အခန်း ၃၇၀
Vol. 37 Ch. 370
အခန်း (၃၇၀)
လွှတ်တော်အမတ် မြောင်ဂျင်ဝုက ရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာပြီးမှပဲ ကန်ဂျင်ဟူက သူ့ရဲ့ တိုက်စစ်ကို ရပ်တန့်လိုက်တယ်။ ဝမ် သန်း ၁ ထောင် ပေးတယ်လို့ ကြေညာလိုက်တာဟာ မြောင်ဂျင်ဝုကို လွှတ်တော်အမတ်နေရာကနေ ဖယ်ရှားနိုင်တဲ့ သက်သေအထောက်အထားတွေ ကန်ဂျင်ဟူဆီမှာ ရှိနေပြီဆိုတဲ့ သဘောပါပဲ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကောလာဟလ အမျိုးမျိုး ထွက်ပေါ်ခဲ့တယ်။ မြောင်ဂျင်ဝု လာဘ်စားခဲ့တာ၊ တခြားလူနာမည်နဲ့ ဝှက်ထားတဲ့ ပိုင်ဆိုင်မှုတွေ ပေါ်သွားတာ၊ မိန်းကလေးကိစ္စ ပါဝင်နေတာ ဒါမှမဟုတ် တရားမဝင် ရတဲ့ ကလေးရှိနေတာ စသဖြင့်ပေါ့။ ဒါပေမဲ့ ကန်ဂျင်ဟူက အသေးစိတ်အချက်အလက်တွေကို လုံးဝကို လူသိရှင်ကြား မပြောခဲ့တဲ့အတွက် ဒီကိစ္စဟာ ပဟေဠိတစ်ခုအဖြစ်ပဲ ကျန်ရစ်ခဲ့တယ်။
ဒီဖြစ်ရပ်ကို မြင်တွေ့ခဲ့ရတဲ့ နိုင်ငံရေးသမားတွေဟာ တုန်လှုပ်ခြောက်ခြားသွားကြပါတယ်။ ဆုကြေးငွေအဖြစ် ဝမ်သန်းထောင်ပေါင်းများစွာ အသုံးပြုပြီး နောက်ထပ် သမ္မတလောင်း ဖြစ်လာနိုင်တယ်လို့တောင် သတ်မှတ်ခံထားရတဲ့ နိုင်ငံရေးသစ်ပါတီရဲ့ အဓိကခေါင်းဆောင် လွှတ်တော်အမတ်တစ်ယောက်ကို နောက်ဆုံးမှာ သူက ဖြုတ်ချပစ်လိုက်နိုင်တာပါ။
လွှတ်တော်အမတ် မြောင်ဂျင်ဝုဟာ အုပ်စုဟိုရဲ့ ထင်ရှားတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး အိမ်ပြာတော်နဲ့ အာဏာရပါတီကြား ချိတ်ဆက်ပေးထားတဲ့ အဓိက လူတစ်ယောက်လည်း ဖြစ်ပါတယ်။ မြောင်ဂျင်ဝု နိုင်ငံရေးလောကကနေ မတတ်သာဘဲ အနားယူလိုက်ရတာဟာ ပါတီတွင်း အာဏာချိန်ခွင်လျှာကို ချက်ချင်းပဲ အကြီးအကျယ် ပြောင်းလဲသွားစေခဲ့တယ်။ အိမ်ပြာတော်က အဓိက ပုဂ္ဂိုလ်တွေကတော့ သူတို့ရဲ့ မကျေနပ်မှုကို ဖော်ပြခဲ့ကြပြီး နိုင်ငံရေးသစ်ပါတီကလည်း ပါတီတွင်း ပဋိပက္ခတွေ မဖြစ်အောင် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုက်ရိုက် ဝေဖန်ပြောဆိုတာမျိုး မလုပ်ရဲကြပါဘူး။ ကန်ဂျင်ဟူရဲ့ လုပ်ရပ်က တရားမဝင်ဘူးလို့ ပြောလို့ရပေမဲ့ ဒီကိစ္စအားလုံးကို လွှတ်တော်အမတ် မြောင်ဂျင်ဝုက အရင်ဆုံး စတင်ခဲ့တာလေ။
ကန်ဂျင်ဟူ ထောက်ပြခဲ့သလိုပဲ၊ နိုင်ငံရေးသမားတွေက စီးပွားရေးသမားရဲ့ မိသားစုကို တိုက်ခိုက်လို့ရပြီး စီးပွားရေးသမားကတော့ နိုင်ငံရေးသမားရဲ့ မိသားစုကို ပြန်မတိုက်ခိုက်ရဘူးလို့ ပြောတာဟာ သိသာထင်ရှားတဲ့ ဟန်ဆောင်မှုတစ်ခုပါပဲ။ ဒါ့အပြင် မြောင်ဂျင်ဝုနဲ့ မိသားစုသာ တကယ်ပဲ အပြစ်ကင်းစင်ခဲ့ရင် ဒီလိုကိစ္စမျိုးလည်း အစကတည်းက ဖြစ်လာမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ လုံးဝသန့်ရှင်းတဲ့ နိုင်ငံရေးသမားမျိုး တကယ်ကော ရှိရဲ့လားလို့တော့ တွေးစရာပါပဲ။
လူအများစုက ဒါကို ကျေနပ်အားရခဲ့ကြပေမဲ့ ကန့်ကွက်တဲ့ အသံတွေလည်း အများကြီး ထွက်ပေါ်ခဲ့တယ်။ နိုင်ငံရေးကျွမ်းကျင်သူတစ်ယောက်က "အခုအချိန်မှာ ကိုရီးယားမှာ ကန်ဂျင်ဟူကို ဘယ်သူက ဝေဖန်ရဲတော့မှာလဲ" လို့ မေးခွန်းထုတ်ပြီး အကြီးအကျယ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့တယ်။
ဘာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်က နိုင်ငံရေးလောကနဲ့ မီဒီယာတွေကို ရှင်းလင်းတဲ့ သင်ခန်းစာတစ်ခု ပေးလိုက်ပါတယ်။ ကန်ဂျင်ဟူကို သွားရှုပ်ရင် ရှုပ်လို့ရပေမဲ့ ကန်ဂျင်ဟူရဲ့ ဘေးနားက လူတွေကိုတော့ လုံးဝ သွားမရှုပ်သင့်ဘူးဆိုတာပါပဲ။ မီဒီယာတွေဟာ OTK ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌ ဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားတာတွေ၊ ကန်ဂျင်ဟူရဲ့ မိခင်ကို စုံစမ်းစစ်ဆေးတာတွေ ဒါမှမဟုတ် အယ်လီကင်အကြောင်း အတင်းအဖျင်း သတင်းတွေ ရေးသားတာတွေကို တစ်ပြိုင်ထဲ ရပ်တန့်လိုက်ကြတယ်။ အင်တာနက်ပေါ်မှာလည်း ရှင်းလင်းသွားခဲ့ပါတယ်။ ကန်ဂျင်ဟူရဲ့ ဘေးနားက လူတွေကို ဦးတည်ထားတဲ့ ဆဲဆိုမှုတွေ၊ ညစ်ညမ်းတဲ့ မှတ်ချက်တွေ၊ လှောင်ပြောင်သရော်မှုတွေနဲ့ ဝေဖန်မှုတွေ အားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့တယ်။
ဟိုတယ်မှာ အမေ့ဆီ သွားတွေ့ပြီးနောက် ကျွန်တော်က ဥက္ကဌ လင်ဆိုမီနဲ့အတူ ကော်ဖီသောက်ရင်း အပြင်ဘက်ကို လမ်းလျှောက်ထွက်လာခဲ့တယ်။
"နင် တကယ်ကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တာပဲ။ အစ်မကြီးနဲ့ ရင်းနှီးအောင် လုပ်ဖို့ ကြိုးစားနေကြတဲ့ ချေဘော အမျိုးသမီးတွေလည်း အခုဆို နည်းနည်းတော့ သတိဝင်သွားကြလောက်ပြီ”
ဥက္ကဌ လင်ဆိုမီနဲ့ အယ်လီတို့က ချော့မော့အားပေးခဲ့ကြလို့ အမေလည်း စိတ်သက်သာရာ ရသွားခဲ့ပါတယ်။ အခုဆိုရင် ဘေးနားကလူတွေ ခေါ်လို့ အမေက မတတ်သာဘဲ ဂေါက်သီးတောင် လိုက်ရိုက်နေပါပြီ။
"ကျွန်တော် ဥက္ကဌလင်ဆိုမီကို တစ်ကြိမ် ထပ်ပြီး အကြွေးတင်သွားပြန်ပြီ”
ကျွန်တော့်စကားကြောင့် လင်ဆိုမီက ကော်ဖီကို တစ်ငုံသောက်ပြီး ပြောလိုက်တယ်။
"ဒီလို မပြောပါနဲ့။ ငါ ဒါကို စီအီးအို ကန်အတွက် လုပ်ပေးတာ မဟုတ်ဘဲ ကိုယ့်အတွက်ပဲ လုပ်တာပါ။ ဒီအရွယ်မှာ စိတ်တူကိုယ်တူ သူငယ်ချင်း ရှာဖို့ဆိုတာ မလွယ်ဘူးလေ”
လမ်းလျှောက်ရင်းနဲ့ ကျွန်တော်တို့က M Pizza ဆိုင်တစ်ဆိုင်ရှေ့ကို ရောက်လာခဲ့ကြတယ်။ ဆိုင်က ဖွင့်ခါစတုန်းကလောက် မစည်ကားတော့ပေမဲ့ အဆင်ပြေပြေ လည်ပတ်နေတုန်းပါပဲ။ မကြာသေးခင်က ကျွန်တော် ကင်ဂျေဟတ်နဲ့ စကားပြောဖြစ်တော့ ဆိုင်ခွဲလည်း အဆင်ပြေတယ်လို့ ပြောပါတယ်။ ဆိုင်ဖွင့်ဖို့ ချေးထားတဲ့ ပိုက်ဆံတွေကိုလည်း အကုန်နီးပါး ပြန်ဆပ်ပြီးပါပြီတဲ့။
"လောလောဆယ်တော့ ခဏတဖြုတ် ငြိမ်သက်သွားမှာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီလိုမျိုး ထပ်မဖြစ်လာတော့ဘူးလို့တော့ အာမခံချက် မရှိဘူး”
နိုင်ငံရေးသမားတွေက အရာရာကို မြန်မြန်ဆန်ဆန် သင်ယူတတ်တဲ့လူတွေ မဟုတ်လို့ ဒီလိုကိစ္စတွေက ထပ်ခါတလဲလဲ ဖြစ်နေရတာပါ။ အာဏာရလာပြီဆိုရင် သူတို့က ဘာမဆို လုပ်နိုင်တယ်လို့ ထင်ယောင်ထင်မှား ဖြစ်တတ်ကြတာလေ။
ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ ပြုံးလိုက်မိတယ်။
"အင်း... တကယ်လို့ အဲလို ထပ်ဖြစ်လာရင်လည်း အခြေအနေကို ကြည့်ပြီး အဆင်ပြေသလိုပဲ တုံ့ပြန်ရမှာပေါ့”
