အခန်း ၄၀၇
Vol. 37 Ch. 407
အခန်း (၄၀၇) - နတ်ဘုရားဘုရင်ဘီမွန်
ဘာသာပြန် - အားသစ်
"မဆိုးဘူး… မဆိုးဘူး။ ကောင်လေး... မျိုးစေ့တပည့်တွေအများကြီးထဲမှာ မင်းက အသန်မာဆုံးလည်းမဟုတ် ပါရမီအရှိဆုံးလည်း မဟုတ်ပေမဲ့ ငါ့ကို အံ့အားသင့်မှု အပေးနိုင်ဆုံးပဲ"
နတ်ဘုရားဘုရင်ဘီမွန် လင်းဖုန်းကို လှည့်ကြည့်လာသည်။ သူ၏ ရုပ်ရည်သွင်ပြင်က သာမန်မျှသာဖြစ်သော်လည်း သူ့မျက်ဝန်းများကမူ အလွန် နက်ရှိုင်းလှ၏။ သူ့ထံမှ နတ်ဘုရားဘုရင်တစ်ပါး၏ ဖိအားပေးလိုသော အရှိန်အဝါမျိုး ထွက်ပေါ်မနေပေ။ သာမန်လူတစ်ယောက်အလား ထင်မှတ်ရသည်။
မဟုတ်သေး။ သူက သာမန်လူတစ်ယောက်လည်း မဟုတ်နိုင်ပေ။ အတိုချုပ်ဆိုရလျှင် နတ်ဘုရားဘုရင်ဘီမွန်ကို ကြည့်ရသည်မှာ အလွန်ထူးဆန်းလှသည်။ လင်းဖုန်း တစ်ဖက်လူထံမှ ထွက်ပေါ်နေသော ပြင်းထန်သည့် အသက်အားကို အာရုံခံမိသော်လည်း တစ်ခုခု မှားယွင်းနေသလို အမြဲ ခံစားနေရသည်။
နတ်ဘုရားဘုရင်ဘီမွန်သည် နိမ့်ကျသော နောက်ခံမှ ဆင်းသက်လာသူ ဖြစ်၏။ သူက အလွန် သာမန်ဆန်သော လူသားပုံသဏ္ဌာန် သက်ရှိအမျိုးအစားမျှသာဖြစ်သည်ဟု ပြောစမှတ်ပြုကြသည်။ စင်စစ်တွင် စကြာဝဠာတစ်ခုလုံးရှိ သက်ရှိအများစုက လူသားပုံသဏ္ဌာန် ရှိကြ၏။ သက်ရှိတစ်မျိုးနှင့်တစ်မျိုး ရုပ်ရည်သွင်ပြင် အနည်းငယ်စီသာ ကွာခြားကြသည်။
ထိုကဲ့သို့ သာမန်လူသားပုံသဏ္ဌာန် သက်ရှိတစ်ခုက နောက်ဆုံး၌ စကြာဝဠာ၏ အထွတ်အထိတ်တွင် ရပ်တည်နေသည့် ကြီးမြတ်သော နတ်ဘုရားဘုရင်တစ်ပါး ဖြစ်လာခဲ့၏။ ဂလက်ဆီအဆင့် သက်ရှိဆိုသည်ကား မယုံနိုင်စရာကောင်းလောက်အောင် အဆင့်အတန်း မြင့်မားလှသည်။ နတ်ဘုရင်ဘီမွန်ကိုယ်တိုင်ကပင် သက်ရှိထင်ရှား ဒဏ္ဍာရီတစ်ခု ဖြစ်နေ၏။
"အရှင်မြတ်က ချီးမွမ်းလွန်းနေပါပြီ"
"မဟုတ်ဘူး။ ငါ လွန်လွန်ကျူးကျူး ပြောနေတာ မဟုတ်ဘူး။ မင်းက နိယာမနှစ်မျိုးဖြစ်တဲ့ ဒီရေလှိုင်းနိယာမနဲ့ ဖျက်ဆီးခြင်းနိယာမကို နားလည်သဘောပေါက်ခဲ့တယ်။ နေဦး... ဖျက်ဆီးခြင်းနိယာမက… မင်းခန္ဓာကိုယ်ထဲက မူလလက်နက်ကနေ လာတာမလား"
လင်းဖုန်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူ အဖျက်ဆီးခြင်းနိယာမနှင့် ဒီရေလှိုင်းနိယာမကိုသာ ထုတ်ဖော်ပြသခဲ့ပြီး ဖျက်ဆီးခြင်းလှံတံကို မည်သည့်အခါကမျှ ထုတ်မပြခဲ့ဖူးချေ။ နတ်ဘုရားဘုရင်ဘီမွန်ကမူ ယင်းကို တစ်ချက်ကြည့်ရုံဖြင့် တကယ် အကဲခတ်မိသွား၏။
သို့သော် နတ်ဘုရားဘုရင်ဘီမွန်က ခပ်ဖွဖွရယ်မောကာ စကားဆိုလိုက်သည်။
"ပျာယာခတ်မနေပါနဲ့။ မူလလက်နက်ဆိုတာ ငါ့အတွက်တော့ ဘာမှမဟုတ်ပါဘူး။ အထက်ပိုင်းနယ်မြေမှာ မူလလက်နက်တွေ အများကြီးရှိပြီးသားပဲ။ အဲ့ဒီလက်နက်တွေက မင်းရဲ့ မူလလက်နက်ထက်တောင် ပိုအားကောင်းကြသေးတယ်"
ထိုစကားကို ကြားမှသာ လင်းဖုန်း သက်ပြင်းချနိုင်တော့သည်။ ဘီမွန်အရှင်မြတ် ပြောသည့် အတိုင်းပင်။ မူလလက်နက်မျှက မည်သို့နှယ် အရေးပါမည်နည်း။ သူ၏ ဖျက်ဆီးခြင်းလှံတံထဲမှ ဖျက်ဆီးခြင်းစွမ်းအားက ပျက်စီးပြိုကွဲနေသော ကြယ်တစ်လုံးထံမှ ဖျက်ဆီးခြင်းစွမ်းအားကို စုပ်ယူထားခြင်းမျှသာ ဖြစ်သည်။ နတ်ဘုရားဘုရင်ဘီမွန်သည်ကား ကြီးမြတ်လှသော ဂလက်ဆီအဆင့် သက်ရှိဖြစ်၏။ သူ မှုတ်ထုတ်လိုက်သော လေသက်သက်ကပင် ကြယ်တစ်လုံးကို အသာအယာ ဖျက်ဆီးပစ်နိုင်လောက်သည်။
ထို့ကြောင့် နတ်ဘုရားဘုရင်ဘီမွန်၏ အမြင်တွင် မူလလက်နက်ဆိုသည်က ဘာမှမဟုတ်ပေ။
"ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က တကယ်ပဲ အရမ်း သန်မာပါတယ်။ ဒါပေမဲ့ မင်းက ဖျက်ဆီးခြင်းနိယာမကို နားလည်ထားပြီးပြီပဲ။ ဖျက်ဆီးခြင်းနိယာမနဲ့ ကိုက်ညီမယ့် တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုကို ဘာလို့ ဖန်တီးမကြည့်တာလဲ။ တိုက်ပွဲဝင်ခန္ဓာကိုယ်နှစ်ခုကို တပြိုင်နက်တည်း ပိုင်ဆိုင်နိုင်အောင် ဘာလို့ မကြိုးစားကြည့်တာလဲ"
လင်းဖုန်း အနည်းငယ် ကြောင်အသွားသည်။ လူတစ်ယောက်တည်းက တိုက်ပွဲဝင်ခန္ဓာကိုယ် နှစ်ခု ပိုင်ဆိုင်နိုင်သည်လော။
.........
