အခန်း ၉၈၇
Vol. 66 Ch. 987
အခန်း (၉၈၇) - ကမ္ဘာလောက၏ ပြင်ပ
"ဘယ်လောက် အထိ ဆိုးရွားသွားတာလဲ ဆိုတာကို မင်း ပြောပြနိုင်မလား။ နယ်မြေများ ပင်လယ် ထဲက ရုပ်ပျက်ဆင်းပျက် မိစ္ဆာ တွေကို မင်း မြင်ဖူးလား။ သူတို့ က အဲဒီ မိစ္ဆာကောင် တွေလောက် ဆိုးရွား သလား"
နင်ချီ က ရုတ်တရက် မေးလိုက်၏။
ထို စကား ကို ကြားလိုက်ရသောအခါ... မြင်းနက်ကြီး ၏ တစ်ကိုယ်လုံး ရှိ မည်းနက်သော အမွေးအမှင် များမှာ ထောင်ထသွားတော့၏။
"သူ... သူရဲကောင်းကြီး... လူကြီးမင်း က အဲဒီ... အဲဒီ ရုပ်ပျက်ဆင်းပျက် မိစ္ဆာ တွေနဲ့ ထိတွေ့ ဆက်ဆံ ဖူးတယ်ပေါ့"
၎င်း၏ အသံ မှာ တုန်ယင် နေပြီး... နင်ချီ ကို အလွန်တရာ ကြောက်ရွံ့ ထိတ်လန့်စွာ ဖြင့် စူးစိုက် ကြည့်နေတော့သည်။
နင်ချီ က ပေါ့ပေါ့ပါးပါး ပင် ပြန်မေးလိုက်၏။
"ငါတို့ ထိတွေ့ ဆက်ဆံ ဖူးတယ် ဆိုရင်ရော ဘာဖြစ်လဲ။ မထိတွေ့ ဖူးဘူး ဆိုရင်ရော ဘာဖြစ်လဲ"
မြင်းနက်ကြီး ၏ တစ်ကိုယ်လုံး ကို မည်းနက်သော အမွေးအမှင်များဖြင့် ဖုံးလွှမ်း ထားပြီး... ၎င်းမှာ လျှပ်စစ် အလိုက်ခံရပြီး ဆံပင် ကောက်ထားသည့်အလား ရှိနေတော့သည်။
"အကယ်၍ သူရဲကောင်းကြီး သာ အဲဒီ သတ္တဝါ တွေနဲ့ တွေ့ဖူးတယ် ဆိုရင်... ကျွန်တော် က လူကြီးမင်း ကို လုံးဝ (လုံးဝ) ဆက်ပြီး ခေါ်သွားလို့ မရတော့ပါဘူး။ အကယ်၍ မတွေ့ဖူးဘူး ဆိုရင်တော့... ကျွန်တော် လူကြီးမင်း ကို ဆက်ပြီးလိုက်ပို့ပေး နိုင်ပါသေးတယ်"
"အဲဒီလောက်တောင် ကြီးကျယ် သလား"
ဤ သတ္တဝါ မှာ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း နင်ချီ သတိပြုမိသွားပြီး... ၎င်း၏ နောက်ကွယ် တွင် လျှို့ဝှက်ချက် တစ်ခုခု သေချာပေါက် ရှိနေမည် ဟု ခံစားလိုက်ရ၏။
ဤ နယ်မြေများ ပင်လယ် ၏ မိစ္ဆာ သားရဲ များသာလျှင် ဤ အကြောင်း ကို နားလည် သဘောပေါက် ကြပြီး ကမ္ဘာ ၏ အတွင်းဘက် မှ လူများ နှင့် နယ်မြေများ ပင်လယ် နှင့် ယခုမှ စတင် ထိတွေ့ သူများ ကတော့ လုံးဝ မသိရှိကြပေ။
မြင်းနက်ကြီး က ဆက်ပြောသည်။
