အခန်း ၄၁၆
Vol. 37 Ch. 416
အခန်း (၄၁၆) - ဝါးမြိုသက်ရှိ
ဘာသာပြန် - အားသစ်
"ဒီခံစားချက်က တကယ်ကို ရင်းနှီးလွန်းနေတယ်..."
လင်းဖုန်း အာကာသယာဉ်ကို ရပ်လိုက်ပြီး မိမိရှေ့မှောက်ရှိ ဗလာကျင်းနေသော စကြာဝဠာကြီးကို ကြည့်လိုက်သည်။ သူ့ရှေ့တွင် မည်သည့်အရာမျှ ရှိမနေသော်လည်း တစ်ခုခု မှားယွင်းနေသည်ဟု သူ ခံစားနေရ၏။ သို့သော်လည်း မည်သည့်အရာများ ဖြစ်ပျက်သည်ကိုမူ အတိအကျ မပြောနိုင်ချေ။
"စကြာဝဠာမြေပုံ"
လင်းဖုန်း စကြာဝဠာမြေပုံကို ချက်ချင်း ဆွဲထုတ်ကြည့်လိုက်သည်။ အမှန်တကယ်တန်းတွင် ယခင်ကတည်းက သူ တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိခဲ့၏။ ဟင်းလင်းပြင်လမ်းကြောင်းမှ ထွက်ခွာလာပြီးနောက် နော့ဂြိုဟ်ဆီသို့ လာရာလမ်းတစ်လျှောက်တွင် သူ ဂြိုဟ်အနည်းငယ်ကိုသာ ကြုံတွေ့ခဲ့ရသည်။
ဂြိုဟ်များအားလုံး သက်ရှိအရှိန်အဝါ လုံးဝမရှိတော့ဘဲ သေဆုံးနေသည်ဖြစ်စေ စကြာဝဠာဖုန်မှုန့်များသာ ကျန်ရှိတော့သည်အထိ ဗလာကျင်းနေသည်ဖြစ်စေ တစ်မျိုးမဟုတ်တစ်မျိုး ဖြစ်နေခဲ့ကြသည်။
လင်းဖုန်း ထိုစဉ်က စကြာဝဠာမြေပုံကို အကြမ်းဖျင်း စစ်ဆေးကြည့်ခဲ့ဖူးသည်။ ဤပတ်ဝန်းကျင်တွင် ဂြိုဟ်အမြောက်အမြား ရှိနေသင့်၏။ နော့ဂြိုဟ်က ယဉ်ကျေးမှုတစ်ခုရှိသော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သော်လည်း သက်ရှိများရှိသည့် ဂြိုဟ်များ မြောက်မြားစွာ ရှိနေသည်။
သို့သော်လည်း လမ်းတစ်လျှောက်တွင် သူ သက်ရှိဂြိုဟ်များကို သိပ်မတွေ့ခဲ့ရချေ။ ဂြိုဟ်အနည်းငယ်မျှကိုပင် မတွေ့ခဲ့ရပေ။ ယင်းက တကယ်ပင် အလွန်ထူးဆန်းလှသည်။
ထို့ကြောင့် လင်းဖုန်း စကြာဝဠာမြေပုံကို ဆွဲထုတ်ကာ စစ်ဆေးကြည့်လိုက်၏။
ဤစကြာဝဠာမြေပုံများက အခြေခံအားဖြင့် နှစ်ပေါင်း ၁၀,၀၀၀ လျှင် တစ်ကြိမ် အဆင့်မြှင့်တင်လေ့ရှိပြီး ဘီမွန်ဂလက်ဆီအတွင်းရှိ ဂြိုဟ်အားလုံး ပါဝင်သည်။ တချို့ဂြိုဟ်များ ပျက်စီးယိုယွင်းသွားခဲ့လျှင်ပင် ဤမျှအထိ မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် နှစ်ပေါင်း ၁၀,၀၀၀ သက်တမ်းက ပြန်လည်မွမ်းမံမှုအတွက် လုံလောက်သည်။
လင်းဖုန်း စကြာဝဠာမြေပုံပေါ်တွင် မှတ်သားထားသော ဂြိုဟ်ငါးလုံးကို ကြည့်လိုက်သည်။
ထိုဂြိုဟ်များအနက် ဂြိုဟ်သုံးလုံးပေါ်တွင် သက်ရှိများ စတင်မွေးဖွားနေပြီ ဖြစ်၏။
ယခုမူ လင်းဖုန်း လုံးဝခြောက်သွေ့ဆိတ်သုဉ်းနေသော ဂြိုဟ်နှစ်လုံးကိုသာ တွေ့မြင်ရတော့သည်။ သက်ရှိများ မွေးဖွားပေးခဲ့သော အခြားဂြိုဟ်သုံးလုံးမှာမူ အမှန်တကယ်ပင် ပျောက်ကွယ်သွားခဲ့လေပြီ။ မှန်ပေ၏... ထိုဂြိုဟ်များမှာ ကနဦးကတည်းက တည်ရှိမနေခဲ့သည့်အလား လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
ဤအခြေအနေအတွက် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိသည်။ စကြာဝဠာမြေပုံ မှားယွင်းနေခြင်း မဟုတ်လျှင် ထိုဂြိုဟ်များတွင် တစ်ခုခု ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ရမည်။
...........