တနင်္ဂနွေပိတ်ရက်မှာ ကျွန်တော်တို့ အေးအေးဆေးဆေး အနားယူခဲ့ကြတယ်။ ကျွန်တော် ဆိုဖာပေါ်မှာ ထိုင်ပြီး စုပုံနေတဲ့ စာတွေကို လိုက်ကြည့်နေမိတယ်။ ဒီအိမ်ကို ပြောင်းလာကတည်းက VIP ဖိတ်စာ အမျိုးမျိုးက တရစပ် ရောက်လာခဲ့တာပါ။ အဲဒီဖိတ်စာတွေကတော့ ဟိုတယ်တွေ ဒါမှမဟုတ် ကုန်တိုက်တွေကနေ VIP တွေကို ဖိတ်ကြားပြီး ထုတ်ကုန်အသစ်တွေ ဒါမှမဟုတ် ပစ္စည်းအသစ်တွေကို မိတ်ဆက်ပြသမယ့် ပွဲတွေအတွက် ဖြစ်ပါတယ်။ စီးပွားရေး အခြေအနေတွေ ကြပ်တည်းနေရင်တောင် ချမ်းသာတဲ့လူနဲ့ ဆင်းရဲတဲ့လူကြားက ကွာဟချက်က ပိုကြီးလာပြီး ချမ်းသာတဲ့လူတွေရဲ့ စည်းစိမ်က ပိုပြီး တိုးပွားလာနေတာပါ။ ဒါကြောင့်မလို့လည်း အထက်တန်းလွှာတွေကို ပစ်မှတ်ထားတဲ့ ထုတ်ကုန်တွေက တရစပ် ထွက်ပေါ်နေတာ ဖြစ်နိုင်ပါတယ်။
အယ်လီက ပြောတယ်။
"လက်ဆွဲအိတ် ဒီဇိုင်းအသစ် ထွက်လာတယ်လို့ ပြောကြတယ်”
"ဪ... တကယ်လား”
ကျွန်တော် ဖိတ်စာကို ယူလိုက်တယ်။ ကိုရီးယားမှာ ဒီပစ္စည်းက ပထမဆုံးအကြိမ် မိတ်ဆက်တာဖြစ်ပြီး ပွဲကို တက်ရောက်တဲ့ လူတွေပဲ ဦးစားပေး ကြိုတင်မှာယူနိုင်မယ့်ပုံပါပဲ။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀၀၀ ပါ။
တက်ဂယူက အံ့သြသွားတယ်။
"ဝိုး... အိတ်တစ်လုံးထဲကို ကားတစ်စီးစာလောက် ပေးရတယ် ဟုတ်လား”
"ပိုပြီး ရယ်ရတာက ပိုက်ဆံရှိရင်တောင် ဝယ်ဖို့ ခက်ခဲတာပဲ”
စောင့်ရမယ့် သက်တမ်းက အနည်းဆုံး ခြောက်လကနေ နှစ်နှစ်၊ သုံးနှစ်အထိ ကြာနိုင်ပါတယ်။ ဒါပေမဲ့လည်း လူတိုင်းက ဝယ်ဖို့အတွက် အလုအယက် ဖြစ်နေကြတာပါ။
"ဘာလို့လဲ။ အများကြီး ထုတ်ပြီး အများကြီး ရောင်းရင် ပိုက်ဆံ အများကြီး ရမှာ မမဟုတ်ဘူးလား”
"ဒါက လူလိုချင်အောင် လုပ်တဲ့ ဈေးကွက်ရှာဖွေရေး နည်းဗျူဟာ တစ်ခုပဲ။ အရာတစ်ခုက ရှားပါးနေရင် လူတွေက ပိုပြီး လိုချင်လာကြတာ သဘာဝပဲလေ”
VIP တွေက အဲဒီ အကန့်အသတ်နဲ့ ထုတ်တဲ့ ပစ္စည်းတွေကို အရင်ဆုံး လုဝယ်လိုက်တဲ့အခါ အဲဒီပစ္စည်းဟာ ချမ်းသာကြွယ်ဝမှုရဲ့ ပြယုဂ်တစ်ခု ဖြစ်လာပါတယ်။ အဲဒီနောက်မှ ဝယ်နိုင်စွမ်းရှိတဲ့ သာမန်လူထုကပါ အလုအယက် လိုက်ဝယ်ကြတာပေါ့။ ဒါပေမဲ့ ပစ္စည်းက အရမ်း ပေါများသွားရင်တော့ ပစ္စည်းရဲ့ ပုံရိပ်ကို ထိခိုက်နိုင်တာမလို့ ဇိမ်ခံကုန်ပစ္စည်း အမှတ်တံဆိပ်တွေက ပစ္စည်းအရေအတွက်ကို သင့်တော်သလို ထိန်းချုပ်ပြီး ရောင်းချကြတာပါ။
"ကျွမ်းကျင်တဲ့ သားရေပညာရှင်တွေက လက်နဲ့ တစ်ချက်ချင်းစီ သေသေချာချာ ချုပ်လုပ်ရလို့ အချိန်ကြာတာ မဟုတ်ဘူးလား”
"အဲ့ဒါက ဈေးကွက်မြှင့်တင်ဖို့ ပြောတဲ့ စကားသက်သက်ပါပဲ”
ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေအားလုံးက စက်ရုံထုတ် ပစ္စည်းတွေပါ။ လက်နဲ့လုပ်တာဆိုတဲ့ ပုံရိပ်ကို ထည့်သွင်းလိုက်တာက မြင့်မားတဲ့ ဈေးနှုန်းကို တရားမျှတအောင် လုပ်ဖို့အတွက် လှည့်ကွက်တစ်ခု သက်သက်ပါပဲ။
"အစကတည်းက လူ့လက်က စက်ထက် ပိုကောင်းတယ်လို့ အာမခံချက်မှ မရှိတာ၊ လူတွေက လိုက်ချုပ်နေတော့ ဘာထူးမှာလဲ”
တက်ဂယူက ခဏလောက် တွေးပြီးမှ ပြောလိုက်တယ်။
"ဒါပေမဲ့ ဂျပန်ဓားတွေကိုတော့ ကျွမ်းကျင်တဲ့ ပန်းပဲဆရာကြီးတွေ ကိုယ်တိုင် ထုလုပ်ရိုက်နှက်ပြီး လုပ်တာ ပိုကောင်းတယ် မဟုတ်လား”
"ဒါကလည်း ခေတ်ပြိုင်ယဉ်ကျေးမှုက ဖန်တီးထားတဲ့ အယူအဆအမှားတစ်ခုပဲ။ သံမဏိကို ဘယ်လောက်ပဲ ထုထု၊ ဘယ်လောက်ပဲ ခေါက်ခေါက်၊ စက်ရုံကနေ သေသေချာချာ ထုတ်လုပ်ပြီး လိပ်ထားတဲ့ သံမဏိကောင်းထက် ပိုကောင်းမယ် ထင်လို့လား”
ကျွန်တော့်စကားကြောင့် တက်ဂယူက အံ့သြသွားတယ်။
"ဘာ... ဒါတွေအားလုံးက အလိမ်အညာတွေလား”
"အဲလိုမျိုး လုပ်တာက ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအနေနဲ့တော့ တန်ဖိုးရှိနိုင်တာပေါ့။ ဒါပေမဲ့ တကယ့် တိုက်ပွဲမှာ သုံးဖို့ဆိုရင်တော့ အဆင်မပြေလှဘူး”
"ဟုတ်သားပဲ။ အဲလိုဓားကို ကိုင်ပြီး စစ်မြေပြင်ထဲမှာ ဘန်ဇိုင်းလို့ အော်ပြီး တိုက်ခိုက်မှာမှ မဟုတ်တာ”
ကျွန်တော် အယ်လီကို မေးလိုက်တယ်။
"အယ်လီကော လက်ဆွဲအိတ် မလိုချင်ဘူးလား”
အယ်လီက ခေါင်းခါပြတယ်။
"ငါ့ထက်စာရင် ဂျင်ဟူရဲ့အမေက ပိုကြိုက်မှာ မဟုတ်ဘူးလား”
"လောလောဆယ် တစ်လုံးလောက် ဝယ်ထားလိုက်မလား”
ကိုယ်တိုင်သွားဖို့က ပျင်းစရာကောင်းနေတာမလို့ စီနီယာဆန်းယော့ကိုပဲ အကူအညီတောင်းလိုက်ရမလား မသိဘူး။ သူက ဒီလိုပွဲမျိုးတွေကို ခဏခဏ သွားတတ်တာမလို့ ကျွန်တော် အကူအညီတောင်းရင် ဝမ်းသာအားရ လုပ်ပေးမှာ သေချာပါတယ်။
ကား၊ နာရီနဲ့ လက်ဝတ်ရတနာ အမှတ်တံဆိပ်တွေဆီက ဖိတ်စာတွေလည်း အများကြီး ရှိပါသေးတယ်။ အယ်လီက အဲဒီထဲက ဖိတ်စာတစ်စောင်ကို ရွေးထုတ်လိုက်တယ်။
"ဒီတစ်ခုကော ဘယ်လိုလဲ”
အဲဒီဖိတ်စာက ပီအိုဟာ လို့ ခေါ်တဲ့ လက်ဝတ်ရတနာ အမှတ်တံဆိပ်အတွက် ဖိတ်စာဖြစ်ပါတယ်။
"ရက်စွဲက ဒီနေ့ပဲ။ စိတ်အပန်းပြေအောင် အားလုံး အတူတူ သွားကြရအောင်”
ကျွန်တော်တို့က ဝတ်စုံတွေ လဲလိုက်ကြတယ်။ အဝါနုရောင် ဂါဝန်ကို လဲဝတ်ထားတဲ့ အယ်လီက ကျွန်တော့်ရှေ့မှာ တစ်ပတ်လှည့်ပြပါတယ်။
"ဘယ်လိုလဲ။ ငါနဲ့ လိုက်ရဲ့လား”
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
"နင် တကယ် လှပါတယ်”
အယ်လီ့မျက်နှာကို နေ့တိုင်း မြင်နေရပေမဲ့လည်း ကျွန်တော့်နှလုံးသားက ခုန်လှုပ်သွားတုန်းပါပဲ။ ဒါက အသစ်တစ်ဖန် ပြန်ပြီး သတိထားမိတာ ဖြစ်ပေမဲ့ အယ်လီက တကယ်ကို လှပလွန်းတာပါ။
ပြင်ဆင်ပြီးတာနဲ့ ကျွန်တော်တို့တွေ ချောင်ဒမ်ဒေါင်းက ဟိုတယ်တစ်ခုဆီကို ကားမောင်းထွက်လာခဲ့ကြတယ်။ ကျွန်တော်တို့ လာမယ့်အကြောင်း ကြိုတင်အကြောင်းကြားခြင်း ခံထားရတဲ့ ပွဲမန်နေဂျာက ဟိုတယ် အဝင်ဝအထိ ထွက်ပြီး ကြိုဆိုခဲ့တယ်။
"တက်ရောက်ပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ စီအီးအို ကန်ဂျင်ဟူ”
"ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ”
ကျွန်တော် အယ်လီ့လက်ကို တွဲပြီး ခန်းမထဲကို ဝင်လာခဲ့တယ်။ အထဲမှာ လူတွေ တော်တော်များများ စုံလင်နေပါပြီ။ ကျွန်တော်တို့ ပေါ်လာတာကို မြင်တော့ စကားပြောနေကြတဲ့ လူတွေအားလုံးက အံ့သြပြီး ငြိမ်ကျသွားကြကာ ကျွန်တော်တို့ဆီကိုပဲ လှမ်းကြည့်လာကြပါတယ်။ ခန်းမရဲ့ နေရာအနှံ့အပြားမှာ လက်ဝတ်ရတနာတွေကို ပြသထားပါတယ်။ ကျောက်မျက်ရတနာတွေက မီးရောင်အောက်မှာ တလက်လက် တောက်ပနေကြတာပါ။
တက်ဂယူက ပတ်ပတ်လည်ကို ဝေ့ကြည့်ပြီး ပြောလိုက်တယ်။
"ငါ့အစ်မအတွက် ဝယ်ပေးဖို့ အဆင်ပြေမယ့် ပစ္စည်း ရှိလောက်မလား”
အစ်မဖြစ်သူကို တွေးပေးတတ်တဲ့ မောင်လေးကောင်းတစ်ယောက် ဖြစ်ပေမဲ့လည်း...
"မင်ဟာယောင်းအတွက် တစ်ခုခု ဝယ်ပေးလိုက်ပါလား”
"ဘာလို့ဝယ်ပေးရမှာလဲ”
"သူ့ရဲ့ Webtoon စထွက်တဲ့အတွက် ဂုဏ်ပြုလက်ဆောင်အနေနဲ့ပေါ့”
" ကောင်းသားပဲ”
"ယန်ဟန်နာအတွက်လည်း တစ်ခု ဝယ်ပေးလိုက်ဦးလေ”
"ဘာလို့ဝယ်ပေးရမှာလဲ”
"လက်ဆောင် သက်သက်ပေါ့။ လက်ဆောင်ပေးဖို့ အကြောင်းပြချက် လိုလို့လား”
ဘေးကနေ အယ်လီကလည်း ဝင်ပြောတယ်။
"ဟုတ်တယ်။ လက်ဆောင်ရရင် ယန်ဟန်နာလည်း အတိုင်းထက်အလွန် ဝမ်းသာမှာ သေချာတယ်။ ငါ ရွေးပေးမယ်လေ”
စကားပြောနေတုန်းမှာပဲ ရင်းနှီးတဲ့လူတွေက ကျွန်တော်တို့ဆီ တစ်ယောက်ပြီးတစ်ယောက် လာပြီး နှုတ်ဆက်ကြတယ်။ ဒါပေမဲ့ အဲဒီထဲမှာ မမျှော်လင့်ထားတဲ့ လူတစ်ယောက် ပါဝင်နေခဲ့ပါတယ်။ အဲဒါကတော့ တခြားသူမဟုတ်ဘဲ မင်းသမီး အန်နီကဲ ပါ။ သာမန် ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားတဲ့ မင်းသမီး အန်နီကဲက ကျွန်တော်တို့ကို မြင်တော့ ဝမ်းသာအားရ လှမ်းနှုတ်ဆက်တယ်။
"ဒီမှာ လာဆုံရတာ တကယ်ကို တိုက်ဆိုင်တာပဲ။ တကယ်တော့ ကျွန်မလည်း ရှင်တို့ ကုမ္ပဏီဆီ လာပြီး နှုတ်ဆက်ဖို့ စိတ်ကူးထားတာ”
အယ်လီက လှိုက်လှိုက်လှဲလှဲ လက်ဆွဲနှုတ်ဆက်လိုက်တယ်။
"ထပ်တွေ့ရတာ ဝမ်းသာပါတယ်။ မင်းသမီး”
"ကျေးဇူးပြုပြီး အန်နီကဲလို့ပဲ ခေါ်ပါ”
မင်းသမီး အန်နီကဲက ကျွန်တော့်ဘက်လှည့်ပြီး ခေါင်းညိတ်နှုတ်ဆက်တယ်။
"မင်္ဂလာပါ။ စီနီယာ”
အခု ကိုရီးယားတက္ကသိုလ်မှာ တက်နေပြီဆိုတော့ ကျွန်တော့်ရဲ့ ဂျူနီယာ ဖြစ်သွားပြီပေါ့။
"စာသင်ရတာ အဆင်ပြေရဲ့လား”
"ဟုတ်ကဲ့။ ပျော်စရာကောင်းပါတယ်။ သူငယ်ချင်းတွေလည်း အများကြီး ရထားပြီး ကိုရီးယားစာကိုလည်း ကြိုးကြိုးစားစား သင်ယူနေပါတယ်”
တက်ဂယူက ပြောတယ်။
"ဂျပန်စာ တတ်ရင် ကိုရီးယားစာက မြန်မြန်ဆန်ဆန် တတ်လွယ်တယ်လေ”
ဗဟုသုတအနေနဲ့ ပြောရရင် မင်းသမီး အန်နီကဲက ဂိမ်းဆော့ရင်းနဲ့ ဂျပန်စာ တတ်သွားတာလို့ သိရပါတယ်။ ဒီလိုမျိုး သဘာဝအတိုင်း တတ်သွားဖို့အတွက် ဂိမ်းကို ဘယ်လောက်တောင် ဆော့ခဲ့ရမလဲ မသိဘူး။
တက်ဂယူနဲ့ မင်းသမီး အန်နီကဲတို့ကတော့ ခွဲခွာနေတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းဟောင်းတွေ ပြန်ဆုံကြသလိုမျိုး စကားတွေ တတွတ်တွတ် ပြောနေကြပါတယ်။ သူတို့ကို ကြည့်ရင်း ကျွန်တော် အယ်လီ့ကို အသံတိုးတိုးနဲ့ မေးလိုက်တယ်။
"မင်းသမီး အန်နီကဲ ဒီပွဲကို လာမယ်ဆိုတာ အယ်လီ ကြိုသိနေတာလား”
အယ်လီက ပြုံးလိုက်တယ်။
"သိတာပေါ့”
"ဘယ်လိုလုပ် သိတာလဲ”
"ပီအိုဟာ က နော်ဝေနိုင်ငံရဲ့ သမိုင်းဝင် လက်ဝတ်ရတနာ ကုမ္ပဏီတစ်ခု မဟုတ်လား။ အဲဒါကြောင့်မလို့ ကိုရီးယားကို ရောက်နေတဲ့ မင်းသမီးလည်း ဖိတ်ကြားခံရလိမ့်မယ်လို့ တွေးမိတာ”
"ဪ... အဲလိုလား”
ဒီလိုကိုး။ ကျွန်တော်ကတော့ ဒီလိုနယ်ပယ်မျိုးကို သိပ်စိတ်မဝင်စားတာမလို့ မသိခဲ့တာပါ။ သူတို့နှစ်ယောက် စကားပြောပါစေဆိုပြီး ပစ်ထားလိုက်ပြီး အယ်လီ့ကို ပြောလိုက်တယ်။