"အကယ်၍ လူကြီးမင်း က အဲဒီ ရုပ်ပျက်ဆင်းပျက် မိစ္ဆာ တွေနဲ့ ထိတွေ့ ဆက်ဆံ ဖူးတယ် ဆိုရင်... သူတို့ က လူကြီးမင်း ရဲ့ ခန္ဓာကိုယ် ပေါ်မှာ အမှတ်အသား တစ်ခု ချန်ထားခဲ့ လိမ့်မယ်။ သူတို့ က လူကြီးမင်း ကို ဒုက္ခ မပေးနိုင်ဘူး ဆိုရင်တောင်မှ... လူကြီးမင်း က နယ်မြေများ ပင်လယ် ရဲ့ အတွင်းပိုင်း ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်သွားတာနဲ့ တစ်ပြိုင်နက်... ပိုပြီး အစွမ်းထက် တဲ့ ရုပ်ပျက်ဆင်းပျက် မိစ္ဆာ တွေကို မလွဲမသွေ ဆွဲဆောင်ပါမိလိမ့်မယ်"
နင်ချီသည် ရုပ်ပျက်ဆင်းပျက် မိစ္ဆာ များနှင့် သူ၏ ယခင် တိုက်ပွဲ ကို ပြန်လည် စဉ်းစားလိုက်၏။ ထို မိစ္ဆာများကို သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား က ဆင့်ခေါ် ခဲ့ခြင်း ဖြစ်ပြီး... သူတို့ က မိမိအပေါ် တွင် မည်သည့် အမှတ်အသား မျှ ချန်ထား ခဲ့ပုံ မပေါ်ချေ။
သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွားသည် ရုပ်ပျက်ဆင်းပျက် မိစ္ဆာများကို ဆင့်ခေါ် စဉ် က ကိုင်တွယ် ဖြေရှင်း ခဲ့ခြင်းလား၊ ၎င်းတို့ကို လုံးလုံးလျားလျား ဖျက်ဆီးပစ် ခဲ့ခြင်း ကြောင့် ကျန်ရစ်သော အမှတ်အသား များ မရှိခဲ့ခြင်းလား ဆိုသည်ကိုတော့ အတိအကျ မသိရပါ။
နင်ချီ က မေးလိုက်၏။
"အကယ်၍ ငါတို့ က သူတို့ကို သတ်ပစ်လိုက်မယ် ဆိုရင်... အကြွင်းအကျန် တွေ ရှိနေနိုင်သေးလား"
ဆံပင် ကောက်ထားသည့်အလား ဖြစ်နေသော မြင်းနက်ကြီး ၏ အမွေးအမှင် များမှာ... နင်ချီ ၏ စကား ကို ကြားလိုက်ရသည် နှင့် တစ်ပြိုင်နက် ချက်ချင်း ပင် ငိုက်ကျသွားတော့၏။
ထို့အပြင်... မြင်းနက်ကြီးသည် တဆတ်ဆတ် တုန်ယင် နေကြောင်း ကိုပါ နင်ချီ ခံစား သိရှိလိုက်ရသည်။
‘မင်း က ကြောက်နေတာလား’
မြင်းနက်ကြီး က ဖုံးကွယ်ရန် ကြိုးစားရင်း ပြောလိုက်သည်။
"ဟင့်အင်း... ကျွန်တော် မကြောက်ပါဘူး။ ကျွန်တော် ရုတ်တရက် မကောင်းတဲ့ အတွေး တွေ ဝင်လာလို့ပါ"
"ငါ့ကို ပြောပြစမ်းပါကွ... ငါလည်း ကြောက်သွားအောင်လို့"
နင်ချီ၏ မျက်နှာထား ကို မြင်လိုက်ရသောအခါ... မြင်းနက်ကြီး မှာ ယခင် ကလောက် မကြောက် တော့သလို ရှိ၏။
"ကျွန်တော် ကြားဖူးတာပါ... ကြားဖူးရုံ သက်သက် ပါနော်... အကယ်၍ အဲဒီ ရုပ်ပျက်ဆင်းပျက် မိစ္ဆာ တွေက လူကြီးမင်း ကို ဘာမှ မလုပ်နိုင်ဘူး ဆိုရင်တောင်မှ... နောက်တစ်ခါ လက်စားချေ ဖို့ အတွက် ပိုပြီး အစွမ်းထက် တဲ့ မိစ္ဆာကောင် တွေကို စေလွှတ် နိုင်အောင် လို့၊ သူတို့ က လူကြီးမင်း ရဲ့ အပေါ်မှာ အမှတ်အသား တစ်ခု ချန်ထား ခဲ့လိမ့်မယ် တဲ့.. ဒါပေမဲ့ အကယ်၍ လူကြီးမင်း က သူတို့ကို သတ်ပစ်လိုက်မယ် ဆိုရင်တော့... သူတို့ က ကျိန်စာ တစ်ခု ကို ချန်ထား ခဲ့လိမ့်မယ် တဲ့လေ"
