အခန်း ၃၆၉
Vol. 37 Ch. 369
အခန်း (၃၆၉)
နိုင်ငံရေးသစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေ ရှေ့မှာ ပြတ်သားတဲ့ လေသံနဲ့ ပြောလိုက်တယ်။
“နိုင်ငံရေးသမားတစ်ယောက်ရဲ့ မိသားစုကို စုံစမ်းစစ်ဆေးဖို့နဲ့ သူတို့ကို အသရေဖျက်ဖို့အတွက် ဆုကြေးငွေ ကမ်းလှမ်းတာက သိသာထင်ရှားတဲ့ တရားမဝင်မှုဖြစ်ပြီး စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ ဒီလုပ်ရပ်က ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ကို ဖြိုဖျက်နေတာဖြစ်လို့ ချက်ချင်း ရပ်တန့်ရပါမယ်။ နိုင်ငံရေးသစ်ပါတီအနေနဲ့ ဒီကိစ္စကို အလွန်လေးလေးနက်နက် သဘောထားပြီး ပါတီအဆင့်မှာ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမှာပါ”
လေဘာပါတီကတော့ ဘာထုတ်ပြန်ချက်မှ သီးသန့် မထုတ်ပြန်ခဲ့ပါဘူး။
လောလောဆယ်တော့ နိုင်ငံရေးသစ်ပါတီ အကြပ်ရိုက်နေတာကို ကြည့်ပြီး သူတို့ ကျေနပ်နေကြပေမဲ့ ဒီလိုမျိုး ကံကြမ္မာဆိုးက သူတို့ဆီလည်း အချိန်မရွေး ကျရောက်လာနိုင်တယ်ဆိုတဲ့ အတွေးကြောင့် ဘယ်ဘက်မှ မလိုက်ဘဲ နေနေကြတာပါ။
ကန်ဂျင်ဟူ က နိုင်ငံရေးသစ်ပါတီရဲ့ ကြေညာချက်ကို ပြန်လည်ချေပလိုက်တယ်။
“ဒါဆို နိုင်ငံရေးသမားတွေက ကျွန်တော့်မိသားစုကို တိုက်ခိုက်လို့ရပြီး ကျွန်တော်ကတော့ သူတို့မိသားစုကို ပြန်မတိုက်ခိုက်ရဘူးပေါ့။ ကျွန်တော့်ရဲ့ လုပ်ရပ်တွေက ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ကို တကယ်ပဲ ဖြိုဖျက်နေတယ်ဆိုရင် ကျွန်တော် ဒီနိုင်ငံကနေ ထွက်သွားပါမယ်။ ဒါပေမဲ့ အဲဒီလို မထွက်ခွာခင်မှာ လွှတ်တော်အမတ် မြောင်ဂျင်ဝု နဲ့တော့ အပြတ်ရှင်းသွားမှာပါ”
ဒီစကားကြောင့် ကိုရီးယားတစ်နိုင်ငံလုံး နောက်တစ်ကြိမ် ဆူညံပွက်လောရိုက်သွားပြန်ပါတယ်။
သူက လူသားသမိုင်းမှာ အကြီးမားဆုံး ဓနဥစ္စာကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အဲဒီစည်းစိမ်ဥစ္စာကလည်း ဆက်လက် တိုးပွားနေတုန်းပါပဲ။ သူ ဘယ်နိုင်ငံကို ပြောင်းရွှေ့မလဲဆိုတာပေါ် မူတည်ပြီး ကမ္ဘာ့စီးပွားရေး အခင်းအကျင်းကပါ ပြောင်းလဲသွားနိုင်ပါတယ်။
အိမ်ပြာတော် (သမ္မတအိမ်တော်) နဲ့ နိုင်ငံရေးသစ်ပါတီတို့ဟာ အကြပ်ရိုက်စရာ အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။
လွှတ်တော်အမတ် မြောင်ဂျင်ဝု က ဟိုချန်မင်း ဂိုဏ်းသားတွေကို စုဝေးစေပြီး ပါတီအဆင့် တုံ့ပြန်မှုပေးဖို့ တောင်းဆိုခဲ့တယ်။ ဟိုချန်မင်း ဂိုဏ်းသားတွေကလည်း လွှတ်တော်အမတ် မြောင်ဂျင်ဝု ကို သေချာပေါက် ကယ်တင်ရမယ်လို့ ဆော်ဩပြီး ဖိအားပေးခဲ့ကြပေမဲ့ ကန်ဂျင်ဟူ က ကိုရီးယားကနေ ထွက်ခွာသွားမယ်လို့ ခြိမ်းခြောက်နေတာပါ။ ပြီးတော့ ကော်ပိုရေးရှင်းကြီးတွေကတစ်ဆင့် နိုင်ငံရေးသစ်ပါတီ လွှတ်တော်အမတ်တွေရဲ့ အပုပ်နံ့တွေကို လိုက်လံတူးဆွ နေတာကြောင့် ပါတီရဲ့ တုံ့ပြန်မှုက အကန့်အသတ် မလှုတ်သာမလူးသာ ဖြစ်နေပါတယ်။
ပါတီခေါင်းဆောင် ဂျန်ဟျွန်ဂျွန် က စီးကရက်ကို တရစပ် သောက်ရင်း ညည်းတွားလိုက်တယ်။
“ကန်ဂျင်ဟူ က ကိုရီးယားမှာ ရှိနေရင်လည်း ပြဿနာ၊ ထွက်သွားရင်လည်း ပြဿနာပဲလား”
ဒီစကားက စကားလုံးကစားသလို ဖြစ်နေလောက်ပေမဲ့ ကိုရီးယားရဲ့ တကယ့် လက်ရှိအခြေအနေပါပဲ။
တစ်နိုင်ငံလုံးက ကန်ဂျင်ဟူ ရဲ့ တည်ရှိမှုကြောင့် ယိမ်းထိုးနေရတာက ဝန်ထုပ်ဝန်ပိုး ဖြစ်စေပေမဲ့ သူ ထွက်ခွာသွားလို့ ဖြစ်လာမယ့် စီးပွားရေးရိုက်ခတ်မှု ဒါမှမဟုတ် စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းသွားမှာက ပိုပြီးတော့တောင် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ ကိုရီးယားစီးပွားရေးမှာ OTK Company ရဲ့ ပါဝင်ပတ်သက်မှုက ကြီးမားလွန်းလို့ပါပဲ။
အမေရိကန်ကော်ပိုရေးရှင်း တစ်ခုဖြစ်ပေမဲ့ ပြည်တွင်းစီးပွားရေး တစ်ခုလုံးကို လွှမ်းမိုးထားပြီး သူ့ရဲ့ နည်းပညာနဲ့ အရင်းအနှီးကို အခြေခံကာ လုပ်ငန်းသစ်တွေကို ဦးဆောင်နေတာပါ။
လုပ်ငန်းအများကြီးကို တိုက်ရိုက် လုပ်ကိုင်နေတာမျိုး မဟုတ်ပေမဲ့ သူ့ရဲ့ ရိုက်ခတ်မှုကတော့ အလွန်ပြင်းထန်ပါတယ်။
တကယ်လို့ ကန်ဂျင်ဟူ သာ ကိုရီးယားကနေ ထွက်ခွာသွားရင် ဘာတွေ ဖြစ်ကုန်မလဲ။
[ကန်ဂျင်ဟူ ရဲ့ တုန်လှုပ်စရာ စကား။ နိုင်ငံသားပြောင်းမယ့် အလားအလာကို အရိပ်အမြွက်ပြ]
[K ကုမ္ပဏီ စီအီးအို ပတ်ဆန်းယော့ က အမေရိကန်၊ ရုရှား၊ တရုတ်၊ အော်စတြေးလျ သံရုံးတွေနဲ့ ဆက်သွယ်ခဲ့ကြောင်း အတည်ပြု။ အကြောင်းရင်းကိုတော့ ထုတ်ဖော်မပြော...]
