အခန်း ၄၁၅
Vol. 37 Ch. 415
အခန်း (၄၁၅) - ရင်းနှီးသောခံစားချက်
ဘာသာပြန် - အားသစ်
လင်းဖုန်း လက်ကို အသာအယာ မြှောက်ကာ ငွေရောင်လှံကို ဖမ်းယူလိုက်သည်။ ဤငွေရောင်လှံ၏ ထုတ်လုပ်ထားသော ပစ္စည်းအမျိုးအစားကို သူ မခွဲခြားနိုင်သလို ယင်း၏ ကြီးမားလှသော စွမ်းအားကိုလည်း အာရုံမခံနိုင်ချေ။
"စွမ်းအင်လား"
လင်းဖုန်းသည် လှံကို သူ၏စွမ်းအင်များဖြင့် ဝန်းရံကြည့်လိုက်သည်။ ထိုအခါ လှံအတွင်း၌ ကိန်းအောင်းနေသော ကြောက်စရာကောင်းလှသည့် စွမ်းအားများက အပြင်းအထန် တုန်ခါလာသည်ကို သူ အာရုံခံမိလိုက်သည်။ စွမ်းအင်များကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်ရာ လှံက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
သို့သော်လည်း နောက်တစ်ကြိမ်တွင် လင်းဖုန်း ဖျက်ဆီးခြင်းနိယာမ၊ ဒီရေလှိုင်းနိယာမနှင့် ဟင်းလင်းပြင်နိယာမတို့ကို အသုံးပြု၍ လှံကို ဝန်းရံကြည့်ခဲ့သည်။ သို့သော်လည်း မည်သည့်ထူးခြားမှုမျှ ရှိမနေပေ။ လှံက တုန်လှုပ်ခြင်းမရှိ ငြိမ်သက်နေဆဲ ဖြစ်၏။
"မဖြစ်နိုင်တာ..."
လင်းဖုန်း မျက်မှောင်ကြုတ်မိသွားသည်။ နိယာမများက အသုံးမဝင်ချေ။ သူ သက်ဆိုင်ရာ နိယာမကို ရှာမတွေ့သေးခြင်းကြောင့် ဖြစ်နိုင်ပါသလော။
စင်စစ်တွင် အရေးကြီးဆုံးအရာက လှံအတွင်းရှိ စွမ်းအင် ဖြစ်သည်။ လင်းဖုန်း ထိုစွမ်းအင်နှင့် အလွန်စိမ်းသက်နေသည်။ သို့တည်းမဟုတ် ထိုစွမ်းအင်က ဤနေရာနှင့် လုံးဝကိုက်ညီမှုမရှိဟု ခံစားရ၏။
ယင်းက ဤကမ္ဘာမှ မဟုတ်သည့်အလား ခံစားရသည်။ သို့သော်လည်း အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ဤနေရာတွင် ပေါ်ထွက်လာခဲ့သည်။ လှံအတွင်းရှိ ထူးဆန်းသည့် စွမ်းအားက မည်သည့်နိယာမနှင့်မျှ သက်ဆိုင်ပုံမရချေ။
သို့သော်လည်း စကြာဝဠာဓားပြများ၏ စစ်သင်္ဘောက ဤလှံ၏ စွမ်းအားကို ထုတ်လွှတ်လိုက်ချိန်တွင် လင်းဖုန်းကိုယ်တိုင်ပင် ထိတ်လန့်သွားခဲ့ရသည်ကို ပြန်လည်တွေးကြည့်လျှင် ဤလှံက အလွန့်အလွန် ကြောက်စရာကောင်းလှကြောင်း ထင်ရှားလှသည်။ သို့သော် လင်းဖုန်း ဤလှံကို မထိန်းချုပ်နိုင်ချေ။ သူ လှံအတွင်းရှိ ထူးဆန်းသော စွမ်းအားများကို ပေါက်ကွဲထွက်လာစေရန်အတွက် စွမ်းအင်များဖြင့်သာ လှုံ့ဆော်ပေးနိုင်သည်။
