အခန်း ၄၀၉
Vol. 37 Ch. 409
အခန်း (၄၀၉) - တိုက်ပွဲဝင်ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်းခြင်း
ဘာသာပြန် - အားသစ်
လင်းဖုန်းသည် မဟာအဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ရွေးချယ်ခဲ့သော်လည်း ချက်ချင်း အလျင်စလို မကျင့်ကြံခဲ့ပေ။ သူ၏ လက်ရှိ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က အခြားတိုက်ပွဲဝင်ခန္ဓာကိုယ်များကို ကျင့်ကြံရန် အထောက်အပံ့ပေးနိုင်လောက်အောင် သန်မာနေပြီဖြစ်သော်လည်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံခြင်းဟူသည် နေ့ချင်းညချင်း ပြီးမြောက်နိုင်သောအရာ မဟုတ်ပေ။
"ဟင်းလင်းပြင်နိယာမနဲ့ ကိုက်ညီမယ့် တိုက်ပွဲဝင်ခန္ဓာကိုယ်"
လင်းဖုန်း မဟာအဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ရွေးချယ်ပြီးနောက် သူ့အာရုံကို ဟင်းလင်းပြင်နိယာမထံသို့ အလှည့်ပြောင်းလိုက်သည်။
အချိန်နိယာမနှင့် ဟင်းလင်းပြင်နိယာမတို့သည် နိယာမအားလုံးထဲတွင် အလွန်ထူးခြားသော နိယာမများဟု သတ်မှတ်နိုင်၏။ နိယာမအားလုံးထဲတွင် အချိန်နှင့် ဟင်းလင်းပြင်က အမြင့်မြတ်ဆုံးဟု ပြောစမှတ်ပြုကြသည့် စကားပင် ရှိသေး၏။
ကျယ်ပြောလှသော စကြာဝဠာကြီးထဲတွင် ဟင်းလင်းပြင်ဆိုင်ရာ မွေးရာပါ ပါရမီရှိသူ ကျင့်ကြံသူများက အလွန်မြင့်မားသည့် အဆင့်အတန်းကို ရရှိကြသည်။ စင်စစ်တွင် ဟင်းလင်းပြင်လမ်းကြောင်းများကလည်း ဟင်းလင်းပြင်နိယာမကို ကျင့်ကြံသူများက တည်ဆောက်ထားခြင်း ဖြစ်၏။
အချိန်နိယာမအတွက်မူ ယင်းက အလွန့်အလွန် ရှားပါးလွန်းလှသည်။ လင်းဖုန်းအနေဖြင့် အချိန်နိယာမကို နားလည်သဘောပေါက်ထားသူ တစ်ယောက်တစ်လေ အကြောင်းကိုပင် တစ်ခါမှ မကြားခဲ့ဖူးချေ။ အထွတ်အမြတ်ကျိန်စာကျောက်ကဲ့သို့ အမြင့်မြတ်ဆုံး ရတနာရှိနေလျှင်ပင် လင်းဖုန်းအတွက် အချိန်နိယာမကို နားလည်သဘောပေါက်ရန်က မဖြစ်နိုင်သလောက်ပင် ခက်ခဲလှသည်။
သူ အချိန်နိယာမကို နားလည်နိုင်စွမ်း မရှိသော်လည်း ဟင်းလင်းပြင်နိယာမကိုမူ နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။ ထို့အပြင် အထွတ်အမြတ်ကျိန်စာကျောက်၏ အကူအညီဖြင့် သူ၏ ဟင်းလင်းပြင်နိယာမက စဉ်ဆက်မပြတ် ဆက်လက် တိုးတက်နေမည်ဖြစ်ကာ နောက်ဆုံးတွင် အလွန်အစွမ်းထက်လာမည်မှာ သေချာလှသည်။
ထို့ကြောင့် ဟင်းလင်းပြင်နိယာမနှင့် ကိုက်ညီမည့် တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုကို ရွေးချယ်ရန်အတွက် အလွန်လိုအပ်လှ၏။ ယခုအချိန်တွင် အသုံးမဝင်သေးလျှင်ပင် နောင်အနာဂတ်တွင် သေချာပေါက် အသုံးဝင်လာပေလိမ့်မည်။
သို့သော် တိုက်ပွဲဝင်ခန္ဓာကိုယ် နန်းတော်ထဲတွင် ဟင်းလင်းပြင်နိယာမနှင့် ကိုက်ညီသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်များက အလွန်တရာ ရှားပါးလွန်းလှသည်။ မည်မျှအထိ ရှားပါးသလဲဆိုလျှင် လင်းဖုန်းတစ်ယောက် အချိန်အတော်ကြာ ရှာဖွေပြီးသည့်တိုင် တစ်ခုမှ ရှာမတွေ့နိုင်လောက်အောင်ပင် ဖြစ်၏။
သို့သော်လည်း တိုက်ပွဲဝင်ခန္ဓာကိုယ် နန်းတော်သည် ဘီမွန်နတ်နန်းအတွင်းရှိ တိုက်ပွဲဝင်ခန္ဓာကိုယ်ကျင့်စဉ်အားလုံးကို သိမ်းဆည်းထားသောနေရာ ဖြစ်သည်။ မည်မျှပင် ရှားပါးပါစေ ဟင်းလင်းပြင်နိယာမနှင့် ကိုက်ညီသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်များ ရှိနေဦးမည်သာ။
နောက်ဆုံးတွင် လင်းဖုန်း ဟင်းလင်းပြင်နိယာမနှင့် လိုက်ဖက်သည့် တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုကို ရှာတွေ့သွားသည်။ ထိုကဲ့သို့ တိုက်ပွဲဝင်ခန္ဓာကိုယ်က တစ်ခုတည်းသာ ရှိသဖြင့် လင်းဖုန်းအတွက် အခြားရွေးချယ်စရာ မရှိတော့ချေ။
ထိုတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ဟု ခေါ်တွင်၏။
ယင်းက ထူးခြားသည့ါ တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။ ဟင်းလင်းပြင်နိယာမ မရှိလျှင်ပင် ၎င်းကို ကျင့်ကြံနိုင်သေးသည်။ ဤတိုက်ပွဲဝင်ခန္ဓာကိုယ်၏ တိုက်ခိုက်ရေးစွမ်းရည်က မသန်မာပေ။ တိုက်ပွဲအတွက် သီးသန့်ရည်ရွယ်ထားခြင်းလည်း မဟုတ်ပေ။ အထောက်အကူပြု တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုသာ ဖြစ်သည်။
သက်ရှိတစ်ယောက်အနေဖြင့် ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖန်တီးနိုင်သွားသည်နှင့် အတိုင်းအတာတစ်ခုအထိ နေရာရွှေ့ပြောင်းခြင်းကို ပြုလုပ်နိုင်မည် ဖြစ်သည်။ မှန်ပေ၏။ ယင်းက ဟင်းလင်းပြင်ရွှေ့ပြောင်းခြင်းပင် ဖြစ်သည်။ ဟင်းလင်းပြင်နိယာမကို မဖြစ်မနေ လိုအပ်သည်မဟုတ်သော်လည်း ကျင့်ကြံသူတွင် ဟင်းလင်းပြင်ဆိုင်ရာ မွေးရာပါ ပါရမီ ရှိရပေမည်။
ထို့အပြင် ထိုကဲ့သို့ ခရီးတို နေရာရွှေ့ပြောင်းခြင်းကို ဂြိုဟ်တစ်ခုအတွင်း၌သာ အသုံးပြုနိုင်ပြီး အလွန်အစွမ်းထက်သော ဂြိုဟ်မျိုးတွင်ဆိုလျှင် မရနိုင်ချေ။ အလွန်အစွမ်းထက်သော ဂြိုဟ်တစ်လုံး၏ ဟင်းလင်းပြင်က အလွန့်အလွန် တည်ငြိမ်လွန်းလှသည်။ သက်ရှိတစ်ယောက်အနေဖြင့် ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံထားလျှင်ပင် ဟင်းလင်းပြင်ရွှေ့ပြောင်းရန်က အလွန်ခက်ခဲလိမ့်မည် ဖြစ်၏။
ဥပမာအားဖြင့် ဘီမွန်ဂြိုဟ်နှင့် ရိုယာအင်ပါယာဂြိုဟ်ကဲ့သို့ ကြီးမားလှသည့် ဂြိုဟ်ကြီးများပေါ်တွင် ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ် သက်သက်ဖြင့် ဟင်းလင်းပြင်ရွှေ့ပြောင်းရန်က မဖြစ်နိုင်သလောက်ပင်။ အဘယ်ကြောင့်ဆိုသော် ထိုကြီးမားလှသော ဂြိုဟ်ကြီးများ၏ အတွင်းဘက်ဟင်းလင်းပြင်က အလွန်တရာ တည်ငြိမ်လွန်းနေ၏။
သို့ဆိုလျှင် ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က တန်ဖိုးရှိမရှိသလို ဖြစ်နေသည်။ သို့သော် ထူးခြားသည့် အထောက်အကူပြု တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုအနေဖြင့် ယင်းကို ဤသို့သော နည်းလမ်းဖြင့် အသုံးပြုရန် မဟုတ်ပေ။ ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံရခြင်း၏ အခြေခံအကျဆုံး အကြောင်းပြချက်က ကျင့်ကြံသူအား ဟင်းလင်းပြင်နိယာမကို ပိုမိုနားလည်သဘောပေါက်လာစေရန် ကူညီပေးဖို့သာ ဖြစ်သည်။
ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်သည် ကနဦးကတည်းက ဟင်းလင်းပြင်နိယာမနှင့် အလွန်တရာ လိုက်ဖက်ညီလှ၏။ တစ်ကြိမ်မျှ ကျင့်ကြံပြီးသွားပါက ယင်းထံမှ အသိအမြင်များကို ရယူနိုင်ပြီး ဟင်းလင်းပြင်နိယာမကို ပိုမိုလွယ်ကူစွာ နားလည်သဘောပေါက်လာစေနိုင်သည်။ ကျင့်ကြံသူတစ်ဦးက ဟင်းလင်းပြင်နိယာမကို နားလည်သဘောပေါက်သွားပြီး ယင်းကို ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် ပူးတွဲအသုံးပြုလိုက်မည်ဆိုပါက အခြေအနေက လုံးဝကွဲပြားသွားပေလိမ့်မည်။
အခြေခံအဆင့် ဟင်းလင်းပြင်နိယာမက ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ဟင်းလင်းပြင်ဖြတ်သန်းနိုင်စွမ်းကို ဆယ်ဆအထိ တိုးမြင့်ပေးနိုင်သည်။
ထိုအချိန်ရောက်လျှင် ဘီမွန်ဂြိုဟ်နှင့် ရိုယာအင်ပါယာဂြိုဟ်ကဲ့သို့သော အလွန်ကြီးမားသည့် ဂြိုဟ်ကြီးများပေါ်တွင်ပင် ဟင်းလင်းပြင်ရွှေ့ပြောင်းခြင်းကို ပြုလုပ်နိုင်သွားမည် ဖြစ်သည်။ စကြာဝဠာထဲ၌ပင် ဖြစ်လင့်ကစား အခြေခံအဆင့် ဟင်းလင်းပြင်နိယာမကို ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် ပေါင်းစပ်အသုံးပြုလိုက်ပါက အကွာအဝေးတိုအတွင်း ရွှေ့ပြောင်းသွားလာနိုင်မည် ဖြစ်၏။
သို့တစေ ယင်းက အကွာအဝေးတိုတစ်ခုအတွက်သာဖြစ်ပြီး ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်အပေါ်ကိုလည်း အတိုင်းအတာတစ်ခုအထိ ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မည်။ ဟင်းလင်းပြင်နိယာမက ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားမှသာ ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က စကြာဝဠာဟင်းလင်းပြင်ကို ဆန္ဒရှိသလို ဖြတ်ကျော်နိုင်မည် ဖြစ်သည်။ ထိုအချိန်ကျမှသာ ဤတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြုပြီး အပြောကျယ်လှသော စကြာဝဠာကြီး၏ မည်သည့်နေရာသို့မဆို လွတ်လွတ်လပ်လပ် ခရီးနှင်နိုင်ပေလိမ့်မည်။
"ငါ ဒီတိုက်ပွဲဝင်ခန္ဓာကိုယ်နှစ်ခုလုံးကို ရွေးမယ်။ မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်နဲ့ ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်"
နောက်ဆုံးတွင် လင်းဖုန်းသည် ထိုတိုက်ပွဲဝင်ခန္ဓာကိုယ်နှစ်ခုကို ရွေးချယ်လိုက်တော့သည်။ ထို့နောက် သူ အလင်းလုံးများကို ဖမ်းဆွဲလိုက်ရာ ချက်ချင်းဆိုသလို မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်တို့၏ အသေးစိတ်ကျင့်ကြံခြင်း နည်းလမ်းများက သူ့ဦးနှောက်ထဲသို့ ရောက်ရှိလာတော့သည်။
ထိုကျင့်ကြံခြင်း နည်းလမ်းများဆိုသည်မှာ တကယ်တော့ ဆဲလ်များ စီစဉ်ဖွဲ့စည်းမှု ပုံစံစနစ်များသာ ဖြစ်ကြသည်။ အသစ်အသစ်သော တိုက်ပွဲဝင်ခန္ဓာကိုယ်တိုင်းက စကြာဝဠာအတွင်းရှိ ကျင့်ကြံသူများ၏ ရေတွက်၍မရနိုင်သော စမ်းသပ်မှုများနှင့် မွမ်းမံမှုများအပြီးတွင်မှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။
အလင်းလုံးများထဲမှ တိုက်ပွဲဝင်ခန္ဓာကိုယ်ကျင့်စဉ်နည်းလမ်းများက ဦးနှောက်ထဲတွင် လုံးဝစွဲထင်သွားပြီး မည်သည့်အခါမျှ မေ့ပျောက်သွားလိမ့်မည်မဟုတ်ချေ။
လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်နှစ်ခုလုံးကို ရွေးချယ်ပြီးနောက် တိုက်ပွဲဝင်ခန္ဓာကိုယ်နန်းတော်မှ ထွက်ခွာကာ စံအိမ်သို့ ပြန်လာခဲ့သည်။ ထို့နောက် ထိုတိုက်ပွဲဝင်ခန္ဓာကိုယ်နှစ်ခုကို စတင်ကြိုးစားကျင့်ကြံတော့သည်။
ပထမဆုံးအနေဖြင့် မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ် ဖြစ်သည်။
လင်းဖုန်း ယခင်ကတည်းက ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံထားဖူးသဖြင့် မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို တတ်မြောက်ရန်က သူ့အတွက် အတော်ပင် လွယ်ကူလှသည်။ ယေဘုယျအားဖြင့် တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခု၏ စံနှုန်းကို ၎င်း၏ အရွယ်အစားဖြင့် တိုင်းတာကြသည်။
သို့သော်လည်း တူညီသော အရွယ်အစားရှိသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်များအကြားတွင်လည်း စံနှုန်းကွာခြားချက် မရှိနိုင်သလော။
ထိုသို့မဟုတ်ပေ။ တိုက်ပွဲဝင်ခန္ဓာကိုယ်များ၏ အကျိုးသက်ရောက်မှုချင်းက တစ်ခုနှင့်တစ်ခု ကွဲပြားကြသည်။ ဥပမာအားဖြင့် ပေါက်ကွဲအားနှင့် ဖျက်ဆီးအားပိုင်းတွင် မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကြောက်စရာကောင်းသည်ဟု သတ်မှတ်နိုင်သည်။ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လျှင် လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်သည်ပင် ယင်းကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
အထူးသဖြင့် ဖျက်ဆီးခြင်းနိယာမ၏ ပံ့ပိုးမှုနှင့်ဆိုလျှင် ယင်းက ပို၍ပင် ကြောက်စရာကောင်းလှသည်။ မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က သူ့ရှေ့မှောက်ရှိ အရာအားလုံးကို ပြာအတိဖြစ်အောင် ချေမှုန်းပစ်လိမ့်မည်။ ယင်းက တိုက်ပွဲနှင့် ဖျက်ဆီးခြင်းအတွက် သီးသန့်ဖန်တီးထားသော တိုက်ပွဲဝင်ခန္ဓာကိုယ် ဖြစ်သည်။
တိုက်ပွဲဝင်ခန္ဓာကိုယ်ဆိုသည်မှာ ဆဲလ်များ၏ စီစဉ်ဖွဲ့စည်းမှု စနစ်တစ်ခုမျှသာဖြစ်ကြောင်း လင်းဖုန်း ကောင်းကောင်း သိရှိထားပြီး ဖြစ်သည်။
ထို့ကြောင့် လင်းဖုန်းသည် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သည်။ ကီလိုမီတာ ၆၅၀ ရှိသော ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က အလွန်တရာ သန်မာလှ၏။ ဆဲလ်တိုင်းတွင် အသက်အားများနှင့် ခွန်အားများ ပြည့်လျှံထွက်တော့မလို ခံစားနေရသည်။
သို့သော် နတ်ဘုရားဘုရင်ဘီမွန်နှင့် နှိုင်းယှဉ်ကြည့်လျှင်မူ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ပုရွက်ဆိတိတစ်ကောင်အလား အားနည်းလှပေမည်။ သူ့အနေဖြင့် ဆဲလ်တစ်ခုတည်းကို သီးခြားရပ်တည်နိုင်သော သက်ရှိတစ်ခုအဖြစ် ပြောင်းလဲပစ်ရန်က အလွန် အလှမ်းကွာနေသေးသည်။
သို့သော်လည်း လင်းဖုန်းအနေဖြင့် တိုက်ပွဲဝင်ခန္ဓာကိုယ်ထဲမှ ဆဲလ်များကို ထိန်းချုပ်ကာ အလျင်အမြန် ပုံစံပြောင်းလဲနိုင်သည်။ ယင်းက အနန္တအသွင်ပြောင်းလဲခြင်းပင်။
ယခုလက်ရှိအချိန်တွင် လင်းဖုန်း ယခင်ကထက် ပိုမိုစေ့စပ်သေချာပြီး ပို၍လည်း ရဲရဲတင်းတင်း ရှိလာသည်။
သူ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ထဲမှ ဆဲလ်အားလုံးကို ပြန်လည်စီစဉ်ဖွဲ့စည်းလို၏။ ယင်းက အလွန်ရဲတင်းလွန်းရာကျသော်လည်း နောက်ထပ် တိုက်ပွဲဝင်ခန္ဓာကိုယ်များကို ကျင့်ကြံရန်အတွက် မဖြစ်မနေ ဖြတ်သန်းရမည့် လုပ်ငန်းစဉ်လည်း ဖြစ်သည်။
လင်းဖုန်း စိတ်လှုပ်ရှားမှုများကို ငြိမ်သက်အောင် ပြုလုပ်လိုက်သည်။ အရာအားလုံး အဆင်သင့်ဖြစ်ပြီဟု ခံစားရပြီးနောက် သူ ချက်ချင်း စတင်လှုပ်ရှားလိုက်တော့သည်။
ဝုန်း
လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကြီး ပြိုလဲသွား၏။ မှန်ပေ၏။ ယင်းက သဲအိမ်တစ်လုံးပမာ ချက်ချင်းဆိုသလို ပြိုလဲသွားခြင်း ဖြစ်၏။ ကီလိုမီတာ ၆၅၀ ရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကြီး လုံးဝဥဿုံ ပြိုကွဲသွားခြင်းက အလွန်ပင် အံ့ချီးလောက်စရာ မြင်ကွင်းတစ်ခု ဖြစ်သည်။
သို့သော် တိုက်ပွဲဝင်ခန္ဓာကိုယ်က သဲဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။ အပြင်ပန်းတွင် ပြိုလဲသွားသည် ထင်ရသော်လည်း လက်တွေ့တွင်မူ ဆဲလ်တိုင်းက လင်းဖုန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်၏။ မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ဆဲလ်စီစဉ်ဖွဲ့စည်းပုံစနစ်က သူ့မှတ်ညာဏ်ထဲတွင် ပေါ်လာသည်။
ထို့နောက် ဆဲလ်များက သူတို့ဘာသာ တဖြည်းဖြည်း အစီအစဉ်တကျ ပြန်လည်ဖွဲ့စည်းလာကြသည်။ မရေမတွက်နိုင်သော ဆဲလ်များ တုန်ခါလာပြီး အလျင်အမြန် ပြန်လည်နေရာယူလာကြသည်။ ဤလုပ်ငန်းစဉ်အတွင်း စွမ်းအင်များစွာ ကုန်ဆုံးသွားလိမ့်မည် ဖြစ်သည်။ အကယ်၍ ဤမျှ စွမ်းအင်ပမာဏကို အခြားနေရာတစ်ခုတွင် အသုံးပြုမည်ဆိုပါက နှမြောစရာကောင်းလွန်းလှပေလိမ့်မည်။
အဆုံးတွင်မူ စကြာဝဠာထဲ၌ စွမ်းအင်ဆိုသည်က တန်ဖိုးအရှိဆုံး အရာတစ်ခု မဟုတ်ပါလော။ ယင်းက အဆုံးရှုံးမခံနိုင်ဆုံး အရာတစ်ခုလည်း ဖြစ်သည်။
သို့သော် ဤနေရာကား ဘီမွန်နတ်နန်း၏ အထက်ပိုင်းနယ်မြေ ဖြစ်သည်။ ကြီးမြတ်သော နတ်ဘုရားဘုရင်ဘီမွန်ကိုယ်တိုင်က သူ၏ ကြီးမြတ်လှသော စွမ်းအားကို အသုံးပြုကာ စွမ်းအားကြီး ဂြိုဟ်ကြီးများနှင့် ကြယ်တာရာပေါင်း ရာထောင်ချီ၍ ဤနေရာသို့ ရွှေ့ပြောင်းပေးထားသည်။
ဤနေရာရှိ စွမ်းအင်ပမာဏက စိတ်ကူး၍ပင် မရနိုင်လောက်အောင် များပြားလှ၏။ ကီလိုမီတာ ၆၅၀ ရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်အဆင့်လောက်ကို မဆိုထားနှင့် ဂြိုဟ်အဆင့်သက်ရှိ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖန်တီးရန်ပင် ဤမျှများပြားလှသော စွမ်းအင်နှင့်ဆိုလျှင် လက်ဖျောက်တစ်ချက်တီးရသကဲ့သို့ လွယ်ကူလှပေသည်။
ဤနေရာတွင် သူ စွမ်းအင်မလုံလောက်မည်ကို စိုးရိမ်နေစရာမလိုဘဲ အကြိမ်ကြိမ် အထပ်ထပ် စမ်းသပ်မှုများ ပြုလုပ်နိုင်သည်။
ထာဝရသိုင်းတာအိုအရှင်