← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

7

အကယ်၍ ယခုချက်ချင်းသွားမကုသလျှင် ဤနေရာတွင်ပင် သူ အသက်ထွက်သွားမည်ကို စိုးရိမ်မိသည်။ စကားနားမထောင်သော သမီးဆိုးကို နောက်ထပ်တစ်စက္ကန့်မျှပင် မကြည့်ချင်တော့ချေ။

ဤစကားကိုကြားသည်နှင့် ရှန်ဟုန်မိန်မှာ လီရှီချွမ်းအား အမြန်ဆုံးတွဲကူကာ အပြင်ထွက်သွားလေသည်။

ဝူဟုန်ဖေးမှာတော့ ဘေးဘက်တွင် ရပ်နေခဲ့သည်။ အဖြစ်အပျက်တစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီးနောက် သခင်မလေး၏ဦးနှောက်မဲ့ပုံကို တွေးကာ စိတ်မကောင်းဖြစ်မိသလို သူမအတွက်လည်း သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိ၏။

‘တကယ်လို့များ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရှင်းလင်းခံရမယ်ဆိုရင် သခင်မလေးက ဒီလောက်ကြမ်းတမ်းတဲ့ဒုက္ခတွေကို တကယ်ပဲ ခံနိုင်ရည်ရှိပါ့မလား'

“ပရိဘောဂတွေ ဘယ်နေရာမှာထားလဲ”

“ငါ့လူတွေခေါ်ပြီး ပရိဘောဂတွေအားလုံးကို တိတ်တဆိတ် ရှင်းလင်းပစ်ခိုင်းလိုက်မယ်၊ နင်သွားတော့ စောင့်ကြည့်နေစရာ မလိုတော့ဘူး၊ ဒါနဲ့ဒီငွေငါးရာကို ယူထားလိုက်၊ တစ်ရာက ကလေးတွေအတွက် လုပ်အားခ၊ ကျန်တဲ့ ငွေတွေကိုတော့ နင့်ခြေထောက်ကုသဖို့အတွက် ယူထား၊ တကယ်လို့ နင် မကုချင်ဘူးဆိုရင်လည်း တခြားတစ်ခုခုသုံးဖို့ သိမ်းထားလိုက်ပေါ့”

သူမသည် အစောပိုင်းကတည်းက ပြင်ဆင်ထားသော ငွေများကို ဆွဲထုတ်ကာ ဝူဟုန်ဖေးထံသို့ ကမ်းပေးလိုက်သည်။ သူမသည် ဤကောင်းမှုတစ်ခုကို အဆုံးတိုင်အောင် ပြုလုပ်သွားမည်ဟု ဆုံးဖြတ်ပြီးဖြစ်၏။

ဤသည်မှာ သူတို့အတွက် သူမ လုပ်ဆောင်ပေးနိုင်သော နောက်ဆုံးအရာဖြစ်နိုင်ပေသည်။ နောက်ထပ် ဆယ်ရက်အကြာတွင်တော့ လုမိသားစုသည် လုံးဝပျောက်ကွယ်သွားတော့မည် ဖြစ်ရာ ထိုအချိန်ကျလျှင် သူမသည် မည်သူ့ကိုမျှ ကူညီနိုင်စွမ်းရှိတော့မည်မဟုတ်ချေ။

ဝူဟုန်ဖေးက သူ့လက်ထဲရှိငွေများကို တစ်လှည့် လုရှီမန်ကို တစ်လှည့် ကြည့်လိုက်ပြီး ထိုငွေများက ပူလောင်နေသည့်အလား ခံစားလိုက်ရသည်။

“လီဟွာလမ်းကြား အမှတ် ၃၁ မှာပါ၊ ကျွန်တော် ဒီငွေတွေကိုမယူနိုင်ပါဘူး၊ မနေ့က ငွေတွေကတင်လုံလောက်နေပါပြီ”

“နင်က ငါ့ကို အထင်သေးနေတာလား၊ နင် မယူဘူးဆိုရင်လည်း လမ်းမပေါ် လွှင့်ပစ်လိုက်ချေ၊ သွားတော့ သွားတော့ သွားတော့ ဒီမှာ မျက်စိနောက်တယ်၊ လာရပ်မနေနဲ့”

လုရှီမန်က စိတ်မရှည်စွာဖြင့်လက်ဝှေ့ယမ်းကာ သူ့ကိုမောင်းထုတ်လိုက်သည်။ သူမတွင် ပိုအရေးကြီးသောကိစ္စများရှိနေသေးပြီး သူတို့နှင့်စကားများကာ အချိန်ဖြုန်းနေရန်အထိ အားလပ်မနေခဲ့ပေ။

ဝူဟုန်ဖေးက သက်ပြင်းချလိုက်ပြီး ငွေများကို သိမ်းဆည်းလိုက်သည်။ အကယ်၍ သခင်မလေးသာ အမှန်တကယ်ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရပြီး အခက်တွေ့လာခဲ့လျှင် သူမအတွက် လောလောဆယ် ခေတ္တသိမ်းဆည်းပေးထားသည်ဟုသာ သဘောထားလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

အိမ်ပြန်ရောက်ချိန်တွင်တော့ ဝူဟုန်ဖေးသည် မမျှော်လင့်ထားသော လူတစ်ယောက်ကို မြင်တွေ့လိုက်ရ၏။ တပ်ထဲ ဝင်သွားကတည်းက ငါးနှစ်နီးပါးခန့် ပြန်မလာခဲ့သောကောင်လေးကို ခြံဝင်းထဲတွင် ရုတ်တရက်မြင်တွေ့လိုက်ရသဖြင့် အလွန်အံ့ဩ၀မ်းသာသွားခဲ့သည်။

“ရှောင်ပိုင် မင်း ဘာလို့ပြန်ရောက်နေတာလဲ”

သူက ပို၍တက်ကြွလန်းဆန်းနေပုံရပြီး ပြတ်သားသောအကြည့်များနှင့်အတူ များစွာရင့်ကျက်လာခဲ့သည်။ အမှန်တကယ်ပင် လူတစ်ယောက်ကို ပုံသွင်းရန်အတွက် ကောင်းမွန်သောနေရာတစ်ခုဖြစ်ပေ၏။

သူထွက်ခွာသွားသည်မှာ နှစ်အနည်းငယ်မျှသာရှိသေးသော်လည်း ဘဝတစ်ခုလုံးပြောင်းလဲသွားသကဲ့သို့ ခံစားနေရ၏။ စုန့်ကျီပိုင်ကပြောလာလေသည်။

“ကျွန်တော် ခွင့်ရလို့ပြန်လာတာပါ၊ အိမ်မှာ ပြောင်းလဲသွားတာတွေတော်တော်များနေပြီပဲ”

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ပြောင်းလဲမှုတွေက တကယ်ကြီးခဲ့တယ်”

သခင်ကြီးလု ကွယ်လွန်သွားခဲ့ပြီးနောက် တစ်ချိန်ကဩဇာတိက္ကမကြီးမားခဲ့သော လုမိသားစုမှာ ကျဆင်းနေသည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ သူတို့ဘဝများမှာလည်း ပိုမိုခက်ခဲကြမ်းတမ်းလာခဲ့၏။

စုန့်ကျီပိုင်က နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီးကာမှ မအောင့်ထားနိုင်တော့ဘဲ မေးလိုက်မိ၏။

“လုမိသားစု အဆင်ပြေရဲ့လားဟင်”

သူ့တစ်သက်တာတွင် ကျေးဇူးအတင်မိဆုံးသူမှာ သခင်ကြီးလုပင်ဖြစ်သည်။

အသက်ငါးနှစ်အရွယ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီး မိခင်ဖြစ်သူမှာလည်း အိမ်ပေါ်မှမောင်းထုတ်ခံခဲ့ရသည်။ သခင်ကြီးလုကသာ လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် သူ့မိခင်ကို ဤလမ်းကြားလေးတွင် နေထိုင်ခွင့်ပြုခဲ့ပြီး အလုပ်တစ်ခုကိုပါ စီစဉ်ပေးခဲ့ခြင်းဖြစ်၏။

အသက်ဆယ်နှစ်အရွယ်တွင် မိခင်ဖြစ်သူမှာ အပြင်းအထန်ဖျားနာခဲ့သည်။ မိသားစု၏စုဆောင်းငွေအားလုံးမှာ ဆေးကုသစရိတ်ဖြင့် ကုန်ခမ်းသွားခဲ့ရသည်။

ထိုအချိန်တုန်းက သခင်ကြီးလုမှာ သူတို့အား ယွမ်တစ်ရာချေးငှားပေးခဲ့သောကြောင့်သာ မိခင်ဖြစ်သူ၏အသက်ကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်၏။

အသက်ဆယ့်သုံးနှစ်တွင်တော့ မိခင်ဖြစ်သူမှာ ဆက်လက်တောင့်မခံနိုင်တော့ချေ။ ထိုအချိန်က သူသည် မျှော်လင့်ချက်များအားလုံး ကင်းမဲ့နေခဲ့သည်။

မိုးရွာနေသော ညတစ်ညတွင် သူ အဖျားကြီးကာ အပြင်းအထန်ဖျားနာနေခဲ့သော်လည်း ဆေးမကုသချင်တော့ဘဲ မိခင်ဖြစ်သူနှင့်အတူ လိုက်ပါသွားလိုခဲ့သည်။ လမ်းကြားလေးထဲတွင် သေနေသောခွေးတစ်ကောင်ပမာ ကွေးကွေးလေး လဲကျနေခဲ့ချိန်တွင် သူ့ကို ကယ်တင်ပေးခဲ့သူမှာလည်း သခင်ကြီးလုပင်ဖြစ်ခဲ့၏။

အသက်ရှင်ကျန်ရစ်ပြီးနောက် သခင်ကြီးလုက သူ့ကိုသခင်မလေး၏ နောက်လိုက်ငယ်လေးတစ်ယောက်အနေဖြင့် ပြုစုစောင့်ရှောက်ရန် စီစဉ်ပေးခဲ့သည်။

သို့ရာတွင် သူ့အရည်အသွေးများကို ရှာဖွေတွေ့ရှိသွားပြီးနောက်တွင်မူ သူ့ကို ကျောင်းတက်ရန် စီစဉ်ပေးခဲ့ပြီး နောက်ပိုင်းတွင် တပ်ထဲသို့ပို့ဆောင်ပေးခဲ့လေ၏။

ဤကိစ္စရပ်များမှာ သခင်ကြီးလု အတွက်တော့ အသေးအဖွဲကိစ္စရပ်များဖြစ်နိုင်သော်လည်း သူ့အတွက်မူ ကြီးမားလှသောကျေးဇူးတရားကြီးတစ်ခုဖြစ်ပေသည်။

“သခင်ကြီးက ပြီးခဲ့တဲ့နှစ်ကပဲ ကွယ်လွန်သွားခဲ့ပြီ၊ အခုဆိုရင် လုမိသားစုလည်း သိပ်ပြီးအဆင်ပြေမယ်မထင်ဘူး၊ ဒီနေ့ သခင်မလေးက သူတို့ပိုင်ဆိုင်မှုတွေ ရှင်းလင်းခံရနိုင်တယ်ဆိုပြီး အိမ်က ပရိဘောဂတွေအကုန်လုံးကို အပြင်ထုတ်ခိုင်းတယ်၊ ပြီးတော့ မိသားစုရဲ့ငွေတွေအားလုံးကိုလည်း လှူပစ်လိုက်တယ်တဲ့လေ”

ဝူဟုန်ဖေးကပြောရင်းဖြင့် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိ၏။ သခင်မလေးမှာ အနည်းငယ်မောက်မာထောင်လွှားတတ်သည်မှန်သော်လည်း သူမနှလုံးသားကတော့ ကောင်းမွန်ဆဲပင်။ သူ့အိတ်ကပ်ထဲရှိ ငွေများက အကောင်းဆုံးသက်သေပင်ဖြစ်၏။

သို့သော်ငြား သူသည် ဘာတစ်ခုမှမရှိသော ဒုက္ခိတတစ်ယောက်မျှသာ ဖြစ်သည်။ သခင်မလေးကို ကူညီချင်စိတ်ရှိလျှင်တောင် သူ့ထံတွင်အစွမ်းအစမရှိပေ။

သူက ခေါင်းကုတ်ကာ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး သူတို့သာ ပို၍အစွမ်းအစရှိခဲ့လျှင်ကောင်းမည်ဟု တွေးကာ သူ့ကိုယ်သူအပြစ်တင်မိသည့်ခံစားချက်လေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤစကားများကိုကြားလိုက်ရချိန်တွင် စုန့်ကျီပိုင် ရင်ဘတ်တစ်ခုလုံး တင်းကြပ်သွားခဲ့သည်။

“မဖြစ်ဘူး၊ သခင်ကြီးလုရဲ့တစ်ဦးတည်းသော သွေးသားလေးကို ဒုက္ခခံရအောင် ကျွန်တော်လွှတ်ထားလို့မဖြစ်ဘူး”

All Chapters