← Chapters

အခန်း ၄၁၃

Vol. 37 Ch. 413

အခန်း ၄၁၃

Vol. 37 Ch. 413

အခန်း (၄၁၃) - ပထမဆုံးတိုက်ပွဲ

ဘာသာပြန် - အားသစ်

ဝှစ်

အပြောကျယ်လှသော စကြာဝဠာကြီးထဲတွင် အာကာသယာဉ်တစ်စီး ဖြတ်သန်းခရီးနှင်နေသည်။

အာကာသယာဉ်အတွင်း၌ လင်းဖုန်း စကြာဝဠာမြေပုံပေါ်ရှိ ကိုဩဒိနိတ်များကို ကြည့်နေသည်။ သူ နော့ဂြိုဟ်နှင့် အလင်းနှစ်တစ်နှစ်ပင် မပြည့်သော အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ အခြားဂြိုဟ်တစ်ခုသို့ ဆင်းသက်ခဲ့သည်။ အဆုံးတွင်မူ တစ်ယောက်ယောက်က ဟင်းလင်းပြင်လမ်းကြောင်းကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်၏။ မဟုတ်ပါက ယင်းသာ အလွယ်တကူ ပျက်စီးသွားလျှင် အလွန်ကြီးမားသော ဆုံးရှုံးမှု ဖြစ်လာပေလိမ့်မည်။

လင်းဖုန်း နော့ဂြိုဟ်နှင့် အနီးဆုံးဂြိုဟ်ဆီသို့သာ ခရီးနှင်နိုင်ခဲ့သည်။ ထို့နောက် ဘီမွန်နတ်နန်း၏ အထက်ပိုင်းနယ်မြေမှ အမာခံတပည့်တစ်ဦးအနေဖြင့် သူ အာကာသယာဉ်တစ်စီးကို အမိန့်ပေး တောင်းခံအသုံးပြုခဲ့သည်။

ဘီမွန်ဂလက်ဆီတစ်ခုလုံးတွင် ဘီမွန်နတ်နန်း အထက်ပိုင်းနယ်မြေမှ တပည့်များအားလုံးက ကြီးမားလှသော လုပ်ပိုင်ခွင့်အာဏာကို ပိုင်ဆိုင်ထားကြပြီး အရင်းအမြစ်များစွာကို အမိန့်ပေး တောင်းခံနိုင်စွမ်း ရှိကြသည်။ ဤကဲ့သို့သော သာမန်အာကာသယာဉ်တစ်စီးက သူတို့အတွက် ဘာမှမဟုတ်ချေ။

နောက်ဆုံးတွင် သူ ပြန်မပေးခဲ့လျှင်ပင် ကိစ္စမရှိချေ။ မည်သူကမျှ လင်းဖုန်းထံမှ ပြန်လည်တောင်းယူရဲကြလိမ့်မည် မဟုတ်ပေ။ ထို့အပြင် မရေမတွက်နိုင်သော အင်အားစုများစွာက အထက်ပိုင်းနယ်မြေမှ အမာခံတပည့်တစ်ဦး၏ ရင်းနှီးကျွမ်းဝင်မှုကို ရရှိရန်အတွက် သာမန်အာကာသယာဉ်တစ်စီးကို ပေးလှူရန် အလွန်ပင် လိုလားကြပေလိမ့်မည်။

ဘီမွန်နတ်နန်း အထက်ပိုင်းနယ်မြေမှ အမာခံတပည့်များ၏ အဆင့်အတန်းက တိုင်းပြည်တစ်ခု၏ တော်ဝင်မိသားစုဝင်များနှင့် ဆင်တူကြောင်းကိုလည်း လင်းဖုန်း သဘောပေါက်သွားသည်။

အကယ်၍ ဘီမွန်ဂလက်ဆီက တိုင်းပြည်တစ်ခု ဖြစ်မည်ဆိုပါက ဘီမွန်နတ်နန်း အထက်ပိုင်းနယ်မြေမှ တပည့်များက သံသယဖြစ်စရာမလိုဘဲ တိုက်ရိုက်တော်ဝင်ဆွေမျိုးများ ဖြစ်ကြပေမည်။ သူတို့တွင် ကြီးမားလှသော လုပ်ပိုင်ခွင့်အာဏာ ရှိ၏။ အလယ်ပိုင်းနယ်မြေမှ တပည့်များအတွက်မူ သူတို့က အဝေးကတော်ဝင်ဆွေမျိုးများ မျှသာဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာ သိပ်မရှိကြချေ။ သူတို့က အထက်ပိုင်းနယ်မြေမှ တပည့်များနှင့် နှိုင်းယှဉ်ပါက အလွန်ပင် နိမ့်ကျကြသည်။

"ဟုတ်ပြီ... ဒီနေရာပဲ"

လင်းဖုန်း မော့ကြည့်လိုက်ရာ သူ့ရှေ့တွင် ဂြိုဟ်တစ်လုံးကို တွေ့လိုက်ရသည်။ လက်ရှိအချိန်တွင် ထိုဂြိုဟ်၏ အပြင်ဘက်၌ အမှန်တကယ်ပင် စစ်သင်္ဘောအချို့ ရှိနေသည်။ ဤစစ်သင်္ဘောများက ယပ်တောင်ပုံစံ ဖြန့်ကျက်ထားပြီး နော့ဂြိုဟ်ကို ဝန်းရံထားကြ၏။

"စကြာဝဠာဓားပြတွေရဲ့ စစ်သင်္ဘောတွေပဲ"

လင်းဖုန်း အချက်အလက်များကိုလည်း စစ်ဆေးကြည့်ပြီး ဖြစ်သည်။ ဤစကြာဝဠာဓားပြများက အလွန်ပင် စက်ဆုပ်ဖွယ်ရာ ကောင်းလှသည်။ သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်း ကျိုင်းကောင်အုပ်ကြီးများအလား ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် လုယက်ခြင်းများကို ပြုလုပ်တတ်ကြသည်။ သို့သော်လည်း သူတို့၏ ရွှေ့ပြောင်းလှုပ်ရှားမှုနှုန်းက အလွန်လျင်မြန်ပြီး သူတို့၏ စစ်သင်္ဘောများက အလွန်အဆင့်မြင့်လှသဖြင့် အကယ်၍ အချိန်မီ စစ်ကူမလွှတ်နိုင်ပါက ဤစကြာဝဠာဓားပြများကို ဖမ်းဆီးရန် မဖြစ်နိုင်ပေ။

လင်းဖုန်းအနေဖြင့် စကြာဝဠာဓားပြများနှင့် ရင်ဆိုင်ရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သော်လည်း သူ အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိချေ။ ထို့ကြောင့် သူသည် အာကာသယာဉ်ကို ရပ်လိုက်သည်။ အာကာသယာဉ် တံခါးပွင့်သွားပြီး သူ အာကာသယာဉ်ထဲမှ လျှပ်ပြတ်သည့်အလား ပျံသန်းကာ ထွက်ခွာသွားတော့သည်။

စစ်သင်္ဘောအတွင်း၌ ခေါင်းဆောင်မွန်ဘတ်က ဝိုင်ကောင်းတစ်ခွက်ကို အရသာခံ သောက်သုံးနေသည်။ နော့လူမျိုးများ၏ ခုခံမှုက တဖြည်းဖြည်း အားနည်းလာပြီ ဖြစ်၏။ လက်တွေ့တွင်မူ အချိန်အနည်းငယ် ထပ်ပေးလိုက်မည်ဆိုပါက သူတို့ နော့လူမျိုးများ၏ ခုခံလိုစိတ်ကို လုံးဝဥဿုံ ချေမှုန်းပစ်နိုင်မည် ဖြစ်သည်။

သို့သော် ယခုအခါတွင် သူ နော့လူမျိုးများ၏ ခုခံလိုစိတ်ကို တဖြည်းဖြည်း ချေမှုန်းရန် စိတ်မဝင်စားတော့ချေ။ သူ ဘီမွန်ဂလက်ဆီမှ မထွက်ခွာမီ နော့ဂြိုဟ်ကို လုံးဝဥဿုံ ဖျက်ဆီးပစ်ရန်အတွက် ဂြိုဟ်ဖျက်အမြောက်များကို အသုံးပြုရန် ဆန္ဒရှိနေသည်။

"ခေါင်းဆောင်... အရာအားလုံး အဆင်သင့်ဖြစ်ပါပြီ"

မွန်ဘတ် မတ်တတ်ရပ်လိုက်သည်။ သူ၏ ထွားကျိုင်းလှသော ကိုယ်လုံးကိုယ်ပေါက်က အထင်ကြီးစရာ ကောင်းလှ၏။ သူ အမိန့်ပေးရန် ပြင်လိုက်စဉ်မှာပင် စစ်သင်္ဘော၏ သတိပေးသံက ရုတ်တရက် မြည်ဟည်းလာတော့သည်။

"ခေါင်းဆောင်... တစ်ယောက်ယောက်... တစ်ယောက်ယောက် ရောက်နေတယ်"

"တစ်ယောက်ယောက် ရောက်နေတယ် ဟုတ်လား..."

"အရမ်းကြောက်စရာကောင်းတဲ့ စွမ်းအင်လှိုင်းပဲ။ ဘီမွန်နတ်နန်းက တပည့် ရောက်လာတာ ဖြစ်ရမယ်"

စစ်သင်္ဘော၏ အရေးပေါ်သတိပေးသံ မြည်ဟည်းလာသည်နှင့်အမျှ စကြာဝဠာဓားပြများစွာသည် အေးစက်မှောင်မိုက်လှသော စကြာဝဠာကြီးထဲတွင် ကြောက်မက်ဖွယ်ရာ လူ့ဘီလူးကြီးတစ်ကောင်က သူတို့၏ စစ်သင်္ဘောများဆီသို့ ပျံသန်းလာနေသည်ကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့လိုက်ရသည်။

"ဘီမွန်နတ်နန်းက ကျင့်ကြံသူလား"

မွန်ဘတ် အံကြိတ်ကာ မိမိကိုယ်ကိုယ် အတင်းအကျပ် တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူ စကြာဝဠာဓားပြတစ်ယောက်အဖြစ် ရှင်သန်ခဲ့သည့် နှစ်များတစ်လျှောက်လုံးတွင် သေရေးရှင်ရေး အခြေအနေများစွာကို ကြုံတွေ့ခဲ့ဖူးပြီး ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ဖူးသည်။ သူ နောက်ဆုံးတွင် အမြဲတမ်း အသက်ရှင်ကျန်ရစ်ကာ ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်ခဲ့ခြင်းမှာ အခြေအနေများ ဆိုးရွားလာချိန်တွင် စိတ်အေးအေးထားတတ်သောကြောင့်သာ ဖြစ်၏။

"အားလုံးပဲ... ပျာယာခတ်မနေကြနဲ့။ ဘီမွန်နတ်နန်းက အရမ်းအစွမ်းထက်ကောင်း ထက်နိုင်ပေမဲ့ ဒီကျင့်ကြံသူရဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်က ဘယ်လောက်တောင် ကြီးနေလို့လဲ။ သူက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အလွန်ဆုံး လေး ငါးကြိမ်ပဲ ရှိဦးမှာ။ အသက်ဝိညာဉ် ငါးကြိမ်လောက်ပဲ အသွင်ပြောင်းလဲမှု ပြုထားရသေးတဲ့ တပည့်တစ်ယောက်က ငါတို့ဆီကို လာရဲတယ်လား။ ဟက်... ငါ သူ့ကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တဲ့ လက်ဆောင်အကြီးကြီးတစ်ခု ပေးလိုက်မယ်"

မွန်ဘတ်၏ စကားကို ကြားရပြီးနောက် စကြာဝဠာဓားပြများစွာသည်လည်း ပြန်လည်တည်ငြိမ်သွားကြသည်။ သူတို့ သေသေချာချာ ထပ်ကြည့်လိုက်ကြ၏။ မှန်ပေသည်။ ဤကျင့်ကြံသူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ကြောက်စရာကောင်းသည့် ဂြိုဟ်အဆင့်သို့ ရောက်ရှိရန် အလွန်ဝေးကွာနေသေးသည်။ သို့ဆိုလျှင် သူတို့ ကြောက်နေစရာ ဘာရှိဦးမည်နည်း။ သူတို့အားလုံးက ဘီမွန်နတ်နန်း၏ ကျော်ကြားလှသော ဂုဏ်သတင်းကြောင့်သာ ထိတ်လန့်သွားခဲ့ကြခြင်း ဖြစ်သည်။

"ခေါင်းဆောင်... ဘီမွန်နတ်နန်းက တပည့်တစ်ယောက် လွှတ်လိုက်ပြီဆိုတော့ သူက အလယ်ပိုင်းနယ်မြေက တပည့်ပဲ ဖြစ်ရမယ်။ ငါတို့ သူ့ကို မြန်မြန်ရှင်းပြီး ဘီမွန်ဂလက်ဆီကနေ ချက်ချင်း ထွက်သွားရမယ်။ ဒါ့အပြင် တတ်နိုင်သလောက် ဝေးဝေးကိုလည်း ပြေးရမယ်။ အလယ်ပိုင်းနယ်မြေက တပည့်တစ်ယောက်ကို သတ်တာက ကိစ္စသေးသေးလေးတော့ မဟုတ်ဘူး"

မွန်ဘတ် ခေါင်းညိတ်လိုက်သည်။ ဘီမွန်နတ်နန်းက အလွန်တရာ ကျော်ကြားလှသည်။ သူ အမှန်တကယ် မဖြစ်မနေ အခြေအနေမှလွဲ၍ သူတို့ကို မဆွချင်ပေ။ မဟုတ်ပါက သူတို့ ဘီမွန်ဂလက်ဆီမှ ထွက်ပြေးလွတ်မြောက်သွားလျှင်ပင် ဘီမွန်နတ်နန်းက သူတို့ကို ဆက်လက် လိုက်လံဖမ်းဆီးနေမည် မဟုတ်ပါလော။ သို့သော် သူ လက်ရှိပြဿနာကို အရင်ဆုံး ရှင်းရမည် ဖြစ်၏။

"ဂြိုဟ်ဖျက်အမြောက်တွေ အကုန်လုံး ဖွင့်ပြီး ဒီကျင့်ကြံသူဆီကို ပစ်မှတ်ချိန်ထားလိုက်စမ်း"

ချက်ချင်းပင် စစ်သင်္ဘောများ၏ ဂြိုဟ်ဖျက်အမြောက်များ အားလုံးက အဝေးရှိ ကြီးမားလှသော ခန္ဓာကိုယ်ကြီးဆီသို့ ချိန်လိုက်ကြတော့သည်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ်သာ ပြုရသေးသော ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင်ပင် မွန်ဘတ်က အစွမ်းကုန် အားထုတ်သည်။ သူ လုံးဝ လျှော့မတွက်ခဲ့ချေ။ ပေါ့ဆမှုကြောင့် မမျှော်လင့်ဘဲ ကျရှုံးရခြင်းဟူသည် မွန်ဘတ်နှင့် မသက်ဆိုင်သော အရာ ဖြစ်၏။

"ပစ်ကြ"

ဝုန်း

ကြောက်မက်ဖွယ်ရာ ဂြိုဟ်ဖျက်အမြောက်များက နားကွဲလုမတက် ဟိန်းသံနှင့်အတူ ပစ်ခတ်လိုက်ကြ၏။ စူးရှတောက်ပလှသော အလင်းတန်းများက စကြာဝဠာကြီးကိုပင် လင်းထိန်သွားစေသည်။

ဂြိုဟ်ဖျက်အမြောက်က ဂြိုဟ်တစ်လုံးကို ဖျက်ဆီးပစ်နိုင်သော ကြောက်စရာကောင်းသည့် လက်နက်တစ်ခု ဖြစ်သည်။ ဤဂြိုဟ်ဖျက်အမြောက်များ ရှိနေခြင်းကြောင့်ပင် မွန်ဘတ်က စကြာဝဠာကြီးထဲတွင် စိတ်တိုင်းကျ လှည့်လည်သွားလာနိုင်ခြင်း ဖြစ်၏။

ဂြိုဟ်အဆင့်သက်ရှိများ သို့တည်းမဟုတ် အစွမ်းထက်သော ယဉ်ကျေးမှုတချို့၏ စွမ်းအားကြီး စစ်သင်္ဘောအုပ်စုများမှလွဲ၍ မည်သူမျှ မွန်ဘတ်၏ စစ်သင်္ဘောအုပ်စုကို မယှဥ်နိုင်ခဲ့ကြချေ။

လင်းဖုန်း ခြိမ်းခြောက်မှုတစ်ခုကို သဘာဝကျကျပင် အာရုံခံမိသည်။ သို့သော် သူ၏ လက်ရှိတိုက်ပွဲဝင်ခန္ဓာကိုယ်က ကာကွယ်ရေးပိုင်းတွင် အလွန်တရာ အားကောင်းလှသည့် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ် ဖြစ်၏။ ထို့အပြင် ဒီရေလှိုင်းနိယာမက ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားချိန်တွင် တိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအားကို အဆတစ်ရာအထိ တိုးမြင့်ပေးနိုင်စွမ်း ရှိပေသည်။

သာမန်ဂြိုဟ်အဆင့် သက်ရှိများ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က အလွန်ဆုံး ကီလိုမီတာ ၁၀,၀၀၀ ခန့်သာ ကြီးမားကြသည်။ ပိုမို သန်မာသောသူများက ကီလိုမီတာ သောင်းချီ အရွယ်အစားရှိသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြပြီး ဂြိုဟ်တစ်လုံးနှင့်ပင် နှိုင်းယှဉ်နိုင်လောက်သည်။

လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ကီလိုမီတာ ၆၅၀ သာ ရှိသော်လည်း သူ၏ ဂြိုဟ်အဆင့် ဒီရေလှိုင်းနိယာမက ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအားကို အဆတစ်ရာအထိ တိုးမြှင့်ပေးနိုင်သည်။ လက်တွေ့တွင်မူ တိုက်ပွဲဝင်ခန္ဓာကိုယ် စွမ်းအားပိုင်းအရ လင်းဖုန်းက အစစ်အမှန် ဂြိုဟ်အဆင့်သက်ရှိတစ်ယောက်နှင့် ကွဲပြားခြားနားခြင်း မရှိပေ။

ဝုန်း

မရေမတွက်နိုင်သော အလင်းတန်းများက လင်းဖုန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ပေါက်ကွဲသွားသည်။ ဤအလင်းတန်းများက သာမန် ဂြိုဟ်အဆင့် သက်ရှိများကိုပင် အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်နိုင်သည့် ဂြိုဟ်ဖျက်အမြောက်၏ ပစ်ခတ်မှုများ ဖြစ်ကြ၏။

သို့သော် ဒီရေလှိုင်းနိယာမ၏ ပံ့ပိုးမှုနှင့်အတူ လင်းဖုန်းက အစွမ်းထက် ဂြိုဟ်အဆင့်သက်ရှိတစ်ယောက်နှင့် ညီမျှနေခဲ့သည်။ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကလည်း ကာကွယ်ရေးအပိုင်းတွင် အလွန် အားကောင်းလှသဖြင့် သူ ဤဂြိုဟ်ဖျက်အမြောက်များ၏ ဒဏ်ကို ထိပ်တိုက်ရင်ဆိုင် ကျော်ဖြတ်နိုင်သည်။

ကြီးမားလှသော အမြောက်များ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများက လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို စဉ်ဆက်မပြတ် ပျက်စီးစေခဲ့၏။ သို့သော်လည်း ထိုစွမ်းအားလှိုင်းများကို လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် ဒီရေလှိုင်းနိယာမတို့က အကုန်အစင် ချေဖျက်ပစ်နိုင်ခဲ့သည်။

ဤမြင်ကွင်းကို စကြာဝဠာဓားပြများ မြင်လိုက်ရသောအခါ မယုံကြည်နိုင်ဟန်ဖြင့် သူတို့၏မျက်လုံးများ ပြူးကျယ်သွားကြ၏။

ဂြိုဟ်အဆင့်မဟုတ်သေးသော သက်ရှိတစ်ခုက ဂြိုဟ်ဖျက်အမြောက်များ၏ ဒဏ်ကို မည်ကဲ့သို့ တောင့်ခံနိုင်ရသနည်း။

သို့သော် မဖြစ်နိုင်သောအရာက ဖြစ်ပျက်သွားခဲ့ပြီးလေပြီ။ သူတို့၏ မျက်စိရှေ့တွင်ပင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ လင်းဖုန်း စကြာဝဠာဓားပြများ၏ စစ်သင်္ဘောများအနီးသို့ ရောက်ရှိနေပြီ ဖြစ်၏။ မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ သူ၏တိုက်ပွဲဝင်ခန္ဓာကိုယ်က အလျင်အမြန် ပြန်လည်ဖွဲ့စည်းသွားပြီး ဖျက်ဆီးခြင်းအရှိန်အဝါများက လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဝန်းရံသွားသည်။

မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်

ဝုန်း

လင်းဖုန်း မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြုကာ ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားစေနိုင်သော လက်ဝါးချက်တစ်ချက်ကို ရိုက်ချလိုက်သည်။ စကြာဝဠာကြီး၏ နောက်ခံမြင်ကွင်းနှင့်အတူ ယင်းက အလွန့်အလွန် အံ့ချီးလောက်စရာ မြင်ကွင်းတစ်ခု ဖြစ်၏။

မဟာဖျက်ဆီးခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ဖျက်ဆီးခြင်းအတွက် သီးသန့်ဖန်တီးထားခြင်း ဖြစ်သည်။ ကြောက်စရာကောင်းသည့် လက်ဝါးကြီး ကျရောက်လာသည်နှင့် စစ်သင်္ဘောတချို့မှာ လင်းဖုန်း၏ လက်ထဲတွင် ကစားစရာအရုပ်များပမာ ကြေမွပျက်စီးသွားရ၏။

လင်းဖုန်း ဖျက်ဆီးခြင်းနိယာမကို အသုံးပြုလိုက်သည်နှင့် စကြာဝဠာကြီးထဲတွင် ဖျက်ဆီးခြင်းမုန်တိုင်းတစ်ခုပင် ဖြစ်ပေါ်လာပြီး စကြာဝဠာဓားပြများ၏ စစ်သင်္ဘောအုပ်စုဆီသို့ တဟုန်ထိုး တိုးဝင်တိုက်ခတ်သွားတော့သည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters