကို ပေးပို့ရမယ့် အလုပ်ပဲလေ။ အချက်အလက်တွေအပေါ် အခြေမခံဘဲ ဇာတ်လမ်းတွေ လျှောက်ထွင်နေတဲ့လူကတော့ အမှိုက် သတင်းထောက်ပဲ။ ခင်ဗျားတို့ သတင်းစာတွေ၊ ရုပ်သံတွေ ဒါမှမဟုတ် အင်တာနက်ပေါ်မှာ ကျွန်တော့်ကို ဝေဖန်တာတွေကိုတော့ ကျွန်တော် အတိုင်းအတာတစ်ခုအထိ လွှတ်ထားပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်မိသားစုနဲ့ ပတ်သက်လာရင်တော့ လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး။ တကယ်လို့ မိမိကိုယ်တိုင်တင်မကဘဲ မိဘတွေ၊ အိမ်ထောင်ဖက်၊ သားသမီးတွေနဲ့ ဆွေမျိုးတွေအထိ သေသေချာချာ အစစ်ဆေးခံရဲတယ်ဆိုရင်တော့ အဆုံးထိ တောင့်ခံကြည့်လိုက် ကြပေါ့။ ကျွန်တော်ကတော့ အဆုံးထိ သွားမှာပဲ"

သတင်းစာရှင်းလင်းပွဲ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့တယ်။ ဘယ်သတင်းထောက်တစ်ယောက်မှ စကားတစ်ခွန်းတောင် မဟရဲတော့ပါဘူး။ လူတိုင်းအတွက် မိသားစုက အဖိုးတန်တာကြောင့် စကားတောင် မဟရဲတော့တာက သဘာဝကျတဲ့ ကိစ္စတစ်ခုပါ။

ကန်ဂျင်ဟူ က ကင်မရာကို တည့်တည့်စိုက်ကြည့်ရင်း ပြောလိုက်တယ်။

"အင်တာနက်ပေါ်က စာတွေနဲ့ ကွန်မန့်တွေလည်း အတူတူပဲ။ ကျွန်တော် အချိန် အတိအကျ သုံးရက် ပေးမယ်။ အဲဒီနောက်ပိုင်းမှာမှ ကျန်ရှိနေသေးတဲ့ စာတွေကိုတော့ ရှိသမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး တုံ့ပြန်သွားမှာ ဖြစ်ပါတယ်။ ဒီလောက်ပါပဲ"

ကန်ဂျင်ဟူ ရဲ့ စကားကြောင့် အင်တာနက်လောကတစ်ခုလုံး ဆူပွက်သွားခဲ့တယ်။

အခုအချိန်အထိ သတင်းစာရှင်းလင်းပွဲကို ပျော်ပျော်ပါးပါး စောင့်ကြည့်နေခဲ့ကြတဲ့ အဆိပ်အတောက် ကွန်မန့်သမားတွေကတော့ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြတာပါ။ သူတစ်ပါးအိမ် မီးလောင်တာကို ပျော်ပျော်ကြီး ကြည့်နေခဲ့ကြပေမယ့် အခုတော့ အဲဒီမီးက သူတို့အိမ်ဆီ ကူးစက်လာတော့မှာ ဖြစ်ပါတယ်။

အရင်ကတော့ ဘေးလူအဖြစ် ရှိနေခဲ့ကြပေမယ့် အခုတော့ ကိုယ်တိုင် ပါဝင်ပတ်သက်သူတွေ ဖြစ်လာတော့မှာလေ။

အဲဒီ ကွန်မန့်သမားတွေထဲမှာတော့ အသက်အရွယ်စုံ၊ လူတန်းစားစုံ ပါဝင်နေခဲ့ကြတာပါ။ တကယ်တမ်း မနာလိုစိတ်နဲ့ ရေးသားသူက အနည်းငယ်ပဲ ရှိပြီး အများစုကတော့ ပျင်းလို့၊ စိတ်ဖိစီးမှုတွေ လျှော့ချချင်လို့ ဒါမှမဟုတ် အလေ့အထအရပဲ ကွန်မန့်တွေကို အလွယ်တကူ ရေးသားခဲ့ကြတာပါ။