"အယ်လီလည်း ကြိုက်တာတစ်ခုခု ရွေးလေ။ ဘာရွေးရွေး ငါ ဝယ်ပေးမယ်”
"အရမ်းတွေ မသုံးချင်စမ်းပါနဲ့။ ဒီအမှတ်တံဆိပ်က ပစ္စည်းတွေက တော်တော်လေး ဈေးကြီးတာနော်”
"စိတ်မပူပါနဲ့။ ဒီရက်ပိုင်း ငါ ပိုက်ဆံတွေ အများကြီး ရှာနိုင်နေတာမလို့ အဆင်ပြေပါတယ်”
CarOS ဟာ ဒီထရိုက်ကို ဗဟိုပြုပြီး ယာဉ်မောင်းမဲ့ကား စမ်းသပ်မှုတွေကို ဆက်လက် လုပ်ဆောင်ခဲ့တယ်။ ဒါ့အပြင် ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ယာဉ်မောင်းမဲ့ တက္ကစီတွေကို စမ်းသပ်ပြေးဆွဲမှုကိုလည်း စတင်ခဲ့ပါတယ်။ ကားစီးမယ့်သူက တောင်းဆိုလိုက်တာနဲ့ ယာဉ်တစ်စီးက ခရီးသည်ရှိတဲ့နေရာကို ရောက်လာပြီး လိုရာခရီးကို ပို့ဆောင်ပေးမှာဖြစ်ကာ ကားခကိုတော့ အက်ပလီကေးရှင်းကနေတစ်ဆင့် အလိုအလျောက် ပေးချေသွားမှာ ဖြစ်ပါတယ်။
ဘာမဆို ဖြစ်လာနိုင်ခြေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အစောပိုင်းမှာတော့ ယာဉ်မောင်းတစ်ယောက် ကားထဲမှာ ပါဝင်နေမှာ ဖြစ်ပေမဲ့ အဲ့ဒီယာဉ်မောင်းက မောင်းနှင်တာမျိုး ဒါမှမဟုတ် စကားပြောတာမျိုး လုံးဝမလုပ်ဘဲ အချက်အလက် အမျိုးမျိုးကိုပဲ စုဆောင်းသွားမှာပါ။ တကယ်လို့ စမ်းသပ်ပြေးဆွဲမှုမှာ ဘာပြဿနာမှ မရှိဘူးဆိုတာ သေချာသွားရင်တော့ ဒီနှစ်အတွင်းမှာပဲ တရားဝင် စတင်ပြေးဆွဲနိုင်မှာ ဖြစ်ပါတယ်။
တချို့က ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ခဲ့ကြပေမဲ့ အလိုအလျောက် မောင်းနှင်တဲ့ကားတွေက လူမောင်းတဲ့ကားတွေထက် မတော်တဆဖြစ်ပွားမှုနှုန်း ပိုနည်းတယ်ဆိုတာ အတည်ပြုပြီးသား အချက်တစ်ခုပါ။ ဒါ့အပြင် လမ်းပေါ်မှာ အလိုအလျောက် မောင်းနှင်တဲ့ကားတွေ ပိုများလာတာနဲ့အမျှ ကား အချင်းချင်း ဆက်သွယ်ရေးကနေတစ်ဆင့် အချက်အလက်တွေကို မျှဝေနိုင်ပြီး လမ်းအခြေအနေတစ်ခုလုံးကို သုံးသပ်ကာ မတော်တဆဖြစ်ပွားမှုနှုန်းကို ပိုပြီး လျှော့ချပေးနိုင်မှာပါ။
CarOS က ယာဉ်မောင်းနဲ့ ခရီးသည်ကို ချိတ်ဆက်ပေးတဲ့ လက်ရှိ ကားမျှဝေစီးတဲ့ အဆင့်ကို ကျော်ဖြတ်ပြီး ယာဉ်မောင်းမဲ့တက္ကစီ အဆင့်ကို တိုက်ရိုက် ကူးပြောင်းလိုက်တဲ့အခါ ကားမျှဝေစီးတဲ့ ကုမ္ပဏီတွေဟာ အကြီးအကျယ် ထိတ်လန့်သွားခဲ့ကြတယ်။ ကမ္ဘာ့အကြီးဆုံး ride-sharing(ကားမျှဝေစီးတဲ့) ကုမ္ပဏီဖြစ်တဲ့ Iver ဟာလည်း အလားတူ ဝန်ဆောင်မှုမျိုးကို စတင်ဖို့အတွက် တခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်။
(ရှေ့အခန်းတွေမှာ Iber လို့ရေးထားပေမဲ့ အခုနောက်ပိုင်း Iverလို့ပဲ ရေးလာတာမလို့ Iver လို့ပဲ သုံးထားပါတယ်)
ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတာနဲ့အမျှ နိုင်ငံအသီးသီးက ယာဉ်မောင်းမဲ့ကားတွေကို ခွင့်ပြုပေးမယ့် ကိစ္စကို စတင်သုံးသပ်လာကြတယ်။ ကိုရီးယားလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြီးအကျယ် စဉ်းစားနေရပြီ ဖြစ်ပါတယ်။ အစိုးရရဲ့ အခြေခံရပ်တည်ချက်ကတော့ အလိုအလျောက် မောင်းနှင်မှုကို ကူညီပံ့ပိုးမှုတစ်ခုအနေနဲ့ ခွင့်ပြုပေးနိုင်ပေမဲ့ ယာဉ်မောင်းမဲ့ကားတွေကို ခွင့်ပြုဖို့ကတော့ စောလွန်းသေးတယ် ဆိုတာပါပဲ။ အကြီးမားဆုံး ပြဿနာကတော့ ထုံးစံအတိုင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍကနေ ကန့်ကွက်နေတာပါ။
