အခန်း ၁
Vol. 1 Ch. 1
1
၁၉၇၀ ပြည့်နှစ်၏ နွေဦးရာသီ
“မန်မန်၊ နင့်မိသားစုအခြေအနေ ယိမ်းယိုင်သွားလို့ ကျန်းယောင်တစ်ယောက် နင့်ကို အထင်သေးသွားတာဖြစ်ရမယ်၊ ဒါကြောင့် ကွယ်ရာမှာ နင့်အကြောင်း အတင်းအဖျင်းတွေလိုက်ပြောနေတာပေါ့၊ အဲဒီကျေးဇူးကန်းတဲ့ကောင်က အရင်တုန်းက နင့်အဘိုးသူတို့ကို ဘယ်လောက်တောင် ကူညီပေးခဲ့ဖူးလဲဆိုတာ မေ့သွားပြီထင်တယ်”
လီဝေ့မြန်၏မျက်ဝန်းထဲမှ မျက်ရည်စက်များ ပိုးပိုးပေါက်ပေါက်ကျဆင်းလာကာ ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။ သူမအသံမှာ အလွန်တရာ ဝမ်းနည်းကြေကွဲနေသည့်ဟန် ပေါက်နေ၏။
လုရှီမန်က သူမနားထင်ကို ခပ်ဖွဖွပွတ်သပ်လိုက်ပြီးနောက် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများကို ပွတ်သပ်ကြည့်လိုက်မိသည်။ လွန်ခဲ့သည့်မိနစ်ပိုင်းလေးကမှ အလုပ်ခွင်၏ပင်ပန်းနွမ်းနယ်မှုများကို အာရုံပြောင်းရန်အတွက် အကြီးဆုံးဝတ္ထုပလက်ဖောင်းဖြစ်သော တိုမားတိုးကိုဖွင့်ကာ ခေတ်ဟောင်းနောက်ခံဝတ္ထုတစ်ပုဒ်ကို ကျပန်းရွေးချယ်ဖတ်ရှုနေခဲ့ခြင်းဖြစ်သည်။
တိုက်ဆိုင်စွာပင် ထိုဝတ္ထုထဲမှ ဇာတ်ပို့မလေး၏နာမည်မှာ သူမနာမည်နှင့် ထပ်တူကျနေသဖြင့် စိတ်ဝင်တစားဖြင့် အနည်းငယ် ပိုဖတ်လိုက်မိရုံသာပင်။ ထိုမျှလေးနှင့် သူမက ဤဝတ္ထုထဲကို အဘယ်ကြောင့် ကူးပြောင်းရောက်ရှိလာရသနည်း။
ဝတ္ထုထဲတွင်တော့ လုရှီမန်သည် နေရာတကာတွင် ပြဿနာရှာတတ်ပြီး ဇာတ်လမ်းပေါင်းစုံ ခင်းကျင်းတတ်သည့် ပြဿနာအိုးလေးတစ်ဦးဖြစ်သည်။
လုမိသားစုသည် ဩဇာတိက္ကမကြီးမားပြီး ဓနအင်အား တောင့်တင်းလှသော်လည်း ကံမကောင်းစွာဖြင့် လုရှီယင်မှာ တစ်ဦးတည်းသော သမီးလေး ဖြစ်နေခဲ့သည်။ လုအိမ်တော်သခင်ကြီး လုဟန်ရှန်းက သူ့သမီးအတွက် သမက်ကို အိမ်ပေါ်ခေါ်တင်ရန် မူလက ရည်ရွယ်ထားခဲ့သော်လည်း ရွာတောကျကျအရပ်မှလာသော လီရှီချွမ်းဆိုသည့် ကောင်လေးကို သမီးဖြစ်သူက စွဲစွဲလမ်းလမ်း ချစ်ကြိုက်သွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
သူတို့နှစ်ဦးသည် မြင်မြင်ချင်း ချစ်ကြိုးသွယ်ခဲ့ကြပြီး နောက်တစ်နှစ်တွင်တော့ လုရှီမန်ကို မွေးဖွားခဲ့လေသည်။
လုရှီမန်သည် အလွန်ချောမောလှပပြီး ငယ်စဉ်ကတည်းက အလိုလိုက်အကြိုက်ဆောင်ခံရကာ ဂရုစိုက်မှုအပြည့်နှင့် ကြီးပြင်းလာခဲ့ရသည်။ သို့ရာတွင် လွန်ခဲ့သောသုံးနှစ်ခန့်က မိခင်ဖြစ်သူ လုရှီယင်မှာ ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး တော်လှန်ရေးလှုပ်ရှားမှုများ စတင်လာချိန်တွင်တော့ လုမိသားစုကဲ့သို့သော ကုန်သည်ပွဲစားများမှာ သဘာဝကျကျပင် ပထမဆုံးထိခိုက်နစ်နာရသည့်စာရင်းတွင် ပါဝင်သွားခဲ့၏။
သို့သော်ငြားလည်း အဘိုးဖြစ်သူလုဟန်ရှန်းသည် တစ်သက်တာလုံး အလှူဒါနများစွာပြုလုပ်ခဲ့ပြီး လူပေါင်းများစွာ၏အသက်ကို ကယ်ခဲ့ဖူးလေသည်။ ထိုသို့သော မေတ္တာတရားနှင့် ဆက်သွယ်ရေးကွန်ရက်များကြောင့် လူတိုင်းက လုမိသားစုကို မထိခိုက်စေရန် တိတ်တဆိတ် သဘောတူညီထားခဲ့ကြ၏။
လွန်ခဲ့သည့်တစ်နှစ်က လုဟန်ရှန်း ကွယ်လွန်သွားချိန်တွင်တော့ အိမ်ထောင်စုတစ်ခုလုံး၏အခြေအနေမှာ ရေစုန်မျောကာ ယိမ်းယိုင်စပြုလာခဲ့သည်။ သို့သော် အလိုလိုက်ခံထားရသော မူလပိုင်ရှင်ကမူ ထိုအခြေအနေဆိုးများကို အလျဉ်းမမြင်ခဲ့ချေ။
ယင်းအစား လီရှီချွမ်းက ရှန်ဟုန်မေနှင့် သူမသမီးကို အိမ်အကူများဟု အကြောင်းပြကာ ခေါ်ဆောင်လာခဲ့ချိန်တွင် လီဝေ့မြန်အပေါ်ထားရှိသည့် ဖခင်ဖြစ်သူ၏ ယုယကြင်နာမှုများကို သူမ အထင်းသားမြင်တွေ့ခဲ့ရသည်။ သူမနေရာလေးကို ကာကွယ်ရန်အတွက် သူမသည် ပိုမိုမောက်မာထောင်လွှားလာခဲ့ပြီး အဘိုးဖြစ်သူလုဟန်ရှန်းကျန်ရစ်ခဲ့သော ဩဇာအာဏာကို အသုံးချကာ အနိုင်ကျင့်ဗိုလ်ကျတတ်လာခဲ့၏။
ယခု သူမရှေ့မှောက်တွင် မျက်ရည်များ ဖြိုင်ဖြိုင်ကျကာ ငိုကြွေးနေသည့် မိန်းကလေးမှာ ဤဝတ္ထု၏ဇာတ်လိုက်မဖြစ်သူ လီဝေ့မြန်ပင်ဖြစ်သည်။
သူမက အပြင်ဘက်တွင် သောင်းကျန်းကာ ပြဿနာရှာနေချိန်တွင် လီရှီချွမ်းကမူ လုမိသားစု၏ပိုင်ဆိုင်မှုများကို တိတ်တဆိတ် အမည်ပေါက်ပြောင်းကာ သူ့ဇနီးနှင့် သမီးဖြစ်သူကို ဟောင်ကောင်သို့ခေါ်ဆောင်သွားရန် ပြင်ဆင်နေခဲ့၏။
သူတို့သည် လုမိသားစု၏အမွေအနှစ်များကို အရင်းပြုကာ ဟောင်ကောင်တွင် စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်တည်ထောင်ခဲ့ကြသည်။ တိုက်ဆိုင်မှုတစ်ခုကြောင့် လီဝေ့မြန်သည် ဥစ္စာဓနကြွယ်ဝသော အချစ်စစ်နှင့် ဆုံတွေ့ခဲ့ရ၏။ ချစ်သူ၏အကူအညီဖြင့် သူတို့မိသားစုသည် လူကုံထံအသိုင်းအဝိုင်းထဲသို့ အောင်မြင်စွာ ဝင်ဆံ့နိုင်ခဲ့သည်။
သူတို့နှစ်ဦး လက်ထပ်ပြီးနောက်တွင် ပိုမိုအင်အားကြီးမားလာကာ နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာခဲ့ကြသည်။
သေချာသည်ကတော့ ဤအရာများ အားလုံးသည် လုရှီမန်နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိခဲ့ချေ။ သူမနှင့် လုမိသားစုမှာ လီဝေ့မြန်အတွက် ငွေကြေးထောက်ပံ့ပေးရမည့် သွေးအိတ်များမျှသာ ဖြစ်ခဲ့သည်။
လီရှီချွမ်း ထွက်ပြေးလွတ်မြောက်သွားပြီးနောက် သူမသည် စုံစမ်းစစ်ဆေးရန် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး နောက်ဆုံးတွင် အနောက်မြောက်ပိုင်းရှိ အလုပ်ကြမ်းစခန်းသို့ ပို့ဆောင်ခံခဲ့ရကာ တစ်လပင်မပြည့်မီ ဂိုဘီသဲကန္တာရထဲတွင် အသက်ထွက်ခဲ့ရရှာသည်။
ဝတ္ထုထဲမှ သူမ၏စိတ်ပျက်ဖွယ်ဇာတ်သိမ်းကို တွေးမိလိုက်ချိန်တွင် လုရှီမန်၏မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့၏။ သူမက ဦးနှောက်မရှိသည့် အရူးမတစ်ယောက် မဟုတ်ပေ။ သူတို့အတွက် ဘာကြောင့်များ သွေးအိတ်အဖြစ် အသုံးတော်ခံပေးရမည်နည်း။
သူမရည်မှန်းချက်က လွတ်လပ်ပြီး တောက်ပသော အနာဂတ်တစ်ခုကို ပိုင်ဆိုင်ရန်ပင်။
“ငို ငို ငို နင်သိတာဆိုလို့ ဒီငိုတာတစ်ခုပဲရှိတယ်၊ အိမ်ရဲ့ကံကောင်းခြင်းတွေတော့ နင့်အငိုတွေကြောင့် လွင့်စင်ကုန်ပါပြီ၊ မိသားစုစီးပွားရေးထိုးကျသွားတာ နင့်အငိုတွေကြောင့်များလား၊ တကယ် စိတ်ရှုပ်စရာကောင်းတာပဲ၊ တခြားပြောစရာမရှိတော့ဘူးဆိုရင် ထွက်သွားတော့၊ နင့်ဆီက ကံဆိုးမှုတွေ ငါ့ဆီကူးစက်လာလိမ့်မယ်”
လုရှီမန်၏မျက်ဝန်းများထဲတွင် ရွံရှာစက်ဆုပ်မှုများ ပြည့်နှက်နေသည်။ သူမက ပြဿနာများဆက်ရှာနေပြီး သူတို့ပိုင်ဆိုင်မှုလွှဲပြောင်းရေးလုပ်ငန်းစဉ်တွင် အထောက်အကူပြုပေးနေတော့မည်မဟုတ်ချေ။
ယခုအချိန်တွင် သူမအတွက် အရေးကြီးဆုံးသော ဦးစားပေးကိစ္စမှာ လီရှီချွမ်းမှ ငွေသားအဖြစ် ပြောင်းလဲထားသည့် ပိုင်ဆိုင်မှုအားလုံးကို ပြောင်စင်အောင် ရှင်းလင်းပစ်ရန်ပင်။
အကယ်၍ သူမရွှေ့ပြောင်း၍မရနိုင်ခဲ့လျှင်တောင် ထိုအရာများအားလုံးကို အလှူအတန်းလုပ်ပစ်လိုက်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုကောက်ကျစ်သောလူများကိုတော့ လုံးဝ အမြတ်ထုတ်ခွင့်ပေးမည်မဟုတ်ပေ။
ထို့အပြင် ဤလူယုတ်မာများအားလုံးကို မိခင်နိုင်ငံတော်အတွက် အကျိုးပြုနိုင်စေရန် အနောက်မြောက်ပိုင်းရှိ အလုပ်ကြမ်းစခန်းသို့ ပို့ဆောင်နိုင်မည့် နည်းလမ်းကိုလည်း သူမစဉ်းစားရပေဦးမည်။
အလုပ်ကြမ်းနှင့် ဘဝပြုပြင်ရေးစခန်း၏ခါးသီးမှုများကို သူမတစ်ယောက်တည်း ခံစားရ၍မဖြစ်နိုင်ချေ။
‘သူတို့က ငါ့မိသားစုရဲ့ငွေကြေးတွေကို အသုံးပြုပြီး စီးပွားရေး စတင်ချင်နေတာလား၊ အိပ်မက်သွားမက်နေလိုက်ဦး'
ယခင်ဘဝက သူမပိုင်ဆိုင်ခဲ့သော လျှို့ဝှက်သိုလှောင်ရုံနေရာလွတ်လေးကျန်ရှိနေသေးသလားဆိုသည်ကိုတော့ သူမ သေချာမသိသေးပေ။
သူမမှာ ကူးပြောင်းခြင်းဆိုသည့်အရာနှင့်ပင် ကြုံတွေ့နေရပြီဖြစ်ရာ ထိုနေရာလွတ်လေးကတော့ ပျောက်ကွယ်သွားနိုင်မည်မဟုတ်ချေ။
လီဝေ့မြန်၏ခန္ဓာကိုယ်လေးမှာ ကျောက်ရုပ်တစ်ရုပ်နှယ် အေးခဲသွားပြီး ကျလုဆဲဆဲ မျက်ရည်စက်လေးများမှာ မျက်တောင်ဖျားတွင် တွဲခိုနေဆဲပင်။
“မန်မန်၊ နင်က ဘယ်လိုလုပ် အဲဒီလို ပြောထွက်ရတာလဲ၊ ငါက နင်မတရားခံစားရလို့ နင့်ကိုယ်စားနာကြည်းမိတာပါ၊ ငါ ဒီလိုလုပ်နေတာတွေ အားလုံးက နင့်အကျိုးအတွက်ချည်းပါပဲ”
ဟောင်ကောင်သို့သွားမည့် အစီအစဉ်ကို သူမရိပ်မိသွားမည်စိုးသဖြင့် သူမစိတ်များ အိမ်ထောင်စုကိစ္စတွင် မရှိစေရန် ဤကာလအတွင်း လုရှီမန်ကို သေချာချော့မော့ထားရန် ဖခင်ဖြစ်သူက သူမကို တင်းကျပ်စွာမှာကြားထားခဲ့၏။
လုရှီမန်အနားတွင် အဖော်လုပ်ပေးနေရသည်ကပင် လုံလောက်အောင်စိတ်အနှောင့်အယှက်ဖြစ်ရလှပြီဖြစ်ကာ ယခုတော့ သူမမျက်ရည်များကြောင့် ကံဆိုးသည်ဟုပင် အပြစ်တင်နေသေးသည်ပင်။
“နင်က ငါ့အပေါ်ကောင်းပေးဖို့ လိုအပ်လို့လား၊ ပြီးတော့ အိမ်အကူတစ်ယောက်ရဲ့သမီးကများ ငါ့ကို သူငယ်ချင်းလို ဘယ်လိုလုပ်ပေါင်းရဲတာလဲ၊ ငါ နင့်ကို မျက်နှာသာနည်းနည်းပေးထားရုံနဲ့ နင်က အတင့်ရဲလို့ရပြီလို့ မဆိုလိုဘူးနော်၊ ငါ လုရှီမန်ကို အလွယ်တကူအနိုင်ကျင့်လို့ရတဲ့လူလို့ နင်ထင်နေတာလား”
လုရှီမန်က ရင်ဘတ်ထက်လက်ပိုက်လိုက်ကာ လီဝေ့မြန်ကို ခေါင်းအစခြေအဆုံးအေးစက်စက်အကြည့်များဖြင့် ဝေ့ဝဲကြည့်ရှုလိုက်သည်။
“ဘာလို့များ နင့်ရုပ်က အဖေနဲ့နည်းနည်းဆင်နေတယ်လို့ ငါထင်နေရတာလဲ၊ ဖြစ်နိုင်တာက နင်က…”