လူတွေက သူတစ်ပါးကို ဆဲဆိုကြိမ်းမောင်းတဲ့ အခါမှာ ခိုင်လုံတဲ့ အကြောင်းအရင်း ရှိမနေတတ်ပါဘူး။ ဒီဖြစ်ရပ်နဲ့ပတ်သတ်တဲ့ ကွန်မန့်တွေက တကယ်ကိုအဆင့်အတန်းမရှိတာလည်း မှန်ပါတယ်။

-ဝိုး... ကန်ဂျင်ဟူ ရဲ့ အမေ က ဆီလွန်ဟိုတယ် မှာ နေနေတာလား။

-ဂေါက်လည်း အမြဲတမ်း သွားရိုက်တာပဲ။ ဟားဟား။

-သားဖြစ်သူရဲ့ ပိုက်ဆံနဲ့ တကယ့်ကို စည်းစိမ်ခံနေတာပဲ။

-သူတို့ အိမ်ကိုစီးနင်းပြီး အကုန်လုံး သိမ်းဆည်းပစ်ရမယ်။ တခြား အာဏာအလွဲသုံးစားလုပ်မှုတွေလည်း ရှိနေမှာ အသေအချာပဲ။

-Chanelအိတ်တွေ~ ဂေါက်ရိုက်တံတွေ~ သားဖြစ်သူမှာ ပိုက်ဆံတွေ ဒီလောက်အထိ များနေတာတောင်မှ အဲဒါတွေကို သေသေချာချာ ယူထားသေးတယ်ပေါ့လေ။

-အဲဒီ လျှို့ဝှက်တွေ့ဆုံမှုတွေမှာ သူတို့တွေ ဘာတွေလုပ်ခဲ့ကြတာလဲ သိချင်မိတယ်။

-ညဘက်ဆိုရင်တော့ ဂုဘင်ဝမ်း ကလပ်လိုမျိုး နေရာတွေ သွားပြီး လူငယ်လေးတွေကို လိုက်တွဲနေတာ ဖြစ်မှာပေါ့။

-တကယ်လို့ ခင်ဗျားတို့ ညဘက် ကလပ်သွားလို့ ကန်ဂျင်ဟူ ရဲ့ အမေနဲ့ သွားတိုးရင်တော့ တကယ့်ကို ရယ်စရာကြီး ဖြစ်မှာပဲနော်။

-ဟီးဟီး... ကန်ဂျင်ဟူ ကတော့ မကြာခင် အဖေအသစ် ရတော့မယ့် ပုံပဲ။ ဂုဏ်ယူပါတယ်။ ဂုဏ်ယူပါတယ်~

ကွန်မန့်သမားတွေက သူတို့ ရေးသားခဲ့တဲ့ စာတွေနဲ့ ကွန်မန့်တွေကို အလုအယက် ပြန်ဖျက်ခဲ့ကြတယ်။

ဝက်ဘ်ဆိုက်တွေနဲ့ မီဒီယာတွေဆီ ကွန်မန့်တွေ ဖျက်ပေးဖို့ တောင်းဆိုမှုတွေက တောင်ပုံရာပုံ ရောက်ရှိလာခဲ့တာပါ။ ကိုရီးယားရဲ့ အကြီးဆုံး ဝက်ဘ်ဆိုက်ဖြစ်တဲ့ ​Neotin ရဲ့ သုံးစွဲသူ ကူညီရေးစင်တာကတော့ လုံးဝကို အလုပ်မလုပ်နိုင်တော့ဘဲ လည်ပတ်မှု ရပ်ဆိုင်းသွားခဲ့ရတယ်။

-အား... သွားပြီ။ ငါတို့တော့ သွားပြီ။

-သူတို့ ဘာလုပ်နေကြတာလဲ။ ဖုန်းခေါ်နေတာ သုံးနာရီရှိပြီကို ဘာလို့ ဖုန်းမကိုင်ကြသေးတာလဲ။ ဖုန်းကိုင်စမ်းပါ။ သေချင်ဆိုးတွေရဲ့။

-အား... ရေးတုန်းကတော့ လွယ်လွယ်လေးပဲ။ ပြန်ဖျက်တာကျမှ ဘာလို့ ဒီလောက်အထိ ခက်နေရတာလဲ။

-သူ့အမေကို နည်းနည်းလေး ဆဲမိတာကို တရားလွန် လုပ်နေတာပဲ။ ဒါပေမဲ့ လောလောဆယ်တော့ ဖျက်ထားလိုက်ဦးမယ်။

-ငါ IDနဲ့ Password မေ့သွားလို့ ဘာလုပ်ရမလဲ။ ငါက သားဖြစ်သူရဲ့ ပိုက်ဆံကို စုပ်ယူနေတဲ့ 'လောက်ကောင်အမေ' လို့ပဲ ရေးခဲ့တာပါ။ အဲဒီလောက်လေးနဲ့တော့ တရားမစွဲလောက်ပါဘူးနော်။ ဟုတ်တယ်မလား။ ဟုတ်တယ်မလား။

-မင်း အသက်က ဘယ်လောက်လဲ။

-အလယ်တန်း ဒုတိယနှစ်ပါ~

-ဟူး... ကမ္ဘာကြီးက ပျက်ဆီးနေပြီ။ ဒီလို ကလေးမျိုး ရမှာစိုးလို့ အိမ်ထောင်တောင် မပြုရဲတော့ဘူး။

-ပြစ်ဒဏ်ကိုပဲ ခံယူလိုက်ပါ။ ကောင်လေး။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ မင်းက အရွယ်မရောက်သေးလို့ ရာဇဝတ်မှုကနေ ကင်းလွတ်ခွင့် ရရင်တောင်မှ မင်းရဲ့ မိဘတွေကတော့ အတော်လေး ဒုက္ခရောက်သွားလောက်တယ်။

-အား... ဘာလို့ ​Neotin က ဖုန်းမကိုင်တာလဲ။

-ရူးတော့မှာပဲ။ ငါ ကွန်မန့်တစ်ခုခု ရေးခဲ့မိတယ်လို့ ထင်ပေမဲ့ ဘယ်နေရာမှာ ဘာရေးခဲ့လဲဆိုတာကို မမှတ်မိတော့ဘူး။

-ကွန်မန့်တွေ ဖျက်ပေးဖို့ တောင်းဆိုဖို့အတွက် ရုံးချုပ်ကို ကိုယ်တိုင် သွားနေပါပြီ။

-ကျွန်တော် ရေးခဲ့မိတဲ့ ကွန်မန့်တွေကို ဖျက်ပေးပါဦးဗျာ ㅜㅜ တစ်သက်လုံး နောင်တရပြီး နေသွားပါ့မယ် ㅜㅜ

-ငါက အလုပ်မရှိဘဲ အိမ်မှာပဲ အချိန်ကုန်နေတဲ့လူမလို့ တကယ်လို့ ရဲက ဆက်သွယ်လာရင် အိမ်ကနေ နှင်ထုတ်ခံရမှာပါ။ ကယ်ကြပါဦး~

-တစ်ခါထဲနဲ့ အကုန်လုံး ဖျက်လို့ရမယ့် နည်းလမ်းမရှိဘူးလား။ ကိုယ် ရေးခဲ့သမျှ အဆိပ်အတောက် ကွန်မန့်တွေကို ဘယ်သူက အကုန်လုံး မှတ်မိနေမှာမလို့လဲဟ ㅜㅜ

-အိမ်ပြာတော် (သမ္မတရုံး) ရဲ့ ပြည်သူ့အသနားခံစာစာမျက်နှာမှာ အဆိပ်အတောက် ကွန်မန့်တွေ ဖျက်ပေးဖို့ တောင်းဆိုချက် သွားတင်ကြစို့။

မီဒီယာကုမ္ပဏီတွေအတွင်းမှာလည်း ပရမ်းပတာတွေ ဖြစ်ကုန်ကြတယ်။

ကန်ဂျင်ဟူ က မမှန်ကန်တဲ့ သတင်းတွေကို မဖြုတ်ချဘဲ ပြန်လည်ပြင်ဆင်မပေးရင် သတင်းရေးတဲ့ သတင်းထောက်တင် မကဘဲ အဲ့ဒီသတင်းထောက်ရဲ့ မိသားစုတွေကိုပါ စုံစမ်းစစ်ဆေးပစ်မယ်လို့ လူသိရှင်ကြား စစ်ကြေညာခဲ့လို့ပါ။

