အခန်း ၉
Vol. 1 Ch. 9
9
လုရှီမန်က မျက်လွှာချလိုက်ပြီး သူ မမြင်နိုင်သော ပေါင်နေရာကို ခပ်နာနာလေး ဆိတ်လိုက်သည်။ သူမမျက်ဝန်းများထဲတွင် မျက်ရည်များပြည့်လျှံလာခဲ့ပြီး ပါးပြင်ပေါ်သို့ ကျလုဆဲဆဲအချိန်လေးတွင် ခေါင်းကိုမော့ကာ သူမ၏သနားစရာကောင်းသော အသွင်အပြင်ကို လူတိုင်းအားမြင်တွေ့စေလိုက်၏။
“ဦးလေး၊ ကျွန်မတို့ ရန်မဖြစ်ပါဘူး၊ ဒါပေမဲ့ ကျွန်မကိစ္စတချို့ကို သိလိုက်ရလို့ပါ၊ ဦးလေး တံခါးအရင်ပိတ်ပြီး ဒီကိစ္စကို ကျွန်မအတွက်လျှို့ဝှက်ထားပေးနိုင်မလား”
စကားပြောနေစဉ်မှာပင် သူမမျက်လုံးများထဲမှ မျက်ရည်ပေါက်ကြီးများ ပိုးပိုးပေါက်ပေါက်ကျဆင်းလာခဲ့သည်။ ဤသည်မှာ သူမ၏ပုံမှန်ဂုဏ်ယူဝင့်ကြွားနေတတ်သည့် အသွင်အပြင်နှင့် များစွာကွာခြားနေပြီး သူတို့နှလုံးသားကို နာကျင်သွားစေခဲ့၏။
“ရတာပေါ့၊ ဦးလေးတို့ကိုပြောပြပါ”
သူက တံခါးကိုပိတ်ရင်းပြောလိုက်သည်။
တံခါးပိတ်သွားပြီးနောက်တွင် လုရှီမန်က ဖြည်းညင်းစွာ စတင်ပြောဆိုလာသည်။
“သူက.....အဖေက အဲဒီအိမ်အကူနှစ်ယောက်ကိုခေါ်ပြီး ဟောင်ကောင်ကိုထွက်ပြေးဖို့ အစီအစဉ်ဆွဲနေတာပါ၊ ပြီးတော့ ကျွန်မကိုလည်း ခေါ်သွားမှာမဟုတ်ဘူး၊ ဒါကြောင့် မနေ့က ကျွန်မကို ဘဏ်သွားပြီး ငွေတွေအများကြီး ထုတ်ခိုင်းခဲ့တာ၊ သူက သူ့ရဲ့မယားငယ်တွေနဲ့အတူ ထွက်ပြေးချင်နေတာ၊ ဒါဆို ကျွန်မက သူ့အတွက်ဘာလဲ၊ ကျွန်မ အမေနဲ့ အဘိုးကရော သူ့အတွက် ဘာများအရေးပါခဲ့ဖူးလို့လဲ”
သူမမျက်ဝန်းများထဲတွင် နားလည်ရခက်သောဒေါသများ လောင်ကျွမ်းလာခဲ့ပြီး သူမစိတ်ခံစားမှုများမှာလည်း ပိုမိုပြင်းထန်လာခဲ့ရာ မူလပိုင်ရှင်၏ကိုယ်ပိုင်ခံစားချက်များပင် ပေါ်ထွက်လာသကဲ့သို့ ဖြစ်နေခဲ့သည်။
“သူက ငွေတွေကိုလိမ်ယူပြီး ထွက်ပြေးချင်နေတာ၊ ဒါပေမဲ့ သူ့ကို ကျွန်မခွင့်ပြုပေးမှာမဟုတ်ဘူး”
သူမက စကားလုံးများကို တစ်လုံးချင်းစီ ပီပီသသပြောဆိုလိုက်ရာ ဝန်ထမ်းများအားလုံး မျက်လုံးပြူးသွားခဲ့ကြ၏။
“ဘုရားရေ လီရှီချွမ်းက လူကောင်းမဟုတ်ဘူးဆိုတာ ငါသိသားပဲ၊ လုမိသားစုရဲ့ငွေတွေကိုယူပြီး ဟောင်ကောင်ကိုထွက်ပြေးဖို့ ကြိုးစားနေတယ်တဲ့လား၊ တကယ့်ကို အရှက်မရှိတဲ့ကောင်ပဲ”
“ဟုတ်ပါ့၊ အပြင်ပန်းမှာတော့ လူဖြောင့်ကြီးလုပ်နေတာ၊ ဒီလောက်နှစ်တွေအများကြီး ဟန်ဆောင်နေခဲ့ပြီးတော့ အခု လုမိသားစုမှာ ရိုးသားဖြူစင်တဲ့ကလေးမလေးရဲဘော်လု တစ်ယောက်တည်း ကျန်တော့တဲ့အချိန်ကျမှ သူ့စရိုက်မှန်တွေ ပေါ်လာတော့တာပဲ၊ တကယ့်ကိုလူယုတ်မာပဲ”
“လီ၀မ်မြန်က လီရှီချွမ်းနဲ့နည်းနည်းတူနေတယ်လို့ ငါအမြဲတွေးမိတယ်၊ သူမက သူ့ရဲ့သွေးသားအရင်းများဖြစ်နေမလား”
“မင်းပြောမှ ငါသတိရတော့တယ်၊ အဲဒီ ရှန်ဟုန်မိန်က ငါ့ရဲ့သုံးယောက်မြောက်အဒေါ်ဘက်က ဆွေမျိုးပဲ၊ အဲဒီတုန်းက သူမ လီလိုင်ဇီနဲ့လက်ထပ်ပြီး ခြောက်လမပြည့်ခင်မှာ ကလေးမွေးခဲ့တာလေ၊ ဖြစ်နိုင်တာက…”
သူတို့၏ဆွေးနွေးမှုများကို နားထောင်ရင်း လုရှီမန်က အရေးကြီးသော စကားလုံးတစ်လုံးကို အလျင်အမြန် ဖမ်းဆုပ်လိုက်မိသည်။
*လီလိုင်ဇီ*
ထိုအမျိုးသားမှာ ရှန်ဟုန်မိန်၏ခင်ပွန်းဟောင်းဖြစ်ရပေမည်။ ထိုအမည်ကိုကြည့်ရုံနှင့်ပင် သူသည် လူကောင်းတစ်ယောက်မဟုတ်နိုင်သည်မှာ သေချာလှသည်။
‘တကယ်လို့ သူသာ အသက်ရှင်နေအုံးမယ်ဆိုရင်...’
သူမက ခေါင်းငုံ့လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများ အသာကော့တက်သွားခဲ့သည်။ မနက်ဖြန်တွင်တော့ လုအိမ်တော်မှာ ပိုပြီး စိတ်ဝင်စားစရာကောင်းလာပေတော့မည်။
“ဦးလေးတို့ ကျွန်မကိုကူညီမယ်မဟုတ်လား”
သူမက ဒေါသထွက်နေကြသောလူအုပ်ကြီးကို မော့ကြည့်လိုက်သည်။
“သေချာပေါက်ကူညီရမှာပေါ့၊ အဲဒီလို လူမျိုးက အကြမ်းတမ်းဆုံးနေရာကို သွားရတာနဲ့ ထိုက်တန်တယ်”
“ရှင်းပြည်နယ်ရဲ့ ကြယ်နီလယ်ယာကတော့ အကောင်းဆုံးရွေးချယ်စရာပဲ၊ မှတ်ပုံတင်တဲ့ကိစ္စကို ဦးလေးတာဝန်ယူလိုက်မယ်”
ထိုအမျိုးသားကပြတ်သားစွာ ခေါင်းညိတ်လိုက်ပြီး အိမ်ထောင်စုစာရင်းစာအုပ်နှစ်အုပ်ကိုယူကာ လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လိုက်သည်။
“မတ်လ ၁၈ ရက်နေ့ မနက်ပိုင်းကို စီစဉ်လို့ရမလားဟင်၊ သူတို့သင်္ဘောလက်မှတ်တွေက အဲဒီနေ့အတွက်လေ၊ သူတို့အပျော်ဆုံးအချိန်ကျမှ ငရဲပြည်ကို ကျသွားစေချင်လို့ပါ”
လုရှီမန်က အခွင့်အရေးကိုအမိအရယူကာ တောင်းဆိုလိုက်သည်။ သူတို့မည်မျှ တရားမျှတမှုကိုလိုလားကာ ဒေါသထွက်နေကြသလဲဆိုသည်ကို မြင်နေရသဖြင့် ဤကိစ္စမှာရိုးရှင်းလှပေမည်။
“ရတာပေါ့၊ မနက် ၅ နာရီမှာသွားဖမ်းပြီး ရထားပေါ်တန်းတင်ပေးလိုက်မယ်”
ဤကျေးဇူးကန်းသောဝံပုလွေကို သခင်ကြီးလုကိုယ်စား သင်ခန်းစာပေးရန် သူတို့အားလုံးက အလွန်ဆန္ဒရှိနေကြသည်။
“ကြယ်နီလယ်ယာက အသစ်တည်ထောင်ထားတဲ့လယ်ယာမလို့ အခြေအနေတွေကလည်း ကြမ်းတမ်းတဲ့အတွက် ထောက်ပံ့ကြေးက တော်တော်လေးမြင့်တယ်၊ တစ်ယောက်ကို လေးရာတောင်ရမယ်၊ လီရှီချွမ်းကတော့ ဒီငွေကိုလိုမယ်မထင်ပါဘူး”
သူခပ်ဟဟ ရယ်မောရင်းပြောလိုက်သည်။ ဤစကားကို ကြားလိုက်ရချိန်တွင် လုရှီမန်လည်း ပြုံးလိုက်မိ၏။ လူကောင်းများမှာ အမှန်တကယ်ပင် များပြားလှပေသည်။
“ခရီးစရိတ်ကလွဲပြီး ကျန်တဲ့ငွေ အကုန်လုံးကိုလှူပစ်လိုက်ပါ၊ တိုင်းပြည်က ဒီငွေကိုပိုပြီးလိုအပ်မယ်လို့ ကျွန်မထင်တယ်”
လုရှီမန်က မျိုးချစ်စိတ်ဓာတ်အပြည့်ဖြင့် ပြောဆိုလိုက်သည်။ အကယ်၍ ထိုငွေကိုကြိုတင်ရယူနိုင်မည်ဆိုလျှင် သူမ သေချာပေါက်ယူထားမည်ပင်။
သို့သော် ပညာတတ်လူငယ်များ၏ထောက်ပံ့ကြေးမှာ သွားရောက်မည့်နေရာသို့ရောက်ရှိပြီး လအနည်းငယ်ကြာမှသာ ထုတ်ပေးလေ့ရှိသည်။ ထိုငွေများ လီရှီချွမ်းနှင့် သူ့အပေါင်းအပါများလက်ထဲသို့ မရောက်ရှိစေရန်အတွက် လှူဒါန်းလိုက်ခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။
“ရဲဘော်လုရဲ့အသိဉာဏ်က တကယ်ကို မြင့်မားတာပဲ၊ သမီးလိုရဲဘော်မျိုးရှိတာက ဦးလေးတို့အတွက်တော့ ကောင်းချီးတစ်ပါးပဲ”
ထိုအမျိုးသားက လုရှီမန်ကိုအလေးပြုလိုက်သည်။
“ဒါ ကျွန်မလုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ၊ ဒါနဲ့ အားလုံးပဲ ဒီကိစ္စကို လောလောဆယ် လျှို့ဝှက်ထားပေးလို့ရမလားဟင်၊ သူတို့ ရိပ်မိသွားမှာစိုးလို့ပါ”
“သေချာပေါက်ရတာပေါ့၊ ဦးလေးတို့အားလုံး ဒီကိစ္စကိုလျှို့ဝှက်ထားပေးပါ့မယ်”
လူအုပ်ကြီးက ခေါင်းညိတ်ပြလိုက်ကြ၏။
“ဒါဆိုရင် ကျေးဇူးတင်ပါတယ် ဦးလေးတို့”
လုရှီမန်ကထရပ်လိုက်ပြီး သူတို့ကို အရိုအသေပေးလိုက်သည်။
အဓိကပြဿနာကြီးကို ဖြေရှင်းပြီးသွားလေပြီ။
နောက်တစ်ခုအနေဖြင့် သူမက ထိုလီလိုင်ဇီဆိုသူကို ရှာဖွေရမည်ဖြစ်ပြီး ရှန်ဟုန်မိန်နှင့် လီ၀မ်မြန်တို့ကို နောက်ထပ် ပျော်စရာလေးတချို့ဖန်တီးပေးရဦးပေမည်။