← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

11

သူတို့ စကားပြောနေစဉ်မှာပင် စုန့်ကျီပိုင်တစ်ယောက် ခက်ထန်တင်းမာသော မျက်နှာထားဖြင့် လမ်းလျှောက်ပြန်လာခဲ့သည်။

သို့သော် လမ်းသွယ်လေး၏အဝသို့ ရောက်သောအခါ မိန်းကလေးတစ်ယောက်၏ကျောပြင်ကို မြင်လိုက်ရသဖြင့် သူ့ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

သူ ရှာဖွေနေသောသခင်မလေးမှာ ထိုသူပင်ဖြစ်ကြောင်း သူ့အလိုလိုသိစိတ်က သေချာပြောပြနေ၏။ လုရှီမန်သည်လည်း သူမမှတ်ဉာဏ်ဟောင်းများကို ပြန်လည် မွှေနှောက်ကြည့်လိုက်သည်။

တကယ်ပင် ထိုသို့သောလူတစ်ယောက် ရှိခဲ့ဖူးသည်။ မူလပိုင်ရှင်၏နောက်လိုက်အဖြစ် ခြောက်လခန့်နေခဲ့သော ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်ပင်။

နောင်တွင် လုရှီယင်က သူ့အရည်အချင်းများကို သတိထားမိသွားကာ ပညာသင်ရန်စေလွှတ်ခဲ့ပြီး ထိုနောက်ပိုင်းတွင် အဘိုးဖြစ်သူက သူ့ကို စစ်တပ်ထဲသို့ ပို့လိုက်ပုံရသည်။

‘ဒါပေမယ့် ဒီလူက ငါ့ဆီကနေဘာများလိုချင်နေတာလဲ၊ အဘိုးလုကလည်း ဆုံးသွားပြီ၊ လုရှီယင်တောင်မှ ထွက်သွားတာကြာလှပြီ၊ သူက ဘာလုပ်ချင်နေတာလဲ'

သူမစိတ်ထဲတွင် သံသယများအုံကြွလာခဲ့သည်။

“ရှောင်ပိုင် မင်း ပြန်လာပြီလား တိုက်ဆိုင်လိုက်တာကွာ၊ မင်းတို့နှစ်ယောက် စကားပြောကြဦးလေ၊ ငါကတော့ ခုနက လီလိုင်ဇီကိစ္စလေးသွားစုံစမ်းလိုက်ဦးမယ်”

ဝူဟုန်ဖေးက မလှမ်းမကမ်းတွင်ရပ်နေသော စုန့်ကျီပိုင်ကို မြင်တွေ့လိုက်ရသဖြင့် အလျင်အမြန်လှမ်းခေါ်လိုက်ပြီးနောက် အပြင်သို့ထွက်သွားကာ လုရှီမန်ကို လက်ပြနှုတ်ဆက်၍ ထွက်ခွာသွားတော့၏။

လုရှီမန် နောက်လှည့်ကြည့်လိုက်သောအခါ မိုးမခပင်ကြီးတစ်ပင်ကဲ့သို့ မားမားမတ်မတ်ရပ်နေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

သူ၏ကြေးနီရောင်အသားအရေက အလွန်တရာ ကျန်းမာသန်စွမ်းပုံပေါက်နေပြီး နက်ရှိုင်းသော မျက်ဝန်းများ၊ ပြတ်သားသော အကြည့်များ၊ ဖြောင့်စင်းနေသောနှာတံနှင့် မေးရိုးအချိုးအစားတို့က ကြည့်ကောင်းလွန်းလှသည်။

သူ့တည်ရှိမှုကပင် စစ်သားတစ်ယောက်၏ ခိုင်မာပြတ်သားမှုကို ထင်ဟပ်ပြသနေ၏။

“သခင်မလေး”

ထိုအမျိုးသား၏အသံက အနည်းငယ် ဩရှရှဖြစ်နေပြီး ဖုံးကွယ်ထားသော ဝမ်းနည်းမှုအငွေ့အသက်လေးများ ပါဝင်နေသည်။

“ရှင် ကျွန်မနဲ့ပြောစရာကိစ္စရှိလို့လား”

လုရှီမန်က ခေါင်းတစ်ချက်ညိတ်ပြကာ အေးစက်စက်လေသံဖြင့် မေးလိုက်သည်။ သူမ ရှေ့တွင်ရပ်နေသော အမျိုးသားက မည်သည့်ရည်ရွယ်ချက်ရှိသည်ကို သူမ လုံးဝခန့်မှန်း၍မရသေးပေ။

ရန်သူက မလှုပ်ရှားသရွေ့ သူမလည်း လှုပ်ရှားမည်မဟုတ်ပေ။ သူမဘက်က အားနည်းသူအဖြစ် အမြဲတမ်းနေ၍မဖြစ်ကြောင်း သူမကိုယ်သူမသတိပေးထားသည်။

“ဟိုခွေးကောင် လီရှီချွမ်းက မိန်းမတစ်ယောက်နဲ့ လက်ချင်းချိတ်ထားတာကို ကျွန်တော်မြင်ခဲ့တယ်”

သူက အံတင်းတင်းကြိတ်ကာပြောလိုက်သည်။ ဤကိစ္စကို မည်သူ့ကိုမဆို ဖုံးကွယ်ထားနိုင်သော်လည်း လုရှီမန်ကိုတော့ ဖုံးကွယ်ထား၍မရပေ။ သခင်မလေးအနေဖြင့် ဤအမှန်တရားကိုသိပိုင်ခွင့်ရှိသည်။

“ကျွန်မ သိတယ်၊ အဲဒါ ရှန်ဟုန်မိန်လေ၊ ရှင်က ဘာပြောချင်တာလဲ ဒါမှမဟုတ် ရှင်က ဘာလုပ်ချင်တာလဲ၊ ကျွန်မအတွက် သူ့ကိုကလဲ့စားချေပေးချင်လို့လား”

လုရှီမန်က ခေါင်းညိတ်ပြလိုက်ပြီး စုန့်ကျီပိုင်ကို စူးစမ်းလိုစိတ်ဖြင့်ကြည့်လိုက်သည်။ သူ အမှန်တကယ် ဘာလုပ်ချင်နေသည်ကို သူမသိချင်နေမိ၏။

“ကျွန်တော်...”

စုန့်ကျီပိုင်၏စကားလုံးများက လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး တစ်ခဏမျှ ဘာဆက်ပြောရမည်ကိုမသိဖြစ်သွားသည်။ သူပါးစပ်ဟလိုက်သော်လည်း အချိန်အတော်ကြာသည်အထိ ‘ကျွန်တော်’ ဆိုသည့် စကားတစ်ခွန်းသာ ထွက်လာခဲ့သည်။

သူ ဘယ်လိုပြောရမည်နည်း။ လုမိသားစုသည် အလွန်အန္တရာယ်များသောအခြေအနေတွင်ရှိနေပြီး အကယ်၍ ရှင်းလင်းဖယ်ရှားခံရပါက သူမအနေဖြင့် သူ့ကိုလက်ထပ်နိုင်သည်ဟု ပြောရမည်လား။

သို့သော် သေချာစဉ်းစားကြည့်လျှင် သူတို့နှစ်ယောက်က သူစိမ်းများလိုပင်။ ဘာအကြောင်းကြောင့် သခင်မလေးက သူ့ကို လက်ထပ်ရမည်နည်း။

လုရှီမန်က မျက်ခုံးတစ်ဖက်ကိုပင့်တင်လိုက်သည်။ ဤလူက အတော်လေး စိတ်ဝင်စားဖို့ကောင်းလှပေသည်။

‘မူလဝတ္ထုစာအုပ်ထဲမှာ သူက ဘာလို့မပါခဲ့တာလဲ၊ ဇာတ်လိုက်မင်းသမီး ဟောင်ကောင်ကိုသွားမယ့် ခရီးလမ်း ပိုမိုချောမွေ့စေဖို့နဲ့ အတားအဆီးတစ်ခုမှ ပေါ်မလာစေဖို့အတွက်များလား’ဟု သူမ တွေးလိုက်မိသည်။

“ပြောလေ၊ ဒီသခင်မလေးရဲ့အချိန်တွေက တော်တော်လေးအဖိုးတန်တယ်နော်”

သူမက အနည်းငယ်စိတ်မရှည်စွာဖြင့် တိုက်တွန်းလိုက်သည်။ အကယ်၍ ဘာကိစ္စမှမရှိလျှင် သူမအိမ်ပြန်ပြီး ထိုအမှိုက်သုံးယောက်ကို ရင်ဆိုင်ဖြေရှင်းရဦးပေမည်။

စုန့်ကျီပိုင်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး လက်နှစ်ဖက်က အင်္ကျီစကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရာ အလွန်တရာအခက်တွေ့နေပုံရလေသည်။

“လုမိသားစု ရှင်းလင်းဖယ်ရှားခံရတော့မယ်လို့ ကျွန်တော်ကြားထားတယ်၊ တကယ်လို့ ကျွန်တော်ဆိုလိုတာက တကယ်လို့ လိုအပ်လာမယ်ဆိုရင် ကျွန်တော် မင်းကိုကူညီပေးနိုင်တယ်”

ထိုစကားများက တုန်တုန်ရီရီဖြင့်ထွက်ပေါ်လာသည်။ သူ ဤမျှလောက်အထိ စကားမပြောနိုင်အောင် ဆွံ့အပြီး ယောင်ချာချာဖြစ်နေသည်ကို တစ်ခါမျှမခံစားခဲ့ရဖူးပေ။

လုရှီမန်ခေါင်းထဲတွင် တဝီဝီ မြည်ဟည်းသွားသည်။ ဤကဲ့သို့သော အခြေအနေမျိုးနှင့်ကြုံတွေ့ရလျှင် လူအများစုက တတ်နိုင်သမျှမြန်မြန် ထွက်ပြေးကြသည်ပင်။

တစ်စုံတစ်ယောက်က သူမကိုကူညီရန် ကိုယ်တိုင်ကိုယ်ကျ စေတနာ့ဝန်ထမ်းအဖြစ် ကမ်းလှမ်းလာလိမ့်မည်ဟု တွေးတောင်မတွေးဖူးပေ။ ‘ငါများ ထင်ယောင်ထင်မှား ဖြစ်နေတာလား’ ဟုပင် သံသယဝင်သွားသေးသည်။

“ရှင်က ကျွန်မကိုဘယ်လိုကူညီပေးမှာလဲ”

သူမက သူ့အားဟာသဇာတ်လမ်းတစ်ခုကို ကြည့်နေသကဲ့သို့ကြည့်ရင်း မေးလိုက်သည်။

“တကယ်လို့ မင်းသာ စိတ်မကွက်ဘူးဆိုရင် ကျွန်တော့်ကို ယာယီလက်ထပ်နိုင်တယ်၊ ကျွန်တော်တို့ အတုအယောင်လက်ထပ်ကြတာပေါ့၊ လက်ရှိကျွန်တော့်ရဲ့ရာထူးက တပ်ရင်းမှူးမလို့ မိသားစုဝင်တွေ လိုက်ပါနေထိုင်ခွင့်စည်းမျဉ်းနဲ့ ကိုက်ညီတယ်၊ ကျွန်တော်တို့တခြားနေရာကို ပြောင်းသွားမယ်ဆိုရင် ကျဲ့မြို့မှာဘယ်လောက်ပဲ မုန်တိုင်းတွေ ထန်နေပါစေ မင်းနဲ့ ဘာမှသက်ဆိုင်တော့မှာမဟုတ်ဘူး၊ နောက်နှစ်အနည်းငယ်ကြာလို့ အခြေအနေတွေ ပြန်လည်တည်ငြိမ်သွားတဲ့အခါ မင်းကွာရှင်းချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ ကွာရှင်းကြတာပေါ့၊ မင်းရဲ့ ရွေးချယ်မှုတိုင်းကို ကျွန်တော်လေးစားပါတယ်”

သူ့မျက်လုံးများက တည်ကြည်နေပြီး နှုတ်ခမ်းများမှ ထွက်ကျလာသော စကားလုံးတိုင်းက လေးနက်လှ၏။

“ဟမ် ရှင် တကယ်ပြောနေတာလား၊ ဘာလို့များ ရှင့်ရဲ့ဘဝလက်ကျန်တစ်လျှောက်လုံးကို လောင်းကြေးထပ်ရမှာလဲ၊ ရှင်က ကျွန်မအဖိုးကို ကျေးဇူးဆပ်ချင်ရုံသက်သက်နဲ့ ဒီလိုလုပ်နေတာလား”

လုရှီမန်၏မျက်ဝန်းများထဲရှိ အံ့ဩတုန်လှုပ်မှုများကို ဖုံးကွယ်၍မရတော့ပေ။ သူမကဲ့သို့သောနောက်ခံသမိုင်းကြောင်းမျိုးဖြင့်ဆိုလျှင် သူ့ရာထူးတိုးမြှင့်မှုများကို သေချာပေါက် ထိခိုက်စေမည်ဖြစ်ပြီး သူ့အနာဂတ် တစ်သက်တာလုံးကိုပါ ကြီးမားသောသက်ရောက်မှုများရှိစေမည်ဖြစ်သည်။

“တပ်ရင်းမှူးဖြစ်တာက မကောင်းလို့လား”

သူမက ဆက်မေးလိုက်သည်။

သူ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် သခင်ကြီးလု၏တစ်ဦးတည်းသောသွေးသားကို ကာကွယ်ခြင်း။

ထိုနှစ်ခုအကြားတွင် မည်မျှပင်ခက်ခဲသော ရွေးချယ်မှုဖြစ်ပါစေ သူကတော့ သခင်မလေးကို ကာကွယ်ရန်တုံ့ဆိုင်းနေမည်မဟုတ်ပေ။

သူ့အကြည့်များက ခိုင်မာပြတ်သားနေပြီး စကားပြောနေစဉ်တွင် မျက်ဝန်းများထဲ၌ နောင်တရခြင်း အရိပ်အယောင် တစ်စက်ကလေးပင်မရှိချေ။

“အကယ်၍ နောက်ဆုံးမှာ ပိုကောင်းတဲ့ရွေးချယ်စရာ မရှိတော့ဘူးဆိုရင် မင်းအတွက် နောက်ဆုံးအားထားရာ ကိုယ်ရံတော်ဖြစ်ဖို့နဲ့ ထာဝရကာကွယ်ပေးဖို့ ကျွန်တော်ဆန္ဒရှိပါတယ်”

All Chapters