[အမေရိကန်ပြည်သူတွေက ကန်ဂျင်ဟူကို သူတို့နိုင်ငံသား ဖြစ်လာဖို့ ပြင်းပြင်းထန်ထန် မျှော်လင့်နေ]
[ကန်ဂျင်ဟူ ကိုရီးယားကနေ ထွက်ခွာသွားဖို့ ဘယ်လောက်အထိ ဖြစ်နိုင်ခြေ ရှိလဲ]
[တောင်ကိုရီးယားနိုင်ငံ ငွေနောက် လိုက်နေရပြီ]
[အစိုးရနဲ့ အမျိုးသားလွှတ်တော်ဟာ ချေဘောတွေနဲ့ စီးပွားရေးသမားတွေရဲ့ ခြိမ်းခြောက်မှုအောက်မှာ အလိုကျ မဖြစ်သင့်]
မီဒီယာတွေနဲ့ အင်တာနက်ပေါ်မှာတော့ ကန်ဂျင်ဟူသာ ကိုရီးယားကနေ ထွက်သွားရင် ဘာဖြစ်မလဲဆိုတာကို အပြင်းအထန် ငြင်းခုံနေကြပါတယ်။
-ငါသာ ကန်ဂျင်ဟူဆိုရင် နိုင်ငံသားပြောင်းတာ ကြာလှပြီ။ ဘာလို့ ကိုရီးယားမှာ နေပြီး အဲဒီလို အဓိပ္ပာယ်မရှိတာတွေကို သည်းခံနေမှာလဲ။
-ဖွံ့ဖြိုးပြီး နိုင်ငံတွေက ကန်ဂျင်ဟူကို ဆွဲဆောင်ချင်နေကြပုံပဲ။
-သူတို့က 'ဆွဲဆောင်ချင်ရုံ' တင်မကဘူး၊ တက်တက်ကြွကြွကို ဆက်သွယ်နေကြတာ။
-စဉ်းစားကြည့်ဦးလေ။ သူ့ရဲ့ တစ်ကိုယ်ရေပိုင် ပစ္စည်းတင် ဒေါ်လာ သိန်းပေါင်း ၁ ကုဋေကျော်တယ်လို့ ပြောကြတာကွ။ ပြီးတော့ နောက်ထပ်လည်း အများကြီးထပ်ရှာနိုင်လောက်ဦးမှာလေ။
-ဝိုး။ မိမိုက်နေတာပဲ။ အဲဒါ ကိုရီးယားရဲ့ တစ်နှစ်တာ အမျိုးသားအသုံးစရိတ်ထက် နှစ်ဆကျော် ပိုများတယ်~
-ကန်ဂျင်ဟူ တစ်ယောက်ထဲကို ခေါ်ယူနိုင်ရင် နိုင်ငံတစ်ခုရဲ့ GDP ကိုတောင် ပြောင်းလဲပစ်နိုင်တယ်။
-ပိုပြီး အံ့သြဖို့ကောင်းတာက ဒါက နောက်ပြောင်နေတာ မဟုတ်ဘူးဆိုတဲ့ အချက်ပဲ။
-ကန်ဂျင်ဟူ ရဲ့ အမြင်ကကြည့်ရင် ဒီတစ်ကြိမ်မှာ နိုင်ငံသားပြောင်းလိုက်တာက ပိုကောင်းပါတယ်။ ငရဲပြည်လိုဖြစ်နေတဲ့ ကိုရီးယားက နိုင်ငံရေးသမားတွေနဲ့ ဘာလို့ အလုပ်ရှုပ်ခံပြီး တိုက်ခိုက်နေမှာလဲ။
-တခြားနိုင်ငံကို သွားရင်ရော အခြေအနေက ထူးခြားလာမှာမလို့လား။ ကန်ဂျင်ဟူလို အဆင့်အတန်းရှိတဲ့လူက ဘယ်နေရာသွားသွား ပြဿနာ ဖြစ်နေမှာပဲ။
-ဒါပေမဲ့ တခြားနိုင်ငံမှာဆိုရင် ကွန်ဆာဗေးတစ်ပဲဖြစ်ဖြစ်၊ တိုးတက်ပြောင်းလဲလိုသူပဲဖြစ်ဖြစ် ကိုရီးယားနိုင်ငံရေးသမားတွေ လောက်တော့ ဦးနှောက်မရှိတာမျိုး ဖြစ်မှာမဟုတ်ဘူး။
-ကန်ဂျင်ဟူ ထွက်သွားရင် ဘာဖြစ်မလဲ။ ကိုရီးယားကြီး ပျက်စီးသွားမှာလား။
-မပျက်စီးပါဘူး။ စတော့ဈေးကွက် ပြိုလဲမယ်၊ အိမ်ခြံမြေဈေးကွက် ပြိုလဲမယ်၊ ငွေလဲနှုန်းက ကောင်းကင်ဘုံအထိ ထိုးတက်သွားမယ်၊ စီးပွားရေး ကျဆင်းပြီး စီးပွားရေးတိုးတက်မှုနှုန်းက အနုတ်လက္ခဏာ ပြသွားရုံပါပဲ။
-……အဲဒါကိုပဲ 'ပျက်စီးသွားတာ' လို့ ခေါ်တာ မဟုတ်ဘူးလားဟ။
နောက်ပိုင်းမှာ ဘာမှလုပ်စရာမရှိဘဲ သက်သောင့်သက်သာ နေနေတဲ့ စီနီယာဆန်းယော့ကတော့ အခုဆိုရင် အလွန်အမင်း အလုပ်ရှုပ်နေပါပြီ။
