အခန်း ၄၀၈
Vol. 37 Ch. 408
အခန်း (၄၀၈) - မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်
ဘာသာပြန် - အားသစ်
ဝှစ်
လင်းဖုန်းနှင့် နတ်ဘုရားဘုရင်၏ ကိုယ်ပွားတို့ အထက်ပိုင်းနယ်မြေသို့ ပြန်လည်ရောက်ရှိလာကြသည်။ နတ်ဘုရားဘုရင်နှင့် တွေ့ဆုံပြီးသွားပြီဖြစ်၍ လင်းဖုန်း ထိုနေရာ၌ ဆက်မနေတော့ပေ။ နတ်ဘုရားဘုရင်ကို နှုတ်ဆက်ကာ ထွက်ခွာလာတော့သည်။
သူ နတ်ဘုရားဘုရင်နန်းတော်မှ ထွက်ခွာ၍ စံအိမ်သို့ ပြန်ရောက်သောအခါ လောင်ဘီသမ်က အချက်အလက်များကို ရှာဖွေစုဆောင်းထားပြီးဖြစ်၏။ သူ့အမူအရာက အလွန်စိတ်လှုပ်ရှားတက်ကြွနေသည်ကို လင်းဖုန်း တွေ့လိုက်ရသည်။
"ဘာလဲ... ကောင်းတာတစ်ခုခု ရှာတွေ့လို့လား" လင်းဖုန်းက ပြုံးလျက် မေးလိုက်သည်။
"သခင်... ဒီအထက်ပိုင်းနယ်မြေက တကယ့်ကို... ကျွန်တော် ဘယ်လိုဖော်ပြရမယ်မှန်းတောင် မသိတော့ဘူး။ ဒီနေရာက ကျင့်ကြံသူတွေအတွက် တကယ့် သုခဘုံအစစ်ပဲ"
"မင်း ဘာကို ဆိုလိုတာလဲ"
"အထက်ပိုင်းနယ်မြေထဲက ဘယ်တိုက်ပွဲဝင်ခန္ဓာကိုယ်အကြောင်းကိုမဆို သခင့်အနေနဲ့ စိတ်တိုင်းကျ ရှာဖွေလေ့လာကြည့်လို့ရတယ်။ အရာအားလုံးက လူတိုင်းကြည့်နိုင်အောင် ပွင့်ပွင့်လင်းလင်း ချပြထားတာ။ အထက်ပိုင်းနယ်မြေက ဘယ်တပည့်မဆို လေ့လာနိုင်တယ်။ ဒီမှာ မှတ်တမ်းတင် သိမ်းဆည်းထားတဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်စဉ်တွေက ရေတွက်လို့တောင် မရနိုင်ဘူး"
"ပြီးတော့ နိယာမတွေလည်း ရှိသေးတယ်။ ကြီးမြတ်တဲ့နတ်ဘုရားဘုရင်က နိယာမတွေ အများကြီးကို ပုံတူကူးပြီး ဖန်တီးပေးထားတာ။ အဲဒီထဲက အများစုက ဂြိုဟ်အဆင့်နိယာမတွေပဲ။ တပည့်တွေအနေနဲ့ အဲဒါတွေကို ကိုယ်ဆန္ဒရှိသလို လေ့လာဆင်ခြင်နိုင်တယ်။ ဒါကြောင့်မို့လို့ အထက်ပိုင်းနယ်မြေမှာ နိယာမတွေကို နားလည်သဘောပေါက်ထားတဲ့ သက်ရှိတွေ အများကြီးရှိနေတာပေါ့။ ဒါပေမဲ့ သူတို့ထဲက အများစုကတော့ အခြေခံအဆင့်လောက်ပဲ နားလည်ကြတာပါ"
"ကျင့်ကြံခြင်း အရင်းအမြစ်တွေလည်း ရှိသေးတယ်။ ဥပမာအနေနဲ့ဆို မူလလက်နက်တွေပေါ့။ သခင့်အနေနဲ့ လိုအပ်တဲ့ပစ္စည်းတွေကိုသာ စုဆောင်းပေးနိုင်ရင် အထက်ပိုင်းနယ်မြေက အစွမ်းထက်တဲ့ သက်ရှိတွေကို မူလလက်နက်တွေ သန့်စင်ဖန်တီးပေးဖို့ အကူအညီတောင်းလို့ရတယ်။ အတိုချုပ်ပြောရရင် အထက်ပိုင်းနယ်မြေမှာ ခံစားခွင့်ရတဲ့ အခွင့်အရေးတွေက အလယ်ပိုင်းနယ်မြေထက် အဆပေါင်းရာချီမက ပိုကောင်းတယ်ဗျ"
လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ လောင်ဘီသမ်ပြောသည်က အမှန်ဆိုလျှင် အထက်ပိုင်းနယ်မြေက တကယ်ပင် ကောင်းမွန်လှ၏။
"ငါ နတ်ဘုရားဘုရင်အရှင်မြတ်ဆီ သွားတွေ့ခဲ့တယ်။ မယုံနိုင်စရာပဲ။ ဂလက်ဆီအဆင့် သက်ရှိတွေက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်"
ယခုအချိန်အထိတိုင် လင်းဖုန်း နတ်လုရားဘုရင်ဘီမွန်၏ ခန္ဓာကိုယ် မည်မျှအထိ ကြီးမားထည်ဝါကြောင်းကိုသာ တွေးတောနေမိဆဲ ဖြစ်သည်။ ယင်းက ကြီးမားလှသော ဂလက်ဆီတစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်ကောင်း နှိုင်းယှဉ်နိုင်သည်။ သူ့လှုပ်ရှားမှုတိုင်းတွင် အတိုင်းအဆမဲ့ စွမ်းအားများ ကိန်းဝပ်နေ၏။
"ဒါနဲ့... တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံဖို့အတွက် ငါ ဘယ်နေရာ သွားရမလဲ"
......
"တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်စဉ်နည်းလမ်းတွေက တိုက်ပွဲဝင်ခန္ဓာကိုယ်နန်းတော်ထဲမှာ ရှိပါတယ်သခင်။ အဲဒီထဲမှာ အမျိုးအစားမတူတဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ပေါင်း သောင်းနဲ့ချီပြီး ရှိနေတာပါ"
လင်းဖုန်း ခေါင်းညိတ်လိုက်သည်။
သူ အလျင်မလိုသေးပေ။ သူ့နှလုံးသားထဲ၌ ရည်မှန်းချက် အကြီးကြီးတစ်ခု ရှိနေသည်။ သူ ဖျက်ဆီးခြင်းနိယာမနှင့် ကိုက်ညီမည့် တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုကို ကျင့်ကြံလိုရုံသာမက ဟင်းလင်းပြင်နိယာမနှင့် ကိုက်ညီမည့် တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုကိုပါ ကျင့်ကြံလိုနေ၏။
မကြာသေးမီက အထွတ်အမြတ်ကျိန်စာကျောက်ကို အားကိုကာ ဟင်းလင်းပြင်နိယာမက လက်လှမ်းမီနိုင်သော အကွာအဝေးသို့ တဖြည်းဖြည်း နီးကပ်လာနေသည်ဟု သူ ခံစားနေရသည်။
ထို့ကြောင့် လင်းဖုန်း အလျင်မလိုခြင်း ဖြစ်သည်။
အထက်ပိုင်းနယ်မြေသို့ ရောက်ရှိလာကတည်းက လင်းဖုန်း သည်းခံကြိုးစားကာ ကျင့်ကြံနေခဲ့သည်။ အခြားသူများ၏ အမြင်တွင်မူ သူက အမှန်တကယ် အားသွန်ခွန်စိုက် ကျင့်ကြံနေရုံသာ ဖြစ်၏။ သို့သော် လင်းဖုန်းကိုယ်တိုင်ကမူ သူ့ခွန်အားများ နေ့စဉ်နှင့်အမျှ တိုးတက်လာနေသည်ကို ခံစားသိရှိနေရသည်။
ဤသည်က မည်မျှအထိ အံ့သြစရာကောင်းလိုက်သနည်း။
ကျင့်ကြံခြင်းဟူသည် အံ့ဩစရာ အကောင်းဆုံး အတွေ့အကြုံပင်။
အထွတ်အမြတ်ကျိန်စာကျောက်ကို အားကိုးလျက် လင်းဖုန်းတစ်ယောက် ဟင်းလင်းပြင်နိယာမကို အစွမ်းကုန် အာရုံစိုက်ကာ နားလည်သဘောပေါက်နိုင်ရန် ကြိုးစားခဲ့သည်။ အထွတ်အမြတ်ကျိန်စာကျောက်က လင်းဖုန်းကို စိတ်ပျက်မသွားစေခဲ့ချေ။ နောက်ဆုံးတွင် တစ်လခန့်အကြာ၌ လင်းဖုန်း အခွင့်အရေးတစ်ခုကို အာရုံခံမိသွားသည်။
ရွှစ်
လင်းဖုန်း လက်ကိုဆန့်ထုတ်ကာ ဟင်းလင်းပြင်ကို အသာအယာ ဖြတ်တောက်လိုက်သည်။ ထူးဆန်းသော ခံစားချက်တစ်ခု ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ထဲ၌ အက်ကွဲကြောင်းတစ်ခု ပေါ်လာ၏။
ထိုအက်ကွဲကြောင်းက အလွန်သေးငယ်ပြီး မျက်စိတစ်မှိတ်အတွင်း ပြန်လည်ကောင်းမွန်သွားသည်။ သို့သော်လည်း ဟင်းလင်းပြင်က အမှန်တကယ် ဆုတ်ဖြဲခံလိုက်ရကြောင်း လင်းဖုန်း ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။ ထိုသည်က စောစောက သူ အသာအယာ ဖြတ်တောက်လိုက်ခြင်းကြောင့် ဖြစ်သည်။
လင်းဖုန်း အခြားမည်သည့် စွမ်းအားကိုမျှ အသုံးမပြုခဲ့ချေ။ ဟင်းလင်းပြင်နိယာမ သက်သက်ကိုသာ အသုံးပြုခဲ့သည်။
"အခြေခံအဆင့် ဟင်းလင်းပြင်နိယာမပဲ။ ဒါပေမဲ့ စကြာဝဠာထဲမှာ ဟင်းလင်းပြင်က အရမ်း ခိုင်မာလွန်းတယ်။ အခြေခံအဆင့် ဟင်းလင်းပြင်နိယာမနဲ့ဆို စကြာဝဠာဟင်းလင်းပြင်ကိုတောင် ပုံပျက်အောင် မလုပ်နိုင်ဘူး။ တကယ်လို့ ဟင်းလင်းပြင်နိယာမကို ဂြိုဟ်အဆင့်အထိ မြှင့်တင်နိုင်ရင်တော့ အခြေအနေက ကွဲပြားသွားလိမ့်မယ်"
လင်းဖုန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဟင်းလင်းပြင်နိယာမက အခြားနိယာမများနှင့် အနည်းငယ် ကွဲပြားနေသည်ကို သူ အာရုံခံမိ၏။ ယင်းက ကနဦးအဆင့်များတွင် တိုက်ခိုက်ရေးစွမ်းရည်ပိုင်း၌ သိပ်အသုံးမဝင်လှပေ။
သို့သော် ထူးခြားသော နိယာမတစ်ခုအနေဖြင့် ဟင်းလင်းပြင်ကို ပုံသဏ္ဌာန်ပြောင်းလဲခြင်း သို့တည်းမဟုတ် ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်းမျိုး ပြုလုပ်နိုင်သွားသည်နှင့် ယင်းက အလွန်အသုံးဝင်လာပေလိမ့်မည်။ တကယ်တော့ စကြာဝဠာကြီးက မည်မျှပင် အန္တရာယ်များပါစေ။ဟင်းလင်းပြင်နိယာမ ရှိနေပါက စကြာဝဠာအတွင်း လွတ်လွတ်လပ်လပ် သွားလာနိုင်ပေလိမ့်မည်။
အန္တရာယ်နှင့် ရင်ဆိုင်ရလျှင်ပင် ဟင်းလင်းပြင်ကို ဖြတ်ကျော်ရွှေ့ပြောင်းခြင်းဖြင့် ထွက်ခွာသွားနိုင်ရာ မည်သူမျှ မတိုက်ခိုက်နိုင်သော အခြေအနေသို့ ရောက်ရှိသွားပေမည်။
သူ ဟင်းလင်းပြင်နိယာမကို နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်သည်။ ဟင်းလင်းပြင်နိယာမ ဂြိုဟ်အဆင့်သို့ ရောက်ရှိရန်ကမူ အလွန် အလှမ်းကွာနေသေးသဖြင့် လင်းဖုန်းသည် တံခါးပိတ်ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။ ထိုအစား သူ ကျင့်ကြံခြင်းမှထွက်ကာ တိုက်ပွဲဝင်ခန္ဓာကိုယ်နန်းတော်သို့ သွားရန် ပြင်ဆင်လိုက်၏။
သူ့အနေဖြင့် ဖျက်ဆီးခြင်းနိယာမနှင့် ကိုက်ညီမည့် တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုကို ဖန်တီးရန် လိုအပ်နေသည်။ အကယ်၍ ဖြစ်နိုင်လျှင် ဟင်းလင်းပြင်နိယာမနှင့် ကိုက်ညီမည့် တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုကိုပါ ကျင့်ကြံချင်သေးသည်။
လောင်ဘီသမ်ကို လမ်းပြခိုင်းမနေတော့ဘဲ လင်းဖုန်း မြေပုံကို အားကိုးကာ တိုက်ပွဲဝင်ခန္ဓာကိုယ်နန်းတော်ကို ရှာဖွေလိုက်သည်။
ဤတိုက်ပွဲဝင်ခန္ဓာကိုယ်နန်းတော်က အတော်ပင် ခမ်းနားထည်ဝါလှသော်လည်း အတွင်း၌ မည်သူမျှ ရှိမနေချေ။ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံကြသည့်အခါ လူအများစုက ပထမဆုံးအနေဖြင့် တိုက်ပွဲဝင်ခန္ဓာကိုယ် တစ်ခုတည်းကိုသာ ရွေးချယ်တတ်ကြသည်။ တစ်ကြိမ်ရွေးချယ်ပြီးပါက ယင်းကို ပြောင်းလဲလေ့မရှိကြချေ။
ထို့ကြောင့် တိုက်ပွဲဝင်ခန္ဓာကိုယ်နန်းတော်သို့ လာရောက်လည်ပတ်သူ အလွန်နည်းပါးခြင်း ဖြစ်၏။
ထို့ပြင် တိုက်ပွဲဝင်ခန္ဓာကိုယ်နန်းတော်တွင် စောင့်ကြပ်သူမရှိသော်လည်း ဉာဏ်ရည်တု ကာကွယ်ရေးစနစ်များ ရှိသည်။ အထက်ပိုင်းနယ်မြေမှ တပည့်များသာ အတွင်းသို့ ဝင်ရောက်နိုင်သည်။ လင်းဖုန်း၏ အထောက်အထားစိစစ်မှု အောင်မြင်ပြီးနောက် သူ တိုက်ပွဲဝင်ခန္ဓာကိုယ်နန်းတော်ထဲသို့ အောင်အောင်မြင်မြင် ဝင်ရောက်သွားသည်။
တိုက်ပွဲဝင်ခန္ဓာကိုယ်နန်းတော်ထဲတွင် စာအုပ်စာတမ်းများ ရှိမနေပေ။ အလင်းလုံးများသာ ရှိနေသည်။
တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်စဉ်အားလုံးကို ထိုအလင်းလုံးများထဲ၌ ဝှက်ထားခြင်းဖြစ်၏။ အလင်းလုံးများ၏ အပြင်ဘက်တွင်မူ တိုက်ပွဲဝင်ခန္ဓာကိုယ်များနှင့် ပတ်သက်သည့် ရိုးရှင်းသော မိတ်ဆက်စာသားအချို့ ရှိနေသည်။
ထိုနေရာတွင် တိုက်ပွဲဝင်ခန္ဓာကိုယ်ပေါင်း သောင်းနှင့်ချီ၍ အမှန်ပင် ရှိနေ၏။
စကြာဝဠာအတွင်း၌ တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်ကြံနည်းများစွာ ရှိနေသည်မှာ သဘာဝကျသော်လည်း ဘီမွန်နတ်နန်း၏ အထက်ပိုင်းနယ်မြေတွင်သာ ဤကဲ့သို့သော အခွင့်အရေးမျိုးကို ရရှိနိုင်သည်။ သူတို့က တိုက်ပွဲဝင်ခန္ဓာကိုယ်များကို လွတ်လွတ်လပ်လပ် စစ်ဆေးကာ ကျင့်ကြံနိုင်ကြသည်။
အလယ်ပိုင်းနှင့် အောက်ပိုင်းနယ်မြေများတွင်မူ တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုကို ကျင့်ကြံရန် သို့မဟုတ် စစ်ဆေးရန်ပင် အလွန်ခက်ခဲလှပေလိမ့်မည်။
တိုက်ပွဲဝင်ခန္ဓာကိုယ်များကို လွတ်လွတ်လပ်လပ် ကျင့်ကြံခွင့် စစ်ဆေးခွင့် ရှိသော်လည်း ယင်းတို့ကို သီးသန့် ခိုးယူသင်ကြားပေးခွင့် မရှိပေ။ မဟုတ်ပါက တစ်စုံတစ်ယောက်က သိသွားလျှင် ဘီမွန်နတ်နန်းတွင် သီးသန့် တည်ရှိနေသော ဥပဒေစိုးမိုးရေးနန်းတော်ရှိနေပြီး ပြင်းထန်သော အပြစ်ပေးမှုများကို ပြုလုပ်လိမ့်မည်ဖြစ်သည်။
ကျယ်ပြောလှသော စကြာဝဠာကြီးထဲတွင် ဖြစ်လင့်ကစား နတ်နန်း၏ ဥပဒေစိုးမိုးရေးအဖွဲ့ဝင်များထံမှ ထွက်ပြေးလွတ်မြောက်ရန် တွေးတောခြင်းက စိတ်ကူးယဉ်အိပ်မက်မျှသာ ဖြစ်ပေမည်။ လက်ရှိအချိန်အထိ ဥပဒေစိုးမိုးရေးနန်းတော်က မည်သည့်အခါကမျှ မအောင်မြင်ဘဲ မရှိခဲ့ဖူးချေ။
ထို့ပြင် မည်သူမျှလည်း နတ်နန်းနှင့် ကြီးမြတ်သော ဂလက်ဆီအဆင့် သက်ရှိတစ်ဦးကို ထိုမျှလွယ်လွယ်ကူကူ သစ္စာဖောက်ဝံ့မည် မဟုတ်ပေ။
လင်းဖုန်းသည် တိုက်ပွဲဝင်ခန္ဓာကိုယ် တစ်ခုပြီးတစ်ခု လှန်လှောကြည့်ရှုခဲ့သည်။ သူ ပထမဆုံးအနေဖြင့် ဖျက်ဆီးခြင်းနိယာမနှင့် သက်ဆိုင်သော တိုက်ပွဲဝင်ခန္ဓာကိုယ်များကို ရှာဖွေခဲ့၏။ ဤသို့သော တိုက်ပွဲဝင်ခန္ဓာကိုယ်များက တိုက်စစ်ပိုင်း၌ အလွန်အားကောင္းသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်များ ဖြစ်ရပေမည်။
အဆုံးတွင်မူ ဖျက်ဆီးခြင်းနိယာမက ပျက်စီးခြင်းကို ကိုယ်စားပြု၏။
ထိုနေရာ၌ ဖျက်ဆီးခြင်းနိယာမနှင့် သက်ဆိုင်သော တိုက်ပွဲဝင်ခန္ဓာကိုယ် မှားစွာ ရှိနေသည်။ အဆုံးတွင်မူ ဖျက်ဆီးခြင်းနိယာမက စကြာဝဠာထဲ၌ အတော်ပင် တွေ့ရများသော နိယာမတစ်ခု ဖြစ်၏။ စကြာဝဠာကြီးက အချိန်ပြည့် ပျက်စီးခြင်းများနှင့် ပေါက်ကွဲမှုများဖြင့် ပြည့်နှက်နေ၏။ ဖျက်ဆီးခြင်းနိယာမ၏ စွမ်းအားက အံ့သြစရာကောင်းလှသည်။ ယင်းက ပျက်စီးခြင်းကို အဓိက အထူးပြုထားခြင်းကြောင့် ကျွမ်းကျင်သူများစွာ၏ နှစ်သက်သဘောကျခြင်းကို ခံရသည်မှာ သဘာဝကျပေသည်။
သို့သော် တစ်ချိန်တည်းမှာပင် ဖျက်ဆီးခြင်းနိယာမသည် နားလည်သဘောပေါက်နိုင်ရန် အလွန်ခက်ခဲလှသော နိယာမလည်း ဖြစ်သည်။
"မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်။ စကြာဝဠာ မဟာပေါက်ကွဲမှုဆီကနေ စိတ်ကူးဉာဏ်ရယူထားတာ။ ဒီတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံဖို့အတွက် ကျင့်ကြံသူက ဖျက်ဆီးခြင်းနိယာမကို နားလည်သဘောပေါက်ထားရမယ်။ မဟုတ်ရင် သူတို့အနေနဲ့ ကျင့်စဉ်ရဲ့စွမ်းအား ဆယ်ရာခိုင်နှုန်းအောက်ကိုပဲ အသုံးပြုနိုင်လိမ့်မယ်"
လင်းဖုန်း၏ ရင်ဘတ်ထဲမှ နှလုံးခုန်သံ မြန်သွားသည်။ သူ မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို သဘောကျသွားခဲ့သည်။
မိတ်ဆက်စာသားကို ကြည့်ရုံမျှဖြင့် ဤမဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ထူးခြားဆန်းပြားလှသည်။ ယင်းက စကြာဝဠာ၏ မဟာပေါက်ကွဲမှုဆီမှ စိတ်ကူးဉာဏ်ကို အမှန်တကယ် ရယူထားခြင်း ဖြစ်၏။ ထိုသည်ကား စကြာဝဠာတစ်ခုလုံး၏ ပျက်စီးခြင်းပင်။ ယင်းအတွက် လိုအပ်မည့် အဖျက်စွမ်းအားက မည်မျှအထိ ထိတ်လန့်စရာ ကောင်းလိုက်မည်နည်း။
မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်တွင် ပြန်လည်ကုစားနိုင်စွမ်း သို့တည်းမဟုတ် ကာကွယ်ရေးစွမ်းရည်များ မရှိချေ၊ ဖျက်ဆီးခြင်း သက်သက်သာ ရှိသည်။ မဟာအဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို တစ်ကြိမ် အသုံးပြုလိုက်သည်နှင့် မြင်ကွင်းထဲရှိ အရာအားလုံး ပျက်စီးသွားပေလိမ့်မည်။ ယင်းက အလွန်အစွန်းရောက်သော တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုပင်။
ဤကဲ့သို့သော အစွန်းရောက် တိုက်ပွဲဝင်ခန္ဓာကိုယ်မျိုးက အားနည်းသည့် အနေအထားမှ အားသာသူကို အနိုင်ယူနိုင်သော်လည်း ကျင့်ကြံရန်ကမူ ခက်ခဲလှသည်။ ထို့ပြင် အလွန် အစွန်းရောက်လွန်းခြင်းကလည်း အမြဲတမ်း ကောင်းနေသည် မဟုတ်ပေ။ အကယ်၍ တစ်ယောက်ယောက်က ဖျက်ဆီးခြင်းနိယာမကို နားလည်မထားပါက ဤမဟာအဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအားက သာမန်မျှသာ ဖြစ်နေပေလိမ့်မည်။ အခြား တိုက်ပွဲဝင်ခန္ဓာကိုယ်တချို့ထက်ပင် များစွာ နိမ့်ကျနေနိုင်သည်။
သို့သော် လင်းဖုန်းကမူ ယင်းကို အလွန် ကျေနပ်အားရနေသည်။ အဆုံးတွင်မူ သူ့၌ တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုတည်း ရှိနေခြင်းမဟုတ်ပေ။ မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို သီးခြား အခြေအနေများတွင်သာ အသုံးပြုမည်ဖြစ်၏။ ထို့ကြောင့် လင်းဖုန်း၏ ကျင့်ကြံခြင်းကို ထိခိုက်စေမည်မဟုတ်ပေ။ ထို့အပြင် သူ၏ ဖျက်ဆီးခြင်းနိယာမကလည်း အနာဂတ်တွင် တဖြည်းဖြည်း ပိုမိုသန်မာလာပေဦးမည်။ ဖျက်ဆီးခြင်းနိယာမက မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ကျင့်ကြံခြင်းနောက်သို့ မလိုက်ပါနိုင်မည်ကို သူ စိုးရိမ်မနေပေ။
ထာဝရသိုင်းတာအိုအရှင်