အကယ်၍ သူသာ ထိုစွမ်းအားများကို စနစ်တကျ မထိန်းကျောင်းနိုင်ပါက လင်းဖုန်းကိုယ်တိုင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားနိုင်သည်။
"နတ်ဘုရားသတ်လက်နက်... နတ်ဘုရားသတ်လှံလား"
လင်းဖုန်း လှံကို အသာအယာ ပွတ်သပ်ကြည့်လိုက်ရာ လှံအပေါ်တွင် ထူးဆန်းသည့် စာလုံးတချို့ ရှိနေသည်ကို တွေ့လိုက်ရသည်။ လင်းဖုန်း ယခင်က ဤစာလုံးများကို တစ်ခါမျှ မမြင်ဖူးပေ။ သို့သော်လည်း သူ ဤစာလုံးများကို ထိတွေ့လိုက်ချိန်တွင် သူ နားလည်နိုင်သော စကားလုံးများအဖြစ် သူ့စိတ်ထဲ၌ သဘာဝအတိုင်း ပေါ်ထွက်လာသည်။
ဤလှံကို နတ်ဘုရားသတ်လှံဟု အမည်တွင်ပြီး ယင်းက ရတနာအစုံတစ်ခုလုံး၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပုံရသည်။ ထိုရတနာအစုံတစ်ခုလုံးကိုမူ နတ်ဘုရားသတ်လက်နက်ဟု ခေါ်ဆိုသင့်ပေသည်။
..........
နာမည်က သာမန်မဟုတ်သော်လည်း မူလဇစ်မြစ်ကိုမူ မသိရပေ။ ဇစ်မြစ်မသေချာသောကြောင့် အန္တရာယ်လည်း ရှိလှသည်။ လင်းဖုန်း ထိုလက်နက်ကို ပေါ့ပေါ့ဆဆ မသုံးရဲချေ။ နတ်ဘုရားသတ်လှံအတွင်းရှိ စွမ်းအားများကို စွမ်းအင်တစ်မျိုးမျိုးဖြင့် လှုံ့ဆော်ပြီးနောက် မည်သို့ဖြစ်လာမည်ကို မည်သူသိနိုင်မည်နည်း။
သူ့အနေဖြင့် သေသေချာချာ သဘောမပေါက်သေးသော အရာများနှင့် ပတ်သက်၍ အလွန်တရာ သတိထားရပေဦးမည်။
စကြာဝဠာဓားပြများ၏ စစ်သင်္ဘောအုပ်စုက လုံးဝ ပျက်စီးသွားပြီဖြစ်သည်။ သို့ဖြစ်ရာ လင်းဖုန်း ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး နော့ဂြိုဟ်အတွင်းသို့ ဝင်ရောက်လိုက်တော့သည်။
"သူ နိုင်သွားပြီလား... ဒီလိုနဲ့ပဲ နိုင်သွားတာလား"
"အရမ်းကို အစွမ်းထက်တဲ့ ကျင့်ကြံသူပဲ။ ဘီမွန်နတ်နန်းရဲ့ တပည့်ပီသပါပေတယ်"
"ဒီလောက်တောင် အစွမ်းထက်တဲ့ စကြာဝဠာဓားပြ စစ်သင်္ဘောအုပ်စုကြီးကို ကျင့်ကြံသူတစ်ယောက်တည်းက လွယ်လွယ်ကူကူပဲ ချေမှုန်းပစ်လိုက်တာလား။ အဲ့ဒါ စစ်သင်္ဘော ၃၃ စီးတောင် ရှိတာလေ... စကြာဝဠာထဲမှာ စိတ်တိုင်းကျ သွားလာပြီး ဂြိုဟ်ပေါင်းများစွာကို ဖျက်ဆီးပစ်နိုင်တဲ့ အင်အားစုပဲ"