ဆောက်လုပ်ရေးနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ တိုးတက်နေလို့ အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေကို အလုပ်အကိုင်အသစ် ပြန်ရှာပေးနိုင်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ မတူဘဲ ကိုရီးယားမှာတော့ အလုပ်လက်မဲ့ ဖြစ်သွားမယ့် သယ်ယူပို့ဆောင်ရေး အလုပ်သမားအမြောက်အမြားကို အလုပ်ပြန်ရှာပေးနိုင်မယ့် စွမ်းရည် မရှိသေးပါဘူး။ တကယ်လို့ ယာဉ်မောင်းမဲ့ကားတွေကို ခွင့်ပြုလိုက်လို့ သူတို့တွေ အလုပ်လက်မဲ့ ဖြစ်သွားရင် နောက်လာမယ့် ရွေးကောက်ပွဲမှာ သူတို့က ဘယ်သူ့ကို မဲပေးကြတော့မှာလဲ။
ဘယ်ပါတီကပဲ ဖြစ်ဖြစ် လွှတ်တော်အမတ်တွေ အားလုံးဟာ နောက်လာမယ့် အထွေထွေရွေးကောက်ပွဲအကြောင်းကိုပဲ တွေးနေကြတာပါ။ ဒီအခြေအနေကို ကောင်းကောင်းသိတဲ့ ကုန်စည်ပို့ဆောင်ရေး၊ တက္ကစီနဲ့ ဘတ်စ်ကား လုပ်ငန်းတွေကလည်း အလုပ်အကိုင် အာမခံချက် ပေးဖို့အတွက် အစိုးရကို ဖိအားပေးခဲ့ကြတယ်။ ဒါက အတ္တဆန်လို့ မဟုတ်ဘဲ အလုပ်အကိုင် ရှားပါးမှု ပြင်းထန်တာနဲ့ လူမှုဖူလုံရေး အကာအကွယ် အားနည်းတာကြောင့်ပါ။ အလုပ်တစ်ခု ပြုတ်သွားပြီဆိုရင် ပြန်ရဖို့က ခက်ခဲလွန်းတာမလို့ သူတို့က အရင်ဆုံး ကန့်ကွက်ပြီးမှပဲ ကျန်တာကို တွေးကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလို ကန့်ကွက်မှုတွေက ခေတ်ရေစီးကြောင်းရဲ့ ပြောင်းလဲမှုတွေကို နှောင့်နှေးစေနိုင်ရုံသာ ရှိပြီး လုံးဝ တားဆီးထားနိုင်မှာတော့ မဟုတ်ပါဘူး။ အဓိက ကွာခြားချက်ကတော့ ဦးဆောင်သူ ဖြစ်မလား ဒါမှမဟုတ် နောက်လိုက် ဖြစ်မလား ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။
နောက်ထပ် သတင်းတစ်ခုကတော့ FaceIt ရဲ့ ရောင်းအားဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံးကို ထပ်မံ ရောက်ရှိသွားခဲ့တာပါ။ ဒါဟာ လက်ရှိ OTT ဝန်ဆောင်မှုတွေရဲ့ တိုးတက်မှုကြောင့်သာမက RealDoll Annie ကို မိတ်ဆက်လိုက်တာကြောင့်လည်း အများကြီး ပါဝင်ပါတယ်။ RealDoll တွေဟာ အပြတ်အသတ် ရောင်းကောင်းခဲ့ပါတယ်။ အသုံးပြုသူတွေကလည်း အလွန်အမင်း စိတ်ကျေနပ်မှု ရှိကြောင်း ဖော်ပြကြပြီး ဆက်စပ် Contentတွေကိုလည်း စဉ်ဆက်မပြတ် ဝယ်ယူနေကြပါတယ်။
ညစ်ညမ်းရုပ်ရှင် ဈေးကွက်မှာ လုပ်ဆောင်ခဲ့သလိုမျိုးပဲ FaceIt ဟာ တခြားကုမ္ပဏီတွေကို တိုက်ထုတ်ပြီး ကမ္ဘာ့ RealDoll ဈေးကွက်ကို စိုးမိုးဖို့ ခြေလှမ်းပြင်လာခဲ့တယ်။ အမေရိကန်ပြည်ထောင်စု အတွင်းတင်မကဘဲ ပြည်ပနိုင်ငံတွေကိုပါ တင်ပို့ခဲ့ပြီး အဲဒီအထဲမှာ အမေရိကန်ပြီးရင် ရောင်းအား ဒုတိယအများဆုံး နိုင်ငံကတော့ ထုံးစံအတိုင်း လူကြီးပိုင်း ဖျော်ဖြေရေးကဏ္ဍ အလွန်ထွန်းကားပါတယ်ဆိုတဲ့ ဂျပန်နိုင်ငံ ပဲ ဖြစ်ပါတယ်။
ကျွန်တော့်အပေါ် ထားရှိတဲ့ ကိုရီးယားဆန့်ကျင်ရေး စိတ်ဓာတ်တွေတောင်မှ RealDoll တွေအပေါ် ထားရှိတဲ့ အလိုဆန္ဒကို မတားဆီးနိုင်ခဲ့ပါဘူး။ အစကတည်းက လက်ယာစွန်းရောက်တွေက လွဲရင် သာမန်လူထုက ဒီလိုကိစ္စတွေကို သိပ်ပြီး ဂရုမစိုက်ကြတာမလို့လေ။ ကိုရီးယားကတော့ RealDoll တွေကို တင်သွင်းခွင့် ပိတ်ပင်ထားတဲ့အတွက် ဒီ Annie ရူးသွပ်မှုလှိုင်းလုံးကြီးထဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။
ဒီလို အခြေအနေမျိုးမှာပဲ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်။ Annie အရုပ်တွေကို အလှပြအရုပ်တွေအဖြစ် ဟန်ဆောင်ပြီး မှောင်ခိုတင်သွင်းဖို့ ကြိုးစားတဲ့ အဖွဲ့တစ်ဖွဲ့ကို အကောက်ခွန်ဌာနက ဖမ်းဆီးရမိခဲ့တာပါ။ မှောင်ခိုသွင်းဖို့ ကြိုးစားတာကို သိလိုက်ရတာနဲ့ အကောက်ခွန်ဌာနက အလှပြအရုပ်လို့ ကြေညာထားတဲ့ ပစ္စည်းအားလုံးကို ချက်ချင်းပဲ အကုန်လုံးကို လိုက်လံ စစ်ဆေးခဲ့တယ်။ အံ့သြစရာကောင်းတာက Annie အပြင် တခြားသော RealDoll အမျိုးမျိုးကိုလည်း တွေ့ရှိခဲ့ရပြီး တချို့ကတော့ ဈေးကွက်ထဲကိုတောင် ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် အကောက်ခွန်ဌာနတစ်ခုလုံး ပွက်လော ရိုက်သွားခဲ့ပြီး လူကြီးသုံးပစ္စည်း အရောင်းဆိုင်တွေကိုပါ လိုက်လံ စုံစမ်းစစ်ဆေးတဲ့အထိ ဖြစ်သွားခဲ့တယ်။ ဖမ်းဆီးခံရတဲ့ မှောင်ခိုသမားတွေကတော့ သူတို့မှာ အပြစ်မရှိကြောင်း လျှောက်လဲခဲ့ကြတယ်။
"ပစ္စည်းတွေကို လိမ်လည်ပြီး တင်သွင်းဖို့ ကြိုးစားခဲ့တဲ့အတွက် ကျွန်တော်တို့ အပြစ်ရှိတယ်ဆိုတာကို အကြိမ်တစ်ရာမက ဝန်ခံပါတယ်။ ဒါပေမဲ့ RealDoll တွေက ဘာဖြစ်လို့ တရားမဝင်ရတာလဲဗျာ”
တကယ်တော့ မူးယစ်ဆေးဝါးတွေ ဒါမှမဟုတ် လက်နက်တွေနဲ့ မတူဘဲ RealDoll တွေကို တင်သွင်းတာကို အတိအလင်း တားမြစ်ထားတဲ့ ရှင်းလင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေ မရှိပါဘူး။ ဒါကို စုံစမ်းစစ်ဆေးရေး အာဏာပိုင်တွေက ပြန်လည် တုံ့ပြန်ခဲ့တယ်။
"ဘာဖြစ်လို့လဲဆိုတော့ ဒီအရုပ်တွေက လူ့အဖွဲ့အစည်းရဲ့ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားနဲ့ ရိုးရာဓလေ့တွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး အမျိုးသမီးတွေရဲ့ အရှက်သိက္ခာကို ကြီးကြီးမားမား ထိပါး စော်ကားနိုင်ခြေ မြင့်မားနေလို့လေ”
ဒါက ဘာကို ဆိုလိုတာလဲဆိုတာ နားလည်ရ ခက်ခဲပေမဲ့ ဘာပဲဖြစ်ဖြစ် ဒါကတော့ သူတို့ရဲ့ ရပ်တည်ချက် ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် RealDoll တင်သွင်းခွင့်ကို ခွင့်ပြုသင့်တယ်လို့ လျှောက်လဲတဲ့လူတွေနဲ့ လုံးဝ ခွင့်မပြုသင့်ဘူးလို့ ဇွတ်ငြင်းကြတဲ့လူတွေကြားမှာ အမြင်ချင်း အပြင်းအထန် ကွဲလွဲသွားခဲ့ကြပါတယ်။