တခြား ဘယ်ချေဘောမှ ငွေအကုန်ခံရတာကိုရော၊ လူထုရဲ့ အမြင်တွေကိုပါ စိုးရိမ်တာကြောင့် အဲဒီလိုမျိုး စကားကို မပြောရဲခဲ့ကြပါဘူး။ ဒါပေမဲ့ ကန်ဂျင်ဟူ ကတော့ ကွဲပြားပါတယ်။ သူ က ပိုက်ဆံကိုတင် ဂရုမစိုက်တာ မဟုတ်ဘဲ အစထဲက လူထုရဲ့ အမြင်ကိုလည်း လုံးဝ ဂရုမစိုက်ခဲ့တဲ့ လူစားမျိုးပါ။

သတင်းထောက်တွေက စုပေါင်းပြီး ရှုတ်ချကြောင်း ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ကြတယ်။

[OTK Company ရဲ့ စီအီးအို ကန်ဂျင်ဟူ ရဲ့ မီဒီယာအပေါ် ဖိနှိပ်မှုကို ရှုတ်ချပါသည်]

(ကောက်နုတ်ချက်) စီအီးအို ကန်ဂျင်ဟူ က သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေအပေါ် ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ ကိစ္စကတော့ အာဏာရှင် လက်ထက်မှာတောင် မမြင်ဖူးခဲ့တဲ့ မီဒီယာအပေါ် ဖိနှိပ်မှု ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ ဒါက စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိပါးရုံတင်မကဘဲ ပြည်သူတွေရဲ့ သိပိုင်ခွင့်ကိုပါ ပိတ်ပင်တားဆီးတာ ဖြစ်တာကြောင့် နောက်ဆုံးမှာတော့ ပြည်သူတွေကိုပဲ ထိခိုက်စေမှာပါ။

မီဒီယာတွေက ချေဘောတွေ ဒါမှမဟုတ် အာဏာရှိသူတွေအပေါ်မှာ မဟုတ်ဘဲ ပြည်သူတွေအပေါ်မှာပဲ အဓိက အာရုံစိုက်ရမှာ ဖြစ်ပါတယ်။

ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါစေ၊ ကျွန်တော်တို့ သတင်းထောက်တွေက ပြည်သူတွေ ဖြစ်ရပ်မှန်ကို သိရှိနိုင်ဖို့အတွက် အဆုံးထိ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အဲဒီလို ကြေညာချက်ထုတ်ပြန်ပြီးပြီးခြင်းမှာပဲ မီဒီယာတစ်ခုချင်းစီက ကန်ဂျင်ဟူ ရဲ့ အမေနဲ့ ပတ်သက်တဲ့ ထင်ကြေးပေး သတင်းတွေကို ချက်ချင်း ဖျက်ပစ်ခဲ့ကြပြီး ဂေါက်ကွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကိုယ်ထိလက်ရောက် စော်ကားမှု သတင်းတွေထဲကနေ 'ကန်ဂျင်ဟူ ရဲ့ မိခင်' ဆိုတဲ့ အသုံးအနှုန်းတွေကို အကုန်လုံး ဖယ်ရှားပစ်ခဲ့ကြတာပါ။

အချက်အလက် မှားယွင်းနေတဲ့ သတင်းတွေအတွက်လည်း သေးငယ်တဲ့ ပြင်ဆင်ချက် သတိပေးချက်တွေကို တိတ်တဆိတ် ထုတ်ပြန်ပေးခဲ့ကြတယ်။

-ဟားဟား... လေလုံးတွေကတော့ အကြီးကြီး မိုးထိအောင် ထွားနေကြပြီး တကယ်တမ်းကျတော့ မသေချင်ကြဘူးပဲ။

-ကိုယ်က သူတစ်ပါးရဲ့ မိသားစုကို ဝေဖန်ရင်တော့ စာနယ်ဇင်း လွတ်လပ်ခွင့်၊ သူတစ်ပါးက ကိုယ့်ရဲ့ မိသားစုကို ဝေဖန်မယ်လို့ ပြောရင်တော့ မီဒီယာအပေါ် ဖိနှိပ်မှုတဲ့လား။ ဒါက ဘယ်လိုမျိုး အံ့ဩစရာကောင်းတဲ့ မျှတမှုကြီးလဲ။

-အမှိုက် သတင်းထောက်တွေရဲ့ ထုံးစံအတိုင်းပါပဲ။

-ဒါက အစကတည်းက အမှိုက် သတင်းထောက်တွေရဲ့ အပြစ်လေ။ ကန်ဂျင်ဟူ ရဲ့ အမေ က ဂေါက်ကွင်းမှာဖြစ်ပွားခဲ့တဲ့ ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ ဘာများ ပတ်သက်နေလို့လဲ။

