← Chapters

အခန်း ၄၁၀

Vol. 37 Ch. 410

အခန်း ၄၁၀

Vol. 37 Ch. 410

အခန်း (၄၁၀) - တိုက်ပွဲဝင်ခန္ဓာကိုယ်သုံးမျိုး

ဘာသာပြန် - အားသစ်

ဤသည်ကား တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းခြင်းပင်။ သို့သော် လင်းဖုန်း ယခုတစ်ကြိမ်တွင် မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်အဖြစ် ပြန်လည်ဖွဲ့စည်းရန် ကြိုးပမ်းနေခြင်း ဖြစ်၏။

ဆဲလ်များက အဆက်မပြတ် ပေါင်းစည်းနေကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ပွဲဝင်ခန္ဓာကိုယ်က ကီလိုမီတာ ဆယ်ဂဏန်း ရာဂဏန်းအထိ ရောက်ရှိလာ၏။

ခရက်

မည်သည့်နေရာတွင် မှားယွင်းသွားသည်မသိ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကြီးက ရုတ်တရက် ပြိုလဲပျက်စီးသွားတော့သည်။

လင်းဖုန်း၏ မရေမတွက်နိုင်သော ဆဲလ်များက ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်အဖြစ် ပြန်လည်ဖွဲ့စည်းသွားကြပြန်သည်။

"ငါ ကျရှုံးသွားပြန်ပြီ..."

လင်းဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။ တကယ်တော့ ကျရှုံးမှုကို သူ ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်၏။ အဆုံးတွင်မူ ဆဲလ်ပေါင်း ထရီလီယံချီ ရှိနေသည်။ ဆဲလ်များ၏ စီစဉ်ဖွဲ့စည်းပုံစနစ်ကို သိထားသော်လည်း တစ်ကြိမ်တည်းနှင့် အောင်မြင်ရန်က မဖြစ်နိုင်သလောက်ပင်။

သို့သော် ဤနေရာတွင် စွမ်းအင် အလုံအလောက် ရှိနေသည်။ အကယ်၍ ပထမတစ်ကြိမ် မအောင်မြင်ပါကလည်း နောက်တစ်ကြိမ် ထပ်မံကြိုးစားမည် ဖြစ်၏။ ဒုတိယအကြိမ်တွင် မအောင်မြင်ပါက တတိယအကြိမ် ကြိုးစားမည်။ နောက်ဆုံးတွင် သူ သေချာပေါက် အောင်မြင်ရမည်သာ။

ထို့ကြောင့် လင်းဖုန်းသည် အကြိမ်ကြိမ် ကြိုးစားအားထုတ်နေသည်။ ကျရှုံးမှုတိုင်းက သူ့ကို အတွေ့အကြုံများ ပိုမိုစုဆောင်းမိစေသည်။ အတွေ့အကြုံများ စုဆောင်းမိလာသည်နှင့်အမျှ လင်းဖုန်း၏ မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်းနှင့် ပုံပေါ်လာတော့သည်။

တစ်လခန့်အကြာတွင် လင်းဖုန်း၏ ဆဲလ်များ ပြန်လည်ဖွဲ့စည်းမှုနှင့်အတူ တိုက်ပွဲဝင်ခန္ဓာကိုယ်အသစ်တစ်ခု ပေါ်ထွက်လာသည်။ ယင်းက ကီလိုမီတာ ၆၅၀ ရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ် ဖြစ်နေဆဲဖြစ်သော်လည်း ထုတ်လွှတ်နေသော အရှိန်အဝါကမူ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် လုံးဝ ကွဲပြားခြားနားလှသည်။

ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖျက်ဆီးခြင်းအရှိန်အဝါများနှင့် အတိုင်းအဆမဲ့ ဖျက်ဆီးခြင်းစွမ်းအားများ ပြည့်နှက်နေ၏။

ယင်းကား မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ပင်။

"နောက်ဆုံးတော့ ငါ အောင်မြင်သွားပြီ"

လင်းဖုန်း အလွန် စိတ်လှုပ်ရှားသွားသည်။ ပြီးခဲ့သည့်တစ်လအတွင်း သူ ကျရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။ သူ အကြိမ်ရေ မည်မျှ ကျရှုံးခဲ့သည်ကိုပင် မမှတ်မိတော့ချေ။

မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို တစ်ကြိမ်မျှ အသုံးပြုလိုက်သည်နှင့် ယင်းက လင်းဖုန်း၏ စိတ်နေစိတ်ထားကိုပင် သက်ရောက်မှုရှိ၏။ သူ့စိတ်နှလုံးကို ကြမ်းတမ်းမှု၊ ဖျက်စီးခြင်းနှင့် ဆိုးသွမ်းသော စိတ်ခံစားချက်များဖြင့် ပြည့်နှက်သွားစေသည်။

ယင်းက မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ဘေးထွက်ဆိုးကျိုး ဖြစ်သည်။ ဤတိုက်ပွဲဝင်ခန္ဓာကိုယ်သည် ကနဦးကတည်းက စကြာဝဠာမဟာပေါက်ကွဲမှုကို ပုံတူကူးထားခြင်းဖြစ်ရာ ဖျက်ဆီးခြင်းစွမ်းအားများဖြင့် ပြည့်နှက်နေခြင်းက သာမန်မျှသာ ဖြစ်၏။ ထိုတိုက်ပွဲဝင် ခန္ဓာကိုယ်က စိတ်နေစိတ်ထားကို သက်ရောက်မှုရှိစေနိုင်သော်လည်း လင်းဖုန်းအနေဖြင့် ၎င်းကို ရံဖန်ရံခါမှသာ အသုံးပြုမည်ဖြစ်သည်။

ထို့ပြင် သူ၏ အဖျက်ဆီးခြင်းနိယာမကလည်း ဂြိုဟ်အဆင့်သို့ ရောက်ရှိထားပြီးဖြစ်ရာ မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က သူ့စိတ်နေသဘောထားအပေါ် လွှမ်းမိုးလာမည်ကို သူ အဘယ်ကြောင့် စိုးရိမ်နေရမည်နည်း။

လင်းဖုန်းသည် မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်သွားသည့်အတွက် သဘာဝကျစွာပင် အလွန်ဝမ်းသာနေသည်။ ထို့နောက် သူ မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို လုံးဝကျွမ်းကျင်သွားစေရန်နှင့် တိုက်ပွဲဝင်ခန္ဓာကိုယ်နှစ်ခုအကြား အပြန်အလှန်ပြောင်းလဲခြင်း လုပ်ငန်းစဉ်အတွက် အချိန်အနည်းငယ် ထပ်မံအသုံးပြုခဲ့သည်။

အကြိမ်ကြိမ် ကြိုးစားမှုများအပြီးတွင် လင်းဖုန်း ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်တို့ကို စိတ်တိုင်းကျ အပြန်အလှန် ပြောင်းလဲနိုင်သွားသည်။ သူ အချိန်တိုအတွင်းမှာပင် တိုက်ပွဲဝင်ခန္ဓာကိုယ်များကို ပြောင်းလဲပစ်နိုင်သည်။

မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်အပြင် လင်းဖုန်းတစ်ယောက် ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကိုလည်း ဆက်လက်ကျင့်ကြံခဲ့သည်။ ဒုတိယမြောက် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံခဲ့သည့် အတွေ့အကြုံ ရှိထားပြီးဖြစ်၍ ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံရခြင်းက အတော်ပင် ချောမွေ့ခဲ့သည်။

လင်းဖုန်းး ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အောင်အောင်မြင်မြင် ဖန်တီးနိုင်ရန်အတွက် နာရီဝက်ခန့်သာ အချိန်ယူခဲ့ရသည်။

ဤဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က အမှန်တကယ်ပင် အလွန်နက်ရှိုင်းလှသည်။ ထိုတိုက်ပွဲဝင် ခန္ဓာကိုယ်ကို တစ်ကြိမ်မျှ ဖန်တီးလိုက်သည်နှင့် လင်းဖုန်း ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်နှင့် ရင်းနှီးကျွမ်းဝင်သည့် ဆက်နွှယ်မှုတစ်ခု ရှိနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

"ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ဆိုတာ တကယ်တော့ ဟင်းလင်းပြင်ပါရမီမရှိတဲ့သူတွေအတွက် သီးသန့်ဖန်တီးပေးထားတာများလား"

လင်းဖုန်း ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ဟင်းလင်းပြင်ပါရမီမရှိသော ကျင့်ကြံသူများကိုလည်း အချို့ ဟင်းလင်းပြင်စွမ်းရည်များကို ပိုင်ဆိုင်ခွင့် ရစေသည်။ သို့သော် ထိုစွမ်းရည်များက တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် ဆက်နွှယ်နေလိမ့်မည်။ ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံထားသူများသာ ဤသို့သော ဟင်းလင်းပြင်စွမ်းရည်များကို ရရှိမည် ဖြစ်၏။

စကြာဝဠာကြီးထဲတွင် ဟင်းလင်းပြင်ဆိုင်ရာ မွေးရာပါ ပါရမီရှိသော ကျင့်ကြံသူ အလွန်တရာ နည်းပါးလှသည်။ ဟင်းလင်းပြင်ပါရမီမရှိဘဲ ဟင်းလင်းပြင်နိယာမကို နားလည်သဘောပေါက်ရန် ကြိုးစားခြင်းက လက်တွေ့မကျသော စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် ဤတိုက်ပွဲဝင်ခန္ဓာကိုယ်ရှိနေခြင်းဖြင့် လူတိုင်းနီးပါး ဟင်းလင်းပြင်စွမ်းရည်ကို ပိုင်ဆိုင်နိုင်ကြမည်။

အသုံးပြုသူအခြေခံ အမြောက်အမြားရှိနေခြင်းဖြင့် အကယ်၍ တစ်ဦး နှစ်ဦးက ယင်းကို ကျင့်ကြံရင်း ဟင်းလင်းပြင်နိယာမကို နားလည်သဘောပေါက်သွားခဲ့မည်ဆိုပါက ယင်းကပင် အလွန်ကျေနပ်စရာကောင်းလှသည့် အံ့ဖွယ်တစ်ခု ဖြစ်လာပေလိမ့်မည်။

ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖန်တီးလိုက်သည့် ထိုအခိုက်အတန့်၌ လင်းဖုန်း ၎င်းနှင့်ပတ်သက်သော လျှို့ဝှက်ချက်များစွာကို အမှန်တကယ် နားလည်သွားသည်။ ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ကျင့်ကြံသူများ ဟင်းလင်းပြင်နိယာမကို နားလည်သဘောပေါက်နိုင်ရန်အတွက် ရည်ရွယ်ဖန်တီးထားသော အထောက်အကူပြု တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။

သို့သော် ယင်းက ထိရောက်မှု ရှိပါလော။

သေချာပေါက် ထိရောက်မှုရှိ၏။ အလွန့်အလွန်ပင် ထိရောက်လှသည်။

လင်းဖုန်း ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖန်တီးလိုက်သည်။ ထို့နောက် အခြေခံအဆင့် ဟင်းလင်းပြင်နိယာမက ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဝန်းရံသွား၏။ ထိုအခိုက်အတန့်၌ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တွင် ပြင်းထန်သော ဆွဲအားတစ်ခု ကိန်းဝပ်နေကြောင်း လင်းဖုန်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ရွပ်

လင်းဖုန်း၏ ပုံရိပ်က လျှပ်တစ်ပြတ် လှုပ်ရှားသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားသည်။

လင်းဖုန်း၏ ပုံရိပ်က ချက်ချင်းနီးပါး ပြန်လည်ပေါ်ထွက်လာသော်လည်း ယခုအခါတွင် သူ မီတာရာဂဏန်း အကွာသို့ ရောက်ရှိနေလေပြီ။

ယင်းက ဟင်းလင်းပြင်ရွှေ့ပြောင်းခြင်းပင်။ လင်းဖုန်း၏ မျက်လုံးများထဲ၌ အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။ ဟင်းလင်းပြင်နိယာမနှင့် ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်တို့၏ ပေါင်းစပ်အာနိသင်က လင်းဖုန်းကို စိတ်မပျက်စေခဲ့ချေ။ စကြာဝဠာထဲတွင်ပင် ဖြစ်လင့်ကစား ယခုအခါတွင် သူ ဟင်းလင်းပြင်ရွှေ့ပြောင်းခြင်း ပြုလုပ်နိုင်သွားပြီ ဖြစ်သည်။

လက်တွေ့တွင် သူသာ မည်သည့်ပေးဆပ်မှုကိုမျှ ဂရုမစိုက်ဘဲ လုပ်ဆောင်မည်ဆိုပါက သူ ရွှေ့ပြောင်းနိုင်မည့် အမြင့်ဆုံးအကွာအဝေးက တစ်ကီလိုမီတာအထိ ရောက်နိုင်သည်။

သဘာဝကျစွာပင် ကျယ်ပြောလှသော စကြာဝဠာကြီးထဲတွင် တစ်ကီလိုမီတာဆိုသည်က အလွန်တိုတောင်းလွန်းလှသည်။ ဂြိုဟ်အဆင့်သက်ရှိများ သက်ပြင်းတစ်ချက်ချလိုက်ရုံမျှဖြင့် တစ်ကီလိုမီတာထက်မက ခရီးနှင်နိုင်ကြသည်။

သို့သော်လည်း ယင်းက စစ်မှန်သော ဟင်းလင်းပြင်ရွှေ့ပြောင်းခြင်း ဖြစ်သည်။ သူ ဟင်းလင်းပြင်နိယာမကို အခြေခံအဆင့်အထိသာ နားလည်ထားရသေး၏။ အကယ်၍ သူ ဟင်းလင်းပြင်နိယာမကို ဂြိုဟ်အဆင့်အထိ နားလည်သဘောပေါက်သွားခဲ့မည်ဆိုပါက ဟင်းလင်းပြင်ကို အမှန်တကယ် ဆွဲဆန့်ပုံဖော်နိုင်သွားပေလိမ့်မည်။

လင်းဖုန်းတစ်ယောက် ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်အပေါ် အလွန်ပင် ကျေနပ်အားရနေမိသည်။ အချိန်အတန်ကြာပြီးနောက် လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ် သုံးမျိုးလုံးအကြား အပြည့်အဝ အပြန်အလှန် ပြောင်းလဲနိုင်သွားခဲ့သည်။ သူသည် ဂြိုဟ်အဆင့်သက်ရှိ မဖြစ်သေးသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် ကာကွယ်ရေးစွမ်းရည်များကမူ အဆမတန် တိုးတက်လာခဲ့လေပြီ။

"ဟူး..."

လင်းဖုန်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ သူ တိုက်ပွဲဝင်ခန္ဓာကိုယ်များကို ကျင့်ကြံပြီးစီးသွားခဲ့ပြီဖြစ်ရာ ခေတ္တမျှ အနားယူနိုင်ချေပြီ။

ကျင့်ကြံခြင်းဟူသည် မွေ့လျော်ဖွယ်ရာ အတွေ့အကြုံတစ်ခုဖြစ်ပြီး ယင်းကို သူ နှစ်သက်သဘောကျ၏။ သို့သော်လည်း လတ်တလောတွင် သူ၏ စွမ်းအားက ထပ်မံတိုးတက်နိုင်ခြင်း မရှိတော့သဖြင့် သဘာဝကျစွာပင် အနားယူရန် လိုအပ်သည်။

"လောင်ဘီသမ်... ငါ ကျင့်ကြံနေတာ ဘယ်လောက်ကြာသွားပြီလဲ"

"သခင်... သခင် ကျင့်ကြံနေတာ သုံးလနဲ့ ကိုးရက် ရှိသွားပါပြီ"

"သုံးလတောင် ရှိသွားပြီလား"

လင်းဖုန်းသည် တစ်ကြိမ်လျှင် လပေါင်းများစွာ ကြာအောင် တစ်ထိုင်တည်း နေလေ့မရှိပေ။ သို့သော်လည်း ဂြိုဟ်အဆင့် သက်ရှိများအတွက်မူ ယင်းကို အာရုံစိုက်နေကြလိမ့်မည် မဟုတ်ပေ။ ဂြိုဟ်အဆင့်သက်ရှိများစွာမှာ တစ်ကြိမ်လျှင် နှစ်ပေါင်းရာချီအောင် အိပ်စက်တတ်ကြသည်။ နှိုင်းယှဉ်ကြည့်လျှင် သုံးလဆိုသည်က ဘာမှမဟုတ်ပေ။

သို့သော် လင်းဖုန်းက ဂြိုဟ်အဆင့်သက်ရှိ မဟုတ်သေးသလို အချိန်ဖြုန်းတတ်သည့် အကျင့်လည်း မရှိပေ။ သူ မိခင်ဂြိုဟ်ပေါ်တွင် ရှိစဉ်က လင်းဖုန်း၏ အချိန်များက အလွန်တရာ ကျပ်တည်းခဲ့ရသည်။

"လတ်တလော အထက်ပိုင်းနယ်မြေမှာ ထူးခြားတဲ့ ဖြစ်ရပ် တစ်ခုခု ကြီးကြီးကျယ်ကျယ် ဖြစ်ပျက်ခဲ့တာမျိုး ရှိလား"

"အထက်ပိုင်းနယ်မြေထဲက အရာအားလုံးက အရမ်းအေးဆေးတည်ငြိမ်နေပါတယ် သခင်။ ဘာကြီးကြီးမားမား ဖြစ်ရပ်မှ မရှိပါဘူး"

"ဘာမှ မဖြစ်ပျက်ဘူးလား..."

လင်းဖုန်း ကြယ်တာရာကောင်းကင်ယံကို မော့မကြည့်ဘဲ မနေနိုင်တော့ချေ။ ထိုနေရာတွင် ကြီးမားလှသော စကြာဝဠာဝတ္ထုကြီးများ အမြဲတမ်း ရှိနေသည်။ ထိုစကြာဝဠာဝတ္ထုကြီးများကြောင့်ပင် အထက်ပိုင်းနယ်မြေတွင် နေ့နှင့်ညဟူ၍ ကွဲပြားခြင်းမရှိဘဲ အမြဲတမ်း နေ့အဖြစ်သာ တည်ရှိနေခြင်း ဖြစ်သည်။

စကြာဝဠာထဲရှိ သက်ရှိများက သဘာဝအတိုင်းပင် နေ့ ညကို ဂရုစိုက်မနေကြချေ။

"ငါ့ရဲ့ မိခင်ဂြိုဟ်ပေါ်က အခြေအနေတွေ ဘယ်လိုရှိနေမလဲ မသိဘူး..."

လင်းဖုန်း သူ၏ မိခင်ဂြိုဟ်နှင့် မိသားစုဝင်များကို မတွေးဘဲ မနေနိုင်ချေ။ နှစ်အနည်းငယ်သာ ကုန်လွန်သွားခဲ့သော်လည်း သူ့အတွက်မူ အချိန်အတော်ကြာသွားခဲ့သလို ခံစားနေရသည်။

အလင်းနှစ်ပေါင်းများစွာ ဝေးကွာလှသော ကျယ်ပြောသည့် စကြာဝဠာကြီးထဲတွင် လင်းဖုန်းကို စိတ်အေးချမ်းမှု ပေးနိုင်သည်က သူ၏ မိခင်ဂြိုဟ်နှင့် မိသားစုဝင်များသာ ဖြစ်သည်။ ထိုနေရာက သူ့နှလုံးသား အနက်ရှိုင်းဆုံးနေရာရှိ အနွေးထွေးဆုံး နေရာလေးပင် ဖြစ်၏။

"ဒါနဲ့... အထက်ပိုင်းနယ်မြေမှာလည်း မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်တွေ ရှိတယ် မဟုတ်လား"

"ဆရာ... မဖြစ်မနေလုပ်ဆောင်ရမယ့် တာဝန်တွေကို နှစ်ပေါင်းတစ်ရာအတွင်း ပြီးအောင် လုပ်ဆောင်နိုင်ပါတယ်။ အခုက အချိန်မပြည့်သေးပါဘူး"

"ရပါတယ်။ ငါ အရင်ဆုံး တာဝန်တွေကို သွားကြည့်လိုက်ဦးမယ်။ ဖြစ်နိုင်ရင် တာဝန်တစ်ခု နှစ်ခုလောက် လက်ခံပြီး အပြောကျယ်တဲ့ စကြာဝဠာကြီးနဲ့ ယဉ်ကျေးမှု‌တွေကို သွားပြီးတော့ လေ့လာချင်တယ်။ ငါက အထက်ပိုင်းနယ်မြေထဲမှာပဲ အမြဲတမ်း အောင်းနေလို့မရဘူး မဟုတ်လား"

လင်းဖုန်းက ပြုံးလျက် ပြောလိုက်သည်။ အမှန်တကယ်တော့ သူ မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်များ၏ နှစ်ပေါင်းတစ်ရာ သတ်မှတ်ချက် မပြည့်မချင်း အထက်ပိုင်းနယ်မြေတွင် ဆက်လက်နေထိုင်သွားနိုင်သည်။ သို့သော် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပြီးပြည့်စုံအောင် ပြုလုပ်လိုပါက အထက်ပိုင်းနယ်မြေတွင်သာ ဆက်လက်အောင်းနေ၍ မရချေ။

သူ အပြင်သို့ထွက်ကာ အခွင့်အရေးတချို့ ရှာဖွေရန် လိုအပ်သည်။ မဟုတ်ပါက သူ့အနေဖြင့် ပြီးပြည့်စုံသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို မည်သို့ ကျင့်ကြံနိုင်မည်နည်း။

ပြီးပြည့်စုံသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်ဆိုသည်က သည်းခံကြိုးစားကာ ကျင့်ကြံရုံမျှဖြင့် ရနိုင်သောအရာ မဟုတ်ပေ။

ထာဝရသိုင်းတာအိုအရှင်

All Chapters