"အရှင်မြတ်...အရှင်ဆိုလိုတာက တစ်ချိန်တည်းမှာ ကျွန်တော် တိုက်ပွဲဝင်ခန္ဓာကိုယ်နှစ်ခုကို ပိုင်ဆိုင်နိုင်တာလား။ ဒါပေမဲ့ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဘာလို့ မဖြစ်နိုင်ရမှာလဲ။ တိုက်ပွဲဝင်ခန္ဓာကိုယ်ဆိုတာ တကယ်တော့ ဆဲလ်တွေရဲ့ စီစဉ်ဖွဲ့စည်းမှု ပုံစံတစ်ခုပဲ။ မင်းက ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်တယ်ဆိုရင် တခြား တိုက်ပွဲဝင်ခန္ဓာကိုယ်တွေကိုလည်း ကျင့်ကြံနိုင်တာပေါ့။ ဒါပေမဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်တွေ အများကြီးရှိနေတာက တကယ်တော့ ကောင်းတဲ့အရာတော့ မဟုတ်ဘူး။ အဲဒါက မင်းကို အများကြီး ပိုပြီး အားထုတ်ရစေလိမ့်မယ်။ ဒါပေမဲ့ မင်းက ဖျက်ဆီးခြင်းနိယာမကို နားလည်ထားပြီးသားလေ။ ဖျက်ဆီးခြင်းနိယာမနဲ့ ကိုက်ညီတဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုကို မကျင့်ကြံဘူးဆိုရင် နှမြောစရာ မကောင်းပေဘူးလား"
လင်းဖုန်း ရုတ်တရက် အလင်းပွင့်သွားသည်။ ထိုအချိန်တွင် စိတ်ကူးစိတ်သန်းပေါင်းများစွာက သူ့ဦးနှောက်ထဲ၌ ဖြတ်ပြေးသွား၏။
အမှန်ပင်။ တိုက်ပွဲဝင်ခန္ဓာကိုယ်ဆိုသည်ကား နောက်ဆုံး၌ ဆဲလ်စီစဉ်ဖွဲ့စည်းပုံ နည်းလမ်းတစ်ခုမျှသာ မဟုတ်ပါလော။ သက်ရှိတစ်ယောက်အနေဖြင့် တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ဖွဲ့စည်းပုံနည်းလမ်းကို တတ်မြောက်ထားသရွေ့ မိမိအလိုရှိသလောက် တိုက်ပွဲဝင်ခန္ဓာကိုယ်များကို အဆင်ပြေပြေ ကျင့်ကြံနိုင်သည်။
သို့သော် သာမန်တိုက်ပွဲဝင်ခန္ဓာကိုယ် အများအပြား ရှိနေခြင်းက ကောင်းမွန်သောအရာ မဟုတ်ပေ။
ပထမအချက်အနေဖြင့် ယင်းက အာရုံစိုက်မှုကို ပျံ့လွင့်စေပြီး ကျင့်ကြံသူများအား တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုတည်းကို ပိုမိုအာရုံစိုက်ကျင့်ကြံခြင်းမှ တားဆီးလိမ့်မည်။ ထို့ပြင် ကျင့်ကြံသူများအနေဖြင့် နိယာမများကို နားလည်သဘောပေါက်ရန် လိုအပ်နေသေးရာ ယင်းကလည်း အချိန်များစွာ လိုအပ်သည်။ အကယ်၍ သူတို့အားလုံးက တိုက်ပွဲဝင်ခန္ဓာကိုယ်များစွာကို ဖွဲ့စည်းကျင့်ကြံနေမည်ဆိုပါက နိယာမများကို စူးစမ်းဆင်ခြင်ရန် အဘယ်သို့နှယ် အချိန် ရှိတော့မည်နည်း။
ထို့အပြင် တိုက်ပွဲဝင်ခန္ဓာကိုယ် အများကြီး ရှိနေလျှင်ပင် အလွန်ဆုံးအနေဖြင့် အသုံးပြုနိုင်သော နည်းလမ်းများ ပိုများလာရုံသာရှိသည်။ စွမ်းအားအရာ၌ ကြီးကြီမားမား အသာစီးရမှုမျိုး မရှိနိုင်ပေ။
သို့သော် လင်းဖုန်းကမူ ကွဲပြားသည်။ သူက နိယာမနှစ်မျိုးကို နားလည်သဘောပေါက်ထားသူ ဖြစ်၏။ အကယ်၍ သူသာ ဖျက်ဆီးခြင်းနိယာမနှင့် ကိုက်ညီသော အခြား တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုကို ကျင့်ကြံလိုက်မည်ဆိုပါက သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်စွမ်းအားက ချက်ချင်းဆိုသလို အဆပေါင်းရာချီ တိုးတက်လာလိမ့်မည်။
ယင်းက သိသိသာသာ ခွန်အား တိုးမြင့်လာခြင်းပင်။
"လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်ဘုရားဘုရင်"
"မင်းက ငါ့ကို နတ်ဘုရားဘုရင်လို့ ခေါ်နေတုန်းပဲလား"
"ဆရာ"
လင်းဖုန်း ချက်ချင်း တရိုတသေ ဦးညွှတ် ဂါရဝပြုလိုက်သည်။ ယခုလက်ရှိအချိန်မှစ၍ သူ နတ်ဘုရားဘုရင်ဘီမွန်၏ အစစ်အမှန် တပည့်တစ်ယောက်အဖြစ် ဧကန်မုချ သတ်မှတ်ခံရမည် ဖြစ်သည်။ အတိတ်တုန်းက သူ အလယ်ပိုင်းနယ်မြေတွင် ရှိနေခဲ့သော်လည်း အမည်ခံတပည့်မျှသာ ဖြစ်ခဲ့၏။
သို့သော် ယင်းက အပေါ်ယံ လှတပတ နာမည်နာမ တစ်ခုမျှသာ ဖြစ်သည်။ အမည်ခံတပည့်များက သူတို့ တစ်သက်တာလုံးတွင် နတ်ဘုရားဘုရင်နှင့် တွေ့ခွင့်ရရန် မဖြစ်နိုင်သလောက် ခဲယဉ်းလှ၏။
အထက်ပိုင်းနယ်မြေရှိ တိုက်ရိုက်တပည့်များအတွက်မူ အခြေအနေက မတူကွဲပြားသွားပေမည်။
"ကောင်းပြီ လင်းဖုန်း။ မင်းက အထက်ပိုင်းနယ်မြေမှာ ခြောက်ကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု မပြုရသေးတဲ့ ဂြိုဟ်အဆင့်သက်ရှိ မဖြစ်သေးတဲ့ တစ်ဦးတည်းသော တပည့် ဖြစ်လိမ့်မယ်။ ဒါကြောင့် မင်းအနေနဲ့ ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာဖို့ အမြန်ဆုံး ကြိုးစားပြီး အသွင်ပြောင်းလဲရမယ်"
"ဟုတ်ကဲ့ပါ ဆရာ"
လင်းဖုန်း နတ်ဘုရားဘုရင်ဘီမွန်ကို မော့ကြည့်ကာ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း အနည်းငယ် တုံ့ဆိုင်းနေ၏။
"လင်းဖုန်း... မင်း ဘာမေးချင်လို့လဲ"
"ဆရာ... ဆရာက ကြီးမြတ်တဲ့ ဂလက်ဆီအဆင့် မဟာသက်ရှိတစ်ယောက်လေ။ ကျွန်တော် ဂလက်ဆီအဆင့် သက်ရှိတွေအကြောင်း ခဏခဏ ကြားဖူးပေမဲ့ တစ်ခါမှ မတွေ့ဖူးသေးဘူး... အဲ့ဒါ..."
"ဒါကြောင့်မို့ မင်းက ငါ့ရဲ့ ခန္ဓာကိုယ်အစစ်ကို မြင်ချင်တာပေါ့ ဟုတ်လား"
"ခန္ဓာကိုယ်အစစ်…"
လင်းဖုန်း အနည်းငယ် ကြောင်အသွားသည်။
"ဟုတ်တယ်။ မင်းက အခုမြင်နေရတဲ့ ငါ့ပုံစံကို ခန္ဓာကိုယ်အစစ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်။ ဟားဟားဟား... ဒါက ငါ့ရဲ့ ဆဲလ်တစ်ခုတည်းပဲ ရှိသေးတာ"
"ဆဲလ်တစ်ခုတည်း..."