စကြာဝဠာမြေပုံ၏ မွမ်းမံမှုဇယားက အလွန်တိကျလှသည်။ ဤစကြာဝဠာမြေပုံကို ရေးဆွဲခဲ့သည်မှာ နှစ်ပေါင်းတစ်ထောင်ကျော်သာ ရှိသေး၏။ ထို့ကြောင့် ဤကာလအတွင်း ဂြိုဟ်တစ်လုံးအနေဖြင့် သဘာဝအတိုင်း ပျက်စီးကာ မည်သည့်ခြေရာလက်ရာမျှမကျန်ဘဲ လုံးဝ ပျောက်ကွယ်သွားရန်က မဖြစ်နိုင်ချေ။
သဘာဝအတိုင်း ပျက်စီးသွားသော ဂြိုဟ်တစ်လုံးက လုံးဝ ခြောက်သွေ့ဆိတ်သုဉ်းသွားသည်ဖြစ်စေ အပိုင်းပိုင်းကွဲအက်ကာ စကြာဝဠာဥက္ကာခဲများအဖြစ် ပြောင်းလဲသွားသည်ဖြစ်စေ တစ်မျိုးမဟုတ်တစ်မျိုး ဖြစ်ရမည်ဖြစ်ပြီး မည်သည့်ခြေရာလက်ရာမျှ မကျန်တော့ခြင်းမျိုးတော့ မဖြစ်နိုင်ပေ။
ဤဖြစ်ရပ်တွင် ထူးထူးခြားခြား ကိစ္စရပ်တစ်ခု ရှိနေ၏။
"စကြာဝဠာဖြစ်စဉ်တွေကို စစ်ဆေးမယ်"
လင်းဖုန်းသည် ဘီမွန်ဂလက်ဆီအတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သော စကြာဝဠာဖြစ်စဉ်များကို စစ်ဆေးရန် နတ်နန်း၏ အတွင်းပိုင်းစနစ်ကို ချက်ချင်း စတင်အသုံးပြုလိုက်သည်။
"ဒါရာတာ ယဉ်ကျေးမှု ဖျက်ဆီးခံရပြီး ဂြိုဟ်ပျောက်ကွယ်သွားမှု.. ဝါးမြိုသက်ရှိတစ်ကောင်နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သံသယရှိရ"
"မူလွန်း ယဉ်ကျေးမှု ဖျက်ဆီးခံရပြီး ဂြိုဟ်ပျောက်ကွယ်သွားမှု.. ဝါးမြိုသက်ရှိတစ်ကောင်နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သံသယရှိရ"
"ရှေးဟောင်းအပြာရောင်ဂြိုဟ် ပတ်ပတ်လည်က မူလဂြိုဟ်ရှစ်လုံး ပျောက်ကွယ်သွားမှု.. ဝါးမြိုသက်ရှိတစ်ကောင်နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သံသယရှိရ"
ဤကြီးမားသော ဖြစ်ရပ်များကို မြင်လိုက်ရသောအခါ လင်းဖုန်း၏ နှလုံးခုန်သံများ မြန်သွားသည်။ သူ စကြာဝဠာမြေပုံကို ထပ်မံဆွဲထုတ်လိုက်ပြီး ယင်းတို့ထဲမှ ပျောက်ဆုံးနေသော ဂြိုဟ်များ၏ တည်နေရာများကို ရှာဖွေကာ ၎င်းတို့ကို လိုင်းတစ်ခုအဖြစ် ဆက်စပ်ကြည့်လိုက်သည်။
ထိုအခါ ယင်းက သတ်မှတ်ထားသော ဦးတည်ချက်တစ်ခုဆီသို့ ဦးတည်ရွေ့လျားနေသည့် ကွေးညွတ်သော မျဉ်းကြောင်းတစ်ခု ဖြစ်ပေါ်နေကြောင်း သူ သတိပြုမိသွား၏။
ဤပျောက်ဆုံးသွားသော ဂြိုဟ်များ၏ အောက်တွင်မူ လင်းဖုန်း၏ လက်ရှိတည်နေရာ ရှိနေသည်။
"ဝါးမြိုသက်ရှိ"
လင်းဖုန်း၏ စိတ်နှလုံး လေးလံသွားသည်။ ယင်းက သူ့ကို ဤမျှအထိ ရင်းနှီးသော ခံစားချက်မျိုး ပေးစွမ်းနေခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ချေ။ ထိုသည်က ဝါးမြိုသက်ရှိတစ်ကောင် ဖြစ်နေခဲ့ခြင်းကြောင့်ပင်။
စကြာဝဠာကြီးထဲတွင် ဤကဲ့သို့သော ဝါးမြိုသက်ရှိများက ကျင့်ကြံခြင်းယဉ်ကျေးမှုများနှင့် နည်းပညာယဉ်ကျေးမှုများ၏ အဓိကရန်သူများ ဖြစ်ကြသည်။ ယင်းတို့ကို ရှာဖွေတွေ့ရှိသည်နှင့် ဘီမွန်နတ်နန်းပင်လျှင် ချက်ချင်း လှုပ်ရှားကာ ချက်ချင်း ဖျက်ဆီးပစ်လေ့ရှိသည်။
အကြောင်းမှာ ဝါးမြိုသက်ရှိများက ဖျက်ဆီးခြင်း၊ ဝါးမြိုခြင်းနှင့် ချေမှုန်းခြင်းများကိုသာ သိရှိကြသောကြောင့်ပင်။ ဂြိုဟ်အဆင့်သက်ရှိအဆင့်မျှသာ ရှိသေးသော ဝါးမြိုသက်ရှိတစ်ကောင်သည်ပင် ဂြိုဟ်ပေါင်းရာနှင့်ချီ၍ ဝါးမြိုဖျက်ဆီးပစ်နိုင်စွမ်း ရှိသဖြင့် ထိုသက်ရှိတို့၏ အန္တရာယ်က အလွန်တရာ ကြီးမားလှ၏။
ဝါးမြိုသက်ရှိများက စကြာဝဠာကြီး၏ ကင်ဆာအကျိတ်တစ်ခုကဲ့သို့ပင် ဖြစ်သည်။ အကယ်၍ သူတို့ကို ဆက်လက် ကြီးထွားခွင့်ပြုလိုက်မည်ဆိုပါက သူတို့က ဂလက်ဆီတိုင်းကို ဝါးမြိုဖျက်ဆီးပစ်ကြပေလိမ့်မည်။
လင်းဖုန်း ဤကဲ့သို့ရင်းနှီးမှုကို ခံစားရခြင်းမှာ သူ လီဗိုင်ယာသန်၏ အသက်အမြုတေကို ရခဲ့ဖူးသောကြောင့် ဖြစ်သည်။ လီဗိုင်ယာသန်က သာမန်ဝါးမြိုသက်ရှိတစ်ကောင် ဖြစ်ပြီး ဂြိုဟ်အဆင့်သက်ရှိပင် ဖြစ်လာခဲ့ဖူး၏။ သူက နောက်ဆုံးတွင် မိခင်ဂြိုဟ်ကို ဝါးမြိုခြင်းဖြင့် သူ၏ အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့သည်။
လင်းဖုန်း လီဗိုင်ယာသန်၏ မှတ်ဥာဏ်များကို မြင်တွေ့ခဲ့ဖူးသည်။ လီဗိုင်ယာသန်သည် မွေးဖွားလာချိန်မှစ၍ ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာသည့်အချိန်အထိ ဘဝတစ်လျှောက်လုံး အရာအားလုံးကို ဝါးမြိုခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင်မူ သူ ဂြိုဟ်တစ်ခုလုံးပေါ်ရှိ အရာအားလုံးနီးပါးကို ဝါးမြိုခဲ့ရုံသာမက သူ၏မိခင်ဂြိုဟ်ကိုပါ ဝါးမြိုခဲ့သည်။