"ဘယ်လို ကျိန်စာ မျိုးလဲ"
"ကျွန်တော် လည်း တကယ်တမ်း မမြင်ဖူး ပါဘူး... ဒါပေမဲ့ ကျွန်တော့် မိခင် က ပြောဖူးတယ်... အဲဒီ ကျိန်စာ သင့် နေတဲ့ သတ္တဝါ တွေဟာ နယ်မြေများ ပင်လယ် ထဲကို ဝင်လိုက်တာ နဲ့ တစ်ပြိုင်နက် ပစ်မှတ်ထား ခံရပြီး နောက်ဆုံး မှာတော့ ရုပ်ပျက်ဆင်းပျက် မိစ္ဆာ တွေ ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်သွားလိမ့်မယ် တဲ့"
၎င်း က စကားပြော နေရင်း နှင့်ပင်... နင်ချီ ၏ မျက်နှာ အမူအရာ ကို မျက်ခြေမပြတ် စောင့်ကြည့် နေ၏။
၎င်း၏ စကားများကို ကြားပြီးနောက် တွင်လည်း... နင်ချီသည် လုံးဝ (လုံးဝ) ဂရုမစိုက် သည့်အလား တည်ငြိမ် နေပြီး မည်သည့် အပြောင်းအလဲ မျှ မရှိခဲ့ချေ။
မြင်းနက်ကြီး မှာ သက်ပြင်းချကာ စိတ်သက်သာရာ ရသွားဟန် တူ၏။
ထို့ကြောင့်... ဤ သူရဲကောင်းကြီး မှာ ရုပ်ပျက်ဆင်းပျက် မိစ္ဆာများကို ဘယ်သောအခါမှ မသတ်ဖြတ် ခဲ့ဖူးကြောင်း ထင်ရှားလှသည်။
သို့သော် နောက်တစ်စက္ကန့် တွင်မူ... နင်ချီ က တည်ကြည် လေးနက်စွာ ဖြင့် မေးလိုက်၏။
"မင်း ပြောတဲ့ 'သတ်တယ်' ဆိုတာ က... အရေအတွက် ဘယ်လောက် ကို ပြောတာလဲ။ အကယ်၍ ရာနဲ့ ချီပြီး သတ်လိုက်မယ် ဆိုရင်ကော ဘယ်လို နေမလဲ"
ခုလေးတင် မှ စိတ်သက်သာရာ ရသွားခဲ့သော မြင်းနက်ကြီး ၏ နှလုံးသား မှာ... ချက်ချင်း ပင် လည်ချောင်း ထဲသို့ နောက်တစ်ကြိမ် ခုန်ထွက်လာတော့၏။
"ဘုရားရေ... သူရဲကောင်းကြီး... လူကြီးမင်း ဘာသာ လူကြီးမင်းသွားပါတော့ ခင်ဗျာ။ ကျွန်တော် မြင်းကလေး ကို ဒုက္ခ မပေးပါနဲ့တော့"
၎င်း က နောက်တစ်ကြိမ် ခုန်ပေါက်လိုက်ပြန်ပြီး... မိုင် အနည်းငယ် ခန့် အထိ အမြင့် သို့ ခုန်တက်သွားပုံက လကမ္ဘာ ၏ ဆွဲငင်အား ကို ထည့်သွင်း ထားသော ရိုလာကိုစတာ တစ်စီး အလား ဖြစ်နေတော့၏။
နင်ချီ က ၎င်းကို ခပ်ဖွဖွ လေး တစ်ချက် ပုတ်လိုက်ရာ... သူ၏ လက်ချောင်း ထိပ်များ မှနေ၍ ငြိမ်သက် အေးချမ်း စေသော စွမ်းအား တစ်ခု ဖြာထွက်လာပြီး မြင်း ၏ တုန်လှုပ် နေမှုများကို ငြိမ်ကျသွားစေတော့သည်။