လင်းဖုန်း မျက်လုံးများ ပြူးကျယ်သွားပြီး ခပ်ဝါးဝါး သံယောင်လိုက်မိသွားသည်။
ဆဲလ်တစ်ခုတည်းကနေ လူတစ်ယောက်အဖြစ် ပြောင်းလဲနိုင်တာလား။ သီးခြားရပ်တည်နိုင်တဲ့ သက်ရှိတစ်ခုလား။
"မင်းက ဝေးလံခေါင်သီတဲ့ ဂလက်ဆီကနေ လာတာဆိုတော့လည်း…အင်း… ဟုတ်ပါပြီ။ သေသေချာချာ ကြည့်ထား"
နတ်ဘုရားဘုရင်ဘီမွန်၏ ပုံရိပ်က လျှပ်ပြတ်သလို လှုပ်ရှားသွားပြီး လင်းဖုန်းကို တိုက်ရိုက်ဖမ်းဆွဲလိုက်သည်။ ထို့နောက် သူ နတ်နန်းမှ ထွက်ခွာကာ အထက်သို့ အလျင်အမြန် ပျံသန်းသွားသည်။ နောက်ဆုံးတွင် နတ်ဘုရားဘုရင်ဘီမွန်တစ်ယောက် အထက်ပိုင်းနယ်မြေမှ ထွက်ခွာလာခဲ့၏။ လင်းဖုန်း စကြာဝဠာအတွင်းရှိ အမျိုးမျိုးသော စွမ်းအင်များကိုပင် အာရုံခံမိနေပြီဖြစ်သည်။
တကယ်ပင် အထက်ပိုင်းနယ်မြေဆိုသည်က စကြာဝဠာထဲတွင် သီးသန့်တည်ဆောက်ထားသည့် နယ်မြေတစ်ခု ဖြစ်၏။
"ကြည့်လိုက်... ငါ့ရဲ့ ခန္ဓာကိုယ်အစစ်က မင်းရှေ့မှာ"
"ဆရာ့ရဲ့ ခန္ဓာကိုယ်အစစ်လား"
လင်းဖုန်း မော့ကြည့်လိုက်သည်။ ပိန်းပိတ်အောင် မှောင်မိုက်နေသော စကြာဝဠာထဲတွင် သူ ဧရာမ တွင်းနက်ကြီးတစ်ခုကိုသာ မြင်တွေ့ရ၏။ မဟုတ်သေး။ ယင်းက ကြယ်ကြီးတစ်လုံးထက်ပင် ပိုကြီးပုံရသည့် ဧရာမ ကောင်းကင်ဝတ္ထုကြီးတစ်ခုပင်။
ဖျစ်
ရုတ်တရက် ထိုဧရာမဂြိုဟ်ကြီးက အနည်းငယ် လှုပ်ရှားသွားပြီး ရုတ်ချည်း ပျောက်ကွယ်သွားသည်။ ကြောက်မက်ဖွယ်ရာ ဧရာမသားရဲကြီးတစ်ကောင်၏ ဝါးမြိုခြင်းကို ခံလိုက်ရသလိုမျိုးပင်။
သို့သော် မည်သို့သော သားရဲကြီးက ထိုမျှကြီးမားလှသည့် ဂြိုဟ်ကြီးကို ဝါးမြိုနိုင်မည်နည်း။
"ဆရာ... ဆရာ့ရဲ့ ခန္ဓာကိုယ်အစစ်က ဘယ်မှာလဲ။ ကျွန်တော် ခုနက ဧရာမ ဂြိုဟ်ကြီးတစ်လုံးကို မြင်လိုက်ရပေမဲ့ အခုတော့ ပျောက်သွားသလိုပဲ"
"ဧရာမဂြိုဟ်ကြီး ဟုတ်လား။ ဒါကို ပြောတာလား"
လင်းဖုန်း မျက်လုံးများ ပြူးကျယ်သွား၏။ ထိုဧရာမဂြိုဟ်ကြီး ပြန်ပေါ်လာသည်ကို သူသတိပြုမိလိုက်သောကြောင့်ပင်။
"လင်းဖုန်း... မင်းမြင်လိုက်ရတဲ့ ဧရာမဂြိုဟ်ကြီးဆိုတာ တကယ်တော့ ငါ့မျက်လုံးပဲ။ စောစောက ပျောက်သွား်ဆိုတာ ငါ မျက်တောင်ခတ်လိုက်လို့လေ"
"မျက်လုံး... မျက်တောင်ခတ်လိုက်လို့..."