ဂြိုဟ်အဆင့်သက်ရှိအဖြစ် အသွင်ပြောင်းသွားပြီးနောက် သူ စကြာဝဠာထဲတွင် အမြဲမပြတ် လွင့်မျောလှည့်လည်သွားလာရင်း မရေမတွက်နိုင်သော ဂြိုဟ်ပေါင်းများစွာကို ဝါးမြိုခဲ့သည်။
ယင်းက ဝါးမြိုသက်ရှိများ၏ သဘာဝပင် ။ သူတို့က ကျင့်ကြံသူများနှင့် နည်းပညာယဉ်ကျေးမှုများအတွက် အကြီးမားဆုံး ရန်သူများ ဖြစ်ကြသည်။
ကျင့်ကြံခြင်းယဉ်ကျေးမှုဖြစ်စေ နည်းပညာယဉ်ကျေးမှုဖြစ်စေ မည်သည့်ယဉ်ကျေးမှုကမျှ ဝါးမြိုးသက်ရှိများကို သည်းခံနိုင်စွမ်း မရှိကြချေ။
လင်းဖုန်း ဤနေရာမှ သတင်းအချက်အလက်များကို နတ်နန်းထံသို့ ချက်ချင်း ပေးပို့လိုက်သည်။ ဝါးမြိုသက်ရှိများနှင့် ပတ်သက်သည့် မည်သည့်သတင်းစကားမဆို အလွန်တရာ အရေးကြီးလှသည်။
များမကြာမီ နတ်နန်းက လင်းဖုန်းထံသို့ ပြန်လည်အကြောင်းပြန်လာသည်။ နတ်နန်းသည်လည်း ဝါးမြိုသက်ရှိက အနီးအနားတွင် ရှိနေနိုင်ကြောင်း သံသယရှိပြီး ယင်းက မူလအဆင့် ဂြိုဟ်အဆင့်သက်ရှိ ဖြစ်သင့်ကာ အလွန်တရာ အန္တရာယ်များလှသည်ဟု ဆိုသည်။
လင်းဖုန်း ထိုဝါးမြိုသက်ရှိကို ချက်ချင်း ရှာဖွေရန်၊ ၎င်းကို စောင့်ကြည့်ရန်နှင့် နတ်နန်းမှ ပညာရှင်များ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းရန် တာဝန်ပေးအပ်ခံလိုက်ရသည်။
ယင်းမှာ မဖြစ်မနေ လုပ်ဆောင်ရမည့် အမိန့်တစ်ခု ဖြစ်သဖြင့် လင်းဖုန်းအနေဖြင့် ငြင်းပယ်ရန် မဖြစ်နိုင်ချေ။ ထို့အပြင် သူကိုယ်တိုင်လည်း ငြင်းပယ်ဖို့ တစ်ခါမှ တွေးမထားချေ။ သူ ဝါးမြိုသက်ရှိများကို လုံးဝ သည်းမခံနိုင်ပေ။ အတိအကျဆိုရလျှင် ဤသည်က ဝါးမြိုသက်ရှိအဖြစ် သတ်မှတ်နိုင်ပြီး ဖျက်ဆီးခြင်းအတွက်သာ မွေးဖွားလာခဲ့သည့် ထိုစဉ်က ကမ္ဘာပျက်ကပ်သားရဲကြီးနှင့် ဆင်တူလှသည်။
"အရှင်ငယ် လင်းဖုန်း... ဘာများ ရှာတွေ့လို့လဲ"
ထိုအခိုက်တွင် နော့ယဉ်ကျေးမှုမှ တော်ဝင်မိသားစုဝင်နှစ်ဦးသည်လည်း လင်းဖုန်း၏ မျက်နှာပေါ်ရှိ လေးနက်တည်ကြည်နေသော အမူအရာကို သတိပြုမိသွားကြသည်။
"ဝါးမြိုသက်ရှိတစ်ကောင်ကို ရှာတွေ့ထားတယ်။ ဒီနေရာက အရမ်း အန္တရာယ်များလွန်းတယ်။ မင်းတို့နှစ်ယောက်ကို ဟင်းလင်းပြင်လမ်းကြောင်းဆီ အရင်ပို့ပေးမယ်... ပြီးရင် ဘီမွန်နတ်နန်းဆီကို သွားလိုက်ကြ။ အဲ့ဒီရောက်ရင် ငါ့နာမည်ကိုသာ ပြောလိုက်။ အချိန်တန်ရင် တစ်ယောက်ယောက်က မင်းတို့ကို နတ်နန်းထဲမှာ ကျင့်ကြံနိုင်ဖို့ သဘာဝအတိုင်း စီစဉ်ပေးလိမ့်မယ်"
လင်းဖုန်း၏ အမူအရာက အလွန်တရာ လေးနက်တည်ကြည်နေသည်။ သူ အာကာသယာဉ်ကို ဟင်းလင်းပြင်လမ်းကြောင်းဆီသို့ တတ်နိုင်သမျှ အမြန်ဆုံး မောင်းနှင်သွား၏။ သူတို့နှစ်ဦးကို ဘေးဘေးကင်းကင်း ပို့ဆောင်ပေးပြီးနောက် သူ ပြန်လှည့်လာသည်။
လင်းဖုန်း စကြာဝဠာမြေပုံပေါ်ရှိ မျဉ်းကြောင်းအတိုင်း အောက်ရှိ ပတ်ဝန်းကျင်တစ်ခုလုံးကိုလည်း လှန်လှောရှာဖွေခဲ့သည်။
သူ ရှာဖွေနေစဉ် စကြာဝဠာမြေပုံပေါ်ရှိ ဂြိုဟ်များကိုလည်း စစ်ဆေးခဲ့၏။ အထူးသဖြင့် သူ သက်ရှိများ မွေးဖွားပေးခဲ့ဖူးသော ထိုဂြိုဟ်များကို စုံစမ်းစစ်ဆေးရန် ပိုမိုအာရုံစိုက်ခဲ့သည်။
ကံမကောင်းစွာဖြင့် လင်းဖုန်း စုံစမ်းစစ်ဆေးလေလေ သူ့အမူအရာက ပို၍ပင် တင်းမာလာလေလေ ဖြစ်၏။ သူ စုစုပေါင်း သက်ရှိဂြိုဟ် ၁၁ လုံး လုံးဝဥဿုံ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ရှာတွေ့ခဲ့ရသည်။
ယင်းတို့အားလုံး ထိုဝါးမြိုသက်ရှိ၏ ဝါးမြိုခြင်းကို ခံလိုက်ရပုံရသည်။ ထို့အပြင် စကြာဝဠာထဲတွင် ကြွင်းကျန်ရစ်သော အထူးအရှိန်အဝါကလည်း တစ်စတစ်စ ပိုမို ပြင်းထန်လာပြီ ဖြစ်၏။ ထိုသည်က လင်းဖုန်း ထိုဝါးမြိုသက်ရှိထံသို့ တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်ကြောင်း ပြသနေသည်။
"ငါ အရှိန်မြှင့်ရမယ်"
လင်းဖုန်း အာကာသယာဉ်၏ အရှိန်ကို မြှင့်တင်လိုက်ပြီး သက်ရှိဂြိုဟ်များဆီသို့ တိုက်ရိုက် ဦးတည်မောင်းနှင်သွားတော့သည်။
နောက်ဆုံးတွင် လင်းဖုန်း သက်ရှိများ မွေးဖွားပေးထားသော ဂြိုဟ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့သည်။ သူတို့က ယဉ်ကျေးမှုတစ်ခုကိုပင် တည်ထောင်ထားကြပြီး ဖြစ်၏။ သို့သော်လည်း ထိုယဉ်ကျေးမှုက ရှေးဦးအစောပိုင်းအဆင့်တွင်သာ ရှိသေးပြီး နည်းပညာယဉ်ကျေးမှုတစ်ခု၏ အစပျိုးခြင်းမျှသာ ဖြစ်ကာ ဂြိုဟ်ပေါ်မှ ထွက်ခွာနိုင်စွမ်းပင် ရှိမနေခဲ့ကြသေးချေ။
သို့သော်လည်း ဤဂြိုဟ်ပေါ်တွင် သက်ရှိအမြောက်အမြား ရှိနေပြီး အထူးသဖြင့် အသိဉာဏ်ရှိသက်ရှိဦးရေက ငါးဘီလီယံကျော် ရှိနေသည်။ ၎င်းမှာ ဝါးမြိုသက်ရှိများအတွက်မူ မခံမရပ်နိုင်လောက်အောင် ဆွဲဆောင်မှုရှိလှသော အရာတစ်ခု ဖြစ်၏။
အကယ်၍ လင်းဖုန်းအနေဖြင့် ထိုဝါးမြိုသက်ရှိကို ရှာမတွေ့နိုင်ခဲ့ပါက သူ ဤနေရာ၌သာ စောင့်ဆိုင်းနေခြင်းက ပိုကောင်းပေလိမ့်မည်။ တကယ်ပင် ဝါးမြိုသက်ရှိတစ်ကောင် ဖြစ်နေသရွေ့ ဤနေရာကို သေချာပေါက် ရှာဖွေတွေ့ရှိနိုင်လိမ့်မည်။ သက်ရှိအမြောက်အမြား မွေးဖွားပေးထားသော ဤဂြိုဟ်ကို လုံးဝ လက်လွှတ်ခံမည်မဟုတ်ကြောင်း သူ ယုံကြည်၏။
လင်းဖုန်း ထိုဝါးမြိုသက်ရှိ ရောက်ရှိလာရန် မည်မျှကြာမြင့်မည်ကို မသိရချေ။ ထို့အပြင် သူ၏ အာကာသယာဉ်က စကြာဝဠာကြီးထဲတွင် အလွန်တရာ သိသာထင်ရှားလွန်းနေသည်။
ရန်သူကို ရိပ်မိသွားခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် လင်းဖုန်း အာကာသယာဉ်ကို တိုက်ရိုက် မောင်းနှင်ကာ အောက်ရှိ ဂြိုဟ်အတွင်းသို့ ပျံသန်းဝင်ရောက်သွားတော့သည်။
ဤဂြိုဟ်ပေါ်တွင် ရေထုအမြောက်အမြား ရှိနေပြီး ၇၀ ရာခိုင်နှုန်းကျော်က ရေပြင်များ ဖြစ်ကြ၏။ အသိဉာဏ်ရှိ သက်ရှိများက ဤဂြိုဟ်ကို လွှမ်းမိုးထားကြသော်လည်း သူတို့၏ အုပ်ချုပ်မှုက ရေပြင်ပေါ်တွင် မဟုတ်ဘဲ ကုန်းမြေပေါ်တွင်သာ တည်ရှိသည်။
လင်းဖုန်း ပင်လယ်ပြင်ပေါ်ရှိ ခြောက်သွေ့ဆိတ်သုဉ်းနေသော ကျွန်းတချို့ပေါ်သို့ အာကာသယာဉ်ကို တိတ်တဆိတ် ဆင်းသက်လိုက်သည်။ ထို့နောက် သူ အာကာသယာဉ်ထဲမှ ထွက်ခွာပြီး ပင်လယ်ပြင်ပေါ်မှ တစ်ယောက်တည်း ပျံသန်းကာ အသိဉာဏ်ရှိ သက်ရှိများ စုဝေးရာ ကုန်းမြေတိုက်ကြီးဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။