← Chapters

အခန်း ၄၁၂

Vol. 37 Ch. 412

အခန်း ၄၁၂

Vol. 37 Ch. 412

အခန်း (၄၁၂) - စကြာဝဠာဓားပြ မွန်ဘတ်

ဘာသာပြန် - အားသစ်

လက်ရှိအချိန်တွင် နော့ဂြိုဟ်တစ်ခုလုံး၌ မီးခိုးငွေ့များနှင့် မီးတောက်များ ဖုံးလွှမ်းနေပြီး ဂြိုဟ်တစ်ခုလုံး တုန်ခါနေဟန်ရှိသည်။

ဂြိုဟ်၏အပြင်ဘက် စကြာဝဠာထဲတွင် ကြီးမားလှသော စစ်သင်္ဘောကြီး ၃၃ စီး ရှိနေသည်။

စစ်သင်္ဘော ဆယ့်ရှစ်စီးသည် နော့ဂြိုဟ်အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်၏။ ယင်းတို့က စကြာဝဠာဓားပြများ၏ စစ်သင်္ဘောများပင်။

နော့ယဉ်ကျေးမှုသည် အင်ပါယာယဉ်ကျေးမှုတစ်ခုဖြစ်သလို နည်းပညာယဉ်ကျေးမှုတစ်ခုလည်း ဖြစ်သည်။ သို့သော် ဂြိုဟ်ပေါ်မှ ထွက်ခွာနိုင်သည့် အဆင့်အထိသာ ဖွံ့ဖြိုးတိုးတက်ထားသေးခြင်း ဖြစ်၏။ ဤစကြာဝဠာဓားပြများ၏ အစွမ်းထက် စစ်သင်္ဘောကြီးများနှင့် ရင်ဆိုင်ရချိန်တွင် သူတို့၌ ခုခံနိုင်စွမ်း လုံးဝနီးပါး ရှိမနေချေ။

လက်ရှိအချိန်တွင် နော့တော်ဝင်မိသားစုဝင်အားလုံး နန်းတော်ထဲတွင် စုရုံးနေကြပြီး ရှေ့တန်းစစ်မျက်နှာပြင်မှ စစ်ပွဲကို အနီးကပ် စောင့်ကြည့်နေခဲ့ကြသည်။ ယင်းကို စစ်ပွဲတစ်ခုဟုပင် မဆိုနိုင်တော့ချေ။ တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။

"ပြီးသွားပြီ။ နော့ယဉ်ကျေးမှုတော့ အဆုံးသတ်သွားပြီ"

"ဒီသေသင့်တဲ့ စကြာဝဠာဓားပြတွေ.. အဲ့ကောင်တွေက လုယက်ချင်ရုံတင်မကဘူး နော့ဂြိုဟ်က သက်ရှိတွေ အကုန်လုံးကို ကျွန်ဇာတ်သွင်းချင်နေကြတာ"

"နော့ယဉ်ကျေးမှုရဲ့ နှစ်ပေါင်း ၁၈,၀၀၀ သက်တမ်းရှိတဲ့ သမိုင်းကြောင်းက ဒီမှာတင် အဆုံးသတ်တော့မှာလား"

နော့တော်ဝင်မိသားစုမှ ဧကရာဇ်နှင့် တော်ဝင်ဆွေတော်မျိုးတော်များအားလုံး ခါးခါးသီးသီးဖြင့် ငိုကြွေးနေကြသည်။ နော့ယဉ်ကျေးမှုက နည်းပညာယဉ်ကျေးမှုတစ်ခု ဖြစ်သော်လည်း ဂြိုဟ်ပေါ်မှထွက်ခွာကာ အခြားယဉ်ကျေးမှုများနှင့် ထိတွေ့ဆက်ဆံခဲ့ချိန်မှစ၍ သူတို့သည်လည်း ဘီမွန်နတ်နန်း၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိနေခဲ့သည်။

စင်စစ်တွင် ကျင့်ကြံခြင်းစွမ်းအားအကြောင်းကို သိရှိပြီးနောက် တော်ဝင်အဆက်အနွယ် များစွာသည်လည်း ကျင့်ကြံနေခဲ့ကြသည်။ အသန်မာဆုံးသူက အသက် အသွင်ကူးပြောင်းခြင်း ငါးကြိမ်ပင် ပြုလုပ်ထားပြီး ဖြစ်၏။

တော်ဝင်မိသားစုက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ခြောက်ကြိမ်လွန်မြောက်သွားသော ဂြိုဟ်အဆင့်သက်ရှိတစ်ယောက် ပေါ်ထွက်လာရန် မျှော်လင့်ခဲ့ကြသော်လည်း ယင်းက အလွန်ခက်ခဲလွန်းလှသည်။ သူတို့ ကျင့်ကြံခြင်းနှင့် ထိတွေ့ခဲ့သည်မှာ နှစ်ပေါင်း ၁၀,၀၀၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုထိတိုင် ဂြိုဟ်အဆင့်သက်ရှိ တစ်ဦးတစ်ယောက်မျှ ပေါ်ထွက်လာခဲ့ခြင်း မရှိသေးချေ။

ထိုစကြာဝဠာဓားပြများကရော။

သူတို့က နော့ဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်သည့် ကြောက်မက်ဖွယ်ရာ ဂြိုဟ်ဖျက်အမြောက်များကို ပိုင်ဆိုင်ထားကြသည်။ ပဉ္စမအကြိမ် အသက်ဝိညာက် အသွင်ပြောင်းလဲခြင်း အဆင့်ရှိသော စွမ်းအားက ဂြိုဟ်ဖျက်အမြောက်၏ တစ်ချက်ပစ်ခတ်မှုကိုပင် ခံနိုင်ရည်ရှိမည်မဟုတ်ချေ။

အကယ်၍ သူတို့က နော့ဂြိုဟ်ကို လုယက်ရန်နှင့် နော့ယဉ်ကျေးမှုမှ အသိဉာဏ်ရှိသက်ရှိများကို ဖမ်းဆီးရန် ကြိုးစားနေခြင်း မဟုတ်ပါက ထိုစကြာဝဠာဓားပြများ၏ ကြောက်မက်ဖွယ်ရာ စစ်သင်္ဘောကြီးများက ဂြိုဟ်ဖျက်အမြောက်များဖြင့် အလှည့်ကျပစ်ခတ်ကာ နော့ဂြိုဟ်ကို အလွယ်တကူ တစ်စစီ ဖျက်ဆီးပစ်နိုင်ပေသည်။

နော့ယဉ်ကျေးမှု၏ အဆုံးသတ်က အမှန်တကယ် နီးကပ်နေလေပြီ။

"အရှင်မင်းကြီး.. နတ်နန်းဆီက သတင်းတစ်ခုခုများ ရသေးလား" ဝန်ကြီးတစ်ယောက်က တုန်တုန်ယင်ယင်ဖြင့် မေးမြန်းလိုက်သည်။

အစွမ်းထက်သော စကြာဝဠာဓားပြများနှင့် ရင်ဆိုင်ရချိန်တွင် သူတို့မှာ ခုခံနိုင်စွမ်း လုံးဝမရှိချေ။ သူတို့အားလုံး သူတို့၏ မျှော်လင့်ချက်များကို ဘီမွန်နတ်နန်းအပေါ်တွင်သာ ပုံအပ်ထားနိုင်တော့သည်။

"ဘာတုံ့ပြန်မှုမှ မရှိသေးဘူး..."

ဧကရာဇ်က ခါးသက်သက်ပြုံးရင်း ခေါင်းယမ်းကာ ဖြေလိုက်သည်။ ဘီမွန်နတ်နန်းက မည်ကဲ့သို့သော အင်အားစုမျိုးဖြစ်သည်ကို သဘာဝကျကျပင် သူ သိထားသည်။ သူတို့၏ အကူအညီတောင်းခံမှုကို နတ်နန်းက မည်သို့ တန်ဖိုးထားမည်နည်း။ အကယ်၍ တာဝန်ခန်းမဆောင်တွင် တင်ထားခံရလျှင်ပင် အစွမ်းထက်သော နတ်နန်းမှ တပည့်တစ်ဦးဦး၏ သတိပြုမိခြင်းနှင့် လက်ခံခြင်းကို ခံရရန်က သူတို့ အလွန်တရာ ကံကောင်းနေမှသာ ဖြစ်နိုင်ပေလိမ့်မည်။

သို့သော် ဤဖြစ်နိုင်ခြေက မည်မျှနည်းပါးလိုက်သနည်း။ ယင်းက သုညနှင့်ပင် အကန့်အသတ်မရှိ နီးစပ်နေသည်။

အစောကတည်းက သူတို့၏မျှော်လင့်ချက်ကို ဘီမွန်နတ်နန်းအပေါ် ပုံအပ်ထားခြင်းက အမှားတစ်ခု ဖြစ်သည်။

သို့သော် ဤအရာမှလွဲ၍ နော့ယဉ်ကျေးမှုတွင် အခြားမည်သည့် နည်းလမ်း ရှိနေသေးသနည်း။

နန်းတော်အတွင်းရှိ ဝန်ကြီးများနှင့် တော်ဝင်မိသားစုဝင်များအားလုံး သေမင်းရောက်လာမည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေရင်း မျက်နှာများ ဖြူဖျော့နေကြသည်။ ထိုခံစားချက်က အမှန်တကယ်ပင် ရင်ကွဲနာကျည်းဖွယ်ရာ ကောင်းလှ၏။

"ဒီသေသင့်တဲ့ စကြာဝဠာဓားပြတွေက ငါတို့ကို စေ့စပ်ညှိနှိုင်းဖို့ အခွင့်အရေး လုံးဝမပေးတော့ဘူးလား။ သူတို့ ဘာလိုချင်တာလဲ။ စည်းစိမ်ဥစ္စာလား။ လူဦးရေလား။ ငါတို့ သူတို့ကို အကုန်ပေးနိုင်တယ်။ ငါတို့ရဲ့ နော့ယဉ်ကျေးမှုအတွက် ယဉ်ကျေးမှုမီးပွားလေး နည်းနည်းချန်ထားပေးနိုင်သရွေ့..."

ဧကရာဇ်က အော်ပြောသော်လည်း အသုံးမဝင်ချေ။ ထိုရက်စက်ကြမ်းကြုတ်သော စကြာဝဠာဓားပြများအတွက် စည်းစိမ်ဥစ္စာနှင့် လူဦးရေကို လိုအပ်ရုံသာမက လုယက်ဖျက်ဆီးခြင်း လုပ်ငန်းစဉ်အတွင်းရှိ စိတ်လှုပ်ရှားမှုနှင့် သာယာမှုကို ပို၍ပင် နှစ်သက်ကြသည်။

သူတို့က အားနည်းသော ယဉ်ကျေးမှုများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်ကြသည်။ သူတို့ ယဉ်ကျေးမှုတစ်ခုကို ဖျက်ဆီးပစ်တိုင်း အောင်မြင်မှုတစ်ခုကို ခံစားရလေ့ရှိသည်။ စေ့စပ်ညှိနှိုင်းမှုများကရော။ သူတို့သည် ထိုအရာအားလုံးကို လျစ်လျူရှုထားကြလိမ့်မည်။

ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်းလှသော ယဉ်ကျေးမှုတစ်ခုနှင့် စေ့စပ်ညှိနှိုင်းစရာ ဘာရှိနေမည်နည်း။

"ဒီစကြာဝဠာဓားပြတွေ နန်းတော်ဆီရောက်လာဖို့ နာရီပိုင်းလောက် လိုပါသေးတယ်။ မင်းတို့တွေ အကုန်လုံး ထွက်ပြေးကြ။ တောင်တန်းတွေနဲ့ ပင်လယ်တွေရဲ့ အနက်ရှိုင်းဆုံးနေရာဆီ ပြေးကြ။ ငါတို့ရဲ့ နော့ယဉ်ကျေးမှုအတွက် အသက်ရှင်ကျန်ရစ်သူ နည်းနည်းပါးပါး ရှိနေအောင် မင်းတို့တတ်နိုင်သမျှ ဝေးဝေး ထွက်ပြေးကြ"

ဧကရာဇ်က ခုခံခြင်းကို စွန့်လွှတ်ထားပြီး ဖြစ်၏။ သူ့အုပ်ချုပ်မှုအောက်တွင် နော့ယဉ်ကျေးမှု လုံးဝဥဿုံ ပျောက်ကွယ်မသွားရန်သာ သူ မျှော်လင့်မိသည်။ နော့ယဉ်ကျေးမှုအတွက် မျှော်လင့်ချက်လေးတစ်ခု ကျန်ရစ်နေအောင် ထိန်းသိမ်းထားနိုင်ရန် သူ မျှော်လင့်မိသည်။

"အရှင်မင်းကြီး..."

နန်းတော်တစ်ခုလုံး ငိုကြွေးသံများဖြင့် ပြည့်နှက်သွားသည်။

ဒွီ ဒွီ ဒွီ

ရုတ်တရက် ဧကရာဇ်၏ ဆက်သွယ်ရေးစက် မြည်လာသည်။

"နော့ယဉ်ကျေးမှုအဖွဲ့က ထုတ်ပြန်ထားတဲ့ အကူအညီတောင်းခံမှု တာဝန်ကို နတ်နန်းက တပည့်တစ်ယောက် လက်ခံလိုက်ပါပြီ။ ကျေးဇူးပြုပြီး ပြင်ဆင်ထားပါ။ နတ်နန်းက တပည့်တွေ ဆင်းသက်လာတော့မှာ ဖြစ်ပါတယ်"

ဝုန်း

ဧကရာဇ် အလွန်တရာ ဝမ်းသာသွားသည်။ သူ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး အရူးတစ်ယောက်လိုအော်ဟစ်လိုက်သည်။

"ငါတို့ ကယ်တင်ခံရပြီ၊ ငါတို့ ကယ်တင်ခံရပြီ။ ဒါ နတ်နန်းကပဲ။ ဘီမွန်နတ်နန်းဆီက သတင်းစကားပဲ။ ငါတို့ရဲ့ အကူအညီတောင်းခံမှု တာဝန်ကို နတ်နန်းက တပည့်က လက်ခံလိုက်ပြီကွ"

နန်းတော်ထဲတွင် ဝန်ကြီးများဖြစ်စေ တော်ဝင်မိသားစုဝင်များဖြစ်စေ သတင်းကို ကြားလိုက်ရသောအခါ လူတိုင်း အတိုင်းမသိ ဝမ်းသာသွားကြသည်။

နတ်နန်းမှ တာဝန်ကို နတ်နန်း၏ တပည့်က အချိန်မီ လက်ခံပေးခဲ့ခြင်း ဖြစ်သည်။ သူတို့ တကယ် ကံကောင်းခဲ့ကြ၏။ ယင်းက နော့ယဉ်ကျေးမှု၏ မျှော်လင့်ချက် ဖြစ်ကောင်းဖြစ်နိုင်သည်။

"ငါ့ အမိန့်ကို ချက်ချင်း ဖြန့်လိုက်။ ဘာပဲဖြစ်ဖြစ် ငါတို့ တောင့်ခံထားရမယ်။ တောင့်ခံထားနိုင်မှ ငါတို့အတွက် မျှော်လင့်ချက် ရှိလိမ့်မယ်။ နတ်နန်းက တပည့် ရောက်လာတဲ့အထိ တောင့်ခံထားနိုင်မှ ငါတို့ရဲ့ နော့ယဉ်ကျေးမှု ကယ်တင်ခံရနိုင်မယ်"

ဧကရာဇ်က ချက်ချင်း အမိန့်ပေးလိုက်သည်။

ခဏအကြာတွင် နော့ယဉ်ကျေးမှု၏ ခုခံမှုက ပို၍ပင် ပြင်းထန်လာသည်။ စကြာဝဠာဓားပြများ၏ စစ်သင်္ဘောများထဲတွင် စကြာဝဠာဓားပြများသည် သူတို့၏ သားကောင်များ သေလုမျောပါး ရုန်းကန်နေရသည်ကို ကြည့်ကာ သာယာနေကြ၏။ သို့သော် ရုတ်တရက် ဤသားကောင်များ၏ ရုန်းကန်မှုက တိုးလာပုံရသည်။

"သူတို့က အခု အသက်စွန့်ပြီး တိုက်တော့မလို့လား။ တော်တော် သတ္တိရှိတဲ့ ယဉ်ကျေးမှုပဲ။ ဒါပေမဲ့ ယဉ်ကျေးမှုတစ်ခုက ဘယ်လောက်ပဲ သတ္တိရှိရှိ အကြွင်းမဲ့စွမ်းအား ရှေ့မှာတော့ အသုံးမဝင်ပါဘူး"

စကြာဝဠာဓားပြများ၏ ခေါင်းဆောင်ဖြစ်သူ မွန်ဘတ်က နူးညံ့သော ကုလားထိုင်တစ်ခုကို မှီထားသည်။ အောက်ဘက်တွင် မရေမတွက်သော နော့လူမျိုးများ သေလုသေခင် ရုန်းကန်နေရသည်ကို သူ ကြည့်နေရင်း သူ့နှလုံးသားထဲတွင် သာယာမှုအရိပ်အယောင်တစ်ခု ပေါ်ပေါက်လာသည်။

အလွန်အံ့သြဖွယ်ရာ မြင်ကွင်းပင် ဖြစ်၏။ နော့လူမျိုးများ၏ ငိုကြွေးသံများက သူ့အတွက် စကြာဝဠာအတွင်း၌ အလှပဆုံး ဂီတသံစဉ်များပမာပင်။

မွန်ဘတ်တွင်လည်း အဖြစ်ဆိုးလှသော အတိတ်တစ်ခု ရှိခဲ့သည်။ သူယခင်က ပါဝင်ခဲ့သော ယဉ်ကျေးမှုကလည်း အတော်အတန် အဆင့်မြင့်သော ဂလက်ဆီယဉ်ကျေးမှုတစ်ခု ဖြစ်ခဲ့၏။ ကံမကောင်းစွာဖြင့် အစွမ်းထက်သော စကြာဝဠာဓားပြများနှင့် ရင်ဆိုင်ခဲ့ရသည်။ ညတွင်းချင်းပင် ဂြိုဟ်က ပျက်စီးသွားပြီး သူ့မျိုးနွယ်စုဝင်များအားလုံး သေသူသေ ဒဏ်ရာရသူရ ဖြစ်ကုန်ကြသည်။

လူအနည်းငယ်မျှသာ ဖမ်းဆီးခံခဲ့ရပြီး စကြာဝဠာဓားပြများ၏ စစ်သင်္ဘောများထဲသို့ ပို့ဆောင်ခံခဲ့ရသည်။

စစ်သင်္ဘောထဲတွင် မွန်ဘတ်တစ်ယောက် အမြဲတမ်း အနှိမ်ခံရဆုံးနှင့် အနိုင်ကျင့်ခံရဆုံး ကျွန်တစ်ယောက် ဖြစ်ခဲ့သည်။ သို့သော် သူက ဉာဏ်ကောင်းပြီး သင်ယူလိုစိတ် ရှိ၏။ သူက အမှန်တကယ်ပင် ကျွန်တစ်ယောက်အဖြစ်မှ အဆင့်ဆင့်တက်လာကာ စကြာဝဠာဓားပြများ၏ အသိအမှတ်ပြုမှုကို ရရှိပြီး နောက်ဆုံးတွင် သူတို့ထဲမှတစ်ဦး ဖြစ်လာသည်။

သို့သော် မွန်ဘတ်က သူ့ရန်ငြိုးကို မမေ့ခဲ့ချေ။ သူ ယဉ်ကျေးမှုတစ်ခုကို တိုက်ခိုက်ရန် စကြာဝဠာဓားပြတချို့ကို ထောင်ချောက်ဆင်ခဲ့သည်။ ထိုအတောအတွင်း သူသည် ရုတ်တရက် တိုက်ခိုက်မှုတစ်ခုကို စတင်ခဲ့ပြီး စစ်သင်္ဘောတစ်စီးကို ထိန်းချုပ်ကာ စကြာဝဠာဓားပြများ၏ စစ်သင်္ဘောအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။

နောက်ဆုံးတွင် မွန်ဘတ်တစ်ယောက် သူ့လူများအတွက် ကလဲ့စားချေနိုင်ခဲ့သော်လည်း သူ့တွင် အိမ်ဟူ၍ မရှိတော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ စကြာဝဠာဓားပြတစ်ယောက်၏ ဘဝကို သဘောကျမိသွားသည်။ ထို့ကြောင့် သူ နာမည်ရလာစေရန် စစ်သင်္ဘောတစ်စီးဖြင့် စတင်ထွက်ခွာလာခဲ့သည်။ မွန်ဘတ်၏ ရက်စက်ကြမ်းကြုတ်မှု၊ ကောက်ကျစ်မှုနှင့် ကြမ်းတမ်းမှုများက အလျင်အမြန် ကြီးထွားလာသည်။ စကြာဝဠာအတွင်း ဖျက်ဆီးမှုများပြုလုပ်ရန် စကြာဝဠာဓားပြများအဖြစ် ပိုမိုကြီးမားသော လက်နက်ကိုင်တပ်ဖွဲ့များကိုပင် စုဆောင်းခဲ့သည်။

ထိုစဉ်က သူ့မျိုးနွယ်စုဝင်များ၏ နာကျင်မှုကို သူ မေ့သွားခဲ့ပုံရ၏။ အခြားယဉ်ကျေးမှုများ၏ နာကျင်မှုကို မြင်တွေ့ရသောအခါ သူ အမှန်တကယ်ပင် စိတ်ထဲ၌ အလွန် စိတ်လှုပ်ရှားနေခဲ့သည်။

"သူဌေး.. ဒါက ဘီမွန်ဂလက်ဆီပါ။ ကျွန်တော်တို့ မြန်မြန်လုပ်ရမယ် ထင်တယ်။ မဟုတ်ရင် နတ်နန်းက လူတစ်ယောက်ယောက်ကို တကယ်လွှတ်လိုက်ရင် ကျွန်တော်တို့ ဒုက္ခရောက်လိမ့်မယ်"

"ဘာကို ကြောက်နေတာလဲ။ ငါတို့ဆီမှာ အဲ့ဒီလက်နက် ရှိနေတာပဲ။ နတ်နန်းက ဂြိုဟ်အဆင့်သက်ရှိတွေကို ငါတို့က ဘာလို့ ကြောက်ရမှာလဲ။ ဒါပေမဲ့ မင်းရဲ့ စိုးရိမ်မှုတွေက ကျိုးကြောင်းဆီလျော်ပါတယ်။ ဒီအရေးမပါတဲ့ ပိုးကောင်တွေက ခုခံချင်နေကြတာဆိုတော့ ငါတို့ သူတို့ကို အကုန်သတ်ပြီး ဘီမွန်ဂလက်ဆီကနေ ထွက်သွားကြတာပေါ့"

မွန်ဘတ်သည် သာမန်အားနည်းသော ယဉ်ကျေးမှုတစ်ခု၏ စည်းစိမ်ဥစ္စာများကို ဂရုမစိုက်ချေ။ သူ စိတ်အခြေအနေ ကောင်းနေခြင်းက သူ့အတွက် ပိုအရေးကြီးသည်။ ဤနော့ယဉ်ကျေးမှုက သူ့ကို စိတ်အခြေအနေ ဆိုးသွားစေခဲ့သဖြင့် သူ ဤဂြိုဟ်ကို လုံးဝဥဿုံ ဖျက်ဆီးပစ်ပေတော့မည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters