ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်
Vol. 15 Ch. 216
*အတုတွေ*
ထိုအခိုက်တွင် လူတိုင်း အံ့ဩသွားကြပြီး ရဲ့လင်းချန်အား သေသေချာချာ ကြည့်လာကြသည်။
ယနေ့တွင် ရဲ့လင်းချန်က Vatti အမှတ်တံဆိပ်ကိုသာ ဝတ်ဆင်ထားသည်။ သူသည် မိုးပြာရောင် ကုတ်အင်္ကျီနှင့် ဘောင်းဘီအပြင် အဖြူရောင် တီရှပ်ကို အထဲ၌ခံ၍ ဝတ်ဆင်ထားကာ တောက်ပြောင်နေသော အနက်ရောင် သားရေဖိနပ်ကို စီးထားသည်။ သူ၏ အရှိန်အဝါနှင့် တွဲဖက်လိုက်သောအခါ တခြားသူများအား အံ့အားသင့် သွားအောင် လုပ်နိုင်ပေသည်။
Vatti သည် နာမည်ကျော် ပြည်တွင်း တန်ဖိုးကြီး အမှတ်တံဆိပ်ဖြစ်ပြီး အလွန် ရေပန်းစားသည်။ ထို့ကြောင့် နေရာတိုင်း၌ အတုများ ရှိသည်က ပုံမှန်ပင်။
သို့ဖြစ်သော်ငြားလည်း ရဲ့လင်းချန်၏ အဝတ်အစားများက လက်ရာမြောက်ပုံ ပေါ်ပြီး လုံးဝ အတုပုံ မပေါက်ပေ။
“သခင်လေးဝူက ကျန်းနန် သားရေလုပ်ငန်းရဲ့ သားပဲ၊ ကျန်းနန် သားရေလုပ်ငန်းက Vatti ရဲ့ အကြီးဆုံး ကုန်ကြမ်း ထောက်ပံ့သူလေ၊ Vatti က အဝတ်အစားတွေကို သူ ကောင်းကောင်း သိတယ်၊ အဲ့တော့ သူက အတုလို့ ပြောရင် အဲ့တာ အတုပဲ ဖြစ်ရမယ်”
တစ်စုံတစ်ယောက်က ချက်ချင်း သံယောင်လိုက်သည်။
“ပြောသားပဲ၊ သူလို့ ငမွဲက ဘယ်လိုလုပ် Vattiရဲ့ အဝတ်အစားတွေကို ဝတ်နိုင်မှာလဲ၊ အင်း … သူက ဒီကို လာနိုင်ဖို့ ကလိမ်ကျရုံတင်မကဘူး အဝတ်အစား အတုတွေပါ ဝတ်လိုက်သေးတယ်”
ဟဲယွမ်ကလည်း သရော်လေသည်။ သူက ရဲ့လင်းချန်အား ခနဲ့သော အကြည့်ဖြင့် ကြည့်နေပြီး သူ့မျက်လုံးတွင် ရယ်မော လှောင်ပြောင်မှုတို့နှင့် ပြည့်နေသည်။
“ဒါ အစစ်လား အတုလားဆိုတာ မင်းတစ်ယောက်တည်းရဲ့ သဘောပေါ်မှာ မမူတည်ဘူး”
ရဲ့လင်းချန် ခေါင်းခါလိုက်သည်။
သူ့အိမ်တွင် Vattiမှ အဝတ်အစားများ အပုံလိုက်ပင်။ ဤဝတ်စုံကို ပွဲမစခင် ကျားတိက သူ့အား ပေးလာခြင်း ဖြစ်သည်။ အကယ်၍ ဤအဝတ်အစားသာ အတုဖြစ်ပါက ကမ္ဘာပေါ်မှ ဘယ် Vatti အဝတ်အစားကမှ အစစ် မဟုတ်တော့ပေ။
“ဟားဟား ဒီလို အခြေအနေမှာတောင်မှ မင်းအမှားကို ဝန်မခံချင်သေးဘူးလား”
ဝူကျွင့်ကျယ်က ရယ်မောလေသည်။
“Vattiရဲ့ ကုန်အမှတ်တံဆိပ်အပေါ် ငါ့နားလည်နိုင်စွမ်းက ဒုတိယ အကောင်းဆုံးပဲလို့ ငါ ပြောရင် ဒီကလူတွေထဲက ဘယ်သူကမှ သူတို့က ပိုသိပါတယ်လို့ မပြောရဲဘူး၊ Vatti ရဲ့ ကုန်ပစ္စည်း တစ်ဝက်ကျော်က ငါ့မိသားစုက လာတာပဲ”
ရဲ့လင်းချန်၏ မတုန်လှုပ်သော အမူအရာကို မြင်သော် သူက ဆက်၍ သရော်လေသည်။
“မင်းကိုယ်ပေါ်က ပစ္စည်းတွေက ကောင်းပုံပေါ်ပါတယ်၊ ဒါပေမဲ့ Vattiရဲ့ လက်ရှိထုတ်ကုန်မှာ မင်း ဝတ်ထားတာနဲ့ တူတဲ့ပုံစံ မရှိဘူး”
ဝူကျွင့်ကျယ်က ခေါင်းကိုမော်၍ ရဲ့လင်းချန်အား အထင်သေးဟန်ဖြင့် ကြည့်လေသည်။
*ဒါတွေက အတုတွေပဲကို၊ ဒါတောင် သူက ပွဲထဲ ဝင်နိုင်အောင် လုပ်နိုင်သေးတယ်၊ သူ့ကိုယ်သူ တော်တော် အထင်ကြီးနေတာပဲ*
ဤနေရာမှလူတိုင်းသည် ဖက်ရှင်နှင့် အလွန် ရင်းနှီးကျွမ်းဝင်ပြီး တန်ဖိုးကြီး အမှတ်တံဆိပ်များနှင့် ရင်းနှီးသည်။ အစက ဘယ်သူမှ သေချာ မကြည့်သော်လည်း ဝူကျွင့်ကျယ်၏ စကားအဆုံးတွင် သူတို့က ရဲ့လင်းချန် အဝတ်အစား၏ ခြားနားမှုကို သတိထားမိသွားသည်။ အသေးစိတ် ချုပ်လုပ်ထားပုံက Vatti၏ ပုံမှန်စတိုင်နှင့် အတော်လေး ကွဲပြားနေသည်။
“ဟုတ်တယ် Vattiက ဒီလိုစတိုင်မျိုး တစ်ခါမှ မကြေညာဖူးဘူး”
“ဒီအတုထုတ်တဲ့လူက တော်တော်လေး နမော်နမဲ့လုပ်တာပဲ၊ သူတို့ တုပတာလေးကိုတောင် မလုပ်နိုင်ဘူး”
“သခင်လေးဝူပဲလေ၊ ထင်တဲ့အတိုင်းပဲ သူ့မျက်လုံးတွေက စူးရှတယ်၊ အတုတွေကို တစ်ချက်ကြည့်ရုံနဲ့ သတိထား မိတာပဲ”
သူတို့အားလုံး၏ ဘေးပတ်လည်မှ ပြောဆိုသံများကို ကြားနေရပြီး အများစုက ရဲ့လင်းချန်ကို အပြစ်တင်နေကြသည်။
“ငါ ဝတ်ထားတဲ့ ဝတ်စုံက သူတို့ရဲ့ နောက်ဆုံးပေါ် ဒီဇိုင်းပဲ၊ မင်း သတိမထားမိတာ မဆန်းဘူး”
ရဲ့လင်းချန်သည် သူ ဝတ်ထားသော ဒီဇိုင်းအတွက် အကြံပြုချက်များ ပေးခဲ့သည်။ ၎င်းက စတိုင် အသစ် ဖြစ်ပြီး ရဲ့လင်းချန် ဝတ်ထားသော ဝတ်စုံက သူတို့ ပထမဆုံး ထုတ်လုပ်ထားသည့် ဝတ်စုံ ဖြစ်နိုင်လောက်သည်။
“ဖွီ … ဟားဟားဟား …”
ဝူကျွင့်ကျယ်က ကမ္ဘာပေါ်၌ အရယ်ရဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ ဟားတိုက် ရယ်မောလေသည်။ သူက ခွက်ထိုးခွက်လန် ရယ်နေပြီး ရယ်ရလွန်း၍ တစ်ကိုယ်လုံး တုန်နေ၏။
“မင်း လာနောက်နေတာလား၊ Vattiက နောက်ဆုံးပေါ် ဒီဇိုင်းက အခု ငါ ဝတ်ထားတဲ့ဟာပဲ”
သူက ကြွားဝါလေသည်။ သူသည် အင်္ကျီလက်အနားကို ခေါက်လိုက်ပြီး Vatti တံဆိပ်ကို ပြလိုက်သည်။
“ပြီးတော့ ဒါက Vattiရဲ့ limited Edition ပဲ၊ တစ်ကမ္ဘာလုံးမှာ ဒါမျိုး အစုံတစ်ရာလောက်ပဲ ရှိတယ်၊ မင်း ဝယ်ချင်ရင်တောင် ဝယ်လို့မရဘူး”
ထိုစကား အဆုံးတွင် ဆူညံသံ ထွက်ပေါ်လာသည်။
ဟဲယွမ်က စိတ်ထဲမှ ကျိတ်ရယ်နေ၏။ ရဲ့လင်းချန် သူခိုးလူမိသွားသည့်အဖြစ်အား ကြည့်နေရသည်ကို သူ အလွန် သဘောကျမိသည်။ ထို့အပြင် ရဲ့လင်းချန်ကို နင်းချေလိုက်ခြင်းဖြင့် သူ သခင်လေးဝူ၏ အမြင်ကောင်းကို ရနိုင်ပေသည်။ သူ ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်နိုင်ပြီဖြစ်သလို အရာအားလုံးက ကောင်းမွန်စွာ အလုပ် ဖြစ်နေ၏။
ထိုသို့ တွေးမိပြီးနောက် သူ မနေနိုင်ဘဲ ရှေ့ထွက်လာကာ ရဲ့လင်းချန်အား လက်ညှိုးထိုး၍ အထက်စီးဖြင့် ပြောလိုက်သည်။
“ရဲ့လင်းချန် သခင်လေးဝူက မင်းကို ဒီလောက် အလေးထားပြီး ပြောနေတာ၊ အဲ့လောက် အရှက်မမဲ့နဲ့၊ အခုချက်ချင်း ထွက်သွားစမ်း”
ရှုဝမ်ချင် မျက်မှောင်ကြုတ်သွားပြီး ရဲ့လင်းချန်အတွက် ခုခံပြောဆိုပေးရန် ပြင်လိုက်သည်။ သို့သော် ထိုအခိုက်တွင် ရဲ့လင်းချန်၏အသံကို ကြားလိုက်ရလေသည်။
“Vattiရဲ့ စီအီးအိုတောင်မှ ဒီမှာ ရှိနေရင် ငါ့ကို ဒီလို မပြောရဲတာ၊ မင်းတို့အားလုံး ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ဂုဏ်ရှိတယ် ထင်နေလဲ”
သူ ပြောသည့်စကားကို ကြားလိုက်ရသောအခါ ဘေးလူများအားလုံး မှင်တက်ကာ ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။
ဟဲယွမ်သည်လည်း အံ့ဩသွားပြီးမှ ချက်ချင်း သဘောခွေ့လာသည်။ သူက ရဲ့လင်းချန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
*ဘုရားစူး … ဒါ ဝူကျွင့်ကျယ်လေ၊ ဝူကျွင့်ကျယ်ကို မြို့တော်ရဲ့ ဂုဏ်သရေရှိ အမျိုးသားတွေထဲက တစ်ယောက်လို့ ပြောလို့ရတယ်၊ သူက လူတစ်ယောက်ကို လက်ဖျောက်တီးလိုက်ရုံနဲ့ အသာလေး ပျောက်သွားအောင် လုပ်နိုင်တယ်၊ ဒါပေမဲ့ ဒီအရူး ရဲ့လင်းချန်က သတ္တိကောင်းကောင်းနဲ့ ခေါင်းမာနေသေးတယ်၊ ဒါ သေတွင်းတူး နေတာနဲ့မှ မခြားပဲ*
ရှုဝမ်ချင်သည်လည်း ရဲ့လင်းချန်အား အလန့်တကြား ကြည့်နေသည်။
*သူက သင်္ချာ တော်တာပဲကို ဘာလို့ သူ့ဦးနှောက်က ဒီလောက် နှေးကွေးရတာလဲ၊ သူ့ရဲ့ တဲ့တိုးစကားတွေက တခြားသူတွေကို အသာလေး ရန်စနေတယ်လေ*
“မင်းက ငါ့ကို ဒီလို ပြောရဲတာလား”
ဝူကျွင့်ကျယ်သည်လည်း အံ့အားသင့်နေသည်။ သူ့စိတ်ထဲတွင် ရဲ့လင်းချန်က ဆက်၍ ဝန်ခံရန် ငြင်းဆန်နေမလား၊ သို့မဟုတ် သူ့ကို ညှာတာပေးရန် တောင်းပန်လေမလားဟု သို့မဟုတ် သူ့အား မျက်နှာလုပ်လာလေမလား စသဖြင့် ဖြစ်နိုင်ချေ များစွာကို တွေးနေမိသည်။ သို့သော် ရဲ့လင်းချန်က ဤသို့ ပြောလာလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိပေ။
သူ့အပြုအမူက မောက်မာသည်ဟုပင် ပြော၍ မရနိုင်တော့ချေ။ သူ့စကားများက မုသားတို့ဖြင့် ပြည့်နေပြီး နဂါးငွေ့တန်းလောက်အထိ ကြွားဝါနေလေသည်။
ရဲ့လင်းချန်က ဘယ်လိုလုပ် သည်လောက် ဗြောင်ကျကျဖြင့် အလိမ်အညာကို ပြောရဲသလဲ သူ မတွေးတတ် တော့ချေ။
“မင်းကို ငါ ရိုက်နှက်ပြီး ဒီနေရာကနေ ပစ်ထုတ်မယ်ဆိုရင် ဘယ်သူမှ ဝင်မပြောရဲဘူးဆိုတာကို မင်း ယုံလား”
“အာ … အဲ့လိုလား၊ မင်း စမ်းကြည့်လိုက်လေ”
ရဲ့လင်းချန်က ပခုံးတွန့်၍ အေးအေးလူလူ ပြောလိုက်သည်။
ဝူကျွင့်ကျယ်က ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး သူ့မျက်လုံးများတွင် လေးနက်ဟန် ပေါ်လာသည်။
သူ မွေးကတည်းက သူ့အနားမှ လူများက သူ့ကို မျက်နှာချိုသွေးခဲ့ကြသည်။ သူ့အား မျက်နှာချင်းဆိုင် စိန်ခေါ်ရဲသူဟူ၍ တစ်ယောက်မှ သူ မတွေ့ခဲ့ဖူးပေ။
သူက ပြုံးလိုက်ပြီးနောက် ရိသဲ့သဲ့ဟန်ဖြင့် ပြောလိုက်သည်။
“ကောင်းပြီလေ မင်းက စမ်းကြည့်စေချင်ရင်လည်း ငါက စမ်းကြည့်ရတာပေါ့”
“ဝူကျွင့်ကျယ်၊ ကျန်းနန် သားရေလုပ်ငန်းက မြို့တော်မှာ စိတ်ရှိတိုင်း လုပ်ချင်တာ လုပ်လို့ရတဲ့ အနေအထားမှာ မရှိဘူး၊ အခု နင် ပြဿနာရှာရင် နင့်အဘိုးကြီး ရောက်လာရင်တောင်မှ ဘာမှကယ်နိုင်မယ် မထင်ဘူး”
ရှုဝမ်ချင်က မမှိတ်မသုနန် အမူအရာကို ထိန်းသိမ်း၍ အသံမာမာဖြင့် သတိပေးလိုက်သည်။
ဝူကျွင့်ကျယ် အံကြိတ်လိုက်သည်။ လူချမ်းသာများထဲမှ အချမ်းသာဆုံးများသာ ဖက်ရှင်ရှိုးပွဲကို တတ်ကြသည်။ အရေးပါသူများနှင့် သူဌေးကြီးများ မပေါ်လာသေးချေ။ ဘာမဟုတ်သော ငမွဲကောင်တစ်ကောင်အတွက်နှင့် ကျန်းနန် သားရေလုပ်ငန်း၏ ဂုဏ်သတင်းကို ဖျက်ဆီးလိုက်ရန် မထိုက်တန်ပေ။
“ကောင်းပြီလေ၊ ဟေ့ကောင် ငါ မင်းကို အခွင့်အရေး တစ်ခု ပေးလိုက်မယ်၊ အခု ငါ့ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်၊ ဒါဆို ငါ ပြီးခဲ့တာတွေကို မေ့လိုက်မယ်”
ဝူကျွင့်ကျယ်၏ အကြည့်က အေးတိအေးစက် ဖြစ်နေပြီး ရဲ့လင်းချန်အား သတ်မတတ် စူးစိုက်ကြည့်နေ၏။
“ရဲ့လင်းချန် သခင်လေးဝူက အခု သဘောထား ကြီးပေးနေတာနော်၊ ဒီလို ဖြစ်လာမှတော့ သူ့ကြင်နာကို အလေးမထားဘဲ မတောင်းပန်ရင် တော်တော် လွန်သွားပြီ”
ဟဲယွမ်ကလည်း သနားဟန်ဖြင့် ဖျောင်းဖျလေသည်။
“ဟုတ်တယ်၊ မင်း သခင်လေးဝူကို မတောင်းပန်သေးဘူးလား”
“ဆင်းရဲသားက လူချမ်းသာကိုတောင် မကြောက်ဖူးပဲ၊ ဒီငမွဲက သူ့နေရာ သူမသိဘဲ သခင်လေးဝူကို စိန်ခေါ်ရဲ သေးတယ်”
“မင်းက ငါ့ကို ဒူးထောက်ပြီး တောင်းပန်စေချင်တာလား”
ရဲ့လင်းချန်က သရော်ပြုံး ပြုံးလိုက်ပြီး ဝူကျွင့်ကျယ်အား တည်ငြိမ်စွာ ကြည့်နေသည်။
“ငါလည်း မင်းကို အခွင့်အရေး ပေးလိုက်မယ်”
“အခု ဒူးထောက်တောင်းပန်လိုက်၊ ဒါဆို ငါ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေးမယ်”
*ဒါ … ဒါ …*
ထိုစကားကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။
သူတို့နားမှ လူများအားလုံး မျက်လုံးပြူးသွားကြသည်။ တော်တော်များများက ပါးစပ်ကို လက်ဖြင့်အုပ်လာကြပြီး ဤအဖြစ်ကို လက်မခံနိုင် ဖြစ်နေလေသည်။
*သူက ကျားဆီကနေ အမဲလိုက်တာ ခံချင်နေတဲ့ ဝက်လိုပါပဲလား*
အားလုံး၏ အတွေးအမြင်များ ပျက်ပြားကုန်၏။
“အထူးပုဂ္ဂိုလ်တွေ ဝင်လာပြီ”
ထိုစဉ် ပွက်လောရိုက်သံ ထွက်ပေါ်လာပြီး ခန်းမအလယ်မှ အကြီးဆုံး တံခါးက ပွင့်လာသည်။