← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

4

သူမက ကောလာဟလများကို လွယ်လင့်တကူဖန်တီးကာ ပါးစပ်မှထွက်လာသမျှကို ပက်ပက်စက်စက် ပြောချလိုက်ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့မှာလူကောင်းများမဟုတ်ကြရာ သူမအနေဖြင့် ရွှံ့ပွက်များနှင့် ပက်လိုက်ခြင်းက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။

ထို့အပြင် စိတ်ပညာအရ *Door-in-the-face effect* သဘောတရားအရ ပိုလက်ခံနိုင်စရာမရှိသောအခြေအနေဆိုးတစ်ခု ပေါ်ထွက်လာသရွေ့ သူသည် အကျိုးအပြစ်များကို ချိန်ဆပြီးနောက် အလျှော့ပေးလိုက်လျောလာမည်မှာ အသေအချာပင်။

လီရှီချွမ်း မျက်နှာကြီးတစ်ခုလုံးပြာနှမ်းသွားခဲ့သည်။ သူက လက်သီးများကို တင်းတင်းဆုပ်ကာ လီ၀မ်မြန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

‘အကူအညီထက် အနှောင့်အယှက်ပဲပိုဖြစ်စေတဲ့ အသုံးမကျတဲ့ကောင်မလေး၊ သူ့ကို ငွေရေးကြေးရေးကြပ်တည်းနေမှာစိုးလို့ ငါကငွေပေးခဲ့တာကို သူကလုရှီမန်ကို သွားပြောပြခဲ့တယ်တဲ့လား၊ တကယ့်ကို ထုံအလွန်းတဲ့အရူးမလေး'

“သမီး ဝူဟုန်ဖေးကို သနားသလိုမျိုး အဖေကလည်း သူမကိုသနားလို့ပါကွယ်၊ အရမ်းကြီး လျှောက်မတွေးပါနဲ့ မန်မန်ရယ်၊ အဖေ့ရဲ့တစ်သက်တာလုံးမှာ နှလုံးသားထဲ နေရာပေးခဲ့တဲ့သူဆိုလို့ တစ်ယောက်တည်းပဲရှိတယ်၊ အဲဒါက သမီးရဲ့အမေ လုရှီယင်ပဲ၊ သမီး နားလည်တယ် မဟုတ်လား၊ ပိုက်ဆံလိုချင်တာမဟုတ်လား၊ အဖေ ပေးပါ့မယ်ကွယ်”

လုဟန်ရှန်း ကွယ်လွန်သွားပြီးကတည်းက လုမိသားစု၏စီးပွားရေးလုပ်ငန်းများမှာ တဖြည်းဖြည်းကျဆင်းလာခဲ့သည်။ ထိုလုပ်ငန်းများကို ရောင်းချလိုက်ခြင်းမှ ယွမ်တစ်သိန်းကျော်သာရရှိခဲ့၏။

၎င်းတို့ကို ရွှေချောင်းငယ်လေးများအဖြစ် ပြောင်းလဲလိုက်ပြီးနောက် သူ့လက်ထဲတွင် ယွမ်သုံးသောင်းကျော်ခန့်သာ ကျန်ရှိတော့သည်။ ဤကျက်သရေတုံးမလေးက တစ်ပြိုင်နက်တည်း နှစ်သောင်းကို တောင်းခံနေခြင်းက သူ့ကို အမှန်တကယ်ပင် နာကျင်စေခဲ့၏။

သို့သော်လည်း မထွက်ခွာမီ ပြဿနာများ ကင်းဝေးစေရန်အတွက် ထိုငွေကို သူ ပေးလိုက်ရပေမည်။

အကယ်၍ ဤအရူးမလေးသာ တော်လှန်ရေးကော်မတီသို့ တကယ်သွားပြီး ယောင်ယမ်းကာလျှောက်ပြောလိုက်မည်ဆိုလျှင် သူ ထွက်ပြေးရန်ပင် အခွင့်အရေး ရနိုင်တော့မည်မဟုတ်ချေ။ ထိုအချိန်ရောက်မှတော့ ငွေရှိနေခြင်းကလည်း အသုံးဝင်တော့မည်မဟုတ်ပေ။

သူက သက်ပြင်းရှည်ကြီးတစ်ခုကို ရှူသွင်းလိုက်ပြီး စာကြည့်ခန်းထဲရှိ ငွေသေတ္တာကိုဖွင့်ရန် အပေါ်ထပ်သို့ တက်သွားကာ ဘဏ်စာအုပ်ကို ထုတ်ယူလိုက်သည်။

သို့သော် သူ စကားတစ်ခွန်းမျှ မဟရသေးမီမှာပင် ဘဏ်စာအုပ်ကို လုရှီမန်က အတင်းလုယူသွားခဲ့လေသည်။

“အဖေ ဘာပဲဖြစ်ဖြစ် ဒါတွေက သမီးမိသားစုရဲ့ ငွေတွေချည်းပဲလေ၊ အကုန်လုံး သမီးကိုပေးလိုက်ပါ၊ သမီး သေချာပေါက် ဖြစ်သလိုလျှောက်မသုံးပါဘူး”

လုရှီမန်က ဘဏ်စာအုပ်ကို သဘာဝကျကျပင် ယူဆောင်လိုက်၏။ သူမက စာအုပ်ကိုဖွင့်ကြည့်ကာ ပါဝင်သောငွေပမာဏကို မြင်လိုက်ရချိန်တွင်တော့ သူမနှုတ်ခမ်းထောင့်စွန်းလေးများ အနည်းငယ် ကော့တက်သွားခဲ့သည်။

အနာဂတ်တွင် လွတ်လပ်ပြီး တောက်ပသောဘဝတစ်ခုကို တည်ဆောက်ရန် ဤငွေကြေးများက များစွာ အထောက်အကူပြုနိုင်မည်မှာ အသေအချာပင်။

ကျဲ့မြို့တော်ရှိ ဥစ္စာဓနပြည့်စုံသော ကုန်သည်ကြီးများပီပီ လုမိသားစု၏အခြေခံအုတ်မြစ်မှာ အတော်လေးတောင့်တင်းခိုင်မာလှသည်။

ဤခေတ်ကာလတွင် ယွမ် ၃၅၀၀၀ ဆိုသည်မှာ အနာဂတ်ခေတ်ကာလ၏ သန်းပေါင်းများစွာသော ငွေကြေးများနှင့် နှိုင်းယှဉ်နိုင်ပေသည်။

ထို့အပြင် ဤကာလတွင် ဘဏ်စာအုပ်ဖြင့် ငွေထုတ်ရန် လျှို့ဝှက်နံပါတ်ပင် လိုအပ်မည်မဟုတ်ချေ။ ဤအချက်က သူမအတွက် အတိုင်းထက်အလွန် အဆင်ပြေနေသည်။

သူမက ဘဏ်စာအုပ်လေးကို ဝှေ့ယမ်းပြကာ မြန်ဆန်သွက်လက်စွာ ပြေးထွက်သွားရင်း လှမ်းပြောလိုက်သည်။

“သမီး စန္ဒရားတွေသွားကြည့်ဖို့ အပြင်ထွက်တော့မယ်၊ ဒါကြောင့် အိမ်မှာ ထမင်းစားဖြစ်မှာမဟုတ်ဘူး ဘိုင့်ဘိုင်”

အခုချက်ချင်းထွက်ပြေးရပေမည်။ မဟုတ်လျှင် လီရှီချွမ်းက ဘဏ်စာအုပ်အား ပြန်လုယူသွားမည့်အချိန်ကို စောင့်နေရမည်လား။

ဘဏ်စာအုပ်ထဲရှိ ငွေများအားလုံးကို အမြန်ဆုံးထုတ်ယူနိုင်ရန် ဤအခွင့်အရေးကို သူမအရယူရပေမည်။ ထိုငွေများ သူမအိတ်ကပ်ထဲသို့ ရောက်ရှိသွားချိန်မှသာလျှင် သူမ စိတ်အေးလက်အေး နေနိုင်တော့မည်ဖြစ်သည်။

အိမ်မှ ထွက်ခွာလာပြီးနောက် စက်ဘီးပေါ်သို့ ခုန်တက်ကာ ဘဏ်ဆီသို့ တိုက်ရိုက်ဦးတည်နင်းသွားခဲ့သည်။ ကျဲ့မြို့တော်ရှိ လုဟန်ရှန်း၏ဩဇာဂုဏ်သတင်းများကြောင့် လူတိုင်းက လုရှီမန်ကို မှတ်မိနေကြ၏။

သူမ ဘဏ်ထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် လူတစ်ယောက်က ရှေ့သို့ထွက်ကာ လာရောက်နှုတ်ဆက်လေသည်။

“ရဲဘော်လုရှီမန် ဘယ်လိုကိစ္စများ ဆောင်ရွက်ချင်လို့ပါလဲ”

သူမက ဘဏ်စာအုပ်ကို လှမ်းပေးလိုက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော လေသံဖြင့် ပြတ်သားစွာ ပြောလိုက်သည်။

“ငွေထုတ်မလို့၊ အကုန်လုံးထုတ်မယ်”

ထိုအမျိုးသားက ငွေပမာဏကိုကြည့်လိုက်ပြီး မျက်နှာပေါ်မှ ချွေးများကို သုတ်ပစ်လိုက်၏။

“ရဲဘော်လု၊ ဒီပမာဏက နည်းနည်းများနေတယ်၊ ဆောင်ရွက်ပေးဖို့တော့ ခက်ခဲနိုင်တယ်”

“အာ ဒါဆို ဘယ်လိုလုပ်ရမလဲ၊ ဒီငွေတွေကို ဒီနေ့မဖြစ်မနေထုတ်ရမယ်လို့ အဖေကပြောထားတာ၊ ဒီလောက်များပြားတဲ့ငွေတွေကို သူဘာကြောင့် ဒီလောက်တောင် အလောတကြီးလိုချင်နေမှန်း ကျွန်မလည်းမသိဘူး”

လုရှီမန်က ခပ်တိုးတိုးရေရွတ်လိုက်ပြီး သူမမျက်ဝန်းများထဲတွင် စိတ်ဖိစီးမှုများ ပြည့်နှက်နေဟန်ဖန်တီးလိုက်သည်။

“သူက ကျွန်မကိုဘာတစ်ခုမှမပြောပြဘူး၊ ကျွန်မက သူ့ရဲ့သွေးသားအရင်းရော ဟုတ်ရဲ့လားဆိုတာတောင် သံသယဖြစ်မိတယ်၊ တကယ်ကို စိတ်ရှုပ်ဖို့ ကောင်းတာပဲ”

စကားပြောနေစဉ်တွင် သူမက ဝန်ထမ်းဖြစ်သူကို မျက်လုံးထောင့်မှနေ၍ အကဲခတ်ကြည့်လိုက်၏။ မခံမရပ်နိုင်ဖြစ်နေသော သူ့မျက်နှာထားကို မြင်လိုက်ရချိန်တွင်တော့ သူမ ကျေနပ်စွာဖြင့် မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်လေသည်။

ငွေတောင်းခံ၍ ထုတ်ယူသွားသူမှာ သူမ ဖြစ်သော်လည်း အပြစ်တင်ခံရမည့်သူမှာမူ လီရှီချွမ်းသာဖြစ်သွားပေလိမ့်မည်။

သူမက အညစ်အကြေးတစ်စက်ကလေးမျှပင် မစွန်းထင်းစေဘဲ ဖြူစင်သန့်ရှင်းစွာ ကျန်ရစ်နေခဲ့ချင်သည်။

ကိစ္စရပ်များအားလုံး အခြေတကျဖြစ်သွားချိန်တွင် သူတို့ဆက်ဆံရေးကို ဖြတ်တောက်ကြောင်း သတင်းစာထဲ၌ ကြော်ငြာစာတစ်စောင် ထည့်သွင်းရပေမည်။

“ကျွန်တော် နည်းလမ်းရှာကြည့်ပါ့မယ်၊ ခဏလေးစောင့်ပေးပါ”

သူ၏ကြိုးစားအားထုတ်မှုများအောက်တွင် နှစ်နာရီကြာပြီးနောက် လုရှီမန်အလိုရှိသော ငွေများအားလုံးကို ထုတ်ယူနိုင်ခဲ့သည်။ သူမရှေ့မှောက်ရှိ ထူထဲလှသော ငွေသားအထပ်လိုက်ကြီးကိုကြည့်ရင်း သူမ ပို၍ပင်ကျေနပ်သွားခဲ့သည်။

“ဒီလောက်များတဲ့ ငွေတွေနဲ့ အဖေက ဘာလုပ်ချင်နေမှန်းကို နားမလည်နိုင်လောက်အောင်ပါပဲ၊ စီးပွားရေးလုပ်ငန်းတွေမှာများ ပြဿနာတစ်ခုခုရှိနေလို့လား၊ ဒါမှမဟုတ် အပြင်က မိန်းမတစ်ယောက်ယောက်ကို ဒီငွေတွေသွားပေးချင်နေလို့လားပဲ”

စကားပြောနေစဉ်အတွင်း သူမက သံသယမျိုးစေ့များကို ဆက်လက် စိုက်ပျိုးပေးနေခဲ့၏။

ယခုအခါ ဤသတင်းကို လူအတော်များများသိရှိသွားပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရချိန်တွင် သူမသည် နောက်ဆုံး၌ ဘဏ်ထဲမှထွက်ခွာလာခဲ့သည်။ ဘဏ်ထဲမှ အထွက်တွင် သူမစက်ဘီးလေးကိုနင်းကာ လမ်းကြားငယ်လေးတစ်ခုဆီသို့ ဝင်ရောက်သွားခဲ့၏။

ငွေများအားလုံးကို နေရာလွတ်ထဲသို့ ထည့်ပြီးနောက် အပြင်ဘက်တွင် အချိန်အတော်ကြာအောင် လျှောက်လည်နေခဲ့ပြီး မှောင်သွားချိန်မှသာ အိမ်သို့ပြန်လာခဲ့လေသည်။

အိမ်ပြန်ရောက်ချိန်တွင် သူမက မည်သူ့ကိုမျှ နှုတ်ဆက်ခြင်းမပြုဘဲ သူမအခန်းဆီသို့ တိုက်ရိုက်သွားကာ တံခါးသော့ခတ်လိုက်ပြီး အိပ်ရာမဝင်မီ သန့်ရှင်းလန်းဆန်းသွားအောင် ရေမိုးချိုးလိုက်သည်။

နောက်တစ်နေ့ နံနက် ၈ နာရီ ၄၅ မိနစ် အချိန်တွင်တော့ ဝူဟုန်ဖေးသည် လုရှီမန်တောင်းဆိုထားသည့် ပရိဘောဂဟောင်းများကို သယ်ဆောင်လျက် လုမိသားစုအိမ်တော်၏တံခါးဝသို့ ရောက်ရှိလာခဲ့လေ၏။

All Chapters