← Chapters

အခန်း ၄၁၁

Vol. 37 Ch. 411

အခန်း ၄၁၁

Vol. 37 Ch. 411

အခန်း (၄၁၁) - နော့ယဉ်ကျေးမှုမှ အကူအညီတောင်းခံခြင်း

ဘာသာပြန် - အားသစ်

လင်းဖုန်းတစ်ယောက် တာဝန်ခန်းမဆောင်အတွင်းသို့ တစ်ကိုယ်တည်း လျှောက်လှမ်းဝင်ရောက်သွားသည်။ ထိုနေရာတွင် လူပေါင်းများစွာ ဝင်ထွက်သွားလာနေကြသည်ကို သူ တွေ့လိုက်ရ၏။

ဤလူများမှာ အထက်ပိုင်းနယ်မြေမှ တပည့်များ ဖြစ်ကြရပေမည်။ သူတို့သည်လည်း လင်းဖုန်းကို တွေ့သောအခါ အနည်းငယ် အံ့အားသင့်သွားကြသည်။

လင်းဖုန်း၏ ခန္ဓာကိုယ်တွင် ဂြိုဟ်အဆင့်သက်ရှိ၏ အရှိန်အဝါမျိုး ရှိမနေသည်မှာ ထင်ရှားသော်လည်း သူ အထက်ပိုင်းနယ်မြေသို့ ဝင်ရောက်နိုင်ခဲ့သည်။ ကျင့်ကြံသူများအားလုံး လင်းဖုန်းကို မကြာသေးမီကမှ နတ်နန်းသို့ ပြန်လည်ရောက်ရှိလာသော မျိုးစေ့တပည့် ဖြစ်ရမည်ဟု ချက်ချင်း ရိပ်မိသွားတော့၏။

ဂြိုဟ်အဆင့်သက်ရှိ မဖြစ်သေးသော်လည်း ဂြိုဟ်အဆင့်နိယာမများကို နားလည်သဘောပေါက်ထားသောကြောင့် ချွင်းချက်အနေဖြင့် အထက်ပိုင်းနယ်မြေသို့ မြှင့်တင်ပေးခံခဲ့ရသူ ဖြစ်သည်။

ယခင်က ဤသို့သော ဖြစ်ရပ်မျိုး အထက်ပိုင်းနယ်မြေတွင် တစ်ခါမျှ မဖြစ်ခဲ့ဖူးချေ။ အထက်ပိုင်းနယ်မြေမှ တပည့်များသည်လည်း လင်းဖုန်းအပေါ် အလွန်တရာ စိတ်ဝင်တစား ရှိနေကြသည်။ သို့သော် လင်းဖုန်းက ကျင့်ကြံရန်အတွက် သူ့စံအိမ်ထဲ၌သာ အမြဲအောင်းနေခဲ့သဖြင့် သူ့ကို တကယ် မြင်တွေ့ဖူးသူက အလွန်နည်းပါးလှ၏။

လင်းဖုန်း တာဝန်ခန်းမဆောင်အတွင်း လျှောက်ကြည့်နေသည်။ ခန်းမဆောင်ထဲတွင် တာဝန်များစွာ တသီတတန်းကြီး ရှိနေ၏။

ဤတာဝန်များကို ဖြေရှင်းရန်အတွက် အခြေခံအားဖြင့် ဂြိုဟ်အဆင့်ထက် မြင့်သည့် တိုက်ခိုက်ရေးစွမ်းရည် လိုအပ်သည်။ ဂြိုဟ်အဆင့်နိယာမနှစ်မျိုးနှင့် မူလလက်နက်ဖြစ်သော ဖျက်ဆီးခြင်းလှံတံရှိနေသဖြင့် လင်းဖုန်း၏ တိုက်ခိုက်ရေးစွမ်းရည်က သာမန်ဂြိုဟ်အဆင့်သက်ရှိများထက် နိမ့်ကျမနေပေ။

သို့သော်လည်း လင်းဖုန်း အလွန်အန္တရာယ်များလှသော တာဝန်များကို ထုံးစံအတိုင်း လက်ခံမည်မဟုတ်ချေ။

ဤတာဝန်အားလုံးက ဘီမွန်ဂလက်ဆီအတွင်း၌သာ ရှိသည်။ အဆုံးတွင်မူ ဘီမွန်ဂလက်ဆီက ဘီမွန်နတ်နန်း၏ အုပ်ချုပ်မှုအောက်တွင် ရှိနေ၏။ ထို့ကြောင့် နတ်နန်းမှ ကျင့်ကြံသူများက ဘီမွန်ဂလက်ဆီအတွင်းရှိ ကိစ္စရပ်များကို သဘာဝကျကျ ဖြေရှင်းပေးရန် လိုအပ်ပေသည်။

"ကြယ်သုံးလုံး ပျက်စီးသွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်။ အရင်ဆုံး သံသယဖြစ်စရာအနေနဲ့ တစ်ယောက်ယောက်က မူလလက်နက် သန့်စင်ဖန်တီးဖို့ ကြယ်တွေကို ဖျက်ဆီးပစ်ခဲ့တာ ဖြစ်နိုင်သည်။ ဒီတာဝန်အတွက် အဆင့်မြင့်ဂြိုဟ်အဆင့် သက်ရှိတွေကိုပဲ အကြံပြုတယ်" (TL note; အဆင့်မြင့်ဂြိုဟ်အဆင့်သက်ရှိ = သတ္တမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ပြီးမြောက်ထားသူ)

ထိုတာဝန်ကို မြင်လိုက်ရသောအခါ လင်းဖုန်း၏ နှလုံးခုန်သံများ မြန်ဆန်သွားသည်။

ကြယ်သုံးလုံး ပျက်စီးသွားရခြင်း… ယင်းက ကြီးကျယ်လှသော ဖြစ်ရပ်တစ်ခု ဖြစ်၏။ အဆုံးတွင်မူ သက်ရှိများတည်ရှိရာ ဂြိုဟ်များစွာသည် ကြယ်များအပေါ်၌ အလွန်တရာ မှီခိုနေကြရ၏။ ကြယ်များ တစ်ကြိမ် ပျက်စီးသွားသည်နှင့် သက်ရှိဂြိုဟ်များအတွက် ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။

ကြယ်များကို ဖျက်ဆီးနိုင်စွမ်းရှိသူများက အနည်းဆုံး အဆင့်မြင့်ဂြိုဟ်အဆင့် သက်ရှိများ ဖြစ်ကြသည်။ သာမန်မူလဂြိုဟ်အဆင့် သက်ရှိများက ဤသို့သော မစ်ရှင်မျိုးကို လက်ခံရန်ပင် စဉ်းစားဝံ့မည်မဟုတ်ချေ။

........

"အိုရှန်းနီးယားဂြိုဟ်နဲ့ အလင်းနှစ် ၁၃၂ခု အကွာမှာ တွင်းနက်အသေးစားတစ်ခု ပေါ်လာတယ်။ အရေးပေါ် တုံ့ပြန်ဖို့ လိုတယ်။ အန္တိမဂြိုဟ်အဆင့် သက်ရှိတွေကိုပဲ အကြံပြုတယ်" (TL note; အန္တိမဂြိုဟ်အဆင့်သက်ရှိ = အဋ္ဌမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ပြီးမြောက်ထားသူ)

ဤတာဝန်က ပို၍ပင် ကြီးကျယ်လှ၏။ တွင်းနက်တစ်ခုကို တကယ် ကိုင်တွယ်ဖြေရှင်းဖို့ လိုနေခြင်း ဖြစ်သည်။ တွင်းနက်တစ်ခုက မည်မျှပင် သေးငယ်ပါစေ တွင်းနက်သာ ဖြစ်နေဆဲဖြစ်ကြောင်း သိထားရပေမည်။ ယင်းက သာမန် ဂြိုဟ်အဆင့်သက်ရှိများ ကိုင်တွယ်နိုင်သောအရာ လုံးဝမဟုတ်ပေ။ အန္တိမဂြိုဟ်အဆင့် သက်ရှိများသာ ကိုင်တွယ်ဖြေရှင်းနိုင်သည်။

ဤတာဝန်များအားလုံးက အလွန်ခက်လျှင်ခက် မဟုတ်လျှင်လည်း အန္တရာယ်များလွန်းလှသည်။ လင်းဖုန်းအနေဖြင့် ဤကဲ့သို့သော စွန့်စားမှုများကို ပြုလုပ်လိုစိတ်မရှိပေ။ အဆုံးတွင်မူ သူက ဂြိုဟ်အဆင့်သက်ရှိစစ်စစ် မဟုတ်သေးချေ။

ခန်းမဆောင်ထဲတွင် အချိန်အတော်ကြာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် လင်းဖုန်း အတော်အတန် ဘေးကင်းပုံရသည့် တာဝန်တချို့ကို ရှာတွေ့သွားသည်။

"ဟိုက်ဒရိုဂြိုဟ်နဲ့ အလင်းနှစ် ၃၂၀ အကွာက စကြာဝဠာမုန်တိုင်းကို စောင့်ကြည့်လေ့လာပြီး စကြာဝဠာမုန်တိုင်း ဖြစ်ပေါ်တိုးတက်မှု အဆင့်ဆင့်ရဲ့ အချက်အလက်တွေကို အသေးစိတ် မှတ်တမ်းတင်ပါ"

ဤတာဝန်က တကယ်တော့ သိပ်ပြီးတော့ အန္တရာယ်ရှိလှသည်မဟုတ်ပေ။ စောင့်ကြည့်လေ့လာရုံမျှသာ ဖြစ်သည်။ စကြာဝဠာမုန်တိုင်းတစ်ခုနှင့် ရင်ဆိုင်ရလျှင်ပင် အလွယ်တကူ ထွက်ခွာသွားနိုင်၏။ သို့သော် ဤတာဝန်က အချိန်အတော်ကြာ လိုအပ်ပြီး လုပ်ငန်းစဉ်မှာ တော်တော်လေး ရှည်လျားလှသည်။

"နော့ဂြိုဟ်ပေါ်က နော့ယဉ်ကျေးမှုရဲ့ ခေါင်းဆောင်က နတ်နန်းဆီကို တောင်းဆိုချက်တစ်ခု ပေးပို့ထားတယ်။ စကြာဝဠာဓားပြအဖွဲ့တစ်ခုကို တိုက်ထုတ်ဖျက်ဆီးပေးဖို့ နတ်နန်းရဲ့ စစ်ကူကို တောင်းခံထားတာ ဖြစ်တယ်။ ဂြိုဟ်အဆင့် သက်ရှိတွေကိုပဲ အကြံပြုတယ်"

ဤတာဝန်က လင်းဖုန်း စိတ်ဝင်စားမှုအရှိဆုံးအရာ ဖြစ်သည်။

နော့ယဉ်ကျေးမှုက စကြာဝဠာဓားပြများနှင့် ရင်ဆိုင်နေရပြီး သူတို့တွင် ခုခံနိုင်စွမ်း သိပ်မရှိလှပေ။ ထို့ကြောင့် သူတို့က ဘီမွန်နတ်နန်းထံသို့ပင် အကူအညီတောင်းခံခဲ့ရခြင်း ဖြစ်သည်။

အကယ်၍ နော့ယဉ်ကျေးမှုကဲ့သို့ အသိဉာဏ်ရှိ ယဉ်ကျေးမှုများက ဘီမွန်နတ်နန်း၏ တည်ရှိမှုကို သိထားပါက သူတို့အနေဖြင့် ဘီမွန်နတ်နန်း၏ စီရင်ပိုင်ခွင့်အောက်သို့ ဝင်ရောက်ရန် မိမိသဘောအလျောက် တောင်းဆိုနိုင်ကြသည်။ ထိုအခါ ထိုယဉ်ကျေးမှုသည်လည်း ဘီမွန်နတ်နန်း၏ ကာကွယ်စောင့်ရှောက်မှုကို ခံယူခွင့် ရသွားပေလိမ့်မည်။

စကြာဝဠာဓားပြများကမူ အလွန်တရာ စက်ဆုပ်ဖွယ်ကောင်းလှသော သက်ရှိများ ဖြစ်ကြသည်။ သူတို့က မတူညီသော ယဉ်ကျေးမှုနယ်ပယ်အသီးသီးမှ သက်ရှိအမျိုးမျိုးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ခေတ်နောက်ကျကာ အားနည်းသော ယဉ်ကျေးမှုတချို့ကို လုယက်ဖျက်ဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများကို အထူးပြုလုပ်ဆောင်ကြသည်။

ထို့အပြင် သူတို့က ဂလက်ဆီအမျိုးမျိုးအတွင်းသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် လှည့်လည်သွားလာနေကြသူများ ဖြစ်သည်။ အကယ်၍ သူတို့ကို အချိန်မီ ရှာမတွေ့ပါက သူတို့က ဂြိုဟ်တစ်လုံးကို အောင်အောင်မြင်မြင် လုယက်ဖျက်ဆီးပြီးနောက် ထွက်ပြေးလွတ်မြောက်သွားနိုင်ကြသည်။

"ဒီတာဝန် ပေါ်လာတာ တစ်ရက်ပဲ ရှိသေးတာဆိုတော့ အချိန်မီပါသေးတယ်"

လင်းဖုန်း တစ်ဒင်္ဂမျှ တွေးတောပြီးနောက် နောက်ဆုံးတွင် ဤတာဝန်ကို လက်ခံလိုက်တော့သည်။

ခန်းမဆောင်ထဲရှိ တာဝန်များက လုံးဝ ကျပန်းပေါ်ထွက်လာခြင်း ဖြစ်၏။ မဖြစ်မနေ လုပ်ဆောင်ရမည့် အချို့အထူးကိစ္စများနှင့် အဓိကဖြစ်ရပ်များမှလွဲ၍ ကျန်တာဝန်အားလုံးက အထက်ပိုင်းနယ်မြေရှိ တပည့်များ၏ စိတ်အခြေအနေအပေါ် မူတည်ကာ လက်ခံခြင်း ဖြစ်သည်။

တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းက ဆုလာဘ်များ သို့တည်းမဟုတ် အလားတူ အရာများကို ရရှိစေမည် မဟုတ်ပေ။ ယေဘုယျအားဖြင့် ဘီမွန်နတ်နန်းက အလွန်တင်းကျပ်သော ဖွဲ့စည်းပုံရှိသည့် အဖွဲ့အစည်းတစ်ခု မဟုတ်ပေ။ ဥပမာအားဖြင့် နော့ယဉ်ကျေးမှုက နတ်နန်း၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် ရှိနေသော်လည်း တိုက်ခိုက်ခံရသည့်အခါ မည်သူမျှ တာဝန်ကို လက်မခံပါက နော့ယဉ်ကျေးမှု ပျက်စီးသွားနိုင်သည်။ နတ်နန်းကလည်း ယင်းကို ဂရုစိုက်နေလိမ့်မည်မဟုတ်ပေ။

စကြာဝဠာထဲတွင် ယဉ်ကျေးမှုများ ပျက်စီးဆုံးရှုံးရခြင်းက မည်မျှအထိ တွေ့ရများလှသနည်း။

နတ်နန်းက ကလေးထိန်း မဟုတ်ပေ။ ထိုမျှအထိ များပြားလှသော ယဉ်ကျေးမှုများကို လိုက်လံကာကွယ်ပေးနိုင်စွမ်း မရှိချေ။

သို့သော်လည်း နော့ယဉ်ကျေးမှုက ယခုတစ်ကြိမ်တွင် ကံကောင်းခဲ့ပုံရသည်။ တာဝန်ထုတ်ပြန်ပြီး တစ်ရက်အကြာမှာတင် တစ်ယောက်ယောက်က ထိုတာဝန်ကို လက်ခံခဲ့သည်။

"အရှင်ငယ် လင်းဖုန်း... တာဝန်ကို လုပ်ဆောင်တဲ့အခါ ဘေးကင်းလုံခြုံရေးကို အထူးဂရုစိုက်ပါ။ တကယ်လို့ စကြာဝဠာဓားပြတွေက အရမ်း စွမ်းအားကြီးနေရင် မတိုက်ပါနဲ့။ နတ်နန်းဆီကို အချိန်မီ ပြန်လာခဲ့ပါ။ ကျွန်တော်တို့ တာဝန်ရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးပါ့မယ်"

"အာ..."

လင်းဖုန်း ဘာပြောရမည်မှန်း မသိတော့ချေ။ 'စကြာဝဠာဓားပြတွေက အရမ်း အစွမ်းထက်နေရင် မတိုက်ပါနဲ့' ဆိုသည်က ဘာကို ဆိုလိုသနည်း။

လင်းဖုန်းအနေဖြင့် ဘီမွန်နတ်နန်းက ဂလက်ဆီတစ်ခုလုံးရှိ ယဉ်ကျေးမှုများအပေါ် မည်သို့ဆက်ဆံသည်ကို ယခုအခါ တကယ် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ အမှန်တကယ်ပင် စည်းစနစ် သိပ်မရှိလှပေ။ အထက်ပိုင်းနယ်မြေရှိ တပည့်များအတွက် နှစ်တစ်ရာလျှင် တစ်ကြိမ် မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်တချို့မှလွဲ၍ ကျန်ရှိနေသော တာဝန်များအားလုံးက မဖြစ်မနေ လုပ်ဆောင်ဖို့ မလိုပေ။

သူတို့ ကျရှုံးသွားလျှင်ပင် ကိစ္စမရှိ။ မည်သည့်အပြစ်ပေးမှုမှလည်း ရှိမနေချေ။

သို့သော် သေသေချာချာ စဉ်းစားကြည့်သောအခါ လင်းဖုန်းတစ်ယောက် သူ့အတွေးအခေါ်ပိုင်းက ကန့်သတ်ချက် ရှိနေသည်ကို သတိပြုမိသွားသည်။ စကြာဝဠာကြီးထဲတွင် ဂလက်ဆီတစ်ခုတည်းအတွင်း၌ပင် ဂြိုဟ်အသစ်များ နေ့စဉ်နှင့်အမျှ မွေးဖွားလာနေပြီး တစ်ချိန်တည်းမှာပင် ပျက်စီးပြိုလဲသွားကြသည်များကလည်း အထူးအဆန်းမဟုတ်ပေ။

နေ့စဉ်နှင့်အမျှ သက်ရှိအသစ်များ မွေးဖွားလာကြပြီး ယဉ်ကျေးမှုအသစ်များ ပေါ်ထွက်လာကြသည်။

ယဉ်ကျေးမှုများ မွေးဖွားခြင်းနှင့် ပျက်စီးခြင်းက စကြာဝဠာကြီး၏ ထာဝရသဘာဝနိယာမတစ်ခု ဖြစ်၏။ မည်သူကမျှ ယင်းကို တားဆီးနိုင်စွမ်း မရှိချေ။ ယဉ်ကျေးမှုတစ်ခု၏ မွေးဖွားခြင်းနှင့် ပျက်စီးခြင်းက နတ်နန်း၏ အမြင်တွင် အလွန်သာမန်ဆန်လှသည်။

စကြာဝဠာဓားပြများ၏ ဖျက်ဆီးခြင်း ခံလိုက်ရလျှင်ပင် ဘာဖြစ်မည်နည်း။

ဘီလူးကြီးများက ပုရွက်ဆိတ်များ သေဆုံးရမှုအတွက် ငိုကြွေးကြလိမ့်မည်လော။

သေချာပေါက် ငိုကြမည်မဟုတ်။ နတ်နန်းက ဧရာမဘီလူးကြီးတစ်ကောင်ဖြစ်ပြီး ထိုယဉ်ကျေးမှုများကမူ ပုရွက်ဆိတ်များသာ ဖြစ်သည်။ ပုရွက်ဆိတ်များထက်ပင် နိမ့်ကျကြပေမည်။ နတ်နန်းက ဂြိုဟ်အဆင့် သက်ရှိများကိုသာ တန်ဖိုးထား၏။ သူတို့က ထာဝရအသက်ကို ရရှိထားကြသူများဖြစ်ပြီး နတ်နန်း၏ တန်ဖိုးအရှိဆုံး ရတနာများ ဖြစ်ကြသည်။

ဂြိုဟ်အဆင့်သက်ရှိများ၏ သက်တမ်းက ထာဝရနီးပါးပင် ဖြစ်သည်။ အတိုင်းအဆမဲ့ အချိန်နှင့် ထာဝရအသက်ကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြရာ သူတို့အနေဖြင့် သာမန်ယဉ်ကျေးမှုတစ်ခု ပျက်စီးသွားခြင်းကို အဘယ်ကြောင့် ဂရုစိုက်နေကြမည်နည်း။

ထို့ကြောင့် တာဝန်ခန်းမဆောင်တွင် တစ်ရက်ကြာအောင် တင်ထားပြီးသည့်တိုင် မည်သူကမျှ ဤတာဝန်ကို လက်မခံခဲ့ကြခြင်း ဖြစ်သည်။ အထက်ပိုင်းနယ်မြေရှိ တပည့်အများစု၏ အမြင်တွင် ဤတာဝန်က အလွန်ပျင်းစရာကောင်းလှပြီး မည်သည့်စိန်ခေါ်မှုမျှ ရှိမနေပေ။

သို့သော် လင်းဖုန်းကမူ ကွဲပြားသည်။ အတိအကျပြောရလျှင် သူက အသက် ၃၀ ပင် မပြည့်သေးချေ။

အသက်နှစ်ဆယ်စွန်းစွန်း အရွယ်သာ ရှိသေးသည်။ သူ့အမြင်တွင် ယဉ်ကျေးမှုတစ်ခုအတွင်း၌ ဘီလီယံနှင့်ချီသော အသိဉာဏ်ရှိ သက်ရှိများ ရှိနေကြသည်။ သူ့အနေဖြင့် ယင်းတို့ကို လျစ်လျူမရှုနိုင်သလို လျစ်လျူရှုရန်လည်း မသင့်တော်ပေ။ ဂြိုဟ်တစ်လုံး ပျက်စီးဆုံးရှုံးရခြင်းက သူ့အမြင်တွင် ကမ္ဘာပြိုမတတ် ကြီးမားလှသော ဖြစ်ရပ်တစ်ခုပင်။

ထို့ကြောင့် သူ ဤတာဝန်ကို လက်ခံရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

တာဝန်ကို လက်ခံပြီးနောက် လင်းဖုန်း ပြင်စရာ အများကြီး မရှိချေ။ သူ အထက်ပိုင်းနယ်မြေရှိ ဟင်းလင်းပြင်လမ်းကြောင်းဆီသို့ တိုက်ရိုက်ဦးတည်သွားကာ ဘီမွန်ဂလက်ဆီ၏ စကြာဝဠာမြေပုံအရ နော့ဂြိုဟ်ဆီသို့ နေရာရွှေ့ပြောင်းသွားတော့သည်။

ဝှစ်

လင်းဖုန်း၏ ပုံရိပ်က ဟင်းလင်းပြင်လမ်းကြောင်းကို ဖြတ်ကာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters