အခန်း ၃
Vol. 1 Ch. 3
3
ဝူဟုန်ဖေးက လုရှီမန်ကို ရှုပ်ထွေးလှသော အကြည့်များဖြင့် စိုက်ကြည့်နေပြီးနောက် ခေါင်းကို အသာခါယမ်းပြလိုက်သည်။
“ဒီငွေတွေကို ကျွန်တော်မလိုချင်ပါဘူး”
ဤကိစ္စမှာ သာမညအသေးအဖွဲကိစ္စလေးတစ်ခုသာဖြစ်သော်လည်း အိမ်တော်မှ သခင်မလေးက ဘာကြောင့်များ ရုတ်တရက်ကြီး ဟောင်းနွမ်းဆွေးမြည့်နေသော ပရိဘောဂဟောင်းများကို အစားထိုး အသုံးပြုချင်ရသနည်း။
သူ့အကြည့်များက ယခုအခါတွင် နီရဲကာ အင်ပြင်များထွက်နေသဖြင့် သိသာထင်ရှားနေသော သူမလက်ဖမိုးလေးဆီသို့ ကျရောက်သွားခဲ့သည်။
နုနယ်ပျိုမြစ်ကာ အလိုလိုက်ခံထားရသော သခင်မလေးက ဤကဲ့သို့ စုတ်ချာဟောင်းနွမ်းနေသည့် ပရိဘောဂများနှင့် မည်သို့များ သင့်တော်နိုင်ပါမည်နည်း။
ဤအရာနှစ်ခုကို ယှဉ်တွဲကြည့်လိုက်ပါက မည်သို့ပင် တွေးတောစေကာမူ အံဝင်ခွင်ကျ ဖြစ်မနေခဲ့ချေ။
‘သခင်မလေးက ရူးများသွားတာလား'
“နင်က ငါ့ကိုအထင်သေးနေတာလား၊ ငါ့မှာ တခြားအရာတွေလိုအပ်ချင်လိုအပ်နေမယ်၊ ဒါပေမဲ့ ငွေကတော့ လုံးဝမပြတ်လပ်ဘူးနော်၊ ငါပေးတဲ့ငွေကို ယူဖို့ နင့်ကိုအမိန့်ပေးတယ်၊ ပရိဘောဂတွေဝယ်ပြီးလို့ ပိုတဲ့ငွေက နင့်အတွက်ပဲ”
သူမက အိတ်ကပ်ထဲမှငွေများကို ဆွဲထုတ်ကာ ဝူဟုန်ဖေးလက်ထဲသို့ အတင်းအကျပ် ထည့်ပေးလိုက်ပြီးနောက် သူ့ကိုရွံရှာစက်ဆုပ်နေသည့် မျက်နှာပေးဖြင့် စိုက်ကြည့်လိုက်သည်။
“မနက်ဖြန်မနက် ကိုးနာရီကျရင် နင့်လူတွေခေါ်ပြီး အလုပ်လာလုပ်လှည့်၊ ကြားလား၊ ဒီလောက် စိတ်ပျက်စရာကောင်းတဲ့ နေရာဆိုးကြီးကို နောက်ဘယ်တော့မှပြန်မလာတော့ဘူး၊ တကယ် စိတ်ရှုပ်ဖို့ကောင်းတာပဲ”
လုရှီမန်က ရွံရှာသွားသည့်ပုံဟန်ဆောင်လိုက်ပြီး ဝူဟုန်ဖေးကို နောက်တစ်ကြိမ် လှည့်မကြည့်တော့ဘဲ တန်းတန်းမတ်မတ်ထွက်ခွာသွားလေ၏။
သူမထံတွင် ငွေကြေးပြတ်လပ်မှုမရှိသော်လည်း ဝူဟုန်ဖေးမှာမူ အမှန်တကယ်ပင် ငွေကြေးလိုအပ်နေပုံရသည်။ သူ့ပါးရိုးများမှာ ချိုင့်ဝင်နေပြီး ခြေတစ်ဖက်ကိုလည်း တရွတ်ဆွဲကာ လျှောက်နေရရှာရာ အလုပ်တစ်ခုရရန်ပင် အတော်လေး ခက်ခဲလှပေမည်။ အမှန်တကယ်ဆိုလျှင် သူတို့အားလုံးမှာ သနားစရာကောင်းသော ကံကြမ္မာပိုင်ရှင်များသာ ဖြစ်ကြပေ၏။
ငွေကြေးများကို လီရှီချွမ်းအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေရန် ခွင့်ပြုပေး၍ မဖြစ်နိုင်သော်လည်း သနားစရာကောင်းသော လူတစ်ယောက်အတွက် အနည်းငယ်မျှ ခွဲဝေပေးရန်ကိုတော့ သူမ လိုလိုလားလား ရှိနေခဲ့သည်။
သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသော ငွေစက္ကူလိပ်ကြီးမှာ အတော်လေးထူထဲနေပြီး နွေးထွေးသော အငွေ့အသက်လေးများ ကိန်းအောင်းနေဆဲပင်။ ၎င်းသည် ‘ညစ်ညမ်းသော လောကီဥစ္စာ’ ဖြစ်သော်ငြားလည်း သခင်မလေးချပေးခဲ့သော ထိုငွေကြေးများမှာ သူမကဲ့သို့ပင် ဖြူစင်သန့်ရှင်းနေခဲ့သည်။
သခင်မလေးက အနည်းငယ် မောက်မာထောင်လွှားတတ်သည်မှာ မှန်သော်လည်း သူမသည် အဘိုးဖြစ်သူ လုဟန်ရှန်းနှင့် အလွန်တူညီလှပြီး နွေးထွေးကြင်နာတတ်သော နှလုံးသားတစ်စုံကို ပိုင်ဆိုင်ထားဆဲပင်။
ဤကိစ္စပြီးစီးသွားပြီးနောက် လုရှီမန်၏စိတ်အစဉ်မှာ လန်းဆန်းပေါ့ပါးသွားခဲ့သည်။ မနက်ဖြန်တွင် ပရိဘောဂများလဲလှယ်မည်ဟူသော အကြောင်းပြချက်ကို အသုံးချကာ အိမ်ကြီးတစ်အိမ်လုံး၏ အထက်အောက် နေရာအနှံ့ကို သေချာထပ်မံရှာဖွေပြီး တန်ဖိုးကြီးပစ္စည်း တစ်ခုတစ်လေမျှ ကျန်ရစ်မနေစေရန် သူမ သေချာပေါက်ဆောင်ရွက်ရပေမည်။
သူမ၏ရည်မှန်းချက်ကား ထိုသစ္စာဖောက်များ ဘာတစ်ခုကိုမှမရရှိရေးပင်။
အိမ်ထောင်စုစာရင်းစာအုပ်မှာ စာကြည့်ခန်းထဲတွင် ရှိနေသည်။ အဓိကကျသော ကိစ္စကြီးကို အကောင်အထည်ဖော်ရန်အတွက် ထိုစာအုပ်ကိုပါ သူမယူဆောင်လာရပေမည်။
အိမ်ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် လီရှီချွမ်းနှင့် ထိပ်တိုက်တိုးလေတော့သည်။
“မန်မန်၊ ဒီနေ့ သမီး ဘာပြဿနာမှမရှာခဲ့ဘူး မဟုတ်လား”
“သမီးက ဘာပြဿနာသွားရှာရမှာလဲ၊ သမီးထင်တာကတော့ သမီးတို့ငှားထားတဲ့ အိမ်အကူက သိပ်အဆင်မပြေဘူး ထင်တယ်၊ သူမက နေ့တိုင်းလိုလိုငိုယိုနေတော့ သမီးရဲ့ကံကောင်းခြင်းတွေအကုန်လုံး သူငိုနေတာနဲ့ လွင့်စင်ကုန်ပြီ၊ ကျွန်မတို့ အိမ်အကူအသစ်တချို့ လဲလိုက်ရင် မကောင်းဘူးလား”
လုရှီမန်က လက်ပိုက်လိုက်ကာ လီ၀မ်မြန်ကို ဝေဖန်အကဲခတ်သည့်အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် စကားပြောနေသည်ကို ခေတ္တရပ်တန့်လိုက်ပြီး ဆက်ပြောလိုက်၏။
“ဒါနဲ့ စကားမစပ် သမီးစန္ဒရားတစ်လုံးဝယ်ချင်တယ်၊ ယွမ်တစ်သောင်းလောက် ပေးပါဦး၊ ပြီးတော့ သမီး ဝူဟုန်ဖေးနဲ့ ဆုံခဲ့သေးတယ်၊ နှစ်တွေ ဒီလောက်ကြာသွားတာတောင် သူက သနားစရာကောင်းလောက်အောင် နေ,နေရတုန်းပဲ၊ အရင်ကဆို သူက သမီးနဲ့ အတူတူ ဆော့ကစားပေးခဲ့ဖူးတော့ သမီးလို သဘောထားပြည့်ဝတဲ့သူတစ်ယောက်အနေနဲ့ သူ့ကိုကူညီပေးဖို့ ဆုံးဖြတ်လိုက်ပြီ၊ သူ့ခြေထောက်ကို ဆေးကုသဖို့ နောက်ထပ်တစ်သောင်းလောက် ထပ်ပေးဦး”
သူမက လက်ဆန့်ထုတ်လိုက်ပြီး မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ ငွေကို ရဲတင်းစွာ တောင်းခံလိုက်သည်။
လီရှီချွမ်း ခေါင်းကြီးတစ်ခုလုံး ပေါက်ကွဲထွက်တော့မတတ် ဖြစ်သွားရ၏။ ပါးစပ်ဟလိုက်သည်နှင့်တစ်ပြိုင်နက် ယွမ်နှစ်သောင်းတောင်းခံနေသည်မှာ သူမက ငွေဆိုသည်ကို သစ်ပင်ပေါ်မှ ခူးဆွတ်၍ ရနေသည်ဟု ထင်မှတ်နေလေသလားပင်။
“အခုချိန်မှာ စန္ဒရားဝယ်လို့မဖြစ်သေးဘူးလေ၊ အဖေတို့မိသားစုအခြေအနေက မီးခဲပေါ်က ဆီပူအိုးလိုဖြစ်နေတာ၊ အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းထားဖို့နဲ့ အဖေတို့တွေ နယ်စွန်နယ်ဖျားကို အပို့မခံရအောင် အဖေ့ရဲ့ပိုင်ဆိုင်မှုတစ်ဝက်လောက်ကို ဒီထဲမှာမြှုပ်နှံထားရတာ၊ ပြီးတော့ ခြေထောက်တစ်ဖက်ကုသတာကို တစ်သောင်းလောက် ဘယ်လိုလုပ်ကုန်နိုင်မှာလဲ၊ အဖေ သမီးကိုတစ်ရာပဲပေးမယ်၊ အဲဒီငွေနဲ့ လမ်းမတွေပေါ်မှာ သွားပြီး လျှောက်လည်ချေတော့”
သူက အလွန်တရာအခက်အခဲဖြစ်နေသည့် မျက်နှာထားဖြင့် ငွေတစ်ပြားတစ်ချပ်မျှပင် ပိုမိုထုတ်ပေးနိုင်စွမ်းမရှိတော့သည့်အလား ဟန်ဆောင်ကာ ပြောဆိုလိုက်၏။
လုရှီမန်၏မျက်နှာအမူအရာမှာ ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။
“အဖေလိမ်ပြောနေတာ၊ အဖေ သူမကို ယွမ်ထောင်နဲ့ချီပြီးပေးခဲ့တယ်လို့ လီ၀မ်မြန်က ပြောတယ်နော်၊ သမီးက နှစ်သောင်းလောက်လိုချင်တာကျ ဘာတွေများမှားယွင်းနေလို့လဲ၊ ဒီငွေတွေအားလုံးက သမီးမိသားစုရဲ့ငွေတွေ မဟုတ်ဘူးလား၊ သမီး ပိုက်ဆံကို ကြိုက်သလိုသုံးနိုင်တယ်လို့ အဘိုးက ပြောခဲ့တယ်လေ၊ လူတိုင်းက အဖေ လီ၀မ်မြန်အပေါ်ဆက်ဆံတာ တမူထူးခြားနေတယ်လို့ပြောကြတာ မဆန်းပါဘူး၊ သူက အဖေ့ရဲ့တိတ်တိတ်ပုန်းမယားငယ်လေးများဖြစ်နေလို့လား၊ သမီး တော်လှန်ရေးကော်မတီကိုသွားတော့မယ်၊ အဖေတို့မှာ မတော်မလျော်တဲ့ ဆက်ဆံရေးတွေရှိနေတယ်ဆိုပြီး သွားတိုင်ပစ်မယ်၊ သူမ ဒီတစ်သက်မှာ လူလုံးမလှအောင် ခေါင်းမော့ပြီးမလျှောက်ရဲအောင်ကို သမီးလုပ်ပြမယ်”