လက်ရှိအချိန်တွင် နော့လူမျိုးများသည် ဘီမွန်နတ်နန်း၏ စွမ်းအားနှင့် ကျင့်ကြံသူများ၏ စွမ်းအားကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရ၏။
နော့လူမျိုးများထဲတွင်လည်း ကျင့်ကြံသူများ ရှိနေသော်လည်း စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိသေးသည်။ ထို့အပြင် ကျင့်ကြံခြင်းနည်းစနစ်များဖြစ်စေ နိယာမများကို နားလည်သဘောပေါက်မှု အပိုင်းတွင်ဖြစ်စေ သူတို့အနေဖြင့် ဘီမွန်နတ်နန်းနှင့် အလွန့်အလွန် အလှမ်းဝေး နိမ့်ကျနေကြဆဲပင်။
နော့လူမျိုးများထဲမှ ထိပ်သီးကျင့်ကြံသူများသည်ပင် အလွန်ဆုံး ဘီမွန်နတ်နန်း၏ အောက်ပိုင်းနယ်မြေမှ တပည့်များ၏ အဆင့်အတန်းလောက်သာ ရှိကြသည်။
လင်းဖုန်းကမူ အထက်ပိုင်းနယ်မြေမှ အမာခံတပည့်စစ်စစ်တစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူတို့က သဘာဝကျစွာပင် နှိုင်းယှဉ်၍ မရနိုင်ချေ။
ရွှစ်
ထိုအခိုက်အတန့်တွင် လင်းဖုန်း၏ ပုံရိပ်က နန်းတော်အတွင်း၌ ပေါ်ထွက်လာသည်။ သူ ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ယခုလေးတင် အသုံးပြုခဲ့ခြင်း ဖြစ်၏။ နော့ဂြိုဟ်ကဲ့သို့ ဂြိုဟ်အသေးစားလေးပေါ်တွင် လင်းဖုန်း၏ ဟင်းလင်းပြင်ဖြတ်သန်းခြင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က ရေထဲကငါးပမာ လွတ်လပ်လှသည်။ အကွာအဝေးကျယ် ဟင်းလင်းပြင်ရွှေ့ပြောင်းခြင်းက သူ့အတွက် အလွန်လွယ်ကူလှသည့် ကိစ္စတစ်ခုသာ ဖြစ်၏။
ထို့ကြောင့်လည်း သူ မျက်စိတစ်မှိတ်အတွင်း နန်းတော်ထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
နော့တော်ဝင်မိသားစုဝင်များသည် လင်းဖုန်း ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ အလွန်အံ့အားသင့်သွားကြသည်။ သို့သော်လည်း ဧကရာဇ်အနေဖြင့်မူ တည်ငြိမ်အောင် ထိန်းထားရပေသည်။
"မင်းက နော့ယဉ်ကျေးမှုရဲ့ ဧကရာဇ်လား"
"အရှင့်ရဲ့ နာမည်ကို သိခွင့်ရှိမလား"
"ဘီမွန်နတ်နန်းက လင်းဖုန်းပါ"
"အရှင်ငယ် လင်းဖုန်း ဖြစ်နေတာကိုး... ကျွန်တော်တို့ နော့ယဉ်ကျေးမှုတစ်ခုလုံးကို ကူညီကယ်တင်ပေးခဲ့တဲ့အတွက် အရမ်းပဲ ကျေးဇူးတင်ပါတယ် အရှင်"
နန်းတော်အတွင်းရှိ ဝန်ကြီးများနှင့် တော်ဝင်မိသားစုဝင်များသည်လည်း လင်းဖုန်းကို သူတို့၏ ကျေးဇူးတင်စကားများ ဆက်တိုက် ပြောကြားခဲ့ကြသည်။ သူက ယဉ်ကျေးမှု၏ အစစ်အမှန် ကယ်တင်ရှင် ဖြစ်သည်။ လင်းဖုန်းသာ မရှိခဲ့လျှင် နော့ယဉ်ကျေးမှုက လုံးဝ ပျက်စီးသွားပြီ ဖြစ်လိမ့်မည်။
"ဒါက ငါ့တာဝန်ပါ... ယဉ်ယဥ်ကျေးကျေး လုပ်နေဖို့ မလိုပါဘူး။ ဒီစကြာဝဠာဓားပြတွေရဲ့ နောက်ခံကို မင်းတို့ သိထားတာ ရှိလား"
လင်းဖုန်း ဤစကြာဝဠာဓားပြများ၏ နောက်ခံကို စုံစမ်းလိုနေသည်။ နတ်ဘုရားသတ်လှံကို မည်သည့်နေရာမှ ရှာဖွေတွေ့ရှိခဲ့သည်ကို သိရှိနိုင်ရန် ကြိုးစားနေခြင်း ဖြစ်၏။
နော့ဧကရာဇ်က ခေါင်းခါယမ်းကာ စကားဆိုလိုက်သည်။
"အရှင်ငယ် လင်းဖုန်း... ဒီစကြာဝဠာဓားပြတွေက အခြားဂလက်ဆီတစ်ခုကနေ လာကြတာပါ။ သူတို့က လမ်းတစ်လျှောက်လုံး ဖျက်ဆီးသတ်ဖြတ်လာခဲ့တာဖြစ်ပြီးတော့ သူတို့ရဲ့ နောက်ခံကိုတော့ ကျွန်တော်တို့ လုံးဝမသိရပါဘူး"
လင်းဖုန်း သိပ်ပြီး စိတ်ပျက်မသွားခဲ့ချေ။ စကြာဝဠာဓားပြများက ကနဦးကတည်းက စကြာဝဠာထဲတွင် လှည့်လည်သွားလာနေကြသူများ ဖြစ်၏။ သို့ဖြစ်ရာ သူတို့၏ နောက်ခံကို အခြားသူများအား မည်သို့ သိရှိခွင့်ပြုမည်နည်း။ ကံမကောင်းစွာဖြင့် သူ စကြာဝဠာဓားပြများ၏ စစ်သင်္ဘောအားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး အသက်ရှင်လျက် တစ်ယောက်မျှ မကျန်တော့ချေ။ မဟုတ်ပါက သူ နတ်ဘုရားသတ်လှံ၏ မူလဇစ်မြစ်ကို စုံစမ်းသိရှိနိုင်သည်လည်း ဖြစ်နိုင်ပေ၏။
"ကောင်းပြီ... စကြာဝဠာဓားပြတွေလည်း ပျက်စီးသွားပြီ။ မင်းတို့ နော့ယဉ်ကျေးမှုလည်း ဆက်ပြီး ရှင်သန်နိုင်ပြီဆိုတော့ ငါ သွားတော့မယ်"
လင်းဖုန်းသည် နော့ယဉ်ကျေးမှုတွင် အချိန်အကြာကြီး နေရန် ဆန္ဒမရှိသဖြင့် တိုက်ရိုက်ပင် ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
"အရှင်ငယ်... ခေတ္တလောက် စောင့်ပါဦး။ ကျွန်တော်တို့ဆီမှာ နောက်ထပ် တောင်းဆိုချက်တစ်ခု ရှိပါသေးတယ်"
"ဟမ်..."
လင်းဖုန်း အနည်းငယ် မျက်မှောင်ကြုတ်မိသွားသည်။ သူ စိတ်အခြေအနေကောင်းနေသဖြင့် တာဝန်ကို လက်ခံခဲ့ခြင်း ဖြစ်သော်လည်း သူက နော့ယဉ်ကျေးမှု၏ ကလေးထိန်းမဟုတ်ချေ။ နောဧယဉ်ကျေးမှု၏ ကိစ္စရပ်တိုင်းကို လိုက်လံကူညီပေးရန် သူ့အတွက် တာဝန်မရှိပေ။
သို့သော်လည်း ဤကိစ္စက နော့ယဉ်ကျေးမှု၏ အနာဂတ်နှင့် သက်ဆိုင်နေ၏။ နော့ဧကရာဇ်က လင်းဖုန်း အနည်းငယ် စိတ်မရှည်ဖြစ်နေသည်ကို သိသော်လည်း အံကြိတ်ကာ စကားဆိုလိုက်သည်။
"အရှင်ငယ်... ဒီကပ်ဘေးကို ကြုံတွေ့ရပြီးတဲ့နောက်မှာ ကျွန်တော်တို့ နော့ယဉ်ကျေးမှုက ကျွန်တော်တို့ရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို သေသေချာချာ စဉ်းစားခဲ့ကြပါတယ်။ ကျွန်တော်တို့ တော်ဝင်မိသားစုရဲ့ အလားအလာအရှိဆုံး မျိုးဆက်သစ်တွေကို ဘီမွန်နတ်နန်းထဲ ဝင်ရောက်နိုင်အောင် ခေါ်ဆောင်သွားပေးဖို့ အရှင့်ကို တောင်းဆိုချင်ပါတယ်"
ထိုသို့ပြောပြီးနောက် နော့ဧကရာဇ်က တတိယမင်းသားကို လင်းဖုန်းနှင့် တွေ့ဆုံရန် အလျင်အမြန် ခေါ်ယူလိုက်သည်။
တတိယမင်းသားသည် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ်ပြုထားပြီး ဖြစ်ရာ နော့ယဉ်ကျေးမှုက သူ့အပေါ်တွင် မျှော်လင့်ချက် အများကြီး ထားကြသည်။ သို့သော် လက်တွေ့တွင်မူ သူ၏ အလားအလာက ကုန်ဆုံးနေပြီ ဖြစ်၏။ သူ့သက်တမ်းတစ်လျှောက်တွင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ခြောက်ကြိမ်ပြုလုပ်ကာ ဂြိုဟ်အဆင့်သက်ရှိဖြစ်လာရန်က ဘယ်လိုမှ မဖြစ်နိုင်တော့ချေ။
"ငါ နတ်နန်းဆီကို လူခေါ်သွားပေးလို့ရတယ်... ဒါပေမဲ့ သူတော့ မဟုတ်ဘူး။ မင်းတို့ တော်ဝင်မိသားစုမှာ မျိုးဆက်သစ် ဘယ်နှယောက်ရှိလဲ။ အသက်ငယ်ရင် ပိုကောင်းမယ်... ငါ နှစ်ယောက် ခေါ်သွားပေးမယ်"
တတိယမင်းသား အနည်းငယ် စိတ်ပျက်သွားသော်လည်း ဧကရာဇ်ကမူ အလွန်တရာ ဝမ်းသာသွားသည်။ သူ့အတွက် မည်သူပဲဖြစ်စေ ဘီမွန်နတ်နန်းသို့ ဝင်ရောက်ခွင့်ရနိုင်သရွေ့ အဆင်ပြေသည်။
ထို့ကြောင့် နော့တော်ဝင်မိသားစုမှ ထောင်နှင့်ချီသော လူငယ်မျိုးဆက်များ အားလုံးကို စုဝေးစေလိုက်သည်။ သူတို့အားလုံး၏ မျက်ဝန်းများတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပြည့်နှက်နေ၏။
နော့မျိုးနွယ်ဝင်များ၏ မျှော်လင့်ချက် ပြည့်နှက်နေသော အကြည့်များကြောင့် လင်းဖုန်း သူတို့ထဲမှ နှစ်ဦးကို ရွေးချယ်ကာ နတ်နန်းသို့ ခေါ်ဆောင်သွားရန် သဘောတူခဲ့ခြင်း ဖြစ်၏။ သူတို့က လက်ရှိအချိန်တွင် မျှော်လင့်ချက် မီးပွားလေးတစ်ခုကိုသာ လိုလားနေကြသည်။ ယင်းမှာ ယခင်က သူ့မိခင်ဂြိုဟ်ပေါ်ရှိ လူသားအားလုံးက လင်းဖုန်းကို သူတို့၏ မျှော်လင့်ချက်အဖြစ် ရှုမြင်ခဲ့ကြစဉ်ကနှင့် ဆင်တူလှသည်။
ဤကိစ္စ သူ့အတွက် သာမန်ကူညီပေးမှုမျှသာ ဖြစ်၏။ လင်းဖုန်းက အလွန်ငယ်ရွယ်ပြီး ထက်မြက်လှသော တော်ဝင်မိသားစုဝင် လူငယ်လေးတစ်ဦးနှင့် မိန်းမငယ်လေးတစ်ဦးကို ရွေးချယ်လိုက်သည်။ လင်းဖုန်း၏ ထောက်ခံချက်နှင့်အတူ သူတို့နှစ်ဦးစလုံး နတ်နန်း၏ အောက်ပိုင်းနယ်မြေသို့ ဝင်ရောက်ခွင့် ရကြပေလိမ့်မည်။
သူတို့ အလယ်ပိုင်းနယ်မြေသို့ တိုးတက်ရောက်ရှိနိုင်ခြင်း ရှိမရှိကမူ လင်းဖုန်း ဂရုစိုက်ရမည့် ကိစ္စမဟုတ်ချေ။ သူ နော့မျိုးနွယ်ဝင်များအတွက် မျှော်လင့်ချက်မီးပွားလေးတစ်ခုကိုသာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ရွေးချယ်ခံရသူ နှစ်ဦး၏ နာမည်က ဖီနီနှင့် နာယာ ဖြစ်ကြသည်။ သူတို့နှစ်ဦးစလုံး လင်းဖုန်းအပေါ် အလွန်တရာ ရိုသေလေးစားကြ၏။ နော့ဧကရာဇ်ကလည်း သူတို့၏ စွမ်းအင်များနှင့် အဖိုးတန်အရင်းအမြစ် အများစုကို ဖီနီနှင့် နာယာတို့ထံသို့ ပေးအပ်လိုက်သည်။
ထို့အပြင် သူတို့က နော့မျိုးနွယ်ဝင်အားလုံး၏ မျှော်လင့်ချက်ကို သယ်ဆောင်ထားကြသူများ ဖြစ်ကြောင်းကိုလည်း မှာကြားခဲ့သည်။ သူတို့နှစ်ဦးစလုံး နတ်နန်းအတွင်း၌ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ရမည်ဖြစ်ပြီး နော့မျိုးနွယ်ဝင်အားလုံး၏ မျှော်လင့်ချက်ကို ပျက်စီးအောင် မလုပ်သင့်ကြောင်း မှာကြားခဲ့၏။
လူငယ်နှစ်ဦးလုံးကလည်း သဘာဝကျစွာပင် ခေါင်းညိတ် သဘောတူခဲ့ကြသည်။ ထို့နောက် သူတို့ လင်းဖုန်းနှင့်အတူ အာကာသယာဉ်ပေါ်သို့ လိုက်ပါကာ ဘီမွန်နတ်နန်းဆီသို့ ပြန်လည်ထွက်ခွာလာခဲ့ကြတော့သည်။
သို့သော်လည်း အာကာသယာဉ် ပျံသန်းပြီးမကြာမီမှာပင် လင်းဖုန်း တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားသည်။ သူ ဂြိုဟ်ပေါင်းများစွာကို ဖြတ်သွားခဲ့သော်လည်း ထိုဂြိုဟ်များအားလုံးက သေခြင်းတရားအလား တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြသည်။
အထူးသဖြင့် ထိုနေရာများတွင် ကြွင်းကျန်ရစ်သော စွမ်းအင်လှိုင်း အရိပ်အယောင်တချို့ ရှိနေသည်။ ထိုစွမ်းအင်းလှိုင်းများက လင်းဖုန်းကို ရင်းနှီးသည့် ခံစားချက်မျိုး မသဲမကွဲ ပေးစွမ်းနေသည်။
ထာဝရသိုင်းတာအိုအရှင်