← Chapters

အခန်း ၄၁၄

Vol. 37 Ch. 414

အခန်း ၄၁၄

Vol. 37 Ch. 414

အခန်း (၄၁၄) - နတ်ဘုရားသတ်လက်နက်

ဘာသာပြန် - အားသစ်

ဝုန်း

ကြီးမားလှသော လက်ဝါးကြီးတစ်ချက်က စကြာဝဠာထဲရှိ စစ်သင်္ဘောများစွာကို ကြေမွပျက်စီးသွားစေသည်။ ချက်ချင်းပင် မီးတောက်မီးလျှံများ ကောင်းကင်ယံသို့ အရှိန်အဟုန်ဖြင့် ပျံတက်လာ၏။ စစ်သင်္ဘောအပျက်အစီး များစွာသည်လည်း ဥက္ကာခဲမိုးရွာသွန်းသည့်နှယ် နော့ဂြိုဟ်ပေါ်သို့ ကျရောက်သွားသည်။ ဤသည်ကား အလွန်တရာ အံ့ဩစရာကောင်းသည့် မြင်ကွင်းတစ်ခုပင်။

နော့တော်ဝင်မိသားစုဝင်များမှာ ယခင်က မျှော်လင့်ချက်များ လုံးဝ ပျောက်ဆုံးနေခဲ့ကြသည်။ သို့သော်လည်း ယခုအခါတွင် ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော မီးမိုးများကို ကြည့်ရင်း တစ်ဒင်္ဂမျှ မှင်တက်ငေးမောသွားကြသည်။

ကြီးမားလှသော အာကာသကြည့်မှန်ပြောင်းမှတစ်ဆင့် သူတို့ နော့ဂြိုဟ်အပြင်ဘက်ရှိ စစ်ပွဲကို မြင်တွေ့လိုက်ရသည်။ ထိုကြောက်မက်ဖွယ်ရာ လက်ဝါးကြီးက စကြာဝဠာဓားပြများ၏ စစ်သင်္ဘောများစွာကို ဖျက်ဆီးပစ်လိုက်ပုံနှင့် အလွန်တရာ ထွားကျိုင်းလှသော လူ့ဘီလူးကြီးကို သူတို့ မြင်တွေ့လိုက်ရသည်။

သံသယဖြစ်စရာမလိုဘဲ ဘီမွန်နတ်နန်းမှ တပည့်တစ်ဦး ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ သူတို့ ကယ်တင်ခံလိုက်ရလေပြီ။

"ကျင့်ကြံသူ.. အဲ့ဒါ တကယ်ပဲ ကျင့်ကြံသူတစ်ယောက်ပဲ။ စကြာဝဠာဓားပြတွေရဲ့ စစ်သင်္ဘောတွေက ဘီမွန်နတ်နန်းက ကျင့်ကြံသူကို လုံးဝမယှဉ်နိုင်ပါလား။ သူ တစ်ယောက်တည်းနဲ့ စစ်သင်္ဘောအုပ်စုတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တာပဲ... တကယ့်ကို မယုံနိုင်စရာပဲကွ..."

နော့ယဉ်ကျေးမှု၏ ဧကရာဇ်က စိတ်ထဲ၌ ဆုံးဖြတ်ချက်တစ်ခုကိုပင် ပြတ်ပြတ်သားသား ချလိုက်တော့သည်။ နောင်အနာဂတ်တွင် နော့လူမျိုးများအားလုံး ကျင့်ကြံခြင်းကို ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ပြီး နည်းပညာကိုမူ အရန်အဖြစ်သာ ထားရှိရမည်။ အဆုံးတွင်မူ နော့ယဉ်ကျေးမှုက နည်းပညာကို နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခဲ့သော်လည်း စကြာဝဠာဓားပြများကိုပင် ယှဉ်နိုင်ခြင်း မရှိခဲ့ချေ။

အကယ်၍ သူတို့တွင် ဂြိုဟ်အဆင့်သက်ရှိတစ်ယောက် ပေါ်ထွက်လာခဲ့မည်ဆိုပါက စကြာဝဠာဓားပြများကို ကြောက်နေစရာ လိုအပ်မည်မဟုတ်ချေ။

နော့ယဉ်ကျေးမှုမှ လူအားလုံးသည် တိတ်တဆိတ် ဆုတောင်းနေခဲ့ကြ၏။ ယင်းက နည်းပညာယဉ်ကျေးမှုနှင့် ကျင့်ကြံခြင်းယဉ်ကျေးမှု၊ နည်းပညာလက်နက်နှင့် ကျင့်ကြံသူတို့အကြား တိုက်ပွဲတစ်ခု ဖြစ်သည်။ ဤတိုက်ပွဲက နည်းပညာယဉ်ကျေးမှုနှင့် ကျင့်ကြံခြင်းယဉ်ကျေးမှုတို့အကြား တိုက်ပွဲအလုံးစုံကို ကိုယ်စားမပြုနိုင်သေးသော်လည်း ကျင့်ကြံခြင်းယဉ်ကျေးမှုနှင့် နည်းပညာယဉ်ကျေးမှုတို့အကြား ခြားနားချက်ကို အကြမ်းဖျင်းအားဖြင့် နားလည်သဘောပေါက်သွားစေသည်။

လင်းဖုန်း၏ အကြည့်က တည်ငြိမ်နေသည်။ သူက ဂြိုဟ်အဆင့်သက်ရှိ မဖြစ်သေးသော်လည်း နိယာမ၏ အဆတစ်ရာ တိုးမြှင့်ပေးမှုနှင့်အတူ ဂြိုဟ်အဆင့်သက်ရှိနှင့် မခြားတော့ပေ။

တိုက်ခိုက်ရေးစွမ်းရည်ပိုင်းအရဆိုလျှင် သူက နိယာမများကို ပိုင်ဆိုင်ထားသဖြင့် ပို၍ပင် အစွမ်းထက်လှသည်။

နိယာမများ၏ စွမ်းအားက ဂြိုဟ်တစ်လုံးကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်၏။

..........

လင်းဖုန်းတစ်ယောက် စကြာဝဠာကြီးထဲတွင် မားမားမတ်မတ် ရပ်တည်နေသည်။ ဖျက်ဆီးခြင်းနိယာမက ပြင်းထန်လှသော မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ မည်သည့်စစ်သင်္ဘောမျှ ဤဖျက်ဆီးခြင်းမုန်တိုင်းကို မခံနိုင်ကြချေ။ ယင်းနှင့် ထိတွေ့မိသမျှ အရာအားလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားကြရသည်။

မူလက ရှိနေသော စစ်သင်္ဘော ၃၃ စီးအနက် ဆယ်စီးကျော်က မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားခဲ့ပြီ ဖြစ်၏။

ကျန်ရှိနေသော စစ်သင်္ဘောဆယ်စီးကျော်ကလည်း နော့ဂြိုဟ်မှ ဆုတ်ခွာကာ ထွက်ပြေးရန် ကြိုးစားကြသည်။ သို့သော် နိယာမများကို ပိုင်ဆိုင်ထားသော လင်းဖုန်း၏ လက်ထဲမှ သူတို့အနေဖြင့် မည်သို့လျှင် ထွက်ပြေးလွတ်မြောက်နိုင်မည်နည်း။

စကြာဝဠာဓားပြများ၏ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ခေါင်းဆောင် မွန်ဘတ်သည် ယခုအချိန်တွင် မျက်စိမျက်နှာပျက်နေပြီး လက်များသည်လည်း တုန်တုန်ယင်ယင် ဖြစ်နေသည်။ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းမုန်တိုင်းက သူ၏ စစ်သင်္ဘောဆီသို့ တိုက်ခတ်လာတော့မည်ကို မြင်သောအခါ သူ စိတ်အေးအေး မထားနိုင်တော့ချေ။

"ပစ်စမ်း။ နတ်ဘုရားသတ်လက်နက်ကို သုံးပြီးတော့ ပစ်စမ်း"

နတ်ဘုရားသတ်လက်နက်က မွန်ဘတ်၏ ဝှက်ဖဲဖြစ်သည်။ ယင်းက သူ သာမန်စကြာဝဠာဓားပြအသေးစားလေးဘဝမှ ယခုကဲ့သို့ အခြေအနေအထိ တိုးတက်လာအောင် ကူညီပေးခဲ့သည့် အရာလည်း ဖြစ်၏။

တစ်ချိန်က သူ စွန့်ပစ်ထားသော ဂြိုဟ်တစ်လုံးပေါ်မှ ဤလျှို့ဝှက်ဆန်းကြယ်သော လက်နက်တစ်ခုကို မတော်တဆ ရရှိခဲ့သည်။ ယင်းကို နတ်ဘုရားသတ်လက်နက်ဟု အမည်တွင်၏။ ဝတ်စုံအပြည့်ရှိပုံရသော်လည်း လှံတစ်စင်းသာ ကျန်တော့သည်။

ဤလှံကို နတ်ဘုရားသတ်လှံဟု ခေါ်သည်။ အကြိမ်ကြိမ် စမ်းသပ်မှုများအပြီးတွင် မွန်ဘတ်သည် ကြီးမားသော စွမ်းအင်များဖြင့် နတ်ဘုရားသတ်လှံကို လှုံ့ဆော်ပေးခြင်းက ယင်းကို ကြောက်မက်ဖွယ်ရာ စွမ်းအားများ ထုတ်လွှတ်နိုင်စေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

နတ်ဘုရားသတ်လှံကို အားကိုးခြင်းဖြင့် သူ ယခင်က စကြာဝဠာသားရဲကြီးတစ်ကောင်ကိုပင် သတ်ဖြတ်နိုင်ခဲ့ဖူးသည်။ ထိုစကြာဝဠာသားရဲကြီးက အစစ်အမှန် ဂြိုဟ်အဆင့်သက်ရှိတစ်ကောင် ဖြစ်၏။

ရွှမ်း

ဖြူလွလွ အလင်းတန်းတစ်ခုက စစ်သင်္ဘောထဲမှ ရုတ်တရက် ပစ်ထွက်လာသည်။ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းနိယာမသည်ပင် ဤအလင်းတန်း၏ ရှေ့မှောက်တွင် အလွန်တရာ အားနည်းလွန်းလှပုံရ၏။

ပြင်းထန်လှသော အန္တရာယ်အရိပ်အယောင်တစ်ခု လင်းဖုန်း၏ နှလုံးသားထဲတွင် ပေါ်ပေါက်လာသည်။ ဟိုးယခင်က နဂါးကျောက်တုံးမြို့တွင် သေလုမျောပါး ဖြစ်ခဲ့စဉ်ကကဲ့သို့ မကြုံစဖူး ခံစားချက်မျိုး ဖြစ်၏။

"တစ်ခုခုတော့ မှားနေပြီ"

လင်းဖုန်း သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ချက်ချင်း ပြောင်းလဲလိုက်သည်။ ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ချက်ချင်း အသုံးပြုလိုက်သည်။ ထိုအခိုက်အတန့်မှာပင် အလင်းတန်းက လင်းဖုန်းရှေ့သို့ ရောက်ရှိလာပြီ ဖြစ်ရာ ရှောင်တိမ်းဖို့ မဖြစ်နိုင်တော့ချေ။

ရွှစ်

သို့သော်လည်း အရေးပေါ် အခြေအနေတွင် လင်းဖုန်း၏ ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသည်။

စကြာဝဠာထဲတွင် လင်းဖုန်း ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအားအပြည့်ကို အသုံးပြုခဲ့လျှင်ပင် တစ်ကီလိုမီတာသာ ရွှေ့ပြောင်းနိုင်၏။ သို့သော်လည်း ဤတစ်ကီလိုမီတာ အကွာအဝေးကပင် လင်းဖုန်းကို အလင်းတန်း၏ ဘေးမှ ရှောင်တိမ်းသွားနိုင်စေခဲ့သည်။

"ဒီအလင်းတန်းက..."

လင်းဖုန်း ထိတ်လန့်တုန်လှုပ်သွားသည်။ သူ အမှန်တကယ်ပင် ကံကောင်းထောက်မစွာ သေကံမရောက် သက်မပျောက်ခဲ့ပေ။ ထိုအလင်းတန်းက သူ့ကို အလွန်ထူးဆန်းပြီး ကြောက်ရွံ့တုန်လှုပ်ဖွယ်ရာ ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။ အကယ်၍ သူသာ အမှန်တကယ် ထိမှန်ခံလိုက်ရပါက သေဆုံးခြင်းမရှိလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေလိမ့်မည်။

သာမန်စကြာဝဠာဓားပြများထံတွင် ဤကဲ့သို့သော ဝှက်ဖဲမျိုး ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

"ဖျက်ဆီးခြင်းနိယာမ"

"ဒီရေလှိုင်းနိယာမ"

လင်းဖုန်း လုံးဝ ပေါ့ဆခြင်းမရှိတော့ချေ။ သူ နိယာမနှစ်မျိုးလုံးကို ချက်ချင်း အသုံးပြုကာ ကြောက်မက်ဖွယ်ရာ မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ တစ်ချိန်တည်းမှာပင် ဖျက်ဆီးခြင်းလှံတံကလည်း သူ့လက်ထဲတွင် တိတ်တဆိတ် ပေါ်ပေါက်လာ၏။

ဝုန်း

လင်းဖုန်း ပထမဆုံးအကြိမ်အဖြစ် ဖျက်ဆီးခြင်းလှံတံ၏ စွမ်းအားအပြည့်ကို ထုတ်ဖော်လိုက်တော့သည်။ ဤမူလလက်နက်က နောက်ဆုံးတွင် ၎င်း၏ ကြောက်စရာကောင်းသည့် စွမ်းအားကို ထုတ်လွှတ်လိုက်လေပြီ။

ဖျက်ဆီးခြင်းလှံတံအတွင်းရှိ ဖျက်ဆီးခြင်းစွမ်းအားများက မီးတောင်တစ်လုံးပမာ ချက်ချင်း ပေါက်ကွဲထွက်လာပြီး ကီလိုမီတာ ရာဂဏန်းအကွာအဝေးအထိ အလုံးစုံ လွှမ်းမိုးသွားတော့သည်။

စကြာဝဠာဓားပြများ၏ စစ်သင်္ဘောများအားလုံး နတ်ဘုရားသတ်လှံကို ဒုတိယအကြိမ် ထပ်မံအသုံးမပြုနိုင်မီမှာပင် ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းစွမ်းအားများက သူတို့ကို လွှမ်းမိုးသွားပြီး လုံးဝဥဿုံ ပြာအဖြစ်သို့ ပြောင်းလဲသွားစေတော့သည်။

ထိုမျှသာမက ဖျက်ဆီးခြင်းလှံတံ၏ စွမ်းအားများက နော့ဂြိုဟ်တစ်ခုလုံးကိုပါ ဝန်းရံသွား၏။ နော့မျိုးနွယ်အားလုံး ကောင်းကင်ယံကို ကြည့်ရင်း ကပ်ဘေးတစ်ခု ကျရောက်လာတော့မည်ကို ခံစားလိုက်ရကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သူတို့အားလုံး စကြာဝဠာဓားပြများ ပျောက်ကွယ်သွားသော်လည်း တိုက်ပွဲ၏ နောက်ဆက်တွဲဒဏ်ကို ခံစားရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ကြချေ။ ယခုအခါ ဂြိုဟ်ကြီးတစ်ခုလုံးပင် ပျက်စီးတော့မည့် အခြေအနေသို့ ဆိုက်ရောက်လာလေပြီ။

"မူလလက်နက်က အရမ်းကို အစွမ်းထက်တာပဲ"

လင်းဖုန်း ထိတ်လန့်သွားသည်။ ဤမူလလက်နက်၏ စွမ်းအားက ဤမျှအထိ ကြောက်စရာကောင်းလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။ အကယ်၍ သူသာ ဤဖျက်ဆီးခြင်းစွမ်းအားများကို ဆက်လက် ပျံ့နှံ့ခွင့်ပြုလိုက်မည်ဆိုပါက နော့ဂြိုဟ်ကို ကယ်တင်ရန် မလိုတော့ချေ။ ဂြိုဟ်တစ်ခုလုံး များပြားထူပြောလှသော ဖျက်ဆီးခြင်းစွမ်းအားများကြောင့် တိုက်ရိုက် ပျက်စီးသွားပေလိမ့်မည်။

လင်းဖုန်းသည် ဤကဲ့သို့ ရလဒ်မျိုးကို လုံးဝ မမြင်တွေ့လိုပေ။

ထို့ကြောင့် သူ ဖျက်ဆီးခြင်းလှံတံကို ထိန်းချုပ်ကာ ကြီးမားလှသော ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ ထိုပုံရိပ်က တွင်းနက်တစ်ခုအလား ဖျက်ဆီးခြင်းစွမ်းအားများကို အရူးအမူး ဝါးမြိုစုပ်ယူလိုက်၏။

လင်းဖုန်း၏ ဖျက်ဆီးခြင်းနိယာမက ဖျက်ဆီးခြင်းစွမ်းအားများကို တားဆီးပေးမှုကြောင့် နော့ဂြိုဟ်က တိုက်ခိုက်မှုနှစ်ခုလုံးကြောင့် ဆုံးရှုံးမှုတချို့ ကြုံတွေ့ခဲ့ရသော်လည်း နောက်ဆုံးတွင် မပျက်စီးခဲ့ပေ။ လင်းဖုန်း ဖျက်ဆီးခြင်းစွမ်းအားများကို ထိန်းချုပ်နိုင်ခဲ့ပြီး ယင်းတို့အားလုံးကို ဖျက်ဆီးခြင်းလှံတံက စုပ်ယူသွားခဲ့သည်။

နော့ဂြိုဟ် ကယ်တင်ခံရပြီဖြစ်ရာ နော့ယဉ်ကျေးမှုသည်လည်း ဆက်လက်ရှင်သန်နိုင်တော့မည် ဖြစ်၏။

အမှန်တကယ်ပင် အလှည့်အပြောင်းများစွာ ရှိခဲ့သည့် တိုက်ပွဲတစ်ခု ဖြစ်သည်။ စကြာဝဠာဓားပြများ၏ စစ်သင်္ဘောများမှာမူ လုံးဝ ပျက်စီးသွားခဲ့လေပြီ။

"ဟင်... ဒါက ဘာလဲ"

သို့သော် လင်းဖုန်း သူ့စိတ်စွမ်းအားဖြင့် စူးစမ်းရှာဖွေကြည့်လိုက်သောအခါ စကြာဝဠာဓားပြများ၏ စစ်သင်္ဘော ပျက်စီးသွားရာ နေရာတွင် ငွေရောင်အလင်းတန်းများ ထုတ်လွှတ်နေသော ထူးဆန်းသည့် လှံတစ်စင်း စကြာဝဠာထဲ၌ မျောလွင့်နေသည်ကို ရှာတွေ့သွားသည်။

လင်းဖုန်း၏ နှလုံးခုန်သံများ မြန်သွား၏။ သူ ဖျက်ဆီးခြင်းလှံတံကို အသုံးပြုကာ စကြာဝဠာဓားပြများ၏ စစ်သင်္ဘောများကို ဖျက်ဆီးခြင်းစွမ်းအားများဖြင့် လွှမ်းမိုးစေခဲ့သည် ဖြစ်ရာ ကြံ့ခိုင်လှသော စစ်သင်္ဘောကြီးများပင် ပြာအတိ ပြောင်းလဲသွားရသည်။

ယခုမူ ဤဆန်းကြယ်လှသော လှံက ဖျက်ဆီးခြင်းစွမ်းအားများ၏ ဒဏ်ကို ခံနိုင်ရည်ရှိခဲ့သည်။ ဖျက်ဆီးခြင်းစွမ်းအားများကပင် ဤလှံကို မဖျက်ဆီးနိုင်ခဲ့သည်ကို ထောက်ရှုရလျှင် ဤလှံက သာမန်မဟုတ်သည်မှာ သေချာလှပေ၏။

အထူးသဖြင့် လင်းဖုန်း ဤလှံထံမှ ရင်းနှီးသော အရှိန်အဝါတစ်ခုကို ခံစားမိလိုက်သည်။ ထိုအရှိန်အဝါက စောစောက သူ့ကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သော ဖြူလွလွ အလင်းတန်းနှင့် ခပ်ဆင်ဆင် တူ၏။

"ဒီလှံက အဲ့ဒီစကြာဝဠာဓားပြတွေ နောက်ဆုံးတိုက်ခိုက်မှုအတွက် သုံးခဲ့တဲ့အရာများ ဖြစ်နေမလား"

လင်းဖုန်း စဉ်းစားမိသွားသည်။ မူလက သူ စကြာဝဠာဓားပြများ ပစ်ခတ်လိုက်သော အလင်းတန်းက နည်းပညာလက်နက် တစ်ခုခုမှ ဖြစ်ရမည်ဟု ထင်မှတ်ထားခဲ့သည်။ သို့ဖြစ်ရာ ထိုလက်နက်ကို ဖျက်ဆီးခြင်းလှံတံဖြင့် လုံးဝဖျက်ဆီးပစ်နိုင်ခဲ့ပြီဟု ထင်ခဲ့၏။ သို့သော် ဤလှံကို မြင်တွေ့လိုက်ရချိန်တွင် လင်းဖုန်း၏ အတွေးအမြင်များ ပြောင်းလဲသွားတော့သည်။

ယင်းက နည်းပညာလက်နက်တစ်ခု လုံးဝမဟုတ်ပေ။

ထာဝရသိုင်းတာအိုအရှင်

All Chapters