အခန်း ၆
Vol. 1 Ch. 6
6
လီရှီချွမ်း သွေးဆောင့်တက်သွားပြီး အမြင်အာရုံများမှာလည်း တစ်ချက်ပြီးတစ်ချက် မှောင်မိုက်သွားခဲ့သည်။
လီရှီချွမ်းက ရင်ဘတ်ကို ဖိဆုပ်ထားရင်း သူ၏မျက်ဝန်းများထဲတွင်တော့ မျှော်လင့်ချက် ကင်းမဲ့ခြင်းများ ပြည့်နှက်သွားလေ၏။
တစ်သက်လုံး ပါးနပ်လိမ္မာစွာ နေထိုင်လာခဲ့သည့် သူက ဘာကြောင့်များ ဤမျှတုံးအလှသော သမီးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ရသနည်း။ ထိုမြေခွေးအိုကြီး လုဟန်ရှန်းဆိုလျှင်လည်း ပါးနပ်လွန်းလှသည်ဖြစ်ရာ လုရှီယင်ကများ သူ့ကွယ်ရာတွင် တခြားယောကျ်ားတစ်ယောက်နှင့် ဖောက်ပြန်ပြီး ကလေးရလာခဲ့လေသလား။
‘အရူးမ၊ လုံးဝကို အရူးမလေး'
“သမီး တစ်ခုခုများအမှားလုပ်မိလို့လား၊ တကယ်လို့ ဒီပစ္စည်းတွေကိုသာ အပြင်မထုတ်ပစ်လိုက်ရင် သမီးတို့အားလုံးရွာကို အပို့ခံရတော့မှာလေ၊ သမီးလုပ်တာတွေ အားလုံးက မိသားစုကောင်းကျိုးအတွက်ချည်းပါပဲ၊ မြန်မြန် သမီးကို ချီးကျူးလိုက်လေ”
သူ သတိလစ်မတတ်ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် လုရှီမန်က စိတ်ထဲမှ ကြိတ်၍ရယ်မောလိုက်သည်။ အကယ်၍ ဤလူယုတ်မာကြီးကို ဒေါသထွက်ပြီး သေလုမတတ်မဖြစ်စေနိုင်လျှင် သူမ၏ကြိုးစားအားထုတ်မှုများအားလုံး သဲထဲရေသွန်ဖြစ်သွားပေလိမ့်မည်။
လွတ်လပ်မှုဆီသို့ အရောက်လှမ်းမည့် သူမရည်မှန်းချက်များအတွက် ဤမျှလောက်သော အကွက်လေးများကိုတော့ မဖြစ်မနေရွှေ့ရမည်သာ။
လီရှီချွမ်းက သက်ပြင်းရှည်ကြီးချလိုက်ပြီး တောင့်တင်းနေသော အပြုံးတစ်ခုကို အတင်းဖန်တီးကာ မလိုလားသော်ငြား ခေါင်းညိတ်ပြလိုက်လေသည်။
“အရမ်းကောင်းတယ်၊ သမီးက မိသားစုအတွက် တွေးပေးတတ်နေပြီပဲ”
ရှေးဟောင်းပရိဘောဂများဆုံးရှုံးသွားလျှင်ပင် ကိစ္စမရှိပေ။ သူမဆီတွင် ငွေကြေးအမြောက်အမြားရှိနေသေးသည်ပင်။ ထိုငွေကြေးများကလည်း သူမကို နယ်စွန်နယ်ဖျားသို့ အပို့ခံရစေရန် လုံလောက်သောအကြောင်းပြချက် ဖြစ်စေနိုင်သည်။
လုရှီမန်က မျက်နှာပေါ်မှမျက်ရည်စက်များအား သုတ်ပစ်လိုက်ပြီး ရင်ဘတ်ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပုတ်ပြလိုက်သည်။
“အဖေ သမီးကိုချီးကျူးမယ်ဆိုတာ သိပြီးသားပါ၊ အာ အဖေ့ကို ပြောပြစရာ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်၊ မနေ့က ငွေတွေအကုန်လုံးကို သမီးလှူပစ်လိုက်ပြီ၊ သူတို့ပြောတာတော့ အဲဒီငွေတွေကို သိမ်းထားလို့မရဘူးတဲ့၊ ရာဇဝတ်မှုရဲ့ သက်သေအထောက်အထားအဖြစ် အသုံးချခံရနိုင်တယ်တဲ့လေ၊ သမီး အရမ်းတော်တယ်မဟုတ်လား”
ဂုဏ်ယူကျေနပ်နေသောအမူအရာနှင့်အတူ သူမမျက်နှာထက်မှ တောက်ပသောအပြုံးများက လီရှီချွမ်း၏အမြင်အာရုံထဲတွင် ပြည့်နှက်သွားခဲ့၏။
“ငါ...”
လီရှီချွမ်းက ရင်ဘတ်ကိုဖိဆုပ်ထားလိုက်ပြီး အမြင်အာရုံများ လုံးဝ မှောင်မိုက်သွားကာ သတိလစ်မေ့မြောသွားလေတော့သည်။
‘အရူးမ ဒီ လုံးဝကိုအသုံးမကျတဲ့အရူးမ'
သူမက အနားပြေးသွားကာ လီရှီချွမ်းကို စိုးရိမ်တကြီးအမူအရာဖြင့်ကြည့်လိုက်သည်။
“အဖေ၊ ဘာဖြစ်သွားတာလဲ”
ရှန်ဟုန်မိန်မှာလည်း အလွန်ကြောက်လန့်သွားခဲ့၏။
“သခင်ကြီးကို ဆေးရုံအမြန်ပို့ကြ”
အကယ်၍ သူသာသေသွားခဲ့လျှင် သူမအတွက် မည့်သည့်အရာများဆက်ဖြစ်လာမည်နည်း။ သူမ၏လက်ကျန်ဘဝတစ်လျှောက်လုံး ဇိမ်ကျကျနေထိုင်နိုင်ရန် ဟောင်ကောင်သို့ခေါ်ဆောင်သွားမည့် အစ်ကိုချွမ်းကိုသာ အားကိုးနေရခြင်းဖြစ်သည်။
လယ်ကွင်းများထဲတွင် မျက်နှာကို မြေကြီးနှင့်အပ်၊ ကျောကို ကောင်းကင်နှင့်ထိကာ ပင်ပန်းဆင်းရဲစွာဖြင့် အသက်မရှင်ချင်တော့ချေ။
လုရှီမန်က အခက်တွေ့နေသည့် မျက်နှာထားဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“ဒါပေမဲ့ မနေ့က ငွေတွေအကုန်လုံး ကျွန်မလှူပစ်လိုက်ပြီလေ၊ အခု ပိုက်ဆံတစ်ပြားမှ မရှိတော့ဘူး၊ ကျွန်မတို့ ငွေနည်းနည်းလောက် ချွေတာလိုက်ရင် မကောင်းဘူးလား၊ အရင်က လမ်းပေါ်မှာ လူတွေသတိလစ်လဲကျတာကို ကျွန်မမြင်ဖူးတယ်၊ သူတို့ကို ဘယ်လိုပြန်သတိရအောင်လုပ်ရမလဲဆိုတာ ကျွန်မသိတယ်”
စကားပြောနေစဉ်မှာပင် တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူမခေါင်းကို ခပ်ဖွဖွပုတ်လိုက်သည်။ ရှန်ဟုန်မိန်တစ်ယောက် ဘာမျှမတုံ့ပြန်နိုင်သေးမီမှာပင် လုရှီမန်က လက်မကိုဆန့်ထုတ်ကာ လီရှီချွမ်း၏နှာခေါင်းအောက်၊ နှုတ်ခမ်းအထက်ရှိနေရာကို တင်းကျပ်စွာ ဖိနှိပ်လိုက်၏။
အလုပ်မလုပ်ရသော သခင်မလေးတစ်ဦးဖြစ်ရာ သူမလက်ချောင်းလေးများမှာ အလွန်တရာနုနယ်နေပြီး လက်သည်းများမှာလည်း ရှည်လျားလုံးဝန်းနေသည်။
လီရှီချွမ်းကို သေလုမတတ်ညှဉ်းပန်းနှိပ်စက်လိုသော ရည်ရွယ်ချက်ဖြင့် သူမက အားကိုပိုမိုအသုံးပြုလိုက်သည်။ သူမလက်သည်းမှာ အသားထဲနက်ရှိုင်းစွာ စိုက်ဝင်သွားပြီး တစ်ခဏအတွင်းမှာပင် သူမဖိနှိပ်ထားသော နေရာမှ သွေးစို့လာခဲ့လေ၏။
စူးရှသောနာကျင်မှုကြောင့် သတိလစ်နေသော လီရှီချွမ်းမှာ ချက်ချင်းပင် လန့်နိုးလာခဲ့သည်။
“မင်း ဘာလုပ်နေတာလဲ”
သူက အလွန်တရာဒေါသထွက်နေပြီး နှလုံးမှာလည်း တစ်ချက်တစ်ချက်တဆစ်ဆစ်နာကျင်နေကာ အမြင်အာရုံများ ဝေဝါးနေသော်လည်း နှာခေါင်းအောက်မှ နာကျင်မှုကမူ လျစ်လျူရှုထား၍မရနိုင်အောင်ပင် စူးရှနာကျဥ်နေခဲ့သည်။
ရှန်ဟုန်မိန်က စတင်ငိုကြွေးလေတော့၏။ လုရှီမန်ရှိနေသေးသည်ကို သတိပြုမိသဖြင့် သူမက လီရှီချွမ်းအပေါ်သို့ ပြေးဝင်ဖက်တွယ်ခြင်းမျိုးမပြုလုပ်ရဲဘဲ တိတ်တဆိတ်သာ ရှိုက်ကြီးတငင် ငိုကြွေးနေရှာသည်။
“သခင်ကြီး အဆင်ပြေရဲ့လားဟင်”
ငိုသံကိုကြားလိုက်ရချိန်တွင် လုရှီမန်က လက်ပြန်ဖြင့် ရှန်မေဟုန်၏ပါးကိုဖြတ်ရိုက်လိုက်လေသည်။
“ဘာတွေငိုနေတာလဲ၊ မိသားစုရဲ့ ကံကြမ္မာကောင်းတွေအားလုံး နင်တို့ သားအမိရဲ့မျက်ရည်တွေကြောင့် လွင့်စင်ကုန်ပြီ၊ နင်တို့ အရမ်းငိုလွန်းလို့များ အဲဒီလူတွေက ငါတို့ကိုလာရှင်းလင်းချင်နေကြတာလား၊ နင် ထပ်ငိုနေဦးမယ်ဆိုရင် အဖေ့ကိုပြောပြီး နင့်ကိုအိမ်ပေါ်က မောင်းချခိုင်းလိုက်မယ်”
ပါးရိုက်ပြီးနောက်တွင် သူမလက်ကိုသူမ ပြန်လည်ပွတ်သပ်လိုက်ကာ နာကျင်သွားသူမှာ သူမကိုယ်တိုင်ဖြစ်နေသည့်အလား စုပ်သပ်လိုက်သည်။ သူမက နှုတ်ခမ်းစူလိုက်ပြီး လီရှီချွမ်းကို မကျေမနပ်ဖြစ်နေသာအမူအရာဖြင့် ကြည့်လိုက်၏။
“အဖေ၊ သူတို့ကိုလည်း သေချာထိန်းချုပ်ထားဦးမှနော်၊ မဟုတ်ရင် မိသားစုရဲ့လာဘ်လာဘတွေနဲ့ ကံကောင်းမှုတွေအကုန်လုံး ငိုယိုသံတွေထဲမှာ လွင့်ပါးသွားလိမ့်မယ်”
လီရှီချွမ်းက ရှန်ဟုန်မိန်မျက်နှာပေါ်မှ နီရဲနေသော လက်ဝါးရာကိုကြည့်လိုက်ပြီး ခေါင်းကိုက်ရောဂါမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ဤအိမ်ကြီးတွင် မည်သည့်အချိန်များမှ ငြိမ်းချမ်းမှုရှိနိုင်ပါမည်နည်း။
‘ငါ့စကားနားမထောင်တဲ့ သမီးဆိုး'
ထိုသို့တွေးမိရင်း သူကအပြင်းအထန် ချောင်းဆိုးလာပြန်ပြီး ခေါင်းမှာလည်း တဖြည်းဖြည်းလေးလံလာခဲ့သည်။
“ငါ့ကို ဆေးရုံပို့ပေးကြပါ”