လင်းဖုန်း တစ်ခုခုပြောရန် ကြိုးစားလိုက်သော်လည်း အာစေးမိနေသကဲ့သို့ ခံစားလိုက်ရ၏။
မျက်လုံးတစ်လုံး... ထိုမျှကြီးမားလှသော ဂြိုဟ်ကြီးက တကယ်တန်းတွင် နတ်ဘုရားဘုရင်ဘီမွန်၏ မျက်လုံးတစ်လုံးသာ ဖြစ်နေသည်။
လင်းဖုန်းက စိတ်ထဲတွင် အတွေးဖြင့် ပုံဖော်ကြည့်လိုက်သောအခါ ယင်းက တကယ်ပင် မျက်လုံးတစ်လုံးနှင့် တူလှသည်။ ထို့ပြင် အလွန် ဝေးကွာလှသော နေရာတွင်လည်း ထပ်တူညီသည့် ဂြိုဟ်တစ်လုံး ရှိနေသေး၏။ ယင်းက အခြားမျက်လုံးတစ်လုံး ဖြစ်ပေလိမ့်မည်။
'ကြီးလိုက်တဲ့ မျက်လုံးကြီး… ခန္ဓာကိုယ်သာဆို ဘယ်လောက်တောင် ကြီးလိုက်မလဲ'
လင်းဖုန်း စိတ်ကူးပင် မယဉ်နိုင်တော့ပေ။ ထိုမျှကြီးမားလှသော တိုက်ပွဲဝင်ခန္ဓာကိုယ်မှ မှုတ်ထုတ်လိုက်သော လေတစ်ချက်ကပင် မရေမတွက်နိုင်သော ကြယ်တာရာများကို ဖျက်ဆီးပစ်နိုင်သည်။ ဤသည်က အပိုပြောနေခြင်း လုံးဝမဟုတ်ပေ။ ထိုကိစ္စလောက်က နတ်ဘုရင်ဘီမွန်အတွက်မူ လက်ဖျောက်တစ်ချက်တီးရသလို လွယ်ကူပေလိမ့်မည်။
ထိုမျှအထိ ကြီးမားလှသော ခန္ဓာကိုယ်နှင့်ဆိုလျှင် ဆဲလ်တစ်ခုကို ကိုယ်ပွားအဖြစ် ပြောင်းလဲခြင်းက ဘာမှမဟုတ်တော့ပေ။
အကယ်၍ ထိုကိုယ်ပွားများသာ မူလခန္ဓာကိုယ်ဖြင့် တွေ့ဆုံခဲ့မည်ဆိုပါက အပြန်အလှန် စကားပင် ပြောနိုင်ကြမည်မဟုတ်ပေ။ အကြောင်းမှာ ခန္ဓာကိုယ်အစစ်က သက်ပြင်းတစ်ချက် အသာအယာ ချလိုက်ရုံဖြင့် ဘီမွန်ဂြိုဟ်တစ်ခုလုံး ပျက်စီးသွားနိုင်သောကြောင့် ဖြစ်၏။
နတ်ဘုရားဘုရင်ဘီမွန်က နတ်နန်းထဲတွင် ကိုယ်ပွားတစ်ခုကိုသာ ချန်ထားခဲ့သည်မှာ သိပ်မဆန်းတော့ချော
။ မဟုတ်လျှင် ဂြိုဟ်အဆင့်သက်ရှိများပင် နတ်ဘုရားဘုရင်ဘီမွန်၏ မတော်တဆ ထွက်ပေါ်လာသော အသက်တစ်ရှိုက်ကို ကြံ့ကြံ့ခံနိုင်လိမ့်မည် မဟုတ်ပေ။
ထာဝရသိုင်းတာအိုအရှင်