အခန်း ၁၀
Vol. 1 Ch. 10
10
ပညာတတ်လူငယ်ရုံးခန်းထဲမှ လမ်းလျှောက်ထွက်လာချိန်တွင် လုရှီမန်၏စိတ်အုံ့မှိုင်းမှုများ လွင့်စင်သွားကာ သိသိသာသာကို လန်းဆန်းပေါ့ပါးနေလေပြီ။ ရှူရှိုက်လိုက်သော လေထုကပင် ယခင်ကထက် ပိုသန့်စင်လတ်ဆတ်နေသယောင်ရှိပြီး မျက်စိရှေ့ရှိ ဟောင်းနွမ်းဆွေးမြည့်နေသော လမ်းမများနှင့် အိမ်ဟောင်းများကပင် သူမအမြင်၌ သာယာကြည်နူးဖွယ်ကောင်းနေတော့သည်။
“ငါ့ရဲ့လူမှုဆက်ဆံရေးက တော်တော်လေးဆိုးရွားတာပဲ၊ အကူအညီလိုတဲ့အချိန်ကျမှ အားကိုးစရာလူတစ်ယောက်မှ ရှာမတွေ့ဘူး”
သူမက နှုတ်ခမ်းကိုက်ကာ တိုးတိုးလေး ညည်းညူလိုက်သည်။ လုရှီမန်သည် သူမမှတ်ဉာဏ်များထဲတွင် အပူတပြင်း ရှာဖွေကြည့်သော်လည်း လီလိုင်ဇီ၏ကိစ္စများကို စုံစမ်းပေးနိုင်မည့် သင့်တော်သူတစ်ဦးတစ်ယောက်ကိုမျှ စဉ်းစား၍မရခဲ့ပေ။ သူမကခေါင်းကုတ်လိုက်ရင်း နောက်ဆုံးတွင်တော့ သက်ပြင်းရှည်ကြီးတစ်ခုကိုသာ ချလိုက်ရလေသည်။
ရွေးချယ်စရာမရှိသည့်အဆုံး ဝူဟုန်ဖေးကိုသာ ထပ်မံအကူအညီတောင်းရပေတော့မည်။ ထိုလူကြီးက သူမကိုစိတ်အနှောင့်အယှက်ဖြစ်စရာလို့မမြင်ပါစေနှင့်ဟုသာ စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေမိသည်။
သူမက ဝူဟုန်ဖေးအိမ်ရှိရာဆီသို့ ဦးတည်သွားနေစဉ် တစ်ဖက်တွင်တော့ စုန့်ကျီပိုင်တစ်ယောက် လုအိမ်တော်ဝင်ပေါက်အနီးတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း စောင့်ဆိုင်းနေခဲ့သည်။
လုရှီမန်ကို တွေ့ရလိုတွေ့ငြား အချိန်အတော်ကြာ စောင့်နေခဲ့သော်လည်း သူမအရိပ်အယောင်ကိုမျှမမြင်ရဘဲ လီရှီချွမ်းနှင့် ရှန်ဟုန်မိန်တို့နှစ်ယောက်သား လက်ချင်းချိတ်ကာ သာယာကြည်နူးစွာဖြင့် လျှောက်လာသည်ကိုသာ မြင်လိုက်ရလေ၏။
ထိုနှစ်ယောက်သည် တခြားသူများ၏အကြည့်များကို ရှောင်ရှားရန် ကြိုးစားနေကြသော်လည်း လုအိမ်တော်ပတ်ဝန်းကျင်တွင် အခြားအိမ်ရာများမရှိသည့်အပြင် လမ်းခရီးကလည်း လုံခြုံမှုရှိလှသဖြင့် သူတို့လုပ်ရပ်များက ပို၍ပင်ရဲတင်းပွင့်လင်းနေကြသည်။
စုန့်ကျီပိုင်သည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကာ နံရံတစ်ခုအနောက်တွင် ပုန်းကွယ်လိုက်သည်။ သူ့မျက်ဝန်းထဲတွင်တော့ ရက်စက်ကြမ်းကြုတ်သောလူသတ်ချင်စိတ်များက လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့၏။
‘ဒီခွေးကောင် လီရှီချွမ်းက တကယ်ဖောက်ပြန်နေတာလား၊ သူက လုမိသားစုကို ဘယ်လိုမျက်နှာမျိုးနဲ့ ရင်ဆိုင်ရဲတာလဲ'
သူ့ရင်ထဲတွင် ဒေါသမီးတောက်များ ဟုန်းဟုန်းတောက်လောင်သွားသည်။ သူက လေပူတစ်ချက်ကိုခပ်ပြင်းပြင်းရှူသွင်းလိုက်၏။ သခင်မလေးသည် ရုပ်ရည်အဆင်း လှပချောမောသော်လည်း သူမ၏ဖြူစင်လွန်းသော စိတ်ထားကြောင့် ဤကိစ္စများကို လုံးဝရိပ်မိမည်မဟုတ်ပေ။
သူမကို ကြိုတင်သတိပေးထားမှဖြစ်မည်။ သူ့တာဝန်က သခင်မလေးကိုကာကွယ်ရန်သာပင်။
သူ့လက်သီးများကို တင်းတင်းဆုပ်ကာ ရင်ထဲတွင် ပွက်လောညံနေသော လူသတ်ချင်စိတ်အား အတင်းအကြပ် ဖိနှိပ်ချုပ်တည်းထားလိုက်သည်။ ထိုနှစ်ယောက် လုအိမ်တော်ထဲသို့ဝင်သွားသည်ကို သေချာကြည့်ပြီးနောက်မှသာ သူ ပုန်းကွယ်ရာမှထွက်လာခဲ့တော့သည်။
တံခါးခေါက်သံကိုကြားလိုက်ရသောအခါ ဝူဟုန်ဖေးမှာ အတော်လေး ထူးဆန်းအံ့ဩသွားသည်။ ပုံမှန်ဆိုလျှင် လနှင့်ချီ၍ လူသူအရိပ်အယောင်ပင်မလာတတ်သော ဤအိမ်လေးသို့ ယခုတလော လူအတော်များများ ခဏခဏ ရောက်လာကြသည်ပင်။
သူ အပြင်သို့ထွက်ကြည့်လိုက်သောအခါ တံခါးဝတွင်ရပ်နေသော လုရှီမန်ကိုတွေ့လိုက်ရ၍ ပို၍ပင် အံ့အားသင့်သွားရသည်။
“သခင်မလေး၊ ဒီကို ဘာကိစ္စရှိလို့ ရောက်လာတာလဲ”
“ပရိဘောဂတွေထားဖို့ နေရာရှာမတွေ့လို့လား”
ဝူဟုန်ဖေးက မျက်မှောင်ကျုံ့ကာမေးလိုက်သည်။
‘သခင်မလေးလိုလူမျိုးက ဒီလိုပျက်စီးဆွေးမြည့်နေတဲ့ လမ်းကြားလေးထဲကို ရောက်လာတာက ဒီနေ့နံနက်ကပစ္စည်းတွေသိုလှောင်ဖို့ရာ နေရာမရှိလို့ပဲဖြစ်ရမယ်’ ဟု သူ တွေးလိုက်မိ၏။
ထိုသို့မဟုတ်လျှင် သူမကဲ့သို့ မြင့်မြတ်သော သခင်မလေးက ဤနေရာသို့ ခြေချမည်မဟုတ်ပေ။
လုရှီမန်က ခေါင်းကိုအသာခါယမ်းလိုက်သည်။
“နင့်ကို ဒုက္ခပေးစရာနောက်ထပ်ကိစ္စတစ်ခု ရှိသေးလို့ပါ၊ ငါ့အတွက် လူတစ်ယောက်လောက် ရှာပေးလို့ရမလား”
ဝူဟုန်ဖေး၏မျက်မှောင်များ ပို၍တွန့်ကွေးသွားသော်လည်း လူတစ်ယောက်ရှာရခြင်းက သူ့အတွက်ခက်ခဲသောကိစ္စတော့ မဟုတ်ပေ။
“ရပါတယ်၊ ဘယ်သူ့ကို ရှာပေးရမလဲ”
“ငါ့အိမ်အကူရဲ့ခင်ပွန်းဟောင်း လီလိုင်ဇီကိုလေ”
‘ဒီလူကိုရှာရတာ မခက်ခဲပေမယ့် ဘာကြောင့်များ သခင်မလေးက သူ့ကိုရှာချင်ရတာလဲ၊ အိမ်အကူရဲ့ခင်ပွန်းဟောင်းက သခင်မလေးအတွက် ပြဿနာတစ်စုံတစ်ရာ ဖန်တီးနေလို့များလား’ ဟု ဝူဟုန်ဖေးက စိတ်ထဲမှ တွေးတောနေမိသည်။
“နင် ရှာပေးနိုင်မလား မရှာပေးနိုင်ဘူးလားဆိုတာကိုပဲ ပြောပါ၊ သူ့ကိုရှာရတဲ့အကြောင်းရင်း ငါ့မှာရှိတယ်၊ မရှာပေးနိုင်ဘူးဆိုရင်လည်း အခြားတစ်ယောက်ဆီသွားပြီး အကူအညီတောင်းလိုက်မယ်”
သူမအသံက ပြတ်သားကာ မေးခွန်းထုတ်ခွင့်မပြုသည့်ဟန် ပါနေ၏။ အမှန်တကယ်တော့ အခြားမည်သူ့အား အကူအညီတောင်းရမည်ကို သူမ လုံးဝမသိချေ။ သို့သော်လည်း မာနကြီးပြီးခေါင်းမာသည့် မူလပိုင်ရှင်၏ စရိုက်လက္ခဏာကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်သည်။
နေရာတိုင်းတွင် မူလပိုင်ရှင်ကြီးပြင်းလာသည်ကို မြင်တွေ့ခဲ့ရသူများရှိနေသဖြင့် သူမအပြုအမူများ အနည်းငယ်လွဲချော်သွားသည်နှင့် အရာအားလုံး ပြီးဆုံးသွားမည်ဖြစ်သည်။
သူမက ခါးထောက်လိုက်ပြီး ခေါင်းကို အသာစောင်းကာ မာနထောင်လွှားပြီး ထင်ရာစိုင်းတတ်သည့် မျက်နှာထားမျိုးကို ဖန်တီးလိုက်၏။ ဝူဟုန်ဖေးသာ သဘောမတူပါက ချက်ချင်းပင် ရန်သူအဖြစ်သတ်မှတ်တော့မည့်ဟန် အပြည့်ရှိနေသည်။ ဝူဟုန်ဖေးက သူ့မျက်နှာကိုပွတ်လိုက်မိ၏။
‘ဒါက သခင်မလေးရဲ့ အစစ်အမှန် စရိုက်ပါပဲလေ’
သူမအတွေးများအား အဆင့်နိမ့်လူများကို အဘယ်ကြောင့် ရှင်းပြနေမည်နည်း။
“ကျွန်တော် ရှာပေးနိုင်ပါတယ်၊ မနက်ဖြန်လောက်ဆိုရင် အဆင်ပြေမလား၊ လူတစ်ယောက်ကိုရှာဖို့က အချိန်နည်းနည်းတော့ ယူရတယ်၊ သူငယ်ချင်းတချို့ကို အကူအညီတောင်းပြီး စုံစမ်းခိုင်းရဦးမယ်”
သူက စိတ်ရှည်လက်ရှည်နှင့် နူးနူးညံ့ညံ့ ရှင်းပြလိုက်သည်။ သခင်မလေးက ချက်ချင်းကြီးတွေ့ချင်သည်ဟု တောင်းဆိုလာမည်ကို သူ စိုးရိမ်နေမိ၏။
သူ့လို ဒုက္ခိတတစ်ယောက်က ဘယ်လိုလုပ်ပြီး ဤမျှကြီးမားသည့် စွမ်းဆောင်ရည်မျိုး ရှိနိုင်မည်နည်း။
“ဒါဆိုလည်း မနက်ဖြန်ပေါ့၊ ပိုမြန်လေ ပိုကောင်းလေပဲ”
လုရှီမန် ခေါင်းညိတ်လိုက်သည်။
ထိုလူဆိုးများအား နောက်ထပ်တစ်ရက်လောက် လွတ်လပ်ခွင့်ပေးလိုက်ရပြန်ပြီဆိုသည့်အတွေးက သူမကို အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စေလေသည်။ သို့သော်လည်း ဤကိစ္စအတွက် အချိန်လိုကြောင်း သူမကောင်းကောက်း နားလည်ထားပြီး သူ့အတွက် သိပ်ပြီးခက်ခဲအောင် မလုပ်သင့်ကြောင်းလည်း ဆင်ခြင်မိ၏။
“နင့်ကို ဒုက္ခပေးရပြန်ပြီ၊ အကူအညီတောင်းဖို့အတွက် ငွေဘယ်လောက်ကုန်ကျမလဲ”
အကူအညီဆိုသည်မှာ အလကားရတတ်သည့်အရာမဟုတ်ဘဲ ကိစ္စများပြီးမြောက်ရန် ငွေကြေးလိုအပ်ကြောင်း လုရှီမန်က ကောင်းကောင်း သဘောပေါက်ထားသည်။ ထို့ကြောင့် သူမ၏လွတ်မြောက်ရေးအစီအစဉ်အတွက် မည်သည့်ရင်းနှီးမြှုပ်နှံမှုကိုမဆို လုပ်ဆောင်ရန် အသင့်ရှိနေသည်။
“သခင်မလေး ပေးထားတာတွေက အများကြီးလုံလောက်နေပါပြီ၊ ထပ်ပြီးမလိုအပ်တော့ပါဘူး၊ ဒါနဲ့ ရှောင်ပိုင်က သခင်မလေးကို လာရှာသေးတယ်၊ သူ့ကိုတွေ့ခဲ့သေးလား”
ဝူဟုန်ဖေးက ခေါင်းခါရင်းမေးလိုက်၏။
“ရှောင်ပိုင်လား”
လုရှီမန်၏နဖူးလေး တွန့်သွားလေသည်။
‘အဲဒါက လူနာမည်လား၊ ခွေးနာမည်နဲ့ ပိုတူနေသလိုပဲ’
သူမမှတ်ဉာဏ်များထဲတွင် ရှောင်ပိုင်ဆိုသော နာမည်ရှိခဲ့လေသလားဟု အလျင်အမြန် စဉ်းစားကြည့်လိုက်သည်။
“သခင်မလေးနဲ့အတူ ကျောင်းကို ခြောက်လလောက်လိုက်သွားပေးခဲ့တဲ့ ကောင်လေး စုန့်ကျီပိုင်လေ”
ဝူဟုန်ဖေးက သူ့နဖူးသူရိုက်လိုက်မိသည်။
‘သူတို့လိုလူမျိုးတွေက သခင်မလေးရဲ့ မှတ်ဉာဏ်ထဲမှာ ဘယ်လိုလုပ်ပြီး နေရာရနိုင်မှာလဲ’
ရှောင်ပိုင်က စစ်တပ်ထဲစောစောစီးစီးဝင်သွားခဲ့သူဖြစ်ရာ သခင်မလေး သူ့ကိုမမှတ်မိသည်မှာလည်း အံ့သြစရာတော့မဟုတ်ပေ။