← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

8

လုရှီမန်သည် အိမ်ထောင်စုစာရင်းစာအုပ်နှစ်အုပ်ကို ကိုင်ဆောင်ကာ ပညာတတ်လူငယ်ရုံးဆီသို့ တိုက်ရိုက်ဦးတည်သွားခဲ့၏။

“ရဲဘော်လုရှီမန်၊ ဘယ်လေတိုက်လို့ ဒီကိုရောက်လာတာလဲ”

ထိုဝန်ထမ်းမှာ လုရှီမန်နှင့် စိမ်းသက်နေသူမဟုတ်ပေ။ အမှန်တကယ်တော့ မြို့တစ်ဝက်ခန့်ကပင် သူမကို သိရှိကြသည်။ သို့သော် သခင်ကြီးလုကွယ်လွန်သွားပြီးနောက်တွင်တော့ လုရှီမန်မှာ တစ်နေ့တခြား ပို၍အားကိုးမရဖြစ်လာခဲ့၏။

ဘာကြောင့်များ သူမပညာတတ်လူငယ်ရုံးဆီသို့ ရုတ်တရက်ကြီး ရောက်ရှိလာသလဲဆိုသည်ကိုတော့ သူမသိပေ။

‘သူမများ စိတ်ဖောက်ပြန်သွားပြီး တောရွာတွေဆီ သွားချင်နေတာလား'

သို့သော် ဤကဲ့သို့ကြမ်းတမ်းသောဒုက္ခမျိုးကိုခံစားရန် မည်သူကများ မိမိသဘောဆန္ဒအလျောက် စာရင်းလာပေးမည်နည်း။

အလုပ်လက်မဲ့လူငယ်များကို တောင်တန်းများနှင့် ကျေးလက်ဒေသများသို့ သွားရောက်ရန်အတွက် သူတို့ နေ့စဉ်နှင့်အမျှ မည်မျှအထိ အားစိုက်ထုတ်ပြီး ဖျောင်းဖျနေရသလဲဆိုသည်ကို သူတို့ကိုယ်တိုင်အသိဆုံးပင်။

အများစုကို အတင်းအကျပ် သွားရောက်ခိုင်းစေခဲ့ရပြီး ကိုယ်ပိုင်ဆန္ဒဖြင့် သွားလိုသူဟူ၍ လုံးဝမရှိသလောက်ပင်။

မြို့ပေါ်ရှိဘဝက သက်တောင့်သက်သာရှိလှပြီး ကျေးလက်တွင်မူပင်ပန်းဆင်းရဲသော အလုပ်ကြမ်းများမှလွဲ၍ ဘာမျှမရှိချေ။ ထိုသို့သောနေရာမျိုးသို့ သွားရောက်ရန် မည်သူကများဆန္ဒရှိပါမည်နည်း။

လုရှီမန်က သူတို့ကိုပြုံးပြလိုက်သည်။ သူမအဆင့်အတန်းက အမှန်တကယ်ပင် ဩဇာတိက္ကမရှိပုံရ၏။ သွားလေရာတိုင်းတွင် သူမကို လူတိုင်းကမှတ်မိနေကြသည်။

မူလပိုင်ရှင်၏အဘိုးဖြစ်သူမှာ ထိုသို့သော အခြေအနေမျိုးအထိ ရောက်ရှိအောင်စွမ်းဆောင်နိုင်ခဲ့သဖြင့် ထူးခြားပြောင်မြောက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့မည်မှာ အသေအချာပင်။

မဟုတ်သေးဘူး။

ထိုအဘိုးက သူမမိခင်ဘက်မှအဘိုးဖြစ်ရာ သူမအဘိုးမဟုတ်တော့ချေ။ သူမမျိုးရိုးအမည်မှာ လုဖြစ်ပြီး လုမိသားစု၏တရားဝင်အမွေဆက်ခံသူဖြစ်၏။ သခင်ကြီးလုသည်သာ သူမအဘိုးဖြစ်ရာ ထိုမိခင်ဘက်မှအဘိုးအား အဘိုးဟု သူမက အဘယ်ကြောင့်ခေါ်ဆိုနိုင်တော့မည်နည်း။

“ကျွန်မ ကျေးလက်ဒေသကိုသွားဖို့ စာရင်းလာပေးတာပါ၊ ဘဝကို အကြမ်းတမ်းဆုံးပြုပြင်ပေးနိုင်တဲ့နေရာက ဘယ်မှာလဲ”

သူမက လိုရင်းကိုသာတိုက်ရိုက်မေးမြန်းလိုက်သည်။

လုရှီမန်စကားကိုကြားလိုက်ရချိန်တွင် ထိုအမျိုးသား မျက်ခုံးများတွန့်ချိုးသွားခဲ့သည်။

“ရဲဘော်လု၊ ဦးလေးက သမီးငယ်ငယ်လေးကတည်းကနေ ကြီးပြင်းလာတဲ့အထိ ကြည့်လာခဲ့တာပါ၊ ကျေးလက်ဒေသသွားမယ့်ကိစ္စကို သမီးပြန်စဉ်းစားသင့်တယ်လို့ ဦးလေးထင်တယ်၊ အဲဒီက ဘဝစမ်းသပ်မှုတွေ အရမ်းများတယ်လေ၊ သမီးအတွက် မြို့မှာပဲနေတာ ပိုကောင်းမယ်လို့ထင်ပါတယ်၊ တကယ်လို့ သမီးပျင်းနေတယ်ဆိုရင် သမီးအဖေ့ရဲ့အဆက်အသွယ်တွေကို သုံးပြီး သက်တောင့်သက်သာရှိတဲ့ အလုပ်တစ်ခု ရှာခိုင်းလိုက်ပါလား”

သူက အသံကိုနှိမ့်ကာ သည်းခံမှုအပြည့်ဖြင့် သူမအားအကြံပေးလိုက်သည်။ သခင်ကြီးလု၏သွေးသားလေးအား ကျေးလက်ဒေသတွင် ပျက်စီးသွားသည်အထိ လွှတ်ထားလို့မဖြစ်ပေ။ သူမကို လမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်ပေးရန် တာဝန်ရှိသည်ဟု သူ ခံစားလိုက်ရသည်။

လုရှီမန်၏မျက်နှာပေါ်ရှိအပြုံးမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဤလောကတွင် လူကောင်းများ အမှန်တကယ်ပင် များပြားလှ၏။ မူလပိုင်ရှင်၏မှတ်ဉာဏ်ထဲတွင် တစ်ခါမျှမပါဝင်ခဲ့ဖူးသော လူတစ်ယောက်ကပင် ကျေးလက်သို့မသွားရန် သူမကို အကြံပေးနေသည်ပင်။

“ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဘယ်နေရာက ဘဝကိုအကြမ်းတမ်းဆုံး ပြုပြင်ပေးနိုင်လဲဆိုတာကိုတော့ ကျွန်မသိချင်သေးတယ်၊ ကျွန်မက သက်သက်မေးကြည့်ရုံပါ၊ ကျွန်မ သွားမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး၊ ဦးလေးတို့ စိတ်ပူစရာမလိုပါဘူး”

သူမအဖြေကိုကြားလိုက်ရချိန်တွင် ထိုအမျိုးသား၏မျက်နှာပေါ်ရှိ စိုးရိမ်မှုများ အနည်းငယ်လျော့ပါးသွားခဲ့သည်။ သူမ သွားမည်မဟုတ်လျှင် စိုးရိမ်စရာအကြောင်းမရှိပေ။

မည်သူ့အတွက် သူမမေးမြန်းနေသလဲဆိုသည်ကို သူမသိသော်လည်း ဤအရာက အရေးမကြီးပေ။

“ရှင်းပြည်နယ်ကခြံတွေဆိုရင် လူသူကင်းမဲ့တဲ့ မြေရိုင်းတွေ၊ သဲသောင်ပြင်တွေ၊ သဲကုန်းတွေနဲ့ ဆားပေါက်မြေတွေ ဝိုင်းရံထားတယ်၊ ဘယ်ပညာတတ်လူငယ်မှ အဲဒီကိုမသွားချင်ကြဘူး၊ အဲဒီမှာ တပ်စွဲထားတဲ့စစ်တပ်ကလွဲရင် နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေပဲရှိတယ်”

ရှင်းပြည်နယ်သည် ကြမ်းတမ်းသော ရာသီဥတုအခြေအနေများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလှသည်။ ဆောင်းရာသီတွင် တစ်ပြင်လုံးအဖြူရောင်လွင်ပြင်ကြီးဖြစ်ပြီး နွေရာသီတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားတတ်ကာ ကျောက်တုံးကြီးများကိုပင် လွင့်စင်သွားစေနိုင်သော လေပြင်းများ တိုက်ခတ်လေ့ရှိပြီး မြက်ပင်တစ်ပင်မျှပင် မပေါက်ရောက်ချေ။ အသက်ရှင်နေထိုင်ရန်အတွက် မြေအောက်တဲများတွင် အိပ်စက်ရခြင်းပင်။

နေထိုင်မှုအခြေအနေများ ကြမ်းတမ်းရုံသာမက လုပ်အားပေးမှုပြင်းအားမှာလည်း ကြီးမားလှသည်။ မြေရိုင်းများကို ရှင်းလင်းခြင်း၊ လယ်ကွင်းများ ဖန်တီးခြင်းနှင့် ရေအရင်းအမြစ် ထိန်းသိမ်းရေး စီမံကိန်းများကို တည်ဆောက်ရခြင်း စသည်တို့ဖြစ်သည်။

အလွန်ပင်ပန်းလွန်းသဖြင့် သေဖို့ပင် အချိန်မရှိလောက်အောင် ဖြစ်ရသည်။ (အထက်ပါ အချက်အလက်များသည် အင်တာနက်မှ ရရှိသော အချက်အလက်များဖြစ်သည်။)

ဆားပေါက်မြေ၊ သဲသောင်ပြင်နှင့် ရှင်းပြည်နယ်...

လုရှီမန်သည် သူမစိတ်ကူးထဲတွင် သူတို့၏သနားစရာကောင်းသောအခြေအနေကို ပုံဖော်ကြည့်နေမိပြီဖြစ်သည်။ ဤကဲ့သို့သော နေရာမျိုးမှသာ ထိုလူယုတ်မာများနှင့် ထိုက်တန်ပေမည်။

“ဦးလေးကို တစ်ခုလောက်ပြောပြပါလား၊ ဘယ်သူကများ အဲဒီကိုသွားမှာမို့လို့လဲ”

သူက ခပ်တိုးတိုးမေးလိုက်သည်။

“ကျွန်မ အဖေရယ်၊ သူ့ရဲ့အိမ်အကူတွေရယ်ပါ”

လုရှီမန်က အိမ်ထောင်စုစာရင်းစာအုပ်များကိုဆွဲထုတ်ကာ အပြုံးလေးတစ်ခုနှင့်အတူ စားပွဲပေါ်သို့တင်လိုက်၏။

“ဟင်”

သူ့ဦးနှောက် ကောင်းကောင်းအလုပ်မလုပ်နိုင်တော့သလို ဖြစ်သွားရသည်။ အဘယ်ကြောင့်များ လူတစ်ယောက်က မိမိဖခင်နှင့် အိမ်အကူများအတွက် စာရင်းလာသွင်းပေးရသနည်း။

“ရဲဘော်လု၊ သမီးတို့ရန်ဖြစ်ထားကြလို့လား၊ ဒီကိစ္စကိုတော့ ကလေးကစားသလိုလုပ်လို့မရဘူးနော်”

သူက ပြတ်သားတည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

ကျေးလက်ဒေသသို့ သွားရခြင်းမှာ ဟာသတစ်ခုမဟုတ်ပေ။ ရှင်းပြည်နယ်၏ အကြမ်းတမ်းဆုံးအပိုင်းသို့ သွားရမည်ဆိုလျှင်တော့ ဆိုဖွယ်ရာပင်မရှိတော့ချေ။ လီရှီချွမ်း၏အသက်အရွယ်နှင့်ဆိုလျှင် အမှန်တကယ်ပင် ထိုနေရာ၌သေဆုံးသွားနိုင်ပေ၏။

‘အိမ်အကူတွေကို ပြင်ပလူတွေဆီ ပို့ဆောင်လို့မရဘူးလေ၊ သူမက ဘယ်လိုလုပ် သူတို့အတွက်ပါ စာရင်းလာသွင်းပေးနိုင်မှာလဲ'

All Chapters