အကြောင်းကတော့ အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ် က လွှတ်တော်အမတ် မြောင်ဂျင်ဝု နဲ့ ပတ်သက်ပြီး ရရှိလာတဲ့ သတင်းပေးချက်တွေကို အရင်ဆုံး စစ်ထုတ်ပေးပြီးနောက် စီနီယာဆန်းယော့က အချက်အလက်တွေကို ဒုတိယအဆင့်အနေနဲ့ စိစစ်ဆန်းစစ်ရလို့ ဖြစ်ပါတယ်။
“လွှတ်တော်အမတ် မြောင်ဂျင်ဝု ရဲ့ ဇနီး ကင်ဆူယွန် က ဂီတပါမောက္ခတစ်ယောက်ပဲ။ အရင်တုန်းက ကျောင်းဝင်ခွင့် ဖြေမယ့်သူတွေကို ဂီတပါမောက္ခတွေက ဈေးကြီးတဲ့ သီးသန့်ကျူရှင်တွေ ပေးလို့ ပြဿနာတက်ခဲ့တာ မင်းသိတယ်မလား”
“ဈေးကြီးတဲ့ သီးသန့်ကျူရှင် ဟုတ်လား”
“ပုံမှန်အားဖြင့်တော့ လူမှုရေးပွဲတွေမှာ အသိမိတ်ဆွေတွေကတစ်ဆင့် မိတ်ဆက်ပေးကြတာ။ တစ်နာရီကို အခြေခံကျူရှင်ခ ဝမ် ၂ သန်းကနေ စတာ၊ တချို့ဆိုရင် တစ်နှစ်ကို ဝမ်သန်း ၁၀၀ ကျော်အထိ ပေးရတယ်”
“ဒီလောက်အထိ ပေးရတယ်ဆိုတော့ အကျိုးသက်ရောက်မှုက အများကြီး ရှိပုံပဲနော်”
စီနီယာဆန်းယော့က ပြောတယ်။
“ကျူရှင်တက်သူတွေရဲ့ အရည်အချင်းက ဘယ်လောက်အထိ တိုးတက်လာလဲတော့ ငါ မသိဘူး၊ ဒါပေမဲ့ လက်တွေ့စစ်ဆေးမှုမှာတော့ အများကြီး အထောက်အကူပြုတာပေါ့။ စကားပုံ ရှိတယ်မလား 'ဆားစားတဲ့သူက ရေသောက်ရမှာပဲ' တဲ့။ ဝမ်သန်းပေါင်းများစွာ လက်ခံထားမှတော့ ကျူရှင်သင်ပေးထားတဲ့ ကျောင်းသားတွေကို ပိုပြီး အမှတ်ကောင်းကောင်း ပေးကြမှာပဲလေ။ အဲဒီပြဿနာ ထွက်ပေါ်ခဲ့တုန်းက အမျိုးသားတက္ကသိုလ်က ပါမောက္ခတွေပဲ နိုင်ငံ့ဝန်ထမ်းဥပဒေ ချိုးဖောက်မှုနဲ့ အပြစ်ပေးခံခဲ့ရတယ်။ ပါမောက္ခ ကင်ဆူယွန် ကတော့ ပုဂ္ဂလိကကျောင်းမှာမလို့ လွတ်သွားခဲ့တယ်။ ကျောင်းပြင်ပ ပညာရေးဥပဒေ ဒါမှမဟုတ် ရာထူးပူးတွဲထမ်းဆောင်ခွင့် တားမြစ်ချက်တွေကို ချိုးဖောက်နိုင်ခြေ ရှိနေတာတောင် သူတို့က လွှတ်ပေးလိုက်ကြပုံပဲ”
“ဒါက မမှန်ကန်ဘူးလေ၊ မျှတတဲ့ ကျောင်းဝင်ခွင့်ကို ထိခိုက်စေနိုင်တာပဲ။ ကျွန်တော်တို့ အဲဒါကို ပြန်တူးဆွပြီး ဖွင့်ချရမယ်”
“သူ့ရဲ့ သမီးကို နိုင်ငံခြား ပညာသင်လွှတ်တုန်းကလည်း ပြဿနာတချို့ ရှိခဲ့သေးတယ်။ ဂီတပါမောက္ခတွေ ရေးပေးတဲ့ ထောက်ခံစာတွေက ပါမောက္ခ ကင်ဆူယွန် နဲ့ အကုန် ချိတ်ဆက်နေတာလေ။ ပြီးတော့ သမီးဖြစ်သူရဲ့ လူမှုရေးလုပ်အားပေး မှတ်တမ်းတွေကလည်း လုပ်ကြံဖန်တီးထားတာ ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များတယ်။ သတင်းပေးချက်အရတော့ သမီးဖြစ်သူက လုပ်အားပေး လုပ်နေပါတယ်လို့ ပြောတဲ့နေ့မှာပဲ သူငယ်ချင်းတွေနဲ့အတူ ယိုဆူ ကို သွားခဲ့ကြောင်း Facenote မှာ တင်ထားခဲ့ဖူးတယ်”
တက်ဂယူက ဘေးကနေ ဝင်ပြောတယ်။
“လူမှုကွန်ယက်ဆိုတာ လူ့ဘဝကို ဖြုန်းတီးပစ်တဲ့ အရာပဲ”
စီနီယာဆန်းယော့က ဆက်ပြောတယ်။
“ကိုရီးယားမှာတော့ မလုပ်ခဲ့တဲ့ လုပ်အားပေးလုပ်ငန်းကို လုပ်ခဲ့ပါတယ်လို့ ပြောတာက ထုံးစံလို ဖြစ်နေပေမဲ့ နိုင်ငံခြားတက္ကသိုလ်တွေကတော့ အဲ့ဒီကိစ္စကို အရမ်းကို လေးလေးနက်နက် သဘောထားကြတယ်။ တကယ်လို့ စာရွက်စာတမ်းတွေက တကယ်ပဲ လုပ်ကြံဖန်တီးထားတာဆိုရင် သူ့သမီးဟာ ကျောင်းထုတ်ခံရနိုင်တယ်”
ကျွန်တော် စိတ်မကောင်းတဲ့လေသံနဲ့ပဲ ပြောလိုက်တယ်။
“ဪ... ဒုက္ခပါပဲ။ စည်းကမ်းချက်တွေက အဲဒီလို ဖြစ်နေရင်တော့လည်း မတတ်နိုင်ဘူးပေါ့”
တက်ဂယူကလည်း ကျွန်တော့်ဘေးကနေ ခေါင်းကို တရစပ် ညိတ်နေပါတယ်။
“မှန်တာပေါ့။ စည်းကမ်းအတိုင်းပဲ လုပ်ရမှာပဲ”
လွှတ်တော်အမတ် မြောင်ဂျင်ဝု ရဲ့ သားက သူ့အောက်က ရဲဘော်တွေကို အနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ သတင်းပေးချက်လည်း ရောက်လာပါသေးတယ်။
ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုမျိုး မဟုတ်ဘဲ စစ်တပ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အာဏာပြတာမျိုးပဲ ဖြစ်ပေမဲ့ ဒါကိုသာ ပြဿနာအဖြစ် လုပ်လိုက်ရင်တော့ တကယ်ပဲ ပြဿနာ ဖြစ်လာမှာပါ။
[လွှတ်တော်အမတ် မြောင်ဂျင်ဝု သမီး၊ နိုင်ငံခြား ပညာသင်ကြားမှု လုပ်ငန်းစဉ်ကလည်း သံသယဖြစ်ဖွယ်ရှိ]
[ဂီတပါမောက္ခများထံမှ ထောက်ခံစာများမှာ မိခင်ဖြစ်သူရဲ့ ပါဝင်ပတ်သက်မှု ရှိနိုင်မလား]
[လူမှုရေးလုပ်အားပေး မှတ်တမ်းများ လုပ်ကြံဖန်တီးမှု၊ အမှန်တရားအဖြစ် သက်သေပြနိုင်မလား]
[လွှတ်တော်အမတ် မြောင်ဂျင်ဝု ရဲ့ ဇနီး ပါမောက္ခ ကင်ဆူယွန်။ ဂီတကျောင်း ဖြေဆိုမည့်သူများအတွက် ဈေးကြီးသော သီးသန့်ကျူရှင် ပြဿနာ ပြန်လည်ဆူဝေလာ]
[ယခင် စုံစမ်းစစ်ဆေးမှုတွင် ထုတ်ဖော်မပြောခဲ့သည့် အချက်အလက်အသစ်များ ပေါ်ထွက်လာ]
[လွှတ်တော်အမတ် မြောင်ဂျင်ဝု ရဲ့ သား၊ အောက်ခြေရဲဘော်အပေါ် အာဏာပြခဲ့သည့် စွပ်စွဲချက်များ ထွက်ပေါ်]
[စစ်ဘက်ဆိုင်ရာ အစိုးရရှေ့နေများက တပ်ဖွဲ့အတွင်း အနိုင်ကျင့်မှုအပေါ် စုံစမ်းစစ်ဆေးမှု စတင်]
အချိန်ကြာလာတာနဲ့အမျှ ပြည်သူ့ဆန္ဒ သဘောထားက ပိုမို ဆိုးရွားလာပါတယ်။
ကန်ဂျင်ဟူ က အစောပိုင်းမှာ ဆုကြေးငွေ ကမ်းလှမ်းခဲ့စဉ်က ကန်ဂျင်ဟူအပေါ် ဝေဖန်မှုတွေက ပိုမို မြင့်မားခဲ့ပါတယ်။ လူသိများတဲ့ နိုင်ငံရေးသမားတစ်ယောက်ကို တိုက်ခိုက်ဖို့ ပိုက်ဆံပေးတာကို လူအများအပြားက ကန့်ကွက်ခဲ့ကြပြီး အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ထောက်ခံသူတွေကလည်း OTK Company ရုံးချုပ်ရှေ့မှာ နေ့စဉ် အကြီးအကျယ် ဆန္ဒပြခဲ့ကြတာပါ။
ဒါပေမဲ့ အခုတော့ လွှတ်တော်အမတ် မြောင်ဂျင်ဝု ကို ဝေဖန်တဲ့ အသံတွေကလည်း အလားတူ သန်မာလာပါတယ်။ သူ့သမီးကို မူးယစ်ဆေး သုံးစွဲသူအဖြစ် ကိုရီးယားကို ပြန်လည်ဆင့်ခေါ်ဖို့၊ စစ်မှုထမ်းစဉ်အတွင်း သူ့သား ရရှိခဲ့တဲ့ အခွင့်ထူးခံ ဆက်ဆံမှုတွေကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့၊ သူ့ဇနီးရဲ့ ဈေးကြီးတဲ့ သီးသန့်ကျူရှင်ကိစ္စကို စုံစမ်းဖို့ စတဲ့ တောင်းဆိုမှုတွေ ထွက်ပေါ်လာပါတယ်။
ကန်ဂျင်ဟူ ရဲ့ ဘက်ကလည်း မြောင်ဂျင်ဝု ရဲ့ အတိတ်က အိမ်ခြံမြေ အရောင်းအဝယ် ကိစ္စတွေနဲ့ သူ ကိုင်တွယ်ခဲ့ဖူးတဲ့ ဥပဒေရေးရာ အမှုတွဲတွေကို လိုက်လံတူးဆွနေတယ်ဆိုတဲ့ ကောလာဟလတွေ ပြန့်နှံ့နေပါတယ်။ ဒီကိစ္စတွေက ကြားနာပွဲတွေမှာ အကြိမ်ကြိမ် စိစစ်ပြီးသား ဖြစ်ပေမဲ့ သူတို့ကတော့ အမှားတစ်ခုခုကို ရှာတွေ့အောင် ရှာဖို့ ဆုံးဖြတ်ထားကြပုံပါပဲ။ ဒါ့အပြင် အခုတော့ သူ့ရဲ့ မိဘတွေနဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းကိုပါ စေ့စေ့စပ်စပ် စစ်ဆေးနေကြပါပြီ။
အခုအချိန်အထိ ပေါ်ထွက်လာတဲ့ အချက်အလက်တွေကိုပဲ ကြည့်ရင် ဒါတွေက ကြီးမားတဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ ပြောရရင် ဒါတွေက ပြဿနာအဖြစ် လုပ်လိုက်လို့သာ ပြဿနာ ဖြစ်လာရတာပါ။
တချို့အချက်တွေဆိုရင် အချက်အလက်အရ မှားယွင်းနေတာမျိုး ဒါမှမဟုတ် အတည်ပြုဖို့ မဖြစ်နိုင်တာမျိုးတောင် ရှိပါတယ်။
ဒါပေမဲ့ 'စစ်ဆေးကြည့်ပြီးလို့ မဟုတ်ရင်လည်း ဘာဖြစ်လဲ' ဆိုတဲ့ သဘောမျိုးပါပဲ။ သူတို့က တမင်လုပ်ကြံဖန်တီးထားတာလည်း မဟုတ်ဘူး၊ အဲဒီလို သတင်းပေးချက်တွေ ရောက်လာတာကို သူတို့က ဘာတတ်နိုင်မှာလဲလေ။
လွှတ်တော်အမတ် မြောင်ဂျင်ဝု ရဲ့ အမြင်ကကြည့်ရင်တော့ ဒါက အဓိပ္ပာယ်မရှိတဲ့ ကိစ္စပါပဲ။ ဒါက နိုင်ငံရေးသမားတွေ အမြဲ သုံးလေ့ရှိတဲ့ နည်းလမ်းဖြစ်ပြီး တကယ်တော့ သူကိုယ်တိုင်လည်း သုံးခဲ့ဖူးတဲ့ နည်းလမ်း ဖြစ်ပါတယ်။
ဂေါက်ကွင်း ကိုယ်ထိလက်ရောက် ကျူးလွန်မှု ဖြစ်စဉ်နဲ့ ကန်ဂျင်ဟူ ရဲ့ အမေနဲ့က ဘာမှ မသက်ဆိုင်ပါဘူး။ ဒါပေမဲ့ အမေဖြစ်သူက ဟိုတယ်မှာ တည်းခိုပြီး ဂေါက်သီးရိုက်ခဲ့တယ်ဆိုတဲ့ အချက်ကတင် ပြည်သူတွေရဲ့ စိတ်ခံစားချက်ကို ဆွပေးဖို့ လုံလောက်ခဲ့ပါတယ်။ အခွင့်ထူးခံမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှု သံသယတွေကို မြှင့်တင်လိုက်ရင် စုံစမ်းစစ်ဆေးမှုအတွင်း တစ်ခုခုတော့ ပေါ်လာမှာဖြစ်ပြီး တကယ်လို့ ဘာမှမပေါ်လာရင်တောင် ဘာမှမဖြစ်ပါဘူး။ အဲဒီအချိန်ကျရင် ပြည်သူတွေရဲ့ စိတ်ဝင်စားမှုက လျော့နည်းသွားပြီ ဖြစ်လို့ပါ။
ဒါပေမဲ့ ပြိုင်ဘက်က အဲဒီနည်းလမ်းကိုပဲ ပြန်သုံးလာတဲ့အခါမှာတော့ သူ့ရဲ့ စိတ်ကို ထိန်းချုပ်ဖို့ ခက်ခဲသွားပါတယ်။ နိုင်ငံရေးသစ်ပါတီနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ဘယ်လောက်ပဲ ကန့်ကွက်ဆန္ဒပြပါစေ ကန်ဂျင်ဟူ ကတော့ ဂရုမစိုက်ပါဘူး။
သတင်းပေးချက်တွေ နေ့တိုင်းလိုလို စီးဆင်းလာနေတဲ့ သတင်းတွေကြောင့် သူ ရက်ပေါင်းများစွာ အိပ်လို့မပျော်တော့ပါဘူး။ ပြီးတော့ ဒီလိုနေ့ရက်တွေ ဘယ်တော့ပြီးမလဲဆိုတဲ့ အရိပ်အယောင်လည်း မရှိပါဘူး။
ဒီအချိန်မှာတောင် ဆောင်းပါးတွေက တက်နေလောက်ပါပြီ။
မြောင်ဂျင်ဝု က သူ့ရဲ့ နိုင်ငံရေးသက်တမ်းကို ပြန်လည်သုံးသပ်ကြည့်ပါတယ်။
သူ ဒီရာထူးကို ရောက်ဖို့အတွက် ကိစ္စပေါင်းမြောက်မြားစွာကို ဖြတ်သန်းခဲ့ရတာပါ။ ကျောင်းသားလှုပ်ရှားမှုအတွင်း နှိပ်စက်ညှဉ်းပန်း ခံခဲ့ရဖူးသလို စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရင်း ဖမ်းဆီးခံခဲ့ရဖူးပါတယ်။ သူ့ရဲ့ နိုင်ငံရေးဘဝ ပြီးဆုံးလုနီးပါး ဖြစ်ခဲ့ရတဲ့ အကြပ်အတည်းတွေလည်း အကြိမ်ကြိမ် ရှိခဲ့ဖူးတာပါ။
သူက အဲဒါတွေကို အားလုံး ကျော်ဖြတ်ပြီး ဒီနေရာအထိ ရောက်လာခဲ့တာပါ။
ဒါပေမဲ့ ဒီတစ်ကြိမ် အကြပ်အတည်းကတော့ လုံးဝ ကွဲပြားခြားနားပါတယ်။
အိမ်ပြာတော်ရဲ့ ပြည်သူ့ရေးရာ အကြီးတန်းအတွင်းရေးမှူးရုံးက မြောင်ဂျင်ဝု ကို ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းထားတာကို ပယ်ဖျက်လိုက်ပြီး နိုင်ငံရေးသစ်ပါတီကလည်း သူ့ကို ပါတီကနေ ထုတ်ပယ်ဖို့ လုပ်ထုံးလုပ်နည်းတွေကို စတင်သုံးသပ်နေပါပြီ။
သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တာက ကိုယ်တစ်ယောက်ထဲ ကောင်းနေရုံနဲ့ လုပ်လို့ရတဲ့အရာ မဟုတ်ပါဘူး။ ပါတီတွင်းမှာ လုံလောက်တဲ့ ထောက်ခံမှု ရှိဖို့ လိုအပ်ပါတယ်။ သူက ပါတီရဲ့ ပင်မရေစီးကြောင်းထဲမှာ ပါဝင်နေတာမလို့ သူ့ရဲ့ ထောက်ခံမှု အုတ်မြစ်က တကယ်တော့ နိုင်ငံရေးသစ်ပါတီဝင်တွေပါပဲ။
သူ ပါတီကနေ ထွက်ခွာသွားရမယ့် အချိန်ကတော့ ကြိုးပြတ်သွားတဲ့ စွန်တစ်ကောင်လို ဖြစ်သွားမှာက ထင်ရှားနေပါတယ်။
အရင်တုန်းက သူနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ စိတ်အားထက်သန်ခဲ့ကြတဲ့ လွှတ်တော်အမတ်တွေက တစ်ယောက်ပြီးတစ်ယောက် သူ့ဆီကနေ လမ်းခွဲနေကြပါပြီ။ ပါတီတွင်းမှာ သူ့ရဲ့ ရပ်တည်ချက်က တဖြည်းဖြည်း သေးသိမ်လာတာကို သူ ခံစားနေရပါတယ်။
အရင်က ကန်ဂျင်ဟူနဲ့သူရဲ့တိုက်ပွဲက ဘယ်သူနိုင်မလဲဆိုတဲ့ တိုက်ပွဲ ဖြစ်ခဲ့ရင် အခုတော့ ဒါက ရှင်သန်ရေး ကိစ္စ ဖြစ်သွားပါပြီ။ နောက်ထပ် ခြေတစ်လှမ်းပဲ ဆုတ်လိုက်ရင် ချောက်ကမ်းပါးထဲကို လိမ့်ကျသွားတော့မယ့် ကြောက်ရွံ့မှုကို သူ ခံစားလိုက်ရပါတယ်။
‘ငါက ဒီလိုနဲ့ပဲ ပြီးဆုံးသွားတော့မှာလား။ သမ္မတရာထူးနဲ့ ခြေတစ်လှမ်းပဲ လိုတော့တာကို ကန်ဂျင်ဟူ ရဲ့ အမေကို ဝေဖန်မိရုံတင်နဲ့ ငါက ပြုတ်ကျသွားတော့မှာလား’
သူ ဒီလိုမျိုးတော့ မပြိုလဲနိုင်ပါဘူး။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကျော်ဖြတ်ရမယ်။ သူ အမြဲတမ်း ကျော်ဖြတ်ခဲ့သလိုပဲ နည်းလမ်းတစ်ခုခုတော့ ရှိရမယ်။
“အဆင်ပြေရဲ့လား။ ဆရာ”
အသံကြောင့် သူ ခေါင်းမော့ကြည့်လိုက်ပါတယ်။ သူ့ရုံးခန်းထဲက ဝန်ထမ်းတွေက အလုပ်တွေကို ရပ်တန့်ပြီး သူ့ကို စိုးရိမ်တကြီး ကြည့်နေကြတာပါ။
“ဟားဟား။ အဆင်ပြေပါတယ်။ လုပ်စရာရှိတာ ဆက်လုပ်ကြပါ...”
အဲဒီအချိန်မှာပဲ သူ တစ်ခုခု လွဲမှားနေတာကို ခံစားလိုက်ရတယ်။
သူ့ရဲ့ သက်တမ်းအရှည်ဆုံး လက်ထောက်ဖြစ်တဲ့ ဟန်ဆန်းဟျွန်း ကို ဘယ်နေရာမှာမှ မတွေ့ရတော့ပါဘူး။
“လက်ထောက် ဟန်ဆန်းဟျွန်း ရော ဘယ်ရောက်နေလဲ”
“အဲ… သူ ဒီမနက်ကပဲ ဖုန်းဆက်တယ်၊ နေမကောင်းလို့ ဒီနေ့ ခွင့်ယူမယ်လို့ ပြောပါတယ်”
“သြော်... အေးအေး”
သူက ခေါင်းညိတ်မလို့ လုပ်ပြီးမှ ရပ်တန့်လိုက်တယ်။
‘နေမကောင်းဘူး ဟုတ်လား။ သူ မနေ့ကအထိ ကောင်းကောင်းမွန်မွန် ရှိနေတာပဲကို’
ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ ကျောရိုးတစ်လျှောက် နိမိတ်မကောင်းတဲ့ ခံစားချက်တစ်ခု ဖြတ်ပြေးသွားပါတယ်။ ဒါကို နိုင်ငံရေးသမားတစ်ယောက်ရဲ့ ပင်ကိုသိစိတ်လို့ ခေါ်နိုင်ပါတယ်။
“သူ အခု ဘယ်မှာလဲ”
ဝန်ထမ်းဖြစ်သူက နားမလည်သလိုမျိုး မျက်လုံးအစုံ ကျယ်သွားပါတယ်။
“သူ့အိမ်မှာပဲ ရှိမှာပေါ့။ ဘာလို့ မေးတာလဲ။ ဆရာ။ အရေးကြီးတဲ့ ကိစ္စ ရှိလို့လား”
သူ ချက်ချင်းပဲ ဖုန်းကို ရှာပြီး ခေါ်လိုက်တယ်။ ဖုန်းက ဆက်တိုက် မြည်နေပေမဲ့ တဖက်က မကိုင်ပါဘူး။
‘ကျေးဇူးပြုပြီး ဖုန်းကို ကိုင်စမ်းပါ’
အကြိမ်ကြိမ် ကြိုးစားပြီးနောက်မှာတော့ တဖက်က ဖုန်းဟာ နောက်ဆုံးတော့ ကိုင်သွားပါတယ်။
[ဟုတ်ကဲ့ လွှတ်တော်အမတ်။ ဘာကိစ္စ ရှိလို့လဲ ခင်ဗျာ]
“မင်း နေမကောင်းဘူးလို့ ကြားတယ်။ အဆင်ပြေရဲ့လား”
[အာ... ဟုတ်ကဲ့။ ကျွန်တော် နည်းနည်း နေမကောင်းလို့ အိမ်မှာ နားနေတာပါ]
သူ့အသံက စိုးရိမ်တုန်လှုပ်နေသလိုမျိုး သိသိသာသာ တုန်ရင်နေပါတယ်။ ဒါ့အပြင် ဖုန်းနောက်ကွယ်ကနေ တခြားလူတွေရဲ့ အသံတွေကို ကြားနေရတာကြောင့် သူ အိမ်မှာ မရှိနေတာကတော့ ရှင်းနေပါတယ်။
လွှတ်တော်အမတ် မြောင်ဂျင်ဝု က အော်ဟစ်လိုက်တယ်။
“မင်း အခု ဘယ်မှာလဲ။ ငါ့ကို ချက်ချင်းပြောစမ်း”
[အဲဒါ... က...]
ခဏအကြာမှာတော့ တခြားလူတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတော့တယ်။
အဲ့ဒီလူက ဖော်ဖော်ရွေရွေ လေသံနဲ့ လှမ်းပြောတာပါ။
[အိုမို... လွှတ်တော်အမတ် မြောင်ဂျင်ဝု။ တွေ့ရတာ ဝမ်းသာပါတယ်။ နေကောင်းတယ်မလားခင်ဗျာ]
အဲဒီအသံကို ကြားလိုက်ရတဲ့ အခိုက်အတန့်မှာပဲ သူ့ရဲ့ မကောင်းတဲ့ ခံစားချက်က လက်တွေ့ ဖြစ်လာပါတော့တယ်။
“မ... မင်းက ဘယ်သူလဲ”
[ကျွန်တော် ပတ်ဆန်းယော့ ပါ]
“ပတ်ဆန်းယော့...ဟုတ်လား”
မသိဘဲ နေလို့မရတဲ့ နာမည်တစ်ခု။ ပတ်ဆန်းယော့ဆိုတာက OTK Company ရဲ့ လက်အောက်ခံ ကုမ္ပဏီဖြစ်တဲ့ K ကုမ္ပဏီရဲ့ စီအီးအို ဖြစ်ပြီး ကန်ဂျင်ဟူ ရဲ့ ညာလက်ရုံး ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ဒီလူက သူ့လက်ထောက်ရဲ့ ဖုန်းကို ကိုင်နေရတာလဲ။
[လက်ထောက် ဟန်ဆန်းဟျွန်း က ကျွန်တော့်ကို ပြောစရာ ရှိတယ်ဆိုလို့ ခဏလောက် တွေ့နေကြတာပါ]
“ဘာ... ဘာဖြစ်တယ်”
လွှတ်တော်အမတ် ရာထူးကနေ ဖယ်ရှားနိုင်လောက်တဲ့ သတင်းပေးချက်တစ်ခုထဲအတွက်တင် ဆုကြေးငွေက ဝမ် သန်း ၁ထောင်တောင် ပေးမှာပါ။ တကယ်လို့ ဖမ်းဆီးခံရနိုင်လောက်တဲ့ သတင်းပေးချက်ဆိုရင်တော့ ဝမ် သန်း ၁သောင်းတောင် ရမှာလေ။
အဲ့ဒီငွေပမာဏက ကန်ဂျင်ဟူ အတွက်တော့ အကြွေစေ့လောက်ပဲ ရှိနိုင်ပေမဲ့ တခြားလူတစ်ယောက်အတွက်တော့ ဘဝတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တဲ့ ပိုက်ဆံကြီး ဖြစ်ပါတယ်။
ပတ်ဆန်းယော့ က နှုတ်ခမ်းကိုသပ်ရင်း ပြောလိုက်တယ်။
[ဂျင်ဟူ ရဲ့ အမေကိုတော့ ခင်ဗျား မထိခဲ့သင့်ဘူး။ ကန်ဂျင်ဟူ ကိုပဲ ဝေဖန်ခဲ့ရင် ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး...]
သူ့မျက်စိရှေ့မှာ ကမ္ဘာကြီးတစ်ခုလုံး ဝါကျင့်ကျင့် ဖြစ်သွားသလို ခံစားလိုက်ရပြီး ဖုန်းဟာ ကြမ်းပြင်ပေါ်ကို လွတ်ကျသွားတော့တယ်။
ကန်ဂျင်ဟူဘက်ကတော့ အမည်မဖော်လိုတဲ့ သတင်းပေးသူ တစ်ယောက်ကို ဝမ် သန်း ၁ ထောင် ပေးချေခဲ့ကြောင်း ကြေညာလိုက်ပါတယ်။ နိုင်ငံရေးလောကတစ်ခုလုံးလည်း ဒီသတင်းကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တယ်။
-ဝိုး။ မိုက်တယ်ကွာ။ ဝမ် သန်း ၁ ထောင်ကို တကယ်ကြီး ပေးလိုက်တာပဲ။
-ထီပေါက်တာထက်တောင် မိုက်သေးတယ်၊ ဘဝကြီးက တစ်ဆစ်ချိုး ပြောင်းလဲသွားလောက်မှာကွ^^
-ဝမ် သန်း ၁ ထောင်ဆိုတာ ရာထူးကနေ ဖယ်ရှားနိုင်လောက်တဲ့ သတင်းပေးချက်အတွက် ဆုကြေးလေ။ ဘာသတင်းပေးလိုက်တာလဲမသိဘူး။
-ဒါဆို ကန်ဂျင်ဟူ က လွှတ်တော်အမတ် မြောင်ဂျင်ဝု ကို ရာထူးကနေ ဖယ်ရှားနိုင်မယ့် အချက်အလက်တွေကို ရရှိသွားပြီလို့ ဆိုလိုတာလား။
-သူက အဲ့ဒီသတင်းကို လူသိရှင်ကြား ချပြပြီး လွှတ်တော်အမတ် မြောင်ဂျင်ဝု ကို မောင်းထုတ်တော့မှာလား။
-ဟားဟား။ အရင်တုန်းက သမ္မတကြီးနဲ့ ဥက္ကဌ ဟန်မင်းဂူ ကို ဖြုတ်ချခဲ့တုန်းက အခြေအနေကိုတောင် သွားသတိရမိတယ်။
-ဒါက ကြွားလုံးထုတ်နေတာပါ။ ဆုကြေးငွေ ပေးခဲ့တယ်ဆိုတာလည်း လိမ်ညာနေတာပဲ~
ကွဲပြားတဲ့ ထင်မြင်ချက်တွေ ကြားထဲမှာပဲ လွှတ်တော်အမတ် မြောင်ဂျင်ဝု ကိုယ်တိုင်က သတင်းစာရှင်းလင်းပွဲတစ်ခုကို လုပ်လိုက်ပါတယ်။
သတင်းထောက်တွေက သတင်းစာရှင်းလင်းပွဲခန်းမထဲကို ဝင်လာတဲ့ သူ့ရဲ့ ရုပ်သွင်ကို ကြည့်ပြီး တုန်လှုပ်သွားကြတယ်။ သူ့ရဲ့ အရေပြားတွေက ကြမ်းတမ်းနေပြီး မျက်ဝန်းတစ်ဝိုက်က ချိုင့်ဝင်နေကာ မျက်လုံးတွေကလည်း သွေးကြောတွေ ထောင်ပြီး ရဲရဲနီနေပါတယ်။
ဆယ်ရက်မပြည့်တဲ့ အချိန်အတွင်းမှာပဲ သူက ၁၀ နှစ်လောက် အိုမင်းသွားတဲ့ ပုံစံမျိုး ဖြစ်နေတာပါ။
စင်မြင့်ရှေ့မှာ ရပ်လိုက်ရင်း လွှတ်တော်အမတ် မြောင်ဂျင်ဝု က တည်ငြိမ်တဲ့ အသံနဲ့ ပြောတယ်။
“ပထမဆုံးအနေနဲ့ ပြည်သူတွေကို စိုးရိမ်ပူပန်မှုတွေ ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အားလုံးက ကျွန်တော့်ရဲ့ အရည်အချင်း မပြည့်ဝမှုကြောင့် ဖြစ်ပါတယ်။ စီအီးအို ကန်ဂျင်ဟူ အပေါ် စွဲဆိုထားတဲ့ တရားစွဲဆိုမှုတွေနဲ့ စွပ်စွဲချက်အားလုံးကို ကျွန်တော် ပြန်လည်ရုပ်သိမ်းပြီး ကျွန်တော့်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတဲ့ စီအီးအို ကန်ဂျင်ဟူ နဲ့ သူ့ရဲ့ အမေကိုလည်း လှိုက်လှိုက်လှဲလှဲ တောင်းပန်ပါတယ်။ ဒီနေ့ကစပြီး ကျွန်တော် နိုင်ငံရေးလောကကနေ အနားယူပြီး သာမန်အရပ်သား တစ်ယောက်အဖြစ်ပဲ ပြန်လည်နေထိုင်သွားမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်အတွက် ကျွန်တော် တာဝန်ယူတဲ့အနေနဲ့ နိုင်ငံရေးသစ်ပါတီကနေ နုတ်ထွက်မှာဖြစ်ပြီး လွှတ်တော်အမတ် ရာထူးကနေလည်း နုတ်ထွက်မှာ ဖြစ်ပါတယ်။ နောက်တစ်ကြိမ်ထပ်ပြီး ပြည်သူအားလုံးကို လှိုက်လှိုက်လှဲလှဲ တောင်းပန်ပါတယ်”
ဒါက ရိုးရိုးတောင်းပန်ရုံတင်မကဘဲ နိုင်ငံရေးလောကကနေ အနားယူမယ့်အကြောင်း ကြေညာချက် ဖြစ်ပါတယ်။
ရုံးခန်းထဲမှာ ရှိနေတဲ့ သတင်းထောက်တွေတင်မကဘဲ ရုပ်သံထုတ်လွှင့်မှုကို စောင့်ကြည့်နေကြတဲ့ ပြည်သူတွေပါ ဆွံ့အသွားကြတယ်။
“စီအီးအို ကန်ဂျင်ဟူ က ခင်ဗျားကို လွှတ်တော်အမတ် ရာထူးကနေ ဖယ်ရှားနိုင်မယ့် အချက်အလက်တွေကို ရရှိသွားတာ အမှန်ပဲလား”
“ခင်ဗျား ခြိမ်းခြောက်ခံရတာမျိုး ရှိပါသလား”
“ဘာဖြစ်ခဲ့လဲဆိုတာကို ကျေးဇူးပြုပြီး ပြောပြပေးပါဦး”
သတင်းထောက်တွေဆီကနေ မေးခွန်းတွေ စုပြုံထွက်ပေါ်လာပေမဲ့ လွှတ်တော်အမတ် မြောင်ဂျင်ဝု ကတော့ သူ့ရဲ့ နောက်ဆုံး တောင်းပန်စကားကို ပြောကြားပြီးနောက် နှုတ်ဆိတ်နေခဲ့ပြီး သတင်းစာရှင်းလင်းပွဲခန်းမထဲကနေ ထွက်ခွာသွားတော့တယ်။