-နိုင်ငံရေးသမားတွေဆိုရင်တော့ အဓိပ္ပာယ်မရှိတာတွေ ပြောရင် နောက်ထပ် ရွေးကောက်ပွဲကျရင် ရှုံးနိမ့်သွားလောက်မှာ ဆိုပေမဲ့ သတင်းထောက်တွေကတော့ 'မဟုတ်ရင်လည်း ပြီးတာပဲလေ' ဆိုပြီး ပြီးစလွယ် လုပ်တတ်ကြတာ။

-သူတို့က ကလောင်တံက ဓားထက် ထက်မြက်တယ်လို့ပဲ ပြောခဲ့ကြတာ၊ တာဝန်ယူရမယ်လို့တော့ မပြောခဲ့ကြဘူးလေ ^^

-အား... အမှိုက် သတင်းထောက်တွေ အဆွဲခံနေရတာကို မြင်ရတာ တကယ်ကို ရင်ထဲမှာ ရှင်းလင်းသွားတာပဲ။

-သတင်းထောက်တွေတင်မကဘူး၊ ကီးဘုတ်ဖိုက်တာတွေနဲ့ ကွန်မန့်သမားတွေလည်း အကုန်လုံး ကြောက်လန့်တုန်လှုပ်နေကြပြီ။

-အင်တာနက်လောကကြီးက ချက်ချင်းဆိုသလို သန့်ရှင်းသွားတာပဲ။

-ကန်ဂျင်ဟူ ရဲ့ စကားတစ်ခွန်းက အစိုးရရဲ့ ပြည်သူ့အသိပညာပေး ကြေညာချက်တွေထက် အဆတစ်ရာမက ပိုပြီး ထိရောက်မှု ရှိနေတာပါလား။

လွှတ်တော်အမတ် မြောင်ဂျင်ဝု က ဂေါက်ကွင်း ကိုယ်ထိလက်ရောက် စော်ကားမှု ဖြစ်ရပ်ကို ကန်ဂျင်ဟူ ရဲ့ အမေနဲ့ ဆက်စပ်ပြီး ဖော်ထုတ်လိုက်တဲ့ အချိန်မှာတော့ အာဏာရပါတီအတွင်းက လူအများစုက ကျေနပ်အားရမှုကို ခံစားခဲ့ရတာပါ။

မျှော်လင့်ထားတဲ့အတိုင်းပဲ နျူကလီးယားအဆင့်ဆင့်ပိတ်သိမ်းရေး အငြင်းပွားမှုတွေက ချက်ချင်း ငြိမ်သက်သွားခဲ့ပြီး လူတိုင်းက ဂေါက်ကွင်း ကိုယ်ထိလက်ရောက် စော်ကားမှုဆီပဲ အာရုံရောက်သွားခဲ့ကြတာလေ။ ဒီကိစ္စက နျူကလီးယား အဆင့်ဆင့်ပိတ်သိမ်းရေး ထောက်ခံသူတွေနဲ့ အာဏာရပါတီ အားပေးသူတွေကို စည်းလုံးစေမယ့် အကျိုးသက်ရောက်မှုကိုလည်း ရရှိစေခဲ့တာပါ။

မြောင်ဂျင်ဝု က ကန်ဂျင်ဟူ ရဲ့ လက်ချက်ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ပထမဆုံး နိုင်ငံရေးသမား မဟုတ်တာကြောင့် သူ က ကန်ဂျင်ဟူ ကို စဉ်းစားဆင်ခြင်ဉာဏ်မရှိဘဲ ရန်စခဲ့တာမျိုး မဟုတ်ပါဘူး။

ကန်ဂျင်ဟူ က လေဘာပါတီ (ယခင် လွတ်လပ်သော ကိုရီးယားပါတီ) နဲ့ အလွန်အမင်း အဆင်မပြေဖြစ်နေခဲ့ပေမယ့် နိုင်ငံရေးသစ်ပါတီ နဲ့ ဆက်ဆံရေးကတော့ အဲဒီလောက်အထိ ဆိုးရွားမနေခဲ့ပါဘူး။ ကန်ဂျင်ဟူ ဆိုရင်လည်း အဓိက ပါတီကြီးနှစ်ခုလုံးနဲ့ ရန်သူ ဖြစ်ချင်မှာ မဟုတ်လောက်ဘူးလေ။

ဒါတင်မကသေးဘဲ သူကိုယ်တိုင်ကလည်း ဝါရင့် နိုင်ငံရေးသမားကြီး တစ်ယောက်ဖြစ်ပြီး ကန်ဂျင်ဟူ ကတော့ ပုံမှန်အားဖြင့် နိုင်ငံရေးလောကထဲက သူနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကို သိပ်ပြီး အာရုံစိုက်လေ့မရှိတာပါ။ တကယ်လို့ သူ က အဲဒီလိုမျိုး ကိစ္စတွေကို အလေးထားခဲ့ရင် ရုရှားရဲ့ နျူကလီးယားစွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကိစ္စကို မလုပ်ခင် အစိုးရဆီ ကြိုတင် အသိပေးခဲ့မှာ အသေအချာပါပဲ။

နိုင်ငံရေးလောကထဲမှာ ကာလရှည်ကြာ ကျင်လည်လာခဲ့တဲ့ အခါမှာတော့ ပင်ကိုသိစိတ်တွေ ရှိလာတတ်စမြဲပါ။

သူ က အတိုင်းအတာတစ်ခုအထိ တုံ့ပြန်မှုတွေ ရှိလာလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းထားခဲ့ပြီး အဲဒါအတွက်လည်း သေသေချာချာ ပြင်ဆင်ထားခဲ့ပြီးသားပါ။ တကယ်တမ်းတော့ ဒါက ချေဘောတွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ စစ်မှန်တဲ့ နိုင်ငံရေးသမား တစ်ယောက်အဖြစ် ပုံရိပ်ကောင်းတစ်ခု တည်ဆောက်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ခဲ့တာလေ။

အဲဒါကတော့ တကယ်ကို ဖြစ်နိုင်ခြေရှိတဲ့ အစီအစဉ်တစ်ခု ဖြစ်ခဲ့တာပေါ့။

တကယ်လို့ ပစ်မှတ်က ကန်ဂျင်ဟူ ကိုယ်တိုင်သာ ဖြစ်ခဲ့ရင် သူ့ရဲ့ ခန့်မှန်းချက်က မှန်ကန်နေခဲ့မှာပါ။

ဒါပေမဲ့လည်း……

'ဒီကောင်က တကယ်ပဲ ဘာဖြစ်နေတာလဲ'

သတင်းစာရှင်းလင်းပွဲကို စောင့်ကြည့်နေရင်းနဲ့ လွှတ်တော်အမတ် မြောင်ဂျင်ဝု ကတော့ အံ့ဩလွန်းလို့ ပါးစပ်တောင် မပိတ်နိုင် ဖြစ်နေခဲ့ရတယ်။

"ရေကြည်လွန်းရင် ငါးမမွေးနိုင်ဘူး" ဆိုတဲ့ စကားပုံလိုပဲ သူ က အခုလို ရာထူးနေရာအထိ ရောက်ရှိလာဖို့အတွက် နောက်ကွယ်မှာ ကိစ္စပေါင်းစုံ ရှိခဲ့တာ အသေအချာပါပဲ။

ဒီကမ္ဘာမှာ လှုပ်ခါလိုက်ရင် ဖုန်မထွက်တဲ့လူက ဘယ်သူ ရှိလို့လဲ။

'သူ က ငါ့တင်မကဘဲ ငါ့မိသားစုဝင်တွေအထိ အကုန်လုံးကို တူးဆွပစ်မယ် ဟုတ်လား'

စကားလုံးတစ်ခုရဲ့ အလေးချိန်က အဲဒီစကားကို ဘယ်သူက၊ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်လို ပြောလိုက်လဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး လုံးဝ ပြောင်းလဲသွားတတ်ပါတယ်။ ကန်ဂျင်ဟူ က သီးသန့် ကန့်ကွက်တာမျိုး မလုပ်ဘဲ မီဒီယာတွေရှေ့မှာ လူသိရှင်ကြား ကြေညာလိုက်တယ်ဆိုတာကတော့ သူ တကယ်ပဲ အဆုံးထိ လုပ်ဆောင်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ဒါတင်မကသေးဘဲ ကန်ဂျင်ဟူ က မီဒီယာကုမ္ပဏီတွေတင်မကဘဲ အဆိပ်အတောက် ကွန်မန့်သမားတွေကိုပါ ရန်သူအဖြစ် သတ်မှတ်လိုက်တာပါ။ သူ့ရဲ့ အမူအရာကတော့ တစ်နိုင်ငံလုံးကို ရန်ပြုပြီး တိုက်ခိုက်တော့မယ့် ပုံစံမျိုးပါ။ ဘာပဲဖြစ်ဖြစ် ကိစ္စတွေက ဒီအဆင့်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်တာကြောင့် သူလည်း နောက်ဆုတ်လို့ မရတော့ပါဘူး။

လွှတ်တော်အမတ် မြောင်ဂျင်ဝု ကလည်း သတင်းစာရှင်းလင်းပွဲတစ်ခုကို ချက်ချင်း ပြုလုပ်ခဲ့တယ်။ သူ က သတင်းထောက်တွေရှေ့မှာ အော်ဟစ်ပြောဆိုခဲ့တယ်။

"ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်အမတ် တစ်ယောက်ကို နှုတ်ပိတ်ဖို့အတွက် ခြိမ်းခြောက်တာကတော့ ကိုရီးယား ချေဘောတွေရဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ ပြုမူချက်ပဲ ဖြစ်ပါတယ်။ ဒါက အထူးခြိမ်းခြောက်မှုနဲ့ လုပ်ငန်းခွင် နှောင့်ယှက်မှု စတဲ့ ရာဇဝတ်မှုတွေ မြောက်တာကြောင့် ကျွန်တော့်ဘက်က တရားဥပဒေအရ အရေးယူဖို့အတွက် စဉ်းစားသွားမှာပါ။ ကျွန်တော်ကတော့ အဲဒီလိုမျိုး ခြိမ်းခြောက်မှုတွေကို လုံးဝ နောက်ဆုတ်ပေးမှာ မဟုတ်ပါဘူး။ ပြည်သူတို့... ကျေးဇူးပြုပြီး ကျွန်တော် မြောင်ဂျင်ဝု ကို ကာကွယ်ပေးကြပါဦး"

ဒါပေမဲ့လည်း အဲဒီစကားကို ကြားရတဲ့ ပြည်သူတွေရဲ့ တုံ့ပြန်မှုကတော့ တကယ့်ကို ဝေဝါးနေခဲ့တယ်။

-ဟိုလေ... ကျွန်တော်တို့ ကာကွယ်ပေးချင်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့လည်း...

-ကျွန်တော်တို့လည်း ကာကွယ်ပေးချင်ပါတယ်၊ ဒါပေမဲ့...

-အရင်ဆုံး သူ့မိဘကို စော်ကားခဲ့တဲ့ အပြစ်အတွက် သွားပြီး တောင်းပန်သင့်တာ မဟုတ်ဘူးလား။

-ကျွန်တော်က လွှတ်တော်အမတ် မြောင်ဂျင်ဝု ရဲ့ အမာခံ အားပေးသူတစ်ယောက်ပါ။ ကျွန်တော့်ရဲ့ အမှန်အတိုင်း အကြံပေးရရင် ကန်ဂျင်ဟူ ပိုပြီး ဒေါသ မထွက်လာခင်မှာ အမြန်ဆုံး သွားပြီး ဒူးထောက်တောင်းပန်လိုက်ပါ။ ဒါက လွှတ်တော်အမတ်ရဲ့ နောက်ဆုံး အခွင့်အရေး ဖြစ်ပါလိမ့်မယ်။

-ဟားဟား... လွှတ်ထားလိုက်ပါ။ သူကတော့ သေသေချာချာကို အမှုန်အဆင့်အထိ ဖြုတ်ချပြီး အစစ်ဆေးခံရတော့မယ့် ပုံပဲ။

-နှမြောစရာပဲ။ သူ က နောက်ထပ် သမ္မတလောင်း ဖြစ်လာနိုင်ခြေ ရှိတဲ့လူလေ။

-တကယ်ပဲ ဘာသတ္တိတွေ ရှိနေလို့ ကန်ဂျင်ဟူ ရဲ့ အမေကို သွားပြီး ရန်စမိရတာလဲ။

-ဟူး... တကယ်လို့ မြောင်ဂျင်ဝု သာ ပြုတ်သွားရင် နောက်ထပ် သမ္မတရွေးကောက်ပွဲကျရင် ငါ ဘယ်သူ့ကို မဲပေးရတော့မှာလဲ။

နိုင်ငံရေးသစ်ပါတီ ရဲ့ ရုံးချုပ်ဆီ ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေက ဆက်တိုက်ဆိုသလို ပုံအော ရောက်ရှိလာခဲ့တယ်။

နိုင်ငံရေးသစ်ပါတီ အတွင်းက လွှတ်တော်အမတ်တွေရဲ့ အမြင်တွေကလည်း ပြတ်ပြတ်သားသား ကွဲပြားနေခဲ့တာပါ။ တချို့က ကန်ဂျင်ဟူ ကို တရားစွဲရမယ်လို့ ဇွတ်အတင်း ပြောဆိုနေကြပြီး တချို့ကတော့ လွှတ်တော်အမတ် မြောင်ဂျင်ဝု အနေနဲ့ အမြန်ဆုံး တောင်းပန်သင့်တယ်လို့ ပြောဆိုနေကြပါတယ်။

အမတ်စုခေါင်းဆောင် ဂျန်ဟျွန်ဂျွန် ကတော့ စီးကရက်တစ်လိပ်ကို သောက်ရင်းနဲ့ အတွေး ထဲ နစ်မြုပ်နေခဲ့တယ်။

'ငါတို့ ဒီနေရာမှာ နောက်ဆုတ်လိုက်ရင် လူထုရှေ့မှာ ပုံစံက သိပ်ပြီး ကောင်းမှာ မဟုတ်ဘူး'

ပြီးတော့ လွှတ်တော်အမတ် မြောင်ဂျင်ဝု ကလည်း လွယ်လွယ်နဲ့ နောက်ဆုတ်ပေးမယ့် ပုံစံမျိုး ရှိမနေခဲ့ပါဘူး။

လွှတ်တော်အမတ်ကိုတင် မကဘဲ သူ့ရဲ့ မိသားစုဝင်တွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို စုံစမ်းဖို့အတွက် ပိုက်ဆံကို အသုံးချတာကတော့ ပြတ်ပြတ်သားသား ခြိမ်းခြောက်မှုဖြစ်ပြီး တရားမဝင် ဖြစ်လာနိုင်ခြေ ရှိပါတယ်။

တကယ်လို့ သူတို့က ဒီအတိုင်းပဲ လွှတ်ထားပေးလိုက်ရင် ဒါမှမဟုတ် ဦးညွတ်လိုက်ရင် လွှတ်တော်ရဲ့ သြဇာအာဏာက မြေလှန်ခံရမှာ အသေအချာပါပဲ။

သူ က ဖြေရှင်းရမယ့် နည်းလမ်းကို အပြင်းအထန် စဉ်းစားနေတုန်းမှာပဲ လွှတ်တော်အမတ် ပတ်ချန်းဆူး က ရုတ်တရက် အခန်းထဲကို အလောတကြီး ပြေးဝင်လာခဲ့တယ်။

"အ... အခြေအနေမကောင်းတော့ဘူး"

"ဘာဖြစ်လို့လဲ"

"ကန်... ကန်ဂျင်ဟူ က ချေဘော အုပ်စုတွေရဲ့ တာဝန်ရှိသူတွေကို အကုန်လုံး စုစည်းနေပြီ"

"ဟမ်... ဘာအတွက်လဲ။ ရုတ်တရက်ကြီး"

"သူ က လက်ရှိနဲ့ အရင် နိုင်ငံရေးသစ်ပါတီ ရဲ့ လွှတ်တော်အမတ်တွေ ပတ်သက်နေခဲ့တဲ့ လာဘ်ပေးလာဘ်ယူမှု မှန်သမျှကို အကုန်လုံး တူးဆွပြီး ဖော်ထုတ်ပစ်မယ်လို့ ပြောနေတယ်"

အမတ်စုခေါင်းဆောင် ဂျန်ဟျွန်ဂျွန် ကတော့ အဲဒီစကားကြောင့် ထိတ်လန့်လွန်းလို့ ပါးစပ်ထဲက စီးကရက်တောင် မြေပြင်ပေါ်ကို လွတ်ကျသွားခဲ့ရတယ်။

"ဒီ အရူးကတော့ တကယ်ပါပဲ... "

All Chapters