← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

5

“နင်တို့ ဘာလုပ်နေကြတာလဲ”

လီ၀မ်မြန်က ဝူဟုန်ဖေးကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်ရင်း မေးလိုက်သည်။ ခြေမသန်သောလူတစ်ယောက်က လုမိသားစုအိမ်တော်တွင် ဤမျှရမ်းကားရဲရအောင် မည်‌သည့်နေရာမှသတ္တိများ ရလာရသနည်း။

ဝူဟုန်ဖေးက လီ၀မ်မြန်ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ လုရှီမန်ထွက်လာမည့် အချိန်ကိုသာ တိတ်တဆိတ် ရပ်စောင့်နေခဲ့သည်။

သူမက အိမ်အကူတစ်ယောက်၏သမီးမျှသာဖြစ်သည်။ အိမ်ရှင်များ၏ကိစ္စရပ်များမှာ သူမနှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိပေ။

“အစောကြီး ရောက်နေတာလား၊ ဒါဆိုရင်လည်း ပစ္စည်းတွေမြန်မြန်လဲလိုက်ကြ၊ အချိန်ဆွဲမနေနဲ့၊ မြန်မြန်လေးလုပ်ကြနော်၊ ငါ့ရဲ့အစီအစဉ်ကြီးကိုတော့ လာမဖျက်ဆီးလိုက်ကြနဲ့”

ဝူဟုန်ဖေးအနောက်ဘက်တွင်တော့ တစ်ပတ်ရစ်စားပွဲနှင့် ကုလားထိုင်များ ရှိနေလေသည်။ သူမမျှော်လင့်ထားသည့်အတိုင်းပင် ထိုပစ္စည်းများမှာ ကျိုးပဲ့နေခြင်းမျိုးမဟုတ်သော်လည်း အပေါက်များ၊ အချိုင့်များဖြင့်ပြည့်နှက်နေသည်။ ထိုအချိုင့်လေးများထဲတွင် အတော်လေးရွံရှာဖွယ်ကောင်းသော အညစ်အကြေးများ ကပ်ငြိနေ၏။

သူမမျက်ဝန်းများထဲတွင် ရွံရှာစက်ဆုပ်မှုများရှိနေသော်လည်း တစ်ချိန်တည်းမှာပင် ကျေနပ်အားရမှုတစ်ခုလည်း ကိန်းအောင်းနေခဲ့သည်။ ဤဆန့်ကျင်ဘက်ဖြစ်နေသော အကြည့်များက ဝူဟုန်ဖေး၏အာရုံကို ဖမ်းစားသွားခဲ့ပြီး သခင်မလေးထံတွင် မည်သည့်ကိစ္စများဖြစ်ပျက်ခဲ့သလဲဆိုသည်ကို ပို၍ပင်သိချင်စိတ်ပြင်းပြလာခဲ့၏။

“နားလည်ပါပြီ၊ သခင်မလေး”

ဝူဟုန်ဖေး လက်ခုပ်တီးလိုက်ရာ သူ့အနောက်တွင်ရှိသော ဆယ်ကျော်သက်အရွယ်ကောင်လေးများမှာ ရှေ့သို့ ထွက်လာကြပြီး လုရှီမန်၏အမိန့်ကို စောင့်ဆိုင်းနေကြသည်။

“အိမ်ထဲမှာရှိတဲ့ ပရိဘောဂတွေနဲ့ အလှဆင်ပစ္စည်းတွေအားလုံးကို အပြင်ထုတ်လိုက်၊ တစ်ခုမှ ချန်မထားခဲ့နဲ့”

လုရှီမန်က သူတို့ဝတ်စားဆင်ယင်မှုများကို ကြည့်ပြီး ဤကလေးများမှာ လမ်းကြားလေးထဲတွင် နေထိုင်ကြသူများဖြစ်နိုင်ပြီး လုမိသားစုထံမှ အကူအညီအချို့ရရှိဖူးသူများဖြစ်မည်ဟု မှန်းဆလိုက်သည်။

သူတို့မျက်ဝန်းများမှာ ကြည်လင်နေခဲ့၏။ ဤကဲ့သို့ ဇိမ်ခံပစ္စည်းများဖြင့် ပြည့်နှက်နေသော အိမ်ကြီးထဲတွင်ရှိနေသော်ငြား သူတို့မျက်လုံးများထဲတွင် လောဘရမ္မက်တစ်စုံတစ်ရာမျှမရှိခဲ့ချေ။ သို့သော် အင်္ကျီစများကို ဆုပ်ကိုင်ထားပုံက သူတို့၏စိုးရိမ်တကြီးဖြစ်နေမှုကိုတော့ ဖော်ပြနေခဲ့သည်။

“စလိုက်ကြရအောင်၊ စောစောပြီးဖို့ပဲ ရည်မှန်းထားလိုက်”

သူမလေသံမှာ အနည်းငယ် ပျော့ပျောင်းသွားခဲ့သည်။ အမှန်တကယ်တော့ သူမသည် မူလပိုင်ရှင်ကဲ့သို့ ပြဿနာရှာတတ်သော မိန်းကလေးတစ်ယောက် မဟုတ်ခဲ့ပေ။

လုရှီမန် စကားတစ်ခွန်းအဆုံးတွင် ထိုလူများမှာ မြန်ဆန်သွက်လက်စွာ လှုပ်ရှားလိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဧည့်ခန်းမဆောင်ကြီးထဲရှိ ဟွမ်ဟွာလီသစ်သားဖြင့် ပြုလုပ်ထားသော စားပွဲနှင့် ကုလားထိုင်များကို တစ်ခုပြီးတစ်ခု အပြင်သို့ သယ်ထုတ်သွားကြလေသည်။

လီ၀မ်မြန်မှာ ဆွံ့အမှင်တက်သွားခဲ့၏။ သူမက မျက်လုံးများကို မယုံကြည်နိုင်စွာ ပွတ်သပ်လိုက်ပြီး ဘေးဘက်တွင်ရပ်ကာ လက်သည်းများအား ကစားနေသော လုရှီမန်ကို လှမ်းကြည့်လိုက်သည်။

“အစ်မ မန်မန်၊ အစ်မ ဘာလုပ်နေတာလဲ၊ အိမ်ထဲမှာ ဘာမှမရှိတော့ဘူးလေ၊ ဒီကိစ္စအတွက် သခင်ကြီးက အစ်မကို ရိုက်သတ်လိမ့်မယ်၊ မိုက်မဲတဲ့အလုပ်တွေ မလုပ်ပါနဲ့”

သူမရင်ဘတ်ထဲတွင်တော့ သွေးများစီးကျနေသလို ခံစားနေရသည်။ လုမိသားစု၏ပစ္စည်းတိုင်းမှာ အရည်အသွေးမြင့်မားလှ၏။

ဤတန်ဖိုးမရှိပုံပေါ်သော စားပွဲနှင့် ကုလားထိုင်များမှာပင် အပြင်သို့ ယူသွားပါက ယွမ်ဆယ်ဂဏန်းလောက်အထိ ရောင်းချနိုင်ပေလိမ့်မည်။

‘သူမက ဒီလိုအဖိုးတန်ပစ္စည်းတွေကို တခြားလူတွေကို သယ်ထုတ်သွားခွင့် ပေးလိုက်တယ်တဲ့လား၊ သူမမျက်လုံးထဲမှာ အဖေရှိသေးရဲ့လား၊ သူမခေါင်းထဲမှာ ဦးနှောက်အစား အမှိုက်တွေပြည့်နေတာများလား'

“နင်တို့ သယ်သွားခွင့်မရှိဘူး၊ သခင်ကြီးက ဘာမှမပြောရသေးတဲ့အတွက် ဘယ်သူမှလုပ်ခွင့်မရှိဘူး”

သူမက ရှေ့သို့ထွက်ရပ်ကာ နောက်ထပ်ကုလားထိုင်တစ်လုံးကို သယ်ဆောင်ရန် ပြင်နေသော လူငယ်တစ်ဦးကို ဟန့်တားလိုက်ပြီး လေသံမာမာဖြင့် ပြောလိုက်သည်။

လုရှီမန်က ခပ်ဟဟရယ်မောလိုက်၏။ သူမက ရှေ့သို့လျှောက်သွားကာ ထိုလူငယ်ကို နောက်ဆုတ်ရန် အချက်ပြလိုက်ပြီးနောက် လီ၀မ်မြန်ရှေ့တည့်တည့်တွင် ရပ်လိုက်သည်။

လုရှီမန်က လက်ပိုက်လိုက်ပြီး သူမအား ပေါ့ပေါ့ပါးပါးကြည့်လိုက်ကာ လက်မြှောက်၍ ပါးကိုဖြတ်ရိုက်လိုက်လေသည်။

ဖြန်းကနဲမြည်သွားသော ပါးရိုက်သံကြောင့် ရှိနေသူအားလုံးလုပ်လက်စအလုပ်များရပ်တန့်ကာ လုရှီမန်ကို ကြည့်လိုက်ကြသည်။

“နင်က နင့်ကိုယ်နင် ဘယ်သူလို့ထင်နေတာလဲ၊ ဒါက ငါ့အိမ်ပဲ၊ ငါလုပ်ချင်တာကို လုပ်မယ်၊ နင်က အိမ်အကူတစ်ယောက်ရဲ့ သမီးသက်သက်ပဲ၊ ဒါပေမဲ့ မသိတဲ့လူတွေကတော့ နင့်ကို လုမိသားစုရဲ့ သခင်မလေးလို့တောင် ထင်သွားကြလိမ့်မယ်၊ တကယ်လို့ ဒါက ရှေးခေတ်ကာလသာဆိုရင် နင် ရောင်းစားခံရပြီးလောက်ပြီ၊ နင်က ခေတ်သစ်မှာ မွေးဖွားလာလို့သာ ကံကောင်းနေတာ၊ ငါ့ပစ္စည်းတွေကို နင် လာထိစရာအကြောင်းမရှိဘူး၊ နင့်နေရာ နင်သိထား”

သူမလေသံမှာ အေးဆေးတည်ငြိမ်နေပြီး ဒေါသထွက်နေသည့် အရိပ်အယောင်မျှမရှိဘဲ သာမန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ပင်။ သူမ၏မောက်မာထောင်လွှားသော အမူအရာကြောင့် လီ၀မ်မြန် မျက်ရည်များ ထိန်းမရသိမ်းမရ စီးကျလာတော့သည်။

‘ဘာကြောင့်လဲ၊ ငါတို့နှစ်ယောက်လုံးက အဖေတစ်ယောက်တည်းရဲ့သမီးတွေ ဖြစ်နေကြတာကို ဘာလို့ လုရှီမန်က မင်းသမီးလေးတစ်ပါးလို ဂုဏ်ယူဝင့်ကြွားနေပြီး ငါကတော့ မြေပြင်ပေါ်က ရွှံ့နွံလိုဖြစ်နေရတာလဲ’

သူမက နှုတ်ခမ်းကိုကိုက်ထားပြီး မိုးစက်များတင်ကျန်နေသော သစ်တော်ပန်းလေးတစ်ပွင့်နှယ် ဝတ္ထုထဲမှနုနယ်သော်လည်း ခံနိုင်ရည်ရှိသည့်ဇာတ်လိုက်မလေးနှင့် အလွန်တူနေခဲ့သည်။ အကယ်၍ အမျိုးသားတစ်ဦးသာ သူမရှေ့တွင်ရှိနေမည်ဆိုလျှင် သေချာပေါက် သနားကြင်နာမိမည်ဖြစ်သော်လည်း ယခုရပ်နေသူမှာမူ လုရှီမန် ဖြစ်နေခဲ့၏။

လုရှီမန်က မျက်လွှာကိုပင်ပင့်မကြည့်ခဲ့ချေ။

“နင် ငိုချင်ရင် အပြင်ထွက်ပြီးသွားငိုချေ၊ ငါ့လုမိသားစုရဲ့ စည်းစိမ်တွေ နင့်မျက်ရည်ကြောင့် လွင့်စင်မသွားစေနဲ့”

ဤစကားများကြောင့် လီ၀မ်မြန်မှာ ရုတ်တရက် ဒေါသပေါက်ကွဲသွားခဲ့သည်။ သူမက အော်ဟစ်ငိုကြွေးရင်း ပြေးထွက်သွားလေ၏။

ယခင်ကတော့ သူမအတွက် ဖခင်၏အစီအစဉ်မှာ အနည်းငယ် ရက်စက်လွန်းသည်ဟု ထင်ခဲ့မိသော်လည်း ယခုအချိန်တွင်တော့ လုရှီမန် ဤကဲ့သို့ခံရသည်မှာ ထိုက်တန်သည်ဟု ထင်လာမိသည်။

ဤကဲ့သို့ မောက်မာထောင်လွှားသော သခင်မလေးမှာ အရင်းရှင်စနစ်၏ အကြွင်းအကျန်များဖြစ်ပြီး လူ့အဖွဲ့အစည်းဆိုသည်မှာ အလုပ်သမားများ ပိုင်ဆိုင်ကြောင်းကို သိရှိနားလည်စေရန် အနောက်မြောက်ပိုင်းရှိ အလုပ်ကြမ်းစခန်းသို့ သွားရောက်သင့်ပေသည်။

နောက်ထပ် ကိုးရက်သာလိုတော့သည်။

ကိုးရက်ကြာပြီးနောက်တွင် ဤဝင့်ကြွားနေသော ရွှေရောင်ဖီးနစ်ငှက်မလေးသည် အဆင့်နိမ့်လူတန်းစားဖြစ်လာပြီး နွားချေးကျုံးကာ နွားတင်းကုပ်တွင် နေထိုင်ရတော့ပေမည်။

ရွံရှာဖွယ်ကောင်းသော အလုပ်များ အားလုံးကို လုပ်ဆောင်ရတော့ပေမည်။

သူမနှလုံးသားထဲတွင် ရေတွက်မရနိုင်လောက်အောင် များပြားလှသော ဆိုးရွားသည့်ကျိန်ဆဲမှုများ ပေါ်ထွက်လာပြီး မနာလိုမုန်းတီးမှုများမှာလည်း အဆုံးမရှိ စီးဆင်းလာခဲ့သည်။

“သူ့ကို လျစ်လျူရှုထားလိုက်၊ ဆက်သာသယ်ကြ”

လုရှီမန်က တည်ငြိမ်စွာပြောလိုက်သည်။ သူတို့ အလုပ်ဆက်လုပ်နေသည်ကို ကြည့်ပြီးနောက် သူမက အပေါ်ထပ်သို့တက်ကာ သူမအခန်းကို အရင်ရှင်းလင်းရန် ပြင်ဆင်လိုက်သည်။

အခြားတစ်ဖက်တွင်တော့ ရှန်ဟုန်မေမှာလည်း ပျာယာခတ်နေခဲ့၏။ သူမက အခြေအနေများကို ထိန်းချုပ်ရန် လီရှီချွမ်းအား အမြန်ဆုံးပြန်ခေါ်လာရန်အတွက် အပြင်သို့ ထွက်သွားလေသည်။

ထိုသားအမိနှစ်ယောက် ထွက်သွားသည်နှင့်တစ်ပြိုင်နက် ကြီးမားလှသော အိမ်ကြီးထဲတွင် လုရှီမန်နှင့် ပစ္စည်းသယ်သူများသာ ကျန်ရစ်ခဲ့သည်။ ဤသည်က လုရှီမန်အတွက် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်လာခဲ့၏။

ပစ္စည်းသယ်သူများကြောင့် အိမ်ကြီးမှာ ရှုပ်ထွေးပွက်လောရိုက်နေရာ ဤရှုပ်ထွေးမှုများကို အခွင့်ကောင်းယူ၍ အပေါ်ထပ်ရှိဧည့်ခန်းများမှ တန်ဖိုးကြီးပစ္စည်းများ အားလုံးကို သူမရှင်းလင်းပစ်လိုက်သည်။

ထို့နောက် လီရှီချွမ်းနှင့် ရှန်သားအမိ၏ အခန်းများသို့သွားကာ သူတို့အမှိုက်များအားလုံးကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်ပြီး ပရိဘောဂများနှင့် ကုတင်များကို သယ်ထုတ်စေခဲ့သည်။

ဧည့်ခန်းများကို ရှင်းလင်းပြီးနောက် စာကြည့်ခန်းဆီသို့ ဦးတည်သွားလိုက်၏။ သူမက တန်ဖိုးကြီးအလှဆင်ပစ္စည်းများအားလုံးကို အရင်ရှင်းလင်းလိုက်ပြီးနောက် မီးခံသေတ္တာကိုဖွင့်လိုက်သည်။

ထိုအထဲရှိအရာများကိုတော့ လောလောဆယ် မထိသေးဘဲ အိမ်ထောင်စုစာရင်းစာအုပ်များကို ရှာဖွေရန် မွှေနှောက်လိုက်သည်။

အံ့သြစရာကောင်းသည်မှာ လီရှီချွမ်း၏အိမ်ထောင်စုစာရင်းစာအုပ်အပြင် ရှန်ဟုန်မေနှင့် သူမသမီးတို့၏စာအုပ်များပါ ထိုနေရာတွင်ရှိနေခြင်းပင်။ သူမအနေဖြင့် ထိုစာအုပ်များကို နောက်တစ်ကြိမ်ရှာဖွေရန်ပင် အချိန်ကုန်ခံစရာမလိုတော့ချေ။

သူမက အိမ်ထောင်စုစာရင်းစာအုပ်နှစ်အုပ်ကို သူမနေရာလွတ်လေးထဲသို့ ထည့်လိုက်သည်။ စားပွဲနှင့် ဗီရိုများမှလွဲ၍ ဘာတစ်ခုမျှမကျန်တော့သော စာကြည့်ခန်းကို လှည့်ကြည့်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

သူမသာ သူတို့ကို သတိပေးသလိုဖြစ်သွားမည်ကို မကြောက်လျှင် စာကြည့်ခန်းကိုလည်း ချန်ထားခဲ့မည်မဟုတ်ချေ။

ဝူဟုန်ဖေးက လူအမြောက်အမြားခေါ်လာခဲ့ပြီး လုရှီမန်ကိုယ်တိုင်ကလည်း ပစ္စည်းအချို့ကို သိမ်းဆည်းလိုက်သဖြင့် ကြီးမားလှသောအိမ်ကြီးကို ရှင်းလင်းရန် နှစ်နာရီမျှသာအချိန်ယူခဲ့ရသည်။

ပရိဘောဂများကို ကုန်တင်ကားများဖြင့် အပြင်သို့ပို့ဆောင်လိုက်သည်။ လုရှီမန်က နံရံကိုမှီကာ ဗလာကျင်းနေသော အိမ်ကြီးကိုကြည့်ရင်း သူမရင်ဘတ်ထဲတွင် ထူးဆန်းသော ဟာလာဟင်းလင်းခံစားချက်ကြီးတစ်ခုကို ခံစားလိုက်ရသော်လည်း ဤအရာများသည် အခြားသူများအတွက် အကျိုးအမြတ်ဖြစ်သွားမည်ကို တွေးမိလိုက်ချိန်တွင်မူ သူမပို၍ပင်ခံပြင်းသွားခဲ့၏။

“နင် ဝယ်လာတဲ့ပရိဘောဂတွေကို အထဲသယ်လာခဲ့တော့”

သူမက ထိုပရိဘောဂများကိုကြည့်ပြီး အနည်းငယ် စိတ်မသက်မသာဖြစ်သွားမိသည်။ မနေ့က လမ်းကြားလေးဆီသို့ သွားရုံလေးနှင့်ပင် တစ်ကိုယ်လုံး ယားယံလာခဲ့၏။

‘တကယ်လို့ ငါသာ ဒီအရာတွေကို တကယ်အသုံးပြုရမယ်ဆိုရင် ဓာတ်မတည့်တာတွေဖြစ်လာပြီး ဆေးရုံတောင် ရောက်သွားနိုင်တယ်မဟုတ်လား'

ထိုသို့တွေးမိပြီး သူမကခပ်လှမ်းလှမ်းတွင် သွားရပ်နေလိုက်သည်။

သူမ၏ရွံရှာစက်ဆုပ်နေသော အမူအရာကို မြင်လိုက်ရချိန်တွင် ဝူဟုန်ဖေးမှာ ပို၍ပင် ရှုပ်ထွေးသွားခဲ့သည်။

သခင်မလေး၏ဦးနှောက်က သူတို့နှင့် ကွာခြားနေသလားဟု သူ တွေးမိလိုက်သည်။

သူမက အမြဲတမ်း တစ်မူထူးခြားနေတတ်သည်ပင်။

ပရိဘောဂများကို အထဲသို့သယ်ဆောင်နေစဉ်မှာပင် လီရှီချွမ်း အလျင်စလို ပြန်လည်ရောက်ရှိလာခဲ့သည်။

အိမ်ကြီးထဲတွင် ပစ္စည်းများအားလုံး အလုယက်ခံထားရသကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် သူ သတိမေ့လုမတတ် ဖြစ်သွားခဲ့ရသည်။

“ဒီကျက်သရေတုံးမလေး အခုရော ဘာတွေလုပ်နေပြန်တာလဲ၊ မနေ့က ငွေတွေ ဒီလောက်အများကြီးယူသွားတာတောင် မလုံလောက်သေးဘူးလား”

သူက သူမအနားသွားပြီး ပါးရိုက်ချလိုက်ချင်သော်လည်း လူအများကြီးရှိနေသဖြင့် ချစ်ခင်ကြင်နာတတ်သော ဖခင်တစ်ယောက်ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် သူ ဘာတစ်ခုမျှမလုပ်နိုင်ခဲ့ပေ။

လုရှီမန်က သူ့ကိုကြည့်ပြီး သူမကိုယ်သူမခပ်နာနာလေး ဆိတ်လိုက်သည်။ နာကျင်မှုကြောင့် မျက်ရည်များ ချက်ချင်း စီးကျလာလေ၏။

“သမီး ဒါတွေလုပ်တာ အားလုံးကောင်းဖို့အတွက်ပါပဲ၊ မနေ့က သမီး ကြားလိုက်တာက သူတို့က သမီးတို့ကို ရှင်းလင်းပစ်ချင်နေကြတယ်တဲ့၊ သမီးတို့အိမ်မှာရှိတဲ့ ဒီပစ္စည်းတွေက သတိထားစရာအကောင်းဆုံးပစ်မှတ်တွေ ဖြစ်မနေဘူးလား၊ ဆင်းရဲတဲ့ တောင်သူလယ်သမားတွေမှာ ဒီလိုပရိဘောဂမျိုး မရှိကြဘူးလေ၊ အားလုံးကောင်းဖို့အတွက် သမီး ဒါတွေအားလုံးကို အပြင်ထုတ်ပစ်လိုက်ရတာပါ၊ သမီး သေချာလူလွှတ်ပြီးတော့ကို ပရိဘောဂအဟောင်းအစုတ်တချို့ကိုတောင် ရှာခိုင်းလိုက်သေးတယ်၊ အဖေ သမီး အရမ်းထက်မြက်တယ်လို့ မထင်ဘူးလား”

All Chapters